ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၈ ၄/၁၅ စာ. ၂၈-၃၁
  • တပ်များ—အစဉ်လိုအပ်နေမည်လော

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • တပ်များ—အစဉ်လိုအပ်နေမည်လော
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၈
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ကမ္ဘာချီ “ရဲသား” တစ်ဦးကိုတောင့်တ
  • “ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား”
  • ဘုရားသခင်၏တပ်မဟာ တိုက်ပွဲဝင်
  • စစ်မရှိသည့်ကမ္ဘာတစ်ခုကို မြင်ယောင်ခြင်း
  • စစ်မှန်သော ငြိမ်သက်ခြင်း—အဘယ်ဇာစ်မြစ်မှနည်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၇
  • “သမ္မာတရားနှင့် ငြိမ်သက်ခြင်းကို မြတ်နိုးကြလော့”!
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၆
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၈
က၉၈ ၄/၁၅ စာ. ၂၈-၃၁

တပ်များ—အစဉ်လိုအပ်နေမည်လော

တပ်များသည် လူ့အင်အားအတော်များများကို ပျက်စီးစေခဲ့ပြီး လူတို့၏ပျော်ရွှင်မှုကိုလည်း ပျောက်ဆုံးစေခဲ့ပြီ။ သို့ဖြင့် အချို့က ‘လူသားသည် တပ်များကို ဖျက်သိမ်းရသည့်အထိ ကမ္ဘာပေါ် လုံခြုံမှုရရှိနိုင်မည်လော’ ဟုသိလိုကြသည်။ အစုလိုက်အပြုံလိုက်ဖျက်ဆီးနိုင်သော လက်နက်များသည် သက်ရှိအားလုံးကို မျိုးပြုတ်စေနိုင်သောကြောင့် ဤကိစ္စသည် သာ၍အရေးတကြီးဖြစ်လာပေပြီ။ တပ်မရှိသောကမ္ဘာကို မျှော်လင့်ရန် မည်မျှလက်တွေ့ကျပါသနည်း။

နိုင်ငံတကာဆက်ဆံရေးကောင်းမွန်မှုသည် ယုံကြည်စိတ်ချမှုရှိစေပြီး ယင်းသည် လက်နက်ဖျက်သိမ်းရေးအနည်းအကျဉ်းဖြစ်ပေါ်စေခဲ့ကြောင်း ရှေးအစဉ်အလာများစွာက ဖော်ပြသည်။ ဥပမာ၊ ကနေဒါနှင့် အမေရိကန်ပြည်ထောင်စုစပ်ကြား ယေဘုယျအားဖြင့် သင့်မြတ်မှုရှိခြင်းကြောင့် ရာစုနှစ်တစ်ခုခွဲကျော်ကြာ ၎င်းတို့မိုင် ၃,၀၀၀ ရှိနယ်စပ်တစ်လျှောက် စစ်တပ်များအကာအကွယ် မလိုအပ်ခဲ့ပါ။ အခြားနိုင်ငံများစွာကဲ့သို့ပင် နော်ဝေးနှင့်ဆွီဒင်တို့တွင် အလားတူဖြစ်မြောက်အောင်မြင်မှုရှိခဲ့သည်။ တိုင်းနိုင်ငံအားလုံး သဘောတညီတညွတ်တည်းဖြစ်လာသောအခါ တပ်မရှိသည့်ကမ္ဘာဖြစ်လာနိုင်မည်လော။ ပထမကမ္ဘာစစ်၏ ကြောက်မက်ဖွယ်ရာများကြောင့် ထိုအကြံဉာဏ်ကို အတိုင်းထက်အလွန် လက်ခံလာကြသည်။

၁၉၁၈ ခုနှစ်တွင် ငြိမ်းချမ်းရေးပြုလုပ်သောအခါ ဗာဆိုင်းငြိမ်းချမ်းရေးစာချုပ်၏ ရည်ရွယ်ချက်တစ်ချက်မှာ “တိုင်းနိုင်ငံအားလုံး၏ စစ်လက်နက်များကို ယေဘုယျအားဖြင့် ကန့်သတ်ခြင်းကို အစပြုလုပ်ဆောင်” ရန်ဖြစ်သည်။ နောက်ပိုင်းနှစ်အနည်းငယ်အတွင်း စစ်ဆန့်ကျင်ရေးဝါဒသည် ရေပန်းစားလာခဲ့သည်။ စစ်သည် နိုင်ငံတစ်နိုင်ငံအပေါ် ကျရောက်နိုင်သည့်အဆိုးဝါးဆုံးအရာဖြစ်ရာ ရှုံးနိမ့်ခြင်းထက်ပို၍ဆိုးဝါးသည်ဟု စစ်ဆန့်ကျင်ရေးဝါဒီအချို့က အဆိုပြုကြသည်။ စစ်ဆန့်ကျင်ရေးဝါဒကို ဆန့်ကျင်သူများသည် ယင်းကို သဘောမတူကြချေ။ ရာစုနှစ်များတစ်လျှောက် ဒေသအတော်များများမှဂျူးတို့သည် တိုက်ခိုက်သူများကို လက်နက်ကိုင်ပြန်လည်ခုခံမှု အနည်းအကျဉ်းသာပြုခဲ့သော်လည်း သူတို့ကိုမျိုးဖြုတ်ရန် ရက်စက်သောကျင့်ကြံမှုများကို အဆက်မပြတ်ခံခဲ့ရကြောင်း ထောက်ပြကြသည်။ အာဖရိကန်တို့သည် မိမိတို့ကို အမေရိကသို့ ကျွန်သပေါက်အဖြစ် ခေါ်ဆောင်သွားသူများအား ပြန်လည်မခုခံနိုင်သလောက်ဖြစ်သော်လည်း သူတို့သည် ရာစုနှစ်များစွာ ရက်စက်စွာမတရားပြုမူခံခဲ့ရသည်။

သို့သော် ဒုတိယကမ္ဘာစစ် ဖြစ်ပွားလာသောအခါ စစ်ဆန့်ကျင်ရေးဝါဒီအများက တိုင်းနိုင်ငံများသည် အကာအကွယ်ရှိရန်လိုသည်ဟု ဆုံးဖြတ်ကြသည်။ ထို့ကြောင့် ဒုတိယကမ္ဘာစစ်ပြီးနောက် ယူအဲန်ကိုဖွဲ့စည်းတည်ထောင်ခဲ့သောအခါ လက်နက်ဖျက်သိမ်းရေးအပေါ် ဖိအားပေးမှုနည်းခဲ့ကာ ကျူးကျော်သူများကို ကာကွယ်ရန် နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုအပေါ် ပို၍အာရုံစူးစိုက်လာခဲ့ကြသည်။ ယင်းမှရရှိသောလုံခြုံမှုသည် နိုင်ငံများကို လက်နက်ဖျက်သိမ်းရန် ယုံကြည်စိတ်ချမှုရှိစေမည်ဟု အဖွဲ့ဝင်များက မျှော်လင့်ခဲ့ကြသည်။

နောက်ပြဿနာတစ်ခုလည်း သိသာထင်ရှားလာခဲ့သည်။ များသောအားဖြင့် နိုင်ငံတစ်နိုင်ငံက လုံခြုံဖို့ကြိုးစားခြင်းသည် အိမ်နီးချင်းနိုင်ငံကို မလုံမခြုံဖြစ်စေသည်။ ယင်းဆိုးကျိုးသံသရာသည် လက်နက်ပြိုင်ဆိုင်မှုတစ်ရပ်ကို ဖြစ်ပေါ်စေသည်။ သို့သော် မကြာသေးမီက နိုင်ငံကြီးများအချင်းချင်း ပိုမိုသင့်မြတ်လာခြင်းသည် လက်နက်ဖျက်သိမ်းရေးအတွက် မျှော်လင့်ချက်ပိုရှိစေသည်။ သို့ရာတွင် ပင်လယ်ကွေ့စစ်ပွဲနှင့် ယခင်ယူဂိုစလားဗီးယားပြည်ထောင်စုတွင် ဖြစ်ပွားသည့်ဆင်းရဲဒုက္ခများကြောင့် လက်နက်ဖျက်သိမ်းရေးအတွက် မျှော်လင့်ချက် ပျက်ပြားကုန်ကြပြီ။ လွန်ခဲ့သောငါးနှစ်ခန့်တွင် တိုင်းမ်မဂ္ဂဇင်းက “စစ်အေးတိုက်ပွဲပြီးဆုံးသွားသော်လည်း ဤကမ္ဘာကြီးသည် အန္တရာယ်လျော့နည်းသွားမည့်အစား ပို၍ပင်အန္တရာယ်များလာသောနေရာဖြစ်နေပြီ” ဟုဖော်ပြခဲ့သည်။

ကမ္ဘာချီ “ရဲသား” တစ်ဦးကိုတောင့်တ

လူသားလိုအပ်နေသည်မှာ လူတိုင်းကိုကာကွယ်ပေးမည့် စစ်အင်အားအလုံအလောက်ရှိသော ကမ္ဘာ့အစိုးရတစ်ခုဖြစ်သည်ဟု လေ့လာသူအများကယူဆကြသည်။ ယူအဲန်ကသော်လည်းကောင်း၊ ကမ္ဘာ့ခေါင်းဆောင်ပိုင်း စစ်အင်အားကြီးနိုင်ငံများကသော်လည်းကောင်း ထိုသို့မပြုလုပ်ပေးနိုင်သောကြောင့် အနာဂတ်အတွက် မျှော်လင့်ချက်မရှိတော့ဟု အချို့ကထင်မြင်ကြသည်။ သို့သော် သမ္မာကျမ်းစာကို ဘုရားသခင့်နှုတ်ကပါဌ်တော်အဖြစ် သင်ယုံကြည်လက်ခံလျှင် အနန္တတန်ခိုးရှင်ဘုရားသခင်သည် အရေးတကြီးဆောင်ရွက်ပေးရန်လိုသည့် ယင်းကိစ္စကို မည်သို့ပြုလုပ်ပေးမည်နည်းဟု သိလိုပေမည်။

သမ္မာကျမ်းစာတွင် “ချစ်ခြင်း၊ ငြိမ်သက်ခြင်းအရှင်ဘုရားသခင်” ဟုခေါ်ဆိုထားသော ကိုယ်တော်သည် တရားမျှတမှုရှိရန် စစ်အင်အားကို အသုံးပြုတော်မူမည်လော။ ထိုသို့ပြုတော်မူမည်ဆိုလျှင် မည်သည့်စစ်တပ်ကို အသုံးပြုတော်မူမည်နည်း။ ယခုခေတ် စစ်တပ်အများက ယင်းတို့သည် ဘုရားသခင်၏ထောက်ပံ့ကူညီမှုကို ရရှိထားကြသည်ဟု ဆိုကြသော်လည်း ယင်းတို့သည် ဘုရားသခင်၏အလိုတော်ကို အမှန်ပင်ဆောင်ရွက်နေကြပါသလော။ သို့မဟုတ် ဘုရားသခင်သည် ကြားဝင်ကာ ငြိမ်းချမ်းမှုနှင့်လုံခြုံမှုရှိစေမည့် အခြားနည်းလမ်းတစ်ခုရှိပါသလော။—၂ ကောရိန္သု ၁၃:၁၁၊ ကဘ။

အနန္တတန်ခိုးရှင်ဘုရားသခင်သည် ဧဒင်ဥယျာဉ်မှ အာဒံနှင့်ဧဝတို့ကိုနှင်ထုတ်ပြီး သူတို့ပြန်မဝင်နိုင်စေရန် ခေရုဗိမ်တို့ကိုခန့်ထားခြင်းဖြင့် ပထမဦးဆုံးပုန်ကန်မှုကို ကိုင်တွယ်ဖြေရှင်းခဲ့သည်။ ကိုယ်တော်၏ပိုင်သအုပ်စိုးမှုကို ပုန်ကန်သူအားလုံးအား ချေမှုန်းရန် ကိုယ်တော်၏ရည်ရွယ်ချက်ကိုလည်း ကြေညာတော်မူခဲ့သည်။ (ကမ္ဘာဦး ၃:၁၅) ထိုသို့ပြုရန် စစ်တပ်တစ်တပ်ကို ဘုရားသခင်အသုံးပြုကောင်းပြုလိမ့်မည်လော။

ဘုရားသခင်သည် တရားစီရင်ရန် စစ်တပ်များကို အသုံးပြုခဲ့သည့်အချိန်အခါများအကြောင်း သမ္မာကျမ်းစာက ဖော်ပြထားသည်။ ဥပမာ၊ ခါနာန်ဒေသရှိတိုင်းနိုင်ငံများတွင် တိရစ္ဆာန်များနှင့်လိင်ဆက်ဆံခြင်း၊ ကလေးကိုပူဇော်ခြင်းနှင့် ကြမ်းကြုတ်သောစစ်ပွဲများကို ဆင်နွှဲခဲ့ကြသည်။ ဘုရားသခင်သည် သူတို့ကို လုံးလုံးဖျက်ဆီးပစ်ရန် မိန့်တော်မူပြီး စီရင်သည့်အတိုင်းဖြစ်စေရန် ယောရှု၏တပ်ကို အသုံးပြုခဲ့သည်။ (တရားဟောရာ ၇:၁၊ ၂) အလားတူ၊ ဘုရားသခင်သည် မိမိ၏တရားစီရင်ရာနောက်ဆုံးနေ့ရက်တွင် ဆိုးသွမ်းမှုအားလုံးကို မည်သို့ဖျက်ဆီးမည်အကြောင်း နမူနာပြရန် ဘုရင်ဒါဝိဒ်၏တပ်ကို ဖိလိတ္တိလူမျိုးများအပေါ် ကိုယ်တော်၏တရားစီရင်ချက် ချမှတ်စေခဲ့သည်။

ထိုအဖြစ်အပျက်များသည် မှတ်သားဖွယ်ရာဖြစ်ခဲ့သည်။ လူသားများအား လုံခြုံမှုရှိစေရန် တပ်တစ်တပ်ကို ယေဟောဝါအသုံးပြုနိုင်ကြောင်း သက်သေပြတော်မူခဲ့သည်။ အမှန်ပင်၊ ယေဟောဝါ၏အုပ်ချုပ်မှုကို စကြဝဠာချီ၍ပုန်ကန်ခြင်းကို ကိုင်တွယ်ဖြေရှင်းနိုင်မည့် ပြိုင်ဘက်ကင်းသောတပ်မျိုး ကိုယ်တော်တွင်ရှိပါသည်။

“ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား”

“ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား” အသုံးအနှုန်းကို သမ္မာကျမ်းစာတွင် အကြိမ်ပေါင်း ၂၅၀ ကျော်အသုံးပြုထားသည်။ ထိုအသုံးအနှုန်းသည် ကောင်းကင်တမန်များ၏အလွန်ကြီးမားသောတပ်မဟာကို ဦးစီးရသူအဖြစ် ဘုရားသခင်၏ရာထူးကို ယေဘုယျအားဖြင့်ရည်ညွှန်းသည်။ အဖြစ်အပျက်တစ်ခုတွင် ပရောဖက်မိက္ခာသည် အာဟပ်မင်းနှင့်ယောရှဖတ်မင်းတို့ကို ဤသို့ဆိုခဲ့သည်– “ထာဝရဘုရားသည် ပလ္လင်တော်ပေါ်မှာ ထိုင်တော်မူသည်ကိုလည်းကောင်း၊ ကောင်းကင်ဗိုလ်ခြေအပေါင်းတို့သည် လက်ယာတော်ဘက်၊ လက်ဝဲတော်ဘက်၌ ရပ်နေကြသည်ကိုလည်းကောင်း ငါမြင်ပြီ။” (၃ ဓမ္မရာဇဝင် ၂၂:၁၉) ဤတွင် ကောင်းကင်တမန်တပ်မဟာကို ရည်ညွှန်းနေခြင်းဖြစ်သည်။ ယေဟောဝါသည် ကိုယ်တော်၏လူမျိုးတော်ကို ကာကွယ်ရန် ဤတပ်မဟာကိုအသုံးပြုခဲ့သည်။ ဒေါသန်မြို့ကို ဝိုင်းရံခဲ့သောအခါ ဧလိရှဲ၏ကျေးကျွန်သည် မျှော်လင့်ချက်ကင်းမဲ့လေသည်။ သို့ရာတွင် ကိုယ်တော်သည် သူ့ကိုအားရှိစေရန် နာမ်ဝိညာဉ်သတ္တဝါများတပ်ကို အံ့ဖွယ်နည်းဖြင့် ရူပါရုံရစေတော်မူခဲ့သည်။ “ထာဝရဘုရားသည် ထိုလုလင်၏မျက်စိကို ဖွင့်တော်မူသဖြင့်၊ . . . တစ်တောင်လုံးသည် မီးမြင်း၊ မီးရထားနှင့်ပြည့်သည်ကိုမြင်လေ၏။”—၄ ဓမ္မရာဇဝင် ၆:၁၅-၁၇။

ဤကဲ့သို့သောအဖြစ်အပျက်များက ဘုရားသခင်သည် ယခုခေတ်တပ်များကို အကူအညီပေးနေသည်ဟု ဆိုလိုပါသလော။ ခရစ်ယာန်ဘောင်တပ်အချို့သည် ဘုရားသခင်၏တပ်များဖြစ်သည်ဟု ဆိုကြပေမည်။ တပ်အများက ၎င်းတို့ကို ကောင်းချီးပေးရန် ဓမ္မဆရာများကိုတောင်းဆိုခဲ့ကြသည်။ သို့သော် ခရစ်ယာန်ဘောင်တပ်များသည် ယုံကြည်သူအချင်းချင်းတို့ကို မကြာခဏတိုက်ခိုက်ကြ၏။ ဤရာစုနှစ်၏ကမ္ဘာစစ်နှစ်ခုသည် ခရစ်ယာန်အမည်ခံကြသော စစ်တပ်များအချင်းချင်းတိုက်ခိုက်ရာမှ စတင်ဖြစ်ပွားခဲ့ပါသည်။ ယင်းသည် ဘုရားသခင်၏စေခိုင်းချက် မဖြစ်နိုင်ချေ။ (၁ ယောဟန် ၄:၂၀) ဤကဲ့သို့သောစစ်အင်အားစုများက ငြိမ်းချမ်းရေးအတွက် တိုက်ပွဲဝင်နေကြသည်ဟုဆိုစေကာမူ ကမ္ဘာပေါ်တွင် ငြိမ်းချမ်းရေးနှောင့်ယှက်မှုကို တားဆီးဖို့အတွက် ဤကဲ့သို့သော စစ်တပ်များဖွဲ့စည်းရန် နောက်တော်လိုက်များအား ယေရှုညွှန်ကြားတော်မူခဲ့သလော။

တပည့်တော်များနှင့်အတူ ဆုတောင်းနေသောဥယျာဉ်တစ်ခုတွင် လက်နက်ကိုင်လူအုပ်ကြီးသည် ယေရှုအား ဖမ်းဆီးချိန်၌ ငြိမ်သက်မှုချိုးဖောက်ခြင်းဖြစ်ပွားခဲ့သည်။ တပည့်တော်တစ်ပါးသည် လူအုပ်ထဲမှသူတစ်ဦးကို ဓားဖြင့်ခုတ်လိုက်သည်။ ယေရှုသည် ဤအဖြစ်အပျက်ကိုအသုံးချကာ အရေးကြီးသောမူတစ်ခုကိုရှင်းပြခဲ့သည်။ ကိုယ်တော်က “သင့်ဓားကို သူ့နေရာ၌ပြန်ထားလော့။ ဓားကိုကိုင်သောသူရှိသမျှတို့သည် ဓားဖြင့်ဆုံးခြင်းသို့ရောက်ကြလိမ့်မည်။ ယခုပင် ငါ့အဘကိုငါတောင်းနိုင်သည်ကိုလည်းကောင်း၊ တောင်းလျှင် ကောင်းကင်တမန်တစ်ဆယ့်နှစ်တပ်မက ငါ့ထံသို့စေလွှတ်တော်မူမည်ကိုလည်းကောင်း သင်သည်မထင်သလော” ဟုမိန့်တော်မူခဲ့သည်။ ယေရှုကြီးမှူးရသောတပ်မဟာတွင် ပေတရုသော်လည်းကောင်း၊ အခြားလူသားတစ်ဦးသော်လည်းကောင်း မပါဝင်ချေ။ ယင်းအစား ပေတရုနှင့် ယေရှု၏အခြားနောက်တော်လိုက်များသည် ‘လူကိုမျှားသောတံငါများ’ ဖြစ်ရန်အခေါ်ခံခဲ့ကြရသည်။ (မဿဲ ၄:၁၉; ၂၆:၄၇-၅၃) အချိန်အနည်းငယ်အကြာတွင် ယေရှုသည် ထိုအခြေအနေအကြောင်း ပိလတ်ကိုရှင်းပြခဲ့သည်။ ကိုယ်တော်က “ငါ၏နိုင်ငံသည် ဤလောကနှင့်မစပ်ဆိုင်။ ငါ၏နိုင်ငံသည် ဤလောကနှင့်စပ်ဆိုင်လျှင်၊ ငါသည် ယုဒလူတို့လက်သို့ မရောက်စေခြင်းငှာ ငါ၏လူတို့သည် တိုက်လှန်ကြလိမ့်မည်။ ယခုမူကား ငါ၏နိုင်ငံသည် ဤဒေသအရပ်နှင့်မစပ်ဆိုင်” ဟုမိန့်တော်မူ၏။ (ယောဟန် ၁၈:၃၆) ကမ္ဘာမြေကြီးပေါ်တွင် တည်ရှိခဲ့သော ဒါဝိဒ်၏နိုင်ငံနှင့်မတူဘဲ ယေရှုကို ဘုရားသခင်အပ်နှင်းခဲ့သည့်နိုင်ငံတော်သည် ကောင်းကင်တွင်တည်သည့်အပြင် မြေကြီးပေါ်တွင်ငြိမ်းချမ်းရေးရှိစေပါလိမ့်မည်။

ဘုရားသခင်၏တပ်မဟာ တိုက်ပွဲဝင်

ဘုရားသခင်၏တပ်မဟာသည် မကြာမီ အရေးယူတော့မည်။ မကြာမီဖြစ်မည့်စစ်ပွဲကို ဖော်ပြရာ၌ ယေရှုအား ဗျာဒိတ်ကျမ်းက “ဘုရားသခင့်နှုတ်ကပါဌ်တော်” ဟုခေါ်ဆိုထားသည်။ “ကောင်းကင်ဗိုလ်ခြေတို့သည် မြင်းဖြူကိုစီးလျက်၊ စင်ကြယ်သောပိတ်ချောဖြူကိုဝတ်လျက် နောက်တော်သို့လိုက်ကြ၏။ လူမျိုးတို့ကို ဒဏ်ခတ်စရာဖို့၊ ထက်သောသန်လျက်သည် ခံတွင်းတော်ထဲကထွက်၏” ဟုကျွန်ုပ်တို့ဖတ်ရသည်။ ယင်းတိုက်ပွဲတွင် “လောကီရှင်ဘုရင်တို့နှင့် သူတို့၏ဗိုလ်ခြေများတို့သည်” အဆုံးတိုင်လိမ့်မည်ဟု သမ္မာကျမ်းစာက ဆိုထားသည်။ ဘုရားသခင်အပေါ် သစ္စာမစောင့်သိသူများနှင့်စပ်လျဉ်း၍ ဤသို့ထပ်လောင်းဆိုသည်– “ကြွင်းသောသူတို့သည်၊ မြင်းစီးတော်မူသောသူ၏ ခံတွင်းတော်ထဲကထွက်သောသန်လျက်နှင့် ကွပ်မျက်ခြင်းကိုခံရကြ၏။” စာတန်မာရ်နတ်ပင် ချုပ်နှောင်ခြင်းခံရမည်။ ယင်းက တပ်များမရှိသည့် ကမ္ဘာ့ငြိမ်းချမ်းရေးကို အမှန်ပင်ဖြစ်စေပါလိမ့်မည်။—ဗျာဒိတ် ၁၉:၁၁-၂၁; ၂၀:၁-၃။

စစ်မရှိသည့်ကမ္ဘာတစ်ခုကို မြင်ယောင်ခြင်း

တပ်များမလိုတော့သည့် လုံခြုံစိတ်ချရသောကမ္ဘာတစ်ခုကို အသင်မြင်ယောင်နိုင်သလော။ ဆာလံကျမ်းတွင် ဤသို့ဆိုသည်– “ထာဝရဘုရားစီရင်ပြုပြင်၍ မြေကြီးပေါ်မှာ သုတ်သင်ပယ်ရှင်းခြင်းအမှုတော်များကို လာ၍ကြည့်ရှုကြလော့။ . . . မြေကြီးစွန်းတိုင်အောင် စစ်မှုကိုငြိမ်းစေတော်မူ၏။”—ဆာလံ ၄၆:၈၊ ၉။

ယင်းသည် စိတ်ချမ်းမြေ့ဖွယ်ရာဖြစ်ပါလိမ့်မည်တကား! တပ်များနှင့်စစ်လက်နက်များအတွက် အခွန်ပေးဆက်ရခြင်းမှ လုံးဝလွတ်ငြိမ်းခွင့်ရရှိမည့် လူ့ဘောင်အဖွဲ့အစည်းကို မြင်ယောင်ကြည့်ပါ! လူတိုင်း၏စားဝတ်နေရေး အခြေအနေတိုးတက်လာဖို့အတွက်၊ ကမ္ဘာမြေကြီးကိုရှင်းလင်းရေးနှင့် ပြန်လည်စိုက်ပျိုးရေးပြုလုပ်ဖို့အတွက် လူတို့သည် မိမိတို့၏စွမ်းအားကို အသုံးပြုနိုင်ကြပါလိမ့်မည်။ လူသားတို့အတွက် အမှန်ပင်အသုံးဝင်မည့်အရာများကို တီထွင်ရန် အခွင့်အရေးအသစ်များလည်းရှိပါလိမ့်မည်။

ဤကတိတော်သည် ကမ္ဘာတစ်ဝန်းတွင် ပြည့်စုံရလိမ့်မည်– “သင်၏ပြည်၌ အနိုင်အထက်ပြုခြင်းအသံကို နောက်တစ်ဖန်မကြားရ။ သင်၏နယ်အတွင်းတွင် လုယူဖျက်ဆီးခြင်းမရှိရ။” (ဟေရှာယ ၆၀:၁၈) စစ်နယ်မြေရှိ မိမိတို့အိမ်နှင့်မြေယာများကို စွန့်ပစ်ထားရစ်ခဲ့ကြရပြီး စခန်းများတွင်နေထိုင်ရသော သန်းနှင့်ချီစစ်ဘေးဒုက္ခသည်များ နောက်တစ်ဖန်ရှိတော့မည်မဟုတ်ပါ။ တိုင်းနိုင်ငံများ၏ပဋိပက္ခများတွင် တိုက်ပွဲကျသည့် သို့မဟုတ် ကိုယ်အင်္ဂါချို့တဲ့သည့် ချစ်မြတ်နိုးရသူများအတွက် နောက်တစ်ဖန် ငိုကြွေးခြင်းရှိတော့မည်မဟုတ်။ ယေဟောဝါ၏ကောင်းကင်ဘုရင်သည် ထာဝရကမ္ဘာ့ငြိမ်းချမ်းရေးရှိစေတော်မူမည်။ “လက်ထက်တော်၌ လသည်ပပျောက်ခြင်းသို့ မရောက်မီတိုင်အောင်၊ တရားသောသူသည် ပွင့်လန်း၍ချမ်းသာများပြားလိမ့်မည်။ သူတို့အသက်ကို လှည့်စားခြင်းနှင့် ညှဉ်းဆဲခြင်း၏လက်မှရွေးနုတ်” တော်မူမည်။—ဆာလံ ၇၂:၇၊ ၁၄။

ပို၍နှစ်လိုဖွယ်ကောင်းမည်မှာ မုန်းတီးခြင်းကိုမဟုတ်ဘဲ ဘုရားသခင်၏မေတ္တာတော်လမ်းစဉ်များကို တုပနေကြသည့်လူတို့အလယ်တွင် အသက်ရှင်နေထိုင်ရခြင်းဖြစ်မည်။ ဘုရားသခင်၏နှုတ်ကပါဌ်တော်က ဤသို့ကြိုတင်ဟောထားသည်– “ငါ၏သန့်ရှင်းသော တောင်တစ်ပြင်လုံး၌ အချင်းချင်းညှဉ်းဆဲခြင်း၊ ဖျက်ဆီးခြင်းကိုမပြုရကြ။ အကြောင်းမူကား၊ ပင်လယ်ရေသည် မိမိနေရာကိုလွှမ်းမိုးသကဲ့သို့ မြေကြီးသည် ထာဝရဘုရားကို သိကျွမ်းခြင်းပညာနှင့်ပြည့်စုံလိမ့်မည်။” ယေဟောဝါအား သိကျွမ်း၍ချစ်မြတ်နိုးကြသောသူတို့နှင့်အတူ နေထိုင်ရခြင်းသည် မည်သို့ဖြစ်မည်နည်း။ ယင်းစာစောင်ကပင် ဤသို့ပရောဖက်ပြုထားသည်– “ဖြောင့်မတ်ခြင်းတရားသည်လည်း၊ ငြိမ်သက်ခြင်းကို ပြုစုတတ်လိမ့်မည်။ ဖြောင့်မတ်ခြင်းအကျိုးမူကား၊ ထာဝရငြိမ်သက်ခြင်းနှင့်လုံခြုံခြင်းတည်း။ ငါ၏လူတို့သည်လည်း၊ ငြိမ်သက်သောနေရာ၊ လုံခြုံသောမြို့ရွာ၊ ဘေးလွတ်သောချမ်းသာရာအရပ်တို့၌ နေရကြလိမ့်မည်။”—ဟေရှာယ ၁၁:၉; ၃၂:၁၇၊ ၁၈။

သမ္မာကျမ်းစာအသိပညာအပေါ် မိမိတို့၏ယုံကြည်ခြင်းတည်ဆောက်ထားသူများက ဘုရားသခင့်တပ်မဟာသည် ငြိမ်းချမ်းရေးရန်သူအားလုံးကို ကမ္ဘာမြေကြီးပေါ်မှသုတ်သင်ရှင်းလင်းပစ်ဖို့ တာစူနေကြောင်း သိမြင်ကြသည်။ ယင်းအသိပညာသည် သူတို့ကို “နောက်ဆုံးသောကာလ၌” ဖြစ်ပွားမည်ဟူသော ကျမ်းစာအဆိုအတိုင်းပြုမူရန် ယုံကြည်စိတ်ချစေပါသည်။ ၎င်းကား ဤသို့ဖြစ်သည်– “သူတို့ဓားလက်နက်များကို ထွန်သွားဖြစ်စေခြင်းငှာလည်းကောင်း၊ လှံများကိုတံစဉ်ဖြစ်စေခြင်းငှာလည်းကောင်း ထုလုပ်ကြလိမ့်မည်။ တစ်ပြည်ကိုတစ်ပြည်စစ်မတိုက်၊ စစ်အတတ်ကိုလည်း နောက်တစ်ဖန်မသင်ရကြ။”—ဟေရှာယ ၂:၂-၄။

တိုင်းနိုင်ငံအများမှ ယေဟောဝါသက်သေများ ဖြစ်လာကြသူတို့သည် ‘စစ်အတတ်သင်ခြင်း’ ကိုရှောင်ကြဉ်နေကြပေပြီ။ သူတို့သည် ဘုရားသခင့်ကောင်းကင်တပ်မဟာ၏ကာကွယ်မှုကို ယုံကြည်စိတ်ချကြသည်။။ သူတို့နှင့်အတူ သမ္မာကျမ်းစာလေ့လာခြင်းဖြင့် အသင်လည်း အလားတူယုံကြည်စိတ်ချလာနိုင်ပါလိမ့်မည်။

[Picture Credit Line on page 28]

U.S. National Archives photo

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ