‘မျက်မှောက်မမြင်ဘဲ ယုံကြည်မျှော်လင့်လျက် ကျင့်ဆောင်ပြုမူခြင်း’
“မျက်မှောက်မမြင်ဘဲ ယုံကြည်မျှော်လင့်ခြင်းရှိသည်အတိုင်း၊ ငါတို့သည် ကျင့်ဆောင်ပြုမူကြသည်။”—၂ ကောရိန္သု ၅:၇။
၁။ ‘ယုံကြည်သည်အတိုင်း ကျင့်’ ခြင်းကား အဘယ်အရာကိုဆိုလိုသနည်း။
ဘုရားသခင့်စကားတော်၌ ဖော်ပြထားသော ညွှန်ကြားချက်များနှင့်အညီ ဆုတောင်းသည့်အခါတိုင်း ကျွန်ုပ်တို့သည် အနည်းဆုံးတော့ ယုံကြည်ခြင်း အတော်အသင့်ရှိကြောင်း တင်ပြကြ၏။ ဘုရားသခင့်နိုင်ငံတော်အကြောင်း စတင်သက်သေခံသည့်အခါ၌လည်း ကျွန်ုပ်တို့သည် ယုံကြည်ခြင်းကိုတင်ပြကြသည်။ ထို့နောက် ယေဟောဝါထံ ကျွန်ုပ်တို့ကိုယ်ကို ဆက်ကပ်အပ်နှံကြသည့်အခါ ‘ယုံကြည်သည်အတိုင်း ကျင့်’ လိုကြောင်း ကျွန်ုပ်တို့သက်သေထူကြ၏၊ ဆိုလိုသည်ကား၊ ယုံကြည်ခြင်းအားဖြင့် ထိန်းချုပ်ထားသည့် ဘဝပုံစံကိုလိုက်လျှောက်ရန်ဖြစ်သည်။—၂ ကောရိန္သု ၅:၇; ကောလောသဲ ၁:၉၊ ၁၀။
၂။ အသင်းတော်ဆောင်ရွက်မှုများတွင် ပါဝင်ရုံဖြင့် သူတစ်ဦးသည် ယုံကြည်ခြင်းရှိသည်ဟု အဘယ်ကြောင့်သက်သေမထူနိုင်သနည်း။
၂ ယင်းအကျင့်နှင့်အညီ တကယ်အသက်ရှင်မည်ဆိုလျှင် ကောင်းစွာအခြေချထားသောယုံကြည်ခြင်း ရှိဖို့လိုပါသည်။ (ဟေဗြဲ ၁၁:၁၊ ၆) လူများစွာတို့သည် ယေဟောဝါသက်သေများထံသို့ ဆွဲဆောင်ခံရခြင်းအကြောင်းမှာ သူတို့၏မြင့်မားသော အကျင့်စံနှုန်းများနှင့် သက်သေခံအချင်းချင်းတင်ပြကြသည့် ချစ်ခြင်းမေတ္တာကို တွေ့မြင်ကြသောကြောင့်ဖြစ်သည်။ ယင်းသည် အစကောင်းဖြစ်၏၊ သို့သော် ယင်းကိုယ်နှိုက်က ဤသူတို့တွင် ယုံကြည်ခြင်းရှိသည်ဟု မဆိုနိုင်ပေ။ အခြားသူများမှာမူ ယုံကြည်ခြင်းခိုင်ခံ့သည့် အိမ်ထောင်ဖက် သို့မဟုတ် မိဘတစ်ဦးရှိပေမည်၊ သူတို့ချစ်မြတ်နိုးရသော ထိုသူ၏လုပ်ဆောင်မှုအချို့တွင် သူတို့ပါဝင်ကောင်းပါဝင်နေပေမည်။ မိမိအိမ်တွင် ဤကဲ့သို့သောသြဇာလွှမ်းမိုးမှုရှိခြင်းကား ကောင်းချီးတစ်ရပ်ပင်ဖြစ်သည်။ သို့သော် ယင်းသည်လည်း ဘုရားသခင်ကိုချစ်သည့် ကိုယ်ပိုင်မေတ္တာနှင့် ကိုယ်ပိုင်ယုံကြည်ခြင်းဖြင့်အစားထိုး၍မရချေ။—လုကာ ၁၀:၂၇၊ ၂၈။
၃။ (က) ကောင်းစွာအခြေချထားသောယုံကြည်ခြင်းရှိဖို့ သမ္မာကျမ်းစာနှင့်ပတ်သက်၍ ကျွန်ုပ်တို့ကိုယ်တိုင် အဘယ်ခံယူချက်မျိုး ရှိရမည်နည်း။ (ခ) အချို့သူတို့သည် သမ္မာကျမ်းစာမှာ မှုတ်သွင်းခံခြင်းအားဖြင့်ဖြစ်ကြောင်း အခြားသူများထက် အဘယ်ကြောင့် လွယ်လင့်တကူယုံကြည်လာကြသနည်း။
၃ ယုံကြည်သည်အတိုင်း တကယ်ကျင့်သူတို့ကား သမ္မာကျမ်းစာသည် ဘုရားသခင့်စကားတော်ဖြစ်ကြောင်း အပြည့်အဝယုံကြည်ကြသူများဖြစ်သည်။ သမ္မာကျမ်းစာသည် အမှန်ပင် “ဘုရားသခင်မှုတ်သွင်းတော်မူ” ခြင်းအားဖြင့်ဖြစ်ကြောင်း သာဓကများစွာရှိပါသည်။a (၂ တိမောသေ ၃:၁၆) လူတစ်ဦးသည် ဤသာဓကကို မယုံကြည်မီ မည်မျှတိုင်ဆန်းစစ်ရမည်နည်း။ ၎င်းသည် သူ၏နောက်ခံအပေါ် မူတည်ပေမည်။ တစ်ဦးအတွက် ကျေနပ်စရာသည် အခြားတစ်ဦးအတွက် လက်ခံနိုင်စရာ ဖြစ်ချင်မှဖြစ်မည်။ အချို့သောကိစ္စများတွင် လူတစ်ဦးအား မချေပနိုင်လောက်သောသာဓက မြောက်မြားစွာတင်ပြလျက်ပင် ညွှန်ပြနေသည့်အဖြေကို ထိုသူငြင်းပယ်နေတုန်းပင်ဖြစ်ပေမည်။ အဘယ်ကြောင့်နည်း။ နှလုံးအတွင်းရှိ စိတ်ဆန္ဒများကြောင့်ဖြစ်သည်။ (ယေရမိ ၁၇:၉) သို့ဖြစ်၍ တစ်ဦးတစ်ယောက်သည် ဘုရားသခင့်ရည်ရွယ်ချက်ကို စိတ်ဝင်စားပါသည်ဟုဆိုသော်လည်း လောက၏ သဘောကျနှစ်သက်မှုကို လိုချင်တောင့်တနေပေမည်။ သူသည် ကျမ်းစာစံနှုန်းများနှင့် ဆန့်ကျင်သည့် ဘဝလမ်းစဉ်ကို လက်မလွှတ်လိုဘဲနေပေလိမ့်မည်။ သို့သော် တစ်ဦးတစ်ယောက်သည် အမှန်တရားကို တကယ်ဆာငတ်သူဖြစ်မည်၊ စိတ်ရိုးမှန်ရှိမည်၊ နှိမ့်ချမှုရှိမည်ဆိုလျှင် သမ္မာကျမ်းစာသည် ဘုရားသခင့်စကားတော်အမှန်ဖြစ်ကြောင်း အတန်ကြာလေသော် အသိအမှတ်ပြုလာပါလိမ့်မည်။
၄။ ယုံကြည်ခြင်းရှိရန် တစ်ဦးစီအနေနှင့် အဘယ်အရာပြုလုပ်ရန် လိုအပ်သနည်း။
၄ မကြာခဏဆိုသလို လအနည်းငယ်တွင်ပင် သမ္မာကျမ်းစာကို လေ့လာကြသူတို့က ယင်းသည် ဘုရားသခင့်စကားတော်ဖြစ်ကြောင်း သာဓကအလုံအလောက် တွေ့ရှိခဲ့ကြပါသည်။ ယင်းက ယေဟောဝါ၏သွန်သင်မှုကိုခံယူရန် သူတို့၏နှလုံးကိုဖွင့်ပေးဖို့ တိုက်တွန်းပေးမည်ဆိုလျှင် သူတို့၏စိတ်နှလုံးအကြံအစည်၊ သူတို့၏လိုအင်ဆန္ဒနှင့် လှုံ့ဆော်တိုက်တွန်းမှုများသည် သူတို့သိရှိလာသောအရာများအားဖြင့် တဖြည်းဖြည်းပုံသွင်းခံရပေလိမ့်မည်။ (ဆာလံ ၁၄၃:၁၀) တစ်ဦးတစ်ယောက်သည် “စိတ်နှလုံးဖြင့်” ယုံကြည်တတ်၏ဟု ရောမ ၁၀:၁၀ ကဆိုပါသည်။ ယင်းသို့သောယုံကြည်ခြင်းက ထိုသူ၏ခံစားချက်အမှန်ကို အပြည့်အဝဖော်ပြပြီး သူ၏ဘဝလမ်းစဉ်တွင် ၎င်းသည် ထင်ရှားလာပါလိမ့်မည်။
ကောင်းစွာအခြေချထားသော ယုံကြည်ခြင်းအတိုင်း နောဧဆောင်ရွက်ခဲ့
၅၊ ၆။ နောဧ၏ယုံကြည်ခြင်းသည် အဘယ်အရာအပေါ်အခြေခံခဲ့သနည်း။
၅ ကောင်းစွာအခြေချထားသော ယုံကြည်ခြင်းရှိသူတို့တွင် နောဧသည် တစ်ဦးအပါအဝင်ဖြစ်သည်။ (ဟေဗြဲ ၁၁:၇) ယင်းအတွက် သူ၌ အဘယ်အခြေအမြစ်ရှိသနည်း။ နောဧ၌ ရေးသားထားချက်အဖြစ်မဟုတ်ဘဲ သူ့အားမြွက်ဆိုထားသည့် ဘုရားသခင့်စကားတော်ရှိခဲ့ပါသည်။ ကမ္ဘာဦး ၆:၁၃ ကဤသို့ဆိုသည်– “ဘုရားသခင်သည်၊ နောဧအားမိန့်တော်မူသည်ကား၊ ‘သတ္တဝါအပေါင်းတို့၏အဆုံးသည် ငါ့မျက်မှောက်တွင်ပေါ်လာပြီ။ သူတို့ကြောင့်မြေကြီးသည် အဓမ္မအမှုနှင့်ပြည့်စုံလေ၏။’” ယေဟောဝါသည် သင်္ဘောဆောက်ရန် နောဧကိုညွှန်ကြားပြီး ၎င်းဆောက်လုပ်ရေးအတွက် အသေးစိတ်ညွှန်ကြားချက်များ ပေးတော်မူခဲ့သည်။ ထို့နောက် ဘုရားသခင်က ဤသို့ထပ်ဆင့်မိန့်တော်မူသည်– “အသက်ရှင်သောသတ္တဝါအပေါင်းတို့ကို၊ ကောင်းကင်အောက်မှ ငါကိုယ်တိုင်ပယ်ရှင်းခြင်းငှာ၊ မြေကြီးကိုရေလွှမ်းမိုးစေသဖြင့်၊ မြေပေါ်မှာရှိသမျှတို့သည် သေရကြမည်။”—ကမ္ဘာဦး ၆:၁၄-၁၇။
၆ ထိုအချိန်မတိုင်မီက မိုးရွာဖူးပါသလော။ ရွာဖူးသည်ဟု သမ္မာကျမ်းစာ၌ မဖော်ပြထားပါ။ ကမ္ဘာဦး ၂:၅ က ဤသို့ဆိုသည်– “ထိုအခါထာဝရအရှင်ဘုရားသခင်သည် မြေပေါ်မှာမိုးကိုရွာစေတော်မမူသေး။” သို့သော် ယင်းသည် ရာစုနှစ်များစွာကြာမြင့်ပြီးနောက်မှ အသက်ရှင်ခဲ့သောမောရှေက နောဧခေတ်အကြောင်းမဟုတ်ဘဲ ထိုအချိန်မတိုင်မီ ကြာမြင့်စွာအချိန်ကာလအကြောင်းကို ဆွေးနွေးတင်ပြနေခြင်းဖြစ်သည်။ ကမ္ဘာဦး ၇:၄ ၌ဖော်ပြထားသည့်အတိုင်း နောဧအား ယေဟောဝါမိန့်မြွက်တော်မူစဉ် မိုးရွာခြင်းကိုညွှန်းခဲ့ရာ ကိုယ်တော် အဘယ်အရာကိုဆိုလိုကြောင်း နောဧသဘောပေါက်ပုံရှိသည်။ သို့တိုင် နောဧ၏ယုံကြည်ခြင်းသည် သူတွေ့မြင်နိုင်သောအရာအပေါ် မူမတည်ပါ။ နောဧသည် “မမြင်သေးသောအမှုအရာကိုဖော်ပြသော ဗျာဒိတ်တော်ကိုခံရ” ၏ဟုတမန်တော်ပေါလုက ရေးသားခဲ့သည်။ ကမ္ဘာဦး ၆:၁၇ ပါ ကမ္ဘာသစ်ဘာသာပြန်ကျမ်း၏ အောက်ခြေမှတ်ချက်၌ ဆိုထားသည့်အတိုင်း ဘုရားသခင်သည် မြေကြီးကို “ရေလွှမ်းမိုး” စေမည်၊ သို့မဟုတ် “ကောင်းကင်သမုဒ္ဒရာ” လွှမ်းစေမည်ဟု နောဧအား ကိုယ်တော်မိန့်တော်မူ၏။ ထိုအချိန်အထိ ဤကဲ့သို့ တစ်ခါမျှ မဖြစ်ဖူးခဲ့ချေ။ သို့သော် နောဧတွေ့မြင်နိုင်သမျှ ဖန်ဆင်းရာအားလုံးတို့က ဘုရားသခင်သည် ဤသို့ဖျက်ဆီးနိုင်သော ရေလွှမ်းမိုးဘေးကို အမှန်ပြုလုပ်နိုင်တော်မူကြောင်း အထင်အရှားသက်သေထူပါသည်။ နောဧသည် ယုံကြည်ခြင်း၏လှုံ့ဆော်မှုဖြင့် သင်္ဘောကို ဆောက်လုပ်ခဲ့၏။
၇။ နောဧသည် ဘုရားသခင့်အမိန့်တော်ကို ဆောင်ရွက်ရာတွင် အဘယ်အရာမလိုအပ်ခဲ့သနည်း။ (ခ) နောဧ၏ယုံကြည်ခြင်းကို သုံးသပ်ခြင်းမှ ကျွန်ုပ်တို့မည်သို့အကျိုးရရှိသနည်း၊ ကျွန်ုပ်တို့၏ယုံကြည်ခြင်းသည် အခြားသူများအတွက် မည်သို့ကောင်းချီးတစ်ရပ်ဖြစ်နိုင်မည်နည်း။
၇ ဘုရားသခင်သည် ရေလွှမ်းမိုးဘေး စတင်မည့်ရက်စွဲကို နောဧအား မပေးခဲ့ပါ။ သို့သော် နောဧသည် ယင်းကို ဆင်ခြေပေးချက်အဖြစ် အသုံးပြုကာ စောင့်ကြည့်သေးတာပေါ့ ဟူသောသဘောထားမျိုးဖြင့် သင်္ဘောဆောက်ခြင်းနှင့် ဟောပြောခြင်းကို သူ၏ဘဝတွင် ဒုတိယနေရာ၌မထားခဲ့ချေ။ အတန်ကြာမှ သင်္ဘောထဲဝင်ဖို့ နောဧကို ဘုရားသခင်မိန့်မှာတော်မူသည်။ ထိုအတောအတွင်း “မှာထားတော်မူသည်အတိုင်းလည်း နောဧပြုလေ၏။” (ကမ္ဘာဦး ၆:၂၂) နောဧသည် မျက်မှောက်မမြင်ဘဲ ယုံကြည်သည်အတိုင်း ကျင့်ခဲ့သည်။ ထိုသို့ပြုမူခဲ့သဖြင့် မည်မျှကျေးဇူးတင်စရာပါတကား! သူ၏ယုံကြည်ခြင်းကြောင့် ယနေ့ ကျွန်ုပ်တို့အသက်ရှင်နေကြရသည်။ ကျွန်ုပ်တို့၏အဖြစ်အပျက်၌လည်း ကျွန်ုပ်တို့တင်ပြကြသောယုံကြည်ခြင်းသည် ကျွန်ုပ်တို့အတွက်သာမက ကျွန်ုပ်တို့၏ကလေးများနှင့် အခြားသူတို့၏ အနာဂတ်ရေးအပေါ် အကျိုးများစွာ သက်ရောက်နိုင်ပါသည်။
အာဗြဟံ၏ယုံကြည်ခြင်း
၈၊ ၉။ (က) အာဗြဟံသည် သူ၏ယုံကြည်ခြင်းကို အဘယ်အရာအပေါ်အခြေပြုခဲ့သနည်း။ (ခ) ယေဟောဝါသည် အဘယ်နည်းဖြင့် အာဗြဟံရှေ့တွင် “ထင်ရှားတော်” မူခဲ့သနည်း။
၈ နောက်ထပ်ပုံသက်သေဖြစ်သော အာဗြဟံနှင့်ပတ်သက်၍ သုံးသပ်ကြည့်ပါ။ (ဟေဗြဲ ၁၁:၈-၁၀) အာဗြဟံသည် သူ၏ယုံကြည်ခြင်းကို အဘယ်အရာအပေါ်အခြေစိုက်ထားခဲ့သနည်း။ သူကြီးပြင်းခဲ့သော ခါလဒဲတို့၏ ဥရမြို့ပတ်ဝန်းကျင်သည် အရုပ်ကိုးကွယ်ခြင်းနှင့် စည်းစိမ်ဥစ္စာရှာဖွေခြင်းကို အသားပေးခဲ့ပါသည်။ သို့သော် အခြားသြဇာလွှမ်းမိုးမှုများက အာဗြဟံ၏ ရှုမြင်ပုံကို ပုံသွင်းပေးခဲ့၏။ သူ၏အသက်နှင့် အနှစ် ၁၅၀ မျှထပ်ခဲ့သော နောဧ၏သား ရှေမနှင့် ပေါင်းသင်းဆက်ဆံမှုပြုလုပ်နိုင်ခဲ့မည်ကား အမှန်ပင်။ ယေဟောဝါသည် “ကောင်းကင်မြေကြီးရှင်၊ အမြင့်ဆုံးသောဘုရားသခင်” ဖြစ်တော်မူကြောင်း အာဗြဟံယုံကြည်စိတ်ချလာလေသည်။—ကမ္ဘာဦး ၁၄:၂၂။
၉ အခြားအရာတစ်ခုကလည်း အာဗြဟံကို အကြီးအကျယ်သြဇာညောင်းခဲ့၏။ ယေဟောဝါသည် “အာဗြဟံ . . . ခါရန်မြို့၌မနေမီ၊ မေသောပေါတာမိတိုင်း၌ရှိစဉ်အခါ၊ . . . ထင်ရှားတော်မူ၍၊ ‘သင်နေသောပြည်နှင့်တကွ အမျိုးသားချင်းများထဲကထွက်ပြီးလျှင်၊ ငါပြလတ္တံ့သောပြည်သို့သွားလော့’ ဟုအာဗြဟံအားမိန့်တော်မူ၏။” (တမန်တော် ၇:၂၊ ၃) ယေဟောဝါသည် အာဗြဟံရှေ့ အဘယ်နည်းဖြင့် “ထင်ရှားတော်” မူသနည်း။ ဘုရားသခင်အား အာဗြဟံတိုက်ရိုက်မမြင်ခဲ့ပါ။ (ထွက်မြောက်ရာ ၃၃:၂၀) သို့ရာတွင် ဖြစ်နိုင်သည်မှာ ယေဟောဝါသည် အာဗြဟံ၏အိပ်မက်တွင် သဘာဝထက်လွန်ကဲသော ဘုန်းတန်ခိုးဖြင့်သော်လည်းကောင်း၊ သတင်းသယ်ဆောင်သောကောင်းကင်တမန် သို့မဟုတ် ကိုယ်စားလှယ်တစ်ဦးအားဖြင့်သော်လည်းကောင်း ထင်ရှားတော်မူခြင်းဖြစ်ပေမည်။ (ကမ္ဘာဦး ၁၈:၁-၃; ၂၈:၁၀-၁၅; ဝတ်ပြုရာ ၉:၄၊ ၆၊ ၂၃၊ ၂၄ နှိုင်းယှဉ်။) ယေဟောဝါသည် အာဗြဟံရှေ့ မည်သည့်နည်းဖြင့်မဆို ထင်ရှားစေခဲ့ကာမူ ထိုသစ္စာရှိသူက ဘုရားသခင်သည် မိမိကို တန်ဖိုးရှိသောအခွင့်အရေးတစ်ခု ပေးသနားနေတော်မူကြောင်း ယုံကြည်စိတ်ချလေသည်။ အာဗြဟံသည် ယုံကြည်သည်အတိုင်း တုံ့ပြန်ခဲ့၏။
၁၀။ ယေဟောဝါသည် အာဗြဟံ၏ယုံကြည်ခြင်းကို မည်သို့ခိုင်ခံ့စေတော်မူခဲ့သနည်း။
၁၀ အာဗြဟံ၏ယုံကြည်ခြင်းသည် သူ့ကို ဘုရားသခင်ပို့ဆောင်နေတော်မူသော ပြည်နှင့်ပတ်သက်၍ အသေးစိတ်အချက်အလက်များ သိရှိခြင်းအပေါ် မူမတည်ခဲ့ပါ။ ထိုပြည်ကို သူ့အား အဘယ်အချိန်တွင် ပေးမည်အကြောင်းသိရှိထားရခြင်းအပေါ်လည်း မူမတည်ပေ။ ယေဟောဝါအား အတိုင်းအဆမရှိတန်ခိုးရှင်အဖြစ် သိရှိထားသောကြောင့် သူ့မှာ ယုံကြည်ခြင်းရှိ၏။ (ထွက်မြောက်ရာ ၆:၃) အာဗြဟံသည် ကလေးရမည်ဟု ယေဟောဝါမိန့်တော်မူခဲ့သော်လည်း ယင်းသို့ အဘယ်နည်းဖြင့်ဖြစ်နိုင်မည်နည်းဟု တစ်ခါတစ်ရံ သူတွေးမိခဲ့သည်။ မိမိသည် အသက်ကြီးနေပေပြီ။ (ကမ္ဘာဦး ၁၅:၃၊ ၄) ယေဟောဝါသည် ကြယ်များကိုရေတွက်နိုင်လျှင်၊ ရေတွက်ရန် မိန့်မှာခြင်းဖြင့် အာဗြဟံ၏ယုံကြည်ခြင်းကို ခိုင်ခံ့စေတော်မူခဲ့သည်။ “သင်၏အမျိုးအနွယ်သည် ထိုသို့ဖြစ်လိမ့်မည်” ဟုဘုရားသခင်မိန့်ဆို၏။ ထိုအခါ အာဗြဟံသည် အလွန်စိတ်လှုပ်ရှားသွားလေသည်။ ၎င်းအံ့သြဖွယ်ကောင်းသော ကောင်းကင်ခန္ဓာများကို ဖန်ဆင်းတော်မူသောအရှင်သည် ကတိရှိသည်အတိုင်း ဖြစ်စေနိုင်တော်မူကြောင်း ထင်ရှားပါ၏။ အာဗြဟံသည် “ထာဝရဘုရားကိုယုံကြည်သည်။” (ကမ္ဘာဦး ၁၅:၅၊ ၆) အာဗြဟံသည် ကြားနာသောစကားကို နှစ်သက်သောကြောင့်သာ ယုံကြည်သည်မဟုတ်ပါ; သူ၌ အခြေအမြစ်ကောင်းသောယုံကြည်ခြင်း ရှိပါသည်။
၁၁။ (က) အာဗြဟံသည် အသက် ၁၀၀ နီးကပ်လာသောအခါ အသက်ကြီးပြီဖြစ်သော စာရာအားဖြင့်သားဖွားမည်ဟူသော ဘုရားသခင်၏ကတိတော်ကို သူမည်သို့တုံ့ပြန်သနည်း။ (ခ) အာဗြဟံသည် မိမိ၏သားကိုမီးရှို့ရာယဇ်အဖြစ် ပူဇော်ဖို့ မောရိတောင်သို့ခေါ်သွားရာ၌ ခံခဲ့ရသောစမ်းသပ်ချက်ကို အဘယ်ယုံကြည်ခြင်းမျိုးဖြင့် ဆောင်ရွက်ခဲ့သနည်း။
၁၁ အာဗြဟံသည် အသက် ၁၀၀၊ သူ၏ဇနီး စာရာသည် အသက် ၉၀ နီးလာကြသောအခါ အာဗြဟံသည် သားရမည်ဖြစ်ပြီး စာရာသည်မိခင်ဖြစ်မည်ဟု ယေဟောဝါက ထပ်မံမိန့်တော်မူ၏။ အာဗြဟံသည် မိမိတို့၏အခြေအနေကို ယုတ္တိတန်စွာ တွေးတောခဲ့သည်။ သို့သော် သူသည် “ယုံမှားသောစိတ်နှင့်ကင်း၍ ဘုရားသခင်၏ကတိတော်ကိုတွေးတောခြင်းမရှိ၊ ယုံကြည်အားကြီးသဖြင့် ဘုရားသခင်ကိုချီးမွမ်း၍၊ ကတိထားတော်မူသောသူသည် ကတိတော်အတိုင်း တတ်နိုင်တော်မူသည်ကို စွဲလမ်းလေ၏။” (ရောမ ၄:၁၉-၂၁) ဘုရားသခင်၏ကတိတော်သည် ပျက်မည်မဟုတ်ကြောင်း အာဗြဟံသိထားပါသည်။ နောင်တွင်သူ၏ယုံကြည်ခြင်းကြောင့် သားကိုမီးရှို့ရာယဇ်အဖြစ် ပူဇော်ဖို့ မောရိပြည်သို့သွားရန် သူ့အား ဘုရားသခင်မိန့်မှာတော်မူသည်အတိုင်း ပြုလုပ်နိုင်ခဲ့သည်။ (ကမ္ဘာဦး ၂၂:၁-၁၂) ထိုသားကို အံ့ဖွယ်နည်းဖြင့် ဖွားမြင်စေတော်မူသော ဘုရားသခင်သည် မိမိသားနှင့်ပတ်သက်သော ထပ်ဆင့်ကတိတော်များကို ပြည့်စုံစေရန် သူ့ကိုပြန်ရှင်စေနိုင်တော်မူမည်ဟု အာဗြဟံအပြည့်အဝယုံကြည်ပါသည်။—ဟေဗြဲ ၁၁:၁၇-၁၉။
၁၂။ အာဗြဟံသည် အဘယ်မျှကာလပတ်လုံး ယုံကြည်ခြင်းအတိုင်း ဆက်လက်ကျင့်ဆောင်ခဲ့သနည်း၊ ခိုင်ခံ့သောယုံကြည်ခြင်းရှိသည့် သူနှင့် သူ့မိသားစုအတွက် အဘယ်ဆုကျေးဇူး စောင့်ကြိုလျက်ရှိသနည်း။
၁၂ မိမိသည် ယုံကြည်ခြင်းဖြင့်ထိန်းချုပ်ထားကြောင်း အချို့အချိန်အခါများ၌သာမဟုတ်ဘဲ ဘဝတစ်လျှောက်လုံး အာဗြဟံတင်ပြခဲ့သည်။ သူအသက်ရှင်စဉ် အမွေအဖြစ် ကတိထားရာပြည်တော်မှ အဘယ်နယ်မြေအစိတ်အပိုင်းတစ်ခုကိုမျှ ဘုရားသခင့်ထံတော်မှ သူမရရှိခဲ့ပါ။ (တမန်တော် ၇:၅) သို့တိုင် အာဗြဟံသည် ပင်ပန်းနွမ်းလျပြီး ခါလဒဲပြည် ဥရမြို့သို့ ပြန်မသွားခဲ့ချေ။ နှစ်ပေါင်း ၁၀၀ တိုင် သေသည်အထိ သူ့ကိုညွှန်ကြားခဲ့သောပြည်တွင် တဲရှင်များထိုးပြီး နေထိုင်ခဲ့ပါသည်။ (ကမ္ဘာဦး ၂၅:၇) သူနှင့် သူ၏ဇနီးစာရာ၊ သူတို့၏သားဣဇာက်နှင့် သူတို့၏မြေးယာကုပ်အကြောင်း ဟေဗြဲ ၁၁:၁၆ ကဤသို့ဆိုသည်– “ဘုရားသခင်သည် သူတို့၏ဘုရားဟူ၍ခေါ်ဝေါ်ခြင်းကို ရှက်တော်မမူ။ သူတို့နေစရာဖို့မြို့ကို တည်ထောင်တော်မူပြီ။” မှန်ပါသည်၊ ယေဟောဝါသည် မိမိ၏မေရှိယနိုင်ငံတော် မြေကြီးရိုက်ရာတွင် သူတို့အတွက် နေရာချထားတော်မူ၏။
၁၃။ ယနေ့ ယေဟောဝါ၏ကျေးကျွန်တို့တွင် အာဗြဟံကဲ့သို့သောယုံကြည်ခြင်းမျိုးရှိကြောင်း မည်သူတို့က သက်သေထူနေကြသနည်း။
၁၃ ယနေ့ ယေဟောဝါ၏လူတို့တွင် အာဗြဟံကဲ့သို့သောသူများရှိကြပါသည်။ သူတို့သည် နှစ်ပေါင်းများစွာ ယုံကြည်သည်အတိုင်း လိုက်လျှောက်ခဲ့ကြပြီ။ ဘုရားသခင်ပေးသောခွန်အားဖြင့် တောင်တမျှကြီးမားသောအတားအဆီးများကို သူတို့ကျော်လွှားခဲ့ကြပြီ။ (မဿဲ ၁၇:၂၀) သူတို့သည် ကတိရှိတော်မူသောအမွေကို အဘယ်အချိန်တွင် ဘုရားသခင်ပေးတော်မူမည်အကြောင်း မသိသဖြင့် ယုံကြည်ခြင်းတွင် တိမ်းယိမ်း၍မနေကြပါ။ ယေဟောဝါ၏စကားတော်သည် မအောင်မြင်ဘဲနေမည်မဟုတ်ကြောင်း သူတို့သိရှိကြပြီး ကိုယ်တော်၏သက်သေခံများတွင် ရေတွက်ခံရခွင့်ကို သူတို့တန်ဖိုးထားကြပါသည်။ ယင်းသို့ သင်ခံစားရပါသလော။
မောရှေကိုစေ့ဆော်ပေးသည့် ယုံကြည်ခြင်း
၁၄။ မောရှေ၏ယုံကြည်ခြင်းအတွက် မည်သို့အုတ်မြစ်ချခဲ့သနည်း။
၁၄ ယုံကြည်ခြင်းပုံသက်သေရှိသူ အခြားတစ်ဦးမှာ မောရှေဖြစ်သည်။ သူ၏ယုံကြည်ခြင်းအတွက် အုတ်မြစ်ကားအဘယ်နည်း။ ယင်းကို သူငယ်ဘဝကပင် အုတ်မြစ်ချထားခဲ့၏။ ဖာရော၏သမီးတော်သည် နိုင်းလ်မြစ်၌ ပါပိုင်းရတ်ကျူဖာလေးထဲတွင် မောရှေကိုတွေ့ပြီး သူမ၏သားအဖြစ် မွေးစားခဲ့သော်လည်း မောရှေ၏ဟေဗြဲမိခင်ရင်း ယောခေဗက်ကိုယ်တိုင်သည် သူငယ်ကို ကလေးဘဝတွင် ကြည့်ရှုစောင့်ရှောက်ပေးခဲ့သည်။ ယောခေဗက်သည် သူ့ကို ယေဟောဝါအားချစ်မြတ်နိုးရန်နှင့် အာဗြဟံအားပေးခဲ့သော ကတိတော်များကို တန်ဖိုးထားလေးမြတ်ရန် ကောင်းစွာသွန်သင်ပေးခဲ့ပုံရှိသည်။ နောက်ပိုင်းတွင် ဖာရော၏နန်းတော်သားဝင်တစ်ဦးအဖြစ် မောရှေသည် “အဲဂုတ္တုအတတ်ပညာအလုံးစုံတို့ကိုသင်” ယူခဲ့ရပါသည်။ (တမန်တော် ၇:၂၀-၂၂; ထွက်မြောက်ရာ ၂:၁-၁၀; ၆:၂၀; ဟေဗြဲ ၁၁:၂၃) ဤမျှအခွင့်သာခဲ့သော်လည်း မောရှေသည် ကျွန်ဘဝတွင်ရှိသော ဘုရားသခင့်လူမျိုးကို တွယ်တာပါသည်။
၁၅။ ယေဟောဝါ၏လူမျိုးတွင် မိမိပါဝင်ကြောင်း တင်ပြခြင်းကား မောရှေအတွက် အဘယ်သဘောသက်ရောက်စေသနည်း။
၁၅ မောရှေသည် အသက် ၄၀ အရွယ်တွင် မတရားပြုမူခံနေရသော ဣသရေလလူတစ်ဦးကို ကယ်နုတ်ရန် အီဂျစ်တစ်ဦးအား ကွပ်မျက်ခဲ့သည်။ ဤဖြစ်ရပ်က ဘုရားသခင့်လူမျိုးအပေါ် မောရှေ၏ရှုမြင်ပုံကို တင်ပြလေသည်။ အမှန်တကယ်ပင် “ယုံကြည်ခြင်းအားဖြင့် မောရှေသည် အရွယ်ရောက်သည့်ကာလ၊ ဖာရောမင်းသမီးတော်၏သားတော်ဘွဲ့ကို ငြင်းဆို” ခဲ့သည်။ အီဂျစ်နန်းတွင်းသားတစ်ဦးအဖြစ် “အပြစ်၌ ခေတ္တပျော်ပါး” မည့်အစား ဘုရားသခင့်လူတို့နှင့်အတူ ညှဉ်းဆဲခံဖို့ ယုံကြည်ခြင်းက သူ့ကို တိုက်တွန်းပေးခဲ့သည်။—ဟေဗြဲ ၁၁:၂၄-၂၅၊ သမ; တမန်တော် ၇:၂၃-၂၅။
၁၆။ ယေဟောဝါသည် မောရှေကို အဘယ်တာဝန်အပ်နှင်းခဲ့သနည်း၊ ဘုရားသခင်သည် သူ့ကို မည်သို့ကူညီပေးတော်မူသနည်း။ (ခ) သူ၏တာဝန်ကို ထမ်းဆောင်ရာတွင် မောရှေသည် ယုံကြည်ခြင်းရှိကြောင်း မည်သို့တင်ပြခဲ့သနည်း။
၁၆ မောရှေသည် မိမိလူမျိုးကိုကယ်နုတ်ရန် စိတ်စောခဲ့ပါသည်၊ သို့သော် သူတို့အားကယ်နုတ်ဖို့ ဘုရားသခင့်အချိန်မတိုင်သေးပေ။ သို့ဖြစ်၍ အီဂျစ်ပြည်မှ မောရှေထွက်ပြေးခဲ့ရ၏။ နောင်နှစ်ပေါင်း ၄၀ ကြာမှ ကောင်းကင်တမန်တစ်ပါးမှတစ်ဆင့် မောရှေကို ယေဟောဝါတာဝန်ပေးတော်မူပြီး အီဂျစ်ပြည်သို့ပြန်သွားစေကာ ယင်းပြည်ရှိ ဣသရေလလူတို့ကို ကယ်နုတ်ရန် ဦးဆောင်စေသည်။ (ထွက်မြောက်ရာ ၃:၂-၁၀) မောရှေသည် မည်သို့တုံ့ပြန်သနည်း။ ဣသရေလလူမျိုးကို ယေဟောဝါကယ်နုတ်နိုင်တော်မူကြောင်း သံသယကင်းသော်လည်း မိမိ၌အပ်နှင်းထားသောတာဝန်ကို မစွမ်းဆောင်နိုင်ဟု အားငယ်ခဲ့သည်။ ထိုအခါ မောရှေလိုအပ်သောအားပေးမှုကို မေတ္တာရှိစွာ ယေဟောဝါပေးသနားတော်မူ၏။ (ထွက်မြောက်ရာ ၃:၁၁–၄:၁၇) မောရှေ၏ယုံကြည်ခြင်း ခိုင်ခံ့လာပါသည်။ သူသည် အီဂျစ်ပြည်သို့ပြန်သွားပြီး ယေဟောဝါအားကိုးကွယ်ရန် ဣသရေလလူမျိုးကို မစေလွှတ်သောကြောင့် အီဂျစ်အပေါ် ကပ်ဘေးများကျရောက်လိမ့်မည်ဟု ဖာရောကို မျက်နှာချင်းဆိုင်၍ ထပ်ခါတလဲသတိပေးခဲ့ပါသည်။ ထိုကပ်ဘေးများကျရောက်စေရန် မောရှေ၌ အစွမ်းတန်ခိုးမရှိပါ။ သူသည် မျက်မှောက်မမြင်ဘဲ ယုံကြည်မျှော်လင့်သည်အတိုင်း ကျင့်ခဲ့သည်။ ယေဟောဝါနှင့် ကိုယ်တော်၏စကားတော်ကို သူယုံကြည်အားထားခဲ့၏။ ဖာရောသည် မောရှေကို ခြိမ်းခြောက်ခဲ့ပါသည်။ သို့သော် မောရှေသည် စွဲစွဲမြဲမြဲရပ်တည်ခဲ့သည်။ “ယုံကြည်ခြင်းအားဖြင့် ရှင်ဘုရင်အမျက်ကိုမကြောက်ဘဲ၊ အဲဂုတ္တုပြည်ကိုစွန့်သွား၏။ အကြောင်းမူကား၊ မျက်မြင်မရသောဘုရားသခင်ကို မြင်ရဘိသကဲ့သို့ တည်ကြည်ခြင်းရှိ၏။” (ဟေဗြဲ ၁၁:၂၇) မောရှေသည် မစုံလင်ပါ။ အမှားများပြုခဲ့ပါသည်။ (တောလည်ရာ ၂၀:၇-၁၂) သို့သော် သူ့ကို ဘုရားသခင်တာဝန်အပ်နှင်းပြီးနောက် ယုံကြည်ခြင်းသည် သူ၏ဘဝလမ်းစဉ်ကို ထိန်းချုပ်ပေးခဲ့သည်။
၁၇။ နောဧ၊ အာဗြဟံနှင့် မောရှေတို့သည် ဘုရားသခင့်ကမ္ဘာသစ်ကို မတွေ့မြင်ခဲ့သည့်တိုင် ယုံကြည်သည်အတိုင်းကျင့်ဆောင်ခြင်းမှ သူတို့ အဘယ်အကျိုးရလဒ်ရရှိကြမည်နည်း။
၁၇ ကျွန်ုပ်တို့တစ်ဦးစီ၏ယုံကြည်ခြင်းသည် နောဧ၊ အာဗြဟံနှင့် မောရှေတို့ကဲ့သို့ဖြစ်ပါလေစေ။ အမှန်မှာ သူတို့ခေတ်တွင် ဘုရားသခင့်ကမ္ဘာသစ်ကို မတွေ့ခဲ့ကြပါ။ (ဟေဗြဲ ၁၁:၃၉) ဘုရားသခင်ခန့်အပ်ထားချိန်မတိုင်သေး၍ ကိုယ်တော့်ရည်ရွယ်တော်မူချက်နှင့်ဆိုင်သော ဖြစ်ပျက်လာရဦးမည့်အမှုများ ရှိနေပါသေးသည်။ သို့တိုင် ဘုရားသခင့်စကားတော်အပေါ် သူတို့၏စိတ်ချယုံကြည်မှုသည် ယိမ်းယိုင်မသွားခဲ့ပါ၊ ဘုရားသခင့်အသက်စာစောင်တွင် သူတို့၏ နာမည်စာရင်းဝင်နေကြပါသည်။
၁၈။ ကောင်းကင်အသက်တာသို့ ခေါ်တော်မူခြင်းခံရသူတို့သည် ယုံကြည်သည်အတိုင်း ကျင့်ဆောင်ဖို့ အဘယ်ကြောင့်လိုအပ်သနည်း။
၁၈ “ဘုရားသခင်သည် ငါတို့အဖို့အလိုငှာ သာ၍မြတ်သောကျေးဇူးကို ကြံစည်တော်မူ၏” ဟုတမန်တော်ပေါလုက ရေးသားခဲ့သည်။ ဆိုလိုသည်မှာ ပေါလုနည်းတူ ခရစ်တော်နှင့်တကွ ကောင်းကင်အသက်တာဝင်စားရန် ခေါ်တော်မူခြင်းခံရသူများအတွက် သာ၍မြတ်သောကျေးဇူးကို ဘုရားသခင်ကြံစည်ထားတော်မူကြောင်းဖြစ်သည်။ (ဟေဗြဲ ၁၁:၄၀) ၂ ကောရိန္သု ၅:၇ တွင်မှတ်တမ်းတင်ထားသောစကားများကို ပေါလုရေးသားစဉ်က ဤသူများကို အထူးရည်ညွှန်းနေခြင်းဖြစ်သည်– “မျက်မှောက်မမြင်ဘဲ ယုံကြည်မျှော်လင့်ခြင်းရှိသည်အတိုင်း၊ ငါတို့သည် ကျင့်ဆောင်ပြုမူကြသည်။” ယင်းကိုရေးသားစဉ်က သူတို့အနက် တစ်ဦးတစ်ယောက်မျှ ကောင်းကင်ဆုကျေးဇူးကို မခံစားရသေးပေ။ သူတို့၏ပကတိမျက်စိဖြင့် မမြင်ကြရသော်လည်း ယင်းကို အခိုင်အမာယုံကြည်စိတ်ချကြသည်။ ခရစ်တော်သည် သေခြင်းမှထမြောက်တော်မူ၍ ကောင်းကင်အသက်တာသို့ ထမြောက်သူတို့တွင် အဦးသီးသောအသီးဖြစ်တော်မူ၏။ ကိုယ်တော်သည် ကောင်းကင်သို့မတက်မီ ကိုယ်တော်အားတွေ့မြင်သူ ၅၀၀ ကျော်ရှိခဲ့သည်။ (၁ ကောရိန္သု ၁၅:၃-၈) ထိုယုံကြည်ခြင်းအားဖြင့် သူတို့၏ဘဝတစ်ခုလုံးကို ထိန်းချုပ်ပေးရန်အကြောင်းများစွာရရှိထားကြပါသည်။ ကျွန်ုပ်တို့လည်း ယုံကြည်မျှော်လင့်ခြင်းရှိသည်အတိုင်း၊ ကျင့်ရန်အကြောင်းရှိ၏။
၁၉။ ဟေဗြဲ ၁:၁၊ ၂ ၏ဖော်ပြထားချက်အရ ဘုရားသခင်သည် ကျွန်ုပ်တို့ကို မည်သူ့အားဖြင့် မိန့်မြွက်တော်မူခဲ့သနည်း။
၁၉ ယနေ့ ယေဟောဝါသည် မီးလောင်သောချုံတွင် မောရှေကိုမိန့်မှာတော်မူသကဲ့သို့ ကောင်းကင်တမန်မှတစ်ဆင့် မိမိ၏လူတို့နှင့် စကားပြောဆိုတော်မမူချေ။ သားတော်အားဖြင့် ဘုရားသခင်မိန့်မြွက်တော်မူခဲ့ပြီ။ (ဟေဗြဲ ၁:၁၊ ၂) သားတော်မှတစ်ဆင့် မိန့်မှာတော်မူသောစကားကို ကျမ်းစာတွင် မှတ်တမ်းတင်ထားပြီဖြစ်၍ ကမ္ဘာတစ်ဝန်းရှိ လူအသီးသီးတို့၏ဘာသာစကားသို့ ပြန်ဆိုထားစေတော်မူပြီ။
၂၀။ ကျွန်ုပ်တို့၏အခြေအနေသည် နောဧ၊ အာဗြဟံနှင့် မောရှေတို့ထက် မည်သို့ ပို၍သာသနည်း။
၂၀ ကျွန်ုပ်တို့သည် နောဧ၊ အာဗြဟံနှင့် မောရှေတို့ရရှိထားသည်ထက် ပို၍ရရှိထားကြ၏။ ကျွန်ုပ်တို့တွင် ဘုရားသခင်၏စကားတော်တစ်အုပ်လုံး ရရှိထားပြီဖြစ်ကာ ယင်းမှအများအပြားမှာ ပြည့်စုံခဲ့ပြီဖြစ်သည်။ စုံစမ်းနှောင့်ယှက်မှုအမျိုးမျိုးကြား သစ္စာရှိသော ယေဟောဝါ၏သက်သေများဖြစ်ကြောင်း တင်ပြခဲ့သော အမျိုးသားအမျိုးသမီးများအကြောင်း ကျမ်းစာဖော်ပြထားသမျှကိုထောက်ရှု၍ ဟေဗြဲ ၁၂:၁ ကဤသို့တိုက်တွန်းထားသည်– “ငါတို့သည် ခပ်သိမ်းသောဝန်တို့ကိုလည်းကောင်း၊ နှောင့်ယှက်တတ်သော ဒုစရိုက်ကိုလည်းကောင်း ပယ်ရှား၍၊ ငါတို့မျက်မှောက်၌ထားသော ပန်းတုံးတိုင်သို့ရောက်ခြင်းငှာ၊ အားမလျော့ဘဲပြေးကြကုန်အံ့။” ကျွန်ုပ်တို့၏ယုံကြည်ခြင်းကို အမှုမဲ့အမှတ်မဲ့သဘောမထားသင့်ပါ။ လွယ်လင့်တကူ “နှောင့်ယှက်တတ်သောဒုစရိုက်” သည်ယုံကြည်ခြင်းကင်းမဲ့ခြင်းဖြစ်သည်။ ကျွန်ုပ်တို့သည် ဆက်လက်၍ ‘ယုံကြည်သည်အတိုင်း ကျင့်’ လိုလျှင်ကြိုးစား၍တိုက်လှန်နေဖို့ လိုအပ်ပါသည်။
[အောက်ခြေမှတ်ချက်များ]
a ကင်းမျှော်စင်သမ္မာကျမ်းစာနှင့်ဝေစာအသင်း၊ နယူးယောက်မြို့မှထုတ်ဝေသည့် သမ္မာကျမ်းစာ—ဘုရားသခင့်နှုတ်ကပါဌ်တော်လော သို့မဟုတ် လူမှလော [လိပ်] ရှု။
သင်မည်သို့ ဖြေမည်နည်း
▫ ‘ယုံကြည်သည်အတိုင်း ကျင့်’ ရာတွင် အဘယ်အရာပါဝင်သနည်း။
▫ နောဧတင်ပြခဲ့သောယုံကြည်ခြင်းမှ ကျွန်ုပ်တို့ မည်သို့အကျိုးခံစားနိုင်သနည်း။
▫ အာဗြဟံတင်ပြခဲ့သော ယုံကြည်ခြင်းကား ကျွန်ုပ်တို့ကို မည်သို့အကူအညီပေးသနည်း။
▫ ယုံကြည်ခြင်း၏ပုံနမူနာတစ်ခုအဖြစ် မောရှေကို သမ္မာကျမ်းစာက အဘယ်ကြောင့်ညွှန်ပြသနည်း။
[စာမျက်နှာ ၁၀ ပါ ရုပ်ပုံ]
အာဗြဟံသည် ယုံကြည်သည်အတိုင်း ကျင့်ဆောင်ခဲ့
[စာမျက်နှာ ၁၀ ပါ ရုပ်ပုံ]
ဖာရောရှေ့ခစားချိန်တွင် မောရှေနှင့် အာရုန်တို့သည် ယုံကြည်ခြင်းတင်ပြခဲ့