ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၇ ၆/၁ စာ. ၂၄-၂၇
  • ယေဟောဝါ၏တန်ခိုးတော်ကို လူ့အားနည်းမှုက ထင်ရှားစေ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ယေဟောဝါ၏တန်ခိုးတော်ကို လူ့အားနည်းမှုက ထင်ရှားစေ
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၇
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • အခက်အခဲများကို ရင်ဆိုင်ဖြေရှင်းခြင်း
  • မစုံလင်မှုများကို တိုက်လှန်ခြင်း
  • ဟောပြောနိုင်သည့်စွမ်းအားတန်ခိုး
  • “ကိုယ်၌စူးသောဆူး” ကို ကိုင်တွယ်ဖြေရှင်းခြင်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၂
  • သင့်တွင် “ကိုယ်၌စူးသောဆူး” ရှိသလော
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၈
  • ပေါလုရဲ့ “ကိုယ်ခန္ဓာမှာ စူးတဲ့ဆူး”
    ခရစ်ယာန်အသက်တာနဲ့ အမှုဆောင်လုပ်ငန်း—လေ့ကျင့်ခန်းစာစောင်—၂၀၁၉
  • ၂ ကောရိန္သု ၁၂:၉—“ငါ့ကျေးဇူးသည် သင့်အဖို့လောက်ပေ၏”
    ကျမ်းပိုဒ် ရှင်းပြချက်များ
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၇
က၉၇ ၆/၁ စာ. ၂၄-၂၇

ယေဟောဝါ၏တန်ခိုးတော်ကို လူ့အားနည်းမှုက ထင်ရှားစေ

“လူတိုင်းရဲ့အထင်မှာတော့ ကျွန်မဟာ ပျော်ရွှင်ပြီး မြူးကြွသွက်လက်တဲ့ ဓမ္မအမှုဆောင်တစ်ဦးပေါ့။ တခြားသူတွေရဲ့အခက်အခဲပြဿနာတွေကို ကျွန်မအမြဲကူညီဖြေရှင်းပေးတယ်။ အဲလိုကူညီနေပေမဲ့ တစ်ချိန်ထဲမှာ ကျွန်မရင်ထဲမှာ နွမ်းလျနေသလို ခံစားရတယ်။ စိတ်ချောက်ချားတဲ့အတွေးတွေနဲ့ သောကတွေဖိစီးနေပါတယ်။ လူတွေနဲ့ဝေးကွာနေသလို ခံစားမိလာတယ်။ အိမ်မှာနေပြီး အိပ်ရာထဲပဲလှဲနေချင်တော့တယ်။ ကျွန်မသေပါရစေလို့ လနဲ့ချီပြီး ယေဟောဝါဆီမှာ တောင်းဆိုမိပါတယ်။”—ဗနက်စာ။

အထက်တွင်ဖော်ပြထားသော အဖြစ်အပျက်မှာကဲ့သို့ တစ်ခါတစ်ရံ ယေဟောဝါ၏ကျေးကျွန်များသည် ဤ “ခဲယဉ်းသောကာလ” အတွင်း အသက်ရှင်နေထိုင်ခြင်း၏ အကျိုးဆက်ကိုခံစားရခြင်းမှာ အဆန်းမဟုတ်ပါ။ (၂ တိမောသေ ၃:၁) အချို့တို့မူ စိတ်ဓာတ်ကျဆင်းလာပေမည်။ (ဖိလိပ္ပိ ၂:၂၅-၂၇) အချိန်ကြာလာပါက အကြီးအကျယ်စိတ်ဓာတ်ကျမှုကြောင့် အားအင်ကုန်ခန်းသွားနိုင်သည်၊ အကြောင်းမှာ သမ္မာကျမ်းစာက “သင်သည် လုံ့လမထုတ်လျှင် ဒုက္ခရောက်သည့်နေ့ရက်၌ အားလျော့လိမ့်မည်” ဟုဆိုထားသောကြောင့်ဖြစ်သည်။ (သု. ၂၄:၁၀၊ သမ) ကျွန်ုပ်တို့စိတ်ဓာတ်ကျဆင်းသည့်အခါ စွမ်းအားတန်ခိုးလိုအပ်လာသည်၊ ယင်းမှာ “သာမန်ထက်ထူးကဲသော တန်ခိုးတော်” ဟုတမန်တော်ပေါလုခေါ်ဆိုသည့် စွမ်းအားတန်ခိုးမျိုးပင် ဖြစ်ကောင်းဖြစ်နိုင်သည်။—၂ ကောရိန္သု ၄:၇၊ ကဘ။

ယေဟောဝါဘုရားသခင်သည် အတိုင်းအဆမရှိသော စွမ်းအားတန်ခိုးတော်၏ ပင်ရင်းအမြစ်ဖြစ်တော်မူသည်။ ကိုယ်တော်၏ဖန်ဆင်းရာများကို ဆန်းစစ်ကြည့်သောအခါ ထင်ရှားပါသည်။ (ရောမ ၁:၂၀) ဥပမာ နေကိုကြည့်ပါ။ ကမ္ဘာမြေကြီးသည် နေမှပုံမှန်ဖြာထွက်နေသော စွမ်းအင်များမှ မြင်းကောင်ရေအား ကုဋေပေါင်း ၂၄ သန်းရှိသော စွမ်းအင်ကိုကြားဖြတ်ရယူသည်။ သို့သော် ဤအတိုင်းအတာသည် နေ၏ထုတ်လွှတ်မှုစွမ်းအင်၏ သန်းနှစ်ထောင်ပုံတစ်ပုံမျှသာဖြစ်သည်။ ထို့ပြင် မဟာကြယ်ဘီလူးများဟု သိထားကြသည့် ကြယ်များနှင့် နှိုင်းယှဉ်လိုက်ပါက နေသည် သေးငယ်သွားသည်။ ယင်းတို့အထဲတွင် လိပ်တာရာအတွင်းရှိ ကြယ်တစ်လုံးဖြစ်သော ရီဂဲလ် (လိပ်တာရာညာခြေထောက်) သည် ကျွန်ုပ်တို့၏ နေနှင့်နှိုင်းယှဉ်လျှင် ပမာဏအားဖြင့် အဆ ၅၀ ကြီးပြီး စွမ်းအင်အဆပေါင်း ၁၅၀,၀၀၀ ထုတ်လွှတ်သည်!

ကောင်းကင်တွင်ရှိသော ဤစွမ်းအင်ထုတ်လုပ်သည့်စက်ရုံကို ဖန်ဆင်းသည့်ပုဂ္ဂိုလ်သည် “ခွန်အားကြီး၍တန်ခိုးနှင့်ပြည့်စုံတော်မူသော” အရှင်ဖြစ်ရမည်။ (ဟေရှာယ ၄၀:၂၆; ဆာလံ ၈:၃၊ ၄) အမှန်ဆိုလျှင် ပရောဖက်ဟေရှာယက ယေဟောဝါသည် “မောတော်မူခြင်း၊ ပင်ပန်းတော်မူခြင်းမရှိ” ဟုဖော်ပြခဲ့သည်။ ထို့ပြင် ဘုရားသခင်သည် လူ့အားနည်းမှုကြောင့် ခြေကုန်လက်ပန်းကျနေသည်ဟု ခံစားနေရသူများအား မိမိ၏စွမ်းအားတန်ခိုးကိုပေးလိုသည့် စိတ်ဆန္ဒရှိတော်မူသည်။ (ဟေရှာယ ၄၀:၂၈၊ ၂၉) ယင်းကို ကိုယ်တော်မည်သို့ပြုတော်မူကြောင်း ခရစ်ယာန်တမန်တော်ပေါလု၏အဖြစ်အပျက်တွင် သိသာပါသည်။

အခက်အခဲများကို ရင်ဆိုင်ဖြေရှင်းခြင်း

ကောရိန္သုမြို့သားများအား ပေါလုက သူတွေ့ကြုံခဲ့ရသည့် ဟန့်တားနှောင့်ယှက်မှုအကြောင်း ပြောပြခဲ့သည်။ ယင်းကို သူက “ငါ့ကိုယ်၌စူးသောဆူး” ဟုခေါ်ဆိုခဲ့သည်။ (၂ ကောရိန္သု ၁၂:၇) ဤ “ဆူး” သည် ကျန်းမာရေးပြဿနာဖြစ်နိုင်သည်၊ အမြင်အာရုံချို့တဲ့ခြင်း ဖြစ်ဖွယ်ရှိသည်။ (ဂလာတိ ၄:၁၅; ၆:၁၁) သို့မဟုတ် သူ၏တမန်တော်အရာနှင့် သူ၏လုပ်ဆောင်မှုကို စောဒကတက်ကြသည့် မိစ္ဆာပရောဖက်များနှင့် အခြားအနှောင့်အယှက်ပေးသူများကို ပေါလုရည်ညွှန်းနေခြင်းဖြစ်ပေမည်။ (၂ ကောရိန္သု ၁၁:၅၊ ၆၊ ၁၂-၁၅; ဂလာတိ ၁:၆-၉; ၅:၁၂) ဤ “ကိုယ်၌စူးသောဆူး” သည် မည်သည့်အရာပင်ဖြစ်စေကာမူ ယင်းသည် ပေါလုကို အကြီးအကျယ်စိတ်ဒုက္ခရောက်စေခဲ့ရာ ယင်းကို ဖယ်ရှားပေးပါမည်အကြောင်း သူထပ်တလဲလဲဆုတောင်းခဲ့သည်။—၂ ကောရိန္သု ၁၂:၈။

သို့သော်လည်း ယေဟောဝါသည် ပေါလု၏အသနားခံချက်ကို ဖြည့်စွက်မပေးခဲ့ချေ။ ယင်းသို့ပြုမည့်အစား ကိုယ်တော်က “ငါ့ကျေးဇူးသည် သင့်အဖို့လောက်ပေ၏” ဟုပေါလုအား မိန့်တော်မူခဲ့သည်။ (၂ ကောရိန္သု ၁၂:၉) ယင်းက မည်သည့်အရာကို ယေဟောဝါဆိုလိုတော်မူသနည်း။ အတိတ်ကခရစ်ယာန်များကို နှိပ်စက်ညှဉ်းပန်းခဲ့သော ပေါလု၏လမ်းစဉ်ကို စဉ်းစားကြည့်မည်ဆိုလျှင်—တမန်တော်တစ်ဦးအဖြစ် အမှုဆောင်ခြင်းကိုမဆိုထားနှင့် ဘုရားသခင်နှင့်ဆက်ဆံရေးရရှိခြင်းကပင် သူ့အတွက်မခံစားထိုက်သော ကရုဏာတော်ကြောင့်ဖြစ်ပါသည်တကား!a (ဇာခရိ ၂:၈; ဗျာဒိတ် ၁၆:၅၊ ၆ နှိုင်းယှဉ်။) ယေဟောဝါက တပည့်တော်ဖြစ်ခွင့်ရခြင်းသည်ပင် “လောက်ပေ၏” ဟုပေါလုကို ရှင်းရှင်းမိန့်တော်မူလိုက်ခြင်းဖြစ်ပေမည်။ ကိုယ်ရေးကိုယ်တာဘဝပြဿနာများကို အံ့ဖွယ်နည်းဖြင့် ဖယ်ရှားပေးခြင်းပါဝင်မည်မဟုတ်ပါ။ အမှန်အားဖြင့် အချို့သောအခက်အခဲများသည် ထပ်ဆင့်အခွင့်အရေးများကြောင့် ဖြစ်ပေါ်လာခြင်းဖြစ်မည်။ (၂ ကောရိန္သု ၁၁:၂၄-၂၇; ၂ တိမောသေ ၃:၁၂) မည်သို့ပင်ဖြစ်စေကာမူ ပေါလုသည် သူ့ “ကိုယ်၌စူးသောဆူး” ကို ကြံ့ကြံ့ခံရမည်သာဖြစ်သည်။

ထိုသို့ဖြစ်သော်လည်း ယေဟောဝါသည် ပေါလုကိုအကြင်နာကင်းမဲ့စွာ စွန့်ပစ်ထားခြင်းလုံးဝမဟုတ်ပါ။ ထိုသို့ပစ်ထားမည့်အစား ကိုယ်တော်က “ငါ့တန်ခိုးသည် အားနည်းခြင်းအဖြစ်၌ စုံလင်တတ်သည်” ဟုသူ့အားမိန့်တော်မူခဲ့သည်။ (၂ ကောရိန္သု ၁၂:၉) ယေဟောဝါသည် ပေါလု၏အခြေအနေကို လွန်မြောက်နိုင်ဖို့ သူ့အားမေတ္တာဖြင့် ခွန်အားပေးသနားမည်မှာအမှန်ပင်။ ထို့ကြောင့်ပေါလု၏ “ကိုယ်၌စူးသောဆူး” သည်ရုပ်ပြသင်ခန်းစာတစ်ခု ဖြစ်လာလေသည်။ ယင်းက မိမိခွန်အားထက် ယေဟောဝါ၏ခွန်အားကို အားကိုးတတ်ဖို့သူ့အား သင်ပေးခဲ့သည်။ ပေါလုသည် သင်ခန်းစာကောင်းကောင်းရခဲ့ကြောင်း ထင်ရှားသည်၊ အကြောင်းမှာ နှစ်များကုန်လွန်ပြီးသည့်နောက် ဖိလိပ္ပိမြို့သားများထံသို့ ဤသို့ရေးသားခဲ့သောကြောင့်ဖြစ်သည်– “ငါသည် တွေ့ကြုံသမျှသောအခြင်းအရာတို့၌ ရောင့်ရဲသောစိတ်ရှိအံ့သောငှာ သင်မိပြီ၊ ငါ့ကိုခွန်အားနှင့်ပြည့်စုံစေတော်မူသော ခရစ်တော်အားဖြင့် ခပ်သိမ်းသောအမှုတို့ကို ငါတတ်စွမ်းနိုင်၏။”—ဖိလိပ္ပိ ၄:၁၁၊ ၁၃။

အသင်ကော။ ဖျားနာမှု သို့မဟုတ် ဘဝတွင် အကြီးအကျယ်စိုးရိမ်ကြောင့်ကြမှုများကိုဖြစ်စေသည့် အခြေအနေဖြစ်ကောင်းဖြစ်မည့် “ကိုယ်၌စူးသောဆူး” တစ်မျိုးမျိုးကို အသင်ခံစားနေရပါသလော။ ထိုသို့ဖြစ်ပါက စိတ်သက်သာမှုရယူပါ။ ယေဟောဝါသည် ဟန့်တားနှောင့်ယှက်မှုများကို အံ့ဖွယ်နည်းဖြင့်ဖယ်ရှားပေးမည်မဟုတ်သော်လည်း ဘုရားသခင့်နိုင်ငံတော်အကျိုးစီးပွားကို ဆက်၍ရှေးဦးထားသွားသည်နှင့်အမျှ ယင်းကိုဖြေရှင်းဖို့ ဉာဏ်ပညာနှင့် ခံနိုင်ရည်ကို ကိုယ်တော်ပေးနိုင်ပါသည်။—မဿဲ ၆:၃၃။

ဖျားနာခြင်း သို့မဟုတ် အသက်အရွယ်ကြီးလာခြင်းကြောင့် ခရစ်ယာန်လုပ်ဆောင်မှုတွင် ဆန္ဒရှိသလောက်ပြီးမြောက်အောင် မစွမ်းဆောင်နိုင်ပါက စိတ်မပျက်ပါနှင့်။ မိမိခံရသည့်စမ်းသပ်မှုကြောင့် ယေဟောဝါ၏အမှုဆောင်ခြင်း၌ အကန့်အသတ်ဖြစ်သွားရသည်ဟု သဘောထားမည့်အစား ယင်းကြောင့် ကိုယ်တော့်အပေါ်တိုး၍မှီခိုအားထားဖို့ အခွင့်အရေးတစ်ခုရသွားစေသည်ဟု သဘောထားပါလေ။ ခရစ်ယာန်တစ်ဦး၏တန်ဖိုးကို သူလုပ်ဆောင်နိုင်သည့်အဆင့်နှင့် မတိုင်းတာဘဲ သူ၏ယုံကြည်ခြင်းနှင့် မေတ္တာတို့၏အတိမ်အနက်အားဖြင့် တိုင်းတာကြောင်းကိုလည်း သတိရပါလေ။ (မာကု ၁၂:၄၁-၄၄ နှိုင်းယှဉ်။) စိတ်နှလုံးအကြွင်းမဲ့နှင့် ယေဟောဝါကိုချစ်ခြင်းဟူသည်—သူတစ်ပါး၏အစွမ်းအစအရမဟုတ်ဘဲ—မိမိအစွမ်းအစရှိသမျှနှင့် အတတ်နိုင်ဆုံးအမှုဆောင်ခြင်းဖြစ်သည်။—မဿဲ ၂၂:၃၇; ဂလာတိ ၆:၄၊ ၅။

သင့် “ကိုယ်၌စူးသောဆူး” တွင်ချစ်မြတ်နိုးရသောသူတစ်ဦးသေဆုံးခြင်းကဲ့သို့သော ဘဝတွင် စိတ်ဒုက္ခရောက်ရသည့် အခြေအနေမျိုးပါဝင်လျှင် “ထမ်းရွက်ရသောဝန်ကို ထာဝရဘုရား၌ချထားလော့၊ သင့်ကိုမစတော်မူမည်၊ ဖြောင့်မတ်သောသူကို အစဉ်လှုပ်ရှားစေတော်မမူရာ” ဟူသည့် ကျမ်းစာသတိပေးဆုံးမစကားကို လိုက်နာပါလေ။ (ဆာလံ ၅၅:၂၂) စေးလ်ဗီအမည်ရှိသော ခရစ်ယာန်အမျိုးသမီးတစ်ဦး ယင်းသို့ပင်ပြုခဲ့သည်။ အိမ်ထောင်သက်နှစ် ၅၀ ကြာပြီးသည့်နောက် သူမ၏ခင်ပွန်းနှင့်—ငယ်ရွယ်သောမြေးနှစ်ဦးအပါအဝင် အခြားအိမ်သားကိုးဦးကို နှစ်အနည်းငယ်အကြာအတောအတွင်း သေခြင်း၌ဆုံးရှုံးခဲ့သည်။ စေးလ်ဗီက “ယေဟောဝါရှင်သာမကူညီဘူးဆိုရင်တော့ ကျွန်မဖြေမဆည်နိုင်အောင် ယူကျုံးမရဖြစ်မိမှာပဲ။ ဒါပေမဲ့ ဆုတောင်းခြင်းကနေ စိတ်သက်သာမှုအများကြီးရခဲ့ပါတယ်။ ယေဟောဝါနဲ့အမြဲစကားပြောခဲ့တယ်။ ကြံ့ကြံ့ခံနိုင်ဖို့ခွန်အားကို ကိုယ်တော်ပေးသနားတယ်ဆိုတာ ကျွန်မသိတယ်” ဟုပြောခဲ့သည်။

“သက်သာခြင်းအမျိုးမျိုး၏အရှင်” သည်ဝမ်းနည်းကြေကွဲနေသူများအား ခံရပ်နိုင်ဖို့ခွန်အားပေးနိုင်သည်ကိုသိရခြင်းသည် မည်မျှစိတ်အေးသွားရသည်တကား! (၂ ကောရိန္သု ၁:၃; ၁ သက်သာလောနိတ် ၄:၁၃) ယင်းကို သဘောပေါက်လျက် ဤကိစ္စနှင့်ပတ်သက်သည့် ပေါလု၏ကောက်ချက်ကို နားလည်နိုင်ပါသည်။ သူက “ခရစ်တော်ကြောင့်ခံရသော အားနည်းခြင်း၊ ကဲ့ရဲ့ခြင်း၊ ဆင်းရဲခြင်း၊ ညှဉ်းဆဲနှိပ်စက်ခြင်း၊ ကျပ်တည်းစွာသော ဒုက္ခဝေဒနာခံခြင်းတို့ကို ငါနှစ်သက်၏။ အကြောင်းမူကား၊ ငါသည် အားနည်းသောအခါ တန်ခိုးနှင့်ပြည့်စုံလျက်ရှိ၏” ဟုရေးသားခဲ့သည်။—၂ ကောရိန္သု ၁၂:၁၀။

မစုံလင်မှုများကို တိုက်လှန်ခြင်း

ကျွန်ုပ်တို့အားလုံး ကျွန်ုပ်တို့၏ကနဦးမိဘများထံမှ မစုံလင်မှုကိုအမွေခံထားကြသည်။ (ရောမ ၅:၁၂) အကျိုးဆက်အနေနှင့် ကျွန်ုပ်တို့သည် အားနည်းသောအသွေးအသားဆန္ဒများကို တိုက်လှန်နေရကြသည်။ “လူဟောင်း” ၏စရိုက်သည် ကျွန်ုပ်တို့ထင်သည်ထက် အားကြီးစွာချုပ်ကိုင်နိုင်သည်ကိုသိရခြင်းက မည်မျှစိတ်ပျက်အားလျော့ဖွယ် ကောင်းပါသည်တကား! (ဧဖက် ၄:၂၂-၂၄) ထိုကဲ့သို့သောအချိန်မျိုးတွင် ကျွန်ုပ်တို့သည် “ငါသည် အတွင်းလူအားဖြင့် ဘုရားသခင်၏ပညတ်တရားတော်ကို နှစ်သက်၏၊ သို့သော်လည်း ငါ့ကိုယ်အင်္ဂါများ၌ရှိသော တရားတစ်ပါးသည် စိတ်ဝိညာဉ်တရားကို ဆိုင်ပြိုင်တိုက်လှန်သဖြင့်၊ ငါ့ကိုယ်အင်္ဂါများ၌ရှိသော အပြစ်တရားလက်သို့ ငါ့ကိုဖမ်းသွားအပ်နှံသည်ကို ငါမြင်၏” ဟုရေးသားခဲ့သော ပေါလုကဲ့သို့ခံစားရပေမည်။—ရောမ ၇:၂၂၊ ၂၃။

ဤနေရာတွင်လည်း ယေဟောဝါထံတော်မှရသည့် စွမ်းအားတန်ခိုးကို ကျွန်ုပ်တို့ကိုယ်တိုင် အသုံးချနိုင်ပါသည်။ ကိုယ်ပိုင်အားနည်းချက်များနှင့် တိုက်လှန်နေသည့်အခါ ဆုတောင်းခြင်းဖြင့် ကိုယ်တော့်ထံမချဉ်းကပ်ဘဲမနေပါနှင့်၊ ပြဿနာတစ်ခုတည်းနှင့်ပတ်သက်၍ ကိုယ်တော့်ထံမကြာခဏချဉ်းကပ်ရစေကာမူ ကိုယ်တော့်ခွင့်လွှတ်မှုကို အားတက်သရောတောင်းခံပါလေ။ “စိတ်နှလုံးကိုချိန်တော်မူ” ၍ သင့်စိတ်ရင်းကိုမြင်နိုင်သည့် ယေဟောဝါသည် မိမိ၏မခံစားထိုက်သော ကရုဏာတော်ကြောင့် ကြည်လင်သည့် ကိုယ်ကိုကိုယ်သိသောစိတ်ကို သင့်အားပေးသနားပါလိမ့်မည်။ (သု. ၂၁:၂) အသွေးအသားအားနည်းမှုများကို တန်ပြန်တွန်းလှန်နိုင်ဖို့ ယေဟောဝါသည် မိမိ၏သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် ခွန်အားပေးနိုင်ပါသည်။—လုကာ ၁၁:၁၃။

ကျွန်ုပ်တို့သည် အခြားသူများ၏မစုံလင်မှုများကို ဖြေရှင်းသောအခါ၌လည်း ယေဟောဝါထံတော်မှခွန်အားလိုအပ်ပါသည်။ ဥပမာအနေနှင့် ခရစ်ယာန်ချင်းတစ်ဦးသည် ကျွန်ုပ်တို့ကို “သံလျက်နှင့်ထိုးသကဲ့သို့ မစဉ်းစားဘဲ” ပြောမိပေမည်။ (သု. ၁၂:၁၈၊ သမ) အထူးသဖြင့် မိမိအနေနှင့် ဤသို့ပြောဖို့မသင့်ကြောင်း ကောင်းကောင်းသိသင့်သူဟု ကျွန်ုပ်တို့ယူမှတ်ထားသူတစ်ဦးကပြောလိုက်ခြင်းဖြစ်လျှင် ယင်းသည် အလွန်နာကြည်းဖွယ်ဖြစ်နိုင်သည်။ ကျွန်ုပ်တို့အလွန်အမင်း စိတ်အနှောင့်အယှက် ဖြစ်သွားနိုင်သည်။ အချို့တို့သည် ယင်းသို့သောစော်ကားမှုမျိုးကို—အမှားတကာတို့တွင် အကြီးမားဆုံးအမှားဖြစ်သည့် ယေဟောဝါကိုစွန့်ခွာခြင်းအတွက် အကြောင်းပြချက်အဖြစ် အသုံးပြုကြပါသည်တကား!

မည်သို့ပင်ဖြစ်စေကာမူ မျှတသောသဘောထားက အခြားသူများ၏အားနည်းမှုများကို လျောက်ပတ်သည့်အမြင်နှင့်မြင်ရန် ကျွန်ုပ်တို့အားထောက်ကူပါလိမ့်မည်။ မစုံလင်သည့်လူသားများထံမှ စုံလင်မှုကိုကျွန်ုပ်တို့ မမျှော်လင့်နိုင်ပေ။ ပညာရှိရှောလမုန်က “မပြစ်မှားတတ်သောလူတစ်ယောက်မျှမရှိ” ဟုကျွန်ုပ်တို့ကို သတိပေးနှိုးဆော်ထားသည်။ (၃ ဓမ္မရာဇဝင် ၈:၄၆) နှစ်ပေါင်းခုနစ်ဆယ်ခန့် ယေဟောဝါကိုသစ္စာရှိစွာအမှုထမ်းခဲ့သည့် ဘိသိက်ခံခရစ်ယာန်တစ်ဦးဖြစ်သူ အာသာက “အမှုထမ်းချင်းတို့၏ အားနည်းမှုများက ကျွန်ုပ်တို့၏ခရစ်ယာန်ဇွဲသတ္တိကို စမ်းသပ်မှုဖြစ်စေပြီး သမာဓိစောင့်သိရန်အခြေအနေကို ပေါ်ပေါက်စေသည်” ဟုထုတ်ဖော်ပြောဆိုသည်။ လူ့အပြောအဆို သို့မဟုတ် လုပ်ရပ်များကြောင့် ယေဟောဝါအားဝတ်ပြုခြင်းကို အထိအခိုက်ခံလျှင် ကျွန်ုပ်တို့သည် လူကိုဝတ်ပြုနေခြင်းဖြစ်သည်။ ထို့အပြင် ကျွန်ုပ်တို့၏ညီအစ်ကိုများလည်း ယေဟောဝါကိုချစ်ရမည်သာ။ သူတို့၏ကောင်းကွက်များကိုသာ ကြည့်မည်ဆိုလျှင် သူတို့သည် ထင်သလောက်မဆိုးကြောင်း မကြာမီတွေ့မြင်လာမည်။

ဟောပြောနိုင်သည့်စွမ်းအားတန်ခိုး

ကောင်းကင်သို့မတက်ကြွမီ ယေရှုသည် မိမိ၏တပည့်တော်များအား “သင်တို့အပေါ်သို့ သန့်ရှင်းသောဝိညာဉ်တော်ဆင်းသက်သောအခါ၊ သင်တို့သည်တန်ခိုးကိုခံရ၍ ယေရုရှလင်မြို့မှစသောယုဒပြည်၊ ရှမာရိပြည်၊ မြေကြီးစွန်းတိုင်အောင် ငါ၏သက်သေဖြစ်ကြလိမ့်မည်” ဟုမိန့်ဆိုခဲ့သည်။—တမန်တော် ၁:၈။

ယေရှု၏စကားပြည့်စုံသည့်အနေနှင့် ယခုကမ္ဘာတစ်ခွင် နိုင်ငံပေါင်း ၂၃၃ နိုင်ငံတွင် ယေဟောဝါသက်သေများသည် ဤလုပ်ငန်းတွင်လုပ်ဆောင်နေကြသည်။ သူတို့သည် ယေဟောဝါ၏အသိပညာကို အခြားသူများသိရှိလာဖို့ ကူညီပေးရာတွင် စုစုပေါင်းနာရီသန်းတစ်ထောင်ကျော်ကို နှစ်စဉ်အသုံးပြုကြသည်။ ယင်းလုပ်ငန်းအောင်မြင်ပြီးမြောက်ဖို့ အမြဲမလွယ်ကူပါ။ အချို့နိုင်ငံများတွင် ဘုရားသခင့်နိုင်ငံတော်ဟောပြောခြင်းလုပ်ငန်းသည် ပိတ်ပင်ခံရ သို့မဟုတ် ကန့်သတ်ခံရသည်။ ယင်းလုပ်ငန်းကိုထမ်းဆောင်နေသူများသည် အားနည်းသူ၊ မစုံလင်သောသူ၊ အခက်အခဲနှင့် စိုးရိမ်ကြောင့်ကြမှု ကိုယ်စီရှိကြသူများဖြစ်ကြောင်းကိုလည်း ထည့်စဉ်းစားကြည့်ပါလေ။ သို့သော်လည်း ယင်းလုပ်ငန်းသည် ဆက်လက်လည်ပတ်လျက်ရှိပြီး အကျိုးဆက်အနေနှင့် လွန်ခဲ့သည့်သုံးနှစ်အတွင်း လူတစ်သန်းကျော်တို့သည် မိမိတို့၏ဘဝအသက်တာကို ယေဟောဝါထံအပ်နှံခဲ့ကြပြီး ဆက်ကပ်အပ်နှံခြင်းကို ရေတွင်နှစ်ခြင်းခံခြင်းဖြင့် ပြသခဲ့ကြသည်။ (မဿဲ ၂၈:၁၈-၂၀) အမှန်အားဖြင့် ယင်းကို ဘုရားသခင့်တန်ခိုးတော်အားဖြင့်သာလျှင် ပြီးမြောက်အောင်မြင်နေခြင်းဖြစ်သည်။ ယေဟောဝါက “ဤအမှုသည် ဗိုလ်ခြေအားဖြင့်မဟုတ်၊ အာဏာတန်ခိုးအားဖြင့်မဟုတ်၊ ငါ့ဝိညာဉ်အားဖြင့်ဖြစ်လိမ့်မည်” ဟုပရောဖက်ဇာခရိမှတစ်ဆင့် မိန့်တော်မူခဲ့သည်။—ဇာခရိ ၄:၆။

သင်သည် သတင်းကောင်းကြေညာသူတစ်ဦးဖြစ်ပါက ယင်းမဟာအောင်မြင်မှုကြီးတွင်—မည်မျှပင် အရာမထင်ပုံရှိပါစေ—သင်လည်းပါဝင်နေပါသည်။ “ဆူးများ” မည်မျှစူးနေပါစေ ယေဟောဝါသည် ‘သင်၏အလုပ်မှစ၍ နာမတော်ကိုထောက်၍ပြသော သင်၏မေတ္တာကို’ မေ့လျော့မည်မဟုတ်ကြောင်း စိတ်ချနိုင်ပါသည်။ (ဟေဗြဲ ၆:၁၀၊ ကဘ) ထို့ကြောင့် ထောက်မမှုအတွက် ကြီးမားသောစွမ်းအင်၏ပင်ရင်းကို ဆက်၍မှီခိုအားကိုးပါလေ။ ကျွန်ုပ်တို့သည် ယေဟောဝါ၏ခွန်အားဖြင့်သာလျှင် တည်ကြည်နိုင်သည်ကို သတိရပါ; ကျွန်ုပ်တို့၏အားနည်းမှုအားဖြင့် ကိုယ်တော်၏တန်ခိုးတော် ပြည့်ဝထင်ရှားလာစေသည်။

[အောက်ခြေမှတ်ချက်များ]

a မှန်ပေသည်၊ “လူအပေါင်းတို့သည် ဒုစရိုက်ကိုပြု၍ ဘုရားသခင့်ရှေ့တော်၌အသရေပျက်” ကြသည်ဖြစ်သောကြောင့် မည်သည့်လူသားမဆို ဘုရားသခင်နှင့်ဆက်ဆံရေးရရှိနိုင်ခြင်းကပင် ကိုယ်တော်၏ကရုဏာတော် အထောက်အထားဖြစ်ပေသည်။—ရောမ ၃:၂၃။

[စာမျက်နှာ ၂၆ ပါ ရုပ်ပုံ]

ဟောပြောခြင်းလုပ်ငန်းသည်ယေဟောဝါ၏တန်ခိုးတော်အားဖြင့်သာပြီးမြောက်အောင်မြင်နေ

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ