ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၇ ၅/၁ စာ. ၁၃-၁၈
  • တမန်အတုအယောင်များအတွက်ငြိမ်သက်ခြင်းမရှိ!

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • တမန်အတုအယောင်များအတွက်ငြိမ်သက်ခြင်းမရှိ!
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၇
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ငြိမ်သက်ခြင်းတမန်ဟု အမည်ခံသူများ
  • ယူအင်န်သည် ငြိမ်းချမ်းရေးပြုစုသူလော
  • ‘ပြင်းစွာငိုကြွေးရခြင်း’ ၏အကြောင်းရင်းများ
  • အံ့သြထိတ်လန့်ဖွယ် လျှို့ဝှက်နက်နဲရာတစ်ခု ရှင်းလင်းလာခြင်း
    ဗျာဒိတ်ကျမ်း—ယင်း၏ မဟာအထွတ်အထိပ်နီးပြီ!
  • ဘုရားရေးရာ ငြိမ်သက်ခြင်း၏တမန်များအဖြစ် အမှုတော်ထမ်းခြင်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၇
  • စစ်မှန်သော ငြိမ်သက်ခြင်း—အဘယ်ဇာစ်မြစ်မှနည်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၇
  • အမျိုးအစားမှန်သောတမန်များကိုခွဲခြားသိမြင်ခြင်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၇
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၇
က၉၇ ၅/၁ စာ. ၁၃-၁၈

တမန်အတုအယောင်များအတွက်ငြိမ်သက်ခြင်းမရှိ!

“ပြစ်မှားသောသူတို့သည် ပယ်ရှင်းခြင်းကိုခံရကြလိမ့်မည်။ . . . စိတ်နှိမ့်ချသောသူတို့မူကား၊ ပြည်တော်ကိုအမွေခံ၍ များပြားသောငြိမ်သက်ခြင်း၌ မွေ့လျော်ကြလိမ့်မည်။”—ဆာလံ ၃၇:၉၊ ၁၁။

၁။ “အမှုကုန်ရသည်ကာလ” တွင် တမန်အစစ်အမှန်များနှင့် အတုအယောင်များကိုတွေ့ရန် အဘယ်ကြောင့် မျှော်လင့်ထားသင့်သနည်း။

တမန်များ—အတုအယောင်လော၊ အစစ်အမှန်လော။ ကျမ်းစာခေတ်တွင် နှစ်မျိုးစလုံးရှိသည်။ သို့သော် ကျွန်ုပ်တို့ခေတ်တွင်ကော။ ဒံယေလ ၁၂:၉၊ ၁၀ တွင် ကောင်းကင်တမန်တစ်ပါးက ဘုရားသခင်၏ပရောဖက်ကို ဤသို့ဆိုကြောင်း ဖတ်ရှုရသည်– “ထိုစကားသည် အမှုကုန်ရသည်ကာလတိုင်အောင် ပိတ်၍ တံဆိပ်ခတ်ထားလျက်ရှိ၏။ လူအများတို့သည် သန့်ရှင်းဖြူစင်ခြင်းသို့ရောက်၍ စုံစမ်းခြင်းကို ခံရကြလိမ့်မည်။ မတရားသောသူတို့သည် မတရားသဖြင့်ပြု၍ တစ်ယောက်မျှ နားမလည်ရ။ ပညာရှိသောသူတို့မူကား နားလည်ကြလိမ့်မည်။” ထို “အမှုကုန်ရသည်ကာလ” တွင် ကျွန်ုပ်တို့အသက်ရှင်နေရကြသည်။ “မတရားသောသူ” နှင့် “ပညာရှိသောသူ” တို့သည် မည်မျှကွာခြားသည်ကို တွေ့မြင်ရပါသလော။ အမှန်တွေ့မြင်ရ၏!

၂။ ဟေရှာယ ၅၇:၂၀၊ ၂၁ သည်ယနေ့မည်သို့ပြည့်စုံနေသနည်း။

၂ အခန်းကြီး ၅၇ အငယ် ၂၀ နှင့် ၂၁ တွင် ဘုရားသခင်၏တမန် ဟေရှာယ၏စကားကို ကျွန်ုပ်တို့ဖတ်ရှုရသည်– “‘မတရားသောသူတို့မူကား မငြိမ်နိုင်ဘဲ လှုပ်ရှား၍ ရွှံ့နှင့်အမှိုက်ကိုပက်သော ပင်လယ်ရေနှင့်တူကြ၏။ မတရားသောသူတို့၌ ငြိမ်သက်ခြင်းမရှိ’ ဟု ငါ၏ဘုရားသခင် မိန့်တော်မူ၏။” ယင်းစကားများသည် ၂၁ ရာစုနီးကပ်လာသော ဤလောကကို ကောင်းစွာ ဖော်ပြသည်! အချို့က ‘ထိုရာစုနှစ်သို့ ရောက်နိုင်မည်လော’ ဟုမေးမြန်းကြသည်။ ပညာရှိသောတမန်များအနေနှင့် ဘာပြောဆိုစရာရှိသနည်း။

၃။ (က) ၁ ယောဟန် ၅:၁၉ တွင် အဘယ်ဖီလာဆန့်ကျင်ချက်ကို တင်ပြထားသနည်း။ (ခ) ‘ထိုးထွင်းဉာဏ်ရှိသူများ’ ကိုဗျာဒိတ် အခန်းကြီး ၇ ကမည်သို့ဖော်ပြထားသနည်း။

၃ တမန်တော်ယောဟန်၌ ဘုရားပေးမှုတ်သွင်းခံ ထိုးထွင်းဉာဏ်ရှိသည်။ ၁ ယောဟန် ၅:၁၉ တွင် ဤသို့ဆိုသည်– “ငါတို့သည် ဘုရားသခင်နှင့်စပ်ဆိုင်သည်ကိုလည်းကောင်း၊ လောကီသားအပေါင်းတို့သည် မာရ်နတ်၏လက်၌ ရှိကြသည်ကိုလည်းကောင်း ငါတို့သိကြ၏။” ဤလောကနှင့် လားလားကြီးဆန့်ကျင်နေသူများမှာ ၁၄၄,၀၀၀ သောဝိညာဏဣသရေလမှ ကျွန်ုပ်တို့နှင့်ရှိနေသေးသည့် အိုမင်းနေသော အကြွင်းအကျန်များပင်ဖြစ်သည်။ ယနေ့သူတို့နှင့်တွဲဖက်သူများမှာ ထိုးထွင်းဉာဏ်ရှိသူ ငါးသန်းကျော်သော “အသီးအသီးဘာသာစကားကိုပြောသော လူအမျိုးအနွယ်ခပ်သိမ်းတို့အထဲမှ . . . လူများအပေါင်းတို့” ဖြစ်ကြသည်။ “ဤသူတို့သည် ကြီးစွာသောဆင်းရဲဒုက္ခအထဲက ထွက်မြောက်” သောသူများဖြစ်ကြ၏။ သူတို့သည် အဘယ်ကြောင့်ဆုချခံရကြသနည်း။ သူတို့သည်လည်း ယေရှု၏ရွေးနုတ်ဖိုးပူဇော်သကာ၌ ယုံကြည်မှုရှိကြောင်း တင်ပြကြပြီး “မိမိတို့ဝတ်လုံကို သိုးသငယ်၏အသွေး၌လျှော်၍ ဖြူစေ” ခဲ့ကြသောကြောင့်ဖြစ်သည်။ ဘုရားသခင်၏ အလင်းဆောင်သောတမန်များအဖြစ် သူတို့ပါ “ဘုရားဝတ်ကို နေ့ညမပြတ်ပြု” နေကြသည်။—ဗျာဒိတ် ၇:၄၊ ၉၊ ၁၄၊ ၁၅။

ငြိမ်သက်ခြင်းတမန်ဟု အမည်ခံသူများ

၄။ (က) စာတန်၏လောကစနစ်ရှိ ငြိမ်သက်ခြင်း၏တမန်ဟုအမည်ခံသူများသည် အကြံမထမြောက်ဖို့အကြောင်းသာ အဘယ်ကြောင့်ရှိသနည်း။ (ခ) ယနေ့သည် ဧဖက် ၄:၁၈၊ ၁၉ နှင့်မည်သို့သက်ဆိုင်သနည်း။

၄ စာတန်၏လောကစနစ်ရှိ “ငြိမ်သက်ခြင်း၏တမန်များ” ဟုအမည်ခံကြသူများကော။ ဟေရှာယ အခန်းကြီး ၃၃ အငယ် ၇ တွင် ဤသို့ဖတ်ရသည်– “သူရဲတို့သည် ပြင်၌ အော်ဟစ်ကြ၏။ မိတ်သဟာယစကားကို ပြောသော [“ငြိမ်သက်ခြင်း၏၊” ကဘ] တမန်တော်တို့သည် ပြင်းစွာ ငိုကြွေးကြ၏။” ယင်းသည် ကမ္ဘာ့မြို့တော်ကြီး တစ်ခုမှတစ်ခုသို့ အပြေးအလွှားသွားလာပြီး ငြိမ်းချမ်းရေးရှိရန် ကြိုးစားနေသူများနှင့် အလွန်ကိုက်ညီနေပါသည်။ မည်မျှအချည်းနှီးဖြစ်သည်တကား! အဘယ်ကြောင့်နည်း။ အကြောင်းမှာ သူတို့သည် အကြောင်းရင်းကို ကိုင်တွယ်မည့်အစားကမ္ဘာ့ဒုက္ခခပ်သိမ်း၏ လက္ခဏာများကို ဖြေရှင်းရန် ကြိုးစားနေကြသောကြောင့်ဖြစ်သည်။ ဦးဆုံးအနေနှင့် “ဤလောကကို အစိုးရသောဘုရား” ဟု တမန်တော်ပေါလုဖော်ပြခဲ့သော စာတန်ရှိသည်ကို သူတို့မသိမြင်ကြပေ။ (၂ ကောရိန္သု ၄:၄) စာတန်သည် လူသားတို့၏စိတ်ထဲတွင် မကောင်းသောအမှုအမျိုးမျိုး၏မျိုးစေ့ကို ပျိုးထားရာ အုပ်စိုးရှင်များစွာအပါအဝင် လူအများစုသည် ဧဖက် ၄:၁၈၊ ၁၉ ၏ပုံဖော်ပြချက်နှင့် ယခုကိုက်ညီနေကြပေပြီ– “ထိုသူတို့သည် ဉာဏ်အလင်းကွယ်သည်ဖြစ်၍ စိတ်နှလုံး မိုက်မဲသောအားဖြင့် အလျှင်းမသိသောကြောင့်၊ ဘုရားသခင်၏အသက်နှင့် ကွာရှင်းလျက်ရှိကြ၏။ ထိုသူတို့သည် ရှက်ကြောက်ခြင်းမရှိ၊ တပ်မက်ခြင်း အလွန်ပြင်းသည်နှင့်ညစ်ညူးသောအကျင့် အမျိုးမျိုးကို ကြိုးစား၍ ကျင့်လိုသောငှာ မိမိတို့ကို ကိလေသာလက်သို့ အပ်လိုက်ကြ၏။”

၅။ (က) လူ့အဖွဲ့အစည်းများသည် ငြိမ်းချမ်းရေးလုပ်ဆောင်ရာတွင် အဘယ်ကြောင့် မအောင်မြင်သနည်း။ (ခ) ဆာလံ ၃၇ ကအဘယ်နှစ်သိမ့်ဖွယ်သတင်းကို ပေးသနည်း။

၅ ယနေ့ တွေ့မြင်နေကျဖြစ်သော လူ့စိတ်နှလုံးထဲမှ လောဘကြီးမှု၊ အတ္တနှင့် မုန်းတီးမှုတို့ကို မစုံလင်သော အဘယ်လူ့အဖွဲ့ကမျှ ဆွဲနုတ်မပစ်နိုင်ပါ။ ကျွန်ုပ်တို့၏ဖန်ဆင်းရှင်၊ အကြွင်းမဲ့ပိုင်သအုပ်စိုးရှင် ယေဟောဝါသာလျှင် ယင်းကို ပြုလုပ်နိုင်တော်မူ၏! ထို့ပြင် ကိုယ်တော်၏လမ်းပြမှုကို လက်ခံလိုသူတို့မှာ စိတ်နှိမ့်ချသော လူနည်းစုသာဖြစ်သည်။ ဤသူများနှင့် လူဆိုးတို့ ခံစားရမည့် အကျိုးရလဒ်ကို ဆာလံ ၃၇:၉-၁၁ တွင် ဖော်ပြထားသည်– “ပြစ်မှားသောသူတို့သည် ပယ်ရှင်းခြင်းကိုခံရကြလိမ့်မည်။ ထာဝရဘုရားကို မျှော်လင့်သောသူတို့မူကား ပြည်တော်ကို အမွေခံရကြလိမ့်မည်။ ခဏကြာပြီးမှ မတရားသောသူသည် မရှိရ။ သူ၏နေရာကို စေ့စေ့ရှာ၍ မတွေ့ရ။ စိတ်နှိမ့်ချသောသူတို့မူကား ပြည်တော်ကိုအမွေခံ၍ များပြားသောငြိမ်သက်ခြင်း၌ မွေ့လျော်ကြလိမ့်မည်။”

၆၊ ၇။ ကမ္ဘာ့ဘာသာတရားများသည် ငြိမ်သက်ခြင်းတမန်များအဖြစ် လုပ်ဆောင်ဖို့ပျက်ကွက်ကြကြောင်း ယင်း၏ အဘယ်မှတ်တမ်းက ဖော်ပြသနည်း။

၆ သို့ဖြစ်လျှင် ဤအဖျားဝင်နေသော ဤလောက၏ ဘာသာတရားများတွင် ငြိမ်သက်ခြင်း၏တမန်များ ရှိနိုင်ပါမည်လော။ ယခုအချိန်အထိ ဘာသာရေး၏မှတ်တမ်းကား အဘယ်နည်း။ ဘာသာရေးသည် ရာစုနှစ်များတစ်လျှောက် အကြီးအကျယ် သွေးသွန်းမှုများတွင် ပါဝင်ရုံသာမက သွေးထိုးပေးခဲ့ကြောင်း သမိုင်းက တင်ပြပါသည်။ ဥပမာ၊ ၁၉၉၅ ခုနှစ်၊ ဩဂုတ် ၃၀ အပတ်ထုတ် ခရစ်ယာန်ရာစုနှစ်က ယခင်ယူဂိုစလားဗီးယားနိုင်ငံတွင် ဖြစ်ပွားနေသည့် ဗရုန်းဗရင်းဖြစ်မှုအကြောင်း ဤသို့ဆိုသည်– “ဆာ့ဘ်လူမျိုးတို့ထိန်းချုပ်ထားသော ဘော့စနီးယားနိုင်ငံတွင် ဓမ္မဆရာများသည် ကိုယ်တိုင်ဖွဲ့ထားသည့် ပါလီမန်အဖွဲ့၏ ရှေ့တန်းတွင် ထိုင်ကြရုံမက စစ်မတိုက်မီ တပ်ဖွဲ့များကိုသာမက လက်နက်များကိုပါ ကောင်းချီးပေးရန် ရှေ့တန်းစစ်မြေပြင်သို့ ရောက်ရှိနေကြသည်။”

၇ အာဖရိကနိုင်ငံတွင် ခရစ်ယာန်ဘောင်၏ အနှစ်တစ်ရာ သာသနာပြုလုပ်ငန်းသည်လည်း အခြေအနေကို မထူးခြားစေခဲ့ကြောင်း . . . ဘာသာဝင် ၈၀ ရာခိုင်နှုန်းရှိသည်ဟုဆိုသော ရဝမ်ဒါနိုင်ငံ၏အဖြစ်အပျက်က ကောင်းစွာဖော်ပြသည်။ ၁၉၉၅ ခုနှစ်၊ ဇူလိုင် ၇ သည်နယူးယောက်တိုင်းမ်သတင်းစာက ဤသို့ဆိုသည်– “[ပြင်သစ်နိုင်ငံ] လီအောန်မြို့တွင်ထုတ်ဝေသည့် လွတ်လပ်သော . . . လူဝတ်ကြောင်မဂ္ဂဇင်းတစ်စောင်ဖြစ်သည့် ဂိုလယာသည် လွန်ခဲ့သောနှစ်အတွင်း သတ်ဖြတ်ပွဲ၌ ပါဝင်ခဲ့သော၊ သို့မဟုတ် အားပေးခဲ့သော ရဝမ်ဒါဘုန်းကြီး ၂၇ ဦးနှင့် သီလရှင်လေးဦးတို့ကို ဖော်ထုတ်ရန် ရည်ရွယ်ချက်ရှိကြောင်း။” အာဖရိကအခွင့်အရေးဟူသည့် လန်ဒန်မြို့တွင် တည်ထောင်ထားသော လူ့အခွင့်အရေးဆိုင်ရာ အဖွဲ့အစည်းက ဤသို့ဆိုသည်– “လူမျိုးဖြုတ် သတ်ဖြတ်မှုနှင့်ပတ်သက်၍ နှုတ်ပိတ်နေကြခြင်းထက် ခရစ်ယာန်ဘောင်ဘုန်းကြီး၊ တရားဟောဆရာနှင့် သီလရှင်အချို့သည် ၎င်းတွင် ကိုယ်တိုင်ပါဝင်ကြခြင်းအတွက် ချာ့ချ်များကို အရေးယူသင့်သည်။” ယင်းသည် ဣသရေလလူမျိုးနှင့် ၎င်း၏မင်းသား၊ ယဇ်ပုရောဟိတ်၊ ပရောဖက်များတို့၏ “ရှက်” ဖွယ်အခြေအနေကို ယေဟောဝါ၏ စစ်မှန်သောတမန် ယေရမိ ဖော်ပြပြီး ထပ်ဆင့်၍ “သွန်းသောအသွေးသည် သင်၏အဝတ်စွန်း၌ ထင်ရှား၏” ဟုပြောဆိုခဲ့ချိန်နှင့်တူပါသည်။—ယေရမိ ၂:၂၆၊ ၃၄။

၈။ ယေရမိသည် ငြိမ်သက်ခြင်းတမန်ဖြစ်သည်ဟု အဘယ်ကြောင့်ဆိုနိုင်သနည်း။

၈ ယေရမိကို အမင်္ဂလာကြွေးကြော်သော ပရောဖက်ဟု မကြာခဏခေါ်ဝေါ်ခဲ့သော်လည်း သူ့အား ဘုရားသခင်၏ ငြိမ်သက်ခြင်း၏တမန်ဟူ၍လည်း ခေါ်နိုင်ပါသည်။ ငြိမ်သက်ခြင်းအကြောင်းကို သူ့ထက်အရင် ဟေရှာယ ဖော်ညွှန်းခဲ့သည့်အကြိမ်ပေါင်းအတိုင်း သူဖော်ပြခဲ့၏။ ယေဟောဝါသည် ယေရုရှလင်မြို့အပေါ် တရားစီရင်ချက်ချမှတ်ကြောင်း ကြွေးကြော်ရန် ယေရမိကို အသုံးပြုတော်မူ၏– “ဣသရေလအမျိုးနှင့် ယုဒအမျိုး၏ရှင်ဘုရင်၊ မှူးမတ်၊ ယဇ်ပုရောဟိတ်၊ ပရောဖက်၊ ယုဒပြည်သူ ယေရုရှလင်မြို့သားတို့သည် ငါ့အမျက်ကို နှိုးဆော်ခြင်းငှာ ပြုလေသမျှသောဒုစရိုက်ကြောင့်၊ ဤမြို့ကို ငါ့ထံမှ ငါပယ်ရှားမည်အကြောင်း၊ မြို့တည်သောနေ့မှစ၍ ယနေ့တိုင်အောင်၊ ငါ့အမျက်ထွက်၍ အမျက်အရှိန် အားကြီးစေသောမြို့ဖြစ်၏။” (ယေရမိ ၃၂:၃၁၊ ၃၂) ယင်းကား ယနေ့ ခရစ်ယာန်ဘောင်တွင် အုပ်စိုးရှင်များနှင့် ဓမ္မဆရာများအပေါ် ယေဟောဝါ၏စီရင်ချက်ကို ကြိုတင်ပုံဆောင်ပါသည်။ စစ်မှန်သောငြိမ်သက်ခြင်းရှိရန် ဆိုးသွမ်းမှုနှင့် အကြမ်းဖက်မှုကို လှုံ့ဆော်သော ဤသူတို့အား ဖယ်ရှားပစ်ရမည်! သူတို့သည် ငြိမ်သက်ခြင်း၏တမန်များ အမှန်ပင် မဖြစ်နိုင်ပါ။

ယူအင်န်သည် ငြိမ်းချမ်းရေးပြုစုသူလော

၉။ ယူအင်န်သည် ငြိမ်သက်ခြင်းတမန်ဖြစ်သည်ဟု မည်သို့အဆိုတင်သွင်းသနည်း။

၉ ယူအင်န်သည် ငြိမ်သက်ခြင်း၏တမန်အစစ်အမှန် မဖြစ်နိုင်ပေလော။ ဟီရိုရှီးမားမြို့ကို ဖျက်ဆီးခဲ့သော အနုမြူဗုံးကိုမကြဲမီ ၄၁ ရက်အလိုဖြစ်သည့် ၁၉၄၅ ခုနှစ်၊ ဇွန်လတွင် ဖွဲ့ခဲ့သော ယင်း၏တရားဝင်စာရွက်စာတမ်း၏ နိဒါန်း၌ “နောင်လာနောက်သားများကို စစ်ဘေးမှ ကယ်နုတ်ပေးရန်” ရည်ရွယ်ချက်ကို ဖော်ပြသည်မဟုတ်ပေလော။ ယူအင်န်အဖွဲ့ဝင်ဖြစ်မည့် နိုင်ငံ ၅၀ တို့ကလည်း “အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနှင့် လုံခြုံမှုရှိရန် [ယင်းတို့] စုပေါင်းအားစိုက်မည်” ဟု ဆိုကြသည်။ ယနေ့ ယူအင်န်အဖွဲ့ဝင် ၁၈၅ နိုင်ငံတို့က ထပ်တူရည်ရွယ်ချက်ကိုပင် ဆောင်ကြဉ်းရန် ကြိုးစားနေသည်ဟု ဆိုကြသည်။

၁၀၊ ၁၁။ (က) ဘာသာရေးခေါင်းဆောင်များသည် ယူအင်န်ကိုထောက်ခံကြောင်း မည်သို့ပြောဆိုခဲ့ကြပြီနည်း။ (ခ) ပုပ်ရဟန်းမင်းများသည် “ဘုရားသခင့်နိုင်ငံတော်၏သတင်းကောင်း” ကို မည်သို့အထင်လွဲမှားစေခဲ့ပြီနည်း။

၁၀ အထူးသဖြင့် ဘာသာရေးခေါင်းဆောင်များက ယူအင်န်ကို နှစ်ကာလတစ်လျှောက် တစ်ခဲနက်သြဘာပေးခဲ့ကြပြီ။ ၁၉၆၃ ခုနှစ်၊ ဧပြီ ၁၁ တွင် ပုပ်ရဟန်းမင်း ဂျောန် ၂၃ က သူ၏ “ပါးကမ်အင်တဲရစ္စ” (“ကမ္ဘာပေါ် ငြိမ်သက်မှုရှိခြင်း”) အမည်ဖြင့် အမိန့်စာ၌ ဤသို့ဆိုသည်– “ယူအင်န်သည် ယင်း၏တည်ဆောက်ပုံ၊ ယင်း၏ဓနအင်အားဖြင့် ယင်း၏ ကြီးမားလျက် ဂုဏ်တင်ထိုက်သော လုပ်ရေးဆောင်တာများကို ပိုမိုဆောင်ရွက်နိုင်လိမ့်မည်ဟု ကျွန်ုပ်တို့များစွာအလိုရှိသည်။” ထို့နောက် ၁၉၆၅ ခုနှစ်၊ ဇွန်လတွင် ကမ္ဘာ့လူဦးရေ၏ထက်ဝက်ကို ကိုယ်စားပြုသည်ဟုဆိုသော ဘာသာရေးခေါင်းဆောင်များသည် ယူအင်န်၏ အနှစ် ၂၀ ပြည့်မွေးနေ့ကို ဆန်ဖရန်စစ္စကိုမြို့တွင် ကျင်းပခဲ့သည်။ ၁၉၆၅ ခုနှစ်တွင်လည်း ပုပ်ရဟန်းမင်းကြီး ပေါလ် ၆ ကကုလသမဂ္ဂအဖွဲ့သို့ အလည်ရောက်ရှိချိန်တွင် ယင်းကို “ငြိမ်းချမ်းသာယာမှု၏ နောက်ဆုံးမျှော်လင့်ချက်” ဟူ၍ဖော်ပြခဲ့သည်။ ၁၉၈၆ ခုနှစ်တွင် ပုပ်ရဟန်းမင်း ဂျွန်ပေါလ် ၂ က ယူအင်န်၏ အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနှစ်ကို ကမကထပြု ကျင်းပပေးခဲ့သည်။

၁၁ တစ်ဖန် ၁၉၉၅ ခုနှစ်၊ အောက်တိုဘာလတွင် လည်ပတ်ရောက်ရှိချိန်၌ ပုပ်ရဟန်းမင်းက ဤသို့ဆိုပြန်သည်– “ယနေ့ ကျွန်ုပ်တို့သည် ဘုရားသခင့်နိုင်ငံတော် သတင်းကောင်း၏ အထိမ်းအမှတ်ပွဲကိုခံနေကြ၏။” သို့သော် သူသည် အမှန်တကယ်ပင် ဘုရားသခင့်နိုင်ငံတော် သတင်းကောင်း၏တမန် ဖြစ်ပါသလော။ ကမ္ဘာ့ပြဿနာများအကြောင်း သူက ဤသို့ဆက်ပြောဆိုသည်– “ဤကြီးမားသောစိန်ခေါ်ချက်များကို ကျွန်ုပ်တို့ရင်ဆိုင်နေကြရရာ ယူအင်န်၏ အခန်းကဏ္ဍကို အသိအမှတ်မပြုဘဲ မည်သို့နေနိုင်ကြမည်နည်း။” ပုပ်ရဟန်းမင်းကြီးက ဘုရားသခင်၏နိုင်ငံတော်အစား ယူအင်န်ကို ရွေးချယ်လေပြီ။

‘ပြင်းစွာငိုကြွေးရခြင်း’ ၏အကြောင်းရင်းများ

၁၂၊ ၁၃။ (က) ယူအင်န်သည် ယေရမိ ၆:၁၄ တွင်ဖော်ပြသည့်အတိုင်း မည်သို့ကျင့်ကြံခဲ့ပြီနည်း။ (ခ) ဟေရှာယ ၃၃:၇ ပါဖော်ပြချက်တွင် ယူအင်န်၏ဦးစီးဦးဆောင်ပြုမှု အဘယ်ကြောင့်ပါဝင်သနည်း။

၁၂ ယူအင်န်၏ အနှစ် ၅၀ ပြည့်အခမ်းအနား ကျင်းပခဲ့သော်လည်း “ကမ္ဘာပေါ်ငြိမ်းချမ်းရေး” အစစ်အမှန်ရှိမည့် အဘယ်မျှော်လင့်ချက်ကိုမျှ မတွေ့ရပါ။ အကြောင်းရင်းတစ်ခုကို ကနေဒါနိုင်ငံ၏ တိုရွန်တိုစတားတွင် စာရေးဆရာတစ်ဦးက ဤသို့ရေးသားဖော်ပြသည်– “ယူအင်န်သည် ရက်စက်ကြမ်းကြုတ်မှုကို ရင်ဆိုင်ရသည့်အခါ ဟောက်တတ်သော်လည်း ယင်း၏အံကပ်ကို အဖွဲ့သားများက တပ်ပေးမှသာ ကိုက်စားနိုင်သည့် သွားမရှိသော ခြင်္သေ့ကြီးဖြစ်သည်။” အများအားဖြင့် သူ၏ကိုက်ချက်သည် အချိန်နှောင်း၍ အရာမထင်သည်ကား များသည်။ လက်ရှိကမ္ဘာ့စနစ်မှ ငြိမ်သက်ခြင်း၏တမန်များ၊ အထူးသဖြင့် ခရစ်ယာန်ဘောင်ရှိတမန်များသည် ယေရမိ ၆:၁၄ ပါဤစကားများကို ပဲ့တင်ရိုက်နေကြသည်– “‘ချမ်းသာမရှိသောအခါ ချမ်းသာ၊ ချမ်းသာ’ ဟုပြောဆိုလျက် ငါ၏လူမျိုး . . . အနာကို ပေါ့လျော့စွာကုကြ၏။”

၁၃ ယူအင်န်၏ အတွင်းရေးမှူးချုပ်အရာကို ဆက်ခံသူများက ယင်းအဖွဲ့အစည်းအောင်မြင်ရန် စိတ်စေတနာဖြင့် ကြိုးစားအားထုတ်ခဲ့ကြပေမည်။ သို့သော် မည်သည့်နည်းဖြင့် စစ်မှုကို ကန့်သတ်မည်၊ ဥပဒေစည်းမျဉ်း ချမှတ်မည်၊ ဘဏ္ဍာငွေကို အသုံးပြုမည်နှင့်ပတ်သက်၍ အဖွဲ့ဝင် ၁၈၅ ဦးတို့၏ အစဉ်အငြင်းပွားမှုက အောင်မြင်မှုကို တားဆီးခဲ့ပြီ။ ၁၉၉၅ ခုနှစ်ချုပ်ပြန်တမ်းတွင် ထိုစဉ်က အတွင်းရေးမှူးချုပ်က “လူသားလောကတစ်ခုလုံး၏ စီးပွားရေးနှင့် လူမှုရေး တိုးတက်ရန် တိုင်းနိုင်ငံများ၏ စုပေါင်းလုပ်ဆောင်ရေး” ကို “ကမ္ဘာ့နျူကလီးယားဘေး ဖြစ်နိုင်စရာ စိုးရိမ်မှု” လျော့နည်းလာခြင်းက လမ်းဖွင့်ပေးနေသည်ဟု ရေးသားခဲ့သည်။ သို့သော် သူက ဤသို့ထပ်ဆင့်ရေးသည်– “ဝမ်းနည်းစရာမှာ လွန်ခဲ့သောနှစ်အနည်းငယ်၏ ကမ္ဘာ့ရေးရာမှတ်တမ်းက အပြုသဘောဆောင်သော ယင်းမျှော်လင့်ချက်များကို အကြီးအကျယ် ထင်ယောင်ထင်မှားဖြစ်စေခဲ့ပြီ။” မှန်ပါသည်၊ ငြိမ်သက်ခြင်း၏တမန် ပုံဖမ်းသူတို့သည် “ပြင်းစွာငို” ကြွေးနေကြပြီ။

၁၄။ (က) ယူအင်န်သည် ဘဏ္ဍာရေးနှင့် စိတ်ဓာတ်ရေးအရ မွဲပြာကျလေပြီဟု အဘယ်ကြောင့်ဆိုနိုင်သနည်း။ (ခ) ယေရမိ ၈:၁၅ သည်မည်သို့ပြည့်စုံနေသနည်း။

၁၄ ကယ်လီဖိုးနီးယားပြည်နယ်၏ ဩရင်ဂ်ျကောင်တီစာရင်းပါ ခေါင်းစဉ်တစ်ခုက ဤသို့ဆိုသည်– “ယူအင်န်သည် ဘဏ္ဍာရေးနှင့် စိတ်ဓာတ်ရေးအရ မွဲပြာကျလေပြီ။” ၁၉၄၅ ခုနှစ်နှင့် ၁၉၉၀ ပြည့်နှစ်စပ်ကြားတွင် လူသန်းပေါင်း ၃၀ ကျော် အသက်စတေးခဲ့ရသည့် စစ်ပွဲ ၈၀ ကျော်ဖြစ်ပျက်ခဲ့ကြောင်း ထိုဆောင်းပါးက တင်ပြသည်။ ၁၉၉၅ ခုနှစ်၊ အောက်တိုဘာလထုတ် ရီးဒါးစ်ဒိုင်ဂျက်စ်၏ကလောင်ရှင်တစ်ဦး၏ အောက်ပါဖော်ပြချက်ကို ယင်းက ဤသို့ကိုးကားသည်– “ယူအင်န်၏စစ်ဆင်နွှဲမှုများသည် ‘အရည်အချင်းမပြည့်သော တပ်မှူးများ၊ စည်းကမ်းမရှိသော စစ်သားများ၊ ကျူးကျော်သူများနှင့် မဟာမိတ်ဖွဲ့ခြင်း၊ ရက်စက်ယုတ်မာမှုများကို မတားဆီးနိုင်ခြင်းနှင့် တစ်ခါတစ်ရံ ကြောက်မက်ဖွယ်ရာများကို ဖြစ်စေခြင်း’ တို့သာများ၏။ ထို့ပြင် ‘ဖြုန်းတီးမှု၊ ကလိမ်ကျမှုနှင့် မတော်မတရားမှု အတိုင်းအတာသည်လည်း အလွန်များပြားလွန်းလှသည်။’” “အသက် ၅၀ ရှိ ယူအင်န်” ဟူသည့်ခေါင်းစဉ်ပါ အပိုင်းတွင် သည်နယူးယောက်တိုင်းမ်သတင်းစာက ဤခေါင်းစည်းကို ဖော်ပြသည်– “လွဲမှားသော စီမံခန့်ခွဲမှုနှင့် ဖြုန်းတီးမှုက ယူအင်န်၏ အကောင်းဆုံး ကြံရွယ်ချက်များကို လုံးပါးပါးစေ။” အင်္ဂလန်နိုင်ငံ၊ လန်ဒန်မြို့၏ တိုင်းမ်သတင်းစာက ဆောင်းပါးတစ်ခုကို “အသက်ငါးဆယ် အားနွဲ့ယူအင်န်–ပြန်ပုံပန်းကျရန် လှုပ်ရှားလေ့ကျင့်ခန်း လိုအပ်” ဟူ၍ ခေါင်းစည်းတပ်ထားသည်။ အမှန်မှာ၊ ယေရမိ အခန်းကြီး ၈ အခန်းငယ် ၁၅ တွင်ဖတ်ရသည့်အတိုင်း ဖြစ်ချေပြီ– “ငါတို့သည် ချမ်းသာကိုမျှော်လင့်သော်လည်း ကောင်းသောအရာ မပေါ်လာ။ သက်သာချိန်ကိုမျှော်လင့်သော်လည်း ဘေးသက်သက်ဖြစ်၏။” နျူကလီးယား မီးလောင်တိုက်သွင်းခံရရန် ခြိမ်းခြောက်ခံရဆဲရှိသေးသည်။ ယူအင်န်သည် လူသားလောကလိုအပ်နေသော ငြိမ်သက်ခြင်း၏တမန် မဟုတ်သည်ကား ထင်ရှားပါသည်။

၁၅။ ရှေးဗာဗုလုန်နှင့် ၎င်း၏ဘာသာရေးအစွယ်အပွားများသည် လူကိုဖျက်ဆီးသည်သာမက ထိုင်းမှိုင်းတွေဝေစေကြောင်း မည်သို့တွေ့ရှိခဲ့ရပြီနည်း။

၁၅ ယင်းတို့အားလုံး၏ အကျိုးရလဒ်ကား အဘယ်နည်း။ ယေဟောဝါ၏ ပရောဖက်ပြုချက်သည် ရှင်းလင်းပြတ်သားပါသည်။ ဦးဆုံး၊ ယူအင်န်နှင့် များသောအားဖြင့် လက်ပွန်းတတီးရှိသော ကမ္ဘာ့ဗာဗုလုန်ဘာသာများ၏ ရှေ့ရေးကား အဘယ်နည်း။ ယင်းတို့အားလုံးသည် ရှေးဗာဗုလုန်မှ မြစ်ဖျားခံဖြစ်ပေါ်လာ၍ ၎င်းတို့ကို ဗျာဒိတ် ၁၇:၅ ကလျောက်ပတ်စွာဖြင့် “ဗာဗုလုန်မြို့ကြီး၊ ပြည့်တန်ဆာတို့၏အမိ၊ မြေ၌စက်ဆုပ်ရွံရှာဖွယ်သောအရာတို့၏အမိ” ဟုဖော်ပြထားသည်။ ဤကြောင်သူတော် အဖွဲ့အစည်း၏ ပျက်စီးခြင်းဘေးကို ယေရမိဖော်ပြထားသည်။ ပြည့်တန်ဆာတစ်ဦးကဲ့သို့ပင် ၎င်းသည် ကမ္ဘာ့နိုင်ငံရေးသမားများကို ခယဝပ်တွားခဲ့ပြီ၊ ယူအင်န်ကို မြှောက်ပင့်ပြီး ယင်း၏အဖွဲ့ဝင် နိုင်ငံရေးအင်အားစုတို့နှင့် မတရားသောပေါင်းသင်းမှုများ ဖွဲ့ခဲ့ကြပြီ။ သူတို့သည် သမိုင်းတစ်လျှောက် စစ်ပွဲများတွင် အဓိကပါဝင်ခဲ့သူများဖြစ်ကြသည်။ အိန္ဒိယနိုင်ငံတွင်ဖြစ်ပျက်ခဲ့သော ဘာသာရေးစစ်ပွဲနှင့်ပတ်သက်၍ အစီရင်ခံသူတစ်ဦးက ဤသို့ဆိုသည်– “ဘာသာရေးသည် လူထု၏ဘိန်းဖြစ်သည်ဟု ကာလ်မာ့ခ်စ်ကဆိုသည်။ သို့သော် ဘိန်းသည် လူကိုမေ့မြောထိုင်းမှိုင်းစေသောကြောင့် ထိုစကားသည် မတိကျပါ။ ယင်းအစား ဘာသာရေးသည် ခရက်ကိုကင်းနှင့် ပိုတူသည်။ ယင်းသည် ရက်စက်ကြမ်းကြုတ်မှုကို အကြီးအကျယ်ဖြစ်ပွားစေပြီး အလွန်ပျက်စီးယိုယွင်းစေတတ်သည်။” ထိုစာရေးဆရာ၏စကားသည်လည်း မမှန်ကန်လှပါ။ ဗာဗုလုန်ဘာသာသည် လူကိုဖျက်ဆီးသည်သာမက ထိုင်းမှိုင်းတွေဝေစေသည်။

၁၆။ စိတ်နှလုံးရိုးဖြောင့်သူများသည် မဟာဗာဗုလုန်မှ ယခုအဘယ်ကြောင့်ထွက်ပြေးသင့်သနည်း။ (ဗျာဒိတ် ၁၈:၄၊ ၅ လည်းရှု။)

၁၆ ထိုသို့ဆိုလျှင် စိတ်နှလုံးရိုးသားသူများသည် ဘာလုပ်သင့်သနည်း။ ဘုရားသခင့်တမန် ယေရမိက ဖြေဆိုသည်– “ဗာဗုလုန်မြို့ထဲက ထွက်ပြေး၍ အသီးအသီးကိုယ်အသက်ကို ကယ်နုတ်ကြလော့။ . . . ဤအချိန်ကား ထာဝရဘုရား၏ အမျက်တော်ကို ဖြေချိန်ဖြစ်” သည်။ ဗာဗုလုန်ဘာသာရေး ကမ္ဘာ့အင်ပါယာ၊ မဟာဗာဗုလုန်၏ချုပ်ချယ်မှုမှ သန်းပေါင်းများစွာ ထွက်ပြေးခဲ့ကြသည့်အတွက် ဝမ်းမြောက်နိုင်ပြီ။ အသင်သည် ဤသူတို့တွင် ပါဝင်သလော။ “ထိုဖလား၌ပါသောစပျစ်ရည်ကို လူအမျိုးမျိုးတို့သည်သောက်၍ အရူးဖြစ်ကြ၏” ဟုဆိုသည့်အတိုင်း မဟာဗာဗုလုန်ကြောင့် လူမျိုးအပေါင်း မည်သို့ဖြစ်နေသည်ကို သဘောပေါက်နိုင်ပါသည်။—ယေရမိ ၅၁:၆၊ ၇။

၁၇။ မဟာဗာဗုလုန်အပေါ် အဘယ်စီရင်ချက် ချတော့မည်ဖြစ်ပြီး ၎င်းနောက် ဘာဖြစ်ပျက်မည်နည်း။

၁၇ များမကြာမီ ယေဟောဝါသည် ယူအင်န်၏ “ရူးသွပ်သော”အဖွဲ့ဝင်များကို ဗျာဒိတ် ၁၇:၁၆၊ ၁၇ ကဖော်ပြသည့်အတိုင်း ဗာဗုလုန်ဘာသာအား တိုက်ခိုက်စေတော့မည်– သူတို့သည် “ပြည့်တန်ဆာကို မုန်း၍ သူ၏စည်းစိမ်ကို ဖျက်ဆီးလိမ့်မည်။ သူ၏အဝတ်တန်ဆာကိုချွတ်၍ သူ၏အသားကို ကိုက်စားလိမ့်မည်။ သူ၏ကိုယ်ကိုလည်း မီးရှို့လိမ့်မည်။” ယင်းသည် မဿဲ ၂၄:၂၁ တွင်ကိုးကားထားသည့် ကြီးစွာသောဒုက္ခ၏အစဖြစ်ပြီး အနန္တတန်ခိုးရှင် ဘုရားသခင်၏နေ့ကြီးဖြစ်သော အာမဂေဒုန်စစ်ပွဲတွင် အထွတ်အထိပ်သို့ ရောက်လိမ့်မည်။ ရှေးခေတ်ဗာဗုလုန်နည်းတူ မဟာဗာဗုလုန်သည် ယေရမိ ၅၁:၁၃၊ ၂၅ တွင်ကြေညာထားသည့် စီရင်ချက်ကို ခံရလိမ့်မည်– “များစွာသောရေအနားမှာနေ၍ စည်းစိမ်ကြီးသောသူ၊ သင်၏ဆုံးရှုံးချိန်၊ သင်၏လောဘအလို ပျက်ချိန်ရောက်လေပြီ။ ထာဝရဘုရား မိန့်တော်မူသည်ကား ‘ဖျက်ဆီးတတ်သောသဘောရှိ၍ မြေကြီးတစ်ပြင်လုံးကို ဖျက်ဆီးတတ်သော တောင်ကြီး၊ သင့်တစ်ဖက်၌ ငါနေ၏။ သင့်အပေါ်မှာ ငါ၏လက်ကို ဆန့်လျက်၊ ကျောက်တို့မှ သင့်ကိုလှိမ့်ချ၍ မီးနှင့် ကျွမ်းလောင်သော တောင်ဖြစ်စေမည်။’” အကျင့်ပျက်ပြားသော၊ စစ်မက်ဖြစ်ပွားရန် လှုံ့ဆော်မီးထိုးသည့် နိုင်ငံများလည်း ယေဟောဝါအမျက်ထွက်ရာနေ့တွင် ဗာဗုလုန်ဘာသာရေးနှင့်အတူ ဖျက်ဆီးခံရလိမ့်မည်။

၁၈။ ဟေရှာယ ၄၈:၂၂ သည်အဘယ်အခါ၌ အဘယ်သို့ပြည့်စုံတော့မည်နည်း။

၁၈ ၁ သက်သာလောနိတ် ၅:၃ တွင် လူဆိုးတို့အကြောင်း ဤသို့ဆိုသည်– “‘ငြိမ်ဝပ်ခြင်းရှိ၏၊ ဘေးအန္တရာယ်နှင့်ကင်းလွတ်၏’ ဟုဆိုစဉ်တွင် ကိုယ်ဝန်ဆောင်သောမိန်းမ၌ သားဖွားခြင်းဝေဒနာ ရောက်သကဲ့သို့ သူတို့အပေါ်၌ လျင်မြန်စွာသော ပျက်စီးခြင်း ရောက်၍ လွတ်ခြင်းအခွင့် မရှိရကြ။” ဤသူတို့နှင့်ပတ်သက်၍ ဟေရှာယက “မိတ်သဟာယစကားကိုပြောသော တမန်တို့သည် ပြင်းစွာငိုကြွေးကြ” ရမည်ဟုဆိုသည်။ (ဟေရှာယ ၃၃:၇) မှန်ပါသည်၊ ဟေရှာယ ၄၈:၂၂ တွင်ကျွန်ုပ်တို့ဖတ်ရသည့်အတိုင်း “‘မတရားသောသူတို့၌ ချမ်းသာမရှိ’ ဟုထာဝရဘုရား မိန့်တော်မူ၏။” သို့သော် ဘုရားရေးရာငြိမ်သက်ခြင်း၏ တမန်များအတွက် အဘယ်အနာဂတ်ရှိသနည်း။ နောက်ဆက်တွဲဆောင်းပါးက ပြောပြပါလိမ့်မည်။

ပြန်လည်စစ်ဆေးရန်မေးခွန်းများ

◻ ဘုရားသခင်၏ပရောဖက်များသည် တမန်အတုအယောင်များကို အဘယ်ပြင်းထန်သောစကားများဖြင့် ဖော်ထုတ်ခဲ့ပြီနည်း။

◻ လူ့အဖွဲ့အစည်းများသည် ငြိမ်းချမ်းရေး အစဉ်တည်ရှိရန် ကြိုးစားသော်လည်း အဘယ်ကြောင့်မအောင်မြင်ရသနည်း။

◻ ငြိမ်သက်ခြင်းတမန်အစစ်အမှန်များသည် ယူအင်န်ကိုထောက်ခံသူများနှင့် မည်သို့ကွာခြားသနည်း။

◻ စိတ်နှိမ့်ချသောသူများသည် ယေဟောဝါ ကတိထားရာငြိမ်သက်ခြင်း၌ မွေ့လျော်ရန် ဘာလုပ်ရမည်နည်း။

[စာမျက်နှာ ၁၅ ပါ ရုပ်ပုံ]

ဟေရှာယ၊ ယေရမိနှင့် ဒံယေလတို့သည် ငြိမ်သက်ခြင်းအတွက် လူတို့၏ကြိုးပမ်းမှုများ အောင်မြင်မည်မဟုတ်ကြောင်း ကြိုတင်ဟောခဲ့သည်

[စာမျက်နှာ ၁၆ ပါ ရုပ်ပုံ]

“လောကီသားအပေါင်းတို့သည် မာရ်နတ်၏လက်၌ရှိကြသည်။”—တမန်တော်ယောဟန်

[စာမျက်နှာ ၁၇ ပါ ရုပ်ပုံ]

“သူတို့သည် ဉာဏ်အလင်းကွယ်သည်။”—တမန်တော်ပေါလု

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ