ပြက်ရယ်ပြုသူများကို သတိပြု!
ယနေ့ ကြိုတင်ဟောကိန်းများပေါများလှပြီး အနာဂတ်ကိုဟောသော စီးပွားရေးလုပ်ငန်းသည် ရေပန်းစားနေသည်။ လန်ဒန်မြို့၏ သည်ဒေးလီးတယ်လီဂရပ်ဖ် သတင်းစာက “သက္ကရာဇ် ၂၀၀၀ ချဉ်းကပ်လာသည်နှင့်အမျှ ထူးဆန်းသည့်တိုင် လုံးဝမထင်မှတ်ရာမဟုတ်သည့်အရာ ဖြစ်ပျက်နေသည်။ ကမ္ဘာတစ်ဝန်းရှိ ထောင်နှင့်ချီသောသူများသည် အနာဂတ်နှင့်ဆိုင်သည့် ဆန်းပြား၍ တုန်လှုပ်ချောက်ချားဖွယ် အဆင်းအာရုံများကို တွေ့မြင်နေကြရသည်” ဟုဆိုသည်။ အကဲခတ်သူများစွာကမူ အနာဂတ်ကိုလွန်စွာစိတ်ဝင်စားခြင်းသည် အကောင်အထည်မပေါ်ခဲ့သည့် ယခင်ကမျှော်လင့်ထားသော အပြောင်းအလဲများကို ထပ်မံမျှော်လင့်ခြင်းမျှသာဖြစ်သည်။
၁၉ ရာစုနှစ်တွင် မြင်းလှည်းများတိုးများလာသည်နှင့်အမျှ လူတစ်ဦးက ဥရောပမြို့များတွင် တဖြည်းဖြည်း မြင်းချေးပြည့်လာလိမ့်မည်ဟုဟောကိန်းထုတ်ခဲ့၏။ သူ၏ဟောကိန်းမှားကြောင်းတွေ့ခဲ့ရသည်။ ထို့ကြောင့် ကြိုတင်ဟောကိန်းများသည် မကြာခဏမှားတတ်ကြောင်းကို ထောက်ပြရာတွင် လန်ဒန် သည်တိုင်းမ်စ်သတင်းစာက “အနာဂတ်သည် မြင်းချေးပုံမျှသာဖြစ်သည်” ဟုဆိုသည်။
အခြားသူများမှာမူ အန္တရာယ်ကြိုမြင်သူတို့ကို ပြက်ရယ်ပြုကြသည်။ သာဓကအနေနှင့် ယူ.အက်စ်. တက္ကသိုလ်တစ်ခုမှ စီးပွားရေးပါမောက္ခတစ်ဦးက ဝန်းကျင်ပျက်ပြားမှုကို သတိပေးသူများအား အခြေအနေပိုဆိုးရွားလာ၊ မလာကိုအလောင်းအစားပြုရန် စိန်ခေါ်ခဲ့သည်။ သူက “ကျွန်ုပ်တို့၏ဘဝတိုးတက်နေကာ အကန့်အသတ်မရှိဆက်တိုးတက်ဦးမည်” ဟုဆိုကြောင်း နယူးဆိုင်းယင်းတစ်မဂ္ဂဇင်းက ဖော်ပြခဲ့သည်။
ရှုပ်ထွေးနေသည့် အဆိုပြုချက်များနှင့် တန်ပြန်အဆိုပြုချက်များကြားတွင် များစွာသောသူတို့က အခြေခံအားဖြင့် အရာရာတိုင်းမပြောင်းမလဲဘဲ တည်မြဲတည်နေမည်ဟု ယုံကြည်ကြသည်။ လူ့အရေးကိစ္စများတွင် ဘုရားသခင်ကြားဝင်စွက်ဖက်မည့်အကြောင်းကို ပြက်ရယ်ပြုကြကာ စီ.အီး. ပထမရာစုမှပြက်ရယ်ပြုသူများ၏သဘောထားမျိုးကို သူတို့တင်ပြကြသည်။
အရာခပ်သိမ်း ဖြစ်မြဲအတိုင်းဖြစ်နေသေးသလော
စီ.အီး. ၆၄ ခန့်တွင်ရေးသားခဲ့သော ခရစ်ယာန်တမန်တော်ပေတရု၏ မှုတ်သွင်းခံဒုတိယစာစောင်တွင် ဤသို့သတိပေးထားသည်– “နောက်ဆုံးသောကာလ၌ ပြက်ရယ်ပြု [“သရော်၊” ကဘ] တတ်သောသူတို့သည်၊ မိမိတို့တပ်မက်ခြင်းအတိုင်းကျင့်နေ” ကြလိမ့်မည်။—၂ ပေတရု ၃:၃။
ပြက်ရယ်ပြုသူများသည် မိမိတို့ပြက်ရယ်ပြုသည့်အကြောင်းကို ရယ်စရာဖြစ်စေတတ်ကြသည်။ ပြက်ရယ်ပြုခြင်းကို အရှုံးပေးသူသည် တစ်ကိုယ်ကောင်းဆန်သော ထောင်ချောက်ထဲကျမိနိုင်သည်၊ အကြောင်းမှာ ပြက်ရယ်ပြုသူသည် မိမိ၏အမြင်ကို နားထောင်သူများအား လက်ခံစေလိုသောကြောင့်ဖြစ်သည်။ ပေတရုသတိပေးခဲ့သော ပြက်ရယ်ပြုသူအချို့မှာ “မိမိတို့တပ်မက်ခြင်းအတိုင်းကျင့်နေ” သူများဖြစ်ကောင်းဖြစ်ပေမည်။ မိမိ၏စာဖတ်သူများကို သတိပေးနှိုးဆော်ရာတွင် တမန်တော်သည် လေးနက်ဖွယ်အသုံးအနှုန်းတစ်ခုကို အသုံးပြုခဲ့သည်။ ‘သရော်တတ်သောသူတို့သည်၊ သရော်ခြင်းနှင့်တကွ’ ပေါ်လာမည်အကြောင်း သူသတိပေးခဲ့သည်။
ပထမရာစုမှပြက်ရယ်ပြုသူများသည် “သခင်ဘုရားကြွလာမည်ဟူသောကတိတော်သည် အဘယ်မှာရှိသနည်း။ ဘိုးဘေးများအိပ်ပျော်သည်နောက်၊ ခပ်သိမ်းသောအရာတို့သည် ဖန်ဆင်းစကဖြစ်သကဲ့သို့ ဖြစ်မြဲဖြစ်ကြ၏” ဟုဆိုခြင်းဖြင့် ခရစ်တော် “ကြွလာမည်ဟူသောကတိတော်” မှန်မမှန်ကို မေးခွန်းထုတ်ခဲ့ကြသည်။ (၂ ပေတရု ၃:၄) ထိုသို့ပင် သူတို့ထင်မြင်ယူဆခဲ့ကြသည်။ သို့သော် စီ.အီး. ၃၃ ခုနှစ်က ယေရုရှလင်မြို့ပေါ်သို့ ဘေးဒုက္ခကျရောက်မည်ဟု ယေရှုကြိုဟောခဲ့သည်။ “သင်၏ရန်သူတို့သည် သင့်ပတ်လည်တွင်တပ်တည်၍ လေးမျက်နှာ၌ဝိုင်းရံလျက်ချုပ်ထားပြီးလျှင်၊ သင်၏ကိုယ်မှစ၍ သင်၏သားသမီးတို့ကို မြေနှင့်တညီတည်းညှိသဖြင့်၊ သင်၌ကျောက်တစ်ခုပေါ်မှာ တစ်ခုမျှထပ်ဆင့်၍မကျန်ရစ်စေခြင်းငှာ ပြုကြသောအချိန်ကာလသည် ရောက်လိမ့်မည်” ဟုကိုယ်တော်မိန့်တော်မူခဲ့၏။ ထိုသတိပေးချက်ကိုပြက်ရယ်ပြုခဲ့ကြသူများ အမှားကြီးမှားခဲ့ကြလေခြင်း! စီ.အီး. ၇၀ ခုနှစ်တွင် ရောမစစ်တပ်သည် ယေရုရှလင်ကိုဝိုင်းရံ၍ မြို့ကိုဖျက်ဆီးခဲ့ရာ မြို့သူမြို့သားများသည် အကြီးအကျယ်သေကျေပျက်စီးခဲ့သည်။ မြို့သားအများစုသည် ဤဘေးဒုက္ခအတွက် အဘယ်ကြောင့်အသင့်မရှိခဲ့ကြသနည်း။ အကြောင်းမှာ ဘုရားသခင်သည် သားတော်ယေရှုမှတစ်ဆင့် သူတို့ကိုစစ်ဆေးနေတော်မူကြောင်းကို သူတို့သဘောမပေါက်ခဲ့ကြသောကြောင့်ဖြစ်သည်။—လုကာ ၁၉:၄၃၊ ၄၄။
အနန္တတန်ခိုးရှင်ဘုရားသခင်သည် အနာဂတ်တွင် ကြားဝင်လုပ်ဆောင်မည့်အကြောင်း တမန်တော်ပေတရုကဖော်ညွှန်းခဲ့သည်။ “သူခိုးသည် ညဉ့်အခါလာသကဲ့သို့ ထာဝရဘုရား၏နေ့ရက်သည် လာလိမ့်မည်” ဟုပေတရုသတိပေးသည်။ (၂ ပေတရု ၃:၁၀) ထိုအချိန်တွင် ဘုရားသခင်သည် ဘုရားတရားမဲ့သူတို့ကို ကမ္ဘာတစ်ဝန်းမှဖယ်ရှားတော်မူမည်ဖြစ်၍ ဖြောင့်မတ်သူများအဖြစ် စီရင်ခံရသူများကို အသက်ချမ်းသာပေးပါလိမ့်မည်။ ဤဂျာနယ်မှ မကြာခဏရှင်းပြခဲ့သကဲ့သို့ပင် ခရစ်တော်ယေရှု၏ “ရောက်ရှိနေခြင်း” သည် ၁၉၁၄ ခုနှစ်တွင်စတင်ခဲ့သည်။ သို့သော် ဆိုးသွမ်းမှုကိုဖယ်ရှားရန် ဘုရားသခင်၏စီရင်ပိုင်ခွင့်ရှိသူအဖြစ် အရေးယူခြင်းသည် အနာဂတ်တွင်ရှိသေးသည်။ ထို့ကြောင့် ပြက်ရယ်ပြုသူများကိုသတိပြုရန် တမန်တော်၏သတိပေးချက်သည် ယခုသာ၍အရေးတကြီးဖြစ်နေသည်။
လူ့အရေးကိစ္စများတွင် ဘုရားသခင်ကြားဝင်လုပ်ဆောင်ပေးတော်မူရန် သင်ကြာမြင့်စွာ စောင့်ဆိုင်းခဲ့ပြီဖြစ်ပေမည်။ ပြက်ရယ်ပြုသူများ၏ သားကောင်ဖြစ်မသွားဘဲ စိတ်ရှည်စွာဆက်စောင့်ဆိုင်းနေနိုင်ရန် သင့်အား အဘယ်အရာကထောက်ကူမည်နည်း။ ကျေးဇူးပြု၍ ဆက်လက်ဖတ်ရှုသွားပါလေ။
[စာမျက်နှာ ၄ ပါ အကျဉ်းဖော်ပြချက်]
“သင်၏ရန်သူတို့သည် သင့်ပတ်လည်တွင် . . . လေးမျက်နှာ၌ဝိုင်းရံလျက်ချုပ်ထားပြီးလျှင် . . . သင်၌ကျောက်တစ်ခုပေါ်မှာ တစ်ခုမျှထပ်ဆင့်၍မကျန်ရစ်စေခြင်းငှာ ပြုကြသောအချိန်ကာလသည် ရောက်လိမ့်မည်။” ယင်းသည် ပြက်ရယ်ပြုရမည့် သတိပေးချက်တစ်ခုမဟုတ်ပေ။ ရောမစစ်သားများသည် ယေရုရှလင်မြို့ကို ဖျက်ဆီး၍ အကြီးအကျယ် သေကျေပျက်စီးစေခဲ့သည်။