ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၈ ၁၁/၁၅ စာ. ၁၀-၁၅
  • ဘုရားသခင်နှင့်လျှောက်လှမ်းခြင်း—ကနဦးခြေလှမ်းများ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ဘုရားသခင်နှင့်လျှောက်လှမ်းခြင်း—ကနဦးခြေလှမ်းများ
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၈
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • တိကျသောအသိပညာလိုအပ်
  • အရေးကြီးသောခြေလှမ်းနှစ်ရပ် —ဆက်ကပ်အပ်နှံခြင်းနှင့် နှစ်ခြင်း
  • ယေရှု၏ခြေရာ၌ လျှောက်လှမ်းခြင်း
  • သင့်ကို ထောက်ပံ့ပေးဖို့ ဘုရားသခင်အား ကိုးစား
  • ဘုရားသခင်နှင့်အတူ သင်လျှောက်လှမ်းမည်လော
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၅
  • ဘုရားသခင်အား ထာဝစဉ်ဝတ်ပြုရန် ရည်မှန်းချက်ပန်းတိုင်ထားပါ
    ထာဝရအသက်ရစေသော အသိပညာအသိပညာ
  • ‘သွား၍ တပည့်ဖြစ်စေလျက် နှစ်ခြင်းပေးကြလော့’
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၆
  • နှစ်ခြင်းခံခြင်းနဲ့ ဘုရားသခင်နဲ့သင့်ဆက်ဆံရေး
    သမ္မာကျမ်းစာ အမှန်တကယ် သွန်သင်ရာက ဘာလဲ
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၈
က၉၈ ၁၁/၁၅ စာ. ၁၀-၁၅

ဘုရားသခင်နှင့်လျှောက်လှမ်းခြင်း—ကနဦးခြေလှမ်းများ

“ဘုရားသခင်ကိုချဉ်းကပ်ကြလော့။ သို့ပြုလျှင်၊ သင်တို့၌ချဉ်းကပ်တော်မူလိမ့်မည်။”—ယာကုပ် ၄:၈။

၁၊ ၂။ ယေဟောဝါ၏အမှုတော်ထမ်းခြင်းသည် အခွင့်အရေးကြီးတစ်ခုဖြစ်သည်ဟု အဘယ်ကြောင့်သင်ဆိုမည်နည်း။

ထိုသူသည် နှစ်နှင့်ချီ၍ ထောင်ကျခဲ့ရ၏။ ထို့နောက် နိုင်ငံ့အုပ်စိုးရှင်၏မျက်မှောက် အခစားဝင်ရန် ဆင့်ခေါ်ခံခဲ့ရသည်။ ဖြစ်ရပ်များမှာ မြန်ဆန်လှ၏။ ရုတ်တရက် ထောင်သားသည် ထိုအချိန်က ကမ္ဘာ့အင်အားအကြီးမားဆုံးဘုရင်၏ အမှုထမ်းဖြစ်သွားသည်။ ယခင်က ထောင်သားဖြစ်ခဲ့သူသည် ကြီးလေးသောတာဝန်ရပြီး သူ့ကို အံ့မခန်းဖွယ်ဂုဏ်တင်လေးစားခံရသည့်ရာထူး၌ ခန့်အပ်ခဲ့သည်။ တစ်ချိန်က ခြေချင်းခတ်ထားခံရသောယောသပ်သည် ယခု ရှင်ဘုရင်တစ်ပါးနှင့် လျှောက်လှမ်းနေပါသည်တကား!—ကမ္ဘာဦး ၄၁:၁၄၊ ၃၉-၄၃; ဆာလံ ၁၀၅:၁၇၊ ၁၈။

၂ ယနေ့ လူတို့သည် အီဂျစ်ပြည့်ရှင်ဖာရောမင်းထက် သာလွန်မြင့်မြတ်သော ပုဂ္ဂိုလ်တစ်ပါး၏အမှုတော်ကို ထမ်းခွင့်ရှိကြသည်။ စကြဝဠာတွင် အကြီးမြတ်ဆုံးပုဂ္ဂိုလ်သည် ကျွန်ုပ်တို့အားလုံးကို မိမိအမှုတော်ထမ်းရန် ဖိတ်ခေါ်ထား၏။ ထိုသို့ပြုရန်နှင့် အမြင့်မြတ်ဆုံးတန်ခိုးရှင်ဘုရားသခင်၊ ယေဟောဝါနှင့် ရင်းနှီးသောဆက်ဆံရေးကို ပြုစုပျိုးထောင်ရခြင်းမှာ အံ့မခန်းဖွယ်အခွင့်အရေးကြီးပါတကား! သမ္မာကျမ်းစာ၌ ထည်ဝါသောဘုန်းတန်ခိုးနှင့် ခမ်းနားကြီးကျယ်ခြင်းအပြင် တည်ငြိမ်ချမ်းမြေ့မှု၊ လှပမှုနှင့် နှစ်လိုဖွယ်တို့ကို ကိုယ်တော်နှင့် ဆက်စပ်ထားသည်။ (ယေဇကျေလ ၁:၂၆-၂၈; ဗျာဒိတ် ၄:၁-၃) ကိုယ်တော်ပြုစုစီရင်သမျှတွင် မေတ္တာပျံ့နှံ့နေ၏။ (၁ ယောဟန် ၄:၈) မည်သည့်အခါမျှ လိမ်ညာခြင်းမရှိ။ (တောလည်ရာ ၂၃:၁၉) မိမိအားသစ္စာစောင့်သိသူတို့ကို မည်သည့်အခါမျှ ယေဟောဝါစိတ်ပျက်စေမည်လည်းမဟုတ်ပေ။ (ဆာလံ ၁၈:၂၅) ကိုယ်တော့်ဖြောင့်မတ်သော တောင်းဆိုချက်များနှင့်အညီ အသက်ရှင်ခြင်းအားဖြင့် ကျွန်ုပ်တို့သည် ထာဝရအသက်ကိုရည်မျှော်လျက် ယခုပင် ပျော်ရွှင်၍ အဓိပ္ပာယ်ပြည့်ဝသည့်အသက်တာကို ခံစားနိုင်သည်။ (ယောဟန် ၁၇:၃) မည်သည့်လူ့အုပ်စိုးရှင်မဆိုသည် နှိုင်းယှဉ်၍မရနိုင်သော ထိုကောင်းချီးမင်္ဂလာများနှင့် အခွင့်အရေးများကို ပေးနိုင်မည်မဟုတ်ချေ။

၃။ နောဧသည် အဘယ်နည်းဖြင့် ‘စစ်မှန်သောဘုရားသခင်နှင့်လျှောက်လှမ်း’ ခဲ့သနည်း။

၃ ရှေးအချိန်က ဘိုးဘေးနောဧသည် ဘုရားသခင့်အလိုတော်၊ ရည်ရွယ်တော်မူချက်နှင့်အညီ အသက်ရှင်နေထိုင်ဖို့ ဆုံးဖြတ်ခဲ့၏။ သူနှင့်ပတ်သက်၍ သမ္မာကျမ်းစာက “နောဧသည်ဖြောင့်မတ်သောသူ၊ မိမိအမျိုး၌စုံလင်သောသူဖြစ်၏။ ဘုရားသခင်နှင့်အတူသွားလာ [“လျှောက်လှမ်း၊” ကဘ] ၏” ဟုဆိုထားသည်။ (ကမ္ဘာဦး ၆:၉) မှန်ပါသည်၊ “ဘုရားသခင်ကို အဘယ်သူမျှမမြင်” ဖူးခဲ့ရာ နောဧသည် ယေဟောဝါနှင့်အတူစာသားအတိုင်း လျှောက်လှမ်းခဲ့မည်မဟုတ်ပေ။ (ယောဟန် ၁:၁၈) ယင်းအစား နောဧသည် ဘုရားသခင်မိန့်မှာသည့်အတိုင်း ဆောင်ရွက်ခြင်းဖြင့် ဘုရားသခင်နှင့်အတူသွားလာခဲ့သည်။ သူ၏အသက်တာကို ယေဟောဝါအလိုတော်ထမ်းရွက်ခြင်း၌ မြှုပ်နှံထားရာ အမြင့်မြတ်ဆုံးဘုရားသခင်နှင့် နွေးထွေး၍ရင်းနှီးသောဆက်ဆံရေးကို နောဧရရှိထား၏။ နောဧကဲ့သို့ပင် သန်းပေါင်းများစွာသောသူတို့သည် ယေဟောဝါ၏ဆုံးမစကားနှင့် သွန်သင်မှုအတိုင်း အသက်ရှင်နေထိုင်ခြင်းဖြင့် ‘ဘုရားသခင်နှင့်လျှောက်လှမ်းနေကြသည်။’ လူတစ်ဦးသည် ထိုသို့သောလမ်းစဉ်ကို မည်သို့အစပြုမည်နည်း။

တိကျသောအသိပညာလိုအပ်

၄။ ယေဟောဝါသည် မိမိ၏လူတို့ကို အဘယ်နည်းဖြင့် သွန်သင်သနည်း။

၄ ယေဟောဝါနှင့်လျှောက်လှမ်းဖို့ ဦးဆုံး ကိုယ်တော်ကို ကျွန်ုပ်တို့သိရမည်။ ပရောဖက်ဟေရှာယက ဤသို့တင်ကူးပြောခဲ့သည်– “နောက်ဆုံးသောကာလ၌ ထာဝရဘုရား၏အိမ်တော်တည်သောတောင်သည် တောင်ကြီးတောင်ငယ်တို့ထိပ်ပေါ်မှာ ချီးမြှောက်၍တည်လိမ့်မည်။ ခပ်သိမ်းသောလူမျိုးတို့သည် ထိုတောင်သို့စည်းဝေးကြလိမ့်မည်။ များပြားသောသူတို့ကလည်း၊ ‘လာကြလော့။ ထာဝရဘုရား၏တောင်တော်၊ ယာကုပ်အမျိုး၏ဘုရားသခင့်အိမ်တော်သို့ တက်သွားကြကုန်အံ့။ လမ်းခရီးတော်တို့ကိုပြသသွန်သင်တော်မူ၍၊ ငါတို့သည်ခြေ . . . ရာသို့လိုက်သွားကြမည်’ ဟုခရီးသွားလျက်ပြောဆိုကြလိမ့်မည်။ တရားတော်သည် ဇိအုန်တောင်မှလည်းကောင်း၊ ထာဝရဘုရား၏ [နှုတ်မြွက်စကားတော်] သည်ယေရုရှလင်မြို့မှလည်းကောင်း ပေါ်ထွက်လိမ့်မည်။” (ဟေရှာယ ၂:၂၊ ၃) မှန်ပါသည်၊ ယေဟောဝါသည် မိမိ၏နည်းလမ်းများအတိုင်းလျှောက်လှမ်းဖို့ ရှာဖွေသူမှန်သမျှကို သွန်သင်ညွှန်ကြားမည်ဖြစ်ကြောင်း ကျွန်ုပ်တို့ယုံကြည်စိတ်ချနိုင်၏။ ကိုယ်တော်သည် မိမိ၏နှုတ်မြွက်စကားတော်၊ သမ္မာကျမ်းစာကိုပေးထားပြီး ယင်းကို နားလည်ဖို့ ကူညီပေးတော်မူသည်။ ယင်းကို ပြုလုပ်ပေးတော်မူသောနည်းတစ်နည်းမှာ “သစ္စာနှင့်သတိပညာရှိသောကျွန်” မှတစ်ဆင့်ဖြစ်၏။ (မဿဲ ၂၄:၄၅-၄၇၊ သမ) ယေဟောဝါသည် သမ္မာကျမ်းစာအခြေခံသည့် စာအုပ်စာတမ်းများ၊ ခရစ်ယာန်စည်းဝေးများနှင့် အခမဲ့အိမ်တွင်းကျမ်းစာသင်အံမှုအစီအစဉ်ဖြင့် ဝိညာဉ်ရေးဆိုင်ရာသွန်သင်ချက်ကိုပေးရန် ‘သစ္စာရှိကျွန်’ ကိုအသုံးပြုနေသည်။ နှုတ်မြွက်စကားတော်ကို သန့်ရှင်းသောဝိညာဉ်တော်အကူအညီဖြင့် နားလည်စေရန်လည်း မိမိ၏လူတို့ကို ကူညီတော်မူ၏။—၁ ကောရိန္သု ၂:၁၀-၁၆။

၅။ ကျမ်းစာသမ္မာတရားသည် အဘယ်ကြောင့် အလွန်အဖိုးတန်သနည်း။

၅ ကျမ်းစာအမှန်တရားအတွက် အခကြေးငွေမပေးရသော်လည်း ယင်းသည် အလွန်အဖိုးတန်၏။ ဘုရားသခင့်နှုတ်မြွက်စကားတော်ကို ကျွန်ုပ်တို့လေ့လာရာတွင် ဘုရားသခင့်အကြောင်း—ကိုယ်တော်၏နာမတော်၊ ဥပဓိရုပ်တော်၊ ရည်ရွယ်တော်မူချက်၊ လူသားတို့နှင့်ကိုယ်တော်ဆက်ဆံပုံတို့အကြောင်းကို ကျွန်ုပ်တို့သိရှိရသည်။ ဘဝ၏အခြေခံကျသောမေးခွန်းများဖြစ်သည့် ဤနေရာတွင် ကျွန်ုပ်တို့ အဘယ်ကြောင့်ရောက်ရှိနေသနည်း၊ ဝေဒနာခံစားရန် ဘုရားသခင် အဘယ်ကြောင့်ခွင့်ပြုရသနည်း၊ အနာဂတ်တွင် အဘယ်အရာရှိသနည်း၊ ကျွန်ုပ်တို့သည် အဘယ်ကြောင့် အသက်ကြီး၍သေရသနည်း၊ တမလွန်ဘဝရှိပါသလော စသည့် လွတ်မြောက်မှုပေးသောအဖြေများကိုလည်း ကျွန်ုပ်တို့သိလာရကြသည်။ ထိုထက်ကား ကျွန်ုပ်တို့အတွက် ဘုရားသခင့်အလိုတော်မှာအဘယ်အရာဖြစ်ကြောင်း၊ ကိုယ်တော်၏သဘောတော်နှင့် အပြည့်အဝတွေ့ဖို့ မည်သို့လျှောက်လှမ်းသင့်ကြောင်းကို သိရသည်။ ကိုယ်တော့်တောင်းဆိုချက်များမှာ ကျိုးကြောင်းညီညွတ်ပြီး ယင်းတို့နှင့်အညီနေထိုင်သောအခါ အံ့ဖွယ်ကောင်းစွာပင် အကျိုးရှိကြောင်းသိမြင်ကြရ၏။ ဘုရားသခင့်သွန်သင်မှုမပါဘဲ ထိုအရာတို့ကို မည်သည့်အခါမျှ နားလည်နိုင်မည်မဟုတ်ချေ။

၆။ သမ္မာကျမ်းစာ၏ တိကျသောအသိပညာက ကျွန်ုပ်တို့ဘဝတွင် အဘယ်လမ်းစဉ်ကိုလိုက်စေသနည်း။

၆ ကျမ်းစာအမှန်တရားသည် ဩဇာရှိပြီး ဘဝတွင် ပြောင်းလဲမှုများပြုလုပ်စေ၏။ (ဟေဗြဲ ၄:၁၂) ကျမ်းစာအသိပညာကို မရရှိမီက “ငြင်းဆန်သောသူတို့၌ပြုပြင်သော ဝိညာဉ်တော်၏အလိုနှင့်အညီ” သာကျွန်ုပ်တို့လျှောက်လှမ်းနိုင်ကြသည်။ (ဧဖက် ၂:၂) သို့သော် ဘုရားသခင့်နှုတ်မြွက်စကားတော်၏တိကျသောအသိပညာက ကျွန်ုပ်တို့ကို ‘ယေဟောဝါနှင့် ထိုက်လျောက်စွာကျင့်၍ အရာရာ၌နှစ်သက်တော်မူစေခြင်းငှာ’ ခြားနားသောလမ်းစဉ်ကို အသေးစိတ်ချမှတ်ပေး၏။ (ကောလောသဲ ၁:၁၁) စကြဝဠာတစ်ခွင် ခံ့ညားထည်ဝါဆုံးသောပုဂ္ဂိုလ်ယေဟောဝါနှင့် လျှောက်လှမ်းရာတွင် ကနဦးခြေလှမ်းများလှမ်းရခြင်းသည် မည်မျှ ရွှင်လန်းစရာပါတကား!—လုကာ ၁၁:၂၈။

အရေးကြီးသောခြေလှမ်းနှစ်ရပ် —ဆက်ကပ်အပ်နှံခြင်းနှင့် နှစ်ခြင်း

၇။ ဘုရားသခင့်နှုတ်မြွက်စကားတော်ကို လေ့လာသောအခါ လူ့ဦးစီးမှုနှင့်ပတ်သက်၍ အဘယ်အမှန်တရားထင်ရှားလာသနည်း။

၇ သမ္မာကျမ်းစာကို ကျွန်ုပ်တို့ တိုးသိနားလည်လာသောအခါ ဘုရားသခင့်နှုတ်မြွက်စကားတော်၏ ဝိညာဉ်ရေးအလင်းတွင် လူ့ရေးရာအမှုကိစ္စများနှင့် မိမိတို့၏ဘဝအသက်တာကို ကျွန်ုပ်တို့စတင်စစ်ဆေးကြသည်။ သို့ဖြင့် အရေးကြီးသောအမှန်တရားတစ်ရပ် ထင်ရှားလာ၏။ ထိုအမှန်တရားကို ဤသို့ရေးခဲ့သော ပရောဖက်ယေရမိအားဖြင့် ရှေးမဆွကတည်းက ဖော်ပြထားသည်– “အိုထာဝရဘုရား၊ လူသည် မိမိသွားရာလမ်းကိုအစိုးမရ။ သွားစဉ်အခါမိမိခြေရာတို့ကို မစီရင်တတ်သည်ကို အကျွန်ုပ်သိပါ၏။” (ယေရမိ ၁၀:၂၃) လူသားများ—ကျွန်ုပ်တို့အားလုံး—သည် ဘုရားသခင်၏ညွှန်ကြားမှုလိုအပ်ကြသည်။

၈။ (က) ဘုရားသခင်ထံဆက်ကပ်အပ်နှံဖို့ လူတို့ကို အဘယ်အရာက စေ့ဆော်ပေးသနည်း။ (ခ) ခရစ်ယာန်ဆက်ကပ်အပ်နှံခြင်းကား အဘယ်နည်း။

၈ ဤအရေးပါသောအချက်ကို သိနားလည်ထားခြင်းက ယေဟောဝါထံတော်မှ ညွှန်ကြားမှုကိုရှာဖွေရန် ကျွန်ုပ်တို့အား လှုံ့ဆော်ပေး၏။ ဘုရားသခင်ကို ချစ်သောမေတ္တာက ကျွန်ုပ်တို့၏ဘဝကို ကိုယ်တော်ထံဆက်ကပ်အပ်နှံဖို့ စေ့ဆော်ပေးသည်။ ဘုရားသခင်ထံ ဆက်ကပ်အပ်နှံသည့်အဓိပ္ပာယ်မှာ ဆုတောင်းခြင်းဖြင့် ကိုယ်တော်ထံချဉ်းကပ်ပြီး ကိုယ်တော့်အမှုတော်ထမ်းရန်နှင့် နည်းလမ်းတော်များနှင့်အညီ သစ္စာရှိရှိသွားလာရန် အလေးအနက်ကတိပြုခြင်းကိုဆိုလိုသည်။ ဤသို့ပြုလုပ်ရာတွင် ဘုရားသခင့်အလိုတော်ဆောင်ရန် အခိုင်အမာဆုံးဖြတ်ပြီး မိမိကိုယ်ကို ယေဟောဝါအား ပေးဆက်ခဲ့သောယေရှု၏ပုံသက်သေကို ကျွန်ုပ်တို့လိုက်လျှောက်ကြသည်။—ဟေဗြဲ ၁၀:၇။

၉။ တစ်ဦးချင်းစီအနေဖြင့် ယေဟောဝါထံ အဘယ်ကြောင့်ဆက်ကပ်အပ်နှံကြသနည်း။

၉ ယေဟောဝါဘုရားသခင်သည် အဘယ်သူကိုမျှမည်သည့်အခါ၌မဆို မိမိထံဆက်ကပ်အပ်နှံဖို့ ဖိအားပေးခြင်း သို့မဟုတ် အတင်းအဓမ္မစေခိုင်းခြင်းမပြုပါ။ (၂ ကောရိန္သု ၉:၇ နှိုင်းယှဉ်။) ထို့အပြင် ခေတ္တပေါ်လာသော စိတ်လှုပ်ရှားမှုတစ်မျိုးတစ်မည်ကြောင့် ကိုယ်တော့်အား ဆက်ကပ်အပ်နှံခြင်းကို ဘုရားသခင်မလိုလားပေ။ လူတစ်ဦးသည် နှစ်ခြင်းမယူမီ တပည့်တစ်ဦးဖြစ်နှင့်ရမည်၊ ယင်းသို့ဖြစ်ရန် အသိပညာကို ကြိုးစားပမ်းစားဆည်းပူးရန်လိုသည်။ (မဿဲ ၂၈:၁၉၊ ၂၀) ပေါလုက ‘အသက်ရှင်ခြင်းလက္ခဏာ၊ သန့်ရှင်းခြင်းလက္ခဏာ၊ ဘုရားသခင်နှစ်သက်တော်မူဖွယ်သောလက္ခဏာနှင့် ပြည့်စုံသောယဇ်ကို ပူဇော်၍၊ မိမိကိုယ်ခန္ဓာကို ဘုရားသခင်အား ဆက်ကပ်ခြင်းတည်းဟူသော ပြုအပ်သောဝတ်ကိုပြု’ ရန် နှစ်ခြင်းယူနှင့်ပြီးသူတို့ကို အနူးအညွတ်တောင်းပန်ခဲ့၏။ (ရောမ ၁၂:၁) ကျွန်ုပ်တို့၏ဆင်ခြင်သုံးသပ်နိုင်စွမ်းကို ထပ်တူနည်းဖြင့်ကျင့်သုံးပြီး ယေဟောဝါဘုရားသခင်ထံ ဆက်ကပ်အပ်နှံကြသည်။ အဘယ်အရာပါဝင်ကြောင်း သိရှိလာ၍ ထိုအကြောင်းကို အသေအချာဆင်ခြင်ပြီးနောက် စေတနာစိတ်နှင့် ရွှင်လန်းအားရစွာဖြင့် ကျွန်ုပ်တို့၏အသက်တာကို ဘုရားသခင်ထံဆက်ကပ်အပ်နှံကြသည်။—ဆာလံ ၁၁၀:၃။

၁၀။ ဆက်ကပ်အပ်နှံခြင်းသည် နှစ်ခြင်းနှင့် မည်သို့ဆက်နွှယ်သနည်း။

၁၀ ကိုယ်တော့်နည်းလမ်းများအတိုင်း သွားလာရန် ကျွန်ုပ်တို့ဆုံးဖြတ်ထားကြောင်း ဘုရားသခင်ထံဆုတောင်းခြင်းဖြင့်ဖော်ပြပြီးနောက် နောက်ထပ်တစ်ဆင့်တက်လှမ်းရမည်။ ကျွန်ုပ်တို့၏ ဆက်ကပ်အပ်နှံခြင်းကို လူအများသိစေဖို့ ရေတွင်နှစ်ခြင်းခံရမည်။ ယင်းက ဘုရားသခင့်အလိုတော်ဆောင်ရွက်ရန် ကျွန်ုပ်တို့အဓိဋ္ဌာန်ပြုထားကြောင်း လူရှေ့တွင်ကြေညာခြင်းဖြစ်၏။ ကိုယ်တော့်ဓမ္မအမှု အစောပိုင်းတွင် ယေရှုသည် ယောဟန်ထံ၌နှစ်ခြင်းခံခဲ့ရာ ကျွန်ုပ်တို့အတွက် ပုံသက်သေချမှတ်ပေးထားသည်။ (မဿဲ ၃:၁၃-၁၇) နောက်ပိုင်းတွင် ယေရှုက မိမိ၏နောက်လိုက်များအား အခြားသူတို့ကို တပည့်ဖြစ်စေ၍နှစ်ခြင်းပေးရန် တာဝန်အပ်နှင်းခဲ့၏။ ထို့ကြောင့် ဆက်ကပ်အပ်နှံခြင်းနှင့် နှစ်ခြင်းယူခြင်းသည် ယေဟောဝါနှင့်လျှောက်လှမ်းလိုသူ မည်သူမဆိုပြုလုပ်ရန်လိုသော ခြေလှမ်းများဖြစ်သည်။

၁၁၊ ၁၂။ (က) နှစ်ခြင်းကို မင်္ဂလာဆောင်ခြင်းနှင့် မည်သို့နှိုင်းယှဉ်မည်နည်း။ (ခ) ယေဟောဝါနှင့် ကျွန်ုပ်တို့၏ဆက်ဆံရေးကို လင်မယားစပ်ကြားရှိဆက်ဆံရေးနှင့် မည်သို့နှိုင်းယှဉ်နိုင်သနည်း။

၁၁ ယေရှုခရစ်၏ ဆက်ကပ်အပ်နှံနှစ်ခြင်းခံ တပည့်တစ်ဦးဖြစ်လာခြင်းသည် မင်္ဂလာဆောင်ခြင်းနှင့်အလားတူညီ၏။ နိုင်ငံများစွာတွင် မင်္ဂလာနေ့ရက်မရောက်မီ ပြုလုပ်ရသည့်အမှုများစွာရှိသည်။ အမျိုးသား၊ အမျိုးသမီးတို့သည် ဆုံတွေ့ကြပြီး တစ်ယောက်အကြောင်း တစ်ယောက်သိလာရာမှ မေတ္တာရှိလာကြသည်။ ထို့နောက် စေ့စပ်ကြောင်းလမ်းရ၏။ မင်္ဂလာဆောင်ခြင်းက အိမ်ထောင်သည်ဘဝရောက်ပြီး ခင်ပွန်းနှင့်ဇနီးအဖြစ် အတူတကွနေထိုင်ဖို့ နှစ်ကိုယ်ကြားဆုံးဖြတ်ထားချက်ကို လူသိရှင်ကြားဖြစ်စေ၏။ အဆိုပါရင်းနှီးသောဆက်ဆံရေး စတင်ကြောင်းကို မင်္ဂလာဆောင်ခြင်းက လူအများအား သိမှတ်စေသည်။ ထိုရက်စွဲသည် အိမ်ထောင်မင်္ဂလာ၏အစကို မှတ်သားဖော်ပြသည်။ ထပ်တူပင် နှစ်ခြင်းက ယေဟောဝါထံ ဆက်ကပ်အပ်နှံထားသည့်အတိုင်းလျှောက်လှမ်းရန် ဘဝကိုမြှုပ်နှံခြင်း၏အစဖြစ်ကြောင်း မှတ်သားဖော်ပြသည်။

၁၂ အခြားနှိုင်းယှဉ်ချက်တစ်ခုကို စဉ်းစားကြည့်ပါ။ မင်္ဂလာနေ့ရက်ပြီးနောက် လင်မယားစပ်ကြားထားရှိသောမေတ္တာသည် တိုးပွားများပြား၍ ရင့်ကျက်လာသင့်၏။ တစ်ဦးနှင့်တစ်ဦး ပိုမိုရင်းနှီးလာရန် အိမ်ထောင်ဖက်နှစ်ဦးစလုံးသည် အိမ်တွင်းဆက်ဆံရေးကို ထိန်းသိမ်းပြီး ခိုင်မြဲစေရန် တစ်ကိုယ်ကောင်းစိတ်ကင်းမဲ့စွာ ကြိုးစားကြရမည်။ ကျွန်ုပ်တို့သည် ဘုရားသခင်နှင့်အိမ်ထောင်မပြုကြသော်လည်း နှစ်ခြင်းယူပြီးနောက် ယေဟောဝါနှင့်ရင်းနှီးသောဆက်ဆံရေးကို ကြိုးစားထိန်းထားရမည်ဖြစ်သည်။ အလိုတော်ကိုဆောင်ရွက်ရန် ကျွန်ုပ်တို့၏ကြိုးစားအားထုတ်မှုကို ကိုယ်တော်တွေ့မြင်၍တန်ဖိုးထားပြီး ကျွန်ုပ်တို့ထံချဉ်းကပ်တော်မူသည်။ “ဘုရားသခင်ကိုချဉ်းကပ်ကြလော့။ သို့ပြုလျှင်၊ သင်တို့၌ချဉ်းကပ်တော်မူလိမ့်မည်” ဟုတပည့်တော်ယာကုပ်ရေးသားခဲ့၏။—ယာကုပ် ၄:၈။

ယေရှု၏ခြေရာ၌ လျှောက်လှမ်းခြင်း

၁၃။ ဘုရားသခင်နှင့်လျှောက်လှမ်းရာတွင် မည်သူ၏ပုံသက်သေကို ကျွန်ုပ်တို့လိုက်လျှောက်သင့်သနည်း။

၁၃ ယေဟောဝါနှင့်လျှောက်လှမ်းရန် ကျွန်ုပ်တို့သည် ယေရှုခရစ်ချမှတ်တော်မူသော ပုံသက်သေနှင့်အညီပြုမူရမည်။ တမန်တော်ပေတရုက ဤသို့ရေးသားခဲ့သည်– “ထိုသို့အလိုငှာသင်တို့ကိုခေါ်တော်မူပြီ။ ခရစ်တော်သည် ငါတို့အတွက်ခံတော်မူသည်ဖြစ်၍၊ ခြေ . . . ရာကိုလိုက်လျှောက်စေခြင်းငှာ ပုံသက်သေကိုထားတော်မူပြီ။” (၁ ပေတရု ၂:၂၁) ယေရှုသည်စုံလင်၍ ကျွန်ုပ်တို့မှာမူမစုံလင်ကြရာ ကိုယ်တော်ထားခဲ့သောပုံသက်သေကို ချွတ်ယွင်းချက်မရှိ လိုက်လျှောက်နိုင်ကြမည်မဟုတ်ပါ။ သို့တစေ ကျွန်ုပ်တို့ အတတ်နိုင်ဆုံးလုပ်ဆောင်ရန် ယေဟောဝါမျှော်လင့်တော်မူ၏။ ဆက်ကပ်အပ်နှံပြီးသားခရစ်ယာန်များ ကြိုးစား၍အတုယူသင့်သော ယေရှု၏ဘဝနှင့်ဓမ္မအမှုမှ အသွင်အပြင်ငါးမျိုးကို သုံးသပ်ကြည့်ကြစို့။

၁၄။ ဘုရားသခင့်နှုတ်မြွက်စကားတော်ကို သိရှိခြင်းတွင် အဘယ်အရာပါဝင်သနည်း။

၁၄ ယေရှုသည် ဘုရားသခင့်နှုတ်မြွက်စကားတော်ကို တိကျမှန်ကန် စေ့ငစွာသိရှိထား၏။ ယေရှုဓမ္မအမှုဆောင်စဉ်တွင် ဟေဗြဲကျမ်းစောင်များမှ မကြာခဏ ကိုးကားခဲ့သည်။ (လုကာ ၄:၄၊ ၈) ထိုအချိန်၌ရှိသော ဆိုးညစ်သည့်ဘာသာရေးခေါင်းဆောင်များလည်း ကျမ်းစောင်များမှ ကိုးကားခဲ့သည်မှာ မှန်ပါ၏။ (မဿဲ ၂၂:၂၃၊ ၂၄) ကွာခြားမှုကား ယေရှုသည် ကျမ်းစာ၏ဆိုလိုရင်းကိုနားလည်သဘောပေါက်ပြီး ဘဝတွင်ကျင့်သုံးခဲ့သည်။ ကိုယ်တော်သည် ပညတ်၏ထူးခြားမှုကိုသာမဟုတ်ဘဲ ယင်း၏ အမှန်တကယ်ဆိုလိုရင်းကိုပါ သိရှိခဲ့၏။ ခရစ်တော်၏ပုံသက်သေကို လိုက်လျှောက်ရာတွင် ကျွန်ုပ်တို့လည်း ဘုရားသခင့်နှုတ်မြွက်စကားတော်ကို နားလည်ရန် ယင်း၏အဓိပ္ပာယ် သို့မဟုတ် ဆိုလိုရင်းကိုသိရှိရန် ကြိုးစားသင့်၏။ ထိုသို့ပြုခြင်းဖြင့် ကျွန်ုပ်တို့သည် ‘သမ္မာတရားကိုမှန်ကန်စွာပိုင်းခြားတတ်သော’ ဘုရားသခင်ရေးရာဘက်တွင် မျက်နှာသာရသည့် လုပ်သားများဖြစ်လာကြပေမည်။—၂ တိမောသေ ၂:၁၅။

၁၅။ ဘုရားသခင့်အကြောင်းပြောဆိုရာတွင် ယေရှုသည် အဘယ်ပုံသက်သေထားခဲ့သနည်း။

၁၅ ခရစ်တော်ယေရှုသည် အခြားသူတို့ကို မိမိ၏ကောင်းကင်ခမည်းတော်အကြောင်း ပြောဆိုခဲ့၏။ ယေရှုသည် သိထားတော်မူသော ဘုရားသခင့်နှုတ်မြွက်စကားတော်၏အသိပညာကို မိမိတစ်ဦးတည်းအတွက် မထားခဲ့ချေ။ ကိုယ်တော်သည် သွားသည့်နေရာတိုင်းတွင် ယေဟောဝါနှင့် ကိုယ်တော်၏ရည်ရွယ်တော်မူချက်များအကြောင်း ဟောကြားခဲ့ရာ ကိုယ်တော်၏ရန်သူများကပင် ကိုယ်တော့်အား “ဆရာ” ဟုခေါ်ဆိုကြသည်။ (မဿဲ ၁၂:၃၈၊ ကဘ) ယေရှုသည် ဗိမာန်တော်ဝန်းကျင်၊ တရားဇရပ်၊ မြို့ထဲနှင့် ကျေးလက်တောရွာတို့တွင် လူအများရှေ့၌ ဟောပြောခဲ့သည်။ (မာကု ၁:၃၉; လုကာ ၈:၁; ယောဟန် ၁၈:၂၀) ကိုယ်တော်သည် အခြားသူတို့ကို အကူအညီပေးရာတွင် ကရုဏာအကြင်နာနှင့် မေတ္တာပြသခဲ့၏။ (မဿဲ ၄:၂၃) ယေရှု၏ပုံသက်သေကို လိုက်လျှောက်ကြသူတို့သည်လည်း အခြားသူများအား ယေဟောဝါဘုရားသခင်နှင့် ကိုယ်တော်၏အံ့မခန်းဖွယ်ရည်ရွယ်ချက်များအကြောင်း သင်ကြားပေးရန် နေရာများစွာနှင့် နည်းလမ်းများစွာကို တွေ့ရှိကြသည်။

၁၆။ ယေရှုသည် ယေဟောဝါအား ဝတ်ပြုကိုးကွယ်သူချင်းများနှင့် မည်မျှရင်းနှီးသနည်း။

၁၆ ယေရှုသည် ယေဟောဝါအား ဝတ်ပြုကိုးကွယ်သူချင်းတို့နှင့် အလွန်ရင်းနှီးခဲ့၏။ တစ်ချိန်တစ်ခါတွင် ယေရှုသည် လူအုပ်အား မိန့်တော်မူစဉ် ကိုယ်တော့်မိခင်နှင့် မယုံကြည်သူညီများက ကိုယ်တော်နှင့်စကားပြောရန် ရောက်လာကြသည်။ သမ္မာကျမ်းစာမှတ်တမ်းက ဤသို့ဆိုသည်– “လူတစ်ယောက်ကလည်း၊ ‘မယ်တော်နှင့်ညီတော်တို့သည် ကိုယ်တော်နှင့်နှုတ်ဆက်လို၍ ပြင်မှာရပ်နေကြပါ၏’ ဟုလျှောက်လျှင်၊ ကိုယ်တော်က၊ ‘ငါ့အမိ၊ ငါ့ညီကားအဘယ်သူနည်း’ ဟုမေးတော်မူ၏။ လက်တော်ကိုလည်းဆန့်၍ တပည့်တော်တို့ကိုညွှန်လျက်၊ ‘ဤသူတို့သည် ငါ့အမိ၊ ငါ့ညီပေတည်း။ ကောင်းကင်ဘုံ၌ရှိတော်မူသော ငါ့အဘ၏အလိုတော်ကိုဆောင်သောသူသည် ငါ့ညီ၊ ငါ့နှမ၊ ငါ့အမိဖြစ်သတည်း’ ဟုမိန့်တော်မူ၏။” (မဿဲ ၁၂:၄၇-၅၀) ယင်းက ယေရှုသည် မိမိ၏မိသားစုကို ငြင်းပယ်သည်ဟု ဆိုလိုခြင်းမဟုတ်၊ အကြောင်းမှာ နောင်ဖြစ်လာသောဖြစ်ရပ်များက ကိုယ်တော်သည် ထိုသို့မပြုခဲ့ကြောင်း သက်သေထူသည်။ (ယောဟန် ၁၉:၂၅-၂၇) သို့တိုင် ဤမှတ်တမ်းက မိမိ၏ယုံကြည်သူချင်းအပေါ်ထားရှိသော ယေရှု၏မေတ္တာကို အလေးအနက်ဖော်ပြ၏။ အလားတူ ယနေ့ ဘုရားသခင်နှင့်လျှောက်လှမ်းနေသူတို့သည် ယေဟောဝါ၏အခြားကျေးကျွန်များနှင့်ပေါင်းသင်းမှုကို ရှာဖွေပြီး သူတို့အပေါ် လွန်စွာချစ်ခြင်းမေတ္တာတိုးပွားများပြားလာကြသည်။—၁ ပေတရု ၄:၈။

၁၇။ ကောင်းကင်ခမည်းတော်၏အလိုတော်ဆောင်ရွက်ခြင်းကို ယေရှု မည်သို့ယူမှတ်သနည်း၊ ယင်းက ကျွန်ုပ်တို့ကို မည်သို့အကျိုးသက်ရောက်သင့်သနည်း။

၁၇ ဘုရားသခင့်အလိုတော်ကို ဆောင်ရွက်ခြင်းဖြင့် ယေရှုသည် မိမိ၏ကောင်းကင်ခမည်းတော်အပေါ်မေတ္တာရှိကြောင်းတင်ပြခဲ့၏။ ယေရှုသည် အရာရာတွင် ယေဟောဝါအား နာခံခဲ့၏။ ကိုယ်တော်က ဤသို့ဆိုသည်– “ငါ့ကိုစေလွှတ်တော်မူသောသူ၏ အလိုတော်ကိုဆောင်ခြင်း၊ သူ၏အမှုတော်ကိုပြီးစီးခြင်းအမှုသည် ငါ့စားစရာဖြစ်၏။” (ယောဟန် ၄:၃၄) ခရစ်တော်က “[ဘုရားသခင်] နှစ်သက်တော်မူသောအမှုကို အစဉ်မပြတ်ငါပြုသည်” ဟူ၍လည်းမိန့်တော်မူ၏။ (ယောဟန် ၈:၂၉) ယေရှုသည် မိမိ၏ကောင်းကင်ခမည်းတော်ကို အလွန်ချစ်တော်မူသောကြောင့် “လက်ဝါးကပ်တိုင်မှာအသေခံခြင်းတိုင်အောင် အစေကျွန်ခံ၍ ကိုယ်ကိုကိုယ်နှိမ့်ချတော်မူ၏။” (ဖိလိပ္ပိ ၂:၈) ယေဟောဝါသည်လည်း အခွင့်အာဏာနှင့် ဂုဏ်အသရေအရ မိမိပြီးလျှင် ယေရှုကိုချီးမြှောက်ခြင်းဖြင့် ကောင်းချီးပေးတော်မူသည်။ (ဖိလိပ္ပိ ၂:၉-၁၁) ယေရှုကဲ့သို့ပင် ကိုယ်တော်၏ပညတ်တော်များကို စောင့်ရှောက်ခြင်းနှင့် အလိုတော်ဆောင်ရွက်ခြင်းဖြင့် ကျွန်ုပ်တို့သည် ဘုရားသခင်အား မေတ္တာပြသကြ၏။—၁ ယောဟန် ၅:၃။

၁၈။ ဆုတောင်းခြင်းကိစ္စတွင် ယေရှုသည် အဘယ်ပုံသက်သေပြခဲ့သနည်း။

၁၈ ယေရှုသည် အမြဲဆုတောင်းခဲ့၏။ နှစ်ခြင်းခံချိန်တွင် ကိုယ်တော်ဆုတောင်းခဲ့၏။ (လုကာ ၃:၂၁) တမန်တော် ၁၂ ပါးကို မရွေးချယ်မီ တစ်ညလုံးဆုတောင်းခဲ့သည်။ (လုကာ ၆:၁၂၊ ၁၃) ဆုတောင်းနည်းကို တပည့်တော်များအား ယေရှုသင်ပေးခဲ့သည်။ (လုကာ ၁၁:၁-၄) မိမိမသေမီညတွင် ကိုယ်တော်သည် တပည့်တော်များအတွက် သူတို့နှင့်အတူဆုတောင်းခဲ့သည်။ (ယောဟန် ၁၇:၁-၂၆) ဆုတောင်းခြင်းသည် ယေရှုဘဝတွင် အရေးပါခဲ့သကဲ့သို့ ကိုယ်တော့်နောက်လိုက်များဖြစ်ကြသော ကျွန်ုပ်တို့၏ဘဝတွင်လည်း ထိုသို့ပင်ဖြစ်သင့်၏။ ဆုတောင်းခြင်းဖြင့် စကြဝဠာပိုင်သအုပ်စိုးရှင်နှင့် စကားပြောဆိုခွင့်ရခြင်းသည် မည်မျှဂုဏ်ယူဖွယ်ရာပါတကား! ထိုထက်ကား ယောဟန်ရေးသားခဲ့သည့်အတိုင်း ယေဟောဝါသည် ဆုတောင်းချက်များကို ဖြေကြားတော်မူသည်– “ငါတို့သည် ဘုရားသခင့်အထံတော်၌ ရဲရင့်ခြင်းအကြောင်းဟူမူကား၊ ငါတို့သည် အလိုတော်နှင့်အညီ တစ်စုံတစ်ခုသောဆုကိုတောင်းလျှင်၊ ဘုရားသခင်သည်နားထောင်တော်မူ၏။ ဆုတောင်းသမျှသောစကားတို့ကို နားထောင်တော်မူသည်ကို ငါတို့သည်သိလျှင်၊ အထံတော်၌တောင်းသောဆုတို့ကို ရမည်ဟုသိရကြ၏။”—၁ ယောဟန် ၅:၁၄၊ ၁၅။

၁၉။ (က) ယေရှု၏ အဘယ်အရည်အသွေးများကို ကျွန်ုပ်တို့ အတုယူသင့်သနည်း။ (ခ) ယေရှု၏ဘဝနှင့်အမှုဆောင်ခြင်းကိုလေ့လာခြင်းမှ အဘယ်နည်းများဖြင့် အကျိုးကျေးဇူးရရှိသနည်း။

၁၉ မြေကြီးဆိုင်ရာယေရှုခရစ်၏ဘဝနှင့် အမှုဆောင်ခြင်းကို အနီးကပ်ဆန်းစစ်ခြင်းဖြင့် များစွာသင်ယူစရာရှိလေသည်တကား! ကိုယ်တော်တင်ပြခဲ့သော မေတ္တာ၊ ထောက်ထားစာနာမှု၊ ကရုဏာ၊ ခိုင်ခံ့မှု၊ မျှတမှု၊ ကျိုးကြောင်းညီညွတ်မှု၊ နှိမ့်ချမှု၊ ရဲစွမ်းသတ္တိနှင့် တစ်ကိုယ်ကောင်းစိတ်ကင်းမဲ့ခြင်း အရည်အသွေးများကို ပြန်သုံးသပ်ကြည့်ပါ။ ယေရှုအကြောင်း ပိုမိုသိကျွမ်းလာလေ ကိုယ်တော်၏သစ္စာရှိနောက်လိုက်များဖြစ်လိုစိတ် ပြင်းပြလာလေဖြစ်၏။ ယေရှုအား သိကျွမ်းလာခြင်းက ယေဟောဝါနှင့်လည်း ပိုမိုရင်းနှီးလာစေသည်။ အမှန်မှာ၊ ယေရှုသည် ကောင်းကင်ခမည်းတော်ကို ပြည့်ဝစုံလင်စွာ ရောင်ပြန်ဟပ်ခဲ့သူဖြစ်သည်။ ကိုယ်တော်သည် ယေဟောဝါနှင့် အလွန်ရင်းနှီးသောကြောင့် ဤသို့ပြောနိုင်ခဲ့သည်– “ငါ့ကိုမြင်သောသူသည် ခမည်းတော်ကိုမြင်၏။”—ယောဟန် ၁၄:၉။

သင့်ကို ထောက်ပံ့ပေးဖို့ ဘုရားသခင်အား ကိုးစား

၂၀။ ယေဟောဝါနှင့်လျှောက်လှမ်းရာတွင် ယုံကြည်စိတ်ချမှုကို ကျွန်ုပ်တို့ မည်သို့ရရှိနိုင်သနည်း။

၂၀ ကလေးတို့သည် လမ်းလျှောက်ရန်သင်ခါစတွင် ခြေလှမ်းမခိုင်သေးပါ။ သူတို့သည် မည်သို့မြဲမြဲမြံမြံသွားလာတတ်ကြသနည်း။ လေ့ကျင့်မှုနှင့် စွဲစွဲမြဲမြဲရှိခြင်းအားဖြင့်သာဖြစ်သည်။ ယေဟောဝါနှင့်သွားလာသူတို့သည် ယုံကြည်စိတ်ချစွာဖြင့် မှန်မှန်လျှောက်လှမ်းဖို့ ကြိုးစားကြသည်။ ယင်းအတွက်လည်း အချိန်နှင့် စွဲမြဲမှုရှိဖို့လိုသည်။ ပေါလုက ဤသို့ရေးသားရာတွင် ဘုရားသခင်နှင့်အတူသွားလာရန် စွဲမြဲမှု၏အရေးပါပုံကို ညွှန်ပြခဲ့သည်– “ကြွင်းသေးသောစကားဟူမူကား၊ ညီအစ်ကိုတို့၊ သင်တို့သည် အဘယ်သို့ကျင့်ရမည်၊ ဘုရားသခင်ကိုအဘယ်သို့နှစ်သက်စေရမည်ကို ငါတို့ထံ၌နည်းခံကြသည်နှင့်အညီ တိုးပွား၍ကြွယ်ဝပြည့်စုံမည်အကြောင်း၊ သခင်ယေရှုကိုအမှီပြုလျက်၊ ငါတို့သည် တောင်းပန်၍တိုက်တွန်းသွေးဆောင်ကြ၏။”—၁ သက်သာလောနိတ် ၄:၁။

၂၁။ ယေဟောဝါနှင့်လျှောက်လှမ်းကြစဉ် အဘယ်ကောင်းချီးများကို ကျွန်ုပ်တို့ခံစားနိုင်သနည်း။

၂၁ ကျွန်ုပ်တို့သည် ဘုရားသခင်ထံ အကြွင်းမဲ့အပ်နှံထားကြပါက ကိုယ်တော်နှင့်ဆက်လက်လျှောက်လှမ်းနိုင်ကြဖို့ ကူညီပေးတော်မူမည်။ (ဟေရှာယ ၄၀:၂၉-၃၁) ကိုယ်တော့်လမ်းစဉ်အတိုင်းလျှောက်လှမ်းသူတို့အပေါ် သွန်းလောင်းမည့်ကောင်းချီးမင်္ဂလာများသည် ဤလောကမှပေးနိုင်သော မည်သည့်အရာနှင့်မဆို နှိုင်းယှဉ်၍မရနိုင်ချေ။ ကိုယ်တော်သည် ‘ကျွန်ုပ်တို့၏အကျိုးနှင့်ယှဉ်သောအရာကို သွန်သင်၍၊ ကျွန်ုပ်တို့သွားအပ်သောလမ်းဖြင့် ပို့ဆောင်သောသူဖြစ်တော်မူ၏။ ကျွန်ုပ်တို့သည် ကိုယ်တော့်ပညတ်တို့ကို စောင့်ရှောက်ခဲ့လျှင် ကျွန်ုပ်တို့၏ချမ်းသာခြင်းသည် မြစ်ကဲ့သို့လည်းကောင်း၊ ကျွန်ုပ်တို့၏ဖြောင့်မတ်ခြင်းပါရမီသည် သမုဒ္ဒရာလှိုင်းတံပိုးကဲ့သို့လည်းကောင်း ဖြစ်ရလိမ့်မည်။’ (ဟေရှာယ ၄၈:၁၇၊ ၁၈) ဘုရားသခင်နှင့်လျှောက်လှမ်းရန် ဖိတ်ခေါ်ချက်ကိုလက်ခံကာ သစ္စာရှိရှိဆောင်ရွက်ခြင်းဖြင့် ကိုယ်တော်နှင့်အစဉ် ငြိမ်သက်မှုခံစားနိုင်ပါသည်။

သင်မည်သို့တုံ့ ပြန်မည်နည်း

◻ စစ်မှန်သောဘုရားသခင်နှင့်လျှောက်လှမ်းခြင်းသည် အဘယ်ကြောင့် ဂုဏ်ယူဖွယ်ဖြစ်သနည်း။

◻ ဘုရားသခင်နှင့်လျှောက်လှမ်းရာတွင် သင်အံမှုပြုခြင်း၊ ဆက်ကပ်အပ်နှံခြင်း၊ နှစ်ခြင်းတို့သည် အဘယ်ကြောင့် ကနဦးခြေလှမ်းများဖြစ်သနည်း။

◻ ယေရှု၏ခြေရာကို ကျွန်ုပ်တို့ မည်သို့လိုက်လျှောက်မည်နည်း။

◻ ယေဟောဝါနှင့်လျှောက်လှမ်းစဉ် ကိုယ်တော်သည် ကျွန်ုပ်တို့ကို ပံ့ပိုးပေးမည်ဖြစ်ကြောင်း မည်သို့သိရှိရသနည်း။

[စာမျက်နှာ ၁၃ ပါ ရုပ်ပုံ]

ဘုရားသခင်နှင့်လျှောက်လှမ်းရာတွင် သင်အံမှုပြုခြင်း၊ ဆက်ကပ်အပ်နှံခြင်းနှင့် နှစ်ခြင်းသည် ကနဦးခြေလှမ်းများဖြစ်

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ