ကောက်ရိတ်သိမ်းပွဲများသည် ဘုရားသခင်ကို နှစ်သက်စေပါသလော
အလွန်ချိုမြိန်၍ အရည် ရွှမ်းပြီး မွှေးကြိုင်သောသစ်သီးများ၊ အရသာရှိသောဟင်းသီးဟင်းရွက်များနှင့် ထွားကြိုင်းသောပြောင်းဖူးအစည်းအပုံကြီးက အားရနှစ်မြို့စရာမြင်ကွင်းပင်ဖြစ်သည်။ ထိုမြင်ကွင်းမှာ ရိတ်သိမ်းချိန်၌ အင်္ဂလန်တစ်ခွင်ရှိ ချာ့ချ်များမှယဇ်ပလ္လင်များကို တန်ဆာဆင်ထားပုံဖြစ်သည်။ အခြားနေရာများမှာကဲ့သို့ ဥရောပ၌လည်း ရိတ်သိမ်းရာကာလ၏ အစနှင့်အဆုံးကိုအစွဲပြုသည့် ပျော်ပွဲရွှင်ပွဲမျိုးစုံရှိသည်။
မြေယာဖြင့်အသက်မွေးဝမ်းကျောင်းသူများသည် မြေယာထွက်ကုန်များအတွက် အထူးကျေးဇူးတင်တတ်ကြသည်။ အမှန်ဆိုလျှင် ဘုရားသခင်သည် ရှေးခေတ်ဣသရေလလူမျိုးများကို ရိတ်သိမ်းခြင်းနှင့် ဆက်စပ်နေသည့် နှစ်ပတ်လည်ပွဲတော်သုံးခုကိုကျင်းပရန် ဆင့်ဆိုခဲ့သည်။ ဆောင်းနှောင်းရာသီ၌ကျင်းပသော တဆေးမဲ့မုန့်ပွဲခံချိန်အတွင်း ဣသရေလလူမျိုးတို့သည် ဘာလီရိတ်သိမ်းပွဲမှ အဦးရိတ်သောကောက်လှိုင်းတစ်စည်းကို ဘုရားသခင်အားဆက်သရသည်။ နွေဦးပေါက်ရာသီ၌ကျင်းပသော သီတင်းပတ်များပွဲတော် (သို့မဟုတ်၊ ပင်တေကုတ္တေ) တွင် ဂျုံစပါးရိတ်သိမ်းခြင်းမှ အဦးသီးသောအသီးများနှင့် ပြုလုပ်သည့်မုန့်များကို ပူဇော်ကြသည်။ ဆောင်းဦးစအချိန်တွင် ဣသရေလလူမျိုးတို့၏ စိုက်ပျိုးရေးနှစ်အဆုံးကို မှတ်သားဖော်ပြသည့် သိုထားပွဲကိုကျင်းပကြသည်။ (ထွက်မြောက်ရာ ၂၃:၁၄-၁၇) ဤပွဲတော်များသည် “ဓမ္မစည်းဝေး” များဖြစ်၍ ပျော်ရွှင်ဖွယ်အချိန်အခါဖြစ်သည်။—ဝတ်ပြုရာ ၂၃:၂; တရားဟောရာ ၁၆:၁၆။
သို့ဖြစ်လျှင် မျက်မှောက်ခေတ် ရိတ်သိမ်းရာပွဲတော်များကော မည်သို့နည်း။ ယင်းတို့သည် ဘုရားသခင်ကို နှစ်သက်စေပါသလော။
ဗာဗုလုန်ဘာသာနှင့်ဆက်စပ်မှုများ
ရိတ်သိမ်းချိန်နှင့်ဆိုင်သော ထုံးတမ်းစဉ်လာပွဲတော်များနှင့် ပွဲတော်၌ပါဝင်သည့် အလွန်အကျွံသောက်စားမူးယစ်မှုကြောင့် စိတ်အနှောင့်အယှက်ဖြစ်ခဲ့လျက် အင်္ဂလန်နိုင်ငံ၊ ကွန်ဝေါလ်မြို့ရှိ အင်္ဂလီကန်ဓမ္မဆရာတစ်ဦးက အလယ်ခေတ်ရိတ်သိမ်းပွဲအစဉ်အလာများကို ပြန်လည်သက်ဝင်စေဖို့ ၁၈၄၃ ခုနှစ်တွင် ဆုံးဖြတ်ခဲ့လေသည်။ သူသည် အဦးသီးသောအသီးအချို့ကိုယူ၍ မိမိ၏ချာ့ချ်၌ကျင်းပသောပွဲတော်မင်္ဂလာအတွက် ပေါင်မုန့်ကိုပြုလုပ်ခဲ့သည်။ ထိုသို့ပြုခြင်းဖြင့် ရှေးအချိန်ကစဲလ်တ်လူမျိုးတို့၏ဘုရား လုခ်ကိုကိုးကွယ်ခြင်းမှ မြစ်ဖျားခံလာသည်ဟုအဆိုရှိသော “ခရစ်ယာန်” ပွဲတော်တစ်ခုဖြစ်သည့် လားမာ့စ်ပွဲတော်ကို သူအတည်ပြုခဲ့သည်။a ထို့ကြောင့် မျက်မှောက်ခေတ် အင်္ဂလီကန်ရိတ်သိမ်းပွဲတော်သည် ဗာဗုလုန်ဘာသာရေးမှ မြစ်ဖျားခံလာသည်။
ရိတ်သိမ်းရာကာလ အဆုံးပိုင်း၌ကျင်းပသော အခြားပွဲတော်များကော မည်သို့နည်း။ ဗြိတဲန်နစ်ကာစွယ်စုံကျမ်းအရ ဤပွဲများကိုအစွဲပြုသည့် ထုံးတမ်းစဉ်လာများသည် “ပြောင်းဖူး [အစေ့] ဝိညာဉ် သို့မဟုတ် ပြောင်းဖူးအသက်ကိုယုံကြည်သည့် သက်မဲ့အရာကိုကိုးကွယ်ခြင်းမှ မြစ်ဖျားခံသည်” ဟုဆိုသည်။ အချို့ဒေသများမှ လယ်သမားများက ရိတ်သိမ်းရန်ကျန်ရှိသည့် နောက်ဆုံးကောက်လှိုင်းစုထဲတွင် အသက်ဝိညာဉ်ကိန်းအောင်းနေသည်ဟု ယုံကြည်ကြသည်။ ထိုဝိညာဉ်ကိုနှင်ထုတ်ရန်အတွက် သူတို့သည် အဆံများကို မြေကြီးပေါ်သို့ရိုက်ချရသည်။ အခြားနေရာများတွင်မူ နောက်နှစ်စိုက်ပျိုးချိန်ရောက်သည့်အထိ “ကံကောင်း” စေသည့်အရာအဖြစ် သိမ်းဆည်းထားကြသော “ပြောင်းဖူးရွက်အရုပ်” ကိုရက်လုပ်ကြသည်။ ထို့နောက် ကောက်သစ်ကိုကောင်းချီးပေးမည်ဟူသည့်မျှော်လင့်ချက်ဖြင့် ပြောင်းဖူးများကို မြေချစိုက်ပျိုးကြပြန်သည်။
အချို့သောဒဏ္ဍာရီပုံပြင်များက ကောက်ရိတ်သိမ်းချိန်ကို မျိုးအောင်ဘုရားမအစ်ရှတာ၏ကြင်ရာတော် ဗာဗုလုန်တမ္မုဇနတ်ဘုရားကိုးကွယ်ခြင်းနှင့် ဆက်စပ်ထားသည်။ ရင့်မှည့်နေသောပြောင်းဖူးအနှံကို ခုတ်ဖြတ်လိုက်ခြင်းက တမ္မုဇကိုအချိန်မတိုင်မီ သေစေသကဲ့သို့ဖြစ်သည်။ အခြားသောဒဏ္ဍာရီပုံပြင်များဆိုလျှင် ကောက်ရိတ်သိမ်းချိန်ကို—ယေဟောဝါရွံမုန်းတော်မူသည့်အကျင့်တစ်ခုဖြစ်သော လူကိုယဇ်ကောင်အဖြစ်ပူဇော်ခြင်းနှင့်ပင် ဆက်စပ်ထားသည်။—ဝတ်ပြုရာ ၂၀:၂; ယေရမိ ၇:၃၀၊ ၃၁။
ဘုရားသခင့်ရှုမြင်ပုံကား မည်သို့နည်း
ဖန်ဆင်းရှင်နှင့် အသက်၏ပင်ရင်းအမြစ်ဖြစ်တော်မူသော ယေဟောဝါသည် မိမိအားဝတ်ပြုသူများထံမှ အကြွင်းမဲ့ဆည်းကပ်ဝတ်ပြုခြင်းကို တောင်းဆိုတော်မူကြောင်း ရှေးခေတ်ဣသရေလလူမျိုးနှင့် ဘုရားသခင့်ဆက်ဆံပုံက ရှင်းလင်းစွာဖော်ပြသည်။ (ဆာလံ ၃၆:၉; နာဟုံ ၁:၂) ပရောဖက်ယေဇကျေလလက်ထက်၌ တမ္မုဇနတ်ဘုရားအဖို့ ငိုကြွေးသည့်အလေ့အထသည် ယေဟောဝါ၏မျက်မှောက်တော်၌ ‘ကြီးစွာသောစက်ဆုပ်ရွံရှာဖွယ်အမှု’ ဖြစ်သည်။ ယင်းနှင့်အတူ အခြားမှောက်မှားသော ဘာသာရေးအခမ်းအနားများက ဗာဗုလုန်ဝတ်ပြုသူများ၏ ဆုတောင်းသံကို ဘုရားသခင်မကြားရလေအောင် ကိုယ်တော်၏နားကိုပိတ်စေရာရောက်သည်။—ယေဇကျေလ ၈:၆၊ ၁၃၊ ၁၄၊ ၁၈။
ရိတ်သိမ်းခြင်းနှင့်ပတ်သက်၍ ဣသရေလလူမျိုးတို့လိုက်နာရန် ဘုရားသခင်ညွှန်ကြားသည့်အချက်နှင့် ယင်းကိုနှိုင်းယှဉ်ကြည့်ပါ။ သိုထားပွဲတွင် ဣသရေလလူမျိုးတို့သည် အလေးအမြတ်ထားသောစုရုံးပွဲကိုကျင်းပကြပြီး ပွဲတော်ကျင်းပစဉ်အတွင်း လူကြီး၊ လူငယ်၊ ဆင်းရဲ၊ ချမ်းသာမရွေး မျက်စိပသာဒဖြစ်ဖွယ်သစ်ပင်များမှ စိမ်းစိုသောသစ်ခက်များဖြင့် ဆင်ယင်ထားသည့်ယာယီတဲများတွင် နေကြရသည်။ ထိုအချိန်သည် သူတို့အတွက် အကြီးအကျယ်ဝမ်းမြောက်ရွှင်လန်းဖွယ် အခါသမယဖြစ်သည်သာမက မိမိတို့၏ဘိုးဘေးများ အီဂျစ်ပြည်မှထွက်ခွာချိန်တွင် ဘုရားသခင်ကယ်တင်ခဲ့သည့်အကြောင်းများကို ပြန်လည်စဉ်းစားရမည့်အချိန်လည်းဖြစ်သည်။—ဝတ်ပြုရာ ၂၃:၄၀-၄၃။
ဣသရေလလူမျိုးတို့၏ ပွဲတော်များကျင်းပချိန်တွင် တစ်ဆူတည်းသောစစ်မှန်သည့် ဘုရားသခင်ယေဟောဝါထံ ယဇ်သကာများပူဇော်ကြသည်။ (တရားဟောရာ ၈:၁၀-၂၀) အထက်တွင်ဖော်ပြထားသည့် သက်မဲ့အရာများကို ကိုးကွယ်သည့်အယူနှင့်ပတ်သက်၍ ဂျုံနှံအစည်းများကဲ့သို့သော ထွက်ကုန်များတွင် ဝိညာဉ်စိုးလ်ကိန်းအောင်းနေသည်ဟူ၍ သမ္မာကျမ်းစာတွင် မည်သည့်နေရာ၌မျှ ဖော်ပြမထားပါ။b ထို့ပြင် ရုပ်ပုံများသည် သက်မဲ့ဖြစ်၍ စကားမပြောနိုင်၊ မမြင်နိုင်၊ မကြားနိုင်၊ မနမ်းနိုင်၊ မကိုင်နိုင် သို့မဟုတ် ယင်းတို့ကိုဝတ်ပြုသူများအား မည်သည့်အကူအညီမျှမပေးနိုင်သည့်အရာများဖြစ်ကြောင်း ကျမ်းစာက ရှင်းလင်းစွာဖော်ပြထားသည်။—ဆာလံ ၁၁၅:၅-၈; ရောမ ၁:၂၃-၂၅။
ယနေ့ခရစ်ယာန်များသည် ရှေးခေတ်ဣသရေလလူမျိုးနှင့် ဘုရားသခင်ဖွဲ့ခဲ့သော ပညတ်ပဋိညာဉ်အောက်၌မရှိကြပါ။ အမှန်ဆိုလျှင် ဘုရားသခင်သည် ‘ယေရှုကို လက်ဝါးကပ်တိုင်မှာရိုက်ထားခြင်းဖြင့် ယင်းကိုပယ်ရှင်းတော်မူ၏။’ (ကောလောသဲ ၂:၁၃၊ ၁၄) မျက်မှောက်ခေတ် ယေဟောဝါ၏ကျေးကျွန်များသည် “ခရစ်တော်၏တရား” အတိုင်းနေထိုင်ကြ၍ ဘုရားသခင်ပြင်ဆင်ပေးရာအားလုံးကို ကျေးဇူးတင်စွာတုံ့ပြန်ကြသည်။—ဂလာတိ ၆:၂။
တမန်တော်ပေါလုက ဂျူးလူမျိုးတို့၏ပွဲနေ့များသည် “နောင်အခါဖြစ်ပေါ်လာမည့် အရာတို့၏ အရိပ်အယောင်မျှသာ” ဖြစ်ကြောင်း ရှင်းလင်းပြတ်သားစွာဖော်ပြပြီး “အကယ်ဖြစ်သောအကောင်အထည်မှာ ခရစ်တော်ဖြစ်” ကြောင်း ထပ်ဆင့်ဖော်ပြခဲ့သည်။ (ကောလောသဲ ၂:၁၆၊ ၁၇၊ သတင်းကောင်း) သို့ဖြစ်ရကား စစ်မှန်သောခရစ်ယာန်များသည် ကျမ်းစာဆင်ခြင်သုံးသပ်ပြသည့် ဤအချက်ကိုလက်ခံကြသည်– “သာသနာပလူတို့သည် ပူဇော်သောယဇ်ကို ဘုရားသခင်အားပူဇော်ကြသည်မဟုတ်။ နတ်ဆိုးတို့အားပူဇော်ကြ၏။ . . . သခင်ဘုရား၏ခွက်ဖလား၊ နတ်ဆိုးတို့၏ခွက်ဖလားနှစ်ပါးကို သင်တို့မသောက်နိုင်ကြ။” (၁ ကောရိန္သု ၁၀:၂၀၊ ၂၁) ထို့ပြင် ခရစ်ယာန်များသည် “မစင်ကြယ်သောအရာကို လက်နှင့်မျှမတို့” ကြရန် ညွှန်ကြားထားသည့်အချက်ကို လိုက်နာကြသည်။ သင့်အနီးပတ်ဝန်းကျင်၌ ပြုလုပ်သောရိတ်သိမ်းပွဲများသည် ဗာဗုလုန် သို့မဟုတ် မှောက်မှားသောဘာသာရေး အဓိပ္ပာယ်သက်ဝင်ပါသလော။ သို့ဖြစ်မည်ဆိုပါက စစ်မှန်သောခရစ်ယာန်များသည် ယင်းသို့သော ညစ်ညူးသည့်ဝတ်ပြုကိုးကွယ်မှုတွင် တစ်နည်းနည်းနှင့်ပါဝင်ပတ်သက်ခြင်းအားဖြင့် ယေဟောဝါ၏စိတ်တော်ငြိုငြင်စေခြင်းကို ရှောင်ရှားကြပေမည်။—၂ ကောရိန္သု ၆:၁၇။
ကျေးဇူးတင်လေးမြတ်တတ်သော ကလေးတစ်ဦးသည် မိမိဖခင်ထံမှ လက်ဆောင်တစ်ခုရရှိသည့်အခါ မည်သူ့ကို သူကျေးဇူးတင်မည်နည်း။ သူစိမ်းပြင်ပြင်တစ်ဦးကိုလော၊ သို့မဟုတ် သူ့မိဘကိုလော။ ဘုရားသခင်အားဝတ်ပြုသူများသည် မိမိတို့၏ကောင်းကင်ခမည်းတော်ယေဟောဝါ၏ ကြွယ်ဝသောရက်ရောမှုများအတွက် ကိုယ်တော်အားနှလုံးပါပါဆုတောင်းခြင်းဖြင့် နေ့စဉ်ကျေးဇူးတင်ကြပါသည်။—၂ ကောရိန္သု ၆:၁၈; ၁ သက်သာလောနိတ် ၅:၁၇၊ ၁၈။
[အောက်ခြေမှတ်ချက်များ]
a “လားမာ့စ်” ဟူသည့်စကားလုံးသည် “ပေါင်မုန့်အတုံးအခဲ” ဟုအဓိပ္ပာယ်ရှိသော ရှေးဟောင်းအင်္ဂလိပ်စကားမှ ဆင်းသက်လာသည်။
b ကျမ်းစာကို ထိုးထွင်းသိမြင်ခြင်း (လိပ်) စာအုပ်က ဤသို့ဆိုသည်– “အပင်များသည် အသွေးမရှိသောကြောင့် ဖန်ဆင်းရာတတိယ ‘နေ့’ (က ၁:၁၁-၁၃) သို့မဟုတ် ယင်းနောက်ပိုင်းတွင် အပင်အနှံများကို ရည်ညွှန်းရာတွင် နီးဖက်ရှ် (စိုးလ်) ကိုအသုံးမပြုပါ။”—နယူးယောက်၊ ကင်းမျှော်စင် သမ္မာကျမ်းစာနှင့်ဝေစာအသင်းမှ ထုတ်ဝေသည်။