ယုံကြည်စိတ်ချမှုပြဿနာ အဘယ်ကြောင့်ဖြစ်ရသနည်း
‘အခုအခါမှာ တကယ်ယုံလို့ရတဲ့လူ ရှိပါ့မလား။’ စိတ်ပျက်လက်ပျက်ဖြစ်သူအချို့က ဤသို့မေးကြသည်ကို သင်ကြားဖူးပေမည်။ သို့မဟုတ် သင့်အသက်တာတွင် ဖြစ်ပျက်ခဲ့ရာများကြောင့် စိတ်ဆင်းရဲရသောအခါ ထိုမေးခွန်းကို သင်ကိုယ်တိုင်မေးခဲ့ဖူးပေမည်။
အဖွဲ့အစည်းများနှင့် လူတို့ကို ကမ္ဘာအနှံ့ယုံကြည်စိတ်ချမှုကင်းမဲ့နေသည်ကား အမှန်ပင်။ အများအားဖြင့် ဤသို့ယုံကြည်စိတ်ချမှုကင်းမဲ့ရခြင်းသည်လည်း အကြောင်းရှိ၍ဖြစ်သည်။ . . . ရွေးချယ်တင်မြှောက်ခြင်းမခံရမီကပြုခဲ့သော ကတိအားလုံးကိုစောင့်ထိန်းကြလိမ့်မည်ဟု တစ်စုံတစ်ယောက်သည် တကယ်ပင်မျှော်လင့်သလော။ ဂျာမနီနိုင်ငံရှိ ကျောင်းသား ၁,၀၀၀ ကို ၁၉၉၀ ပြည့်နှစ်ကလေ့လာခဲ့ရာ သူတို့အနက် ၁၆.၅ ရာခိုင်နှုန်းသည် ကမ္ဘာ့ပြဿနာများကို နိုင်ငံရေးသမားများဖြေရှင်းပေးနိုင်မည်ဟု ယုံကြည်စိတ်ချကြသော်လည်း နှစ်ဆသောသူများကမူ လွန်စွာသံသယဝင်ကြကြောင်း တွေ့ရှိရသည်။ ထို့အပြင် ပြဿနာများကိုဖြေရှင်းပေးရန် . . . စွမ်းရည်ကိုသာမက လုပ်ပေးလိုစိတ်ကိုပင် သံသယရှိကြောင်း လူအများစုက ပြောဆိုကြသည်။
စတုဂါတာ နဂ်ရိတန်သတင်းစာက ဤသို့အပြစ်ဆိုခဲ့သည်– “. . . များစွာသည် ကိုယ်ကျိုးကိုအဓိကထားကြပြီး၊ နောက်မှသာ သူတို့၏မဲဆန္ဒရှင်များ၏အရေးကို စဉ်းစားကြသည်။” အခြားနိုင်ငံများမှလူတို့လည်း သဘောတူညီကြသည်။ နိုင်ငံတစ်နိုင်ငံရှိ ဥရောပသတင်းစာက ဤသို့ဆိုသည်– “. . . လူငယ်များကအဆိုးမြင်ခြင်းသည် ခြေမြစ်ခိုင်လုံ၏၊ သူတို့၏လူကြီးများကလည်း ထပ်တူသဘောထားကြသည်။” ‘မဲဆန္ဒရှင်လူထုသည် . . . ဖြုတ်ချလေ့ရှိ၏’ ဟုယင်းကဖော်ပြသည်။ ထိုသတင်းစာက ဤသို့ထပ်ဆင့်သည်– “[ထိုနေရာရှိ] လူငယ်များကိုအချိန်ပေးပေါင်းသင်းသူတိုင်းသည် သူတို့၌ယုံကြည်စိတ်ချမှုကင်းမဲ့ပြီး ကမောက်ကမဖြစ်သည့်သဘောရှိကြောင်းကို ချက်ချင်းသတိပြုမိမည်။” သို့တစေ လူထု၏ယုံကြည်စိတ်ချမှုမရလျှင် ဒီမိုကရက်တစ်အစိုးရသည် အရာသိပ်မရောက်နိုင်ချေ။ အမေရိကန်ပြည်ထောင်စုသမ္မတဟောင်းဖြစ်သူ ဂျွန် အက်ဖ်. ကနေဒီက ဤသို့ဆိုခဲ့ဖူးသည်– “ထိရောက်သောအုပ်ချုပ်မှု၏အခြေခံသည် လူထု၏ယုံကြည်စိတ်ချမှုရရှိထားခြင်းဖြစ်သည်။”
ဘဏ္ဍာရေးလောကကို ယုံကြည်စိတ်ချခြင်းနှင့်ပတ်သက်၍ ရုတ်တရက်စီးပွားရေးကပြောင်းကပြန်ဖြစ်မှုများနှင့် ဖြတ်လမ်းဖြင့်ချမ်းသာသည့်စီမံကိန်းများပျက်စီးခဲ့ခြင်းက လူများစွာကို တွန့်ဆုတ်စေခဲ့ပြီ။ ၁၉၉၇၊ အောက်တိုဘာတွင် ကမ္ဘာ့ဈေးကွက်ထိန်းမရသည့်အထိယိမ်းယိုင်ခဲ့စဉ်က “ယုံကြည်စိတ်ချမှု လုံးဝကင်းမဲ့ပြီး တစ်ခါတစ်ရံအဆင်အခြင်မဲ့ခြင်း” အကြောင်းနှင့် “ယုံကြည်စိတ်ချမှုမရှိသည့်သဘောကူးစက်ခြင်း” အကြောင်းတို့ကို မဂ္ဂဇင်းဆောင်းပါးတစ်ခုကဖော်ပြခဲ့သည်။ “[အာရှနိုင်ငံတစ်ခု၌] အာဏာရအစိုးရတည်ရှိမှုကို . . . အန္တရာယ်ပြုပုံရှိသည်အထိ ယုံကြည်စိတ်ချမှုအလွန်ခန်းခြောက်နေ၏” ဟုလည်းဆိုသည်။ အကျဉ်းချုပ်အားဖြင့် ယင်းကရှင်းလင်းနေသည့် ဤအချက်ကိုဆိုသည်– “စီးပွားရေးသည် ယုံကြည်စိတ်ချမှုအပေါ်မူတည်၏။”
ဘာသာရေးသည်လည်း ယုံကြည်စိတ်ချမှုကို မတည်ဆောက်ပေးနိုင်ချေ။ ဂျာမန်ဘာသာရေးစာစောင် ခရစ် အင် ဒါ ဂေဂဲန်ဝါန့်ထ်က ဤသို့ဝမ်းနည်းစွာဖော်ပြထားသည်– “ချာ့ချ်ကို လူထုယုံကြည်စိတ်ချခြင်းသည် ဆက်လက်ကျဆင်းလျက်ရှိ၏။” ၁၉၈၆ နှင့် ၁၉၉၂ ခုနှစ်အတွင်းတွင် ချာ့ချ်ကို အတော်အတန်ယုံကြည်စိတ်ချသော ဂျာမန်များ၏အရေအတွက်သည် ၄၀ မှ ၃၃ ရာခိုင်နှုန်းအထိ နည်းသွားသည်။ အမှန်တွင် ယခင်အရှေ့ဂျာမနီ၌ ၂၀ ရာခိုင်နှုန်းအထိကျဆင်းခဲ့သည်။ တစ်ဖက်မှကြည့်ပြန်လျှင် ချာ့ချ်ကို ယုံကြည်စိတ်ချမှုအနည်းငယ်၊ သို့မဟုတ် လုံးဝမရှိသူတို့သည် ယခင်အနောက်ဂျာမနီတွင် ၅၆ မှ ၆၆ ရာခိုင်နှုန်းအထိတိုးများခဲ့ပြီး ယခင်အရှေ့ဂျာမနီတွင် ၇၁ ရာခိုင်နှုန်းအထိတိုးလာသည်။
ယုံကြည်စိတ်ချမှုလျော့နည်းခြင်းသည် လူ့အဖွဲ့အစည်း၏မဏ္ဍိုင်ကြီးသုံးခုဖြစ်သော နိုင်ငံရေး၊ ဘဏ္ဍာရေးနှင့် ဘာသာရေးတွင်သာမက အခြားနယ်ပယ်များတွင်လည်း ထင်ရှားလျက်ရှိသည်။ အခြားပုံနမူနာတစ်ခုမှာ ဥပဒေရေးရာဆောင်ရွက်ချက်ဖြစ်သည်။ ပြစ်မှုဆိုင်ရာဥပဒေများရှိပျော့ကွက်များ၊ ဥပဒေနှင့်အညီစီရင်ရာတွင် တရားသဖြင့်စီရင်ရန်အခက်အခဲများနှင့် စောဒကတက်ဖွယ်ရှိသော တရားရေးဆုံးဖြတ်ချက်များသည် လူတို့၏ယုံကြည်စိတ်ချမှုကို အကြီးအကျယ်တုန်လှုပ်စေခဲ့သည်။ တိုင်းမ်မဂ္ဂဇင်းအရ “တိုင်းသူပြည်သားများနှင့် ရဲများ၏ စိတ်ပျက်မှုများသည် ပြစ်မှုကျူးလွန်သော အန္တရာယ်ပြုသူများကို လမ်းပေါ်ထပ်ခါတလဲပြန်ရောက်စေသည့်စနစ်အပေါ် အယုံအကြည်ကင်းမဲ့သည့်အထိဖြစ်စေခဲ့ပြီ။” ရဲများ၏အကျင့်ယိုယွင်းမှုနှင့် လူမဆန်သည့်စွဲချက်များကြောင့် ရဲတို့ကို ယုံကြည်စိတ်ချမှုပင်လျှင် လျော့နည်းသွားတော့သည်။
အပြည်ပြည်ဆိုင်ရာနိုင်ငံရေးနှင့်စပ်လျဉ်း၍ အထမမြောက်သောငြိမ်းချမ်းရေးဆွေးနွေးပွဲများနှင့် ပျက်ပြားခဲ့သောအပစ်အခတ်ရပ်စဲရေးတို့သည် ယုံကြည်စိတ်ချမှုကင်းမဲ့စရာဖြစ်ခဲ့ပြီ။ ကုလသမဂ္ဂသို့ အမေရိကန်သံတမန်အရာရှိ ဘီလ်ရစ်ချာ့ဒ်ဆန်က အရှေ့အလယ်ပိုင်း၌ ငြိမ်းချမ်းရေးရရှိရန် အဓိကအတားအဆီးကိုထောက်ပြကာ ရိုးရိုးလေးပြောသည်– “ယုံကြည်စိတ်ချမှုမရှိခြင်းပါပဲ။”
တစ်ချိန်တည်းတွင် ကိုယ်ရေးကိုယ်တာကိစ္စ၌ လူများစွာသည် သူတို့၌ပြဿနာများရှိသောအခါ နားလည်မှုနှင့်နှစ်သိမ့်မှုရဖို့အတွက် အားကိုးလေ့ရှိကြသည့် ရင်းနှီးသောဆွေမျိုးသားချင်းနှင့် မိတ်ဆွေများကိုပင် ယုံကြည်စိတ်ချမှုမရှိကြတော့ချေ။ ယင်းသည် ဟေဗြဲပရောဖက်မိက္ခာဖော်ပြခဲ့သည့် အခြေအနေနှင့်ဆင်တူလှသည်– “အဆွေခင်ပွန်းကိုမယုံနှင့်။ လမ်းပြသောသူကိုအမှီမပြုနှင့်။ သင့်ရင်ခွင်၌အိပ်သောမယားကိုမယုံမူ၍၊ သင့်နှုတ်တံခါးကိုပိတ်ထားလော့။”—မိက္ခာ ၇:၅။
အချိန်ကာလ၏နိမိတ်တစ်ခု
ဂျာမန်စိတ်ပညာရှင် အာသာဖစ်ရှာသည် ဤသို့ဆိုခဲ့ကြောင်း မကြာမီက ကိုးကားဖော်ပြခံရသည်– “လူ့အဖွဲ့အစည်း၏ ဖွံ့ဖြိုးတိုးတက်မှုနှင့် မိမိကိုယ်တိုင်၏ အနာဂတ်ရေးကို ယုံကြည်စိတ်ချမှုသည် အဘက်ဘက်တွင် သိသာထင်ရှားစွာကျဆင်းလေပြီ။ . . . မိမိတို့ကို လူ့အဖွဲ့အစည်းများ ကူညီပေးနိုင်ခြင်းကို သံသယဝင်ကြသည်။ သူတို့သည် နိုင်ငံရေး၊ ဘာသာရေး သို့မဟုတ် အခြားမည်သည့်အဖွဲ့အစည်းကိုမဆို ယုံကြည်စိတ်ချမှုမရှိနိုင်သည်အထိဖြစ်နေပြီ။” ထို့ကြောင့် ကြာမြင့်စွာရပ်တည်ခဲ့သော တန်ခိုးအာဏာများ၊ အဖွဲ့အစည်းများနှင့် ကျွမ်းကျင်သူများနှင့်ပတ်သက်ပြီး “သံသယအသွင်အပြင်” ရှိနေကြောင်းကို လူမှုရေးပညာရှင် အူလ်ရစ်ခ်ဘက်ကပြောဆိုခဲ့ခြင်းသည် အံ့ဩစရာမဟုတ်ချေ။
ထိုသို့သောအသွင်အပြင်မျိုးတွင် လူတို့သည် တွန့်ဆုတ်တတ်ကြ၏၊ အာဏာအားလုံးကို ငြင်းပယ်ကြကာ ကိုယ်ပိုင်စံနှုန်းများနှင့်အညီနေထိုင်ပြီး အခြားသူများ၏ဆုံးမမှုကိုမခံ သို့မဟုတ် ညွှန်ကြားမှုကိုလက်မခံဘဲ ဆုံးဖြတ်ချက်များချလေ့ရှိကြသည်။ အချို့တို့သည် သူတို့ယုံကြည်၍မရနိုင်တော့ဟုယူဆသူများနှင့်ဆက်ဆံရာတွင် မညှာမတာပြုမူသည့်အထိပင် အလွန်အကျွံမယုံသင်္ကာဖြစ်သူများဖြစ်လာကြ၏။ ဤသဘောထားသည် သမ္မာကျမ်းစာ၌ဖော်ပြထားသည့် မကောင်းသော ဤအခြေအနေမျိုးကို ဖြစ်ပေါ်စေသည်– “နောင်ကာလသည် ခဲယဉ်းသောကာလဖြစ်မည်ဟုသိမှတ်လော့။ အဘယ်သို့နည်းဟူမူကား၊ လူတို့သည် ကိုယ်ကိုကိုယ်ချစ်သောသူ၊ ငွေကိုတပ်မက်သောသူ၊ ဝါကြွားသောသူ၊ ထောင်လွှားစော်ကားသောသူ၊ သူ့အသရေကိုရှုတ်ချသောသူ၊ မိဘစကားကိုနားမထောင်သောသူ၊ ကျေးဇူးမရှိသောသူ၊ သန့်ရှင်းခြင်းမရှိသောသူ၊ ပကတိကြင်နာစုံမက်ခြင်းနှင့်ကင်းသောသူ၊ ရန်ငြိုးဖွဲ့သောသူ၊ ချောစားတတ်သောသူ၊ ကိုယ်ဣန္ဒြေကိုမချူပ်တည်းနိုင်သောသူ၊ ပြင်းထန်သောသူ၊ သူတော်ကောင်းကိုမုန်းသောသူ၊ သစ္စာကိုဖျက်တတ်သောသူ၊ သတိပေးခြင်းကိုမခံသောသူ၊ မာန်မာနနှင့်ယစ်မူးသောသူ၊ ဘုရားသခင်ကိုနှစ်သက်သည်ထက် ကာမဂုဏ်ခံစားခြင်းကိုသာ၍နှစ်သက်သောသူ၊ ဘုရားဝတ်၌မွေ့လျော်ယောင်ဆောင်၍၊ မွေ့လျော်ခြင်းတန်ခိုးကိုငြင်းပယ်သောသူဖြစ်ကြလိမ့်မည်။” (၂ တိမောသေ ၃:၁-၅; သု. ၁၈:၁) မှန်ပါသည်၊ ယနေ့ ယုံကြည်စိတ်ချမှုပြဿနာ ဖြစ်နေရခြင်းသည် အချိန်ကာလ၏နိမိတ်၊ “နောက်ဆုံးသောကာလ” ၏နိမိတ်တစ်ခုဖြစ်သည်။
ယုံကြည်စိတ်ချမှုပြဿနာတက်နေသည့် အထက်ဖော်ပြပါလူစားမျိုးနှင့် ပြည့်နေသောလောကတွင် ဘဝကို အမှန်ပင်အပြည့်အဝမမွေ့လျော်နိုင်ချေ။ သို့သော် အခြေအနေပြောင်းလဲသွားမည်ဟု ယူမှတ်ခြင်းသည် လက်တွေ့ကျပါသလော။ ယနေ့ဖြစ်ပေါ်နေသော ယုံကြည်စိတ်ချမှုပြဿနာကို ကျော်လွှားနိုင်ပါမည်လော။ သို့ဖြစ်လျှင် မည်သို့နှင့် အဘယ်အချိန်၌ဖြစ်မည်နည်း။