နိုးကြားနေဖို့ အရေးကြီးသည့်အချိန်!
“ကျွန်ုပ်တို့အသက်ရှင်ရသည့် ခေတ်ကာလနှင့်ပတ်သက်၍ အလွဲမယူကြနှင့်; အိပ်ပျော်နေရာမှ နိုးထလာကြရမည့်အချိန်တန်လေပြီ။” (ရောမ ၁၃:၁၁၊ နော့ခ်စ်ဘာသာပြန်ကျမ်း) တမန်တော်ပေါလုသည် ထိုစကားများကို စီ.အီး. ၇၀ ၌ဖြစ်ခဲ့သောဂျူးအစီအစဉ်စနစ်၏ အဆုံးမကျရောက်မီ ၁၄ နှစ်ခန့်တွင် ရောမမြို့ရှိခရစ်ယာန်တို့ထံရေးသားခဲ့သည်။ သူတို့သည် ဝိညာဉ်ရေးရာတွင် နိုးကြားနေခဲ့ကြသောကြောင့် ထိုအရေးပါသောအချိန်တွင် ဂျူးခရစ်ယာန်တို့သည် ယေရုရှလင်မြို့၌မရှိကြသဖြင့် သေဘေး သို့မဟုတ် ကျွန်ခံရခြင်းဘေးမှ လွတ်မြောက်ခဲ့ကြ၏။ သို့သော် အဆိုပါမြို့မှ ထွက်ခွာပြီးဝေးဝေးရှောင်နေဖို့လိုကြောင်း သူတို့ မည်သို့သိရှိခဲ့ကြသနည်း။
ရန်သူတို့သည် ယေရုရှလင်မြို့ကို ဝန်းရံပြီး ယင်းတွင်နေထိုင်ကြသူတို့ကို မြေသို့ပစ်လှဲမည်ဖြစ်ကြောင်း ယေရှုခရစ်သတိပေးခဲ့၏။ (လုကာ ၁၉:၄၃၊ ၄၄) ထို့နောက် ယေရှုက မိမိ၏သစ္စာရှိနောက်လိုက်များအား သိရှိရန်မခက်ခဲသည့် စုပေါင်းနိမိတ်တစ်ခုကို ပေးခဲ့သည်။ (လုကာ ၂၁:၇-၂၄) ယေရုရှလင်မြို့တွင်နေထိုင်ကြသော ခရစ်ယာန်များသည် ထိုမြို့မှထွက်ပြေးရမည်ဟုဆိုခြင်းသည် သူတို့၏အိုးအိမ်များနှင့် အလုပ်အကိုင်များကိုပါ ချန်ထားခဲ့ရမည်ကို ဆိုလိုသည်။ မည်သို့ပင်ဖြစ်စေ သူတို့သည် သတိဝီရိယရှိပြီး ထွက်ပြေးခဲ့ကြခြင်းကြောင့် အသက်ချမ်းသာရာရခဲ့ကြသည်။
ယေရုရှလင်မြို့၏ပျက်စီးခြင်းကို ယေရှု တင်ကူးဟောကြားခဲ့သောအခါ ကိုယ်တော်၏တပည့်တော်များက ဤသို့မေးခဲ့သည်– “ထိုအမှုအရာတို့သည် အဘယ်အချိန်တွင်ဖြစ်မည်ကိုလည်းကောင်း၊ ကိုယ်တော်၏ရောက်ရှိနေခြင်းနှင့် ဤစနစ်ဆုံးခန်း၏နိမိတ်သည် အဘယ်နိမိတ်ဖြစ်မည်ကိုလည်းကောင်း ကျွန်ုပ်တို့အား အမိန့်ရှိတော်မူပါ။” (မဿဲ ၂၄:၃၊ ကဘ) ဖြေကြားရာတွင် ယေရှုက နောဧခေတ်၌ ကမ္ဘာချီရေလွှမ်းမိုးခဲ့ခြင်းနှင့် အနာဂတ်တွင် ကိုယ်တော်ရောက်ရှိခြင်းကို နှိုင်းပြခဲ့သည်။ ဆိုးယုတ်သူအားလုံးကို ရေလွှမ်းမိုးဘေးက ဖယ်ရှားပစ်ခဲ့ကြောင်း ယေရှုဖော်ညွှန်းခဲ့သည်။ (မဿဲ ၂၄:၂၁၊ ၃၇-၃၉) ထိုသို့အားဖြင့် လူ့ကိစ္စရေးရာများတွင် ဘုရားသခင်သည်ထပ်မံ၍ ကြားဝင်ဆောင်ရွက်မည်ဖြစ်ကြောင်း ညွှန်ပြသည်။ အဘယ်အတိုင်းအတာအထိနည်း။ ဆိုးယုတ်သည့်လောကတစ်ခုလုံး သို့မဟုတ် အစီအစဉ်စနစ်တစ်ခုလုံး မရှိတော့သည့်အထိပင်တည်း! (၂ ပေတရု ၃:၅၊ ၆ နှိုင်းယှဉ်။) ယင်းသည် ကျွန်ုပ်တို့ခေတ်တွင် ဖြစ်နိုင်သလော။
အမှုအရာအားလုံး ယခင်အတိုင်း ရှိနေဆဲလော
ပထမရာစုခေတ်မှဂျူးများတွင် မိမိတို့၏သန့်ရှင်းရာမြို့တော်၊ ယေရုရှလင်သည် ဖျက်ဆီးခံရမည်ဟုယူမှတ်ခဲ့သူ အနည်းအကျဉ်းသာရှိသည်။ အလားတူ မယုံကြည်မှုသည် မီးတောင်အနီးအနားတွင်နေထိုင်သော်လည်း မီးတောင်ပေါက်ကွဲမှုကို တစ်ခါမျှမကြုံဖူးခဲ့သူများတွင် ဖြစ်လေ့ရှိသည်။ သတိပေးသောအခါ “ကျွန်ုပ်တို့အချိန်တွင် မဖြစ်တန်ရာ” ဟုတုံ့ပြန်လေ့ရှိကြသည်။ “ရာစုနှစ်စု သို့မဟုတ် သုံးစုတိုင်းတွင် မီးတောင်များပေါက်ကွဲပုံရှိသည်” ဟုမီးတောင်ပညာရှင် လိုင်နယ်လ် ဝေလ်ဆင်ကရှင်းပြသည်။ “သင့်မိဘများသည် မီးတောင်ပေါက်ကွဲခြင်းကြောင့် ပြောင်းရွှေ့ခဲ့ရလျှင် သင်စိုးရိမ်မိမည်။ သို့သော် သင်၏အဘိုးအဘွားအချိန်၌ဖြစ်ခဲ့မည်ဆိုလျှင် ဆိုရိုးစကားကဲ့သို့ ဖြစ်ချေပြီ။”
သို့သော် တိကျသောသတင်းက အန္တရာယ်အချက်ပြများကို ကျွန်ုပ်တို့အား သတိပြုစေပြီး ယင်းတို့ကို အလေးအနက်သဘောထားရန် အကူအညီပေးနိုင်သည်။ ပီလီမီးတောင်မှ ထွက်ပြေးခဲ့သူတို့အနက် တစ်ဦးသည် မီးတောင်များနှင့် အကျွမ်းတဝင်ရှိပြီး အန္တရာယ်အချက်ပြများကို သိနားလည်ထားသည်။ အလားတူအချက်ပြများကို ပင်နာတူဘိုမီးတောင်မပေါက်ကွဲမီ အချိန်တိုလေးတွင် မှန်ကန်စွာအဓိပ္ပာယ်ကောက်ခဲ့ကြသည်။ မီးတောင်ထဲတွင် တစ်စတစ်စတိုးပွားလာနေသည့် မမြင်ရသောစွမ်းအားများကို စောင့်ကြည့်နေသည့် မီးတောင်ပညာရှင်များက ဒေသခံများကို ထိုအရပ်မှထွက်ခွာသွားသင့်ကြောင်း သဘောပေါက်စေနိုင်ခဲ့ကြ၏။
မှန်သည်၊ အချို့က အန္တရာယ်အချက်ပြများကို အမြဲပင်လျစ်လျူရှုကြပြီး ဘာမျှမဖြစ်လာနိုင်ပါဟု ဇွတ်ပြောဆိုကြပေမည်။ ပြတ်ပြတ်သားသားဆောင်ရွက်သူတို့ကိုပင် သူတို့လှောင်ပြောင်ကြပေမည်။ ကျွန်ုပ်တို့ခေတ်တွင် ထိုသို့လူအများရှုမြင်ကြမည်ဟု တမန်တော်ပေတရုတင်ကြိုပြောခဲ့၏။ သူက ဤသို့ဆိုသည်– “ရှေးဦးစွာ သိမှတ်အပ်သောအရာဟူမူကား၊ နောက်ဆုံးသောကာလ၌ ပြက်ရယ်ပြုတတ်သောသူတို့သည်၊ မိမိတို့တပ်မက်ခြင်းအတိုင်းကျင့်နေ၍၊ ‘သခင်ဘုရားကြွလာမည်ဟူသောကတိတော်သည် အဘယ်မှာရှိသနည်း။ ဘိုးဘေးများအိပ်ပျော်သည်နောက်၊ ခပ်သိမ်းသောအရာတို့သည် ဖန်ဆင်းစကဖြစ်သကဲ့သို့၊ ဖြစ်မြဲဖြစ်ကြ၏’ ဟုဆိုလျက်၊ ကဲ့ရဲ့ခြင်းနှင့်တကွပေါ်လာကြလိမ့်မည်။”—၂ ပေတရု ၃:၃၊ ၄။
ကျွန်ုပ်တို့သည် “နောက်ဆုံးသောကာလ” တွင်ရောက်ရှိနေကြောင်း သင်ယုံကြည်သလော။ ကမ္ဘာ့ကိုလံဘီယာသမိုင်းတွင် ဂျော်န် အေ. ဂဲရ်တီနှင့် ပီတာ ဂေးတို့က ဤသို့မေးခဲ့သည်– “ကျွန်ုပ်တို့၏ယဉ်ကျေးမှုပျက်ပြားနေသည်ကို တွေ့မြင်နေရသလော။” ထို့နောက် အဆိုပါသမိုင်းပညာရှင်တို့သည် အစိုးရပြဿနာများ၊ ရာဇဝတ်မှုနှင့် ဥပဒေနာမခံမှု ကမ္ဘာချီတိုးများလာနေခြင်း၊ မိသားစုဘဝပြိုကွဲမှု၊ လူ့အဖွဲ့အစည်း၏ပြဿနာများကို သိပ္ပံနှင့် စက်မှုအတတ်ပညာတို့က မဖြေရှင်းပေးနိုင်ခြင်း၊ အာဏာပိုင်အရေးကိစ္စနှင့် ကမ္ဘာချီပျက်စီးယိုယွင်းနေသည့် ကျင့်ဝတ်နှင့် ဘာသာရေးတို့ကို ဆန်းစစ်လေ့လာခဲ့ကြသည်။ သူတို့က ဤသို့ကောက်ချက်ချသည်– “၎င်းတို့သည် အဆုံးတိုင်ခြင်း၏ ထင်ရှားပြတ်သားသော နိမိတ်များမဟုတ်ခဲ့လျှင် ယင်းနှင့်အလွန်ပုံစံတူပေသည်။”
“ဆုံးခန်း” ရောက်လုပြီဖြစ်ကြောင်း ယုံကြည်ဖို့ရန် အကြောင်းကောင်းရှိသည်။ ဘုရားသခင်သည် “မြေကြီးပထဝီကို ကာလအစဉ်အမြဲ မရွေ့မလှုပ်စေခြင်းငှာ အမြစ်ပေါ်တွင်တည်စေတော်မူပြီ” ဟုသမ္မာကျမ်းစာကဖော်ပြထားရာ ကမ္ဘာကြီးကိုယ်နှိုက် အဆုံးတိုင်သွားမည်ကို ကျွန်ုပ်တို့ စိုးရိမ်စရာမလိုချေ။ (ဆာလံ ၁၀၄:၅၊ ကဘ) သို့တိုင် လူသားတို့ကို များစွာစိတ်ဆင်းရဲစေခဲ့သော အစီအစဉ်ဆိုးသည် စောစောစီးစီးအဆုံးတိုင်ဖို့ ကျွန်ုပ်တို့မျှော်လင့်သင့်သည်။ အဘယ်ကြောင့်နည်း။ အကြောင်းမူကား ယေရှုခရစ်အကြမ်းဖျင်းဖော်ပြခဲ့သည့် ဤအစီအစဉ်စနစ်၏နောက်ဆုံးကာလကို ခွဲခြားသတ်မှတ်ပြနေသော ထင်ရှားသည့်အသွင်အပြင်များစွာကို ကျွန်ုပ်တို့တွေ့မြင်နိုင်သောကြောင့်ဖြစ်သည်။ (လေးထောင့်ကွက်ရှိ “နောက်ဆုံးကာလ၏ အသွင်အပြင်အချို့” ကိုရှု။) ကမ္ဘာ့ဖြစ်ရပ်များနှင့် ယေရှု၏စကားများကို နှိုင်းယှဉ်ကြည့်ပါ။ ထိုသို့ပြုခြင်းက သင်နှင့် သင့်မိသားစုအတွက် ပညာရှိသောဆုံးဖြတ်ချက်များချဖို့အတွက် အကူအညီပေးပေမည်။ သို့သော် ယခုပင် အဘယ်ကြောင့်ပြုမူရမည်နည်း။
နိုးနိုးကြားကြားရှိဖို့ အမှန်တကယ်လိုအပ်နေ
မီးတောင်ပေါက်ကွဲလုဆဲဖြစ်ကြောင်း သိပ္ပံပညာရှင်များက သိရှိကြမည်ဖြစ်သော်လည်း ယင်းသည် အဘယ်အချိန်တွင်ဖြစ်ပျက်မည်ကို အတိအကျမပြောနိုင်ကြချေ။ အလားတူ ဤအစီအစဉ်၏ဆုံးခန်းနှင့်ပတ်သက်၍ ယေရှုက ဤသို့ပြောသည်– “ထိုအချိန်နာရီကိုကား အဘယ်သူမျှမသိ။ ကောင်းကင်တမန်မသိ။ ငါ့ခမည်းတော်တစ်ပါးတည်းသာ သိတော်မူ၏။” (မဿဲ ၂၄:၃၆) မျက်မှောက်အစီအစဉ်သည် မည်သည့်အချိန်တွင်ဆုံးခန်းတိုင်မည်ကို အတိအကျမသိနိုင်ကြသောကြောင့် ယေရှုက ကျွန်ုပ်တို့အား ဤသို့သတိပေးတော်မူသည်– “သူခိုးလာမည့်အချိန်နာရီကို အိမ်ရှင်သိရလျှင်၊ မိမိအိမ်ကို မထွင်းမဖောက်စေခြင်းငှာ စောင့်နေလိမ့်မည်ကို သင်တို့သိကြ၏။ ထို့ကြောင့် သင်တို့သည်ပြင်ဆင်လျက်နေကြလော့။ အကြောင်းမူကား၊ သင်တို့မထင်မမှတ်သောအချိန်နာရီ၌ လူသားသည်ကြွလာလိမ့်မည်။”—မဿဲ ၂၄:၄၃၊ ၄၄။
ဤအစီအစဉ်၏ကြီးစွာသောဆင်းရဲဘေးဆုံးခန်းတိုင်မည့်အချိန်သည် ဤလောကမထင်မမှတ်သည့်အချိန်တွင် ဖြစ်ပျက်လိမ့်မည်ဖြစ်ကြောင်း ယေရှု၏စကားများကဖော်ပြသည်။ ကျွန်ုပ်တို့သည် ကိုယ်တော်၏နောက်လိုက်များပင်ဖြစ်နေစေကာမူ ‘ကျွန်ုပ်တို့ အသင့်ရှိနေကြောင်း’ တင်ပြဖို့လိုသည်။ ကျွန်ုပ်တို့၏အခြေအနေသည် မိမိ၏အိမ်ကိုမည်သည့်အချိန်တွင် သူခိုးထွင်းဖောက်မည်ကိုမသိသောကြောင့် သတိမမူမိဘဲရှိနေသည့် အိမ်ရှင်တစ်ဦးနှင့်တူသည်။
အလားတူ တမန်တော်ပေါလုက သက်သာလောနိတ်အသင်းတော်ရှိ ခရစ်ယာန်တို့အား ဤသို့ဆိုသည်– “သူခိုးသည် ညဉ့်အခါလာသကဲ့သို့၊ သခင်ဘုရား၏နေ့ရက်သည်လာလိမ့်မည်ကို သင်တို့သည်သေချာစွာသိကြ၏။ . . . ညီအစ်ကိုတို့၊ ထိုနေ့ရက်သည် သူခိုးကဲ့သို့ သင်တို့အပေါ်သို့ရောက်လာမည်အကြောင်း၊ သင်တို့သည် မှောင်မိုက်၌နေကြသည်မဟုတ်။” ပေါလုက ဤသို့လည်း တိုက်တွန်းခဲ့သည်– “သို့ဖြစ်၍၊ အခြားသောသူတို့သည်အိပ်ပျော်သကဲ့သို့၊ ငါတို့သည် အိပ်မပျော်ဘဲ [ကောင်းသော] သတိရှိ၍ စောင့်ကြကုန်အံ့။” (၁ သက်သာလောနိတ် ၅:၂၊ ၄၊ ၆၊ ကဘ၊ အောက်ခြေမှတ်ချက်) “အိပ်မပျော်ဘဲ [ကောင်းသော] သတိရှိ၍ စောင့်ကြကုန်အံ့” ဟူသည် အဘယ်အဓိပ္ပာယ်ရှိသနည်း။
လုံခြုံရာသို့ ကျွန်ုပ်တို့ ထွက်ပြေးခြင်းသည် ယေရုရှလင်မြို့မှ ပထမရာစုခရစ်ယာန်များ ထွက်ပြေးခဲ့သကဲ့သို့ မြို့တစ်မြို့မှ ထွက်ပြေးခြင်းမဟုတ်ချေ။ ရောမမြို့ရှိ ယုံကြည်သူချင်းတို့ကို အိပ်ပျော်ရာမှနိုးထဖို့ အလေးအနက်တိုက်တွန်းပြီးနောက် ပေါလုက “မှောင်မိုက်၏အကျင့်ကိုပယ်ရှား” ၍ “သခင်ယေရှုခရစ်ကို ယူတင်ဝတ်ဆောင်ကြလော့” ဟုတိုက်တွန်းခဲ့သည်။ (ရောမ ၁၃:၁၂၊ ၁၄) ယေရှု၏ခြေရာများကို အနီးကပ်လိုက်လျှောက်ခြင်းဖြင့် ကျွန်ုပ်တို့၏ခေတ်သမယတွင် နိုးနိုးကြားကြားရှိကြောင်းပြသရာကျပြီး ထိုသို့ဝိညာဉ်ရေးတွင်သတိဝီရိယရှိခြင်းက ဤအစီအစဉ်စနစ်အဆုံးတိုင်သောအခါ ဘုရားသခင်၏ကာကွယ်မှုကို ရရှိစေပါလိမ့်မည်။—၁ ပေတရု ၂:၂၁။
ယေရှုခရစ်နောက်သို့လိုက်သူတို့သည် အဓိပ္ပာယ်ရှိပြီး ကျေနပ်ရောင့်ရဲမှုရှိသော ဘဝအသက်တာကိုရရှိကြ၏။ ခရစ်ယာန်တပည့်နောက်လိုက်ဖြစ်ခြင်း၏ထမ်းပိုးသည် နူးညံ့သိမ်မွေ့ပြီး လန်းဆန်းမှုပေးကြောင်း သန်းနှင့်ချီသော ယေဟောဝါသက်သေများသိကြသည်။ (မဿဲ ၁၁:၂၉၊ ၃၀၊ ကဘ၊ အောက်ခြေမှတ်ချက်) တပည့်တစ်ဦးဖြစ်ရန် ဦးဆုံးခြေလှမ်းမှာ ‘ဘုရားသခင်နှင့် ကိုယ်တော်စေလွှတ်တော်မူသောယေရှုခရစ်ကို သိကျွမ်းခြင်းဖြစ်သည်။’ (ယောဟန် ၁၇:၃) လူတို့ကို ‘အမှန်တရား၏ တိကျသောအသိပညာ’ သိရှိစေရန် သက်သေခံများသည် သန်းနှင်ချီသောအိမ်များသို့ အပတ်တိုင်း သွားရောက်ကြသည်။ (၁ တိမောသေ ၂:၄) သူတို့သည် သင့်အိမ်တွင် အခမဲ့ကျမ်းစာသင်အံမှုများ ကျင်းပပေးရန် ဝမ်းမြောက်ကြပေမည်။ ဘုရားသခင့်စကားတော်ကို သင်ပိုမိုသိကျွမ်းလာသည်နှင့်အမျှ ကျွန်ုပ်တို့ခေတ်သည် ခြားနားမှုရှိကြောင်း အမှန်ပင်သဘောပေါက်လာပါလိမ့်မည်။ တကယ်ပင် အိပ်ပျော်နေရာမှ နိုးကြားနေဖို့ အရေးကြီးသည့်အချိန်ပါတကား!
[စာမျက်နှာ ၇ ပါ လေးထောင့်ကွက်/ရုပ်ပုံ]
နောက်ဆုံးကာလ၏ အသွင်အပြင်အချို့
“လူတစ်မျိုးနှင့်တစ်မျိုး တစ်နိုင်ငံနှင့်တစ်နိုင်ငံ ရန်ဘက်ပြုကြလိမ့်မည်”; ‘ငြိမ်သက်ခြင်းကို မြေကြီးမှ ရုပ်သိမ်းလိမ့်မည်။’ (မဿဲ ၂၄:၇; ဗျာဒိတ် ၆:၄)
ဤရာစုတွင် ဖြစ်ပွားခဲ့သော ကမ္ဘာစစ်ကြီးနှစ်ခုနှင့်အတူ ဒါဇင်နှင့်ချီသောအခြားပဋိပက္ခဖြစ်မှုများသည် မြေကြီးပေါ်မှ ငြိမ်သက်ခြင်းကို ရုပ်သိမ်းခဲ့ပေပြီ။ “ပထမနှင့် ဒုတိယကမ္ဘာစစ်ပါ ယခင်က တိုက်ခိုက်ခဲ့ကြသောစစ်ပွဲများနှင့် အခြားကြီးခြားနားခဲ့ကြပါသည်” ဟူ၍ သမိုင်းဆရာဂျော်န် ကီဂန်က ရေးသားခဲ့သည်၊ “ပမာဏ၊ ပြင်းထန်မှု၊ ကြာရှည်မှု၊ ပစ္စည်းဥစ္စာနှင့် လူတို့ဆုံးရှုံးပျက်စီးမှုတွင် ခြားနားပေသည်၊ “. . . ကမ္ဘာ့စစ်ပွဲကြီးများက ယခင်အချိန်မှ မည်သည့်စစ်ပွဲထက်မဆို လူတို့ကို သာ၍သေစေခဲ့သည်၊ ပျက်စီးမှုပို၍များပြားစေခဲ့ပြီး ကမ္ဘာ၏ပိုကျယ်ပြန့်သောနေရာတွင် ထိခိုက်နစ်နာမှုသာ၍ရှိစေခဲ့သည်။” ယခုအခါ စစ်ပွဲများသည် စစ်သားများထက် မိန်းမနှင့် ကလေးများကို သာ၍ထိခိုက်နေသည်။ ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့က လွန်ခဲ့သောဆယ်နှစ်အတွင်း စစ်ပွဲများကြောင့် ကလေးနှစ်သန်းသေဆုံးခဲ့ရသည်ဟု ခန့်မှန်းသည်။
“အစာခေါင်းပါးခြင်း” (မဿဲ ၂၄:၇; ဗျာဒိတ် ၆:၅၊ ၆၊ ၈)
၁၉၉၆ ခုနှစ်တွင် ဂျုံနှင့်ပြောင်းဈေးနှုန်းမှာ အလွန်ပင်မြင့်မားသွားသည်။ အကြောင်းရင်းမှာ အဘယ်နည်း။ ကမ္ဘာ့ ဆန်ရေစပါးထိန်းသိမ်းရေးမှာ ရက် ၅၀ မျှသာထောက်ပံ့ပေးဖို့အထိ ကျဆင်းနေရာ ယင်းသည် မှတ်တမ်းအရ အနိမ့်ဆုံးကိန်းဂဏန်းဖြစ်သည်။ အခြေခံစားနပ်ရိက္ခာ၏ကုန်ဈေးနှုန်းမြင့်မားနေခြင်းကြောင့် သန်းပေါင်းရာနှင့်ချီသော ကမ္ဘာ့ဆင်းရဲနွမ်းပါးသူ—အများစုမှာ ကလေးများ—တို့သည် ဆာဆာလောင်လောင်ဖြင့် အိပ်ရာဝင်ခဲ့ကြရသည်။
“နေရာအနှံ့အပြားတွင် . . . မြေငလျင်လှုပ်လိမ့်မည်” (မဿဲ ၂၄:၇၊ သတင်းကောင်း)
လွန်ခဲ့သော နှစ်ပေါင်း ၂,၅၀၀ အတွင်း မြေငလျင်ကိုးခုက တစ်ခုစီလျှင် လူပေါင်း ၁၀၀,၀၀၀ ကျော်ကိုသေကျေပျက်စီးစေခဲ့၏။ ယင်းတို့ထဲမှ လေးခုမှာ ၁၉၁၄ မှစ၍ ဖြစ်ပျက်ခဲ့သည်။
“မတရားသောအမှုတို့သည်များပြား” (မဿဲ ၂၄:၁၂)
၂၀ ရာစုနှစ်အဆုံး နီးလာသည်နှင့်အမျှ မတရားသောအမှု သို့မဟုတ် ဥပဒေချိုးဖောက်မှုတိုးပွားများပြားလာသည်။ အရပ်သားများကို အကြမ်းဖက်တိုက်ခိုက်မှုများ၊ သွေးအေးလူသတ်သမားများနှင့် လူတို့ကို အစုလိုက်အပြုံလိုက်သတ်ဖြတ်ခြင်းတို့သည် ဤအကြမ်းဖက်သောနောက်ဆုံးကာလ၏ အလွန်ဆိုးရွားသောအသွင်များတွင် တစ်ခုအပါအဝင်ဖြစ်သည်။
“အရပ်ရပ်တို့၌ . . . ကာလနာများပြားခြင်းဖြစ်လိမ့်မည်” (လုကာ ၂၁:၁၁)
၁၉၉၀ ပြည့်လွန်နှစ်များတွင် တီဘီရောဂါကြောင့် လူသန်းပေါင်း ၃၀ သေကျေကြပေမည်။ ရောဂါသယ်ဆောင်လာသောဘက်တီးရီးယားပိုးများသည် ဆေးဝါးပြီးသည်ထက်ပြီးလာနေ၏။ သေစေတတ်သော နောက်ရောဂါတစ်ခုဖြစ်သည့် ငှက်ဖျားရောဂါသည် နှစ်စဉ် လူပေါင်းသန်း ၃၀၀ မှ ၅၀၀ အထိကို ရောဂါရစေပြီး နှစ်သန်းခန့်ကို သေစေကြောင်းခန့်မှန်းကြသည်။ ဤရာစုနှစ်အဆုံးပိုင်းတွင် အေအိုင်ဒီအက်စ်ရောဂါသည် တစ်နှစ်လျှင် ၁.၈ သန်း၏အသက်ကိုခြွေယူမည်ဟု ထင်မှတ်ရသည်။ “ယနေ့ လူသားမျိုးနွယ်သည် ကူးစက်ရောဂါများ ကူးစက်ခြင်းကို ကြုံတွေ့နေရသည်” ဟူ၍ ကမ္ဘာ့အခြေပြ ၁၉၉၆ ကဖော်ပြသည်။
“[ဘုရားသခင်] နိုင်ငံတော်နှင့်ယှဉ်သောဧဝံဂေလိတရားကို လောကီနိုင်ငံအရပ်ရပ်ရှိသမျှတို့၌ ဟောရလိမ့်မည်။” (မဿဲ ၂၄:၁၄)
၁၉၉၇ ခုနှစ်တွင် ယေဟောဝါသက်သေများသည် ဘုရားသခင့်နိုင်ငံတော် သတင်းကောင်းကို ဟောပြောရာ၌ နာရီသန်းပေါင်းတစ်ထောင်ကျော်ကို အသုံးပြုခဲ့ကြသည်။ ငါးသန်းကျော်သော သက်သေခံတို့သည် ၂၃၂ နိုင်ငံတွင် ဤသတင်းကို မှန်မှန်ကြွေးကြော်နေကြပြီ။
[Credit Lines]
FAO photo/B. Imevbore
U.S. Coast Guard photo
[စာမျက်နှာ ၄၊ ၅ ပါ ရုပ်ပုံ]
ခရစ်ယာန်များသည် ဝိညာဉ်ရေးတွင် နိုးနိုးကြားကြားရှိခဲ့ကြသောကြောင့် ယေရုရှလင်မြို့မှ ထွက်ပြေးခဲ့ကြ