“လူတို့တွင်ဆုလာဘ်များ” ကိုလေးမြတ်ခြင်း
“သင်တို့တွင်အမှုတော်ကို [“ကြိုးစား၊” ကဘ] ဆောင်ရွက် . . . သူတို့ပြုသောအမှုကြောင့် မေတ္တာစိတ်နှင့်အလွန်ချစ်ခင်လေးမြတ် . . . ကြလော့။”—၁ သက်သာလောနိတ် ၅:၁၂၊ ၁၃။
၁။ တမန်တော် ၂၀:၃၅ အရစွန့်ကြဲခြင်းတွင် အဘယ်အစွမ်းရှိသနည်း။ ပုံဥပမာဖော်ပြပါ။
“အစွန့်အကြဲခံခြင်းအရာထက် စွန့်ကြဲခြင်းအရာသည်သာ၍မင်္ဂလာရှိသည်။” (တမန်တော် ၂၀:၃၅) ယေရှု၏ထိုစကားများမှန်ကန်ကြောင်း သင်နောက်ဆုံးကြုံတွေ့ခဲ့ချိန်ကို မှတ်မိပါသလော။ ယင်းသည် သင်အလွန်ပင်ချစ်ခင်သူတစ်ယောက်ယောက်ကို လက်ဆောင်တစ်ခုပေးခဲ့ခြင်းဖြစ်ကောင်းဖြစ်မည်။ သင်ချစ်မြတ်နိုးရသူတစ်ဦးကို တန်ဖိုးထားစေလို၍ ယင်းကိုအသေအချာရွေးချယ်ခဲ့ပြီ။ ချစ်မြတ်နိုးရသူ၏မျက်နှာပေါ် ကြည်နူးမှုကိုမြင်ရခြင်းသည် မည်မျှနွေးထွေးစေခဲ့သည်တကား! လျောက်ပတ်စွာလှုံ့ဆော်ခံရသောအခါ ပေးကမ်းခြင်းသည် မေတ္တာတင်ပြချက်တစ်ရပ်ဖြစ်ပြီး မေတ္တာတင်ပြချက်သည် ကျွန်ုပ်တို့ကိုပျော်ရွှင်စေနိုင်စွမ်းရှိသည်။
၂၊ ၃။ (က) မည်သူမျှ ယေဟောဝါထက်မပျော်ရွှင်နိုင်ဟု အဘယ်ကြောင့်ဆိုနိုင်သနည်း၊ “လူတို့တွင်ဆုလာဘ်များ” ကိုပြင်ဆင်ပေးခြင်းသည် ကိုယ်တော့်ကိုမည်သို့ဝမ်းမြောက်စေသနည်း။ (ခ) ဘုရားသခင်ထံမှဆုလာဘ်ကို ကျွန်ုပ်တို့မည်သို့ပြုလိုကြမည်မဟုတ်သနည်း။
၂ သို့ဆိုလျှင် “ကောင်းမြတ်စုံလင်သောဆုကျေးဇူးရှိသမျှတို့” ကိုပေးသည့်အရှင်ယေဟောဝါထက် မည်သူပိုပျော်ရွှင်နိုင်သနည်း။ (ယာကုပ် ၁:၁၇; ၁ တိမောသေ ၁:၁၁) ကိုယ်တော်ပေးသည့်ဆုရှိသမျှသည် မေတ္တာ၏လှုံ့ဆော်မှုကြောင့်ဖြစ်၏။ (၁ ယောဟန် ၄:၈) အသင်းတော်ကို ခရစ်တော်မှတစ်ဆင့်ပေးအပ်သည့် ဆုလာဘ်—“လူတို့တွင်ဆုလာဘ်များ”—သည် ထိုသို့အမှန်ဖြစ်၏။ (ဧဖက် ၄:၈၊ ကဘ) ကိုယ်တော်သည် သိုးတော်စုကိုကြည့်ရှုရန် အကြီးအကဲများကိုပြင်ဆင်ပေးခြင်းကား ဘုရားသခင့်လူများကို နက်ရှိုင်းသည့်မေတ္တာတင်ပြခြင်းဖြစ်သည်။ ဤသူများကို ဂရုတစိုက်ရွေးချယ်ခဲ့၏—ဤသူများသည် ကျမ်းစာဆိုင်ရာအရည်အသွေးများပြည့်မီရမည်။ (၁ တိမောသေ ၃:၁-၇; တိတု ၁:၅-၉) သူတို့သည် သိုးတော်စုကို နူးညံ့စွာဆက်ဆံရမည်ဖြစ်ကြောင်း သိကြသည်၊ သို့နှင့် သိုးများသည် ထိုမေတ္တာပါသည့်သိုးထိန်းများကို ကျေးဇူးတင်စရာအကြောင်းရှိပါလိမ့်မည်။ (တမန်တော် ၂၀:၂၉; ဆာလံ ၁၀၀:၃) ယေဟောဝါ၏သိုးများသည် ထိုသို့ကျေးဇူးတင်တတ်ကြောင်း ကိုယ်တော်တွေ့မြင်သောအခါ စိတ်တော်ရွှင်လန်းမည်မှာမုချ!—သု. ၂၇:၁၁။
၃ ဘုရားသခင်ထံမှ ဆုလာဘ်၏တန်ဖိုးကို ကျွန်ုပ်တို့အထင်မသေးလိုသည်ကား အမှန်; ကိုယ်တော့်ဆုလာဘ်များကိုလည်း မလေးမြတ်ဘဲမနေလိုကြချေ။ ထို့ကြောင့် မေးခွန်းနှစ်ခုပေါ်လာ၏– အကြီးအကဲများသည် အသင်းတော်တွင် သူတို့၏ကဏ္ဍကို မည်သို့ရှုမြင်သင့်သနည်း။ သိုးတော်စုမှကျန်သူများသည် “လူတို့တွင်ဆုလာဘ်များ” ကိုလေးမြတ်ကြောင်း မည်သို့တင်ပြနိုင်သနည်း။
‘ငါတို့သည် သင်တို့၏လုပ်ဖော်ဆောင်ဖက်ချင်းဖြစ်ကြ၏’
၄၊ ၅။ (က) ပေါလုသည် အသင်းတော်ကို အဘယ်အရာနှင့်နှိုင်းယှဉ်ခဲ့သနည်း၊ ယင်းသည် အဘယ်ကြောင့်ဆီလျော်သောပုံဥပမာဖြစ်သနည်း။ (ခ) ကျွန်ုပ်တို့အချင်းချင်းရှုမြင်ဆက်ဆံသင့်ပုံကို ပေါလု၏ပုံဥပမာက မည်သို့ဖော်ပြသနည်း။
၄ ယေဟောဝါသည် အသင်းတော်၌ “လူတို့တွင်ဆုလာဘ်များ” အားအခွင့်အာဏာကိုအတိုင်းအတာဖြင့်အပ်နှင်းခဲ့သည်။ အကြီးအကဲများသည် သူတို့၏အခွင့်အာဏာကို တလွဲမသုံးလိုကြသည်မှာ မှန်၏၊ သို့သော် မစုံလင်သည့်လူသားများအနေနှင့် အလွယ်တကူတလွဲသုံးမိနိုင်ကြောင်း သိထားကြသည်။ သို့ဆိုလျှင် သိုးတော်စုမှကျန်သူများနှင့်စပ်လျဉ်း၍ မိမိတို့ကိုယ်ကိုမည်သို့ရှုမြင်သင့်သနည်း။ တမန်တော်ပေါလု အသုံးပြုခဲ့သည့်ပုံဥပမာကို သုံးသပ်ကြည့်ပါ။ “လူတို့တွင်ဆုလာဘ်များ” ကိုပေးသနားရသည့်အကြောင်းရင်းကို ဆွေးနွေးပြီးနောက် ပေါလုက ဤသို့ရေးသားခဲ့သည်– “မေတ္တာစိတ်နှင့် . . . ဦးခေါင်းတည်းဟူသောခရစ်တော်မှာ အရာရာတို့၌ကြီးပွားကြမည်အကြောင်းတည်း။ ထိုဦးခေါင်းမှ၊ အဆစ်အပိုင်းများတို့သည်အားဖြည့်သဖြင့်၊ တစ်ကိုယ်လုံးသည် စေ့စပ်ထုံးဖွဲ့လျက်၊ အသီးအသီးအင်္ဂါများ ကိုယ်ငန်းကိုယ်တာအတိုင်းပြုပြင်သည်နှင့်အညီ၊ မိမိကိုယ်ကိုမေတ္တာ၌တည်ဆောက်ခြင်းငှာ ကြီးပွားစေတတ်၏။” (ဧဖက် ၄:၁၅၊ ၁၆) ထို့ကြောင့် အကြီးအကဲများနှင့် အခြားသူများပါဝင်သော အသင်းတော်ကို လူ့ခန္ဓာကိုယ်တစ်ခုနှင့် ပေါလုနှိုင်းယှဉ်ခဲ့သည်။ ယင်းသည် အဘယ်ကြောင့် ဆီလျော်သောပုံဥပမာဖြစ်ရသနည်း။
၅ လူ့ခန္ဓာကိုယ်သည် ခေါင်းတစ်လုံးသာရှိသော်လည်း မတူညီသည့်ခန္ဓာအစိတ်အပိုင်းများစွာနှင့်ဖွဲ့စည်းထား၏။ သို့ရာတွင် ကြွက်သားဖြစ်စေ၊ နာဗ်ကြောဖြစ်စေ၊ အကြောဖြစ်စေ အသုံးမဝင်သည့် ခန္ဓာအစိတ်အပိုင်းဟူ၍မရှိချေ။ တစ်မျိုးစီသည် တန်ဖိုးရှိပြီး ခန္ဓာကိုယ်တစ်ခုလုံးကို ကျန်းမာလှပစေသည်။ အလားတူစွာ အသင်းတော်ကို မတူညီသည့်သူများစွာနှင့် ဖွဲ့စည်းထားသော်လည်း လူကြီးဖြစ်စေလူငယ်ဖြစ်စေ၊ သန်မာသူဖြစ်စေချည့်နဲ့သူဖြစ်စေ တစ်ဦးစီသည် အသင်းတော်၏ဝိညာဉ်ရေးကိုကျန်းမာလှပစေနိုင်၏။ (၁ ကောရိန္သု ၁၂:၁၄-၂၆) မိမိသည်အရေးမပါဟု မည်သူမျှယူမှတ်စရာမလိုပါ။ တစ်ဖက်တွင် ပိုထူးမြတ်သည်ဟု မည်သူမျှမယူဆသင့်ချေ၊ အကြောင်းမှာ သိုးထိန်းများဖြစ်စေ၊ သိုးများဖြစ်စေ ကျွန်ုပ်တို့အားလုံးသည် ခန္ဓာကိုယ်အစိတ်အပိုင်းများဖြစ်ကြပြီး ခရစ်တော်တည်းဟူသောဦးခေါင်းတစ်ပါးတည်းသာရှိကြ၏။ ဤနည်းဖြင့် ပေါလုက ကျွန်ုပ်တို့သည် အချင်းချင်းချစ်ခင်ကြကာ ဂရုစိုက်ကြပြီး လေးစားသင့်ကြောင်း ပုံဖော်ခဲ့သည်။ ယင်းကိုအသိအမှတ်ပြုခြင်းသည် အသင်းတော်တွင် အကြီးအကဲများကို သူတို့၏အပိုင်းကဏ္ဍအပေါ် နှိမ့်ချပြီးမျှတသောအမြင်ရှိဖို့ကူညီပေးသည်။
၆။ တမန်တော်ဆိုင်ရာအခွင့်အာဏာရလင့်ကစား ပေါလုသည် နှိမ့်ချသည့်သဘောထားကို မည်သို့ပြသခဲ့သနည်း။
၆ ဤ “လူတို့တွင်ဆုလာဘ်များ” သည် ယုံကြည်သူချင်းများ၏အသက်တာ သို့မဟုတ် ယုံကြည်ခြင်းကို ထိန်းချုပ်ရန်မကြိုးစားကြပါ။ ပေါလုသည် တမန်တော်ဆိုင်ရာအခွင့်အာဏာရရှိထားသော်လည်း ကောရိန္သုမြို့သားများကို ဤသို့နှိမ့်ချစွာဆိုခဲ့သည်– “ငါတို့သည် သင်တို့၏ယုံကြည်ခြင်းကိုအစိုးရသည်မဟုတ်။ သင်တို့၏ဝမ်းမြောက်ခြင်းအကြောင်းကို ကူမ၍သာပြုကြ၏။ အဘယ်ကြောင့်နည်းဟူမူကား ယုံကြည်ခြင်းအားဖြင့် သင်တို့သည်တည်နိုင်ကြ၏။” (၂ ကောရိန္သု ၁:၂၄) ပေါလုသည် ညီအစ်ကိုချင်းများ၏ယုံကြည်ခြင်းနှင့် ဘဝပုံစံကိုထိန်းချုပ်လိုစိတ်မရှိခဲ့ချေ။ မှန်ပါသည်၊ ထိုသို့ပြုရန်လိုမည်ဟု သူမမြင်ခဲ့ချေ၊ အကြောင်းမှာ သူတို့သည် ဖြောင့်မှန်ရာကိုလုပ်ဆောင်လိုကြသဖြင့် ယေဟောဝါ၏အဖွဲ့အစည်းတွင် သစ္စာရှိသည့်အမျိုးသားအမျိုးသမီးများဖြစ်နှင့်နေကြပြီဖြစ်ကြောင်း ယုံကြည်စိတ်ချသောကြောင့်ဖြစ်သည်။ ထို့ကြောင့် မိမိကိုယ်တိုင်နှင့် နယ်လှည့်ဖော်တိမောသေအကြောင်းကို ပေါလုက ဤသို့ပြောဆိုသည်– ‘ဘုရားသခင်အမှုတော်ကို သင်တို့နှင့်ပျော်ရွှင်စွာထမ်းဆောင်ခြင်းသည် ကျွန်ုပ်တို့အလုပ်ဖြစ်၏။’ (၂ ကောရိန္သု ၁:၁) နှိမ့်ချသည့်သဘောထားပါတကား!
၇။ နှိမ့်ချသောအကြီးအကဲများသည် အသင်းတော်တွင် သူတို့၏ကဏ္ဍနှင့်ပတ်သက်၍ မည်သို့သဘောပေါက်ထားကြသနည်း၊ သူတို့သည် လုပ်ဖော်ဆောင်ဖက်ချင်းများ၌ အဘယ်ယုံကြည်စိတ်ချမှုရှိကြသနည်း။
၇ ယနေ့ “လူတို့တွင်ဆုလာဘ်များ” ၌ထိုအလုပ်တာဝန်ရှိ၏။ သူတို့သည် ‘ကျွန်ုပ်တို့၏ရွှင်လန်းမှုအတွက် လုပ်ဖော်ဆောင်ဖက်ချင်းများ’ ဖြစ်ကြ၏။ ဘုရားသခင့်အမှုတော်ကို အခြားသူများ မည်မျှထမ်းဆောင်နိုင်မည်ကို မိမိတို့စီရင်ဆုံးဖြတ်ရန်မဟုတ်ကြောင်း နှိမ့်ချသောအကြီးအကဲများသိထားကြ၏။ မိမိတို့၏ဓမ္မအမှုကိုတိုးချဲ့ရန် သို့မဟုတ် တိုးတက်စေရန် အားပေးကြမည်ဖြစ်သော်လည်း ဘုရားသခင့်အမှုဆောင်ခြင်းသည် စိတ်ပါလက်ပါဖြစ်သင့်ကြောင်း သူတို့သိထားကြ၏။ (၂ ကောရိန္သု ၉:၇ နှိုင်းယှဉ်။) လုပ်ဖော်ဆောင်ဖက်ချင်းများရွှင်လန်းကြမည်ဆိုလျှင် သူတို့တတ်နိုင်သမျှလုပ်ဆောင်ကြမည်ဖြစ်ကြောင်း ယုံကြည်ကြ၏။ ထို့ကြောင့် “ထာဝရဘုရား၏အမှုတော်ကို ဝမ်းမြောက်စွာဆောင်ရွက်ကြ” ရန်သူတို့၏ညီအစ်ကိုများကို ကူညီပေးလိုကြခြင်းဖြစ်သည်။—ဆာလံ ၁၀၀:၂။
ရွှင်လန်းသောစိတ်ဖြင့်အမှုဆောင်ရန်လူအားလုံးကိုကူညီခြင်း
၈။ ရွှင်လန်းသောစိတ်ဖြင့် ယေဟောဝါ၏အမှုတော်ဆောင်ရန် ညီအစ်ကိုချင်းများကို အကြီးအကဲများကူညီနိုင်သည့် နည်းအချို့ကားအဘယ်နည်း။
၈ အကြီးအကဲတို့၊ ရွှင်လန်းသောစိတ်ဖြင့်အမှုဆောင်ကြဖို့ သင့်ညီအစ်ကိုများကို မည်သို့အားပေးနိုင်သနည်း။ ပုံသက်သေအားဖြင့် သင်အားပေးနိုင်သည်။ (၁ ပေတရု ၅:၃) ဓမ္မအမှုတွင် သင့်ဇွဲနှင့် ရွှင်လန်းမှုကိုဖော်ပြမည်ဆိုလျှင် အခြားသူများသည် သင့်ပုံသက်သေကိုတုပလိုစိတ်ရှိလာကြပေမည်။ အခြားသူများ၏ စိုးလ်အပြည့်လုပ်ဆောင်မှုကို ချီးမွမ်းပါ။ (ဧဖက် ၄:၂၉) စိတ်ရင်းမှန်ဖြင့် လှိုက်လှိုက်လှဲလှဲချီးမွမ်းခြင်းသည် အခြားသူများကို အသုံးဝင်သူ၊ မရှိမဖြစ်လိုအပ်သူဟုခံစားစေ၏။ ဘုရားသခင့်အမှုတော်ကို အတတ်နိုင်ဆုံးဆောင်ရွက်ရန် သိုးများကိုအားပေးသည်။ မနှစ်လိုဖွယ် နှိုင်းယှဉ်မှုများကို ရှောင်ပါ။ (ဂလာတိ ၆:၄) ထိုသို့နှိုင်းယှဉ်မှုသည် အခြားသူများကို တိုးတက်စေမည့်အစား စိတ်ပျက်စေ၏။ ထို့အပြင် ယေဟောဝါ၏သိုးများ၏အခြေအနေနှင့် စွမ်းရည်များသည် တစ်ဦးနှင့်တစ်ဦး မတူညီကြပါ။ ပေါလုနည်းတူ သင့်ညီအစ်ကိုများကို ယုံကြည်စိတ်ချကြောင်း ဖော်ပြပါ။ မေတ္တာသည် “ခပ်သိမ်းသောအရာကိုယုံတတ်” သဖြင့် ကျွန်ုပ်တို့ညီအစ်ကိုများသည် ဘုရားသခင်ကိုချစ်ကြကြောင်းနှင့် ကိုယ်တော့်စိတ်တော်နှင့်တွေ့လိုကြကြောင်း ကျွန်ုပ်တို့ယုံကြည်စိတ်ချသင့်သည်။ (၁ ကောရိန္သု ၁၃:၇) ‘သူတစ်ပါးကိုဂုဏ်တင်’ သောအခါ သူတို့တွင်ရှိသည့် အကောင်းဆုံးအရာကို ဖော်ထုတ်နေ၏။ (ရောမ ၁၂:၁၀) သိုးများသည် အားပေးမှုနှင့် လန်းဆန်းမှုခံရသောအခါ အများစုသည် ဘုရားသခင့်အမှုဆောင်ရာ၌ အတတ်နိုင်ဆုံးလုပ်ဆောင်ကြမည်ဖြစ်ကြောင်းနှင့် ထိုလုပ်ငန်းတွင် ရွှင်လန်းမှုရရှိကြမည်ဖြစ်ကြောင်းစိတ်ချပါ။—မဿဲ ၁၁:၂၈-၃၀။
၉။ အကြီးအကဲချင်းများ၏အဘယ်သဘောထားသည် ရွှင်လန်းသောစိတ်ဖြင့်အမှုဆောင်ရန် အကြီးအကဲတစ်ဦးစီကို ကူညီပေးမည်နည်း။
၉ ‘လုပ်ဖော်ဆောင်ဖက်ချင်း’ တစ်ဦးအဖြစ် မိမိကိုယ်ကိုနှိမ့်ချစွာရှုမြင်ခြင်းသည် ရွှင်လန်းသည့်စိတ်ဖြင့်အမှုဆောင်ရန်နှင့် အကြီးအကဲချင်းများ၏ ထူးခြားသောဆုလာဘ်များကို လေးမြတ်ရန်ကူညီပေးပါလိမ့်မည်။ အကြီးအကဲတစ်ဦးချင်းစီတွင် အသင်းတော်အကျိုးအတွက် သူအသုံးပြုနိုင်သည့် ကိုယ်ပိုင်အရည်အချင်းနှင့် အစွမ်းအစများရှိသည်။ (၁ ပေတရု ၄:၁၀) တစ်ဦးသည် သွန်သင်ခြင်း၌ ထူးချွန်ပေမည်။ နောက်တစ်ဦးသည် ထိရောက်သောစီစဉ်ဖွဲ့စည်းတတ်သူဖြစ်ပေမည်။ အခြားတစ်ဦးမှာမူ သူ၏လှိုက်လှဲမှုနှင့် စာနာထောက်ထားမှုကြောင့် ချဉ်းကပ်ရလွယ်သူဖြစ်ပေမည်။ အမှန်မှာ၊ မည်သည့်အကြီးအကဲ၌မျှ ဆုလာဘ်တိုင်းတန်းတူညီတူမရှိပါ။ ထူးခြားသောဆုလာဘ်တစ်ခု—ပြောရလျှင် သွန်သင်ခြင်းဆုလာဘ်—ရှိခြင်းသည် အကြီးအကဲတစ်ဦးကို အခြားသူတစ်ဦးထက်သာလွန်သည်ဟု ယူမှတ်စေပါမည်လော။ (၁ ကောရိန္သု ၄:၇) အခြားတစ်ဖက်တွင် သူတစ်ပါး၌ရှိသည့်ဆုလာဘ်ကိုငြူစူရန် သို့မဟုတ် အခြားအကြီးအကဲတစ်ဦး၏စွမ်းရည်ကြောင့် သူချီးမွမ်းခံရသောအခါ မိမိသည် အရည်အချင်းမရှိဟုခံစားရရန် မလိုချေ။ သင်ကိုယ်နှိုက်တွင် ယေဟောဝါမြင်သောဆုလာဘ်များရှိကြောင်း သတိရပါ။ ထိုဆုလာဘ်များကိုသင်ပျိုးထောင်ပြီး သင့်ညီအစ်ကိုများအကျိုးအတွက်အသုံးပြုရန် ကိုယ်တော်ကူညီပေးနိုင်ပါသည်။—ဖိလိပ္ပိ ၄:၁၃။
‘နာခံပြီး လက်အောက်ခံပါ’
၁၀။ ကျွန်ုပ်တို့သည် “လူတို့တွင်ဆုလာဘ်များ” ကိုလေးမြတ်ကြောင်းဖော်ပြခြင်းသည် အဘယ်ကြောင့်လျောက်ပတ်သနည်း။
၁၀ ကျွန်ုပ်တို့သည် လက်ဆောင်တစ်ခုရသောအခါ လေးမြတ်ကြောင်းဖော်ပြထိုက်ပေသည်။ “ကျေးဇူးတော်ကိုသိသောစိတ်ရှိကြလော့” ဟုကောလောသဲ ၃:၁၅ ကဆိုသည်။ သို့ဆိုလျှင် ကျွန်ုပ်တို့ကိုယေဟောဝါပေးသည့် အဖိုးတန်လက်ဆောင် “လူတို့တွင်ဆုလာဘ်များ” ကောအသို့နည်း။ ရက်ရောသောဆုပေးသနားရှင်ယေဟောဝါအား ကျွန်ုပ်တို့အဓိကကျေးဇူးတင်ကြသည်မှာ အမှန်။ သို့သော် “လူတို့တွင်ဆုလာဘ်များ” ကိုယ်နှိုက်ကောအသို့နည်း။ သူတို့ကိုကျေးဇူးတင်ကြောင်း မည်သို့ဖော်ပြနိုင်မည်နည်း။
၁၁။ (က) “လူတို့တွင်ဆုလာဘ်များ” ကိုလေးမြတ်ကြောင်း ကျွန်ုပ်တို့မည်သို့ဖော်ပြနိုင်မည်နည်း။ (ခ) ‘နာခံလော့’ နှင့် ‘လက်အောက်ခံလော့’ ဟူသည့်စကားလုံးများ၏ထူးခြားမှုကားအဘယ်နည်း။
၁၁ “လူတို့တွင်ဆုလာဘ်များ” ၏ကျမ်းစာအခြေပြုဆုံးမမှုနှင့် ဆုံးဖြတ်ချက်များကို မဆိုင်းမတွလိုက်နာခြင်းဖြင့် သူတို့ကိုလေးမြတ်ကြောင်း ဖော်ပြနိုင်သည်။ သမ္မာကျမ်းစာက ဤသို့အကြံပြုသည်– “သင်တို့ကိုအုပ်သောသူတို့၏စကားကိုနားထောင်၍ နှိမ့်ချလျက်နေကြလော့၊ သူတို့သည် ကိုယ်တိုင်စစ်ကြောခြင်းကိုခံရသောသူကဲ့သို့ သင်တို့စိတ်ဝိညာဉ်၏အကျိုးအလို့ငှာစောင့်နေကြ၏။ သင်တို့အကျိုးကိုမဖြစ်စေတတ်သောဝမ်းနည်းခြင်းမရှိ၊ ဝမ်းမြောက်ခြင်းရှိ၍ သူတို့သည် စစ်ကြောခြင်းကိုခံရမည်အကြောင်း သတိပြုလျက်နေကြလော့။” (ဟေဗြဲ ၁၃:၁၇) ကျွန်ုပ်တို့သည် ‘နာခံ’ ရုံသာမဟုတ်ဘဲ ဦးဆောင်သူတို့ကို ‘လက်အောက်ခံ’ ရမည်ဖြစ်ကြောင်းသတိပြုပါ။ ‘လက်အောက်ခံ’ ဟူသောဂရိစကားလုံးသည် ပကတိအားဖြင့် “အောက်ကျို့၍အလျှော့ပေးခြင်း” ကိုဆိုလိုသည်။ ‘နာခံလော့’ နှင့် ‘လက်အောက်ခံလော့’ ဟူသည့်စကားများကို ကျမ်းစာပညာရှင် အာရ်. စီ. အိပ်ချ်. လဲန်စကီးက ဤသို့မှတ်ချက်ချသည်– “လူတစ်ဦးသည် လုပ်ဆောင်ရန် စေခိုင်းခံရသည့်အရာကိုသဘောတူသောအခါ နာခံသည်၊ ယင်း၏မှန်ကန်မှုနှင့် အကျိုးရှိမှုကြောင့်သွေးဆောင်ခံရ၏။ . . . ဆန့်ကျင်သည့်အယူအဆရှိသောအခါ အလျှော့ပေး၏။” ကျွန်ုပ်တို့သည် ဦးဆောင်သူတို့၏ညွှန်ကြားမှုကိုနားလည်သဘောတူသောအခါ နာခံရန်လွယ်ကူပေမည်။ သို့သော် ဆုံးဖြတ်ချက်တစ်ခုကို အဘယ်ကြောင့်ပြုရကြောင်း ကျွန်ုပ်တို့နားမလည်လျှင်ကော။
၁၂။ ကျွန်ုပ်တို့သည် ဆုံးဖြတ်ချက်တစ်ခု၏နောက်ကွယ်ရှိအကြောင်းရင်းကို အပြည့်အဝနားမလည်သည့်တိုင် အဘယ်ကြောင့် လက်အောက်ခံ သို့မဟုတ် အလျှော့ပေးသင့်သနည်း။
၁၂ ဤတွင် ကျွန်ုပ်တို့လက်အောက်ခံရန် သို့မဟုတ် အလျှော့ပေးရန်လိုပေမည်။ အဘယ်ကြောင့်နည်း။ တစ်ချက်မှာ ဤဝိညာဉ်ရေးအရည်အချင်းပြည့်မီသူများသည် ကျွန်ုပ်တို့၏အကောင်းဆုံးအကျိုးကိုလိုလားကြောင်း စိတ်ချရန်လိုသည်။ အမှန်မှာ သူတို့ကြည့်ရှုရန်တာဝန်ရထားသည့် သိုးများအတွက် ယေဟောဝါထံ စာရင်းရှင်းရမည်ဖြစ်ကြောင်း သူတို့ကောင်းစွာသိထားကြသည်။ (ယာကုပ် ၃:၁) ထို့အပြင် အသိတရားရှိရှိပြုသောဆုံးဖြတ်ချက်ကိုချစေသည့် အတွင်းရေးကိစ္စအားလုံးကို ကျွန်ုပ်တို့မသိကြကြောင်း သတိရသင့်သည်။—သု. ၁၈:၁၃။
၁၃။ အကြီးအကဲများ၏တရားရေးဆုံးဖြတ်ချက်များနှင့်ပတ်သက်၍ လက်အောက်ခံရန် အဘယ်အရာကကူညီနိုင်သနည်း။
၁၃ တရားရေးဆုံးဖြတ်ချက်များနှင့်ပတ်သက်သောအခါ လက်အောက်ခံခြင်းကော။ အထူးသဖြင့် ကျွန်ုပ်တို့ချစ်မြတ်နိုးရသူ ဆွေမျိုးသားချင်း သို့မဟုတ် ရင်းနှီးသောမိတ်ဆွေတစ်ဦးကို နှင်ထုတ်ဖို့ဆုံးဖြတ်သည့်အခါ ထိုသို့ပြုရန် တကယ်မလွယ်ပါ။ ဤတွင် တစ်ဖန် “လူတို့တွင်ဆုလာဘ်များ” ၏စီရင်ချက်ကိုအလျှော့ပေးခြင်းသည် အကောင်းဆုံးဖြစ်၏။ သူတို့သည် ကျွန်ုပ်တို့ထက် သာ၍အဓိကကျကြပြီး ဖြစ်ရပ်များကိုပို၍သိကြသည်။ ဤညီအစ်ကိုများသည် အဆိုပါဆုံးဖြတ်ချက်များကြောင့် မကြာခဏစိတ်ဆင်းရဲခံကြရ၏; ‘ယေဟောဝါ၏အမှုကိုစောင့်၍စီရင်’ ရခြင်းသည် အလွန်ကြီးလေးသောတာဝန်ဖြစ်သည်။ (၂ ရာဇဝင်ချုပ် ၁၉:၆) ဘုရားသခင်သည် ‘ခွင့်လွှတ်ရန်အသင့်ရှိ’ ကြောင်းကို သူတို့သတိရကြသဖြင့် အတတ်နိုင်ဆုံးကြိုးစားပြီး ကရုဏာပြကြ၏။ (ဆာလံ ၈၆:၅) သို့သော် အသင်းတော်စင်ကြယ်ရေးကိုလည်း ထိန်းသိမ်းရမည်ဖြစ်၍ နောင်တမရသောအမှားပြုသူများကို သူတို့နှင်ထုတ်ရန် သမ္မာကျမ်းစာညွှန်ကြားသည်။ (၁ ကောရိန္သု ၅:၁၁-၁၃) များသောအားဖြင့် အမှားပြုသူကိုယ်တိုင်သည် ဆုံးဖြတ်ချက်ကိုလက်ခံလေ့ရှိ၏။ ထိုဆုံးမပဲ့ပြင်ခြင်းသည် အသိစိတ်ပြန်ဝင်လာဖို့ သူလိုအပ်နေရာဖြစ်ပေမည်။ သူချစ်မြတ်နိုးသည့်ကျွန်ုပ်တို့သည် ဆုံးဖြတ်ချက်ကို လက်ခံကြမည်ဆိုလျှင် ဆုံးမပဲ့ပြင်ခြင်းအကျိုးကိုခံစားရဖို့ သူ့ကိုကူညီပေးရာရောက်ပေမည်။—ဟေဗြဲ ၁၂:၁၁။
‘သူတို့ကိုအထူးစာနာထောက်ထားကြလော့’
၁၄၊ ၁၅။ (က) ၁ သက်သာလောနိတ် ၅:၁၂၊ ၁၃ အရ အကြီးအကဲများသည် ကျွန်ုပ်တို့၏စာနာထောက်ထားမှုကို အဘယ်ကြောင့်ရထိုက်သနည်း။ (ခ) အကြီးအကဲများသည် ‘ကျွန်ုပ်တို့တွင် ကြိုးစားလုပ်ဆောင်နေသည်’ ဟုအဘယ်ကြောင့်ဆိုရသနည်း။
၁၄ “လူတို့တွင်ဆုလာဘ်များ” ကိုစာနာမှုပြခြင်းဖြင့် သူတို့ကို ကျွန်ုပ်တို့လေးမြတ်ကြောင်းလည်း ဖော်ပြနိုင်သည်။ သက်သာလောနိတ်မြို့ရှိအသင်းတော်သို့စာရေးရာ၌ အသင်းသားများကို ပေါလုက ဤသို့သတိပေးဆုံးမခဲ့သည်– ‘သင်တို့တွင် အမှုတော်ကိုကြိုးစားဆောင်ရွက်ခြင်း၊ သခင်ဘုရား၏အခွင့်နှင့်ကြီးကြပ်ခြင်း၊ သတိပေးခြင်းကိုပြုသောသူတို့ကိုသိမှတ်၍ သူတို့ပြုသောအမှုကြောင့် မေတ္တာစိတ်နှင့်အထူးစာနာထောက်ထား . . . ကြလော့။’ (၁ သက်သာလောနိတ် ၅:၁၂၊ ၁၃၊ ကဘ) “ကြိုးစားဆောင်ရွက်ခြင်း” သည်—ကျွန်ုပ်တို့အကျိုးအတွက် သူတို့ကိုယ်ကိုသူတို့မစာနာဘဲ အတ္တမဲ့စွာပေးဆက်သည့် သစ္စာနှံအကြီးအကဲများကို ဖော်ပြသည်မဟုတ်ပေလော။ ဤချစ်ခင်ဖွယ်သောညီအစ်ကိုများထမ်းဆောင်ကြသည့် ကြီးလေးသောဝန်ကို ခေတ္တသုံးသပ်ကြည့်ပါ။
၁၅ များသောအားဖြင့် သူတို့သည် မိသားစုများကိုထောက်ပံ့ကျွေးမွေးရန် အပြင်အလုပ်လုပ်ရသည့် သားမယားရှိသူများဖြစ်ကြသည်။ (၁ တိမောသေ ၅:၈) အကြီးအကဲသည် ကလေးများရှိမည်ဆိုလျှင် ဤသူငယ်များသည် ဖခင်၏အချိန်ပေးမှုနှင့် ဂရုစိုက်မှုလိုကြ၏။ ကလေးများ၏ကျောင်းစာကို ဝိုင်းကူပေးရန်လိုသည့်အပြင် အကျိုးပြုသောအပန်းဖြေမှုတွင် သူတို့၏လူငယ့်ခွန်အားကိုအသုံးချနိုင်ရန် တစ်ခါတစ်ရံဇယားဆွဲပေးဖို့လိုပေမည်။ (ဒေ. ၃:၁၊ ၄) အရေးအကြီးဆုံးမှာ မိသားစုကျမ်းစာသင်အံမှုကို မှန်မှန်ကျင်းပခြင်း၊ လယ်ကွင်းဓမ္မအမှုတွင် သူတို့နှင့်အတူလုပ်ဆောင်ခြင်းနှင့် ခရစ်ယာန်အစည်းအဝေးများသို့ သူတို့ကိုခေါ်သွားခြင်းဖြင့် မိသားစု၏ဝိညာဉ်ရေးလိုအပ်ချက်များကို ဂရုစိုက်ပေးရ၏။ (တရားဟောရာ ၆:၄-၇; ဧဖက် ၆:၄) ကျွန်ုပ်တို့အများစုပြုလုပ်ရသည့် ဤတာဝန်များအပြင် အကြီးအကဲများ၌ ထပ်ဆင့်တာဝန်များဖြစ်သည့် အစည်းအဝေးများအတွက် ပြင်ဆင်ခြင်း၊ သိုးထိန်းလည်ပတ်မှုပြုလုပ်ခြင်း၊ အသင်းတော်၏ဝိညာဉ်ရေးကိုဂရုစိုက်ပေးခြင်းနှင့် လိုအပ်သည့်အခါ တရားရေးကိစ္စများကိုင်တွယ်ခြင်းစသည့်တာဝန်များရှိသေးကြောင်း ကျွန်ုပ်တို့မမေ့ကြစို့နှင့်။ အချို့ဆိုလျှင် တိုက်နယ်အစည်းအဝေးများ၊ ခရိုင်စည်းဝေးကြီးများ၊ နိုင်ငံတော်ခန်းမဆောက်လုပ်ခြင်းနှင့် ဆေးရုံဆက်သွယ်ရေးကော်မတီတို့နှင့်စပ်လျဉ်း၍ ထပ်ဆင့်တာဝန်ထမ်းဆောင်ရ၏။ ဤညီအစ်ကိုများသည် အမှန်ပင် ‘ကြိုးစားလုပ်ဆောင်’ ကြသည်တကား!
၁၆။ အကြီးအကဲများကို ကျွန်ုပ်တို့စာနာထောက်ထားကြောင်းပြနိုင်သည့် နည်းများကိုဖော်ပြပါ။
၁၆ သူတို့ကိုစာနာထောက်ထားကြောင်း ကျွန်ုပ်တို့မည်သို့ပြနိုင်သနည်း။ နယပုံပြင်ကျမ်းတစ်ချက်က ဤသို့ဆိုသည်– “အချိန်တန်၍ပြောသောစကားသည်လည်း အလွန်လျောက်ပတ်ပေ၏။” (သု. ၁၅:၂၃; ၂၅:၁၁) ထို့ကြောင့် သူတို့ကိုစိတ်ရင်းမှန်နှင့် လေးမြတ်ပြီး အားပေးစကားပြောဆိုခြင်းဖြင့် သူတို့၏ကြိုးစားလုပ်ဆောင်မှုကို ကျွန်ုပ်တို့အရေးထားကြောင်းဖော်ပြနိုင်သည်။ ထို့ပြင် သူတို့ထံမှတော်ရုံသာတောင်းဆိုသင့်သည်။ တစ်ဖက်တွင် သူတို့အကူအညီကို လွတ်လွတ်လပ်လပ် တောင်းဆိုသင့်သည်။ ‘ကျွန်ုပ်တို့၏နှလုံးသည် ပြင်းထန်စွာနာကျင်’ ပြီး ဘုရားသခင့်နှုတ်မြွက်စကားတော်ကို “သင်ကြားနိုင်စွမ်း” ရှိသူတို့ထံမှ ကျမ်းစာဆိုင်ရာအားပေးမှု၊ လမ်းညွှန်မှု သို့မဟုတ် ဆုံးမမှုလိုအပ်သည့် အချိန်များရှိပေမည်။ (ဆာလံ ၅၅:၄၊ သမ္မာ; ၁ တိမောသေ ၃:၂၊ ကဘ) တစ်ချိန်တည်းတွင် အကြီးအကဲတစ်ဦးသည် သူ့မိသားစု သို့မဟုတ် အသင်းတော်ရှိအခြားသူများ၏လိုအပ်ရာများကိုလည်း ဂရုစိုက်ရမည်ဖြစ်သဖြင့် ကျွန်ုပ်တို့ကို အချိန်အကန့်အသတ်သာပေးနိုင်ကြောင်း သတိရသင့်သည်။ ဤအလုပ်ကြိုးစားသည့်ညီအစ်ကိုများကို “စာနာစိတ်” ရှိသည့်အတွက် သူတို့ထံမှ မတန်တဆတောင်းဆိုလိုကြမည်မဟုတ်ပေ။ (၁ ပေတရု ၃:၈၊ ကဘ) ယင်းအစား ကျွန်ုပ်တို့ကို သူတို့ပေးနိုင်သည့်အချိန်နှင့် ဂရုစိုက်မှုအတွက် ကျေးဇူးတင်ကြစို့။—ဖိလိပ္ပိ ၄:၅။
၁၇၊ ၁၈။ အကြီးအကဲများဖြစ်ကြသည့် ခင်ပွန်းသည်များ၏ဇနီးများစွာသည် အဘယ်နည်းများဖြင့် အနစ်နာခံခဲ့ကြသနည်း၊ ဤသစ္စာရှိညီအစ်မများကို ကျွန်ုပ်တို့အရေးထားကြောင်း မည်သို့ပြနိုင်သနည်း။
၁၇ အကြီးအကဲများ၏ဇနီးများကော။ သူတို့ကိုလည်း ကျွန်ုပ်တို့စာနာထောက်ထားထိုက်သည်မဟုတ်လော။ အမှန်မှာ သူတို့သည် သူတို့ခင်ပွန်းသည်များ၏အချိန်ကို အသင်းတော်နှင့် မျှဝေနေကြရသည်။ ထိုသို့ပြုရန် သူတို့အနစ်နာခံကြရ၏။ အခါအားလျော်စွာ အကြီးအကဲများသည် မိသားစုကိုအချိန်မပေးရဘဲ အသင်းတော်ကိစ္စရပ်များကို ညနေပိုင်းတွင် ဆောင်ရွက်နေကြရပေမည်။ အသင်းတော်များစွာတွင် သစ္စာရှိသောခရစ်ယာန်အမျိုးသမီးများစွာသည် ယေဟောဝါ၏သိုးများကို သူတို့၏ခင်ပွန်းသည်များကြည့်ရှုစောင့်ရှောက်နိုင်ရန် ထိုသို့သောအနစ်နာခံမှုများကို လိုလိုလားလားပြုကြသည်။—၂ ကောရိန္သု ၁၂:၁၅ [ကဘ] နှိုင်းယှဉ်။
၁၈ ဤသစ္စာရှိခရစ်ယာန်ညီအစ်မများကို ကျွန်ုပ်တို့အရေးထားကြကြောင်း မည်သို့ပြသနိုင်သနည်း။ သူတို့ခင်ပွန်းများထံမှ မတန်တဆမတောင်းဆိုခြင်းအားဖြင့်ဖြစ်၏။ သို့သော် လေးမြတ်ကြောင်းဖော်ပြသည့် ရိုးရှင်းသောစကားများ၏အစွမ်းကိုလည်း မမေ့ကြစို့နှင့်။ နယပုံပြင် ၁၆:၂၄ ကဤသို့ဆိုသည်– “သာယာသောစကားတို့သည် ပျားလပို့ကဲ့သို့ဖြစ်၍ စိတ်ဝိညာဉ်၌ချိုမြိန်လျက် ကိုယ်အရိုးကိုကျန်းမာစေလျက်ရှိကြ၏။” တွေ့ကြုံမှုတစ်ခုကိုသုံးသပ်ကြည့်ပါ။ ခရစ်ယာန်အစည်းအဝေးတစ်ခုအပြီးတွင် မောင်နှံတစ်စုံသည် အကြီးအကဲတစ်ဦးကိုချဉ်းကပ်၍ သူတို့၏ဆယ်ကျော်သက်သားကလေးအကြောင်း ဆွေးနွေးလိုကြောင်း ပြောပြ၏။ အကြီးအကဲသည် ထိုမောင်နှံစုံနှင့်စကားပြောနေစဉ် ဇနီးဖြစ်သူသည် စိတ်ရှည်စွာစောင့်ခဲ့၏။ ပြောဆိုကြပြီးနောက် မိခင်ဖြစ်သူသည် အကြီးအကဲ၏ဇနီးထံချဉ်းကပ်၍ ဤသို့ဆို၏– “ကျွန်မတို့မိသားစုကိုကူညီဖို့ ရှင့်ယောက်ျားအချိန်ပေးတာကို ကျေးဇူးတင်ပါတယ်။” လေးမြတ်ကြောင်းဖော်ပြသည့် ထိုရိုးရှင်းချိုသာသောစကားလုံးများသည် ထိုအကြီးအကဲဇနီး၏နှလုံးကို အမှန်ပင်ထိမိခဲ့သည်။
၁၉။ (က) အုပ်စုတစ်စုအနေနှင့် အကြီးအကဲများသည် အဘယ်ရည်ရွယ်ချက်များကို သစ္စာရှိစွာကျေပွန်စေကြသနည်း။ (ခ) ကျွန်ုပ်တို့အားလုံးသည် အဘယ်အရာကိုပြုဖို့စိတ်ပိုင်းဖြတ်သင့်သနည်း။
၁၉ သိုးများကိုကြည့်ရှုရန် အကြီးအကဲများကိုခန့်ထားခြင်းသည် ယေဟောဝါ၏ ‘ကောင်းမြတ်သောဆုကျေးဇူးများ’ အနက်တစ်ခုဖြစ်၏။ (ယာကုပ် ၁:၁၇) ဤအမျိုးသားများသည် မစုံလင်ကြပါ; ကျွန်ုပ်တို့အားလုံးနည်းတူ အမှားများပြုတတ်ကြ၏။ (၃ ဓမ္မရာဇဝင် ၈:၄၆) သို့တိုင် ကမ္ဘာတစ်ဝန်းရှိအသင်းတော်များမှအကြီးအကဲများသည် အုပ်စုတစ်စုအနေနှင့် သူတို့နှင့်ပတ်သက်၍ ယေဟောဝါ၏ရည်ရွယ်ချက်ဖြစ်သည့် သိုးတော်စုကို တည့်မတ်ပေးရန်၊ တည်ဆောက်၍ စည်းလုံးစေပြီး ကာကွယ်ပေးရန် ရည်ရွယ်ချက်များကို သစ္စာရှိရှိဆောင်ရွက်နေကြသည်။ အကြီးအကဲတစ်ဦးစီသည် ယေဟောဝါ၏သိုးများကို ကြင်နာစွာဆက်ကြည့်ရှုစောင့်ရှောက်ခြင်းဖြင့် ညီအစ်ကိုများအတွက် ဆုလာဘ် သို့မဟုတ် ကောင်းချီးဖြစ်ကြောင်း သက်သေပြရန် သန္နိဋ္ဌာန်ချနိုင်ပါစေ။ ကျွန်ုပ်တို့အားလုံးသည် “လူတို့တွင်ဆုလာဘ်များ” ကိုနာခံမှုပြပြီးလက်အောက်ခံခြင်း၊ သူတို့၏ကြိုးစားလုပ်ဆောင်မှုကို စာနာထောက်ထားကြောင်းပြသခြင်းတို့အားဖြင့် ကျွန်ုပ်တို့၏လေးမြတ်တန်ဖိုးထားမှုကိုဖော်ပြရန် စိတ်ပိုင်းဖြတ်ကြစို့။ ယေဟောဝါ၏သိုးများအား ‘ဘုရားသခင်အမှုတော်ကို သင်တို့နှင့်ပျော်ရွှင်စွာထမ်းဆောင်ခြင်းသည် ကျွန်ုပ်တို့၏အလုပ်ဖြစ်၏’ ဟုဆိုသူများကို မေတ္တာပါစွာဘုရားသခင်ပေးသနားထားသည့်အတွက် တကယ်ကျေးဇူးတင်စရာပါတကား!
သင်မည်သို့တုံ့ပြန်မည်နည်း
◻ အသင်းတော်ကို ခန္ဓာကိုယ်တစ်ခုနှင့် အဘယ်ကြောင့်လျောက်ပတ်စွာနှိုင်းယှဉ်နိုင်သနည်း။
◻ ရွှင်လန်းသောစိတ်ဖြင့် ယေဟောဝါအားဝတ်ပြုရန် ညီအစ်ကိုများကိုအကြီးအကဲများ မည်သို့ကူညီပေးနိုင်သနည်း။
◻ ကျွန်ုပ်တို့သည် ဦးဆောင်သူများကို အဘယ်ကြောင့် နာခံရုံမက လက်အောက်ခံသင့်သနည်း။
◻ ကျွန်ုပ်တို့သည် အကြီးအကဲများကိုစာနာထောက်ထားကြောင်း အဘယ်နည်းများဖြင့်ပြနိုင်သနည်း။
[စာမျက်နှာ ၁၆ ပါ ရုပ်ပုံ]
အကြီးအကဲတို့၊ အခြားသူများ၏စိုးလ်အပြည့်လုပ်ဆောင်မှုများကိုချီးမွမ်းပါ
[စာမျက်နှာ ၁၇ ပါ ရုပ်ပုံ]
ဓမ္မအမှုတွင် ထက်သန်သောပုံသက်သေအားဖြင့်အကြီးအကဲများသည် ရွှင်လန်းသောစိတ်ဖြင့် အမှုဆောင်ရန်မိသားစုဝင်များနှင့် အခြားသူများကိုကူညီနိုင်
[စာမျက်နှာ ၁၈ ပါ ရုပ်ပုံ]
ကျွန်ုပ်တို့သည် အလုပ်ကြိုးစားသောအကြီးအကဲများကို လေးမြတ်ကြ၏!