ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၈ ၆/၁ စာ. ၂၀-၂၃
  • မိသားစုစောင့်ရှောက်မှုအတွက် တာဝန်ယူထမ်းရွက်ခြင်း

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • မိသားစုစောင့်ရှောက်မှုအတွက် တာဝန်ယူထမ်းရွက်ခြင်း
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၈
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ကာယရေးနှင့်ဝိညာဉ်ရေး စောင့်ရှောက်မှု
  • “သင့်အိမ်၌ ထိုင်နေသောအခါ”
  • ပြောင်းသာလဲသာရှိပြီး ဇွဲရှိပါ
  • “ဖတဆိုး” ကလေးသူငယ်များကို ကူညီခြင်း
  • ဝိညာဉ်ရေးခိုင်ခံ့သောမိသားစု တည်ဆောက်ခြင်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၁
  • မိဘတို့၊ မိသားစုလိုအပ်ရာများကို ပံ့ပိုးပေးကြလော့
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၅
  • ယေဟောဝါကိုချစ်မြတ်နိုးရန်သင်၏သားသမီးများကို သွန်သင်ပေးပါ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၇
  • မိသားစုလိုက် ဘုရားသခင့်စကားတော်ကိုမှန်မှန်သင်အံလော့
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၉
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၈
က၉၈ ၆/၁ စာ. ၂၀-၂၃

မိသားစုစောင့်ရှောက်မှုအတွက် တာဝန်ယူထမ်းရွက်ခြင်း

“အဘတို့ ကိုယ့်သားသမီးကို စိတ်ဆိုးစေခြင်းငှာ မပြုကြနှင့်။ ယေဟောဝါ၏ ပဲ့ပြင်ဆုံးမခြင်းနှင့် စိတ်ပိုင်းဆိုင်ရာ ထိန်းကျောင်းခြင်းတို့နှင့်အညီ သူတို့ကို ဆက်၍ပြုစုပျိုးထောင်ပေးကြလော့။” (ဧဖက် ၆:၄၊ ကဘ) ထိုမှုတ်သွင်းခံစကားများဖြင့် တမန်တော်ပေါလုက မိသားစုကိုစောင့်ရှောက်ရန်တာဝန်ရှိသည့်—ဖခင်၏ပခုံးပေါ်တွင်ရှိကြောင်းကို ရှင်းလင်းစွာဖော်ပြခဲ့သည်။

မိသားစုအများ၌ ကလေးများကို ဖခင်တစ်ဦးတည်းသာ စောင့်ရှောက်သည်မဟုတ်ပါ။ ကလေးများ၏မိခင်၊ သူ၏ဇနီးသည် သူမခင်ပွန်းနှင့်အတူ ဝမ်းမြောက်စွာပါဝင်ထမ်းရွက်၏။ ထို့ကြောင့် ဘုရင်ရှောလမုန်က ဤသို့ဖော်ပြခဲ့သည်– “ငါ့သား၊ အဘ၏နည်းဥပဒေသကိုနားထောင်လော့။ အမိ၏တရားကိုလည်းမပယ်နှင့်။”—သု. ၁:၈။

ကာယရေးနှင့်ဝိညာဉ်ရေး စောင့်ရှောက်မှု

သားသမီးများကို ချစ်သောမိဘများသည် သူတို့ကိုတမင်တကာလျစ်လျူမရှုချေ။ တိမောသေထံပေါလုရေးသောစကားများမှ ကျွန်ုပ်တို့ကောက်ချက်ချရသည့်အတိုင်း ခရစ်ယာန်များသည် ထိုသို့ပြုကြမည်ဆိုလျှင် မိမိတို့၏ယုံကြည်ခြင်းကို ငြင်းပယ်ရာရောက်မည်မှာအမှန်– “မိမိလူတို့ကိုမပြုစု၊ ထိုမျှမက မိမိအိမ်သူအိမ်သားတို့ကိုမပြုစုသောသူမည်သည်ကား၊ ယုံကြည်ခြင်းတရားကိုငြင်းပယ်၏။ မယုံကြည်ဖူးသောသူထက်သာ၍ ယုတ်မာ၏။” (၁ တိမောသေ ၅:၈) သားသမီးများကို “ယေဟောဝါ၏ ပဲ့ပြင်ဆုံးမခြင်းနှင့် စိတ်ပိုင်းဆိုင်ရာ ထိန်းကျောင်းခြင်း” အတိုင်း စောင့်ရှောက်ရာတွင် ကာယရေးပိုင်းထောက်မခြင်းထက်မကလိုအပ်ကြောင်း ခရစ်ယာန်များသိကြသည်။

ကတိထားရာပြည်တော်သို့ ဣသရေလအမျိုးသားတို့မဝင်မီလေး၌ မောဘလွင်ပြင်တွင် စခန်းချနေစဉ် သူတို့အား မောရှေ၏တိုက်တွန်းချက်ကို သုံးသပ်ကြည့်ပါ။ ထိုတွင် သူတို့အား ဘုရားသခင်၏ပညတ်များကို ပြန်လည်ဖော်ပြကာ ဤသို့သွန်သင်ခဲ့သည်– “ငါပြောသောဤစကားကို စိတ်နှလုံး၌သွင်းထား . . . ရကြမည်။” (တရားဟောရာ ၁၁:၁၈) အစောပိုင်း၌ သူတို့သည် စိတ်နှလုံး၊ စိုးလ်နှင့် အစွမ်းသတ္တိရှိရှိသမျှဖြင့် ယေဟောဝါအားချစ်သင့်ကြောင်း သတိပေးခဲ့ပြီး ဤသို့ထပ်ဆိုသည်– “ယနေ့ငါမှာထားသောစကားကို နှလုံးသွင်းရမည်။” (တရားဟောရာ ၆:၅၊ ၆) ဣသရေလမိဘများသည် ဘုရားသခင်၏ပညတ်စကားများကို သူတို့၏နှလုံးထဲ စိမ့်ဝင်စေဖို့အရေးကြီးခဲ့သည်။ ဝိညာဉ်ရေးလေးမြတ်မှုနှင့် ပြည့်နေသောနှလုံးများဖြင့် ဣသရေလမိဘများသည် မောရှေ၏ ဤနောက်ဆက်တွဲစကားများကို ထိထိရောက်ရောက်နာခံနိုင်ကြသည်– “ထိုစကား [ဘုရားသခင့်၏ပညတ်တော်စကားများ] ကိုသင်၏သားသမီးတို့အား ကြိုးစား၍သွန်သင် [“စွဲမှတ်စေ၊” ကဘ] ရမည်။ အိမ်၌ထိုင်လျက်နေသည်ဖြစ်စေ၊ ခရီး၌သွားသည်ဖြစ်စေ၊ အိပ်လျက်၊ ထလျက်ရှိသည်ဖြစ်စေ၊ ထိုစကားကိုပြောရမည်။”—တရားဟောရာ ၆:၇; ၁၁:၁၉; မဿဲ ၁၂:၃၄၊ ၃၅ နှိုင်းယှဉ်။

ဖခင်များသည် သူတို့၏သားသမီးများအား ထိုစကားများကို “ကြိုးစားသွန်သင်” [“စွဲမှတ်စေ၊” ကဘ] ကြရပြီး “ထိုစကားကိုပြော” ရမည်ဖြစ်ကြောင်းသတိပြုပါ။ မယ်ရီယမ်-ဝက်ဘ်စတား၏ကောလိပ်အဘိဓာန်က “စွဲမှတ်စေ” ကို “ထပ်ခါတလဲလဲပြန်ကျော့ခြင်း သို့မဟုတ် သတိပေးဆုံးမခြင်းဖြင့် သွန်သင်ပြီး စွဲမှတ်စေရန်” ဟုအနက်ဖွင့်ထားသည်။ မိဘများသည် ဘုရားသခင့်ပညတ်တော်အကြောင်း နေ့စဉ်—နံနက်၊ မွန်းလွဲနှင့် ညမဟူ—ပြောဆိုသောအခါ ယင်းက သူတို့၏သားသမီးများကို များစွာအကျိုးသက်ရောက်စေသည်။ ဘုရားသခင့်ပညတ်တော်အပေါ် မိဘများ၏မြတ်နိုးမှုကို ကလေးငယ်များသိရှိလာကြရာ သူတို့သည်လည်း ယေဟောဝါနှင့်ရင်းနှီးမှုတိုးပွားစေဖို့ ဩဇာညောင်းခံရကြသည်။ (တရားဟောရာ ၆:၂၄၊ ၂၅) ‘သူတို့၏အိမ်၌ထိုင်နေသောအခါ’ သားသမီးများအားသွန်သင်ရန် ဖခင်များကို တိတိကျကျ မောရှေညွှန်ကြားခဲ့ခြင်းမှာ စိတ်ဝင်စားဖွယ်ရာပင်။ ၎င်းသွန်သင်ခြင်းသည် မိသားစုစောင့်ရှောက်ခြင်း၏ ကဏ္ဍတစ်ခုဖြစ်သည်။ သို့သော် ယနေ့ကောအသို့နည်း။

“သင့်အိမ်၌ ထိုင်နေသောအခါ”

သားသမီးလေးယောက်၏ ခရစ်ယာန်မိခင်တစ်ဦးဖြစ်သူ ဂျဲနက်က “အဲဒါ မလွယ်ဘူး” ဟုရှင်းပြသည်။a “ခင်ဗျားဇွဲရှိဖို့တော့လိုတယ်” ဟုသူမ၏ခင်ပွန်း ပေါလ်ကထောက်ခံ၏။ အခြားသောသက်သေခံမိဘများစွာနည်းတူ ပေါလ်နှင့်ဂျဲနက်တို့သည် တစ်ပတ်လျှင်အနည်းဆုံးတစ်ကြိမ် သူတို့၏သားသမီးများနှင့်အတူ ကျမ်းစာလေ့လာရန် ကြိုးပမ်းကြသည်။ “တနင်္လာနေ့ညနေတိုင်း သတ်မှတ်ထားတဲ့အချိန်မှာ ကျွန်တော်တို့မိသားစုကျမ်းစာဆွေးနွေးခြင်းကို ကြိုးစားလုပ်ကြတယ်” ဟုရှင်းပြပြီး ဤသို့ဝန်ခံသည်– “ဒါပေမဲ့ အမြဲတမ်းမလုပ်ဖြစ်ခဲ့ဘူး။” ၎င်း၏အသင်းတော်၌ ခန့်အပ်ခံအကြီးအကဲတစ်ဦးဖြစ်သောကြောင့် အရေးပေါ်ကိစ္စရပ်များကိုင်တွယ်ဖို့ တစ်ခါတစ်ရံ ထွက်သွားရ၏။ သူ၏ကလေးအကြီးနှစ်ဦးသည် အချိန်ပြည့်ဓမ္မအမှုဆောင်များဖြစ်ကြသည်။ ဓမ္မအမှုတွင် ညနေပိုင်း၌ပါဝင်ခြင်းသည် လူတို့ကိုတွေ့ဆုံရန် ပို၍အဆင်ပြေကြောင်း သူတို့တွေ့ရှိကြသည်။ ထို့ကြောင့် မိသားစုသင်အံမှုပြုချိန်ကို သူတို့ပြောင်းခဲ့ကြသည်။ “တစ်ခါတလေ ညစာစားပြီးပြီးချင်း ကျွန်တော်တို့ရဲ့သင်အံမှုကို ပြုလုပ်ကြတယ်” ဟုပေါလ်ကရှင်းပြသည်။

မိဘများသည် သူတို့၏မိသားစုသင်အံမှုပြုချိန်ကို အမြော်အမြင်ရှိရှိဖြင့် ပြောင်းလဲကြသော်လည်း ယင်းကိုမှန်မှန်ပြုလုပ်ဖို့ ကြိုးစားကြသည်။ “ကျွန်မတို့ရဲ့သင်အံမှုအချိန်ကို ပြောင်းလိုက်တယ်ဆိုရင် လုပ်ရမယ့်အချိန်ကို ကျွန်မတို့အားလုံးသိထားဖို့ ပြောင်းထားတဲ့အချိန်ကို ရေခဲသေတ္တာတံခါးပေါ်မှာ ဖေဖေကပ်ထားတတ်တယ်” ဟုသမီးဖြစ်သူ ကလဲကပြောပြသည်။

မှန်မှန်ပြုလုပ်သည့် မိသားစုကျမ်းစာသင်အံမှုအတွက် စုဝေးခြင်းသည် မိသားစုရှိ ကလေးငယ်များ သူတို့၏ပူပန်သောကများနှင့် ပြဿနာများကိုတင်ပြဖို့အတွက် အခွင့်ကောင်းရရှိစေပါသည်။ ကလေးငယ်များအသုံးပြုသည့် ကျမ်းစာသင်ရိုးစာအုပ်မှ မေးခွန်းများ၏အဖြေကို ဖတ်ပြရုံဖတ်ပြကြသည့် စည်းကမ်းတင်းကျပ်သည့်သင်အံမှုမဖြစ်လျှင် အကျိုးရှိသည်။ “ကျွန်တော်တို့ရဲ့မိသားစုသင်အံမှုဟာ ပြောဆိုဆွေးနွေးချိန်ဖြစ်တယ်” ဟုသားနှစ်ယောက်ရှိသော မာတင်ကရှင်းပြသည်။ “ကျမ်းစာအကြောင်းတစ်ခုကိုဆွေးနွေးဖို့ တစ်ပတ်တစ်ခါစုဝေးကြတဲ့အခါ မိသားစုရဲ့ဝိညာဉ်ရေးအခြေအနေကို သိရတယ်” ဟုသူပြောသည်။ “ဆွေးနွေးရင်း အကြောင်းအမျိုးမျိုးပေါ်လာတယ်။ ကျောင်းမှာ ဘာဖြစ်နေတယ်၊ အဲ့ဒါထက်စိတ်ဝင်စားစရာက ကလေးတွေ ဘယ်လိုသဘောထားတွေကို မွေးနေကြတယ်ဆိုတာ တွေ့ရတယ်။” မိသားစုသင်အံမှုမှ သူမလည်း အကျိုးများစွာရရှိကြောင်း သူ၏ဇနီးဖြစ်သူ ဆန်ဒရာကဝန်ခံသည်။ “ကျွန်မရဲ့ခင်ပွန်းသင်အံမှုကျင်းပပေးနေတုန်း သူ့ရဲ့မေးခွန်းတွေကို သားတွေဖြေဆိုပုံကို နားထောင်ရင်း အတော်သိလာရတယ်” ဟုသူမပြောပြသည်။ ထို့နောက် ဆန်ဒရာသည် သူမ၏သားများကိုကူညီပေးရန် ဆီလျော်စွာပြုပြင်ဖြေဆိုပေးပါသည်။ သူမသည် တက်ကြွစွာပါဝင်သောကြောင့် သင်အံမှုမှာ ပို၍ပျော်ရွှင်လာသည်။ မှန်ပါသည်၊ မိသားစုသင်အံမှုပြုချိန်များသည် မိဘများအား သားသမီးများ၏အတွေးကို ထိုးထွင်းသိမြင်စေသည်။—သု. ၁၆:၂၃; ၂၀:၅။

ပြောင်းသာလဲသာရှိပြီး ဇွဲရှိပါ

သင့်မိသားစုသင်အံမှုအချိန်ရောက်လာသောအခါ ကလေးတစ်ယောက်သည် နိုးနိုးကြားကြားနှင့် စိတ်ဝင်စားနေမည်၊ အခြားတစ်ယောက်ကိုမူ အာရုံစိုက်ပြီး အကျိုးခံစားစေဖို့ ချော့ပေးရသည်ကို တွေ့ရပေမည်။ ခရစ်ယာန်မိခင်တစ်ဦးက ဤသို့ဆိုသည်– “မိသားစုဘဝဆိုတာ ဒါပဲ! မိဘအနေနဲ့ ဘာလုပ်သင့်တယ်ဆိုတာကိုသိပါတယ်။ ဒါကြောင့် ဆက်သာလုပ်သွားရင် ယေဟောဝါအကူအညီနဲ့ အကျိုးရှိလာပါတယ်။”

လူငယ်တစ်ဦး၏အာရုံစိုက်နိုင်မှုသည် သူ၏အသက်အရွယ်အရ ကွဲပြားပေမည်။ အကဲခတ်တတ်သောမိဘသည် ယင်းကို ထည့်တွက်စဉ်းစား၏။ မောင်နှံတစ်စုံသည် ၆ နှစ်မှအသက် ၂၀ ဝန်းကျင်အရွယ်ရှိသားသမီးငါးယောက်ရှိသည်။ ဖခင်ဖြစ်သူမိုက်ကယ်က ဤသို့ဆိုသည်– “အငယ်ဆုံးကို ပထမဆုံးဖြေဆိုခွင့်ပေးပါ။ နောက်မှအကြီးတွေကိုသူတို့ပြင်ဆင်ထားတဲ့ အသေးစိတ်အချက်တွေကို ဖြည့်စွက်ဖြေခိုင်းပါ။” ပိုင်းခြားသိမြင်စွာ ဤသို့ကိုင်တွယ်ခြင်းဖြင့် ၎င်းတို့၏သားသမီးများကို အခြားသူများအားတန်ဖိုးထားစာနာရန် မိဘများသွန်သင်ပေးပါသည်။ “ကျွန်တော်တို့ရဲ့သားတစ်ယောက်က နားလည်နိုင်ပေမဲ့ တခြားသားတစ်ယောက်ကတော့ နားလည်ဖို့အကူအညီအများကြီးလိုတယ်။ သင်အံမှုလုပ်တဲ့အချိန်ဟာ ခရစ်ယာန်စိတ်ရှည်မှုနဲ့ အခြားဝိညာဉ်အသီးတွေကိုတင်ပြဖို့ လေ့ကျင့်ပေးတဲ့အချိန်ဖြစ်တယ်” ဟုမာတင်ကဆိုသည်။—ဂလာတိ ၅:၂၂၊ ၂၃; ဖိလိပ္ပိ ၂:၄။

သင့်သားသမီးများ၏ အရည်အသွေးအမျိုးမျိုးနှင့် အသက်အရွယ်အလိုက် ပြောင်းသာလဲသာရှိဖို့ အသင့်ရှိပါ။ ယခု ဆယ်ကျော်သက်များဖြစ်နေကြသော ဆိုင်းမွန်နှင့်မာခ်.တို့သည် သူတို့ငယ်ရွယ်စဉ်က မိဘများနှင့်အတူ အသက်ရှင်ခဲ့သမျှတွင် အကြီးမြတ်ဆုံးလူသားစာအုပ်ကိုလေ့လာရန် အမှန်ပင်နှစ်သက်ခဲ့ကြသည်။ “ကျွန်တော်တို့ဖေဖေက ပြဇာတ်ထဲကလူတွေလိုပဲ ကျွန်တော်တို့ကို အမျိုးမျိုးသရုပ်ဆောင်ခိုင်းတယ်” ဟုသူတို့ပြန်ပြောပြသည်။ သူတို့၏ဖခင်ဖြစ်သူသည် ကိုယ်နှင့်စပ်ဆိုင်သူကို ခင်မင်မှုပြသောရှမာရိအမျိုးသား၏ပုံဥပမာကို သားများနှင့်အတူ လေးဘက်ကုန်းသရုပ်ပြခဲ့သည်ကို သတိရ၏။ (လုကာ ၁၀:၃၀-၃၅) “တကယ်သဘောပေါက်စေပြီး ပျော်စရာလည်းကောင်းတယ်။”

ကလေးများစွာသည် မိသားစုသင်အံမှုအစီအစဉ်ကို မကြိုက်သည့်သဘောပြတတ်ကြသည်။ ယင်းကြောင့် စီစဉ်ထားသော သင်အံမှုကို မိဘများမပြုလုပ်ပဲ ရပ်လိုက်သင့်သလော။ လုံးဝမရပ်သင့်ပါ။ “မိုက်သောသဘောသည် သူငယ်၏စိတ်နှလုံးထဲမှာ ထုပ်ထားလျက်ရှိ၏” ဟုနယပုံပြင်ကျမ်း ၂၂:၁၅ ကအတိအလင်းဖော်ပြထားသည်။ အာရုံပျံ့လွင့်စရာများသည် မိသားစုသင်အံမှုပြုလုပ်ခြင်းအစီအစဉ်ကိုအနှောင့်အယှက်ဖြစ်စေခဲ့သောအခါ သင်တန်းမှူးအဖြစ် သူမ၌အရည်အချင်းမရှိသောကြောင့်ဖြစ်သည်ဟု ကြင်ဖော်မဲ့မိခင်တစ်ဦးယူဆခဲ့သည်။ သို့သော် သူမသည် ဇွဲနှင့်ဆက်ပြုလုပ်ခဲ့သည်။ ယခု သူမ၏သားသမီးများသည် သူမကိုအလွန်ရိုသေလေးစားလာကြပြီး မိသားစုသင်အံမှုကို ကျင်းပခဲ့ခြင်းဖြင့် သူမတင်ပြခဲ့သော မေတ္တာနှင့်အရေးထားမှုကို တန်ဖိုးထားတတ်လာကြသည်။

“ဖတဆိုး” ကလေးသူငယ်များကို ကူညီခြင်း

ခရစ်ယာန်အကြီးအကဲများသည် “ဘုရားသခင်၏သိုးတော်စုကို ထိန်း” ကျောင်းရန်ဖြစ်သည်။ (၁ ပေတရု ၅:၂၊ ၃) သူတို့၏အသင်းတော်များရှိမိသားစုများထံ အခါအားလျော်စွာလည်ပတ်သွားခြင်းသည် မိမိတို့၏ခရစ်ယာန်တာဝန်များကို ထမ်းဆောင်သောမိဘများအားချီးမွမ်းရန် အခွင့်အလမ်းများရရှိစေ၏။ ကြင်ဖော်မဲ့မိဘများ၏သားသမီးများကို သွန်သင်ခြင်းသည် မည်သူ့တာဝန်ဖြစ်သနည်း။ ကလေးများကိုသွန်သင်ရန်တာဝန်သည် မိဘ၏တာဝန်ဖြစ်ကြောင်းကို ဘယ်တော့မျှမမေ့လိုက်လေနှင့်။

အဘမဲ့၍ ယင်းတာဝန်ကို အကြီးအကဲများယူရမည်ဆိုလျှင် ပေါ်ပေါက်နိုင်သည့် အထင်မှားစရာအခြေအနေများကို ရှောင်ကြဉ်ရန် ခရစ်ယာန်ဆင်ခြင်တတ်မှုက သူတို့ကိုထောက်ကူပါလိမ့်မည်။ ကြင်ဖော်မဲ့မိဘတစ်ဦးဖြစ်သော ခရစ်ယာန်ညီအစ်မတစ်ဦးထံ ညီအစ်ကိုနှစ်ဦးလည်ပတ်သွားနိုင်သော်လည်း သူတို့သည် မိသားစုသင်အံမှုအစီအစဉ်ကို ထောက်မပေးရာတွင် အစီအစဉ်ပြုလုပ်ပုံကို အမြဲသတိရှိနေရပါလိမ့်မည်။ ရံဖန်ရံခါ အကြီးအကဲ၏မိသားစုသင်အံမှုတွင်ပါဝင်ရန် ထိုကလေးများ (နှင့် ကြင်ဖော်မဲ့မိဘကိုပါ) ကိုဖိတ်ခေါ်ခြင်းသည် တည်ဆောက်မှုပေးပြီး လက်တွေ့ကျပေမည်။ သို့ရာတွင် ယေဟောဝါသည် ကျွန်ုပ်တို့၏ကြီးမြတ်သောကောင်းကင်ခမည်းတော်ဖြစ်ကြောင်း ဘယ်တော့မျှမမေ့ပါနှင့်။ မိခင်သည် သားသမီးများနှင့် သင်အံမှုကျင်းပသောအခါ သူမတစ်ဦးတည်းပင် သင်အံပေးလင့်ကစား လမ်းညွှန်ထောက်မရန် ကိုယ်တော်သည် အမှန်ရောက်ရှိနေသည်။

လူငယ်တစ်ဦး၌ ဝိညာဉ်ရေးစိတ်ထားရှိပြီး သူ၏မိဘများမူကား ၎င်းတို့၏ဝိညာဉ်ရေးတာဝန်များကို အရေးမထားသလောက်ဖြစ်နေမည်ဆိုလျှင်ကော အသို့နည်း။ ယေဟောဝါ၏သစ္စာရှိကျေးကျွန်များသည် ဘယ်တော့မျှစိတ်ပျက်ဖို့မလိုပါ။ “ဆင်းရဲသောသူသည် ကိုယ်တော်၌ ကိုယ်ကိုအပ်တတ်ပါ၏။ ကိုယ်တော်သည် မိဘမရှိသောသူ၏ခိုလှုံရာဖြစ်တော်မူ၏” ဟုဆာလံဆရာသီဆိုခဲ့သည်။ (ဆာလံ ၁၀:၁၄) အသင်းတော်ရှိ မေတ္တာပါသောအကြီးအကဲများသည် ထိုသူတို့၏ကလေးများကိုစောင့်ရှောက်သကဲ့သို့ ထိုမိဘများကို အတတ်နိုင်ဆုံးအားပေးကြပါလိမ့်မည်။ မိသားစုဆွေးနွေးမှုပြုရန် အကြံပေးပြီး မည်သို့အတူတကွလေ့လာနိုင်ကြောင်း လက်တွေ့ကျအကြံဉာဏ်အချို့ကို ကိုယ်တိုင်လာ၍ တင်ပြပေးပါလိမ့်မည်။ ကျမ်းစာအရ တာဝန်ခံများဖြစ်သည့် မိဘများ၏တာဝန်ကိုကား သူတို့ယူလိုက်ကြမည်မဟုတ်ပါ။

ယုံကြည်ခြင်းကိုလက်မခံသည့် မိဘများ၏ကလေးများကို များစွာထောက်မကူညီပေးဖို့လိုသည်။ သူတို့၏မိဘများခွင့်ပြုမည်ဆိုလျှင် သင်၏မိသားစုသင်အံမှု၌ သူတို့ကိုပါဝင်စေခြင်းသည် အကျိုးရှိပေမည်။ ယခုအိမ်ထောင်သည်ဖြစ်နေသော ရောဘတ်သည် သုံးနှစ်အရွယ်သာရှိချိန်က သူ၏မိဘများနှင့်အတူ ခရစ်ယာန်အစည်းအဝေးများကို တက်ရောက်ခဲ့သည်။ သူ၏မိဘများသည် ခရစ်ယာန်အသင်းတော်နှင့် မပေါင်းသင်းတော့သည့်နောက်၌ပင် ထိုအစည်းအဝေးများကို သူအမှတ်ရနေဆဲဖြစ်သည်။ သူသည်ဆယ်နှစ်ရှိသောအခါ အစည်းအဝေးများသို့ သူ့အားခေါ်သွားသည့် သက်သေခံလူငယ်လေးတစ်ဦးနှင့် တွေ့ဆုံခဲ့သည်။ သက်သေခံလူငယ်လေး၏မိဘများသည် ဝိညာဉ်ရေးမိဘမဲ့ဖြစ်သူ ရောဘတ်ကို ဝမ်းမြောက်စွာစောင့်ရှောက်ခဲ့ကြပြီး နောက်ပိုင်းတွင် သူနှင့်သင်အံမှုပြုလုပ်ခဲ့ကြသည်။ ဤမေတ္တာပါသောစောင့်ရှောက်မှုကြောင့် သူသည်အလျင်အမြန်တိုးတက်ပြီး ယခုအသင်းတော်အကြီးအကဲတစ်ဦးအဖြစ် ပျော်ရွှင်စွာအမှုထမ်းလျက်ရှိသည်။

မိဘများသည် သူတို့ကလေးများ၏တိုးတက်မှုကို ဆန့်ကျင်ကြသည့်တိုင် ကလေးများသည် အထီးကျန်ဖြစ်မနေကြပါ။ ယေဟောဝါသည် သစ္စာရှိသောကောင်းကင်ခမည်းတော်ဖြစ်လျက်ရှိ၏။ “ဘုရားသခင်သည် သန့်ရှင်းသောဘုံဗိမာန်တော်၌စံပယ်လျက်၊ မိဘမရှိသောသူတို့၏အဘဖြစ် . . . တော်မူ၏” ဟုဆာလံ ၆၈:၅ ကဆိုသည်။ ဝိညာဉ်ရေးအရမိဘမဲ့ကလေးသူငယ်များသည် ဆုတောင်းခြင်းဖြင့် ကိုယ်တော့်ထံဦးလှည့်နိုင်၍ ကိုယ်တော်သည် သူတို့ကိုထောက်မကူညီတော်မူမည်ဖြစ်ကြောင်း သိရှိထားကြသည်။ (ဆာလံ ၅၅:၂၂; ၁၄၆:၉) မိခင်ကဲ့သို့သော ယေဟောဝါ၏အဖွဲ့အစည်းသည် စာအုပ်စာတမ်းများနှင့် ၈၅,၀၀၀ ကျော်သောကမ္ဘာတစ်ဝန်းရှိ ခရစ်ယာန်အသင်းတော်များ၏ အစည်းအဝေးများမှတစ်ဆင့် အာဟာရရှိသောဝိညာဉ်ရေးခဲဖွယ်စားဖွယ်များကို ပြင်ဆင်ပေးရန် ယင်း၏တာဝန်ကို ဝီရိယစိုက်ထုတ်ဆောင်ရွက်လျက်ရှိသည်။ ထို့ကြောင့် ကျွန်ုပ်တို့၏ခမည်းတော်ယေဟောဝါနှင့် မိခင်ကဲ့သို့သော ကိုယ်တော့်အဖွဲ့အစည်းမှရရှိသော ဝိညာဉ်ရေးထောက်မမှုဖြင့် “မိဘမဲ့” သူတို့ပင် ကျမ်းစာသင်အံမှုအနည်းနှင့်အများ ရရှိပါလိမ့်မည်။

သားသမီးများနှင့် မိသားစုကျမ်းစာသင်အံမှု မှန်မှန်ကျင်းပသော ခရစ်ယာန်မိဘများကို ချီးကျူးထိုက်သည်။ ယေဟောဝါ၏နည်းလမ်းတော်များကို ကလေးများအား မဆုတ်မနစ်ဇွဲဖြင့် လေ့ကျင့်သွန်သင်ပေးသော ကြင်ဖော်မဲ့မိဘများသည် သူတို့၏ကြိုးပမ်းမှုများအတွက် အထူးဂရုစိုက်ခြင်းနှင့်ချီးမွမ်းခြင်းခံထိုက်ပေသည်။ (သု. ၂၂:၆) ဝိညာဉ်ရေးမိဘမဲ့သားသမီးများကို အရေးစိုက်သူအားလုံးတို့က ယင်းကို ကောင်းကင်ခမည်းတော်ယေဟောဝါနှစ်သက်တော်မူကြောင်း သိရှိကြ၏။ မိသားစု၏ဝိညာဉ်ရေးလိုအပ်ရာများကို ဂရုစိုက်ပေးခြင်းသည် ကြီးလေးသောတာဝန်တစ်ရပ်ဖြစ်၏။ သို့သော် ‘အားမလျှော့၊ စိတ်မပျက်ပါနှင့်၊ သင်သည် မနားတမ်းလုပ်ဆောင်သွားပါက ရာသီချိန်ရောက်လျှင် အသီးအနှံကိုရိတ်သိမ်းရမည်။’—ဂလာတိ ၆:၉။

[အောက်ခြေမှတ်ချက်များ]

a နာမည်အချို့ကို ပြောင်းထားပါသည်။

[စာမျက်နှာ ၂၃ ပါ ရုပ်ပုံ]

မိသားစုသင်အံမှုသည် ငယ်ရွယ်သူများအတွက် မိမိတို့၏ပူပန်မှုများကို မိဘများနှင့်ဝေမျှရန် အခွင့်ကောင်းရရှိစေ

[Picture Credit Line on page 20]

Harper’s

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ