ဘုရားသခင်ကိုယုံကြည်ခြင်း—အံ့ဖွယ်အမှုလိုအပ်ပါသလော
အဲလ်ဘတ်သည် ဘုရားသခင်ကိုစတင်၍ရှာဖွေချိန်တွင် အသက်နှစ်ဆယ်ကျော်သာရှိသေးသည်။ သူသည် ဘာသာတရား တော်တော်များများကို ဆန်းစစ်ခဲ့သော်လည်း ကျေနပ်မှုမရရှိခဲ့ချေ။ သမ္မာကျမ်းစာ၏ အပိုင်းအချို့ကို ဖတ်ခြင်းအားဖြင့် နောဧ၊ အာဗြဟံ၊ စာရာ၊ မောရှေတို့နှင့် ဘုရားသခင်ဆက်ဆံခဲ့ပုံကို သူသိရှိနားလည်ခဲ့သည်။ မိမိသည် သမ္မာကျမ်းစာ၏ဘုရားသခင်ထံ ဆွဲဆောင်ခံလိုက်ရကြောင်း အဲလ်ဘတ် သိရှိလိုက်သည်။ သို့သော်လည်း ဘုရားသခင်အမှန်ပင်တည်ရှိသည်ကို သူယုံကြည်စိတ်ချနိုင်ခဲ့သလော။
တစ်ညနေခင်းတွင် အဲလ်ဘတ်သည် လူခြေတိတ်သောနေရာသို့ ကားမောင်းသွားကာ “ဘုရားသခင်၊ ကိုယ်တော်ရှိတော်မူကြောင်း ကျွန်တော့်ကိုသက်သေအဖြစ် နိမိတ်လက္ခဏာတစ်ခုခု ပြတော်မူပါ” ဟုဆုတောင်းခဲ့သည်။ အဲလ်ဘတ်သည် ဆက်၍စောင့်နေသည်။ ဘာမျှမထူးခြားကြောင်း တွေ့ရှိသောအခါတွင် သူ၏မျှော်လင့်ချက်သည် “စိတ်ပျက်အားလျော့ခြင်းမှတစ်ဆင့် အမျက်ထွက်ခြင်းသို့ ကူးပြောင်းသွားသည်။”
အဲလ်ဘတ်ကဲ့သို့ပင် များစွာသောလူတို့သည် ဘုရားသခင်အားရှာဖွေခြင်းကို အနတ္တဖြစ်သည်ဟု ခံစားကြရသည်။ သူတို့သည် ဓမ္မဆရာများ၏ ဟောပြောချက်များကြောင့် စိတ်ရှုပ်ထွေးခြင်း သို့မဟုတ် ရုပ်မြင်သံကြားဧဝံဂေလိဆရာများ၏ အာဝဇ္ဇန်းရွှင်ရွှင် ဟောကြားမှုကြောင့် စိတ်ပျက်ကြပေမည်။ အိမ်နီးနားချင်းတို့၏ အရေခြုံမှုကိုမြင်ပြီး အချို့တို့က မည်သည့်အရာကို ယုံကြည်ရမှန်းမသိဖြစ်နေကြသည်။ သို့တိုင် ရှေးဣသရေလရှင်ဘုရင်ဒါဝိဒ်က “ကိုယ်တော် [ဘုရားသခင်] ကိုရှာလျှင် အတွေ့ခံတော်မူမည်” ဟူ၍ သူ၏သားတော်ရှောလမုန်ကို စိတ်ချစေခဲ့သည်။—၁ ရာဇဝင်ချုပ် ၂၈:၉။
သို့ဖြစ်လျှင် ဘုရားသခင်သည် ကိုယ်တော်တိုင်ကို မည်သို့ဖော်ပြတော်မူသနည်း။ သင်သည် ဘုရားသခင်တည်ရှိကြောင်း သက်သေပြသည့် နိမိတ်လက္ခဏာတစ်ခုခု—သဘာဝလွန်တွေ့ကြုံမှု—ကိုရဖို့မျှော်လင့်သင့်ပါသလော။ မကြာသေးမီက တိုင်းမ်မဂ္ဂဇင်းပါ လူဦးရေစာရင်းအရ အမေရိကန်လူမျိုး သုံးပုံနှစ်ပုံကျော်သည် အံ့ဖွယ်အမှုများကိုယုံကြည်ကြသည်။ ထိုဆောင်းပါးက “အမေရိကန်တွင် လူဦးရေအမြန်ဆုံးတိုးများလာသော အသင်းများကား ‘နိမိတ်လက္ခဏာများနှင့် အံ့ဖွယ်အမှုများ’ ကိုအဓိကထားပြီး ဝတ်ပြုကြသည့် ဝိညာဉ်တော်ဂိုဏ်းနှင့် ပဲန်တီကော့စ္စတယ်လ် အသင်းတော်များဖြစ်သည်” ဟုမှတ်ချက်ချသည်။
ဘုရားသခင်အားယုံကြည်ရန် “နိမိတ်လက္ခဏာများနှင့် အံ့ဖွယ်အမှုများ” အမှန်ပင်လိုအပ်ပါသလော။ ကိုယ်တော်သည် ရှေးအချိန်က အံ့ဖွယ်အမှုများကို အသုံးပြုတော်မူခဲ့သည်။ ဥပမာဖော်ပြရလျှင် ဘုရားသခင့်သားတော်ယေရှုခရစ်၏ နောက်တော်လိုက်များကို နှိပ်စက်ညှဉ်းပန်းခဲ့သော တာရှုမြို့သားရှောလုသည် ယေရုရှလင်မြို့မှ ဒမာသက်မြို့သို့သွားသည့် လမ်းမပေါ်တွင် သာမန်ထက်ထူးခြားသောတွေ့ကြုံမှုတစ်ခုကြုံတွေ့ခဲ့ရသည်။ ရှင်ပြန်ထမြောက်ခဲ့သော ယေရှုခရစ်အား ဤအံ့ဖွယ်နည်းဖြင့် ရှောလု တွေ့ကြုံခဲ့ခြင်းက သူ့ကိုဘာသာဝင်တစ်ဦးဖြစ်လာစေခဲ့သည်။ (တမန်တော် ၉:၁-၂၂) သို့ဖြင့် ယခင်က နှိပ်စက်ကလူပြုခဲ့သူသည် တမန်တော်ပေါလု—ခရစ်ယာန်ဘာသာတရားကို အဓိကထောက်ခံသူများတွင် ပါဝင်သူတစ်ဦး—ဖြစ်လာလေသည်!
သို့သော်လည်း အံ့ဖွယ်အမှုများသည် ယင်းကဲ့သို့သော နှစ်သက်ဖွယ်ကောင်းသည့်တုံ့ပြန်မှုကို အစဉ်အမြဲပေါ်ပေါက်စေပါသလော။ ဘုရားသခင်အား တကယ်ယုံကြည်ရန် အံ့ဖွယ်ကြုံတွေ့မှုတစ်ခုခုအပေါ် မူတည်ပါသလော။
[စာမျက်နှာ ၃ ပါ ရုပ်ပုံ]
ဘုရားသခင့်သားတော်သည် တာရှုမြို့သားရှောလုကို အံ့ဖွယ်နည်းဖြင့် စကားပြောဆိုခဲ့သည်။ သင်လည်း အံ့ဖွယ်အမှုတစ်ခုခုကို မျှော်လင့်သင့်ပါသလော