ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၉ ၁/၁ စာ. ၆-၁၀
  • အာဗြဟံကဲ့သို့ ယုံကြည်ခြင်းသင်၌ရှိသလော

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • အာဗြဟံကဲ့သို့ ယုံကြည်ခြင်းသင်၌ရှိသလော
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၉
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ဘုရားသခင့်ညွှန်ကြားချက်ကို နာခံမှု
  • ယနေ့ အာဗြဟံကဲ့သို့ယုံကြည်ခြင်း
  • စမ်းသပ်မှုများကြားသစ္စာရှိ
  • ယနေ့ခံနိုင်ရည်ရှိခြင်း
  • စာရှုသူများထံမှမေးခွန်းလွှာ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၁
  • အာဗြဟံက ဘယ်သူလဲ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၂
  • ဘုရားသခင်ရဲ့မိတ်ဆွေ–အာဗြဟံအကြောင်း
    ကျွန်ုပ်၏ ကျမ်းစာပုံပြင်စာအုပ်
  • ဘုရားစကား နားထောင်တဲ့ အာဗြဟံနဲ့ စာရာ
    ကျမ်းစာကနေ သင်ယူနိုင်တဲ့ သင်ခန်းစာများ
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၉
က၉၉ ၁/၁ စာ. ၆-၁၀

အာဗြဟံကဲ့သို့ ယုံကြည်ခြင်းသင်၌ရှိသလော

“လူသားသည်ကြွလာသောအခါ ယုံကြည်ခြင်းကို မြေကြီးပေါ်မှာတွေ့မည်လော။”—လုကာ ၁၈:၈။

၁။ ယနေ့ ယုံကြည်ခြင်းခိုင်မြဲနေစေရန် အဘယ်ကြောင့်ခဲယဉ်းသနည်း။

ယနေ့ ယုံကြည်ခြင်းခိုင်မြဲနေစေရန်မလွယ်ကူပါ။ ဤလောကသည် ခရစ်ယာန်များကို ဝိညာဉ်ရေးရာများမှအာရုံပြောင်းစေရန် အကြီးအကျယ်ဖိအားပေးလျက်ရှိသည်။ (လုကာ ၂၁:၃၄; ၁ ယောဟန် ၂:၁၅၊ ၁၆) လူများစွာသည် စစ်ပွဲများ၊ ကပ်ဘေးများ၊ ရောဂါများ သို့မဟုတ် ငတ်ပြတ်မှုများကြား အသက်ရှင်ရန် ကြိုးစားရုန်းကန်နေကြရ၏။ (လုကာ ၂၁:၁၀၊ ၁၁) နိုင်ငံတချို့တွင် လောကီရေးရာယဉ်ကျေးမှုစွဲမြဲနေရာ မိမိတို့၏ယုံကြည်ခြင်းနှင့်အညီအသက်ရှင်နေထိုင်သူ မည်သူမဆိုသည် အကျိုးသင့်အကြောင်းသင့်သဘောမရှိ၊ အယူသီးသူဟူ၍ပင် ယူမှတ်ခံရ၏။ ထို့အပြင် ခရစ်ယာန်များစွာသည် ၎င်းတို့၏ယုံကြည်ခြင်းကြောင့် နှိပ်စက်ညှဉ်းပန်းခံခဲ့ကြရသည်။ (မဿဲ ၂၄:၉) လွန်ခဲ့သောနှစ်ပေါင်း ၂,၀၀၀ နီးပါးခန့်က ယေရှုမေးခဲ့သော ဤမေးခွန်းသည် အမှန်ပင်သင့်လျော်လှ၏– “လူသားသည်ကြွလာသောအခါ ယုံကြည်ခြင်းကို မြေကြီးပေါ်မှာတွေ့မည်လော။”—လုကာ ၁၈:၈။

၂။ (က) ခရစ်ယာန်တစ်ဦးသည် ယုံကြည်ခြင်းခိုင်မြဲဖို့ အဘယ်ကြောင့်အရေးကြီးသနည်း။ (ခ) မည်သူ့ယုံကြည်ခြင်းပုံသက်သေကို ကျွန်ုပ်တို့သုံးသပ်ဖို့ကောင်းသနည်း။

၂ ကျွန်ုပ်တို့သည် ယခုပင် အကြံထမြောက်၍အောင်မြင်ပြီး၊ အနာဂတ်တွင် ကတိထားရာထာဝရအသက်ရလိုလျှင် ယုံကြည်ခြင်းခိုင်မြဲရန် အမှန်အရေးကြီး၏။ ဟဗက္ကုတ်ကျမ်းမှ ယေဟောဝါ၏စကားများကိုကိုးကားကာ တမန်တော်ပေါလုက ဤသို့ရေးသားခဲ့သည်– “ဖြောင့်မတ်သောသူသည် ယုံကြည်ခြင်းအားဖြင့် အသက်ရှင်လိမ့်မည်။ သို့သော်လည်း၊ ရွေ့လျော့လျှင်၊ ငါ့စိတ်ဝိညာဉ်သည် ထိုသူကိုအားရနှစ်သက်ခြင်းမရှိ။ . . . ယုံကြည်ခြင်းမရှိလျှင်၊ ဘုရားသခင်၏စိတ်တော်နှင့်မတွေ့နိုင်။” (ဟေဗြဲ ၁၀:၃၈–၁၁:၆; ဟဗက္ကုတ် ၂:၄) ပေါလုသည် တိမောသေအား ဤသို့ပြောခဲ့သည်– “ယုံကြည်ခြင်းနှင့်ဆိုင်၍ ကောင်းစွာသောတိုက်လှန်ခြင်းကိုပြုလော့။ ထာဝရအသက်ကိုကိုင်ယူလော့။ ထိုအသက်ကိုရမည်အကြောင်း၊ သင်သည် ခေါ်တော်မူခြင်းကိုခံရ . . . ပြီ။” (၁ တိမောသေ ၆:၁၂) သို့ဆိုလျှင် မပျက်စီးနိုင်သောယုံကြည်ခြင်း မည်သို့ရရှိနိုင်မည်နည်း။ ထိုမေးခွန်းကိုသုံးသပ်ရာ၌ ဘာသာကြီးသုံးခုဖြစ်သော အစ္စလာမ်၊ ယုဒဘာသာနှင့်ခရစ်ယာန်ဘာသာတို့တွင် အလွန်လေးမြတ်ခံရဆဲဖြစ်သူ လွန်ခဲ့သောနှစ်ပေါင်း ၄,၀၀၀ ခန့်ကအသက်ရှင်ခဲ့သူတစ်ဦး၏ယုံကြည်ခြင်းကို သုံးသပ်လျှင်အကျိုးရှိပေမည်။ ထိုသူမှာ အာဗြဟံဖြစ်၏။ သူ၏ယုံကြည်ခြင်းသည် အဘယ်ကြောင့်အလွန်မှတ်သားဖွယ်ဖြစ်ရသနည်း။ ယနေ့ သူ့ကိုကျွန်ုပ်တို့တုပနိုင်သလော။

ဘုရားသခင့်ညွှန်ကြားချက်ကို နာခံမှု

၃၊ ၄။ တေရသည် သူ၏မိသားစုကို ဥရမြို့မှခါရန်မြို့သို့ အဘယ်ကြောင့်ပြောင်းရွှေ့ခဲ့သနည်း။

၃ သမ္မာကျမ်းစာအစပိုင်းကတည်းက အာဗြဟံ (အစတွင် အာဗြံဟုခေါ်ခဲ့) ကိုဖော်ပြထားသည်။ ကမ္ဘာဦး ၁၁:၆ တွင်ဤသို့ဖတ်ရသည်– “တေရသည် . . . သားအာဗြံ၊ နာခေါ်၊ ခါရန်တို့ကိုမြင်လေ၏။” တေရနှင့်သူ၏မိသားစုသည် မက်ဆိုပိုတေးမီးယားတောင်ပိုင်းရှိ ကြွယ်ဝသောမြို့တစ်မြို့ဖြစ်သည့် ခါလဒဲနယ် ဥရမြို့တွင်နေထိုင်ခဲ့ကြသည်။ သို့သော် သူတို့သည် ထိုတွင်အခြေမချခဲ့ကြပါ။ “တေရသည် သားအာဗြံကိုလည်းကောင်း၊ ခါရန်၏သားဖြစ်သော မြေးလောတကိုလည်းကောင်း၊ သားအာဗြံ၏မယားဖြစ်သော မိမိချွေးမစာရဲ [စာရာ] ကိုလည်းကောင်းခေါ်၍၊ သူတို့သည်ခါနာန်ပြည်သို့သွားခြင်းငှာ၊ ခါလဒဲပြည်သားတို့နေသော ဥရမြို့မှထွက်သဖြင့်၊ ခါရန်မြို့သို့ရောက်၍နေကြ၏။” (ကမ္ဘာဦး ၁၁:၃၁) အာဗြဟံ၏အစ်ကိုနာခေါ်သည်လည်း ခါရန်မြို့သို့ သူ၏မိသားစုနှင့်ပြောင်းရွှေ့ခဲ့သည်။ (ကမ္ဘာဦး ၂၄:၁၀၊ ၁၅; ၂၈:၁၊ ၂; ၂၉:၄) သို့သော် တေရသည် ကြီးပွားချမ်းသာသောဥရမြို့မှ ဝေးလံသောခါရန်မြို့သို့ အဘယ်ကြောင့်ပြောင်းရွှေ့ခဲ့ရသနည်း။

၄ အာဗြဟံခေတ်ကုန်လွန်ပြီးနောက်နှစ်ပေါင်း ၂,၀၀၀ ခန့်အကြာတွင် သစ္စာရှိသောသတေဖန်သည် ဂျူးဆဲန်ဟီဒရင်ရှေ့မှောက်တွင် တေရမိသားစု၏ ဤထူးခြားသောပြောင်းရွှေ့မှုကိုရှင်းပြခဲ့သည်။ သူက ဤသို့ဆိုခဲ့၏– “ငါတို့အဘအာဗြဟံသည်၊ ခါရန်မြို့၌မနေမီ၊ မေသောပေါတာမိတိုင်း၌ရှိစဉ်အခါ၊ ဘုန်းကြီးတော်မူသောဘုရားသခင်သည် ထင်ရှားတော်မူ၍၊ ‘သင်နေသောပြည်နှင့်တကွ အမျိုးသားချင်းများထဲကထွက်ပြီးလျှင်၊ ငါပြလတ္တံ့သောပြည်သို့သွားလော့’ ဟုအာဗြဟံအားမိန့်တော်မူ၏။ ထိုအခါ အာဗြဟံသည် ခါလဒဲပြည်မှထွက်၍ ခါရန်မြို့၌နေ၏။” (တမန်တော် ၇:၂-၄) တေရသည် သူ၏သွေးသားရင်းချာအိမ်ထောင်စုနှင့် ခါရန်မြို့သို့ပြောင်းရွှေ့ခဲ့ချိန်တွင် အာဗြဟံအတွက် ယေဟောဝါ၏အလိုတော်ကိုနာခံခဲ့သည်။

၅။ အာဗြဟံသည် သူ၏ဖခင်သေဆုံးပြီးနောက် အဘယ်နေရာသို့ပြောင်းသွားခဲ့သနည်း၊ အဘယ်ကြောင့်နည်း။

၅ တေရ၏မိသားစုသည် ၎င်းတို့၏မြို့သစ်တွင် အခြေချခဲ့ကြသည်။ နှစ်အတန်ကြာပြီးနောက် အာဗြဟံက “ငါ့ပြည်” ဟုဆိုရာ၌ ဥရမြို့မဟုတ်ဘဲ ခါရန်ဒေသကိုဆိုလိုခဲ့ခြင်းဖြစ်၏။ (ကမ္ဘာဦး ၂၄:၄) သို့သော် ခါရန်မြို့သည် အာဗြဟံ၏အိမ်ရာအမြဲမဟုတ်ခဲ့ချေ။ သတေဖန်အဆိုအရ “သူ [အာဗြဟံ] ၏အဘသေလွန်သည်ရှိသော်၊ ယခုသင်တို့နေသောဤပြည်သို့ ထိုမြို့မှ [“ဘုရားသခင်၊” ကဘ] ပြောင်းစေတော်မူ၏။” (တမန်တော် ၇:၄) အာဗြဟံသည် ယေဟောဝါ၏ညွှန်ကြားချက်ကိုနာခံကာ လောတနှင့်အတူ ဥဖရတ်မြစ်ကိုဖြတ်ကူး၍ ခါနာန်ပြည်သို့ဝင်ခဲ့သည်။a

၆။ ယေဟောဝါသည် အာဗြဟံကို အဘယ်ကတိပေးခဲ့သနည်း။

၆ ယေဟောဝါသည် အာဗြဟံအား ခါနာန်ပြည်သို့ အဘယ်ကြောင့်ပြောင်းရွှေ့စေခဲ့သနည်း။ ထိုသစ္စာရှိသူအတွက် ဘုရားသခင့်ရည်ရွယ်တော်မူချက်များနှင့်ပတ်သက်၍ ပြောင်းရွှေ့စေခဲ့ခြင်းဖြစ်သည်။ ယေဟောဝါက အာဗြဟံအား ဤသို့မိန့်တော်မူခဲ့၏– “သင်၏ပြည်နှင့်တကွ အမျိုးသားချင်းပေါက်ဖော်များထဲကထွက်ပြီးလျှင်၊ ငါပြလတ္တံ့သောပြည်သို့သွားလော့။ ငါသည်သင့်ကိုလူမျိုးကြီးဖြစ်စေမည်။ ငါကောင်းချီးပေး၍ သင်၏နာမကိုကြီးမြတ်စေမည်။ သင်သည်ကောင်းချီးခံရသောသူဖြစ်လိမ့်မည်။ သင့်ကိုကောင်းချီးပေးသောသူကို ငါကောင်းချီးပေးမည်။ သင့်ကိုကျိန်ဆဲသောသူကို ငါကျိန်ဆဲမည်။ သင့်အားဖြင့်လည်း လူမျိုးအပေါင်းတို့သည် ကောင်းချီးမင်္ဂလာကိုခံရကြလိမ့်မည်။” (ကမ္ဘာဦး ၁၂:၁-၃) အာဗြဟံသည် ယေဟောဝါ၏ကာကွယ်မှုကိုခံစားရမည့်၊ ခါနာန်ပြည်ကိုပိုင်ဆိုင်မည့် လူမျိုးကြီးတစ်စု၏ဖခင်ဖြစ်လာရပေမည်။ ထူးမြတ်လှသောကတိတော်ပါတကား! သို့သော် အာဗြဟံသည် ထိုပြည်ကိုအမွေရရန် သူ၏ဘဝတွင်ကြီးမားသောပြောင်းလဲမှုများ ပြုလုပ်ခဲ့ရသည်။

၇။ အာဗြဟံသည် ယေဟောဝါ၏ကတိတော်ကိုရရှိရန် အဘယ်ပြောင်းလဲမှုများပြုခဲ့ရသနည်း။

၇ အာဗြဟံသည် ဥရမြို့မှထွက်သွားသောအခါ ကြီးပွားချမ်းသာသောမြို့နှင့် ဖခင်စိုးမိုးသည့်ခေတ်၌ လုံခြုံမှုအတွက်အရေးပါသည့် ဖခင်၏ဆွေမျိုးသားချင်းများကို ထားရစ်ခဲ့ရဟန်ရှိသည်။ သူသည် ခါရန်မြို့သို့ထွက်ခွာသွားသောအခါ အစ်ကိုဖြစ်သူနာခေါ်၏မိသားစုအပါအဝင် ဖခင်၏အိမ်ထောင်စုမှခွဲထွက်ခဲ့ပြီး မသိရှိသောပြည်သို့ပြောင်းရွှေ့ခဲ့သည်။ သူသည် ခါနာန်ပြည်၌ မြို့တစ်မြို့၏မြို့ရိုးအတွင်း လုံခြုံမှုမရှာယူခဲ့ချေ။ အဘယ်ကြောင့်နည်း။ အာဗြဟံသည် ထိုပြည်သို့ဝင်ရောက်ပြီးများမကြာမီတွင် ယေဟောဝါက ဤသို့မိန့်မှာခဲ့သည်– “သင်ထ၍မြေကိုအလျားအားဖြင့်လည်းကောင်း၊ အနံအားဖြင့်လည်းကောင်း လျှောက်သွားလော့။ သင့်အားငါပေးမည်ဟုမိန့်တော်မူ၏။” (ကမ္ဘာဦး ၁၃:၁၇) အသက် ၇၅ နှစ်ရှိပြီဖြစ်သောအာဗြဟံနှင့် ၆၅ နှစ်အရွယ်ရှိဇနီးစာရာတို့သည် ဤညွှန်ကြားချက်များကို လိုက်လျှောက်ခဲ့ကြသည်။ “သူတစ်ပါးပိုင်သောပြည်၌ ဧည့်သည်နေသကဲ့သို့၊ ကတိတော်နှင့်စပ်ဆိုင်သောပြည်၌ ယုံကြည်ခြင်းအားဖြင့် ဧည့်သည်ဖြစ်၍နေ၏။”—ဟေဗြဲ ၁၁:၉; ကမ္ဘာဦး ၁၂:၄။

ယနေ့ အာဗြဟံကဲ့သို့ယုံကြည်ခြင်း

၈။ အာဗြဟံနှင့် ရှေးခေတ်ကတခြားသက်သေများ၏ ပုံသက်သေကိုထောက်ရှု၍ အဘယ်အရည်အချင်းကိုပျိုးထောင်သင့်သနည်း။

၈ အာဗြဟံနှင့် သူ၏မိသားစုသည် ဟေဗြဲအခန်းကြီး ၁၁ တွင်ဖော်ပြထားသည့် “များစွာသော [ခရစ်ယာန်ခေတ်မတိုင်မီက] သက်သေများ” အမည်စာရင်းတွင်ဖော်ပြခံခဲ့ရသည်။ ဘုရားသခင့် ဤအစောပိုင်းကျေးကျွန်များ၏ယုံကြည်ခြင်းကိုထောက်၍ ပေါလုက ခရစ်ယာန်များအား “ခပ်သိမ်းသောဝန်တို့ကိုလည်းကောင်း၊ နှောင့်ယှက်တတ်သောဒုစရိုက် [ယုံကြည်ခြင်းကင်းမဲ့မှု] ကိုလည်းကောင်း ပယ်ရှား” ကြရန်တိုက်တွန်းထားသည်။ (ဟေဗြဲ ၁၂:၁) မှန်ပါသည်၊ ယုံကြည်ခြင်းကင်းမဲ့မှုသည် ‘ကျွန်ုပ်တို့ကိုအလွယ်တကူနှောင့်ယှက်’ နိုင်သည်။ သို့သော် ပေါလုခေတ်နှင့် ကျွန်ုပ်တို့ခေတ်တွင် စစ်မှန်သောခရစ်ယာန်များသည် အာဗြဟံနှင့်ရှေးခေတ်ကတခြားသူများကဲ့သို့ ခိုင်မြဲသောယုံကြည်ခြင်းကိုပျိုးထောင်ပေးနိုင်ခဲ့ပြီ။ ကိုယ်ကိုယ်တိုင်နှင့်ခရစ်ယာန်ချင်းများအကြောင်း ပေါလုကဤသို့ဆိုသည်– “ငါတို့မူကား၊ ပျက်စီးခြင်းသို့ရောက်အံ့သောငှာ ရွေ့လျော့သောသူမဟုတ်။ စိတ်ဝိညာဉ်သည် ကယ်တင်ခြင်းသို့ရောက်အံ့သောငှာ ယုံကြည်သောသူဖြစ်ကြ၏။”—ဟေဗြဲ ၁၀:၃၉။

၉၊ ၁၀။ ယနေ့ လူများစွာ၌ အာဗြဟံကဲ့သို့သော ယုံကြည်ခြင်းရှိကြောင်း အဘယ်အထောက်အထားရှိသနည်း။

၉ မှန်သည်၊ ဤလောကသည် အာဗြဟံခေတ်နှင့်မတူတော့ပေ။ သို့သော် ကျွန်ုပ်တို့သည် “အာဗြဟံ . . . ၏ဘုရားသခင်” အားဝတ်ပြုနေကြဆဲဖြစ်ပြီး ကိုယ်တော်သည်ပြောင်းလဲတော်မမူချေ။ (တမန်တော် ၃:၁၃; မာလခိ ၃:၆) ယေဟောဝါသည် အာဗြဟံခေတ်၌ကဲ့သို့ပင် ယနေ့တွင်ဝတ်ပြုမှုကိုရထိုက်၏။ (ဗျာဒိတ် ၄:၁၁) လူများစွာသည် ယေဟောဝါထံကိုယ်ကိုကိုယ် အကြွင်းမဲ့ဆက်ကပ်အပ်နှံကြပြီး အာဗြဟံကဲ့သို့ ဘုရားသခင့်အလိုတော်ဆောင်ရန် ၎င်းတို့၏အသက်တာတွင် လိုအပ်သည့်ပြောင်းလဲမှုများကိုပြုလုပ်ကြသည်။ လွန်ခဲ့သောနှစ်တွင် လူပေါင်း ၃၁၆,၀၉၂ သည် “ခမည်းတော်၊ သားတော်၊ သန့်ရှင်းသောဝိညာဉ်တော်၏နာမ၌” နှစ်ခြင်းခံခြင်းအားဖြင့် ၎င်းတို့၏ဆက်ကပ်အပ်နှံမှုကို သက်သေထူခဲ့ကြသည်။—မဿဲ ၂၈:၁၉။

၁၀ ဤခရစ်ယာန်လူသစ်အများစုသည် ၎င်းတို့၏ဆက်ကပ်အပ်နှံမှုကိုထမ်းဆောင်ရန် ဝေးလံသောတိုင်းတစ်ပါးသို့ ခရီးထွက်သွားစရာမလိုပါ။ သို့သော် ဝိညာဉ်ရေးသဘောအရ ထိုသူတို့အနက်များစွာသည် အတော်အတန်ဝေးကွာရာအရပ်သို့ခရီးထွက်ခဲ့ကြသည်။ ဥပမာ၊ မော်ရေးရှပ်ကျွန်းရှိ အယ်လ်စီသည် မှော်ပညာသည်ဖြစ်သည်။ လူတိုင်း သူ့ကိုကြောက်ရွံ့ခဲ့ကြသည်။ အထူးရှေ့ဆောင်တစ်ဦးက အယ်လ်စီ၏သမီးနှင့်ကျမ်းစာသင်အံမှုပြုလုပ်ရန်စီစဉ်ခဲ့ရာ ယင်းက “မှောင်မိုက်မှအလင်းသို့ကူးမြောက်” ရန်အယ်လ်စီအတွက် လမ်းပွင့်ခဲ့သည်။ (တမန်တော် ၂၆:၁၈) သမီးဖြစ်သူ၏စိတ်ဝင်စားမှုကြောင့် အယ်လ်စီသည် ကျွန်ုပ်၏ကျမ်းစာပုံပြင်စာအုပ်ကိုလေ့လာရန် သဘောတူခဲ့သည်။ သူ့ကိုအမြဲအားပေးဖို့လိုခဲ့သောကြောင့် သင်အံမှုကို တစ်ပတ်လျှင်သုံးကြိမ်ပြုလုပ်ခဲ့ရသည်။ သူ၏မှော်အတတ်သည် သူ့ကိုပျော်ရွှင်မှုမပေးသည့်အပြင် သူ့မှာကိုယ်ရေးကိုယ်တာအခက်အခဲများစွာရှိသည်။ သို့သော် နောက်ဆုံးတွင် နတ်ဆိုးအယူမှ စစ်မှန်သောဝတ်ပြုရေးသို့ခရီးရှည်ကို အဆုံးတိုင်လျှောက်နိုင်ခဲ့သည်။ သူ့အကူအညီကိုလာတောင်းဆိုသူတို့အား သူက ယေဟောဝါတစ်ပါးတည်းသာ ဆိုးယုတ်မှုမှကာကွယ်နိုင်ကြောင်းရှင်းပြလေသည်။ ယခုအခါ အယ်လ်စီသည် နှစ်ခြင်းခံပြီးသောသက်သေခံတစ်ယောက်ဖြစ်နေပြီး သူ၏မိသားစုနှင့် အသိမိတ်ဆွေများမှ ၁၄ ဦးသည် အမှန်တရားကိုလက်ခံခဲ့ကြပြီဖြစ်သည်။

၁၁။ ယေဟောဝါအားဆက်ကပ်အပ်နှံသူများသည် အဘယ်ပြုပြင်ပြောင်းလဲမှုများကို ပြုလုပ်ရန်အသင့်ရှိကြသနည်း။

၁၁ လွန်ခဲ့သောနှစ်က ဘုရားသခင်အားဝတ်ပြုရန် ကိုယ့်ကိုယ်ကိုဆက်ကပ်အပ်နှံခဲ့သူအများစုသည် ထိုသို့သောကြီးမားသည့်ပြောင်းလဲမှုများမပြုလုပ်ခဲ့ကြရပါ။ သို့သော် အားလုံးတို့သည် ဝိညာဉ်ရေးသေခြင်းမှ ဝိညာဉ်ရေးရှင်ခြင်းသို့ ပြောင်းလဲခဲ့ကြရသည်။ (ဧဖက် ၂:၁) သူတို့သည် လောက၌ရှိနေကြဆဲဖြစ်သော်လည်း ယင်းနှင့်မစပ်ဆိုင်ကြတော့ချေ။ (ယောဟန် ၁၇:၁၅၊ ၁၆) “ကောင်းကင်တွင် နိုင်ငံသားဖြစ်ခွင့်ရှိ” သည့်ဘိသိက်ခံခရစ်ယာန်များနည်းတူ သူတို့သည် ‘ဧည့်သည်အာဂန္တုများ’ ကဲ့သို့ဖြစ်ကြ၏။ (ဖိလိပ္ပိ ၃:၂၀၊ ကဘ; ၁ ပေတရု ၂:၁၁) အရာခပ်သိမ်းတို့ထက် ဘုရားသခင်အားချစ်ခြင်း၊ အိမ်နီးချင်းကိုချစ်ခြင်း၏ လှုံ့ဆော်မှုကိုခံကြရပြီး ဘုရားသခင့်စံနှုန်းများနှင့်အညီ သူတို့အသက်ရှင်နေထိုင်ခဲ့ကြသည်။ (မဿဲ ၂၂:၃၇-၃၉) သူတို့သည် ကိုယ်ကျိုးမရှာ၊ ချမ်းသာရန်ပန်းတိုင်များမထား၊ ဤလောကတွင် ထွန်းပေါက်ရမည်ဟူ၍လည်း သဘောမထားကြချေ။ ယင်းအစား သူတို့၏မျက်စိကိုကတိပြုထားသော “ဖြောင့်မတ်ခြင်းတရားတည်ရာ မိုးကောင်းကင်သစ်နှင့်မြေကြီးသစ်” ပေါ်တွင်စူးစိုက်ထားကြသည်။—၂ ပေတရု ၃:၁၃; ၂ ကောရိန္သု ၄:၁၈။

၁၂။ ယေရှုရောက်ရှိနေစဉ် “ယုံကြည်ခြင်းကို မြေကြီးပေါ်မှာ” တွေ့ခဲ့ကြောင်း လွန်ခဲ့သောနှစ်၏အဘယ်ဆောင်ရွက်မှုကဖော်ပြသနည်း။

၁၂ အာဗြဟံသည် ခါနာန်ပြည်သို့ပြောင်းရွှေ့ခဲ့သောအခါ ထိုတွင်သူနှင့်သူ့မိသားစုသာရှိခဲ့ရာ ယေဟောဝါမှတစ်ပါး အားကိုးအားထားရာမရှိခဲ့ပေ။ သို့ရာတွင် ဤ ၃၁၆,၀၉၂ သောနှစ်ခြင်းခံပြီးခါစခရစ်ယာန်များသည် တစ်ကိုယ်တည်းမဟုတ်ကြပါ။ ယေဟောဝါသည် အာဗြဟံကိုပြုခဲ့သကဲ့သို့ သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် သူတို့ကိုလည်း အမှန်ပင်ထောက်မကာကွယ်ပေးသည်။ (သု. ၁၈:၁၀) ထို့အပြင် ကိုယ်တော်သည် ယနေ့လောကတိုင်းနိုင်ငံတချို့ထက် လူဦးရေပိုများပြီး တက်ကြွလှုပ်ရှားသော အပြည်ပြည်ဆိုင်ရာ “တိုင်းနိုင်ငံ” တစ်ခုအားဖြင့် ထောက်မကူညီပေး၏။ (ဟေရှာယ ၆၆:၈) လွန်ခဲ့သောနှစ်က ထိုနိုင်ငံသား ၅,၈၈၈,၆၅၀ သည် ဘုရားသခင့်ကတိတော်များအကြောင်းကို အိမ်နီးချင်းများအားဟောပြောခြင်းဖြင့် ၎င်းတို့၏တက်ကြွသောယုံကြည်ခြင်းကို သက်သေထူခဲ့ကြသည်။ (မာကု ၁၃:၁၀) သူတို့သည် ဤလုပ်ငန်းတွင် ထူးခြားစွာ နာရီပေါင်း ၁,၁၈၆,၆၆၆,၇၀၈ အသုံးပြုခဲ့ကြပြီး စိတ်ဝင်စားသူများကိုရှာဖွေခဲ့ကြသည်။ ရလဒ်အနေဖြင့် ယုံကြည်ခြင်းပျိုးထောင်လိုစိတ်ရှိသောတခြားသူများနှင့် ကျမ်းစာသင်အံမှု ၄,၃၀၂,၈၅၂ ကျင်းပခဲ့ကြသည်။ သူတို့၏ထက်သန်မှုကိုဖော်ပြသည့် နောက်ထပ်လုပ်ရပ်တစ်ခုမှာ ဤ “တိုင်းနိုင်ငံ” မှ ၆၉၈,၇၈၁ သည် အချိန်ပြည့်ဖြစ်စေ၊ တစ်လ သို့မဟုတ် ထို့ထက်မကဖြစ်စေ ရှေ့ဆောင်လုပ်ငန်းတွင် ပါဝင်ခဲ့ကြခြင်းဖြစ်သည်။ (စာမျက်နှာ ၁၂ မှ ၁၅ တွင် ယေဟောဝါသက်သေများ၏ယခင်နှစ်လုပ်ငန်းကို အသေးစိတ်ဖော်ပြထားသည်။) ဤထူးခြားသောမှတ်တမ်းသည် “လူသားသည်ကြွလာသောအခါ ယုံကြည်ခြင်းကို မြေကြီးပေါ်မှာတွေ့မည်လော” ဟူသောယေရှု၏မေးခွန်းကို အပြုသဘောပါပါ ဖြေဆိုခြင်းဖြစ်သည်။

စမ်းသပ်မှုများကြားသစ္စာရှိ

၁၃၊ ၁၄။ ခါနာန်ပြည်တွင် အာဗြဟံနှင့်သူ၏မိသားစုကြုံခဲ့ရသော အခက်အခဲအချို့ကိုဖော်ပြပါ။

၁၃ ခါနာန်ပြည်တွင် အာဗြဟံနှင့်သူ့မိသားစုအတွက် ခက်ခဲလေ့ရှိသည်။ အလွန်ငတ်မွတ်ခေါင်းပါးခဲ့ရာ ခါနာန်ပြည်မှ အီဂျစ်ပြည်သို့အနည်းဆုံးတစ်ကြိမ်ထွက်သွားခဲ့ရသည်။ ထို့ထက်မက အီဂျစ်ပြည်ဘုရင်နှင့် ဂေရာ (ဂါဇမြို့အနီး) မင်းကြီးတို့သည် အာဗြဟံ၏ဇနီးစာရာကို မိမိတို့အဖို့သိမ်းယူရန်ကြိုးစားခဲ့ကြသည်။ (ကမ္ဘာဦး ၁၂:၁၀-၂၀; ၂၀:၁-၁၈) အာဗြဟံ၏နွားကျောင်းသားများနှင့် လောတ၏နွားကျောင်းသားများတို့သည်လည်း ခိုက်ရန်ဖြစ်ခဲ့ကြရာ ယင်းက အိမ်ထောင်စုနှစ်စုကိုစိတ်ဝမ်းကွဲပြားစေခဲ့သည်။ အာဗြဟံသည် ကိုယ်ကျိုးမဲ့စွာ ထိုပြည်ရှိကြိုက်ရာဒေသကို လောတအားဦးဆုံးရွေးချယ်စေခဲ့ရာ လောတသည် မြေသြဇာဖြစ်ထွန်းပြီး ဧဒင်တမျှလှပသည့် ယောဒန်ခရိုင်တွင် နေထိုင်ရန်ရွေးချယ်ခဲ့သည်။—ကမ္ဘာဦး ၁၃:၅-၁၃။

၁၄ ထို့အပြင် ဧလံမင်းကြီးနှင့်သူ၏မဟာမိတ်များနှင့် မြို့ငါးမြို့၏မင်းကြီးငါးပါးတို့သည် စိဒ္ဒိမ်ချိုင့်တွင်စစ်ပြိုင်ခဲ့ကြရာ ထိုစစ်ပွဲ၌လောတပါဝင်ခဲ့၏။ တိုင်းတစ်ပါးသားမင်းများသည် ဒေသခံဘုရင်များကို အောင်ပွဲခံခဲ့ကြပြီး လောတနှင့်သူ၏ဥစ္စာအပါအဝင် ဥစ္စာပစ္စည်းများစွာကိုသိမ်းယူသွားခဲ့ကြသည်။ အာဗြဟံသည် ထိုအဖြစ်ကိုကြားသောအခါ အကြောက်အရွံ့ကင်းမဲ့စွာ တိုင်းတစ်ပါးဘုရင်များနောက်သို့လိုက်ပြီး လောတနှင့်သူ၏အိမ်ထောင်စုအပါအဝင် ဒေသခံဘုရင်များ၏ဥစ္စာပစ္စည်းများကိုပါ ပြန်လည်ရယူနိုင်ခဲ့သည်။ (ကမ္ဘာဦး ၁၄:၁-၁၆) သို့ရာတွင် ယင်းသည် ခါနာန်ပြည်တွင် လောတ၏အဆိုးရွားဆုံးအတွေ့အကြုံမဟုတ်ပါ။ သောဒုံမြို့သည် အကျင့်ယိုယွင်းသည့်နာမည်ပျက်ရှိကြောင်းသိလျက်နှင့် ထိုမြို့တွင်သူအခြေချခဲ့သည်။b (၂ ပေတရု ၂:၆-၈) ထိုမြို့ဖျက်ဆီးခံရမည်ဖြစ်ကြောင်း ကောင်းကင်တမန်နှစ်ပါးကသတိပေးသောအခါ လောတသည် သူ၏ဇနီး၊ သမီးများနှင့်အတူ ထွက်ပြေးခဲ့သည်။ သို့ရာတွင် လောတ၏ဇနီးသည် ကောင်းကင်တမန်များ၏ တိကျသောညွှန်ကြားချက်များကို လျစ်လျူရှုခဲ့သောကြောင့် ဆားတိုင်ဖြစ်သွားခဲ့သည်။ လောတသည် သမီးနှစ်ယောက်နှင့်အတူ ဇောရမြို့အနီးရှိဂူတစ်ဂူတွင် အချိန်အတန်ကြာ နေရသည့်အခြေအနေအထိဖြစ်ခဲ့ရသည်။ (ကမ္ဘာဦး ၁၉:၁-၃၀) အထူးသဖြင့် အာဗြဟံ၏အိမ်ထောင်စုဝင်အဖြစ် ခါနာန်ပြည်သို့ လောတရောက်လာခဲ့သောကြောင့် ဤဖြစ်ရပ်များသည် အာဗြဟံအား စိတ်အနှောင့်အယှက်များစွာဖြစ်စေခဲ့မည်။

၁၅။ အာဗြဟံသည် သူစိမ်းနယ်တွင် တဲထိုးနေထိုင်ခဲ့ရစဉ် အခက်အခဲများရင်ဆိုင်ခဲ့ရလင့်ကစား အဘယ်အဆိုးမြင်အတွေးအခေါ်ကို လုံးဝရှောင်ခဲ့သနည်း။

၁၅ အာဗြဟံက သူနှင့်လောတသည် ဖခင်၏ဆွေမျိုးသားချင်းတို့နှင့်အတူ လုံခြုံမှုရှိသောဥရမြို့ သို့မဟုတ် သူ၏အစ်ကိုနာခေါ်နှင့်အတူ ခါရန်မြို့တွင်နေထိုင်ခဲ့သင့်သည်ဟု စဉ်းစားဖူးပါသလော။ သူသည် တဲထိုးနေထိုင်ရမည့်အစား မြို့ရိုးရှိသော လုံခြုံသည့်မြို့တစ်မြို့တွင် အခြေချလိုစိတ်ရှိခဲ့ဖူးပါသလော။ သူစိမ်းနယ်တွင်လှည့်လည်နေထိုင်သူတစ်ဦးအနေနှင့် အနစ်နာခံပြုလုပ်ခဲ့ရသမျှသည် ဉာဏ်ပညာရှိပါ၏လောဟူ၍ သံသယဝင်ခဲ့သလော။ အာဗြဟံနှင့် ၎င်း၏မိသားစုအကြောင်းကို တမန်တော်ပေါလုကဤသို့ဖော်ပြခဲ့သည်– “ထိုသူတို့သည် အထက်ကထွက်သွားသောပြည်ကို အောက်မေ့သည်မှန်လျှင်၊ ထိုပြည်သို့ပြန်ရသောအခွင့်ရှိကြ၏။” (ဟေဗြဲ ၁၁:၁၅) သို့တိုင် သူတို့သည် ပြန်လှည့်မသွားခဲ့ကြချေ။ အခက်အခဲများကိုမမှုဘဲ ယေဟောဝါအလိုရှိသည့်နေရာတွင် သူတို့နေထိုင်ခဲ့ကြသည်။

ယနေ့ခံနိုင်ရည်ရှိခြင်း

၁၆၊ ၁၇။ (က) ယနေ့ခရစ်ယာန်များစွာသည် အဘယ်အခက်အခဲများကို ရင်ဆိုင်နေရသနည်း။ (ခ) ခရစ်ယာန်များ၌ အဘယ်အကောင်းမြင်သဘောထားရှိသနည်း။ အဘယ်ကြောင့်နည်း။

၁၆ အလားတူခံနိုင်ရည်ကို ယနေ့ခရစ်ယာန်များတွင်တွေ့ရသည်။ သူတို့သည် ဘုရားသခင်အားဝတ်ပြုခြင်းမှ ရွှင်လန်းမှုများစွာရရှိကြသော်လည်း ဤနောက်ဆုံးကာလ၌ စစ်မှန်သောခရစ်ယာန်များအတွက် ဘဝသည်မလွယ်ကူပေ။ သူတို့သည် ဝိညာဉ်ရေးပရဒိသုတွင်နေထိုင်ကြသော်လည်း သူတို့၏အိမ်နီးချင်းများကဲ့သို့ပင် ထပ်တူစီးပွားရေးအကျပ်အတည်းများရှိကြသည်။ (ဟေရှာယ ၁၁:၆-၉) လူများစွာသည် တိုင်းနိုင်ငံများ၏စစ်မှုများတွင် အပြစ်မဲ့သားကောင်များဖြစ်လာခဲ့ကြရပြီး အချို့တို့သည် မိမိတို့၏အမှားကြောင့်မဟုတ်ဘဲ ဆင်းရဲတွင်းနက်နေကြရသည်။ ထို့အပြင် လူကြိုက်နည်းသည့် လူနည်းစုဖြစ်ရခြင်းအခက်အခဲများကိုခံရပ်နေကြရသည်။ နိုင်ငံများစွာ၌ အကြီးအကျယ်ဥပေက္ခာပြုခံရသည့်ကြားမှ သတင်းကောင်းဟောပြောကြသည်။ အခြားဒေသများတွင် “မတရားသောအကြံကို မင်း၏အခွင့်နှင့်ပြု” ပြီး “အပြစ်မရှိသောသူကိုသေစေခြင်းငှာ စီရင်ကြ” သူများ၏ လှည့်ဖြားတိုက်ခိုက်မှုများကို ခံရပ်ကြရသည်။ (ဆာလံ ၉၄:၂၀၊ ၂၁) ခရစ်ယာန်များကိုမဆန့်ကျင်သည့်ဒေသနှင့် ၎င်းတို့၏မြင့်မားသည့်စံနှုန်းများကြောင့် ချီးမွမ်းခံရသည့်ဒေသများ၌ပင် ၎င်းတို့၏ကျောင်းနေဖက်များနှင့် လုပ်ဖော်ဆောင်ဖက်များနှင့်မတူကြောင်း အသိစိတ်ရှိကြကာ ပတ်ဝန်းကျင်ရှိလူများက မြို့တွင်း၌နေထိုင်ကြသော်လည်း တဲထိုးနေထိုင်ခဲ့သူ အာဗြဟံကဲ့သို့ဖြစ်ကြ၏။ မှန်ပါသည်၊ လောကတွင်နေထိုင်ပြီး ယင်းနှင့် “မဆက်ဆံ” ဘဲနေရန်မှာ မလွယ်ကူချေ။—ယောဟန် ၁၇:၁၄။

၁၇ သို့ဆိုလျှင် ဘုရားသခင်အား ကျွန်ုပ်တို့၏ဆက်ကပ်အပ်နှံမှုကို ယူကျုံးမရဖြစ်ကြသလော။ အခြားသူများကဲ့သို့ လောက၏အစိတ်အပိုင်းဖြစ်လိုကြပါသလော။ ယေဟောဝါ၏လုပ်ငန်းတော်တွင် ကျွန်ုပ်တို့အနစ်နာခံခဲ့ရာများအတွက် မြည်တမ်းကြသလော။ လုံးဝမဖြစ်ကြပါလေ! နောက်ကြောင်းကိုတမ်းတစွာပြန်ကြည့်နေမည့်အစား ကျွန်ုပ်တို့အနစ်နာခံခဲ့သမျှသည် ယခုခံစားရသောကောင်းချီးများနှင့် အနာဂတ်တွင်ခံစားရမည့်ကောင်းချီးများနှင့်ယှဉ်လိုက်လျှင် တန်ဖိုးမရှိကြောင်းသိထားကြသည်။ (လုကာ ၉:၆၂; ဖိလိပ္ပိ ၃:၈) ထို့ပြင် လောကရှိလူတို့သည် ပျော်ရွှင်နေကြပါသလော။ အမှန်မှာ ထိုသူတို့အနက်အများစုသည် ကျွန်ုပ်တို့ပိုင်ဆိုင်ထားနှင့်ပြီးသော အဖြေများကိုရှာဖွေနေကြ၏။ ကျွန်ုပ်တို့လိုက်လျှောက်ကြသည့် သမ္မာကျမ်းစာမှ ဘုရားသခင့်လမ်းညွှန်မှုကို သူတို့မလိုက်လျှောက်ကြသောကြောင့် ဆင်းရဲခံနေကြရခြင်းဖြစ်သည်။ (ဆာလံ ၁၁၉:၁၀၅) သူတို့အနက်များစွာသည် ကျွန်ုပ်တို့ယုံကြည်သူချင်းများနှင့်ခံစားရသည့် ခရစ်ယာန်ပေါင်းသင်းမှုနှင့် နှစ်ခြိုက်ဖွယ်သော မိတ်ဆွေဖြစ်မှုကို တောင့်တကြသည်။—ဆာလံ ၁၃၃:၁; ကောလောသဲ ၃:၁၄။

၁၈။ ခရစ်ယာန်များသည် အာဗြဟံကဲ့သို့ရဲစွမ်းသတ္တိပြကြသောအခါ နောက်ဆုံးရလဒ်ကားအဘယ်နည်း။

၁၈ မှန်ပါသည်၊ လောတကိုဖမ်းဆီးသွားသူများနောက် အာဗြဟံလိုက်ခဲ့စဉ်ကကဲ့သို့ တစ်ခါတစ်ရံ ကျွန်ုပ်တို့ရဲစွမ်းသတ္တိရှိရန်လိုသည်။ ယင်းသို့ဖြစ်သောအခါ ယေဟောဝါ၏ကောင်းချီးခံစားရသည်။ ဥပမာ၊ အိုင်ယာလန်နိုင်ငံမြောက်ပိုင်းတွင် ဂိုဏ်းဂဏအရင်းခံအကြမ်းဖက်မှုကြောင့် မုန်းတီးမှုပြင်းထန်လာခဲ့ရာ ကြားနေရန် သတ္တိရှိဖို့လိုသည်။ သို့တိုင် သစ္စာရှိခရစ်ယာန်များသည် ယောရှုအား ယေဟောဝါမိန့်တော်မူခဲ့သည့် ဤစကားများကို လိုက်လျှောက်ခဲ့ကြသည်– “အားယူ၍ရဲရင့်ခြင်းရှိလော့။ မကြောက်နှင့်၊ စိတ်မပျက်နှင့်။ သွားလေရာရာ၌ သင်၏ဘုရားသခင် ထာဝရဘုရားရှိသည်။” (ယောရှု ၁:၉; ဆာလံ ၂၇:၁၄) နှစ်အတန်ကြာ သူတို့မကြောက်မရွံ့ရပ်တည်ခဲ့ခြင်းကြောင့် လေးစားခံခဲ့ရကြပြီး ယခုအခါ ထိုနိုင်ငံ၏အရပ်ဒေသအားလုံးတွင် လွတ်လပ်စွာဟောပြောနိုင်ကြပြီဖြစ်သည်။

၁၉။ အဘယ်နေရာတွင် ခရစ်ယာန်များရှိနေရ၍ ပျော်ရွှင်ကြသနည်း၊ သူတို့သည် ယေဟောဝါ၏ညွှန်ကြားချက်ကို လိုက်လျှောက်ကြသောအခါ အဘယ်ရလဒ်ကို ယုံကြည်စိတ်ချစွာမျှော်မှန်းကြသနည်း။

၁၉ ကျွန်ုပ်တို့သည် အဘယ်အခြေအနေကိုမဆိုရင်ဆိုင်ရပါစေ ယေဟောဝါ၏ညွှန်ကြားချက်ကို လိုက်လျှောက်မည်ဆိုလျှင် နောက်ဆုံးရလဒ်မှာ ကိုယ်တော့်ဘုန်းတော်အတွက်နှင့် ကျွန်ုပ်တို့၏ရေရှည်အကျိုးအတွက်ဖြစ်ကြောင်း သံသယရှိရန်မလိုချေ။ အခက်အခဲများနှင့် အနစ်နာခံမှုများရှိလင့်ကစား ခရစ်ယာန်ညီအစ်ကိုများနှင့်ပေါင်းသင်းပြီး ဘုရားသခင်ကတိထားတော်မူသော ထာဝရအနာဂတ်ကို ယုံကြည်စိတ်ချစွာမျှော်ကိုးလျက် ယေဟောဝါ၏လုပ်ငန်းတော်၌မှတစ်ပါး မည်သည့်နေရာတွင်မျှ ကျွန်ုပ်တို့မနေလိုကြချေ။

[အောက်ခြေမှတ်ချက်များ]

a အာဗြဟံသည် လောတ၏ဖခင်၊ အာဗြဟံ၏အစ်ကိုသေဆုံးသောအခါ သူ၏တူလောတကိုမွေးစားခဲ့ဟန်ရှိသည်။—ကမ္ဘာဦး ၁၁:၂၇၊ ၂၈; ၁၂:၅။

b လောတသည် မင်းကြီးလေးပါး၏သိမ်းပိုက်ခြင်းကိုခံရပြီးနောက် ပိုမိုလုံခြုံရန် မြို့တစ်မြို့တွင် အခြေချခဲ့ခြင်းဖြစ်သည်ဟု တချို့ကဆိုခဲ့ကြသည်။

သင်မှတ်မိသလော

◻ ခိုင်မြဲသောယုံကြည်ခြင်း အဘယ်ကြောင့်အရေးကြီးသနည်း။

◻ အာဗြဟံသည် ခိုင်မြဲသောယုံကြည်ခြင်းရှိကြောင်း မည်သို့ဖော်ပြခဲ့သနည်း။

◻ ဆက်ကပ်အပ်နှံမှုသည် ဘဝအသက်တာပြောင်းလဲမှုများနှင့် မည်သို့ဒွန်တွဲနေသနည်း။

◻ ကျွန်ုပ်တို့သည် အဘယ်အခက်အခဲများကိုမဆိုရင်ဆိုင်ရပါစေ ဘုရားသခင်၏အမှုဆောင်ရန် အဘယ်ကြောင့်ပျော်ရွှင်ကြသနည်း။

[စာမျက်နှာ ၇ ပါ ရုပ်ပုံ]

အာဗြဟံသည် ကတိတော်ကိုအမွေခံနိုင်ဖို့ သူ၏အသက်တာတွင်ကြီးမားသောပြောင်းလဲမှုများ ပြုလုပ်ရန်အသင့်ရှိခဲ့

[စာမျက်နှာ ၉ ပါ ရုပ်ပုံ]

ယေရှုသည် မိမိရောက်ရှိနေစဉ် “ယုံကြည်ခြင်းကို မြေကြီးပေါ်မှာ” တွေ့ ခဲ့ကြောင်း အထောက်အထားကဖော်ပြ

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ