မိစ္ဆာအယူမှားဆရာတို့ကို သတိပြု!
“မိစ္ဆာ [အယူမှား] ဆရာတို့သည် သင်တို့တွင်ရှိကြလိမ့်မည်။”—၂ ပေတရု ၂:၁။
၁။ ယုဒသည် အဘယ်အကြောင်းကို ရေး၍ပေးလိုက်ဖို့ ရည်ရွယ်ခဲ့သနည်း။ တင်ပြစရာအကြောင်းကို သူအဘယ်ကြောင့်ပြောင်းလဲခဲ့ရသနည်း။
အမှန်တကယ်ပင် ထိတ်လန့်စရာပါတကား! ပထမရာစု ခရစ်ယာန်အသင်းတော်တွင်ရှိ မိစ္ဆာအယူမှားဆရာများ! (မဿဲ ၇:၁၅; တမန်တော် ၂၀:၂၉၊ ၃၀) ယေရှု၏မိတူဖကွဲညီ ယုဒသည် ဤအခြေအနေကို သိမြင်ခဲ့သည်။ သူက “အညီအမျှဆက်ဆံသော ကယ်တင်ခြင်းအကြောင်းအရာကို” ယုံကြည်သူချင်းတို့ထံ ရေး၍ပေးလိုက်ဖို့ ရည်ရွယ်သော်လည်း “ယုံကြည်ခြင်းတရားဘက်မှာ သင်တို့သည်ကြိုးစား၍တိုက်လှန်စေခြင်းငှာ၊ နှိုးဆော်သွေးဆောင်၍ ရေးလိုက်သောအကြောင်းရှိ၏” ဟုရှင်းပြပါသည်။ တင်ပြစရာအကြောင်းကို ယုဒ အဘယ်ကြောင့်ပြောင်းလဲခဲ့ရသနည်း။ “အဘယ်ကြောင့်နည်းဟူမူကား၊ ငါတို့ဘုရားသခင်၏ကျေးဇူးတော်ကို ကိလေသာ၏ညစ်ညူးခြင်းအလိုငှာ . . . [မတရားသော]လူအချို့တို့သည် [အသင်းတော်များထဲသို့] ပရိယာယ်နှင့် အမှတ်တမဲ့ဝင်ကြပြီ” ဖြစ်သောကြောင့်ဟု သူပြောပြပါသည်။—ယုဒ ၃၊ ၄။
၂။ ၂ ပေတရုအခန်းကြီး ၂ နှင့် ယုဒ၏စာသည် အဘယ်ကြောင့်ဤမျှတူညီရသနည်း။
၂ ပေတရုသည် သူ၏ဒုတိယစာစောင်ကိုရေးပြီးနောက် များမကြာမီအချိန်၌ပင် ယုဒကရေးသားခဲ့ပုံရှိသည်။ ၎င်းစာကို ယုဒအကျွမ်းဝင်ခဲ့မည်မှာ သေချာသည်။ ပိုင်နိုင်သော သူ၏ဆုံးမစာတွင် ဆင်တူယိုးမှားသဘောထားများစွာကို အသေအချာတင်ပြထား၏။ ထို့ကြောင့် ၂ ပေတရုအခန်းကြီး ၂ ကိုစစ်ဆေးလေ့လာသည့်အခါ ယုဒ၏စာနှင့် မည်မျှတူညီကြောင်း သတိပြုမိလိမ့်မည်။
မှားယွင်းသောသွန်သင်ချက်များ၏ အကျိုးဆက်များ
၃။ အတိတ်က အဘယ်အဖြစ်အပျက်သည် တစ်ဖန်ပြန်ဖြစ်ပျက်မည်ဟု ပေတရုပြောသနည်း။
၃ အနာဂတ္တိစကားတော်ကို အာရုံပြုကြဖို့ ညီအစ်ကိုများအား ပေတရုတိုက်တွန်းပြီးနောက် သူက “[ရှေးဣသရေလနိုင်ငံ] တွင် မိစ္ဆာ[အယူမှား] ပရောဖက်ရှိကြ၏။ ထိုနည်းတူ . . . မိစ္ဆာ[အယူမှား] ဆရာတို့သည် သင်တို့တွင်ရှိကြလိမ့်မည်” ဟုဆိုသည်။ (၂ ပေတရု ၁:၁၄–၂:၁) ရှေးခေတ်ကဘုရားသခင့်လူမျိုးသည် စစ်မှန်သောပရောဖက်ပြုချက်ကို ရရှိခဲ့သည်။ တစ်ကြိမ်တည်းတွင် မှောက်မှားသောပရောဖက်များ၏ ပျက်စီးယိုယွင်းသောသွန်သင်ချက်များကိုလည်း ရင်ဆိုင်တိုက်လှန်ခဲ့ကြရ၏။ (ယေရမိ ၆:၁၃၊ ၁၄; ၂၈:၁-၃၊ ၁၅) “ယေရုရှလင်မြို့သား ပရောဖက်တို့၌လည်း၊ စက်ဆုပ်ရွံရှာဖွယ်သောသဘောကို ငါမြင်ပြီ။ သူတို့သည် မတရားသောမေထုန်၌မှီဝဲလျက်၊ မုသားကိုလည်းသုံး . . . ကြ၏” ဟုယေရမိရေးသားခဲ့သည်။—ယေရမိ ၂၃:၁၄။
၄။ မိစ္ဆာအယူမှားဆရာများသည် အဘယ်ကြောင့်ဖျက်ဆီးခံထိုက်သနည်း။
၄ ခရစ်ယာန်အသင်းတော်တွင် မိစ္ဆာအယူမှား ဆရာများသည် မည်သို့ပြုမူကြမည်အကြောင်းကို ဖော်ပြရာတွင် ပေတရုက ဤသို့ဆိုသည်– “ဖျက်ဆီးတတ်သော . . .မိစ္ဆာအယူ[မှား] များကို ပရိယာယ်အားဖြင့်သွင်း၍၊ မိမိတို့ကိုဝယ်တော်မူသောအရှင် [ယေရှုခရစ်] ကိုငြင်းပယ်လျက်၊ မိမိတို့အပေါ်သို့ လျင်စွာသောဖျက်ဆီးခြင်းကိုရောက်စေသော မိစ္ဆာအယူမှားဆရာတို့သည် သင်တို့တွင်ရှိကြလိမ့်မည်။” (၂ ပေတရု ၂:၁; ယုဒ ၄) ပထမရာစုသင်းခွဲမှု၏ နောက်ဆုံးရလဒ်မှာ ယနေ့ထင်ရှားနေသော ခရစ်ယာန်ဘောင်ပင်ဖြစ်သည်။ မိစ္ဆာအယူမှားဆရာများသည် အဘယ်ကြောင့်ရှင်းရှင်း ဖျက်ဆီးခံထိုက်ကြောင်းကို ပေတရုက ဤသို့ဖော်ပြပါသည်– “သူတို့၏ညစ်ညူးသောအကျင့်ဓလေ့များ [“အကျင့်လျော့ရဲခြင်း၊” ကဘ] ကိုအများသောသူတို့သည် လိုက်သောအားဖြင့် သမ္မာတရားလမ်းအသရေသည် ပျက်စီးလိမ့်မည်။”—၂ ပေတရု ၂:၂။
၅။ မိစ္ဆာအယူမှားဆရာများသည် အဘယ်အရာအတွက် တာဝန်မကင်းကြသနည်း။
၅ စဉ်းစားကြည့်ပါလေ! မိစ္ဆာအယူမှားဆရာများ၏သြဇာကြောင့် အသင်းတော်ရှိအများသောသူတို့သည် အကျင့်လျော့ရဲကြလိမ့်မည်ဖြစ်သည်။ “အကျင့်လျော့ရဲခြင်း” ဟုပြန်ဆိုသည့် ဂရိစကားလုံးက ရမ္မက်ကြီးလွန်းခြင်း၊ ချုပ်တည်းမှုကင်းမဲ့ခြင်း၊ မတော်မလျော်ပြုမူခြင်း၊ လျှပ်ပေါ်ခြင်း၊ အရှက်မရှိခြင်းတို့ကို ဆိုလိုပါသည်။ ခရစ်ယာန်များသည် “လောကီတပ်မက်ခြင်း အညစ်အကြေးနှင့် ကင်းလွတ်” ခဲ့ပြီဟု ရှေ့တွင်ပေတရုကပြောဆိုထား၏။ (၂ ပေတရု ၁:၄) သို့သော် အချို့သူများသည် ထိုအညစ်အကြေးဘက် ပြန်လှည့်ကြတော့မည်ဖြစ်ပြီး အသင်းတော်မိစ္ဆာဆရာများအပေါ် အဓိကတာဝန်ရှိပါလိမ့်မည်တကား! သို့ဖြင့် သမ္မာတရားလမ်းစဉ်သည် နာမည်ပျက်ရလိမ့်မည်ဖြစ်သည်။ ဖြစ်ရလေခြင်း! ယင်းကိစ္စကို ယနေ့ယေဟောဝါသက်သေအားလုံး အာရုံစူးစိုက်သတိပြုသင့်သည်။ ကျွန်ုပ်တို့၏အကျင့်အားဖြင့် ယေဟောဝါဘုရားသခင်နှင့် ကိုယ်တော်၏လူများသည် ချီးမွမ်းခြင်းသော်လည်းကောင်း၊ အပြစ်တင်ခြင်းသော်လည်းကောင်း ခံရမည်ကို အမြဲသတိရသင့်သည်။—သု. ၂၇:၁၁; ရောမ ၂:၂၄။
မှားယွင်းသောသွန်သင်ချက်များ သွတ်သွင်းပေးခြင်း
၆။ မိစ္ဆာအယူမှားဆရာများကို အဘယ်အရာက လှုံ့ဆော်ပေးသနည်း။ သူတို့လိုဘပြည့်ရန် မည်သို့ရှာကြံပြုလုပ်သနည်း။
၆ ဖောက်ပြန်သောအတွေးအခေါ်များကို မိစ္ဆာအယူမှားဆရာများ မည်သို့မည်ပုံသွတ်သွင်းကြောင်း သတိပြုခြင်းသည် ပညာရှိရာကျ၏။ သူတို့သည် တိတ်တဆိတ် သို့မဟုတ် မထင်မရှား၊ ပါးနပ်လိမ္မာစွာ သွတ်သွင်းကြောင်း ပေတရုကဦးစွာ ပြောဆိုသည်။ ထပ်ဆင့်၍သူက “သူတို့သည် လောဘလွန်ကျူးလျက် ချော့မော့သောစကားနှင့် သင်တို့ကိုကုန်သွယ်ကြလိမ့်မည်” ဟုပြော၏။ “ကျိတ်ကြံပြောဆိုသောစကားများဖြင့် သင်တို့ကို အပိုင်ဝယ်ဖို့ကြိုးစားလိမ့်မည်” ဟုဂျေရုဆလင်ကျမ်းစာတွင်ပြန်ဆိုထားသည့် အသားပေးဖော်ပြချက်အရ မိစ္ဆာအယူမှားဆရာများကို တစ်ကိုယ်ကောင်းဆန်သည့်ဆန္ဒက လှုံ့ဆော်ပေးပါသည်။ ထပ်တူပင် ဂျိမ်းစ်မောဖက်ဘာသာပြန်ကျမ်းက “သူတို့သည် တပ်မက်စိတ်ဖြင့် ပါးနပ်စွာဆင်ခြေတက်၍ သင်တို့ကိုခေါင်းပုံဖြတ်လိမ့်မည်” ဟုဤတွင်ဆိုသည်။ (၂ ပေတရု ၂:၁၊ ၃) မိစ္ဆာအယူမှားဆရာများ၏ နှုတ်ထွက်စကားတို့သည် ဝိညာဉ်ရေးအရနိုးကြားမနေသူအဖို့ ယုတ္တိရှိပေမည်၊ သို့သော် သူတို့၏စကားသည် လူတို့ကို “ဝယ်ယူရန်”၊ လှည့်ဖြားသူ၏ တစ်ကိုယ်ကောင်းဆန်သောရည်ရွယ်ချက်များ အထမြောက်စေရေးအတွက် ဖြားယောင်းသွေးဆောင်ရန်ဖြစ်သည်။
၇။ ပထမရာစုတွင် အဘယ်အတွေးအခေါ်ပညာသည် ရေပန်းစားခဲ့သနည်း။
၇ ပထမရာစုတွင် မိစ္ဆာအယူမှားဆရာများသည် ထိုစဉ်ကခေတ်စားသော လောကအတွေးအခေါ်၏လွှမ်းမိုးမှုကို အမှန်ခံခဲ့ရပေမည်။ ပေတရု၏စာကိုရေးသားစဉ်က အသိပညာပဓာနဝါဒဟုခေါ်သော အတွေးအခေါ်ပညာသည် ရေပန်းစားနေ၏။ အသိပညာပဓာနဝါဒီများက ဒြပ်ဝတ္တုအားလုံးသည် အဆိုးမှဖြစ်ပေါ်လာပြီး ဝိညာဉ်နှင့်ဆိုင်သောအရာသာလျှင် ကောင်းမြတ်သည်ဟု ယုံကြည်ကြပါသည်။ သို့ဖြစ်၍ လူသည် မိမိ၏ခန္ဓာကိုယ်ကို မည်သို့ပင်ပြုစေကာမူ ယင်းကအရေးမကြီးပါ၊ အတန်ကြာလေသော် လူ့မှာ ဤကိုယ်ခန္ဓာရှိတော့မည်မဟုတ်၊ ယင်းကြောင့် လိင်ဆိုင်ရာအပြစ်များအပါအဝင် ကိုယ်ကာယနှင့်ဆိုင်သောအပြစ်များသည် အရေးမကြီးဟု သူတို့ကသဘောပိုက်ကြ၏။ ခရစ်ယာန်ဘာသာဝင်အချို့သည် ဤအယူအဆများ၏လွှမ်းမိုးမှုကို ခံခဲ့ရပုံရှိသည်။
၈၊ ၉။ (က) ကနဦးခရစ်ယာန်အချို့သည် အဘယ်ကောက်ကျစ်သောအတွေးအခေါ် ရှိခဲ့သနည်း။ (ခ) ယုဒပြောသည့်အတိုင်း အသင်းတော်ရှိသူအချို့သည် အဘယ်အမှုကိုပြုနေကြသနည်း။
၈ ကျမ်းပညာရှင်တစ်ဦးက “မခံစားထိုက်သောကရုဏာ” သို့မဟုတ် “ကျေးဇူးတော်တရားကို မှောက်လှန်သူများ အသင်းတော်တွင်ရှိသည်” ဟုမှတ်ချက်ချသည်။ (ဧဖက် ၁:၅-၇) သူပြောသည့်အတိုင်း အချို့သူတို့၏ဆင်ခြေဆင်လက်သည် ဤကဲ့သို့ဖြစ်နေသည်– “ဘုရားသခင်၏ [မခံစားထိုက်သောကရုဏာတော်] သည်အပြစ်တိုင်းကို ဖုံးအုပ်တတ်သည်ဟု ဆိုလိုပါသလော။ . . . သို့ဖြစ်လျှင် ဆက်၍ပြစ်မှားကြစို့။ အကြောင်းမူကား ဘုရားသခင်၏ [မခံစားထိုက်သောကရုဏာတော်] သည် အပြစ်တိုင်းကို ဖြေဖျောက်ပေးနိုင်ပါသည်။ အမှန်မှာ ကျွန်ုပ်တို့ပြစ်မှားလေ ဘုရားသခင်၏ [မခံစားထိုက်သောကရုဏာတော်] ထင်ရှားစေရန် အခွင့်အရေးပိုရလေဖြစ်သည်။” ဤထက်ကောက်ကျစ်သောအတွေးအခေါ်ကို သင်ကြားဖူးပါသေးသလော။
၉ “ကျေးဇူးတော်ပွားများစေခြင်းငှာ အပြစ်တရားကိုကျင့်၍ နေရမည်လော” ဟုတမန်တော်ပေါလုမေးခြင်းအားဖြင့် ဘုရားသခင့်ကရုဏာတော်အပေါ် မှားယွင်းသောအတွေးအခေါ်ကို သူတန်ပြန်ချေပခဲ့သည်။ သူမေးမြန်းသေးသည်ကား “ငါတို့သည် ပညတ်တရားလက်၌မရှိ၊ ကျေးဇူးတရားလက်၌ရှိသောကြောင့်၊ [မကောင်းမှု] ကိုပြုရမည်လော” ဟူ၍ဖြစ်သည်။ မေးခွန်းတစ်ခုစီကို ပေါလုက “ထိုသို့မနေရ၊ . . . မပြုရ” ဟုအလေးအနက်ဖြေဆိုပေးခဲ့ပါသည်။ (ရောမ ၆:၁၊ ၂၊ ၁၅) ယုဒသတိပြုမိသည့်အတိုင်း အချို့သူတို့သည် “ငါတို့ဘုရားသခင်၏ကျေးဇူးတော်ကို ကိလေသာ၏ညစ်ညူးခြင်းအလိုငှာ မှောက်လှန်” နေကြကြောင်းရှင်းနေပါသည်။ သို့ရာတွင် ဤကဲ့သို့သောသူများအတွက် ‘ပျက်စီးခြင်းဘေးသည် ဆိုင်းလင့်သည်မဟုတ်’ ဟုပေတရုကသတိပြုစေသည်။—ယုဒ ၄; ၂ ပေတရု ၂:၃၊ သမ။
သတိပေးသောပုံဥပမာများ
၁၀၊ ၁၁။ အဘယ်သတိပေးသောပုံဥပမာသုံးခုကို ပေတရုဖော်ပြခဲ့သနည်း။
၁၀ တမင်ပြစ်မှားသူများကို ဘုရားသခင်အရေးယူမည်ဖြစ်ကြောင်း အလေးအနက်ဖော်ပြရန် ပေတရုက သမ္မာကျမ်းစာမှ သတိပေးသောပုံဥပမာသုံးခုကို တင်ပြပေးခဲ့သည်။ ဦးဆုံး၊ သူက “ပြစ်မှားသောကောင်းကင်တမန်တို့ကို ဘုရားသခင်သည်နှမြောတော်မမူ” ဟုရေးသားခဲ့သည်။ ယုဒက ဤသူတို့သည် ကောင်းကင်၌ “မိမိတို့အခွင့်အရာကိုမစောင့်၊ မိမိတို့နေရာအရပ်ကိုစွန့်ပစ်” ကြ၏ဟုဆိုသည်။ သူတို့သည် ရေလွှမ်းမိုးဘေးမတိုင်မီက ကမ္ဘာပေါ်သို့ဆင်းလာကြပြီး လူ့သမီးများနှင့် သံဝါသပြုရန် ဇာတိခန္ဓာကိုယ်များကို ယူတင်ဝတ်ဆောင်ခဲ့ကြ၏။ သူတို့၏မတော်လျော်သော၊ သဘာဝနှင့်ဆန့်ကျင်သော အပြုအမူကြောင့် ဒဏ်စီရင်ခံရရန် သူတို့ကို “တာတရပ်စ်” ထဲသို့ပစ်ချသည် သို့မဟုတ် ယုဒ၏မှတ်တမ်းဆိုသည့်အတိုင်း “ကြီးစွာသောနေ့၌ စစ်ကြောစီရင်ခြင်းအလိုငှာ၊ ထာဝရချည်နှောင်ခြင်းအားဖြင့် မှောင်မိုက်ထဲမှာ ချူပ်ထားတော်မူ၏။”—၂ ပေတရု ၂:၄၊ ကဘ; ယုဒ ၆; ကမ္ဘာဦး ၆:၁-၃။
၁၁ ၎င်းနောက် ပေတရုသည် နောဧခေတ်ကလူများကို ဖော်ညွှန်းပြသည်။ (ကမ္ဘာဦး ၇:၁၇-၂၄) နောဧလက်ထက်တွင် ဘုရားသခင်သည် “ရှေးလောကဓာတ်ကိုလည်း နှမြောတော်မမူ။ . . . ဘုရား [သခင်] ကိုမကိုးကွယ်သော လောကီသားအပေါင်းတို့ကို ရေလွှမ်းမိုးစေတော်မူ၏” ဟုဆိုသည်။ ထို့နောက် “သောဒုံမြို့နှင့် ဂေါမောရမြို့တို့ကို မီးရှို့၍ဖျက်ဆီး” ခဲ့ခြင်းဖြင့် “နောင်၌ မတရားသောအကျင့်ကိုကျင့်သောသူတို့အား ပုံသက်သေကိုထားတော်မူ၏” ဟုပေတရုကရေးသားသေးသည်။ ယုဒကထပ်ဆင့်ပြောဆိုသည်မှာ ထိုသူတို့သည် “မတရားသောမေထုန်ကိုအလွန်ပြု၍၊ ကိုယ်ခင်ပွန်းမဟုတ်သောသူတို့နှင့် မှားယွင်းခြင်းအမှု၌ ကျင်လည်ကြ” ၏ဟူ၍ဖြစ်သည်။ (၂ ပေတရု ၂:၅၊ ၆; ယုဒ ၇) ယောက်ျားတို့သည် ကိုယ်ခင်ပွန်းမဟုတ်သောသူတို့နှင့် မှားယွင်းခြင်းအမှုပြုကြရုံမက ယောက်ျားချင်းနှင့်လည်းကောင်း၊ တိရစ္ဆာန်နှင့်လည်းကောင်း ပေါင်းဖော်ရန် ရမ္မက်တပ်မက်စိတ်ကြီးခဲ့ကြသည်။—ကမ္ဘာဦး ၁၉:၄၊ ၅; ဝတ်ပြုရာ ၁၈:၂၂-၂၅။
၁၂။ ပေတရုဆိုသည့်အတိုင်း ဖြောင့်မတ်သောအကျင့်သည် မည်သို့ဆုချခံရမည်နည်း။
၁၂ သို့တိုင် ယေဟောဝါသည် သစ္စာရှိသူတို့အပေါ် ဆုကျေးဇူးသွန်းလောင်းတော်မူကြောင်း ပေတရုက တစ်ကြိမ်တည်းတွင်ဖော်ပြပေးပါသည်။ ဥပမာ၊ ရေလွှမ်းမိုးစေတော်မူခဲ့သောအခါ ဘုရားသခင်သည် အဘယ်နည်းဖြင့် “ဖြောင့်မတ်ခြင်းတရားကိုဟောသော နောဧနှင့် လူခုနစ်ယောက်တို့ကို စောင့်မတော်မူ” ခဲ့ကြောင်းပြောပြပါသည်။ သောဒုံခေတ်ကလည်း ယေဟောဝါသည် “ဖြောင့်မတ်သောလောတကို ကယ်နုတ်တော်မူ” ခဲ့ကြောင်း ပြောပြပြီးနောက် အဆုံးတွင် ယေဟောဝါသည် “ဘုရားဝတ်၌မွေ့လျော်သောသူတို့ကို စုံစမ်းနှောင့်ယှက်ခြင်းအထဲက ကယ်နုတ်ခြင်းငှာလည်းကောင်း၊ မတရားသောသူတို့ကို ဒဏ်ခံစေမည်အကြောင်း၊ . . . တရားဆုံးဖြတ်သောနေ့အဖို့ ချူပ်ထား . . . နိုင်တော်မူ၏” ဟုဆိုသည်။—၂ ပေတရု ၂:၅၊ ၇-၉။
ဒဏ်ခံထိုက်သောအကျင့်များ
၁၃။ အထူးသဖြင့်ဒဏ်ခံရရန် ချူပ်ထားခံရသူများကား မည်သူများဖြစ်သနည်း။ အဘယ်အိပ်မက်များကို သူတို့မြင်မက်နေပုံရှိသနည်း။
၁၃ ဘုရားသခင့်တရားစီရင်ခြင်းကိုခံရဖို့ အထူးသဖြင့်ချူပ်ထားခံရသူများမှာ “ညစ်ညူးသောတပ်မက်ခြင်းကိလေသာနှင့်တကွ၊ ကာမဂုဏ်အလိုသို့လိုက်၍၊ အာဏာစက်ကို မထီမဲ့မြင်ပြုသောသူတို့” ဖြစ်သည်ဟု ပေတရုကဖော်ညွှန်းပါသည်။ “ထိုသူတို့သည် ရဲရင့်သောသူ၊ ကိုယ်အလိုသို့လိုက်တတ်သောသူဖြစ်၍၊ ဘုန်းတန်ခိုးကြီးသောသူတို့ကို ကဲ့ရဲ့ဝံ့ကြ၏” ဟုဆိုရာတွင် ပေတရု၏ဒေါသအမျက်ကို ကျွန်ုပ်တို့ရိပ်စားမိနိုင်သည်။ ယုဒက “ယခု ယောင်ယမ်းသော [မတရားသော] လူတို့သည်၊ . . . မိမိတို့ကိုယ်ကိုညစ်ညူးစေ၍၊ . . . ဘုန်းတန်ခိုးကြီးသောသူတို့ကို ကဲ့ရဲ့တတ်ကြ၏” ဟုရေးသားပါသည်။ (၂ ပေတရု ၂:၁၀; ယုဒ ၈) သူတို့၏အိပ်မက်များသည် အကျင့်ယိုယွင်းသော လိင်သာယာမှုကိုလိုက်စားရန်အားပေးသည့် မရိုးသားသော လိင်ဆိုင်ရာစိတ်ကူးစိတ်သန်းများပါဝင်ပေမည်။ သို့သော် သူတို့သည် အဘယ်သဘောမျိုးဖြင့် “အာဏာစက်ကိုပယ်လျက်၊ ဘုန်းတန်ခိုးကြီးသောသူတို့ကို ကဲ့ရဲ့တတ်ကြ” သနည်း။
၁၄။ မိစ္ဆာအယူမှားဆရာများသည် အဘယ်သဘောမျိုးဖြင့် “အာဏာစက်ကိုပယ်လျက်၊ ဘုန်းတန်ခိုးကြီးသောသူတို့ကို ကဲ့ရဲ့တတ်ကြ” သနည်း။
၁၄ ဘုရားသခင်ပေးသည့် အခွင့်အာဏာရထားသူတို့ကို သူတို့မထီမဲ့မြင်ပြုခြင်းအားဖြင့် ကဲ့ရဲ့ကြပါသည်။ ခရစ်ယာန်အကြီးအကဲများသည် ဘုန်းကြီးတော်မူသော ယေဟောဝါဘုရားသခင်နှင့် ကိုယ်တော်၏သားတော်တို့ကို ကိုယ်စားပြုကြရာ တစ်နည်းအားဖြင့် သူတို့လည်းဂုဏ်တင်ခံရကြ၏။ မှန်ပါသည်၊ သူတို့သည် ပေတရုနည်းတူ အမှားများပြုတတ်ကြသော်လည်း အသင်းသူအသင်းသားများသည် ဤဘုန်းတန်ခိုးကြီးသူတို့ကို လက်အောက်ခံကြရမည်ဟု သမ္မာကျမ်းစာက မှာကြားထားပါသည်။ (ဟေဗြဲ ၁၃:၁၇) သူတို့၏အားနည်းချက်များသည် သူတို့ကိုပုတ်ခတ်ရန်အကြောင်းမဟုတ်ပါ။ ကောင်းကင်တမန်များသည် “သူတို့ [မိစ္ဆအယူမှားဆရာများ] အား ကဲ့ရဲ့စွာသောပြစ်တင်ခြင်းကို [အမှန်ခံထိုက်သော်လည်း] မပြုကြ” ဟုပေတရုပြောပါသည်။ “သူတို့မူကား၊ ဖမ်း၍ ဖျက်ဆီးဖို့ရာ ဖန်ဆင်းသော တိရစ္ဆာန်သက်သက်ကဲ့သို့၊ မိမိတို့နားမလည်သောအရာကို ကဲ့ရဲ့လျက်၊ မိမိတို့ပုပ်ပျက်သောအားဖြင့် အကုန်အစင်ပျက်စီးခြင်းသို့ရောက်” ရလိမ့်မည်ဟု ဆက်ပြောဆိုသည်။—၂ ပေတရု ၂:၁၀-၁၃။
“သင်တို့နှင့်အတူ စားသောက်ပွဲလုပ်သောအခါ”
၁၅။မိစ္ဆာအယူမှားဆရာများ အသုံးပြုသောနည်းများကား အဘယ်နည်း။ မည်သူတို့ကို ရှာဖွေဖြားယောင်းတတ်ကြသနည်း။
၁၅ အကျင့်ယိုယွင်းသော ဤသူတို့၏ “နေ့အချိန်၌ပင် လွန်ကျူးစွာကာမဂုဏ်ခံစားခြင်းအမှုသည် ပျော်မွေ့ရာဖြစ်သည်ဟု . . . သဘောရှိ” ကြရာ သူတို့သည် “အညစ်အကြေး အစွန်းအကွက်ဖြစ်ကြ” သည့်အပြင် ကောက်ကျစ်စဉ်းလဲကြသည်။ ရှေ့တွင် ပေတရုသတိပြုစေခဲ့သည့်အတိုင်း သူတို့သည် “ပရိယာယ်အားဖြင့်” “ချော့မော့သောစကား” ကိုအသုံးပြုခဲ့ကြသည်။ (၂ ပေတရု ၂:၁၊ ၃၊ ၁၃) သို့ဖြစ်၍ သူတို့သည် ဘုရားသခင့်အကျင့်စံနှုန်းများကို ထောက်ခံနေကြသော အကြီးအကဲများ၏ကြိုးစားမှုများကို ပေါ်လွင်စွာမဆန့်ကျင်ဘဲနေမည်၊ သို့မဟုတ် သူတို့၏လိင်သာယာမှုကို လိုက်စားခြင်းတို့ကို သိသာထင်ရှားစွာမပြုဘဲနေပေမည်။ ယင်းအစား သူတို့သည် “သင်တို့နှင့်အတူ စားသောက်ပွဲလုပ်သောအခါ မိမိတို့မှားယွင်းသောသဘောနှင့် လွန်ကျူးစွာကာမဂုဏ်ခံစား . . . ကြ၏” ဟုပေတရုကဆိုသည်။ ယုဒက ဤသို့ရေးသားဖော်ပြသည်– “ထိုသူတို့သည် သင်တို့၏မေတ္တာပွဲများတွင် သင်တို့နှင့်အတူ စားသောက်သောအခါ၊ မထင်ရှား [“ရေအောက်ဝှက်ထား၊” ကဘ] သောကျောက်များ” ဖြစ်ကြ၏။ (ယုဒ ၁၂၊ သမ္မာ) မှန်ပါ၏၊ ရေအောက်ဖုံးကွယ်နေသည့် အစွယ်အစောင်းများသောကျောက်များသည် သင်္ဘောဝမ်းဗိုက်ကို စုတ်ပြတ်သွားစေနိုင်ပြီး သတိမဲ့သောသင်္ဘောသားများကို ရေနစ်စေနိုင်သကဲ့သို့ မိစ္ဆာအယူမှားဆရာများသည် “မေတ္တာပွဲများ” တွင်သူတို့ချစ်ဟန်ဆောင်သောသတိမဲ့သူများကို ပျက်စီးယိုယွင်းစေကြ၏။
၁၆။ (က) ‘မေတ္တာပွဲများ’ ကားအဘယ်နည်း။ အကျင့်ယိုယွင်းသူများသည် အဘယ်ဆင်တူယိုးမှားအခြေအနေမျိုးများတွင် ယနေ့လှုပ်ရှားကြမည်နည်း။ (ခ) မိစ္ဆာအယူမှားဆရာများသည် မည်သူတို့ကို အာရုံစူးစိုက်တတ်ကြသနည်း။ ထို့ကြောင့် ဤသူတို့သည် မည်သို့ပြုမူသင့်သနည်း။
၁၆ ဤ “မေတ္တာပွဲများ” ကား ပထမရာစုခရစ်ယာန်များ အတူတကွစုရုံးစားသောက်ကြသည့် မိတ်ဆုံစားပွဲခံချိန်များဖြစ်ပုံရှိသည်။ ယနေ့လည်း ယေဟောဝါသက်သေများသည် တစ်ခါတစ်ရံ ထိမ်းမြားမင်္ဂလာပွဲများ၊ ပျော်ပွဲစားထွက်ချိန်များ၊ သို့မဟုတ် တစ်ညနေခင်းတွင် ပေါင်းသင်း၍ ပျော်ပွဲရွှင်ပွဲများပြုလုပ်တတ်ကြပါသည်။ အကျင့်ပျက်သူတို့က ဤအချိန်အခါများကိုအခွင့်အရေးယူပြီး လူအချို့တို့ကို မည်သို့ဖြားယောင်းသွေးဆောင်ကြပါသနည်း။ ပေတရုက သူတို့သည် “ချင်ရဲမပြေနိုင်သော ကိလေသာမျက်စိရှိလျက် မတည်ကြည်သူတို့ကို ဖြားယောင်း” ကြ၏ဟုရေးသားခဲ့သည်။ ဤသူတို့တွင် “လောဘ၌ကျင်လည်သောစိတ်ရှိ” ကြရာ သမ္မာတရားကို ကိုယ်ပိုင်မဖြစ်စေခဲ့ကြသော ဝိညာဉ်ရေးဘက် စိတ်မခိုင်မြဲသူများအပေါ် အာရုံစူးစိုက်ကြပေသည်။ ထို့ကြောင့် ပေတရုခေတ်ကအဖြစ်အပျက်ကိုထောက်ရှုပြီး သတိပြုပါ! မရိုးသားသော အပြုအမူအပြောအဆိုမှန်သမျှကိုရှောင်ပြီး လျှပ်ပေါ်လော်လည်တတ်သူတို့၏ ဆွဲဆောင်မှု သို့မဟုတ် အပေါ်ယံအလှအပဖြင့် ဖြားယောင်းမခံလေနှင့်!—၂ ပေတရု ၂:၁၄၊ သမ။
“ဗာလမ်၏လမ်း”
၁၇။ “ဗာလမ်၏လမ်း” ကားအဘယ်နည်း။ ယင်းကား ဣသရေလ လူမျိုး ၂၄,၀၀၀ ကိုမည်သို့ထိခိုက်သနည်း။
၁၇ “ကျိန်တော်မူခြင်း” ကိုခံရသော ဤသူများသည် သမ္မာတရားကို အတန်ကြာသိထားခဲ့ကြပြီ။ အသင်းတော်တွင် တက်ကြွလှုပ်ရှားနေဟန်ရှိကောင်းရှိကြမည်။ သို့သော်ပေတရုက သူတို့သည် “မတရားခြင်းဆိုင်ရာအခကို နှစ်သက်သော ဗောရသား ဗာလမ်၏လမ်းကို လျှောက်လိုက်၍ လမ်းမှန်ကိုစွန့်ပစ် လေလွင့်သူများဖြစ်” သည်ဟုဆိုပါသည်။ (၂ ပေတရု ၂:၁၄၊ ၁၅၊ သမ) ပရောဖက်ဗာလမ်၏လမ်းကား ကိုယ်အကျိုးအတွက် အကျင့်ယိုယွင်းကြဖို့ ဖြားယောင်းသောလမ်းစဉ်ကိုလိုက်ကြရန် အကြံပေးခြင်းဖြစ်သည်။ ဣသရေလလူမျိုးကို မတရားမေထုန်ပြုရန် မြှူဆွယ်နိုင်မည်ဆိုလျှင် ဘုရားသခင်သည် သူတို့ကိုကျိန်ဆိုလိမ့်မည်ဟု မောဘဘုရင်ဗာလက်အား သူကအကြံပြုသည်။ ယင်းကြောင့် ဘုရားသခင်၏လူမြောက်မြားစွာတို့သည် မောဘအမျိုးသမီးများ၏ဖြားယောင်းခြင်းကိုခံခဲ့ကြရာ သူတို့၏အကျင့်ယိုယွင်းမှုကြောင့် ၂၄,၀၀၀ အသတ်ခံခဲ့ရပါသည်။—တောလည်ရာ ၂၅:၁-၉; ၃၁:၁၅၊ ၁၆; ဗျာဒိတ် ၂:၁၄။
၁၈။ ဗာလမ်သည် မည်မျှခေါင်းမာသနည်း။ ဖြစ်ပေါ်သည့်အကျိုးကား မိစ္ဆာအယူမှားဆရာများအတွက် အဘယ်နိမိတ်ပြသနည်း။
၁၈ ဗာလမ်၏မြည်းသည် သူ့အားစကားပြောဆို ဟန့်တားခဲ့သော်လည်း “မတရားခြင်းဆိုင်ရာအခကိုနှစ်သက်” လွန်းသဖြင့် ထိုသို့ဖြစ်ပျက်ခဲ့သည့်တိုင် သူ၏ ‘မိုက်မဲသောလမ်းစဉ်’ ကိုသူမရပ်စဲခဲ့ဟု ပေတရုကသတိပြုစေသည်။ (၂ ပေတရု ၂:၁၅၊ ၁၆) ဆိုးညစ်လှလေခြင်း! ဗာလမ်နည်းတူ ဘုရားသခင့်လူများကို အကျင့်ယိုယွင်းစေရန် သွေးဆောင်သူ မည်သူမဆိုအတွက် အမင်္ဂလာပါတကား! ဗာလမ်သည် သူ၏ဆိုးသွမ်းမှုအတွက် အသတ်ခံခဲ့ရ၏။ ယင်းကား သူ၏လမ်းစဉ်ကိုလိုက်သူအားလုံး သတိပြုစရာပင်တည်း။—တောလည်ရာ ၃၁:၈။
သူတို့၏ကောက်ကျစ်သော ဖြားယောင်းမှုများ
၁၉၊ ၂၀။ (က) ဗာလမ်ကဲ့သို့သူများကို အဘယ်အရာနှင့် နှိုင်းယှဉ်ထားသနည်း။ အဘယ်ကြောင့်နည်း။ (ခ) မည်သူတို့ကို သူတို့သွေးဆောင်တတ်ကြသနည်း။ မည်သို့အားဖြင့်နည်း။ (ဂ) သူတို့၏ဖြားယောင်းမှုများသည် အလွန်ကောက်ကျစ်သည်ဟု အဘယ်ကြောင့်ဆိုနိုင်မည်နည်း။ သူတို့၏အန္တရာယ်မှ မိမိကိုယ်ကိုလည်းကောင်း၊ အခြားသူများကိုလည်းကောင်း မည်သို့ကာကွယ်ပေးနိုင်သနည်း။
၁၉ ဗာလမ်ကဲ့သို့သောသူများကိုဖော်ပြရာတွင် ပေတရုက “ထိုသူတို့သည် ရေမရှိသောရေတွင်းကဲ့သို့လည်းကောင်း၊ လေတိုက်၍လွင့်သောမိုးတိမ်ကဲ့သို့လည်းကောင်း ဖြစ်ကြ၏” ဟုရေးသားတင်ပြသည်။ ခန်းခြောက်သောရေတွင်းတစ်ခုသည် သဲကန္တာရတွင် ခရီးလှည့်လည်နေသည့် ရေငတ်သူတစ်ဦးအတွက် အသက်ဘေးကြုံနိုင်စရာရှိစေသည်။ ၎င်းတို့နှင့်တူသောသူတို့အတွက် “တစ်ခဲနက်သော ထာဝရမှောင်မိုက်ကို သိုထားလျက်ရှိ” ခြင်းသည် အံ့ဩစရာမဟုတ်ပါတကား! “အကြောင်းမူကား၊ မှားယွင်းခြင်း၌ကျင်လည်သောသူတို့အထဲက ပြေးထွက်လုသောသူတို့ကို၊ ထောင်လွှားသောအချည်းနှီးစကားပြောသည်နှင့်၊ ဇာတိပကတိတပ်မက်ခြင်း၊ ကိလေသာလွန်ကျူးခြင်း အားဖြင့် အပြစ်သွေးဆောင်တတ်ကြ၏” ဟုပေတရုကဆက်ပြောပြပါသည်။ ‘ကိုယ်ကိုယ်တိုင် ပုပ်ပျက်ခြင်း၏ကျွန်ဖြစ်လျက်နှင့် လွှတ်ခြင်းအခွင့်ရှိသည်ဟု ကတိပေးကာ’ အတွေ့အကြုံနည်းသူများကို သူတို့ဖြားယောင်းသွေးဆောင်ကြ၏ဟု ပေတရုပြောသည်။—၂ ပေတရု ၂:၁၇-၁၉; ဂလာတိ ၅:၁၃။
၂၀ ဤပျက်စီးယိုယွင်းသောဆရာများ၏ ဖြားယောင်းမှုများသည် အလွန်ကောက်ကျစ်စဉ်းလဲပါသည်။ ဥပမာ၊ သူတို့က ဤသို့ဆိုကောင်းဆိုပေမည်– ‘ကျုပ်တို့အားနည်းတယ်၊ ရာဂစိတ်ရှိကြတယ်ဆိုတာကို ဘုရားသခင်သိပါတယ်။ ဒါကြောင့် ကျုပ်တို့စိတ်အလိုလိုက်ပြီး လိင်ဆန္ဒကိုဖြည့်စွက်ကြရင် ဘုရားသခင်ကရုဏာပြမှာပါ။ ကျုပ်တို့အပြစ်ကိုဝန်ခံလိုက်ရင် သမ္မာတရားရခါစကလိုပဲ ဘုရားသခင်ခွင့်လွှတ်မှာပါ။’ မာရ်နတ် စာတန်သည် ဆင်တူယိုးမှားစကားမျိုးဖြင့် ဧဝကို ချဉ်းကပ်ခဲ့သည်ကို သတိရပါ။ ဘုရားသခင်အား သူမပြစ်မှားသဖြင့် အပြစ်ပေးခံရမည်မဟုတ်၊ ထွန်းလင်းမှုနှင့် လွတ်လပ်မှုရလိမ့်မည်ဟု ကတိပေးခဲ့၏။ (ကမ္ဘာဦး ၃:၄၊ ၅) အသင်းတော်နှင့်ပေါင်းသင်းသည့် ဤမျှအကျင့်ယိုယွင်းသူတစ်ဦးကို သင်တွေ့ဆုံခဲ့မည်ဆိုလျှင် ခရစ်ယာန်အသင်းတော်တွင် တာဝန်ရှိသူများကို ထိုသူ၏အကြောင်း တိုင်ကြားခြင်းဖြင့် မိမိကိုယ်ကိုလည်းကောင်း၊ အခြားသူများကိုလည်းကောင်း ကာကွယ်ပေးရန် ဝတ္တရားရှိပါသည်။—ဝတ်ပြုရာ ၅:၁။
တိကျသောအသိပညာကြောင့် အကာအကွယ်ရ
၂၁-၂၃။ (က) တိကျသောအသိပညာကို မကျင့်သုံးခြင်း၏အကျိုးဆက်များကား အဘယ်နည်း။ (ခ) ပေတရုဆွေးနွေးတင်ပြသည့် အခြားအဘယ်ပြဿနာတစ်ခုကို ဆက်လက်သုံးသပ်မည်နည်း။
၂၁ “အသက်ရှင်ခြင်း၊ ဘုရားဝတ်၌မွေ့လျော်ခြင်း” အတွက်အရေးကြီးသည်ဟု ရှေ့တွင်ပေတရုဖော်ပြခဲ့သော အသိပညာကို မကျင့်သုံးခြင်း၏အကျိုးဆက်များအကြောင်း ဖော်ပြကာ သူ့စာ၏ဤအပိုင်းကို ပေတရုနိဂုံးချုပ်လိုက်လေသည်။ (၂ ပေတရု ၁:၂၊ ၃၊ ၈) သူကဤသို့ရေးသားသည်– “ကယ်တင်တော်မူသောအရှင် သခင်ယေရှုခရစ်ကို သိကျွမ်းခြင်းအားဖြင့်၊ လောကီ [လောက] ညစ်ညူးခြင်းနှင့်ကင်းလွတ်ပြီးမှ၊ တစ်ဖန်ကျော့မိ၍ရှုံးလျှင်၊ နောက်ဖြစ်ဟန်သည် ရှေးဖြစ်ဟန်ထက် သာ၍ဆိုး၏။” (၂ ပေတရု ၂:၂၀) အလွန်ဝမ်းနည်းစရာပါတကား! ပေတရုခေတ်က ဤကဲ့သို့သောသူများသည် တဒင်္ဂမျှအတွက် ရာဂစိတ်ဖြေရန် တန်ဖိုးဖြတ်မရမျှော်လင့်ချက်ဖြစ်သည့် မပုပ်မပျက်သော ကောင်းကင်အသက်တာရရှိခွင့်ကိုပင် စွန့်လွှတ်ခဲ့ကြ၏။
၂၂ ထို့ကြောင့် ပေတရုက ဤသို့ဆိုသည်– “ဖြောင့်မတ်ခြင်းတရားလမ်းကိုသိ၍၊ မိမိခံခဲ့ပြီးသောသန့်ရှင်းသောပညတ်ကို တစ်ဖန်စွန့်ပစ်သည်ထက်၊ ထိုလမ်းကိုမသိဘဲနေသော် သာ၍ကောင်း၏။ ‘ခွေးသည် မိမိအန်ဖတ်ကို ပြန်၍စား၏။ ဝက်သည်လည်း ဆေးပြီးမှ ရွှံ့တွင်လူးပြန်၏’ ဟုမှန်သောစကားပုံသည် ထိုသူတို့၌ ပြည့်စုံသတည်း။”—၂ ပေတရု ၂:၂၁၊ ၂၂; သု. ၂၆:၁၁။
၂၃ ကနဦးခရစ်ယာန်များကို စတင်ထိခိုက်ခဲ့ပုံရှိသော အခြားပြဿနာတစ်ခုသည် ယနေ့ အချို့သူများကိုထိခိုက်သည့်ပြဿနာနှင့် အလားတူဖြစ်သည်။ ထိုစဉ်က ခရစ်တော်ကြွလာမည်ဟူသောကတိတော်ပြည့်စုံဖို့ ကြန့်ကြာနေပုံရှိခြင်းကို အချို့က ပြစ်တင်ပြောဆိုနေခဲ့ပုံရှိသည်။ ဤကိစ္စကို ပေတရုမည်သို့ကိုင်တွယ်ဖြေရှင်းခဲ့ကြောင်း စစ်ဆေးကြည့်ကြစို့။
သင်မှတ်မိသလော
◻ အဘယ်သတိပေးသော ပုံဥပမာသုံးခုကို ပေတရုဖော်ပြသနည်း။
◻ မိစ္ဆာအယူမှားဆရာများသည် အဘယ်နည်းဖြင့် “အာဏာစက်ကို မထီမဲ့မြင်ပြု” သနည်း။
◻ ဗာလမ်၏လမ်းကားအဘယ်နည်း။ ယင်းကိုလျှောက်လိုက်သူများသည် အခြားသူတို့အား မည်သို့ဖြားယောင်းကြမည်နည်း။
◻ တိကျသောအသိပညာကို မကျင့်သုံးခြင်း၏အကျိုးဆက်များကား အဘယ်နည်း။
[စာမျက်နှာ ၁၇ ပါ ရုပ်ပုံ]
ဗာလမ်သည် သတိပေးနမူနာတစ်ခုဖြစ်သည်