ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၇ ၃/၁၅ စာ. ၁၇-၂၂
  • ပိုင်းခြားသိမြင်ခြင်းသည် သင့်အား ကာကွယ်ပါလေစေ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ပိုင်းခြားသိမြင်ခြင်းသည် သင့်အား ကာကွယ်ပါလေစေ
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၇
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ပိုင်းခြားသိမြင်မှု အထူးလိုအပ်နေ
  • ရင်းနှီးမြှုပ်နှံမှုများကော အသို့နည်း
  • စီးပွားရေးစွန့်စားပြုလုပ်မှုလုပ်ငန်းများမအောင်မြင်သည့်အခါ
  • လိမ်လည်လှည့်ဖြားမှုဖြစ်လျှင်ကော အသို့နည်း
  • ပိုင်းခြားသိမြင်မှုနှင့် ဆုံးဖြတ်ချက်ချခြင်း
  • ပိုင်းခြားသိမြင်ခြင်းကို နှလုံးသွင်းလော့
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၇
  • ပိုင်းခြားနားလည်ခြင်းကို သာ၍ ပြုစုပျိုးထောင်နိုင်မည်လော
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၅
  • “ယေဟောဝါကိုယ်တော်တိုင်သည်ဉာဏ်ပညာကိုပေးသနားတော်မူ၏”
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၉
  • သင့်လုပ်ငန်းက သင့်အတွက် အဘယ်အကုန်အကျရှိစေမည်နည်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၅
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၇
က၉၇ ၃/၁၅ စာ. ၁၇-၂၂

ပိုင်းခြားသိမြင်ခြင်းသည် သင့်အား ကာကွယ်ပါလေစေ

“စဉ်းစားတွေးတောနိုင်သည့်အရည်အချင်းသည် သင့်ကိုကာကွယ်စောင့်ထိန်းပြီး ပိုင်းခြားနားလည်တတ်ခြင်းက သင့်ကိုစောင့်ထိန်း” လိမ့်မည်။—နယပုံပြင် ၂:၁၁၊ ကဘ။

၁။ ပိုင်းခြားသိမြင်မှုက ကျွန်ုပ်တို့ကို အဘယ်အရာမှကာကွယ်ပေးနိုင်သနည်း။

ယေဟောဝါသည် ကျွန်ုပ်တို့၌ ပိုင်းခြားသိမြင်ခြင်းရှိရန် လိုလားတော်မူသည်။ အဘယ်ကြောင့်နည်း။ ယင်းက သင့်ကို အန္တရာယ်အမျိုးမျိုးမှ ကာကွယ်ပေးမည်ဖြစ်ကြောင်း ကိုယ်တော်သိတော်မူသောကြောင့်ဖြစ်သည်။ နယပုံပြင် ၂:၁၀-၁၉ (ကဘ) ကဤသို့အစပြုသည်– “ဉာဏ်ပညာသည် သင့်နှလုံးထဲဝင်၍ အသိပညာကိုလည်း သင့်စိုးလ်ကနှစ်သက်သောအခါ စဉ်းစားတွေးတောနိုင်သည့်အရည်အချင်းသည် သင့်ကိုကာကွယ်စောင့်ထိန်းပြီး ပိုင်းခြားနားလည်တတ်ခြင်းက သင့်ကိုစောင့်ထိန်း” လိမ့်မည်။ အဘယ်အရာမှ သင့်ကိုကာကွယ်မည်နည်း။ “ဆိုးသောလမ်း၊” ဖြောင့်သောလမ်းကိုစွန့်သောသူများ၊ ကောက်သောလမ်းသို့သာလိုက်သောသူများ အစရှိသည့်အရာများမှဖြစ်သည်။

၂။ ပိုင်းခြားသိမြင်မှုကား အဘယ်နည်း။ ခရစ်ယာန်များအနေနှင့် အဘယ်အမျိုးအစားကို အထူးသဖြင့်လိုအပ်ကြသနည်း။

၂ ပိုင်းခြားသိမြင်ခြင်းသည် အရာတစ်ခုမှတစ်ခုကို ခွဲခြားနိုင်သည့် ဉာဏ်စွမ်းဖြစ်ကြောင်း သင်သတိရပေမည်။ ပိုင်းခြားသိမြင်ခြင်းရှိသူတစ်ဦးသည် အယူအဆများ သို့မဟုတ် အရာဝတ္တုများ၏ ကွာခြားမှုကို သိမြင်နိုင်စွမ်းရှိရုံမက ချင့်ချိန်နိုင်စွမ်းလည်း ထက်မြက်သည်။ ခရစ်ယာန်များအနေဖြင့် ဘုရားသခင့်နှုတ်ကပါဌ်စကားတော်၏ တိကျမှန်ကန်သောအသိပညာအပေါ် အခြေပြုသည့် ဝိညာဏပိုင်းခြားသိမြင်ခြင်းရှိရန် ကျွန်ုပ်တို့အထူးသဖြင့်လိုလားကြသည်။ ကျမ်းစာကိုလေ့လာသည့်အခါ ဝိညာဏပိုင်းခြားသိမြင်ခြင်း တည်ဆောက်ရာတုံးများကို ကျွန်ုပ်တို့ရှာဖွေတူးဖော်နေသည့်အလားဖြစ်သည်။ ကျွန်ုပ်တို့တတ်သိလာသည့်အရာများက ယေဟောဝါ၏စိတ်တော်နှင့်တွေ့သော ဆုံးဖြတ်ချက်များချရန် အကူအညီပေးနိုင်သည်။

၃။ ဝိညာဏပိုင်းခြားသိမြင်ခြင်းကို မည်သို့ရရှိနိုင်သနည်း။

၃ ဘုရားသခင်သည် ဣသရေလရှင်ဘုရင် ရှောလမုန်ကို ကြိုက်ရာကောင်းချီး တောင်းဆိုစေတော်မူသည့်အခါ ထိုမင်းပျိုက “ကိုယ်တော်ကျွန်သည် ကိုယ်တော်၏ကျွန်တို့ကို တရားစီရင်နိုင်မည်အကြောင်း ကောင်းမကောင်းကို ပိုင်းခြား၍သိတတ်သောဉာဏ်ကို ပေးသနားတော်မူပါ” ဟုဖြေဆိုခဲ့သည်။ ရှောလမုန်သည် ပိုင်းခြားသိမြင်ခြင်းကို တောင်းဆိုခဲ့ရာ ယေဟောဝါသည် ၎င်းကိုအတိုင်းထက်အလွန် ပေးတော်မူခဲ့သည်။ (၃ ဓမ္မရာဇဝင် ၃:၉; ၄:၃၀) ပိုင်းခြားသိမြင်ခြင်းရှိရန် ဆုတောင်းဖို့လိုပါသည်။“သစ္စာနှင့်သတိပညာရှိသောကျွန်” မှတစ်ဆင့်စီမံပေးထားသော အသိဉာဏ်ထွန်းလင်းစေသည့် စာပေများအကူအညီဖြင့် ဘုရားသခင့်နှုတ်ကပါဌ်စကားတော်ကို လေ့လာရမည်။ (မဿဲ ၂၄:၄၅-၄၇၊ သမ) ယင်းက “ဉာဏ်အရာ၌ အသက်ကြီးသောသူ၊” “ကောင်းကျိုးမကောင်းကျိုးကို ပိုင်းခြား၍သိ [သို့မဟုတ်၊ ပိုင်းခြားသိမြင်] နိုင်” သူများ ဖြစ်လာနိုင်သည့်တိုင် ဝိညာဏပိုင်းခြားသိမြင်ခြင်းတိုးပွားရန် အကူအညီပေးပါလိမ့်မည်။—၁ ကောရိန္သု ၁၄:၂၀; ဟေဗြဲ ၅:၁၄။

ပိုင်းခြားသိမြင်မှု အထူးလိုအပ်နေ

၄။ မျက်စိ “ရိုးရှင်း” ခြင်းဟူသည် အဘယ်နည်း။ ယင်းကကျွန်ုပ်တို့ကို မည်သို့အကျိုးပြုနိုင်သနည်း။

၄ မှန်ကန်သည့်ပိုင်းခြားသိမြင်ခြင်းအားဖြင့် ယေရှုခရစ်တော်၏ ဤစကားများနှင့်အညီ ကျွန်ုပ်တို့ပြုမူနိုင်ကြပါမည်– “ဘုရားသခင်၏ နိုင်ငံတော်နှင့်ဖြောင့်မတ်ခြင်းတရားတော်ကို ရှေးဦးစွာရှာကြလော့။ နောက်မှ ထို [ကာယ] အရာများကိုထပ်၍ ပေးတော်မူလတ္တံ့။” (မဿဲ ၆:၃၃) ယေရှုက ဤသို့လည်းမိန့်တော်မူ၏– “ကိုယ်၏ဆီမီးကားမျက်စိတည်း။ ထို့ကြောင့် မျက်စိကြည်လင် [“ရိုးရှင်း၊” ကဘ] သောအခါ တစ်ကိုယ်လုံးလင်းလိမ့်မည်။” (လုကာ ၁၁:၃၄) မျက်စိသည် ပုံဆောင်မီးခွက်ဖြစ်သည်။ “ရိုးရှင်းသော” မျက်စိသည် ရိုးသားပြီး အမြင်ကြည်လင်နေသည်။ ဤကဲ့သို့သောမျက်စိမျိုးရှိပါက ပိုင်းခြားသိမြင်ခြင်းတင်ပြနိုင်ပြီး ဝိညာဉ်ရေးအရ ထိမိ၍မလဲဘဲ သွားလာနိုင်ပါမည်။

၅။ စီးပွားရေးလုပ်ခြင်းနှင့်ပတ်သက်၍ ခရစ်ယာန်အသင်းတော်၏ရည်ရွယ်ချက်အကြောင်း ကျွန်ုပ်တို့ဘာကိုသတိရသင့်သနည်း။

၅ အချို့သူများသည် သူတို့၏မျက်စိကို ရိုးရှင်းစွာထားမည့်အစား စွဲမက်စရာကောင်းသော စီးပွားရေးလုပ်ငန်းများဖြင့် မိမိတို့၏ဘဝနှင့် အခြားသူများ၏ဘဝကို ရှုပ်ထွေးစေခဲ့ကြပြီ။ သို့သော် ခရစ်ယာန်အသင်းတော်သည် “သမ္မာတရား၏အမှီတံကဲ . . . သမ္မာတရား၏တည်ရာ” ဖြစ်ကြောင်းကို ကျွန်ုပ်တို့သတိရသင့်သည်။ (၁ တိမောသေ ၃:၁၅) အဆောက်အဦတစ်ခု၏တိုင်မကြီးများနည်းတူ အသင်းတော်သည် တစ်ဦးတစ်ယောက်၏ စီးပွားရေးလုပ်ငန်းကိုမဟုတ်ဘဲ ဘုရားသခင့်သမ္မာတရားကို ထောက်ခံချီးမြှင့်ပါသည်။ ယေဟောဝါသက်သေများ၏ အသင်းတော်များသည် ကုန်သွယ်မှု၊ ကုန်ပစ္စည်းများ သို့မဟုတ် အကျိုးဆောင်လုပ်ငန်းများကို တိုးပွားစေရန် တည်ထောင်ထားသောနေရာများမဟုတ်ပါ။ ဘုရားသခင့်နိုင်ငံတော်ခန်းမတွင် ကိုယ်ရေးကိုယ်တာစီးပွားရေးများကို မပြုလုပ်ဖို့ သတိပြုရမည်။ ဘုရားသခင့်နိုင်ငံတော်ခန်းမများ၊ အသင်းတော်စာအုပ်ကြီးသင်တန်းများ၊ အစည်းအဝေးများနှင့် ယေဟောဝါသက်သေများ၏စည်းဝေးကြီးများသည် ခရစ်ယာန်ပေါင်းသင်းမှုနှင့် ဝိညာဏရေးရာကိုဆွေးနွေးရာနေရာများဖြစ်ကြောင်း သဘောပေါက်နိုင်ရန် ပိုင်းခြားသိမြင်ခြင်းက အထောက်အကူပြုပါသည်။ ကျွန်ုပ်တို့သည် ဝိညာဏဆက်သွယ်မှုများကိုအသုံးပြုပြီး စီးပွားတစ်ခုခုကို အားပေးအားမြှောက်ပြုလုပ်မည်ဆိုလျှင် ဝိညာဏတန်ဖိုးရှိရာတို့အပေါ် လေးစားမှုလျော့နည်းနေကြောင်း မထင်ရှားပေလော။ အသင်းတော်ဆိုင်ရာ အဆက်အသွယ်များအပေါ် ဘယ်သောအခါမျှ စီးပွားရေးအမြတ်ထုတ်ခြင်းမပြုသင့်ပါ။

၆။ အသင်းတော်အစည်းအဝေးများတွင် စီးပွားရေးထုတ်ကုန်ပစ္စည်းများရောင်းခြင်း၊ ဝန်ဆောင်လုပ်ငန်းများကို အားပေးခြင်းတို့ကို အဘယ်ကြောင့်မပြုသင့်သနည်း။

၆ အချို့သူများသည် ကျန်းမာရေး၊ သို့မဟုတ် အလှကုန်ပစ္စည်းများ၊ ဗီတာမင်ဆေးဝါးများ၊ ဆက်သွယ်ရေးလုပ်ငန်းများ၊ ဆောက်လုပ်ရေးပစ္စည်းများ၊ ခရီးသွားအစီအစဉ်များ၊ ကွန်ပျူတာအစီအစဉ်များနှင့် ပစ္စည်းကိရိယာများ အစရှိသည်တို့ကိုရောင်းဝယ်ကြရန် သီအိုကရက်တစ်ဆက်ဆံရေးများကို အသုံးပြုခဲ့ကြပြီ။ သို့ရာတွင် အသင်းတော်အစည်းအဝေးများသည် စီးပွားရေးထုတ်ကုန်များ သို့မဟုတ် ဝန်ဆောင်လုပ်ငန်းများကို ရောင်းချရန် သို့မဟုတ် တိုးပွားရန် ပြုလုပ်ရမည့်နေရာများမဟုတ်ပါ။ ယေရှုသည် “ထိုသူအပေါင်းတို့ကိုလည်းကောင်း၊ သိုး၊ နွားများကိုလည်းကောင်း၊ ဗိမာန်တော်မှနှင်ထုတ်တော်မူ၍၊ ပွဲစားတို့၏ငွေတင်ခုံများကို တွန်းပစ်မှောက်ထားတော်မူ၏။ ချိုးငှက်ရောင်းသောသူတို့အားလည်း၊ ‘ဤဥစ္စာကိုယူသွားကြ! ငါ့အဘ၏အိမ်တော်ကို ပွဲတဲမလုပ်ကြနှင့်!’ ဟုမိန့်တော်မူ” ခဲ့ကြောင်းသတိရလျှင် အခြေခံမူကိုပိုင်းခြားသိမြင်နိုင်ပါမည်။—ယောဟန် ၂:၁၅၊ ၁၆။

ရင်းနှီးမြှုပ်နှံမှုများကော အသို့နည်း

၇။ ရင်းနှီးမြှုပ်နှံမှုများနှင့်ပတ်သက်၍ ပိုင်းခြားသိမြင်ခြင်းနှင့် သတိရှိမှုတို့ အဘယ်ကြောင့်လိုအပ်သနည်း။

၇ လုပ်ငန်းတစ်ခုတွင် စွန့်စား၍ ရင်းနှီးမြှုပ်နှံဖို့စဉ်းစားနေသောအခါ ပိုင်းခြားသိမြင်ခြင်းနှင့် သတိရှိရန်လိုအပ်ပါသည်။ တစ်ဦးတစ်ယောက်က ငွေချေးလိုပြီး ဤသို့ကတိပြုသည်ဆိုပါစို့– “အမြတ်ရမယ်လို့ အာမခံတယ်။” “အရှုံးမရှိစေရဘူး။ တကယ်သေချာပါတယ်။” တစ်ဦးတစ်ယောက်က ဤသို့အခိုင်အမာပြောဆိုသည့်အခါ သတိထားပါ။ ထိုသူသည် လက်တွေ့မကျသူ၊ သို့မဟုတ် မရိုးသားသူဖြစ်ပေမည်။ အကြောင်းမှာ ရင်းနှီးမြှုပ်နှံခြင်းသည် အာမခံချက်ရှိခဲသည်။ အမှန်မှာ အာဝဇ္ဇန်းရွှင်၍ မသမာသောသူအချို့သည် အသင်းတော်သားများကို ဖြတ်စားလျှပ်စားပြုလုပ်ခဲ့ကြပြီ။ ယင်းသည် ‘ဘုရားသခင်၏ကျေးဇူးတော်ကို ကိလေသာ၏ညစ်ညူးခြင်းအတွက် မှောက်လှန်’ ရန်ပထမရာစုအသင်းတော်ထဲ အမှတ်တမဲ့ဝင်လာခဲ့သော “အဓမ္မလူ” တို့ကိုသတိရစေပါသည်။ ဤသူတို့သည် ရေကူးသူများကို ကိုယ်ခန္ဓာစုတ်ပြတ်၍ သေစေနိုင်သော ရေအောက်တွင် ဖုံးကွယ်နေသည့် ကျောက်စွယ်ကျောက်ဆောင်များနှင့်တူကြပါသည်။ (ယုဒ ၄၊ ၁၂) ဖြတ်စားလျှပ်စားပြုလုပ်သူများ၏ ရည်ရွယ်ချက်နှင့်တူမည်မဟုတ်သော်လည်း ထိုသူတို့သည် အသင်းတော်သားများကို အမဲဖမ်းလိုကြ၏။

၈။ အမြတ်ထွက်မည့်ပုံရှိသော စီးပွားရေးစွန့်စားပြုလုပ်မှုတချို့ မည်သို့ဖြစ်ခဲ့ပြီနည်း။

၈ စိတ်ရင်းကောင်းသော ခရစ်ယာန်များပင်လျှင် အကျိုးအမြတ်ရမည့်ပုံရှိသော ရောင်းဝယ်မှု အကြောင်းအချက်အလက်များကို အခြားသူများနှင့်ဝေမျှခဲ့ကြပြီးနောက် ထိုရောင်းဝယ်မှုတွင် မိမိနှင့် မိမိနည်းတူပြုသော အခြားသူများပါ ရင်းနှီးမြှုပ်နှံခဲ့သော ငွေအားလုံး အရှုံးပေါ်ကြောင်း တွေ့ရှိခဲ့ကြရပြီ။ ရလဒ်အနေနှင့် ခရစ်ယာန်အများအပြားသည် အသင်းတော်တွင် အခွင့်အရေးများ လက်လွတ်ဆုံးရှုံးခဲ့ကြရ၏။ မြန်မြန်သူဌေးဖြစ်လို၍ ရင်းနှီးမြှုပ်နှံပြီးနောက် လိမ်ညာမှုများဖြစ်ကြောင်း ပေါ်လာသောအခါ ဖြတ်စားလျှပ်စားလုပ်သူတစ်ဦးတည်းသာ အကျိုးခံစားခဲ့ရပြီး ဤသူသည်လည်း အလျင်အမြန်ပုန်းရှောင်သွားလေတော့သည်။ ဤသို့သောအခြေအနေမျိုးကို ရှောင်ကြဉ်ရန် ပိုင်းခြားသိမြင်ခြင်းက မည်သို့အကူအညီပေးနိုင်သနည်း။

၉။ ရင်းနှီးမြှုပ်နှံမှုများနှင့်ပတ်သက်သော အဆိုပြုချက်များကို အကဲဖြတ်ရာတွင် ပိုင်းခြားသိမြင်ခြင်းရှိရန် အဘယ်ကြောင့်လိုအပ်သနည်း။

၉ ပိုင်းခြားသိမြင်ခြင်းဟူသည် မရှင်းမလင်းဖြစ်နေသောအရာကို သဘောပေါက်နိုင်ခြင်းဖြစ်သည်။ ရင်းနှီးမြှုပ်နှံမှုများနှင့်ဆိုင်သော အဆိုပြုချက်များကို အကဲဖြတ်ရာတွင် ဤအရည်အချင်း လိုအပ်ပါသည်။ ခရစ်ယာန်များသည် တစ်ဦးကိုတစ်ဦးယုံကြည်စိတ်ချကြကာ ဝိညာဏညီအစ်ကိုညီအစ်မများအနေဖြင့် ယုံကြည်သူချင်းတို့၏ ငွေပင်ငွေရင်းကို ထိခိုက်စေသည့်အထိ စွန့်စားပြီး စီးပွားရေးလုပ်မည်မဟုတ်ပါဟု အချို့ကထင်မှတ်ကြပေမည်။ သို့သော် စီးပွားရေးလုပ်သူတစ်ဦးသည် ခရစ်ယာန်ဖြစ်သည့်အတွက် သူသည် စီးပွားရေးကိစ္စရပ်များတွင် ကျွမ်းကျင်မည် သို့မဟုတ် သူ၏လုပ်ငန်း အောင်မြင်ရမည်ဟူသောအာမခံချက်မရှိပါ။

၁၀။ ခရစ်ယာန်အချို့သည် ယုံကြည်သူချင်းများထံမှ လုပ်ငန်းအတွက် အဘယ်ကြောင့်ငွေချေးယူကြသနည်း။ ဤရင်းနှီးမြှုပ်နှံမှုများသည် ဘာဖြစ်သွားနိုင်သနည်း။

၁၀ စွန့်စားပြုလုပ်မှုအတွက် နာမည်ကြီး ငွေစုငွေချေး ကိုယ်စားလှယ်လုပ်ငန်းများက မည်သည့်နည်းနှင့်မျှ ကြိုတင်ငွေထုတ်ပေးခြင်း ပြုမည်မဟုတ်သောကြောင့် ခရစ်ယာန်အချို့သည် ယုံကြည်သူချင်းတို့ထံမှ လုပ်ငန်းအတွက် ငွေချေးယူတတ်ကြသည်။ များစွာသောသူတို့က များစွာလုပ်စရာမလို သို့မဟုတ် လုံးဝပင် အလုပ်မလုပ်ရဘဲ အလွယ်တကူပင် လျင်မြန်စွာကြီးပွားလိမ့်မည်ဟု အယုံသွင်းခံရကာ သူတို့၏ငွေကို ရင်းနှီးမြှုပ်နှံလိုက်သည့်အထိ လှည့်ဖြားခံခဲ့ကြရ၏။ အချို့ဆိုလျှင် ရင်းနှီးမြှုပ်နှံမှုတစ်ခုနှင့်ပတ်သက်သော မက်မောစရာများကြောင့် ရင်းနှီးမြှုပ်နှံရန် ဆွဲဆောင်ခံရကြသည်။ သို့ရာတွင် တစ်သက်တာစုဆောင်းခဲ့သမျှကို ဆုံးရှုံးကြရပြီတကား! ခရစ်ယာန်တစ်ဦးသည် နှစ်ပတ်အတွင်း ၂၅ ရာခိုင်နှုန်းအမြတ်ရမည်ကိုမျှော်လင့်လျက် ငွေကြေးမြောက်မြားစွာကို ရင်းနှီးမြှုပ်နှံခဲ့၏။ ဒေဝါလီခံရခြင်းကို ကြေညာလိုက်သောအခါ ထိုငွေအားလုံးကို သူဆုံးရှုံးခဲ့သည်။ အခြားစီးပွားရေးစွန့်စားလုပ်ငန်းတစ်ခုတွင် အိမ်ရာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းရှင်တစ်ဦးက အသင်းတော်ရှိသူများထံမှ ငွေကြေးမြောက်မြားစွာချေးယူခဲ့သည်။ သူက အကျိုးအမြတ်များစွာပြန်ပေးမည်ဟု အဆင်အခြင်မဲ့စွာကတိပြုခဲ့ပြီး ဒေဝါလီခံခဲ့ရရာ ချေးထားသမျှငွေအားလုံး ဆုံးရှုံးခဲ့သည်။

စီးပွားရေးစွန့်စားပြုလုပ်မှုလုပ်ငန်းများမအောင်မြင်သည့်အခါ

၁၁။ ပေါလုသည် လောဘနှင့် ငွေကိုတပ်မက်ခြင်းအကြောင်း အဘယ်သြဝါဒပေးခဲ့သနည်း။

၁၁ မသေချာဘဲ အရဲစွန့်ငွေရှာခဲ့သော ခရစ်ယာန်အချို့သည် စီးပွားရေးစွန့်စားပြုလုပ်မှုများ မအောင်မြင်သောကြောင့် စိတ်ပျက်ခဲ့ရရုံမက ဝိညာဉ်ရေးဘက် ကျဆုံးသည်အထိပင် ဖြစ်ခဲ့ကြပါပြီ။ ပိုင်းခြားသိမြင်ခြင်းကို အကာအကွယ်အဖြစ် အသုံးမပြုခဲ့သောကြောင့် ပူဆွေးသောကနှင့် ခါးသီးသောဒုက္ခဆင်းရဲကို ခံခဲ့ရကြပြီ။ များစွာသောသူတို့သည် လောဘ၏လှည့်စားခြင်းကို ခံခဲ့ကြရပြီ။ “လောဘလွန်ကျူးခြင်းအမှုတို့ကို သန့်ရှင်းသူတို့သည် . . . စကားဖြင့်မျှမဆက်ဆံကြနှင့်” ဟုပေါလုရေးသားခဲ့သည်။ (ဧဖက် ၅:၃) ထို့ပြင်သူက ဤသို့သတိပေးသည်– “ငွေရတတ်ခြင်းငှာ အလိုရှိသောသူတို့သည် အပြစ်သွေးဆောင်ခြင်း၊ ဖမ်းမိခြင်း၊ မိုက်မဲဖျက်ဆီးတတ်သော တပ်မက်ခြင်းများထဲသို့ ကျရောက်တတ်ကြ၏။ ထိုသို့သောအားဖြင့် လူတို့သည် အကျိုးနည်းခြင်း၊ ပျက်စီးခြင်း၌ နစ်မွန်းတတ်ကြ၏။ အကြောင်းမူကား ငွေကိုတပ်မက်ခြင်းသည် မကောင်းသောအမှုအပေါင်းတို့တွင် မူလအမြစ်ဖြစ်သတည်း။ လူအချို့တို့သည် ငွေကိုတပ်မက်သောကြောင့် ယုံကြည်ခြင်းတရားလမ်းမှလွဲသွား၍ ပူပန်ခြင်းဝေဒနာများနှင့် ကိုယ်ကိုကိုယ် ထုတ်ချင်းခပ်အောင်ထိုးကြပြီ။”—၁ တိမောသေ ၆:၉၊ ၁၀။

၁၂။ ခရစ်ယာန်များသည် အချင်းချင်းစီးပွားရေးလုပ်လျှင် အထူးသဖြင့်အဘယ်အရာကို သူတို့သတိရသင့်သနည်း။

၁၂ ခရစ်ယာန်တစ်ဦးသည် ငွေကိုချစ်သည့်စိတ် များလာပါက ကိုယ့်ကိုယ်ကို ဝိညာဉ်ရေးဘက် များစွာအနာတရဖြစ်စေနိုင်သည်။ ဖာရိရှဲတို့သည် ငွေကိုတပ်မက်သူများဖြစ်ကြသည်၊ ယင်းသည် ဤနောက်ဆုံးသောနေ့ရက်များရှိလူတို့၏ စရိုက်လက္ခဏာတစ်ခုဖြစ်ပါသည်။ (လုကာ ၁၆:၁၄; ၂ တိမောသေ ၃:၁၊ ၂၊ ကဘ) ၎င်းနှင့်ဆန့်ကျင်လျက် ခရစ်ယာန်တစ်ဦး၏အသက်တာပုံစံသည် “ငွေကိုတပ်မက်ခြင်းနှင့်ကင်းလွတ်” သင့်သည်။ (ဟေဗြဲ ၁၃:၅) ခရစ်ယာန်များသည် တစ်ဦးနှင့်တစ်ဦး စီးပွားရေးလုပ်ခြင်း သို့မဟုတ် အတူတကွစီးပွားရေးစတင်ခြင်းတို့ကို ပြုလုပ်နိုင်ကြပါသည်။ သို့ရာတွင် ထိုသို့ပြုလုပ်လျှင် ဆွေးနွေးနှီးနှောပြောဆိုခြင်းတို့ကို အသင်းတော်ကိစ္စများမှ သီးခြားဖြစ်စေသင့်သည်။ ထို့ပြင် ဤအချက်ကိုသတိရပါ– ဝိညာဏညီအစ်ကိုများစပ်ကြား၌ပင် စီးပွားရေးသဘောတူညီချက်များကို အမြဲပင် စာချုပ်စာတမ်းဖြင့်လုပ်ပါ။ ယင်းနှင့်စပ်လျဉ်း၍ ၁၉၈၃၊ ဖေဖော်ဝါရီ ၈၊ နိုးလော့! [လိပ်] စာမျက်နှာ ၁၃ မှ ၁၅ ပါ “စာချုပ်စာတမ်းထားရှိပါ!” ဟူ၍ ခေါင်းစဉ်တပ်ထားသောဆောင်းပါးသည် များစွာအကူအညီဖြစ်စေပါလိမ့်မည်။

၁၃။ စီးပွားရေးစွန့်စားမှုများနှင့်ပတ်သက်၍ နယပုံပြင် ၂၂:၇ ကိုမည်သို့ကျင့်သုံးနိုင်သနည်း။

၁၃ နယပုံပြင် ၂၂:၇ ကဤသို့မှာကြားပါသည်– “ချေးငှားယူသောသူသည် ချေးငှားပေးသောသူ၌ ကျွန်ဖြစ်၏။” ကျွန်အရာ၌ ကျွန်ုပ်တို့ကိုယ်တိုင်နှင့် ကျွန်ုပ်တို့၏ညီအစ်ကိုကိုထားခြင်းသည် များသောအားဖြင့် ပညာမဲ့ရာရောက်သည်။ တစ်စုံတစ်ယောက်က စီးပွားရေးစွန့်စားမှုပြုလုပ်ရန်အတွက် ငွေလာချေးသည့်အခါ ငွေကြေးကိုပြန်ပေးခြင်းနှင့်ပတ်သက်သော သူ၏အရည်အချင်းကို သုံးသပ်ရန်သင့်လျော်ပေသည်။ သူ့ကို ယုံကြည်စိတ်ချထိုက်သူ၊ အားကိုးအားထားရသူဟူ၍သိရှိထားကြသလော။ စီးပွားရေးစွန့်စားပြုလုပ်မှု မြောက်မြားစွာတို့သည် အရှုံးနှင့်သာရင်ဆိုင်ခဲ့ကြသောကြောင့် ထိုသို့ချေးငှားပေးခြင်းသည် ငွေကိုသာအရှုံးပေါ်စေနိုင်ကြောင်း ကျွန်ုပ်တို့သဘောပေါက်နားလည်ထားသင့်သည်။ စာချုပ်ရှိရုံနှင့် စွန့်စားမှုအောင်မြင်မည်ဟူသောအာမခံချက်မရှိပါ။ တစ်ဦးတစ်ယောက်သည် စွန့်စားလုပ်ဆောင်မှုတွင် သူအဆုံးရှုံးခံနိုင်သည်ထက် ပို၍ချေးငှားပေးခြင်းသည် အမြော်အမြင်ရှိရာမရောက်ပါ။

၁၄။ ခရစ်ယာန်ချင်းတစ်ဦးကို ငွေကြေးချေးငှားပေးပြီးနောက် ထိုသူစီးပွားရေးပျက်ခဲ့လျှင် ပိုင်းခြားသိမြင်ခြင်းတင်ပြရန် အဘယ်ကြောင့်လိုအပ်သနည်း။

၁၄ စီးပွားရေးကိစ္စရပ်များအတွက် ခရစ်ယာန်တစ်ဦးကို ငွေချေးငှားပေးခဲ့ပြီး မရိုးသားသည့်လုပ်ရပ်များမရှိလင့်ကစား ငွေဆုံးရှုံးခဲ့လျှင် ပိုင်းခြားသိမြင်ခြင်းတင်ပြရန်လိုအပ်ပါသည်။ စီးပွားရေးရှုံးခြင်းသည် ကျွန်ုပ်တို့ထံမှ ငွေချေးသူ ကျွန်ုပ်တို့၏ယုံကြည်သူချင်း၏ အပြစ်မဟုတ်ပါက ကျွန်ုပ်တို့သည် လိမ်ညာခံခဲ့ရပြီဟူ၍ ဆိုနိုင်ပါသလော။ မဆိုနိုင်ပါ။ အကြောင်းမှာ စိတ်လိုကိုယ်လျောက် ချေးငှားပေးကာ အတိုးလည်းရယူပြီးသည့်အပြင် မရိုးသားမှုတစ်စုံတစ်ရာမျှ မဖြစ်ပျက်ခဲ့သောကြောင့်ဖြစ်သည်။ မရိုးသားမှု ပါဝင်ပတ်သက်ခြင်းမရှိသောကြောင့် ချေးငှားသူနှင့် တရားဆိုင်ရန် အခြေခံအကြောင်းရင်းမရှိပါ။ အမှန်မှာ ရည်ရွယ်ချက်ကောင်းသော်လည်း စီးပွားရေးစွန့်စားမှု ဆုံးရှုံးသွားခြင်းကြောင့် ဒေဝါလီခံစာရင်းသွင်းပေးရန် တောင်းဆိုခဲ့သည့် ရိုးသားသောခရစ်ယာန်တစ်ဦးအား တရားစွဲခြင်းသည် မည်သို့သောကောင်းကျိုးရှိပါမည်နည်း။—၁ ကောရိန္သု ၆:၁။

၁၅။ ဒေဝါလီခံကြောင်းကြေညာခဲ့လျှင် အဘယ်အကြောင်းများကို စဉ်းစားရန်လိုသနည်း။

၁၅ စီးပွားရေးရှုံးသူများသည် ဒေဝါလီခံကြောင်း ကြေညာခြင်းအားဖြင့် လွတ်မြောက်လမ်းကို ရှာယူတတ်ကြသည်။ ခရစ်ယာန်များသည် အကြွေးတင်ခြင်းကို ပေါ့ပေါ့ဆဆ မယူမှတ်သင့်သည့်အတွက် တစ်စုံတစ်ရာသောအကြွေးများမှ တရားဝင်ကင်းလွတ်ခွင့်ရပြီးနောက်ပိုင်း၌ပင် တချို့သောသူတို့သည် ပယ်ဖျက်ခံခဲ့ရပြီးသော အကြွေးများကို ယခင်မြီရှင်များက လက်ခံမည်ဆိုလျှင် ပြန်ဆပ်ပေးရန်တာဝန်ရှိသည်ဟု ယူမှတ်ကြသည်။ သို့ရာတွင် ချေးငှားသူသည် မိမိညီအစ်ကို၏ငွေကိုဆုံးရှုံးပြီးနောက် အတော်အတန် စည်းစိမ်ခံစားနေသည့်ပုံစံဖြင့် နေထိုင်နေမည်ဆိုလျှင်ကော မည်သို့နည်း။ သို့မဟုတ် ချေးငှားသူသည် ချေးယူခဲ့သည့်ငွေအရင်းကို ပြန်ပေးရန် ငွေကြေးရရှိထားသော်လည်း မိမိညီအစ်ကို၏ငွေကြေးများ ပြန်ဆပ်ပေးရမည့်တာဝန်ကို လျစ်လျူရှုခဲ့လျှင်ကော မည်သို့နည်း။ ထိုအခါ အသင်းတော်၌ တာဝန်ရှိသောနေရာတွင် ငွေချေးသူထမ်းဆောင်နိုင်ရန် သူ၏အရည်အချင်းနှင့်ပတ်သက်၍ ယုံမှားသံသယဖြစ်ပေါ်စေပါမည်။—၁ တိမောသေ ၃:၃၊ ၈; ကင်းမျှော်စင် စက်တင်ဘာ ၁၅၊ ၁၉၉၄၊ စာမျက်နှာ ၃၀-၁ ရှု။

လိမ်လည်လှည့်ဖြားမှုဖြစ်လျှင်ကော အသို့နည်း

၁၆။ ကျွန်ုပ်တို့သည် စီးပွားရေးလိမ်လည်လှည့်ဖြားမှု သားကောင်များဖြစ်ပုံရှိနေလျှင် အဘယ်ခြေလှမ်းများယူသင့်သနည်း။

၁၆ ရင်းနှီးမြှုပ်နှံမှုတိုင်း အကျိုးအမြတ်ဖြစ်ထွန်းမည်မဟုတ်ကြောင်းကို သဘောပေါက်ရန် ပိုင်းခြားသိမြင်ခြင်းက ကူညီပေးသည်။ သို့တိုင် လိမ်လည်လှည့်ဖြားမှု ပါဝင်ပတ်သက်နေမည်ဆိုလျှင်ကော အသို့နည်း။ လိမ်လည်လှည့်ဖြားခြင်းဟူသည် “တမင်ရည်ရွယ်လျက် လှည့်စားခြင်း၊ ကောက်ကျစ်စဉ်းလဲခြင်း၊ သို့မဟုတ် အခြားသူပိုင်ဆိုင်သော တန်ဖိုးရှိအရာအချို့ကို လက်လွှတ်ရန် သို့မဟုတ် ရပိုင်ခွင့်ကို လက်မြှောက်အရှုံးခံစေရန် ရည်ရွယ်ချက်ဖြင့် အမှန်တရားကို ဖောက်လှဲဖောက်ပြန်ပြုခြင်းဖြစ်သည်။ ဝတ်ပြုကိုးကွယ်သူချင်းတစ်ဦး၏ လိမ်လည်လှည့်စားခြင်းကို ခံခဲ့ရ၏ဟု ထင်မှတ်သည့်ပုဂ္ဂိုလ် ပြုလုပ်ရမည့်ခြေလှမ်းများကို ယေရှုခရစ်တော်အကြမ်းဖျင်းဖော်ပြထားတော်မူခဲ့သည်။ မဿဲ ၁၈:၁၅-၁၇ အရ ယေရှုက ဤသို့မိန့်တော်မူခဲ့သည်– “သင်၏ညီအစ်ကိုသည် သင့်ကိုပြစ်မှားလျှင် သူ့ဆီသို့သွား၍ နှစ်ယောက်တည်းချင်း သူ၏အပြစ်ကိုပြ၍ ဆုံးမလော့။ သူသည် သင်၏စကားကိုနားထောင်လျှင် ညီအစ်ကိုကိုရပြီ။ သို့မဟုတ် သင်၏စကားကိုနားမထောင်လျှင် လူနှစ်ဦးသုံးဦးသက်သေခံ၍ စကားရှိသမျှတို့ကို တည်စေခြင်းငှာ ကိုယ်နှင့်အတူ လူတစ်ဦးနှစ်ဦးကိုခေါ်ဦးလော့။ ထိုသူတို့၏စကားကို နားမထောင်လျှင် အသင်းတော်အား ကြားပြောလော့။ အသင်းတော်၏စကားကို နားမထောင်လျှင် သာသနာပလူကဲ့သို့လည်းကောင်း၊ အခွန်ခံကဲ့သို့လည်းကောင်း ထိုသူကိုမှတ်လော့။” ယေရှုသည် လိမ်လည်လှည့်ဖြားမှုအပါအဝင် ငွေကြေးဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်သောအပြစ်များကို ရည်ညွှန်းတော်မူခဲ့ကြောင်း ကိုယ်တော်ဆက်လက်ဖော်ပြသောပုံဥပမာက တင်ပြပါသည်။—မဿဲ ၁၈:၂၃-၃၅။

၁၇၊ ၁၈။ ခရစ်ယာန်အမည်ခံသူတစ်ဦးသည် ကျွန်ုပ်တို့ကို လိမ်လည်လှည့်ဖြားမည်ဆိုလျှင် ပိုင်းခြားသိမြင်ခြင်းက မည်သို့ကာကွယ်ပေးနိုင်သနည်း။

၁၇ သို့သော် သက်သေသာဓကမရှိ သို့မဟုတ် လိမ်လည်လှည့်ဖြားသည်ဟူ၍ ယူမှတ်စရာအကြောင်းပင်မရှိပါက မဿဲ ၁၈:၁၅-၁၇ တွင်အကြမ်းဖျင်းဖော်ပြထားသည့်အတိုင်း ပြုလုပ်ရန် ကျမ်းဆိုင်ရာအခြေခံ မရှိပါ။ သို့တိုင် ခရစ်ယာန်အခေါ်ခံသူတစ်ဦးသည် ကျွန်ုပ်တို့ကို အမှန်တကယ် လိမ်လည်ခဲ့မည်ဆိုလျှင်ကော မည်သို့နည်း။ ပိုင်းခြားသိမြင်ခြင်းသည် အသင်းတော်၏ဂုဏ်သိက္ခာကိုထိခိုက်စေမည့် လုပ်ဆောင်မှုမျိုးမှ ကျွန်ုပ်တို့ကို ကာကွယ်ပေးနိုင်ပါသည်။ တမန်တော်ပေါလုက ညီအစ်ကိုတစ်ဦးဦးကို တရားစွဲဆိုမည့်အစား ကိုယ်တိုင်အမှားခံကြဖို့ သို့မဟုတ် လိမ်လည်လှည့်စားမှုကိုပင်ခံကြဖို့ ခရစ်ယာန်ချင်းတို့အား အကြံပေးခဲ့သည်။—၁ ကောရိန္သု ၆:၇၊ သမ။

၁၈ ကျွန်ုပ်တို့၏ စစ်မှန်သောညီအစ်ကို ညီအစ်မများသည် ဗာယေရှုဟူ၍အမည်ရှိသော နတ်ဝိဇ္ဇာအတတ်သမားတစ်ဦးကဲ့သို့ ‘လိမ်လည်စဉ်းလဲခြင်းနှင့်ပြည့်’သောသူများမဟုတ်ကြပါ။ (တမန်တော် ၁၃:၆-၁၂၊ သမ) ထို့ကြောင့် ယုံကြည်သူချင်းတို့နှင့်ပတ်သက်သော စီးပွားရေးစွန့်စားမှုများကိုပြုလုပ်ရာတွင် ငွေကြေးဆုံးရှုံးသည်ဆိုပါက ပိုင်းခြားသိမြင်ခြင်းကို အသုံးပြုကြစို့။ တရားစွဲဆိုရန် စဉ်းစားနေမည်ဆိုလျှင် ကျွန်ုပ်တို့ကိုယ်တိုင်အပေါ်၊ အခြားသူ သို့မဟုတ် အခြားသူများအပေါ်၊ အသင်းတော်အပေါ်နှင့် အပြင်လူများအပေါ် ဖြစ်လာနိုင်သည့်အကျိုးဆက်များကို ထည့်သုံးသပ်သင့်သည်။ လျော်ကြေးပြန်ရရန် လိုက်နေခြင်းသည် ကျွန်ုပ်တို့၏အချိန်၊ ခွန်အားနှင့် အခြားဥစ္စာအင်ခွင်များစွာကို ကုန်ခန်းစေနိုင်ပါသည်။ အကျိုးဆောင်ကိုယ်စားလှယ်များနှင့် အခြားအတတ်ပညာရှင်များ ကြီးပွားရေးအတွက်သာ ပြုမူနေခြင်းဖြစ်ပေမည်။ ဝမ်းနည်းဖွယ်ရာကား တချို့သောခရစ်ယာန်များသည် ဤအရာများအပေါ် အလွန်အကျွံစိတ်စွဲလမ်းနေကြသောကြောင့် သီအိုကရက်တစ်အခွင့်ထူးများကို စွန့်လွှတ်ခဲ့ကြခြင်းဖြစ်သည်။ ဤနည်းဖြင့်သွေဖည်သွားခြင်းသည် စာတန်ကိုဝမ်းမြောက်စေပါသည်။ သို့သော် ကျွန်ုပ်တို့သည် ယေဟောဝါ၏စိတ်တော်ကို ရွှင်လန်းစေလိုကြ၏။ (သု. ၂၇:၁၁) တစ်ဖက်ကကြည့်ပြန်လျှင် အရှုံးခံလိုက်ခြင်းက ကျွန်ုပ်တို့နှင့် အကြီးအကဲများပါ များစွာသော စိတ်သောကရောက်စရာ အချိန်ကုန်စရာတို့မှ ကာကွယ်ပေးပါမည်။ ယင်းသို့ပြုခြင်းက အသင်းတော်၏ငြိမ်သက်မှုကို ဆက်လက်တည်မြဲစေပြီး ဘုရားသခင့်နိုင်ငံတော်အကျိုးစီးပွားကို ဆက်၍ရှေးဦးထားစေပါလိမ့်မည်။

ပိုင်းခြားသိမြင်မှုနှင့် ဆုံးဖြတ်ချက်ချခြင်း

၁၉။ ခက်ခဲသောဆုံးဖြတ်ချက်များချရာတွင် ဝိညာဏပိုင်းခြားသိမြင်ခြင်းနှင့် ဆုတောင်းခြင်းသည် မည်သို့အကျိုးပြုနိုင်သနည်း။

၁၉ ငွေရေးကြေးရေး သို့မဟုတ် စီးပွားရေးကိစ္စရပ်များတွင် ဆုံးဖြတ်ချက်များချရခြင်းသည် အတော်အတန်ပင် ဖိစီးမှုဒဏ်များပေးပေမည်။ သို့သော် ဝိညာဏပိုင်းခြားသိမြင်ခြင်းက အချက်အလက်အားလုံးကို ဂရုတစိုက်ချင့်ချိန်စေပြီး ပညာရှိဆုံးဖြတ်ချက်များချရန် အကူအညီပေးပါလိမ့်မည်။ ထို့ပြင် ဆုတောင်း၍ ယေဟောဝါအားကိုးစားခြင်းက “ဘုရားသခင်၏ငြိမ်သက်ခြင်း” ကိုရရှိစေပါလိမ့်မည်။ (ဖိလိပ္ပိ ၄:၆၊ ၇) ယင်းသည် ယေဟောဝါနှင့် ကျွန်ုပ်တို့စပ်ကြား ရင်းနှီးသောဆက်ဆံရေးမှ ရရှိလာသောတည်ငြိမ်မှုနှင့် စိတ်ငြိမ်သက်မှုဖြစ်သည်။ ဤငြိမ်သက်ခြင်းသည် ခက်ခဲသောဆုံးဖြတ်ချက်များနှင့် ကျွန်ုပ်တို့ရင်ဆိုင်ရကြသောအခါ ဟန်ချက်ညီနိုင်ရန် အထောက်အကူပြုပါလိမ့်မည်။

၂၀။ အသင်းတော်နှင့် စီးပွားရေးကိစ္စရပ်များအပေါ် အဘယ်သန္နိဋ္ဌာန်ချထားသင့်သနည်း။

၂၀ ကျွန်ုပ်တို့၏ သို့မဟုတ် အသင်းတော်၏ငြိမ်သက်ခြင်းကို ပြိုကွဲစေသော စီးပွားရေးပဋိပက္ခများမဖြစ်စေရန် ကျွန်ုပ်တို့သန္နိဋ္ဌာန်ချထားကြစို့။ ခရစ်ယာန်အသင်းတော်သည် စီးပွားရေးလုပ်ရန်အတွက် အချက်အချာနေရာအဖြစ် အသုံးချရန်မဟုတ်ဘဲ ဝိညာဉ်ရေးကိုထောက်ကူရန် ဆောင်ရွက်နေကြောင်း သတိရဖို့လိုပါသည်။ စီးပွားရေးကိစ္စရပ်များနှင့် အသင်းတော်လုပ်ငန်းဆောင်တာများကို အမြဲသီးခြားထားသင့်သည်။ စီးပွားရေးစွန့်စားလုပ်ဆောင်သည့်အခါ ပိုင်းခြားသိမြင်ခြင်းကိုအသုံးပြုရန်နှင့် သတိရှိရန် လိုအပ်ပါသည်။ ထို့ပြင် စီးပွားရေးကိစ္စရပ်များအပေါ် မျှတသောအမြင်ကို အစဉ်ထိန်းသိမ်းကာ ဘုရားသခင့်နိုင်ငံတော်အကျိုးစီးပွားကို ရှေးဦးထားကြစို့။ ဝတ်ပြုသူချင်းများနှင့်ပတ်သက်နေသော စီးပွားရေးစွန့်စားမှုတစ်ခုသည် အထမမြောက်ပါက အားလုံးအတွက် အကောင်းဆုံးကို ကြိုးစားလုပ်ဆောင်ကြစို့။

၂၁။ ပိုင်းခြားသိမြင်မှုကိုအသုံးပြုပြီး ဖိလိပ္ပိ ၁:၉-၁၁ နှင့်အညီမည်သို့ပြုလုပ်နိုင်မည်နည်း။

၂၁ ငွေရေးကြေးရေးကိစ္စများနှင့် အရေးမကြီးလှသည့်အရာများအပေါ် အလွန်အကျွံစိုးရိမ်စွဲလမ်းနေမည့်အစား ကျွန်ုပ်တို့အားလုံး ပိုင်းခြားသိမြင်ခြင်းကို နှလုံးသွင်းကြပြီး ဘုရားသခင့်လမ်းပြမှုအတွက် ဆုတောင်းကာ ဘုရားသခင့်နိုင်ငံတော်အကျိုးစီးပွားကို ရှေးဦးထားနိုင်ကြပါစေ။ ပေါလု၏ဆုတောင်းချက်နှင့်အညီ ‘ကျွန်ုပ်တို့၏မေတ္တာသည် တိကျသောအသိပညာနှင့် ပြည့်ဝစုံလင်သောပိုင်းခြားသိမြင်မှုတို့ဖြင့် တိုး၍ကုံလုံကြွယ်ဝနေလျက် . . . သာ၍အရေးကြီးသောအရာများကို ကျွန်ုပ်တို့သေချာစွာသိနိုင်’ ကာ ကိုယ်ကိုလည်းကောင်း၊ သူတစ်ပါးကိုလည်းကောင်း “တိမ်းလဲခြင်းအမှုနှင့် ကင်းလွတ်” နိုင်ကြပါစေ။ ယခုဘုရင်ခရစ်တော်သည် ကောင်းကင်ပလ္လင်တွင်နန်းထိုင်နေတော်မူပြီဖြစ်ရာ ဝိညာဏပိုင်းခြားသိမြင်ခြင်းကို ကျွန်ုပ်တို့အသက်တာ၏ ကဏ္ဍအသီးသီးတွင် ကျင့်သုံးကြစို့လေ။ ထို့ပြင် ကျွန်ုပ်တို့၏ပိုင်သအုပ်စိုးရှင် ယေဟောဝါ “ဘုရားသခင်၏ဘုန်းအသရေတော် ထင်ရှားစေ” ခြင်းငှာ ကျွန်ုပ်တို့သည် ‘ယေရှုခရစ်အားဖြင့် ဖြောင့်မတ်ခြင်းအသီးနှင့်ပြည့်စုံ’ နိုင်ကြပါစေ။—ဖိလိပ္ပိ ၁:၉-၁၁။

သင်မည်သို့ဖြေမည်နည်း

◻ ပိုင်းခြားသိမြင်ခြင်းကား အဘယ်နည်း။

◻ ခရစ်ယာန်အချင်းချင်း စီးပွားရေးလုပ်ခြင်းနှင့်ပတ်သက်၍ ပိုင်းခြားသိမြင်ခြင်းပြရန် အဘယ်ကြောင့်အထူးလိုအပ်နေသနည်း။

◻ ယုံကြည်သူချင်းတစ်ဦးသည် ကျွန်ုပ်တို့ကို လိမ်လည်လှည့်စားခဲ့ပြီ ဟုခံစားရလျှင် ပိုင်းခြားသိမြင်ခြင်းကမည်သို့ကူညီပေးနိုင်သနည်း။

◻ ဆုံးဖြတ်ချက်ချရာတွင် ပိုင်းခြားသိမြင်ခြင်းသည် အဘယ်ကဏ္ဍမှ အကျိုးပြုသနည်း။

[စာမျက်နှာ ၁၈ ပါ ရုပ်ပုံ]

ပိုင်းခြားသိမြင်မှုသည် ဘုရားသခင့်နိုင်ငံတော်ကိုရှေးဦးထားရန်တည်းဟူသော ယေရှု၏သြဝါဒကို လက်တွေ့ကျင့်သုံးရန် အကူအညီပေးမည်

[စာမျက်နှာ ၂၀ ပါ ရုပ်ပုံ]

စီးပွားရေးသဘောတူညီချက်များကိုအမြဲပင်စာချုပ်စာတမ်းဖြင့်လုပ်ပါ

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ