ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၉ ၂/၁၅ စာ. ၁၃-၁၈
  • ခရစ်တော်၏ရွေးနုတ်ဖိုး—ဘုရားသခင်၏ကယ်တင်ရာလမ်းစဉ်

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ခရစ်တော်၏ရွေးနုတ်ဖိုး—ဘုရားသခင်၏ကယ်တင်ရာလမ်းစဉ်
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၉
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • အပြစ်နှင့်သေခြင်းကိုဖယ်ရှားပစ်ခြင်း
  • အပြစ်၏အခကိုဖုံးအုပ်ပေးခြင်း
  • “တန်ဖိုးတူရွေးနုတ်ဖိုး”
  • စုံလင်သောလူ့အသက်တန်ဖိုး
  • ခရစ်တော်၏ရွေးနုတ်ဖိုးမှအကျိုးရယူခြင်း
  • ရွေးနုတ်ဖိုး—မေတ္တာတင်ပြချက်တစ်ရပ်
  • ရွေးဖိုး —ဘုရားပေးတဲ့ အဖိုးထိုက်ဆုံးလက်ဆောင်
    သမ္မာကျမ်းစာ သွန်သင်ရာများ
  • ရွေးနုတ်ဖိုး—ဘုရားသခင်ပေးတဲ့ အကြီးမြတ်ဆုံးဆုကျေးဇူး
    သမ္မာကျမ်းစာ အမှန်တကယ် သွန်သင်ရာက ဘာလဲ
  • “လူများကိုရွေးခြင်းငှာ” ယေဟောဝါစီမံ
    ယေဟောဝါထံ ချဉ်းကပ်လော့
  • ယေရှု၏သေခြင်းသည် သင့်အဖို့ အဘယ်အဓိပ္ပာယ် ရှိသနည်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၁
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၉
က၉၉ ၂/၁၅ စာ. ၁၃-၁၈

ခရစ်တော်၏ရွေးနုတ်ဖိုး—ဘုရားသခင်၏ကယ်တင်ရာလမ်းစဉ်

“ဘုရားသခင်၏သားတော်ကို ယုံကြည်သောသူအပေါင်းတို့သည် ပျက်စီးခြင်းသို့မရောက်၊ ထာဝရအသက်ကိုရစေခြင်းငှာ၊ ဘုရားသခင်သည် မိမိ၌တစ်ပါးတည်းသောသားတော်ကို စွန့်တော်မူသည်တိုင်အောင် လောကီသားတို့ကိုချစ်တော်မူ၏။”—ယောဟန် ၃:၁၆။

၁၊ ၂။ လူသားမျိုးနွယ်နှင့်ပတ်သက်၍ ဖြစ်ပေါ်ခဲ့သည့်အကျပ်အတည်းကိုဖော်ပြပါ။

ခွဲစိတ်ကုသမှုမခံယူလျှင် သင်ခံစားနေရသောရောဂါသည် သင့်ကိုသေစေမည်ဟု စိတ်ကူးကြည့်ပါ။ ခွဲစိတ်ကုသစရိတ်က သင်မတတ်နိုင်လောက်အောင် များနေမည်ဆိုလျှင် သင်မည်သို့ခံစားရမည်နည်း။ သင့်မိသားစုနှင့် မိတ်ဆွေများ၏ဥစ္စာပစ္စည်းများပေါင်း၍ပင် မတတ်နိုင်လျှင်ကော။ ထိုသို့သောအသက်အန္တရာယ်ဖြစ်စေသည့် အခက်အခဲကိုရင်ဆိုင်ရသည်မှာ စိတ်ပျက်အားလျော့စရာကောင်းလှပေသည်!

၂ ယင်းသည် လူသားမျိုးနွယ်နှင့်ပတ်သက်၍ ဖြစ်ပေါ်ခဲ့သောအခြေအနေကိုဖော်ပြ၏။ ကျွန်ုပ်တို့၏ကနဦးမိဘများဖြစ်သော အာဒံနှင့်ဧဝတို့သည် စုံလင်စွာဖန်ဆင်းခံခဲ့ကြရသည်။ (တရားဟောရာ ၃၂:၄) သူတို့သည် ထာဝစဉ်အသက်ရှင်ဖို့နှင့် ဘုရားသခင်၏ ဤရည်ရွယ်ချက်ကိုပြည့်စုံခွင့်ရှိသည့်အလားအလာကို ရရှိထားကြသည်– “အချင်းတို့များပြားစွာမွေးဖွားကြလော့။ မြေကြီးကိုပြည့်စေ၍နိုင်ကြလော့။” (ကမ္ဘာဦး ၁:၂၈) သို့သော် အာဒံနှင့်ဧဝတို့သည် ၎င်းတို့၏ဖန်ဆင်းရှင်ကို ဆန့်ကျင်ပုန်ကန်ခဲ့ကြ၏။ (ကမ္ဘာဦး ၃:၁-၆) အာဒံနှင့်ဧဝတို့၏မနာခံမှုသည် သူတို့အပေါ်သာမက မမွေးသေးသော သားမြေးများအပေါ်လည်း အပြစ်ကျရောက်စေခဲ့သည်။ နောက်ပိုင်းတွင် သစ္စာရှိယောဘက ဤသို့ဆိုခဲ့သည်– “မသန့်ရှင်းသောအရာထဲက သန့်ရှင်းသောအရာကို အဘယ်သူထုတ်ဖော်နိုင်သနည်း။ အဘယ်သူမျှမထုတ်မဖော်နိုင်ပါ။”—ယောဘ ၁၄:၄။

၃။ သေခြင်းသည် လူသားအားလုံးထံမည်သို့ပျံ့နှံ့ခဲ့သနည်း။

၃ သို့ဖြင့် ‘လူအပေါင်းတို့သည် အပြစ်ရှိ၏’ ဟုသမ္မာကျမ်းစာကဆိုထားသောကြောင့် အပြစ်သည် ရောဂါတစ်ခုကဲ့သို့ ကျွန်ုပ်တို့တစ်ဦးစီကိုကူးစက်ခဲ့ပြီ။ ဤအခြေအနေက အသက်ကိုခြိမ်းခြောက်သည်။ မှန်ပါသည်၊ “အပြစ်တရား၏အခကား သေခြင်းပေတည်း။” (ရောမ ၃:၂၃; ၆:၂၃) ယင်းကို မည်သူမျှမရှောင်ကွင်းနိုင်ချေ။ လူအားလုံးသည် အပြစ်ရှိသောကြောင့် သေကြရ၏။ ကျွန်ုပ်တို့သည် အာဒံ၏သားစဉ်မျိုးဆက်များအဖြစ် ဤအကျဉ်းအကျပ်ထဲမွေးဖွားလာခဲ့ကြသည်။ (ဆာလံ ၅၁:၅) “အပြစ်တရားသည် တစ်ယောက်သောသူအားဖြင့် ဤလောကသို့ဝင်၍၊ အပြစ်တရားအားဖြင့် သေခြင်းတရားဝင်သည်နှင့်အညီ၊ လူအပေါင်းတို့သည် အပြစ်ရှိသောကြောင့် သေခြင်းသို့ရောက်ရကြ၏” ဟုပေါလုရေးသားခဲ့သည်။ (ရောမ ၅:၁၂) သို့သော် ကျွန်ုပ်တို့သည် ကယ်တင်ခြင်းအတွက် မျှော်လင့်ချက်မရှိဟု ဆိုလိုနေခြင်းမဟုတ်ပါ။

အပြစ်နှင့်သေခြင်းကိုဖယ်ရှားပစ်ခြင်း

၄။ လူသားများသည် ဖျားနာမှုနှင့်သေခြင်းတို့ကို မိမိတို့ဘာသာ အဘယ်ကြောင့်မဖယ်ရှားနိုင်ကြသနည်း။

၄ အပြစ်နှင့် ယင်း၏အကျိုးဆက်ဖြစ်သောသေခြင်းကို ဖယ်ရှားပစ်ရန်အဘယ်အရာလိုမည်နည်း။ အဘယ်လူသားမျှမပေးနိုင်သည့်အရာဖြစ်သည်မှာ ရှင်းပါသည်။ ဆာလံဆရာက ဤသို့မြည်တမ်းခဲ့သည်– “လူ၏အသက်တန်ဖိုးသည် ကြီးလွန်း . . . ၏။ . . . အဘယ်အခါ၌မျှ အသက်ဖိုးပေးနိုင်စွမ်းမရှိသဖြင့် . . . ထာဝစဉ်အသက်ရှင်လျက် . . . သင်္ချိုင်းတွင်းသို့ မဆင်းဘဲ” မနေနိုင်ပါ။ (ဆာလံ ၄၉:၈၊ ၉၊ သတင်းကောင်း) ကျွန်ုပ်တို့သည် ကျန်းမာစေသောအစားအစာနှင့် ဆေးကုသမှုတို့အားဖြင့် နှစ်အနည်းငယ်အသက်တိုးရှည်စေနိုင်မည်ဖြစ်သော်လည်း ကျွန်ုပ်တို့အမွေခံထားသည့် အပြစ်ရှိသောအခြေအနေကိုမူ မကုစားနိုင်ကြပါ။ မည်သူမျှ အိုမင်းမှု၏အကျိုးဆက်များကို ပြောင်းပြန်လှန်မပစ်နိုင်သည့်အပြင် ဘုရားသခင်၏မူလရည်ရွယ်ချက်အတိုင်း ခန္ဓာကိုယ်ကို စုံလင်ခြင်းအဖြစ်သို့ ပြန်မရောက်စေနိုင်ချေ။ အာဒံ၏အပြစ်ကြောင့် လူသားသည် “အနိစ္စနိုင်ငံသို့အလိုလိုလိုက်တတ်သည်”—သို့မဟုတ် ယေရုရှလင်သမ္မာကျမ်းစာဘာသာပြန်ဆိုချက်အရ “ယင်း၏ရည်ရွယ်ချက်ကို မရရှိစေနိုင်ရန်ပြုခဲ့ရသည်” ဟုပေါလုရေးသားခဲ့သောအခါ ပုံကြီးချဲ့နေခြင်းမဟုတ်သည်မှာ မှန်ပါသည်။ (ရောမ ၈:၂၀) သို့သော် ဖန်ဆင်းရှင်က ကျွန်ုပ်တို့ကိုမစွန့်ပစ်ခဲ့ခြင်းသည် ဝမ်းသာစရာပင်။ အပြစ်နှင့်သေခြင်းကိုဖယ်ရှားပစ်ရန် တစ်ကြိမ်တည်းနှင့်အပြီးအပြတ်စီစဉ်ပေးခဲ့သည်။ မည်သို့နည်း။

၅။ ဣသရေလလူမျိုးအားပေးခဲ့သောပညတ်သည် တရားမျှတမှုကို အလေးအနက်သဘောထားကြောင်း မည်သို့ဖော်ပြသနည်း။

၅ ယေဟောဝါသည် “ဖြောင့်မတ်စွာကျင့်ခြင်းနှင့် တရားသဖြင့်စီရင်ခြင်းကိုနှစ်သက်တော်မူ၏။” (ဆာလံ ၃၃:၅) ဣသရေလလူမျိုးကိုပေးသောပညတ်သည် ချင့်ချိန်မှုရှိပြီး ဘက်မလိုက်သောတရားမျှတမှုကို အလေးအနက်ထားကြောင်းဖော်ပြသည်။ ဥပမာ၊ ဤပညတ်များတွင် “အသက်အတွက် အသက်” ဟူ၍ဖတ်ရသည်။ တစ်နည်းအားဖြင့် ဣသရေလလူတစ်ဦးသည် တစ်စုံတစ်ယောက်ကိုသတ်ခဲ့မည်ဆိုလျှင် သူသတ်ခဲ့သည့်အသက်အတွက် မိမိအသက်ကိုအစားပေးလျော်ရမည်ဖြစ်သည်။ (ထွက်မြောက်ရာ ၂၁:၂၃; တောလည်ရာ ၃၅:၂၁) သို့မှသာ ဘုရားသခင့်တရားမျှတမှုချိန်ခွင်လျှာကို ညီစေမည်ဖြစ်သည်။—ထွက်မြောက်ရာ ၂၁:၃၀ နှိုင်းယှဉ်။

၆။ (က) အဘယ်သဘောဖြင့် အာဒံကိုလူသတ်သမားဟုခေါ်နိုင်သနည်း။ (ခ) အာဒံသည် အဘယ်အသက်မျိုးကိုဆုံးရှုံးခဲ့သနည်း၊ တရားမျှတမှုချိန်ခွင်လျှာကိုညီစေရန် အဘယ်ယဇ်မျိုးလိုအပ်မည်နည်း။

၆ အာဒံသည် အပြစ်ပြုသောအခါ လူသတ်သမားဖြစ်လာခဲ့သည်။ အဘယ်သဘောဖြင့်နည်း။ သူ၏အပြစ်ရှိသောအခြေအနေကို သားစဉ်မြေးဆက်အားလုံးထံ လက်ဆင့်ကမ်းပေးခဲ့ရာ သူတို့သေကြရ၏။ ဤအချိန်တွင် အာဒံ၏မနာခံမှုကြောင့် ကျွန်ုပ်တို့၏ခန္ဓာကိုယ်များသည် ပျက်စီးယိုယွင်းလာကာ သင်္ချိုင်းသို့တဖြည်းဖြည်းဦးတည်ရ၏။ (ဆာလံ ၉၀:၁၀) အာဒံ၏အပြစ်သည် ထိုထက်ပင်ပိုမိုနစ်နာဆုံးရှုံးစေသည်။ အာဒံသည် မိမိကိုယ်တိုင်နှင့် မိမိ၏သားစဉ်မြေးဆက်များအတွက် ဆုံးရှုံးခဲ့သောအရာသည် ၇၀၊ ၈၀ ခန့်မျှသောသာမန်အသက်တာမဟုတ်ကြောင်းကို သတိရပါ။ သူသည် စုံလင်သောအသက်—စင်စစ်အားဖြင့် ထာဝရအသက်—ကိုဆုံးရှုံးခဲ့၏။ ထို့ကြောင့် “အသက်အတွက်အသက်” ပေးရမည်ဖြစ်ရာ ဤတွင် တရားသဖြင့်ဖြစ်စေရန် အဘယ်အသက်မျိုးကိုပေးဖို့လိုမည်နည်း။ ဆင်ခြင်တုံတရားအရ စုံလင်သောလူ့အသက်—စုံလင်သောလူမျိုးဆက်ကို မွေးထုတ်ပေးနိုင်စွမ်းရှိသည့်အသက်၊ အာဒံ၏အသက်မျိုးဖြစ်ဖို့လိုမည်။ ထိုစုံလင်သောလူ့အသက်ကို ပူဇော်ခဲ့လျှင် တရားမျှတမှုချိန်ခွင်လျှာကိုညီစေမည့်အပြင် အပြစ်နှင့်ယင်း၏အကျိုးဆက်ဖြစ်သော သေခြင်းကိုလည်း လုံးဝဖယ်ရှားပစ်နိုင်ပေလိမ့်မည်။

အပြစ်၏အခကိုဖုံးအုပ်ပေးခြင်း

၇။ “ရွေးနုတ်ဖိုး” ဟူသောစကားလုံး၏အဓိပ္ပာယ်ကိုဖော်ပြပါ။

၇ အပြစ်မှရွေးနုတ်ရန် တောင်းဆိုထားသောတန်ဖိုးကို ‘ရွေးနုတ်ဖိုး’ ဟုသမ္မာကျမ်းစာက ရည်ညွှန်းထားသည်။ (ဆာလံ ၄၉:၇) အင်္ဂလိပ်ဘာသာတွင် ထိုဝေါဟာရသည် ပြန်ပေးဆွဲသူတစ်ဦး အဓမ္မခေါ်ဆောင်သွားသူကိုပြန်အပ်ဖို့ တောင်းဆိုသည့်အခကိုရည်ညွှန်းနိုင်သည်။ ယေဟောဝါစီမံပေးထားသောရွေးနုတ်ဖိုးတွင်ကား ပြန်ပေးဆွဲခြင်းကိစ္စမပါဝင်သည်မှာ မှန်၏။ သို့သော် အခပေးရသည့်သဘောမှာမူ အတူတူပင်ဖြစ်၏။ အမှန်မှာ “ရွေးနုတ်ဖိုး” ဟုပြန်ဆိုထားသော ဟေဗြဲစကားလုံး၏ကြိယာပုံစံသည် စာသားအရ “ဖုံးအုပ်ရန်” ဟူ၍အဓိပ္ပာယ်ရှိ၏။ အပြစ်ဖြေရန် ရွေးနုတ်ဖိုးသည် ဖုံးအုပ်ရမည့်အရာဖြစ်သည့် အာဒံ၏စုံလင်သောလူ့အသက်နှင့်အတိအကျကိုက်ညီရမည်။

၈။ (က) ပြန်ဝယ်ယူခြင်းမူကိုဖော်ပြပါ။ (ခ) ပြန်ဝယ်ယူခြင်းမူသည် အပြစ်သားများဖြစ်သော ကျွန်ုပ်တို့နှင့်မည်သို့သက်ဆိုင်သနည်း။

၈ ယင်းသည် မောရှေ၏ပညတ်တွင်တွေ့ရသောမူ—ပြန်ဝယ်ယူခြင်းမူ—နှင့်ကိုက်ညီသည်။ ဣသရေလလူတစ်ဦးသည် ဆင်းရဲသဖြင့် ဣသရေလလူမဟုတ်သူတစ်ဦးထံ ကျွန်ပြုဖို့မိမိကိုယ်ကိုရောင်းချခဲ့မည်ဆိုလျှင် ဆွေမျိုးတစ်ဦးသည် ကျွန်၏တန်ဖိုးနှင့်ညီမျှသည့်အဖိုးကိုပေး၍ သူ့ကိုပြန်ဝယ်ယူ (သို့မဟုတ် ရွေးနုတ်) နိုင်သည်။ (ဝတ်ပြုရာ ၂၅:၄၇-၄၉) မစုံလင်သူများအနေဖြင့် ကျွန်ုပ်တို့သည် ‘အပြစ်တရား၏အစေကိုခံရသူများ’ ဟုသမ္မာကျမ်းစာကဆိုသည်။ (ရောမ ၆:၆; ၇:၁၄၊ ၂၅) ကျွန်ုပ်တို့ကိုပြန်ဝယ်ယူရန် အဘယ်အရာလိုမည်နည်း။ ကျွန်ုပ်တို့တွေ့ခဲ့ရသကဲ့သို့ စုံလင်သောလူ့အသက်ကိုဆုံးရှုံးခဲ့ရာ အပိုအလိုမရှိ စုံလင်သောလူ့အသက်ကို ပေးဆပ်ရန်လိုအပ်ပေမည်။

၉။ အပြစ်ကိုဖုံးအုပ်ရန် ယေဟောဝါမည်သို့စီမံပေးခဲ့သနည်း။

၉ ကျွန်ုပ်တို့လူသားအားလုံး မွေးဖွားစကပင် မစုံလင်ကြသည်မှာ မှန်၏။ မည်သူမျှ အာဒံနှင့်မညီမျှကြပါ; တရားသဖြင့်လိုအပ်သောရွေးနုတ်ဖိုးကို မပေးနိုင်ကြပါ။ အစပိုင်းတွင်ဖော်ပြခဲ့သကဲ့သို့ ကျွန်ုပ်တို့မှာ သေစေနိုင်သောရောဂါရှိပြီး ယင်းကိုခွဲစိတ်ကုသရန် မတတ်နိုင်သကဲ့သို့ဖြစ်နေသည်။ ဤအခြေအနေမျိုးတွင် တစ်စုံတစ်ယောက်သည် ကျွန်ုပ်တို့အတွက်အကုန်အကျခံပေးမည်ဆိုလျှင် ကျေးဇူးမတင်ဘဲနေပါမည်လော။ ဤသို့ပင် ယေဟောဝါပြုခဲ့ပြီ! ကိုယ်တော်သည် ကျွန်ုပ်တို့ကို အပြစ်မှရွေးနုတ်ရန် တစ်ကြိမ်တည်းနှင့်အပြီးစီစဉ်ပေးခဲ့ပြီ။ မှန်ပါသည်၊ ကျွန်ုပ်တို့အတွက် ကျွန်ုပ်တို့ကိုယ်တိုင်မတတ်နိုင်သည့်အရာကို ကိုယ်တော်လိုလိုလားလားပေးဆပ်ခဲ့သည်။ မည်သို့နည်း။ “ဘုရားသခင်ပေးတော်မူသော ဆုကျေးဇူးတော်ကား၊ ငါတို့သခင်ယေရှုခရစ်အားဖြင့် ထာဝရအသက်ပေတည်း” ဟုပေါလုရေးသားခဲ့သည်။ (ရောမ ၆:၂၃) ယေရှုသည် “ဤလောက၏အပြစ်ကိုဆောင်သွားသော ဘုရားသခင်၏သိုးသငယ်” ဖြစ်သည်ဟု ယောဟန်ကဖော်ပြခဲ့သည်။ (ယောဟန် ၁:၂၉) ရွေးနုတ်ဖိုးပေးရန် မိမိချစ်မြတ်နိုးသောသားတော်ကို ယေဟောဝါမည်သို့အသုံးပြုခဲ့ကြောင်း ကြည့်ကြစို့။

“တန်ဖိုးတူရွေးနုတ်ဖိုး”

၁၀။ “အမျိုးအနွယ်” နှင့်ပတ်သက်သော ပရောဖက်ပြုချက်များသည် ယောသပ်နှင့်မာရိတို့ကို မည်သို့အာရုံပြုစေခဲ့သနည်း။

၁၀ ဧဒင်ဥယျာဉ်တွင်ပုန်ကန်မှုဖြစ်ပေါ်ပြီးသည်နှင့် အပြစ်မှလူတို့ကိုရွေးနုတ်မည့် “အမျိုးအနွယ်” သို့မဟုတ် မျိုးဆက်ကိုမွေးထုတ်မည့် မိမိ၏ရည်ရွယ်ချက်ကို ယေဟောဝါကြေညာခဲ့သည်။ (ကမ္ဘာဦး ၃:၁၅) ယေဟောဝါသည် ဆက်တိုက်ဖော်ပြခဲ့သည့် မြင့်မြတ်သောဗျာဒိတ်တော်များအားဖြင့် ဤမျိုးစေ့ကိုမွေးထုတ်မည့် မျိုးရိုးကိုဖော်ပြခဲ့သည်။ အချိန်တန်သောအခါ ဤဗျာဒိတ်တော်များသည် ပါလက်စတိုင်း၌နေထိုင်ကြသော စေ့စပ်ထားသည့်မောင်နှံ ယောသပ်နှင့်မာရိတို့ကို အာရုံပြုစေခဲ့သည်။ သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် မာရိကိုယ်ဝန်ဆောင်မည်ဟု ယောသပ်သည် အိပ်မက်ထဲတွင် ပြောဆိုခံခဲ့ရသည်။ ကောင်းကင်တမန်က ဤသို့ဆို၏– “[သူသည်] သားယောက်ျားကို ဖွားမြင်လိမ့်မည်။ ထိုသားသည် မိမိလူတို့ကို အပြစ်မှကယ်ချွတ်မည့်သူဖြစ်သောကြောင့် ယေရှုဟူသောအမည်ဖြင့် မှည့်ရမည်။”—မဿဲ ၁:၂၀၊ ၂၁။

၁၁။ (က) သားတော်ကို စုံလင်သောလူသားအဖြစ်မွေးဖွားလာစေရန် ယေဟောဝါမည်သို့စီစဉ်ခဲ့သနည်း။ (ခ) ယေရှုသည် “တန်ဖိုးတူရွေးနုတ်ဖိုး” ကိုအဘယ်ကြောင့်ပေးဆက်နိုင်ခဲ့သနည်း။

၁၁ ယေရှုသည် လူ့ဘဝမတိုင်မီ ကောင်းကင်၌ရှိခဲ့သောကြောင့် ယင်းသည် သာမန်ကိုယ်ဝန်ဆောင်ခြင်းလုံးဝမဟုတ်ချေ။ (သု. ၈:၂၂-၃၁; ကောလောသဲ ၁:၁၅) ကိုယ်တော့်အသက်သည် ယေဟောဝါ၏အံ့ဖွယ်တန်ခိုးအားဖြင့် မာရိ၏ဝမ်းထဲသို့ပြောင်းရွှေ့ခံခဲ့ရရာ ဘုရားသခင်ချစ်မြတ်နိုးသည့် ဤသားတော်သည် လူသားတစ်ဦးအဖြစ်မွေးဖွားလာနိုင်စေခဲ့သည်။ (ယောဟန် ၁:၁-၃၊ ၁၄; ဖိလိပ္ပိ ၂:၆၊ ၇) အာဒံ့အပြစ်၏စွန်းထင်းမှုကို ယေရှုမခံရရန် ယေဟောဝါလမ်းညွှန်ခဲ့ရာ ယေရှုသည် စုံလင်စွာမွေးဖွားလာခဲ့၏။ ထို့ကြောင့် ကိုယ်တော်သည် အာဒံဆုံးရှုံးခဲ့သော စုံလင်သည့်လူ့အသက်ကိုရရှိခဲ့သည်။ အပြီးသတ်အားဖြင့် အပြစ်၏အခကိုဖုံးအုပ်ပေးနိုင်သည့် လူသားပင်တည်း! စီ.အီး. ၃၃၊ နိသန် ၁၄ ရက်တွင် ယင်းသို့ပင် ယေရှုပြုခဲ့သည်။ ယေရှုသည် ထိုသမိုင်းတွင်သောနေ့ရက်၌ အတိုက်အခံပြုသူတို့၏လက်ချက်ဖြင့် အသေသတ်ခြင်းကိုခံခြင်းအားဖြင့် “တန်ဖိုးတူရွေးနုတ်ဖိုး” ပေးဆက်ခဲ့သည်။—၁ တိမောသေ ၂:၆၊ ကဘ။

စုံလင်သောလူ့အသက်တန်ဖိုး

၁၂။ (က) ယေရှု၏သေခြင်းနှင့်အာဒံ၏သေခြင်းသည် အရေးပါစွာခြားနားကြောင်းကိုဖော်ပြပါ။ (ခ) ယေရှုသည် နာခံမှုရှိသောလူသားများ၏ “ထာဝရအဘ” မည်သို့ဖြစ်လာသနည်း။

၁၂ ယေရှု၏သေခြင်းနှင့် အာဒံ၏သေခြင်းသည် ခြားနား၍ ယင်းက ရွေးနုတ်ဖိုးတန်ဖိုးကိုပေါ်လွင်စေ၏။ အာဒံသည် မိမိ၏ဖန်ဆင်းရှင်ကိုတမင်တကာမနာခံခဲ့သောကြောင့် သေထိုက်၏။ (ကမ္ဘာဦး ၂:၁၆၊ ၁၇) ယေရှုမူကား “ဒုစရိုက်ကိုမပြု” ခဲ့သောကြောင့် လုံးဝမသေထိုက်ချေ။ (၁ ပေတရု ၂:၂၂) ထို့ကြောင့် ယေရှုသေဆုံးချိန်တွင် အပြစ်သားအာဒံသေဆုံးချိန်၌ မပိုင်ဆိုင်ခဲ့သည့် တန်ဖိုးအလွန်ကြီးမားသည့် စုံလင်သောအသက်ရပိုင်ခွင့်ကို ပိုင်ဆိုင်ခဲ့သည်။ ထို့ကြောင့် ယေရှု၏သေခြင်းသည် ယဇ်သကာတန်ဖိုးရှိခဲ့သည်။ ကိုယ်တော်သည် နာမ်ဝိညာဉ်သားအဖြစ် ကောင်းကင်သို့တက်ကြွပြီးနောက် ယေဟောဝါထံ မိမိ၏ယဇ်သကာတန်ဖိုးကိုဆက်သခဲ့သည်။ (ဟေဗြဲ ၉:၂၄) ထိုသို့ပြုခြင်းအားဖြင့် ယေရှုသည် အပြစ်ရှိသောလူသားများကိုဝယ်ယူခဲ့ပြီး အာဒံအစား သူတို့၏ဖခင်အသစ်ဖြစ်လာခဲ့သည်။ (၁ ကောရိန္သု ၁၅:၄၅) ထို့ကြောင့် ယေရှုအား “ထာဝရအဘ” ဟုခေါ်ခဲ့ရခြင်းဖြစ်သည်။ (ဟေရှာယ ၉:၆) ယင်းသည် အဘယ်အဓိပ္ပာယ်ရှိသည်ကို စဉ်းစားကြည့်ပါ! အပြစ်ရှိသောဖခင်အာဒံသည် သူ၏သားစဉ်မြေးဆက်အားလုံးထံ သေခြင်းကိုပျံ့နှံ့စေခဲ့၏။ စုံလင်သောဖခင်ယေရှုသည် နာခံမှုရှိသောလူသားများကို ထာဝရအသက်ဆုချီးမြှင့်ရန် မိမိ၏ယဇ်သကာတန်ဖိုးကိုအသုံးပြုသည်။

၁၃။ (က) ယေရှုသည် အာဒံအားဖြင့်ဖြစ်ပေါ်ခဲ့သောကြွေးမြီကို မည်သို့ချေခဲ့ကြောင်း ဥပမာပြပါ။ (ခ) ယေရှု၏ယဇ်သကာသည် ကျွန်ုပ်တို့၏ပထမမိဘများ၏အပြစ်ကိုမူ အဘယ်ကြောင့်မဖုံးအုပ်ပေးသနည်း။

၁၃ သို့သော် လူတစ်ဦးတည်း၏သေခြင်းဖြင့် လူများစွာ၏အပြစ်သည် မည်သို့ဖုံးအုပ်သွားသနည်း။ (မဿဲ ၂၀:၂၈) လွန်ခဲ့သောနှစ်အနည်းငယ်ကဆောင်းပါးတစ်ခုတွင် ရွေးနုတ်ဖိုးကို ဤသို့ဖော်ပြခဲ့သည်– “အလုပ်သမားများစွာရှိသော စက်ရုံတစ်ခုကို စဉ်းစားကြည့်ပါ။ မရိုးသားသောစက်ရုံမန်နေဂျာကြောင့် လုပ်ငန်းဒေဝါလီခံလိုက်ရသည်။ စက်ရုံပိတ်လိုက်ရ၏။ ယခုရာပေါင်းများစွာသည် အလုပ်လက်မဲ့ဖြစ်ကာ၊ ကြွေးမဆပ်နိုင်ကြတော့ချေ။ သူတို့၏အိမ်ထောင်ဖက်များ၊ ကလေးများနှင့် ကြွေးရှင်အားလုံးသည် ထိုတစ်ယောက်၏ယိုယွင်းမှုကြောင့် ဒုက္ခရောက်ကုန်ကြသည်။ ထိုအခါ ကြွယ်ဝသောအကျိုးဆောင်သူတစ်ဦးရောက်လာကာ ကုမ္ပဏီ၏အကြွေးများကိုဆပ်လိုက်ပြီး၊ စက်ရုံကိုပြန်ဖွင့်လိုက်သည်။ ထိုကြွေးမြီကျေသွားခြင်းဖြင့် အလုပ်သမားများ၊ သူတို့၏မိသားစုများနှင့်ကြွေးရှင်များ စိတ်သက်သာမှုအပြည့်အဝရကြလေသည်။ သို့သော်၊ မူလမန်နေဂျာသည် ကြီးပွားတိုးတက်မှုအသစ်မှ အကျိုးခံစားရပါမည်လော။ မခံစားရပါ၊ သူသည် ထောင်ကျနေပြီး၊ အလုပ်အမြဲပြုတ်နေပေပြီ! အလားတူပင်၊ အာဒံ၏ကြွေးမြီကိုချေပေးခဲ့ခြင်းက သန်းပေါင်းများစွာသောသူ၏သားမြေးများကို အကျိုးပေးသော်လည်း အာဒံမူကား အကျိုးမခံစားရချေ။”

၁၄၊ ၁၅။ အာဒံနှင့်ဧဝကို တမင်သက်သက်အပြစ်ပြုသူများဖြစ်သည်ဟု အဘယ်ကြောင့်ခေါ်နိုင်သနည်း၊ ကျွန်ုပ်တို့၏အခြေအနေသည် သူတို့၏အခြေအနေနှင့်မည်သို့ခြားနားသနည်း။

၁၄ ယင်းသည် တရားပါသည်။ အာဒံနှင့်ဧဝတို့သည် တမင်သက်သက်အပြစ်ပြုသူများဖြစ်သည်ကိုသတိရပါ။ သူတို့သည် ဘုရားသခင်ကိုမနာခံဖို့ရွေးချယ်ခဲ့ကြသည်။ ကျွန်ုပ်တို့မူကား အပြစ်နှင့်မွေးလာခဲ့ကြသည်။ ကျွန်ုပ်တို့၌ရွေးချယ်စရာမရှိ။ ကျွန်ုပ်တို့မည်မျှပင်ကြိုးစားသည်ဖြစ်စေ အပြစ်ကိုလုံးလုံးလျားလျားမရှောင်နိုင်ကြပါ။ (၁ ယောဟန် ၁:၈) ရံဖန်ရံခါ ကျွန်ုပ်တို့သည် ဤသို့ရေးသားခဲ့သော ပေါလုကဲ့သို့ခံစားကြရပေမည်– “ကောင်းသောအကျင့်ကိုငါကျင့်ချင်သောအခါ၊ မကောင်းသောအကျင့်ကိုကျင့်စေတတ်သောတရားကို ငါတွေ့၏။ ငါသည် အတွင်းလူအားဖြင့် ဘုရားသခင်၏ပညတ်တရားတော်ကို နှစ်သက်၏။ သို့သော်လည်း ငါ့ကိုယ်အင်္ဂါများ၌ရှိသော တရားတစ်ပါးသည် စိတ်ဝိညာဉ်တရားကို ဆိုင်ပြိုင်တိုက်လှန်သဖြင့်၊ ငါ့ကိုယ်အင်္ဂါများ၌ရှိသော အပြစ်တရားလက်သို့ ငါ့ကိုဖမ်းသွားအပ်နှံသည်ကို ငါမြင်၏။ ငါသည် ငြိုငြင်သောသူဖြစ်ပါသည်တကား!”—ရောမ ၇:၂၁-၂၄။

၁၅ သို့တိုင်၊ ရွေးနုတ်ဖိုးကြောင့် ကျွန်ုပ်တို့၌မျှော်လင့်ချက်ရှိသည်! ဘုရားသခင်ကတိထားခဲ့သကဲ့သို့ မျိုးနွယ်တော်ဖြစ်သောယေရှုအားဖြင့် “လူအပေါင်းတို့သည် ကောင်းချီးမင်္ဂလာကို ခံရကြလိမ့်မည်။” (ကမ္ဘာဦး ၂၂:၁၈; ရောမ ၈:၂၀) ယေရှု၏ယဇ်သကာသည် ကိုယ်တော်အားယုံကြည်ကြောင်းတင်ပြသူတို့အတွက် အံ့သြဖွယ်အခွင့်အလမ်းများကိုပွင့်စေသည်။ ယင်းတို့အနက်အချို့ကိုသုံးသပ်ကြည့်ကြစို့။

ခရစ်တော်၏ရွေးနုတ်ဖိုးမှအကျိုးရယူခြင်း

၁၆။ ကျွန်ုပ်တို့၏အပြစ်ရှိသောအခြေအနေ၌ပင် ယေရှု၏ရွေးနုတ်ဖိုးကြောင့် အဘယ်အကျိုးများကို ယခုခံစားနိုင်သနည်း။

၁၆ “ငါတို့ရှိသမျှသည် အများသောအားဖြင့်မှားတတ်ကြ၏” ဟုသမ္မာကျမ်းစာရေးသူယာကုပ်ကဝန်ခံထားသည်။ (ယာကုပ် ၃:၂) သို့ရာတွင် ခရစ်တော်၏ရွေးနုတ်ဖိုးကြောင့် ကျွန်ုပ်တို့၏အပြစ်များ ခွင့်လွှတ်ခံရနိုင်သည်။ ယောဟန်က ဤသို့ရေးသည်– “တစ်စုံတစ်ယောက်သောသူသည် ဒုစရိုက်ကိုပြုမိလျှင်၊ ဖြောင့်မတ်တော်မူသောအရှင်ယေရှုခရစ်တည်းဟူသော ငါတို့အမှုဆောင်သခင်သည် ခမည်းတော်ထံ၌ရှိတော်မူ၏။ ထိုသခင်သည် ငါတို့ . . . အပြစ်ဖြေစရာအကြောင်းဖြစ်တော်မူ၏။” (၁ ယောဟန် ၂:၁၊ ၂) ကျွန်ုပ်တို့သည် အပြစ်ကို အမှန်ပင် ပေါ့ပေါ့တန်တန်သဘောမထားသင့်ချေ။ (ယုဒ ၄; ၁ ကောရိန္သု ၉:၂၇ နှိုင်းယှဉ်။) သို့ရာတွင် ကျွန်ုပ်တို့သည် အမှားပြုမိခဲ့မည်ဆိုလျှင် ယေဟောဝါအား ရင်ဖွင့်ဖော်ပြနိုင်၍ ကိုယ်တော်သည် ကျွန်ုပ်တို့ကို ‘ခွင့်လွှတ်ရန်အသင့်’ ရှိကြောင်းယုံကြည်စိတ်ချနိုင်၏။ (ဆာလံ ၈၆:၅; ၁၃၀:၃၊ ၄; ဟေရှာယ ၁:၁၈; ၅၅:၇; တမန်တော် ၃:၁၉၊ ၂၀) သို့ဖြင့် ရွေးနုတ်ဖိုးသည် စင်ကြယ်သောကိုယ်ကိုကိုယ်သိသောစိတ်ဖြင့် ဘုရားသခင်အားဝတ်ပြုစေနိုင်ပြီး ယေရှုခရစ်၏နာမတော်ကိုအမှီပြု၍ဆုတောင်းကာ ကိုယ်တော်ထံချဉ်းကပ်စေနိုင်သည်။—ယောဟန် ၁၄:၁၃၊ ၁၄; ဟေဗြဲ ၉:၁၄။

၁၇။ ရွေးနုတ်ဖိုးကြောင့် အနာဂတ်တွင် အဘယ်ကောင်းချီးများခံစားနိုင်သနည်း။

၁၇ ခရစ်တော်၏ရွေးနုတ်ဖိုးသည် နာခံသောလူသားများ မြေကြီးပရဒိသုတွင် ထာဝစဉ်နေထိုင်ကြဖို့ ဘုရားသခင့်ရည်ရွယ်ချက်ပြည့်စုံမှုအတွက် လမ်းဖွင့်ပေးသည်။ (ဆာလံ ၃၇:၂၉) ပေါလုက ဤသို့ရေးသားခဲ့၏– ‘ဘုရားသခင်၏ကတိတော်များသည် အဘယ်မျှလောက်များသော်လည်း ထိုအရှင် [ယေရှုအားဖြင့်] ဟုတ်မှန်၏ဟူ၍ဖြစ်သတည်း။’ (၂ ကောရိန္သု ၁:၂၀၊ သမ္မာ) မှန်ပါသည်၊ သေခြင်းသည် ‘စိုးစံ’ ခဲ့ပြီ။ (ရောမ ၅:၁၇) ရွေးနုတ်ဖိုးသည် ဤ “နောက်ဆုံးသောရန်သူ” ကိုဖယ်ရှားပစ်ဖို့ ဘုရားသခင်၌ အခြေခံကိုဖြစ်စေသည်။ (၁ ကောရိန္သု ၁၅:၂၆; ဗျာဒိတ် ၂၁:၄) ယေရှု၏ရွေးနုတ်ဖိုးသည် သေလွန်ခဲ့သူတို့ကိုပင်အကျိုးပြုနိုင်၏။ “သင်္ချိုင်းများမှာရှိသောသူအပေါင်းတို့သည် သားတော် [ယေရှု] ၏စကားသံကိုကြား၍၊ ထွက်ရမည့်အချိန်ကာလရောက်လတ္တံ့” ဟုယေရှုဆိုခဲ့သည်။—ယောဟန် ၅:၂၈၊ ၂၉; ၁ ကောရိန္သု ၁၅:၂၀-၂၂။

၁၈။ အပြစ်တရားသည် အဘယ်ဝမ်းနည်းဖွယ်အဖြစ်ကို လူသားများအပေါ်ကျရောက်စေခဲ့သနည်း။ ယင်းသည် ဘုရားသခင့်ကမ္ဘာသစ်တွင် မည်သို့ပြောင်းပြန်ဖြစ်သွားမည်နည်း။

၁၈ ယနေ့ ကျွန်ုပ်တို့အားဝန်လေးစေသည့် စိုးရိမ်ပူပန်မှုများမရှိသော ကျွန်ုပ်တို့အတွက် ရည်စူးထားသည့် ဘဝကိုပျော်မွေ့ခြင်းသည် မည်မျှဝမ်းမြောက်စရာကောင်းမည်ကို စဉ်းစားကြည့်ပါလေ! အပြစ်တရားက ဘုရားသခင်နှင့်သာမကဘဲ ကျွန်ုပ်တို့၏စိတ်နှလုံး၊ ကျွန်ုပ်တို့၏ကိုယ်ခန္ဓာတို့နှင့်လည်းမညီညွတ်စေတော့ချေ။ သို့ရာတွင် ဘုရားသခင့်ကမ္ဘာသစ်၌ “မြို့သားကလည်း၊ ‘ငါနာသည်ဟုမဆိုရ’” ဟုသမ္မာကျမ်းစာကကတိပေးထားသည်။ မှန်သည်၊ ကာယရေးနှင့် စိတ်လှုပ်ရှားမှုပိုင်းဆိုင်ရာဖျားနာမှုတို့သည် လူတို့ကိုနှောင့်ယှက်တော့မည်မဟုတ်။ အဘယ်ကြောင့်နည်း။ ဟေရှာယက ဤသို့ဖြေဆိုသည်– “ထိုမြို့၌နေသောသူတို့သည် အပြစ်ပြေရှင်းခြင်းသို့ရောက်ရကြလိမ့်မည်။”—ဟေရှာယ ၃၃:၂၄။

ရွေးနုတ်ဖိုး—မေတ္တာတင်ပြချက်တစ်ရပ်

၁၉။ ကျွန်ုပ်တို့တစ်ဦးစီသည် ခရစ်တော်၏ရွေးနုတ်ဖိုးကို မည်သို့တုံ့ပြန်သင့်သနည်း။

၁၉ ချစ်ခြင်းမေတ္တာက မိမိ၏ချစ်မြတ်နိုးသောသားတော်ကိုစေလွှတ်ဖို့ ယေဟောဝါအားလှုံ့ဆော်ပေးခဲ့၏။ (ရောမ ၅:၈; ၁ ယောဟန် ၄:၉) တစ်ဖန် ချစ်ခြင်းမေတ္တာက “လူအပေါင်းတို့အတွက် . . . အသေခံ” ရန် ယေရှုကိုလှုံ့ဆော်ပေးခဲ့သည်။ (ဟေဗြဲ ၂:၉; ယောဟန် ၁၅:၁၃) ပေါလုက အကြောင်းရှိ၍ ဤသို့ရေးသားခဲ့ခြင်းဖြစ်သည်– “အသက်ရှင်သောသူတို့သည် တစ်ဖန် ကိုယ်အလိုသို့လိုက်၍မရှင်၊ သူတို့အတွက်ကြောင့်အသေခံပြီးမှ ထမြောက်တော်မူသောသူ၏အလိုသို့လိုက်၍ ရှင်စေမည်အကြောင်း . . . ခရစ်တော်၏ချစ်ခြင်းမေတ္တာတော်သည် ငါတို့ကိုအနိုင်အထက်သွေးဆောင်၏။” (၂ ကောရိန္သု ၅:၁၄၊ ၁၅) ကျွန်ုပ်တို့အတွက် ယေရှုပြုခဲ့ရာကိုလေးမြတ်မည်ဆိုလျှင် ကျွန်ုပ်တို့တုံ့ပြန်ကြပါလိမ့်မည်။ နောက်ဆုံးတော့ ရွေးနုတ်ဖိုးသည် ကျွန်ုပ်တို့ကို သေခြင်းမှကယ်တင်ခံရရန် ဆောင်ကြဉ်းပေးခဲ့ပြီ! ယေရှု၏ယဇ်သကာတန်ဖိုးကို သာမန်အဖြစ်ယူမှတ်သည်ဟု ကျွန်ုပ်တို့၏အပြုအမူများအားဖြင့် တင်ပြလိုကြမည်မဟုတ်ပေ။—ဟေဗြဲ ၁၀:၂၉။

၂၀။ ယေရှု၏ “စကား” ကိုနာခံသည့် နည်းတချို့ကားအဘယ်နည်း။

၂၀ ရွေးနုတ်ဖိုးကိုစိတ်ရင်းမှန်ဖြင့်လေးမြတ်တန်ဖိုးထားကြောင်း ကျွန်ုပ်တို့မည်သို့ဖော်ပြနိုင်သနည်း။ ယေရှုအဖမ်းမခံရမီလေး၌ ဤသို့ဆိုခဲ့သည်– “ငါ့ကိုချစ်သောသူသည် ငါ့စကားကိုနားထောင်လိမ့်မည်။” (ယောဟန် ၁၄:၂၃) ယေရှု၏ “စကား” တွင် “သင်တို့သွား၍ လူမျိုးတကာတို့ကိုငါ့တပည့်ဖြစ်စေလျက် . . . ဗတ္တိဇံကိုပေးကြလော့” ဟူသောတာဝန်ကို ဇွဲရှိရှိလုပ်ဆောင်ရမည့်အမိန့်ပါဝင်သည်။ (မဿဲ ၂၈:၁၉) ယေရှုစကားနာခံခြင်းတွင် ကျွန်ုပ်တို့၏ဝိညာဉ်ရေးညီအစ်ကိုများကိုချစ်ကြောင်းတင်ပြရန်လည်းလိုသည်။—ယောဟန် ၁၃:၃၄၊ ၃၅။

၂၁။ ဧပြီ ၁ ရက်တွင်အောက်မေ့ရာပွဲကို ကျွန်ုပ်တို့အဘယ်ကြောင့်တက်ရောက်သင့်သနည်း။

၂၁ ရွေးနုတ်ဖိုးကိုလေးမြတ်ကြောင်းပြနိုင်သည့် အကောင်းဆုံးနည်းတစ်ခုမှာ ဤနှစ်ဧပြီလ ၁ ရက်နေ့တွင်ကျင်းပမည့် ခရစ်တော်၏သေခြင်းအောက်မေ့ရာပွဲကို တက်ရောက်ခြင်းဖြစ်သည်။a ယင်းသည်လည်း ယေရှု၏ “စကား” တွင်ပါဝင်သည်၊ အကြောင်းမှာ ဤပွဲတော်ကိုအစပြုကျင်းပခဲ့သောအခါ နောက်တော်လိုက်များအား ယေရှုက “ငါ့ကိုအောက်မေ့ဖို့ရာ ဤသို့ပြုကြလော့” ဟုမိန့်မှာခဲ့သောကြောင့်ဖြစ်သည်။ (လုကာ ၂၂:၁၉) ဤအရေးအကြီးဆုံးအဖြစ်အပျက်ကိုတက်ရောက်ခြင်းနှင့် ခရစ်တော်၏မိန့်မှာချက်အားလုံးကို အလေးအနက်သဘောထားခြင်းဖြင့် ယေရှု၏ရွေးနုတ်ဖိုးသည် ဘုရားသခင့်ကယ်တင်ခြင်းလမ်းစဉ်ဖြစ်သည်ကို ကျွန်ုပ်တို့ယုံကြည်စိတ်ချကြောင်း ဖော်ပြကြပါလိမ့်မည်။ အမှန်ပင်၊ ‘ထိုအရှင် . . . မှတစ်ပါး၊ ငါတို့ကိုကယ်တင်နိုင်သောသူ . . . တစ်စုံတစ်ယောက်မျှ . . . မပေါ်မရှိ။’—တမန်တော် ၄:၁၂၊ သမ္မာ။

[အောက်ခြေမှတ်ချက်များ]

a ဤနှစ် ဧပြီ ၁ ရက်သည် ယေရှုသေဆုံးခဲ့သည့် စီ.အီး. ၃၃၊ နိသန်လ ၁၄ နှင့်ကိုက်ညီသည်။ အောက်မေ့ရာပွဲကျင်းပမည့်အချိန်နှင့်နေရာကိုသိလိုလျှင် ဒေသခံယေဟောဝါသက်သေတို့ထံ၌ စုံစမ်းမေးမြန်းပါ။

ဩသင်မှတ်မိနိုင်သလော

◻ လူသားများသည် သူတို့၏အပြစ်ရှိသောအခြေအနေကို အဘယ်ကြောင့်မဖြေနိုင်ကြသနည်း။

◻ ယေရှုသည် အဘယ်နည်းဖြင့် “တန်ဖိုးတူရွေးနုတ်ဖိုး” ဖြစ်သနည်း။

◻ ယေရှုသည် ကျွန်ုပ်တို့အကျိုးအတွက် စုံလင်သောလူ့အသက်တာရပိုင်ခွင့်ကို မည်သို့အသုံးပြုခဲ့သနည်း။

◻ ခရစ်တော်၏ရွေးနုတ်ဖိုးကြောင့် အဘယ်ကောင်းချီးများကို လူသားများခံစားကြရသနည်း။

[စာမျက်နှာ ၁၅ ပါ ရုပ်ပုံ]

စုံလင်သောလူသား—အာဒံနှင့်ညီမျှသူ—သာ တရားမျှတမှုချိန်ခွင်လျှာကိုညီစေနိုင်

[စာမျက်နှာ ၁၆ ပါ ရုပ်ပုံ]

ယေရှု၌စုံလင်သောလူ့အသက်ရပိုင်ခွင့်ရှိထားသောကြောင့် ကိုယ်တော့်သေခြင်းသည်ယဇ်သကာတန်ဖိုးရှိခဲ့

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ