သင့်ဘဝကိုအကောင်းဆုံးဖြစ်စေပါ
ဖခင်ဖြစ်သူသည် ကင်ဆာရောဂါဖြင့် အိပ်ရာထဲတွင်သေဆုံးတော့မည်ဖြစ်သည်။ သူ၏သားသည် အလုပ်ရုံထဲ၌ ဖခင်၏လက်သမားကိရိယာများကို သိမ်းဆည်းနေ၏။ ကိရိယာများကိုကိုင်တွယ်စဉ် ၎င်းတို့ဖြင့်ဖခင်ပြုလုပ်ခဲ့သည့် အလွန်ကောင်းသောပစ္စည်းများအကြောင်းကို တွေးတောမိသည်။ အလုပ်ရုံသည် အိမ်နှင့်ကပ်လျက်ရှိသော်လည်း ဖခင်သည် နောက်ဘယ်တော့မျှအလုပ်ဝင်လုပ်နိုင်တော့မည်မဟုတ်ကြောင်း၊ သူကျွမ်းကျွမ်းကျင်ကျင်အသုံးပြုခဲ့သောကိရိယာများကို ဘယ်တော့မျှပြန်ကိုင်တော့မည်မဟုတ်ကြောင်းသိ၏။ ထိုအချိန်ကား ကုန်လွန်ခဲ့ပေပြီ။
သားဖြစ်သူသည် ဒေသနာ ၉:၁၀ တွင်ပါသော ကျမ်းချက်ကိုဆင်ခြင်မိသည်– “ဆောင်ရွက်စရာအမှုရှိသမျှတို့ကို ကြိုးစားအားထုတ်၍ဆောင်ရွက်လော့။ အကြောင်းမူကား၊ သင်ယခုသွား၍ ရောက်ရလတ္တံ့သောအရပ်တည်းဟူသောမရဏာနိုင်ငံ [သင်္ချိုင်း] ၌ လုပ်ဆောင်ခြင်းမရှိ။ ကြံစည်ခြင်းမရှိ။ သိပ္ပံအတတ်မရှိ။ ပညာမရှိပါတကား။” ထိုကျမ်းချက်ကို သူကောင်းစွာသိ၏။ သေခြင်းသည် မလှုပ်မရှားနိုင်သည့် အခြေအနေဖြစ်ကြောင်း ကျမ်းစာအမှန်တရားကို အခြားသူများအားသွန်သင်သောအခါ သူကြိမ်ဖန်များစွာအသုံးပြုခဲ့သည်။ ယခု ရှောလမုန်၏ကျိုးကြောင်းဆင်ခြင်တင်ပြချက်၏ ဤခိုင်လုံမှုသည် သူ၏စိတ်ထဲတွင်ရုတ်တရက်ပေါ်လာ၏—ကျွန်ုပ်တို့မတတ်စွမ်းနိုင်တော့မည့်အချိန် ရောက်လာမည်ဖြစ်သောကြောင့် တတ်နိုင်သည့်ကာလတွင် ဘဝကိုအပြည့်အဝပျော်မွေ့သင့်သည်။
အသက်တာဘဝ စံစားလေ
ဒေသနာကျမ်းတစ်လျှောက်လုံးတွင် ပညာရှိဘုရင်ရှောလမုန်သည် မိမိ၏စာရှုသူများကို ဘဝတွင် ပျော်ရွှင်မှုရှိရန် တိုက်တွန်းထားသည်။ သာဓကအနေဖြင့် အခန်းကြီး ၃ ကဤသို့ဖော်ပြသည်– “ရွှင်လန်းခြင်းအမှုနှင့်အသက်ရှင်စဉ်တွင် ကျေးဇူးပြုခြင်းအမှုမှတစ်ပါး အခြားသောအမှုအရာတို့၌ အကျိုးကျေးဇူးမရှိသည်ကိုငါသိ၏။ လူတိုင်းစားသောက်ခြင်းငှာလည်းကောင်း၊ မိမိကြိုးစားအားထုတ်သမျှသောအမှု၌ ပျော်မွေ့ခြင်းငှာလည်းကောင်း ဘုရားသခင်၏ကျေးဇူးတော်ကြောင့်သာ အခွင့်ရှိ၏။”—ဒေသနာ ၃:၁၂၊ ၁၃။
ဘုရားသခင်မှုတ်သွင်းခြင်းအားဖြင့် ရှောလမုန်သည် ဤအတွေးအခေါ်ကို ပြန်ဖော်ပြခဲ့သည်– “ငါသိမြင်သောအရာဟူမူကား၊ စားသောက်ခြင်းအမှု၊ နေအောက်၌ဘုရားသခင်ပေးတော်မူသော အသက်ရှည်သမျှကာလပတ်လုံး ကြိုးစားအားထုတ်၍ရသောအကျိုး၌ ပျော်မွေ့ခြင်းအမှုကိုပြုကောင်း၏။ လျောက်ပတ်၏။ ထိုအမှုသည်လူ၏အဖို့ဖြစ်၏။”—ဒေသနာ ၅:၁၈။
အလားတူ လူငယ်များကို သူကဤသို့တိုက်တွန်း၏– “အချင်းလူပျို၊ အသက်ပျိုသောအခါပျော်မွေ့လော့။ အသက်ပျိုစဉ်ကာလတွင် စိတ်ရွှင်လန်းခြင်းရှိလော့။ ကိုယ်အလိုရှိရာလမ်းနှင့်၊ ကိုယ်ဉာဏ်ပြသောလမ်းသို့လိုက်လော့။” (ဒေသနာ ၁၁:၉က) လူငယ့်အားမာန်ကို အပြည့်အဝပျော်မွေ့ခြင်းသည် မည်မျှကောင်းလိုက်သည်ဖြစ်ခြင်း!—သု. ၂၀:၂၉။
‘သင့်ဖန်ဆင်းရှင်ကို အောက်မေ့လော့’
ကျွန်ုပ်တို့၏နှလုံး သို့မဟုတ် မျက်စိတပ်မက်ရာ မှန်သမျှကို လိုက်စားခြင်းသည် ပညာရှိရာရောက်သည်ဟု ရှောလမုန်ဆိုလိုနေခြင်းမဟုတ်သည်မှာ အမှန်။ (၁ ယောဟန် ၂:၁၆ နှိုင်းယှဉ်။) သူဆက်ရေးသည့်စကားက ယင်းကိုရှင်းလင်းစေသည်– “သို့ရာတွင်၊ ထိုအမှုအလုံးစုံတို့ [သင့်ဆန္ဒများကိုပြည့်ကောင်းပြည့်စေမည့် လိုက်စားမှုများ] ကိုဘုရားသခင်စစ်ကြော၍၊ သင့်ကိုအပြစ်ပေးတော်မူမည်ဟုအောက်မေ့လော့။” (ဒေသနာ ၁၁:၉ခ) ကျွန်ုပ်တို့သည် အဘယ်အသက်အရွယ်ရှိရှိ ကျွန်ုပ်တို့၏ဘဝအသက်တာကို မည်သို့အသုံးပြုကြောင်း ဘုရားသခင် ကြည့်မှတ်တော်မူပြီး ထိုအတိုင်း ကျွန်ုပ်တို့ကိုစီရင်မည်ဖြစ်ကြောင်း သတိရသင့်သည်။
ကျွန်ုပ်တို့၏နောက်ပိုင်းနှစ်များမတိုင်မီ ကိုယ်ကျိုးကိုအဓိကထားပြီး ဘုရားသခင်ရေးရာဆက်ကပ်အပ်နှံခြင်းကို ရွှေ့ဆိုင်းထားနိုင်သည်ဟု ယူဆခြင်းမှာ အလွန်မိုက်မဲရာကျလိုက်လေခြင်း! ကျွန်ုပ်တို့သည် အချိန်မရွေးသေဆုံးသွားနိုင်၏။ မသေဆုံးသည့်တိုင် အသက်အရွယ်ကြီးမှ ဘုရားသခင့်အမှုတော်ဆောင်ခြင်းသည် လွယ်ကူလိမ့်မည်မဟုတ်ပေ။ ဤအဖြစ်ကို အသိအမှတ်ပြုကာ ရှောလမုန်က ဤသို့ရေးသားခဲ့၏– “ငါနေ၍မပျော်နိုင်ဟုဆိုရသောချိန်ကာလသည် မနီး၊ ဆိုးသောကာလမရောက်မီ၊ ယခုအသက်ပျိုစဉ်အခါပင်၊ သင့်ကိုဖန်ဆင်းတော်မူသောအရှင်ကို အောက်မေ့လော့။”—ဒေသနာ ၁၂:၁။
အသက်အရွယ်တဖြည်းဖြည်းကြီးရင့်ခြင်းသည် အင်အားကိုချို့တဲ့ယုတ်လျော့သွားစေသည်။ ပုံဆောင်သဘောဖြင့် ဇရာထောင်းသည့်အကြောင်းကို ရှောလမုန်ဆက်လက်ဖော်ပြသည်။ လက်များတုန်ကာ ခြေထောက်များအားလျော့လာပြီး သွားများနည်းလာ၏။ ဆံပင်ဖြူ၍ ကျွတ်၏။ အလွန်အအိပ်ဆတ်၍ ငှက်သံကြားသောအခါထ၏။ အကြားအမြင်၊ အထိအတွေ့၊ အနံ့နှင့်အရသာခံသောအာရုံများသည် အားနည်းလာ၏။ အားနည်းသောခန္ဓာသည် ချော်လဲမည်နှင့် လူအများသွားရာလမ်းတွင် “ဘေး” တွေ့မည်ကိုစိုးရိမ်ရ၏။ နောက်ဆုံးသေရ၏။—ဒေသနာ ၁၂:၂-၇။
ငယ်ရွယ်သောကာလတွင် ‘မြင့်မြတ်သောဖန်ဆင်းရှင်ကို သတိရရန်’ ပျက်ကွက်သူများအတွက် အိုမင်းမှုသည် အထူးသဖြင့်အန္တရာယ်ရှိသည်။ ထိုသို့သောသူ သို့မဟုတ် သူမသည် အချိန်ကိုဖြုန်းခဲ့သောကြောင့် သက်ကြီးပိုင်းတွင် ‘ပျော်ရွှင်မှု’ မရှိတော့ချေ။ ဘုရားတရားမဲ့သောဘဝပုံစံသည် သက်ကြီးပိုင်း၏ပြဿနာများနှင့် နာကျင်ကိုက်ခဲမှုများကိုလည်း တိုးများစေပေမည်။ (သု. ၅:၃-၁၁) ထိုသို့သောသူများသည် ရှေ့ကိုရှုမျှော်သောအခါ အနာဂတ်တွင် သင်္ချိုင်းမှလွဲ၍ အဘယ်အရာကိုမျှမမြင်ရကြသည်မှာ ဝမ်းနည်းစရာပင်။
သက်ကြီးပိုင်း၌ ဝမ်းမြောက်ခြင်း
ယင်းကြောင့် အသက်ကြီးသူများသည် ဘဝကိုမပျော်မွေ့နိုင်ဟုဆိုလိုနေခြင်းမဟုတ်ပါ။ သမ္မာကျမ်းစာ၌ “အသက်တာရှည်သောကာလနှစ်ပေါင်းများ” ခြင်းကိုလည်း ဘုရားသခင်၏ကောင်းချီးဟုခေါ်ဆိုထား၏။ (သု. ၃:၁၊ ၂) ယေဟောဝါက မိမိ၏အဆွေအာဗြဟံကို ဤသို့မိန့်တော်မူခဲ့သည်– ‘သင်သည် . . . အသက်ကြီးရင့်လျက် သင်္ဂြိုဟ်ခြင်းကိုခံရလိမ့်မည်။’ (ကမ္ဘာဦး ၁၅:၁၅) သက်ကြီးပိုင်း၏ဆင်းရဲမှုများကြား အာဗြဟံသည် သူ၏နောက်ပိုင်းနှစ်များ၌ ငြိမ်သက်မှုနှင့် ပျော်ရွှင်ချမ်းမြေ့မှုရရှိခဲ့ပြီး ယေဟောဝါထံအပ်နှံထားသောအသက်တာကို နှစ်ထောင်းအားရစွာနောက်ကြောင်းပြန်ကြည့်နိုင်ခဲ့၏။ သူသည် “ခိုင်ခံ့မြဲမြံသောမြို့” ဘုရားသခင့်နိုင်ငံတော်ကိုလည်း ရှုမျှော်ခဲ့၏။ (ဟေဗြဲ ၁၁:၁၀) ထို့ကြောင့် သူသည် “အသက်ကြီးရင့်ကာ ကျေနပ်လျက်” သေဆုံးခဲ့သည်။—ကမ္ဘာဦး ၂၅:၈၊ ကဘ။
ထို့ကြောင့် ရှောလမုန်က ဤသို့တိုက်တွန်းခဲ့သည်– ‘လူသည် အသက်တာရှည်လျှင် တစ်သက်ပတ်လုံးရွှင်လန်းပါလေစေ။’ (ဒေသနာ ၁၁:၈) ကျွန်ုပ်တို့သည် ငယ်ရွယ်သူဖြစ်စေ၊ ကြီးရင့်သူဖြစ်စေ စစ်မှန်သောရွှင်လန်းမှုသည် ဘုရားသခင်နှင့်ကျွန်ုပ်တို့၏ဆက်ဆံရေးနှင့်ဆက်စပ်လျက်ရှိသည်။
အလုပ်ရုံရှိလူငယ်တစ်ဦးသည် သူ့ဖခင်၏ကိရိယာများကိုသိမ်းဆည်းနေစဉ် ဤအရာများကို တွေးတောမိခဲ့သည်။ မိမိတို့၏ဘဝကို အကောင်းဆုံးဖြစ်စေရန် ကြိုးစားခဲ့ကြသော်လည်း ဖန်ဆင်းရှင်နှင့်ဆက်သွယ်မှုမရှိသောကြောင့် ပျော်ရွှင်မှုမရှိသော သူ၏အသိအကျွမ်းအားလုံးအကြောင်းကို တွေးတောလေသည်။ မိမိ၏ဘဝတွင် ဝမ်းမြောက်ရန်အားပေးပြီးနောက် ဤစကားများဖြင့် ရှောလမုန်အကျဉ်းချုပ်ခဲ့ခြင်းသည် အလွန်လျောက်ပတ်ပေသည်– “အချူပ်အခြာစကားဟူမူကား၊ ဘုရားသခင်ကိုကြောက်ရွံ့၍၊ ပညတ်တော်တို့ကိုစောင့်ရှောက်လော့။ ဤရွေ့ကား၊ လူနှင့်ဆိုင်သောအမှုအရာအလုံးစုံတို့ကိုချူပ်ခြာသတည်း။”—ဒေသနာ ၁၂:၁၃။