ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၇ ၁၁/၁၅ စာ. ၅-၇
  • တရားမျှတသောကမ္ဘာသည် အိပ်မက်တစ်ခုမဟုတ်!

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • တရားမျှတသောကမ္ဘာသည် အိပ်မက်တစ်ခုမဟုတ်!
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၇
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • လူသားတို့ အဘယ်ကြောင့်မအောင်မြင်ရသနည်း
  • တရားမျှတသောကမ္ဘာ ဧကန်မုချ—မည်သို့နည်း
  • တရားမျှတသောကမ္ဘာရှိ အသက်တာ
  • ယေဟောဝါသည် တရားသဖြင့်စီရင်ခြင်းကို နှစ်သက်တော်မူ၏
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၇
  • တရားမျှတမှုရဖို့ တောင်းဆိုသံကို ဘယ်သူ နားထောင်ပေးမလဲ
    ထပ်ဆင့် အကြောင်းအရာများ
  • တရားမမျှတမှုကို ဘုရားဘာမျှ မလုပ်ဘဲ ထာဝစဉ် နေမည်လော
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၀
  • “ဘုရားသခင်သည် မတရားသောအမှုကို ပြုတော်မူသလော”
    ယေဟောဝါထံ ချဉ်းကပ်လော့
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၇
က၉၇ ၁၁/၁၅ စာ. ၅-၇

တရားမျှတသောကမ္ဘာသည် အိပ်မက်တစ်ခုမဟုတ်!

“တရားမျှတခြင်းသည် မြေကြီးပေါ်ရှိလူတို့ အဓိကစိတ်ဝင်စားရာဖြစ်သည်” ဟုအမေရိကန်နိုင်ငံ့ခေါင်းဆောင် ဒယ်နီယယ် ဝက်ဘ်စတားက မှတ်ချက်ချခဲ့သည်။ ထို့ပြင် သမ္မာကျမ်းစာက “ထာဝရဘုရားသည် တရား [“တရားမျှတခြင်း၊” ကဘ] ကိုနှစ်သက်တော်မူ၏” ဟုဖော်ပြထားသည်။ (ဆာလံ ၃၇:၂၈) ဘုရားသခင်၏ပုံသဏ္ဌာန်နှင့်အညီ ဖန်ဆင်းခံရသည့် ပထမလူသားမောင်နှံတွင် တရားမျှတမှုကိုနှစ်သက်ခြင်းအပါအဝင် ဘုရားသခင့်ရေးရာအရည်အချင်းများရှိကြသည်။—ကမ္ဘာဦး ၁:၂၆၊ ၂၇။

သမ္မာကျမ်းစာက ‘ပညတ်တရားတော်ကိုမသိဘဲ ကိုယ်အလိုအလျောက် တရားတော်ကိုကျင့်သော သာသနာပလူတို့’ အကြောင်းကိုလည်း ဖော်ပြထားသည်။ ထိုနည်းအားဖြင့် သူတို့၏ “ကိုယ်ကိုသိသောစိတ်နှလုံးသည် သက်သေခံသဖြင့်လည်းကောင်း၊ အချင်းချင်းဆွေးနွေးဆင်ခြင်၍ အပြစ်တင်လျက်၊ လွှတ်လျက်နေသဖြင့်လည်းကောင်း၊ မိမိတို့စိတ်နှလုံးထဲ၌မှတ်သားသော တရား၏အကျိုးကို ထင်ရှားစွာပြကြ” ၏။ (ရောမ ၂:၁၄၊ ၁၅) မှန်ပါသည်၊ လူသားတို့သည် ကိုယ်ကိုကိုယ်သိသောစိတ်—အမှန်နှင့်အမှားသိနိုင်သော အတွင်းစိတ်—ဆိုင်ရာအရည်အသွေးကို ပေးအပ်ထားခြင်းခံရသည်။ ရှင်းနေသည်မှာ တရားမျှတမှုကိုလိုလားခြင်းသည် လူ၏မွေးရာပါစိတ်ဖြစ်သည်။

တရားမျှတမှုလိုလားခြင်းသည် ပျော်ရွှင်မှုကိုလူတို့ရှာဖွေခြင်းနှင့် အလွန်ဆက်စပ်နေသည်၊ အကြောင်းမှာ ဆာလံ ၁၀၆:၃ က “ဖြောင့်မတ်ခြင်းအမှုအစဉ်ပြုလျက် တရားကိုစောင့်သောသူတို့သည် ဝမ်းမြောက်ကြ၏” ဟုဆိုထားသောကြောင့်ဖြစ်သည်။ သို့ဆိုလျှင် လူသားတို့သည် တရားမျှတသောကမ္ဘာဖြစ်ပေါ်စေရန် အဘယ်ကြောင့်မတတ်စွမ်းနိုင်သနည်း။

လူသားတို့ အဘယ်ကြောင့်မအောင်မြင်ရသနည်း

တရားမျှတသောကမ္ဘာကို မတည်ဆောက်ပေးနိုင်သည့် အခြေခံအကြောင်းတစ်ခုမှာ ကျွန်ုပ်တို့၏ပထမလူသားမိဘများဖြစ်သော အာဒံနှင့်ဧဝထံမှ အမွေရရှိခဲ့သော စွန်းထင်းမှုကြောင့်ဖြစ်၏။ သမ္မာကျမ်းစာက ဤသို့ရှင်းပြ၏– “အပြစ်တရားသည် တစ်ယောက်သောသူအားဖြင့် ဤလောကသို့ဝင်၍၊ အပြစ်တရားအားဖြင့် သေခြင်းတရားဝင်သည်နှင့်အညီ၊ လူအပေါင်းတို့သည် အပြစ်ရှိသောကြောင့် သေခြင်းသို့ရောက်ရကြ၏။” (ရောမ ၅:၁၂) စွန်းထင်းမှုဆိုရာဝယ် အပြစ်ကိုဆိုလိုခြင်းဖြစ်သည်။ အာဒံနှင့်ဧဝတို့သည် အပြစ်မဲ့လျက်ဖန်ဆင်းခံခဲ့ရသော်လည်း ဘုရားသခင်အားပုန်ကန်ရန်ဆုံးဖြတ်ခြင်းဖြင့် မိမိတို့ကိုယ်ကို အပြစ်သားများဖြစ်စေခဲ့ကြ၏။ (ကမ္ဘာဦး ၂:၁၆၊ ၁၇; ၃:၁-၆) ထိုအကြောင်းကြောင့် သူတို့သည်မိမိတို့၏သားသမီးများအတွက် အပြစ်ပြုလိုသည့် ဉာဉ်ဆိုးများကို အမွေပေးခဲ့ကြသည်။

လောဘရမ္မက်နှင့် စိတ်စွန်းကွက်မှုကဲ့သို့သော ကိုယ်ရည်ကိုယ်သွေးအင်္ဂါရပ်များသည် အပြစ်ပြုလိုသောဉာဉ်ဆိုးများ၏ ရလဒ်များမဟုတ်ပေလော။ ဤအင်္ဂါရပ်များက ကမ္ဘာပေါ်တွင် မတရားမှုများကို တိုးပွားစေသည်မဟုတ်ပေလော။ ဝန်းကျင်ဆိုင်ရာကို တမင်အလွဲသုံးစားပြုလုပ်မှုများနှင့် စီးပွားရေးဖိနှိပ်မှုတို့၏ အရင်းခံမှာ လောဘရမ္မက်ပင်တည်း! စိတ်စွန်းကွက်မှုသည် လူမျိုးစုပဋိပက္ခနှင့် လူမျိုးရေးမတရားမှုတို့၏ နောက်ကွယ်တွင်ရှိသည်မှာ အမှန်ပင်။ ယင်းသို့သောအင်္ဂါရပ်များသည် လူတို့ကိုလုယက်တိုက်ခိုက်၊ လိမ်ညာလှည့်ဖြား၍ သူတစ်ပါးအားခက်ခဲစေသည့် အပြုအမူများကိုပြုလုပ်ရန်လည်း လှုံ့ဆော်တိုက်တွန်းပေးသည်။

ကျွန်ုပ်တို့၏အပြစ်ပြုလိုသော သဘောထားများကြောင့် တရားမျှတမှုနှင့် ကောင်းမှုပြုရန် အကောင်းဆုံးရည်ရွယ်ချက်ဖြင့် ကြိုးစားအားထုတ်မှုများပင် သဲထဲရေသွန်ဖြစ်လေ့ရှိသည်။ တမန်တော်ပေါလုကိုယ်တိုင် ဤသို့ဝန်ခံခဲ့သည်– “ငါသည် ကျင့်ချင်သောအကျင့်ကောင်းကိုမကျင့်၊ မကျင့်ချင်သောအကျင့်ဆိုးကိုကျင့်၏။” မိမိ၏ကြိုးပမ်းအားထုတ်မှုကို သူဆက်၍ဤသို့ရှင်းပြသည်– “ငါသည် အတွင်းလူအားဖြင့် ဘုရားသခင်၏ပညတ်တရားတော်ကို နှစ်သက်၏။ သို့သော်လည်း ငါ့ကိုယ်အင်္ဂါများ၌ရှိသော တရားတစ်ပါးသည် စိတ်ဝိညာဉ်တရားကို ဆိုင်ပြိုင်တိုက်လှန်သဖြင့်၊ ငါ့ကိုယ်အင်္ဂါများ၌ရှိသော အပြစ်တရားလက်သို့ ငါ့ကိုဖမ်းသွားအပ်နှံသည်ကို ငါမြင်၏။” (ရောမ ၇:၁၉-၂၃) ယနေ့ကျွန်ုပ်တို့လည်း ထပ်တူတိုက်လှန်နေကြရပေမည်။ ယင်းကြောင့် မတရားမှုများ မကြာခဏဖြစ်ပေါ်ရခြင်းပင်ဖြစ်သည်။

လူ့အုပ်ချုပ်နည်းကလည်း ကမ္ဘာပေါ်တွင် မတရားမှုကို ဖြစ်ပေါ်စေသည်။ တိုင်းနိုင်ငံအသီးသီးတွင် ဥပဒေများရှိသည်နည်းတူ ယင်းတို့ကိုလိုက်နာစေသူများလည်းရှိသည်။ ထို့အပြင် တရားသူကြီးများနှင့် တရားရုံးများလည်းရှိသည်မှာအမှန်။ အမှန်စင်စစ် တရားလက်ကိုင်ရှိသူအချို့သည် လူ့ရသင့်ရာကိုကာကွယ်၍ အားလုံးအတွက် မျှမျှတတဖြစ်စေရန် ကြိုးစားခဲ့ကြပြီ။ သို့ရာတွင် သူတို့၏ကြိုးပမ်းအားထုတ်မှုအများမှာ မအောင်မြင်ခဲ့ပေ။ အဘယ်ကြောင့်နည်း။ သူတို့၏မအောင်မြင်မှုတွင်ပါဝင်သည့် အကြောင်းအရာအမျိုးမျိုးကိုခြုံငုံ၍ ယေရမိက “အိုထာဝရဘုရား၊ လူသည် မိမိသွားရာလမ်းကိုအစိုးမရ။ သွားစဉ်အခါမိမိခြေရာတို့ကို မစီရင်တတ်သည်ကိုအကျွန်ုပ်သိပါ၏” ဟုညွှန်ပြခဲ့သည်။ လူတို့သည် ဘုရားသခင်နှင့်ကင်းကွာနေသောကြောင့် ဖြောင့်မှန်၍ တရားမျှတသောကမ္ဘာကို တည်ထောင်ရန် လုံးဝမစွမ်းဆောင်နိုင်ချေ။—သု. ၁၄:၁၂; ဒေသနာ ၈:၉။

တရားမျှတသောကမ္ဘာတစ်ခု ဖွဲ့စည်းတည်ထောင်ဖို့ လူ့ကြိုးပမ်းမှုအတွက် အဟန့်အတားကြီးတစ်ခုမှာ စာတန်ဖြစ်သည်။ ပုန်ကန်သောကောင်းကင်တမန်စာတန်သည် ကနဦး “လူအသက်ကိုသတ်သောသူ” နှင့် “မုသာစကား၌ကျင်လည်သောသူ” ဖြစ်ကြောင်း၊ “ဤလောကတစ်ခုလုံးသည် ဆိုးညစ်သူ၏တန်ခိုးဩဇာအောက်တွင် ရောက်နေ” ကြောင်းသမ္မာကျမ်းစာက ရှင်းလင်းစွာဖော်ပြသည်။ (ယောဟန် ၈:၄၄; ၁ ယောဟန် ၅:၁၉၊ ကဘ) တမန်တော်ပေါလုက သူ့ကို “ဤလောကကိုအစိုးရသောဘုရား” အဖြစ်ဖော်ပြထားသည်။ (၂ ကောရိန္သု ၄:၃၊ ၄) ဖြောင့်မတ်ခြင်းတရားကို မနှစ်သက်သူဖြစ်ရကား စာတန်သည် ဆိုးသွမ်းမှုဖြစ်ပေါ်စေမည့်အရာ မှန်သမျှကို ပြုလေတော့သည်။ ဤကမ္ဘာကို သူထိန်းချုပ်ထားသမျှကာလပတ်လုံး မတရားမှုအမျိုးမျိုးနှင့် ယင်းတို့၏ဆိုးကျိုးများသည် လူသားတို့ကိုလွှမ်းမိုးထားပါလိမ့်မည်။

ယင်းတို့အားလုံးက မတရားမှုသည် လူ့အဖွဲ့အစည်းတွင် ရှောင်လွှဲ၍မရနိုင်သောအရာတစ်ခုဟု ဆိုလိုပါသလော။ တရားမျှတသောကမ္ဘာသည် အကောင်အထည်မပေါ်နိုင်သော အိပ်မက်တစ်ခုလော။

တရားမျှတသောကမ္ဘာ ဧကန်မုချ—မည်သို့နည်း

တရားမျှတသောကမ္ဘာ အမှန်တကယ်ဖြစ်ပေါ်လာဖို့ မျှော်လင့်ရာတွင် လူသားတို့သည် မတရားမှုကိုဖြစ်ပေါ်စေသည့် အကြောင်းရင်းတို့ကို ရှင်းလင်းသုတ်သင်ပေးနိုင်သော ဇာစ်မြစ်ကို အားထားမျှော်ကိုးရပေမည်။ သို့သော် မည်သူသည် အပြစ်တရားကိုအမြစ်လှန်ပြီး စာတန်နှင့် သူ၏အုပ်ချုပ်ရေးကို ချေမှုန်းနိုင်မည်နည်း။ ခက်ခဲလှသောဤတာဝန်ကို မည်သည့်လူသား သို့မဟုတ် လူ့အေဂျင်စီကမျှ မစွမ်းဆောင်နိုင်သည်မှာ ရှင်းလှပေသည်။ ယေဟောဝါဘုရားသခင်တစ်ပါးတည်းသာ တတ်စွမ်းနိုင်တော်မူ၏! ကိုယ်တော်နှင့်စပ်လျဉ်း၍ သမ္မာကျမ်းစာက ဤသို့ဖော်ပြထားသည်– “ဘုရားသခင်သည် မူလအမြစ်ဖြစ်၍၊ အမှုတော်သည်စုံလင်ပေ၏။ စီရင်တော်မူသမျှတို့သည် တရားနှင့်ညီလျက်၊ သစ္စာစောင့်သောဘုရား၊ အပြစ်ကင်းလွတ်၍ ဟုတ်မှန်ဖြောင့်မတ်သောဘုရားဖြစ်တော်မူ၏။” (တရားဟောရာ ၃၂:၄) ယေဟောဝါသည် ‘တရားမျှတခြင်းကို နှစ်သက်တော်မူ’ သည့်အရှင် ဖြစ်တော်မူသောကြောင့် လူသားတို့ကို တရားမျှတသောကမ္ဘာတွင် ပျော်မွေ့စေလိုတော်မူ၏။—ဆာလံ ၃၇:၂၈။

တရားမျှတသောကမ္ဘာကို ဖြစ်ပေါ်စေမည့် ဘုရားသခင့်အစီအစဉ်အကြောင်း ပြောဆိုရာတွင် တမန်တော်ပေတရုက ဤသို့ရေးသားခဲ့သည်– “ဖြောင့်မတ်ခြင်းတရားတည်နေရာ မိုးကောင်းကင်သစ်နှင့် မြေကြီးသစ်ကို ငါတို့သည် ကတိတော်နှင့်အညီမျှော်လင့်ကြ၏။” (၂ ပေတရု ၃:၁၃) ဤ “ကောင်းကင်သစ်” သည်ပကတိကောင်းကင်သစ်မဟုတ်။ ဘုရားသခင်သည် ပကတိကောင်းကင်ကို စုံလင်စွာဖန်ဆင်းထားတော်မူခဲ့ပြီး ယင်းသည် ကိုယ်တော်၏ဘုန်းတော်ကို ထင်ရှားစေ၏။ (ဆာလံ ၈:၃; ၁၉:၁၊ ၂) “ကောင်းကင်သစ်” မှာမြေကြီးကိုအုပ်ချုပ်မည့် အုပ်ချုပ်ရေးအသစ်တစ်ခုဖြစ်သည်။ လက်ရှိ “ကောင်းကင်” တွင် လူ့အစိုးရများပါဝင်သည်။ မကြာမီ ဘုရားသခင်၏အာမဂေဒုန်စစ်ပွဲတွင် ယင်းတို့သည် “ကောင်းကင်သစ်”—ကိုယ်တော်၏ကောင်းကင်နိုင်ငံတော် သို့မဟုတ် အစိုးရ—အတွက် နေရာဖယ်ပေးရပါမည်။ (ဗျာဒိတ် ၁၆:၁၄-၁၆) ထိုနိုင်ငံတော်၏ဘုရင်မင်းမြတ်မှာ ယေရှုခရစ်ဖြစ်၏။ ဤအစိုးရသည် လူ့အုပ်ချုပ်ရေးကို ထာဝစဉ်အဆုံးတိုင်စေပြီး အဆုံးမရှိအုပ်ချုပ်လိမ့်မည်။—ဒံယေလ ၂:၄၄၊ ၄၅။

သို့ဖြစ်လျှင် “မြေကြီးသစ်” ကားအဘယ်နည်း။ ယင်းသည် ဂြိုဟ်အသစ်တစ်လုံးမဟုတ်ပါ၊ အကြောင်းမှာ ဘုရားသခင်သည် လူသားများနေထိုင်ရန်အတွက် ကမ္ဘာမြေကြီးကို လိုလေသေးမရှိအောင်ဖန်ဆင်းထားတော်မူပြီး အစဉ်တည်ရှိရန် ကိုယ်တော်ရည်ရွယ်တော်မူ၏။ (ဆာလံ ၁၀၄:၅) “မြေကြီးသစ်” မှာလူ့အဖွဲ့အစည်းအသစ်ကို ရည်ညွှန်းနေခြင်းဖြစ်သည်။ (ကမ္ဘာဦး ၁၁:၁; ဆာလံ ၉၆:၁) ဖျက်ဆီးခံရမည့် “မြေကြီး” သည်မိမိတို့ကိုယ်ကို ဤအစီအစဉ်စနစ်၏ အစိတ်အပိုင်းဖြစ်စေသူများဖြစ်သည်။ (၂ ပေတရု ၃:၇) ယင်းကိုအစားထိုးမည့် “မြေကြီးသစ်” သည်ဆိုးသွမ်းမှုကိုမုန်းတီး၍ ဖြောင့်မတ်ခြင်းနှင့် တရားမျှတခြင်းကိုနှစ်သက်သည့် ဘုရားသခင့်စစ်မှန်သောကျေးကျွန်များဖြင့် ဖွဲ့စည်းထားပါလိမ့်မည်။ (ဆာလံ ၃၇:၁၀၊ ၁၁) ထိုနည်းအားဖြင့် စာတန့်လောက ကွယ်ပျောက်သွားမည်။

သို့သော် စာတန်မူကား မည်သို့ဖြစ်မည်နည်း။ တမန်တော်ယောဟန်က ဤသို့တင်ကူးဟောကြားခဲ့သည်– “ရှေးမြွေဟောင်း၊ စာတန်တည်းဟူသော နဂါးကိုကိုင်ဖမ်း၍၊ အနှစ်တစ်ထောင်ဖို့ချည်နှောင်လေ၏။ အနှစ်တစ်ထောင်မကုန်မီတိုင်အောင်၊ လူအမျိုးမျိုးတို့ကိုမလှည့်ဖြားရမည်အကြောင်း၊ အနက်ဆုံးသောတွင်းထဲသို့ ချပစ်လှောင်ထား၍ တံဆိပ်ခတ်လေ၏။” (ဗျာဒိတ် ၂၀:၁-၃) ချုပ်နှောင်ထားခြင်းခံရသော စာတန်၏သြဇာသည် မြေအောက်တွင် တိုက်ပိတ်ခံရသည့် အကျဉ်းသားတစ်ဦးထက်သာမည်မဟုတ်ပေ။ ယင်းသည် တရားမျှတသောကမ္ဘာ၏ ရှေ့ပြေးဖြစ်ရာ မည်မျှနှစ်သိမ့်မှု ဖြစ်စေပါမည်တကား! ထို့ပြင် အနှစ်တစ်ထောင်ကုန်ဆုံးသည့်အခါ စာတန်သည် လက်စတုံးဖျက်ဆီးခံရလိမ့်မည်။—ဗျာဒိတ် ၂၀:၇-၁၀။

သို့သော် အမွေခံခဲ့ရသောအပြစ်တရားကို မည်သို့ဆိုမည်နည်း။ ယေဟောဝါသည် အပြစ်တရားကိုအမြစ်မှနုတ်ပစ်ဖို့အတွက် အခြေအမြစ်ကို စီစဉ်ထားတော်မူပြီ။ “လူသား [ယေရှုခရစ်] သည် . . . ရွေးနုတ်ရာအဖြစ်နှင့် အသက်ကိုစွန့်ရန် ကြွလာရခြင်းဖြစ်၏။” (မဿဲ ၂၀:၂၈၊ ကဘ) “ရွေးနုတ်ဖိုး” ဟူသောစကားလုံးမှာ စစ်သုံ့ပန်းများကို ရွေးယူရန်အတွက် တောင်းဆိုသည့်အဖိုးအခကို ဆိုလိုခြင်းဖြစ်သည်။ ယေရှုသည် လူသားများလွတ်မြောက်ရန်အတွက် မိမိ၏စုံလင်သော လူ့အသက်ကို ရွေးနုတ်ဖိုးအဖြစ် ပေးဆပ်ခဲ့သည်။—၂ ကောရိန္သု ၅:၁၄; ၁ ပေတရု ၁:၁၈၊ ၁၉။

ယေရှု၏ရွေးနုတ်ဖိုးပူဇော်သကာသည် ယခုပင် ကျွန်ုပ်တို့ကိုအကျိုးပြုနိုင်သည်။ ၎င်းကိုယုံကြည်ခြင်းအားဖြင့် ကျွန်ုပ်တို့သည် ဘုရားသခင့်ရှေ့တော်မှောက်တွင် သန့်ရှင်းသောအနေအထားကို ရရှိနိုင်၏။ (တမန်တော် ၁၀:၄၃; ၁ ကောရိန္သု ၆:၁၁) ဘုရားသခင့်နိုင်ငံတော် အုပ်ချုပ်မှုအောက်တွင် ရွေးနုတ်ဖိုးသည် လူသားတို့ကို အပြစ်တရားမှ လုံးလုံးလွတ်မြောက်စေလိမ့်မည်။ သမ္မာကျမ်းစာ၏နောက်ဆုံးစာစောင်က ဘုရားသခင်၏ပလ္လင်တော်ထဲမှထွက်သော ပုံဆောင် “အသက်ရေစီးရာမြစ်” နှင့် မြစ်ကမ်းပါးတစ်လျှောက်တွင် “လူအမျိုးမျိုးတို့၏ အနာရောဂါငြိမ်း” စေမည့် ပုံဆောင်အသီးနှင့် အရွက်ရှိသည့်အပင်များကို ဖော်ပြထားသည်။ (ဗျာဒိတ် ၂၂:၁၊ ၂) ဤတွင်သမ္မာကျမ်းစာ သရုပ်ဖော်ရေးသားထားသည့်အရာမှာ ယေရှု၏ရွေးနုတ်ဖိုးပူဇော်သကာကိုအခြေပြု၍ လူသားတို့သည် အပြစ်တရားအောက်မှ လွတ်မြောက်ရန် ဖန်ဆင်းရှင်၏ အံ့ချီးဖွယ်အစီအစဉ်ကို တင်စားထားခြင်းဖြစ်သည်။ ဤအစီအစဉ်၏ ပြီးပြည့်စုံလင်ခြင်းက နာခံမှုရှိသည့်လူသားတို့ကို အပြစ်နှင့်သေခြင်းအောက်မှ လွတ်မြောက်စေပါလိမ့်မည်။

တရားမျှတသောကမ္ဘာရှိ အသက်တာ

ဘုရားသခင့်နိုင်ငံတော်အုပ်ချုပ်မှုအောက်တွင် အသက်ရှင်ရခြင်းသည် မည်သို့ဖြစ်မည်ကို စဉ်းစားကြည့်ပါ။ ရာဇဝတ်မှုနှင့် အကြမ်းဖက်မှုသည် အတိတ်တွင်ကျန်ခဲ့သည့် အရာများဖြစ်သွားမည်။ (သု. ၂:၂၁၊ ၂၂) စီးပွားရေးမတရားမှုများ ရှိတော့မည်မဟုတ်ပါ။ (ဆာလံ ၃၇:၆; ၇၂:၁၂၊ ၁၃; ဟေရှာယ ၆၅:၂၁-၂၃) လူမှုရေး၊ လူမျိုးရေး၊ လူမျိုးနွယ်နှင့် လူမျိုးစုခွဲခြားမှုများတို့သည် စိုးစဉ်းမျှရှိတော့မည်မဟုတ်။ (တမန်တော် ၁၀:၃၄၊ ၃၅) စစ်ပွဲများနှင့် စစ်လက်နက်ပစ္စည်းများလည်း မရှိတော့ပေ။ (ဆာလံ ၄၆:၉) သန်းပေါင်းများစွာသော သေလွန်သူများသည် မတရားမှုကင်းမဲ့သောကမ္ဘာတွင် အသက်ပြန်ရှင်လာကြလိမ့်မည်။ (တမန်တော် ၂၄:၁၅) လူတိုင်း၏ကျန်းမာရေးသည် စုံလင်၍ ဒေါင်ဒေါင်မြည်ဖြစ်လာလိမ့်မည်။ (ယောဘ ၃၃:၂၅; ဗျာဒိတ် ၂၁:၃၊ ၄) “[ယေရှုခရစ်] သည်တရားတော်ကို ဟုတ်မှန်စွာထုတ်ဖော်လိမ့်မည်” ဟုသမ္မာကျမ်းစာက ကျွန်ုပ်တို့ကိုစိတ်ချစေသည်။—ဟေရှာယ ၄၂:၃၊ သမ္မာ။

ဤအချိန်အတောအတွင်း မတရားမှုနှင့် ကျွန်ုပ်တို့ကြုံတွေ့နိုင်သော်လည်း မည်သည့်အခါမျှ မတရားမှုဖြင့် မတုံ့ပြန်မိပါစေနှင့်။ (မိက္ခာ ၆:၈) မတရားသဖြင့်ပြုခံရသည့်အခါ၌ပင် အပြုသဘောကို ဆက်လက်ထိန်းသိမ်းထားနိုင်ပါစေ။ မကြာမီ ကတိထားရာ တရားမျှတသောကမ္ဘာသည် ဧကန်မုချဖြစ်ပေါ်လာပါလိမ့်မည်။ (၂ တိမောသေ ၃:၁-၅; ၂ ပေတရု ၃:၁၁-၁၃) အနန္တတန်ခိုးရှင်ဘုရားသခင်သည် ကတိပြုထားတော်မူပြီး ယင်းသည် “ဖြစ်လိမ့်မည်။” (ဟေရှာယ ၅၅:၁၀၊ ၁၁) ဘုရားသခင်တောင်းဆိုထားရာများကို သင်ယူခြင်းအားဖြင့် အဆိုပါတရားမျှတသောကမ္ဘာတွင် အသက်ရှင်ရန် အသင့်ပြင်ဆင်ရမည့်အချိန်မှာ ယခုအချိန်ပင်ဖြစ်သည်။—ယောဟန် ၁၇:၃; ၂ တိမောသေ ၃:၁၆၊ ၁၇။

[စာမျက်နှာ ၇ ပါ ရုပ်ပုံ]

ဘုရားသခင်ကတိထားရာ ကမ္ဘာသစ်တွင် မတရားမှုဟူသမျှ ပယ်ဖျက်ခံရလိမ့်မည်

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ