ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၉ ၆/၁၅ စာ. ၁၄-၁၉
  • ဖန်ဆင်းရှင်သည်သင့်ဘဝကို ပို၍အဓိပ္ပာယ်ရှိစေနိုင်

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ဖန်ဆင်းရှင်သည်သင့်ဘဝကို ပို၍အဓိပ္ပာယ်ရှိစေနိုင်
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၉
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • အဖြေများနှင့် အဓိပ္ပာယ်ကိုရှာဖွေခြင်း
  • ယုံကြည်ရန်အကြောင်းရင်းများ
  • ဖန်ဆင်းရှင်ကြောင့် အဓိပ္ပာယ်ပိုရှိစေပါ
  • သင့်ဘဝကို အစဉ်ထာဝရ အဓိပ္ပာယ် ပြည့်ဝစေလော့
    သင့်အား ဂရုစိုက်စောင့်ရှောက်သည့် ဖန်ဆင်းရှင်တစ်ပါး ရှိ၏လော
  • ကျွန်ုပ်တို့၏စကြဝဠာ မည်သို့ဖြစ်ပေါ်လာသနည်း—အငြင်းပွားမှု
    သင့်အား ဂရုစိုက်စောင့်ရှောက်သည့် ဖန်ဆင်းရှင်တစ်ပါး ရှိ၏လော
  • အဘယ်အရာက သင့်ဘဝကို အဓိပ္ပာယ် ပို၍ပြည့်ဝစေနိုင်သနည်း
    သင့်အား ဂရုစိုက်စောင့်ရှောက်သည့် ဖန်ဆင်းရှင်တစ်ပါး ရှိ၏လော
  • ကျွန်ုပ်တို့၏မဟာဖန်ဆင်းရှင်သည် ကျွန်ုပ်တို့ကိုဂရုစိုက်တော်မူ၏!
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၉
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၉
က၉၉ ၆/၁၅ စာ. ၁၄-၁၉

ဖန်ဆင်းရှင်သည်သင့်ဘဝကို ပို၍အဓိပ္ပာယ်ရှိစေနိုင်

“ထိုအရာတို့ကို အမိန့်တော်ရှိ၍ ဖန်ဆင်းတော်မူသောကြောင့် ထာဝရဘုရား [“ယေဟောဝါ၊” ကဘ] ၏နာမတော်ကိုချီးမွမ်းကြစေ။”—ဆာလံ ၁၄၈:၅။

၁၊ ၂။ (က) အဘယ်မေးခွန်းကို ကျွန်ုပ်တို့သုံးသပ်သင့်သနည်း။ (ခ) ဟေရှာယ၏မေးခွန်းတွင် ဖန်ဆင်းခြင်း မည်သို့ပါဝင်ပတ်သက်သနည်း။

“သင်သည်မသိမကြားဖူးသလော။” ယင်းမေးခွန်းသည် ‘ဘာကိုသိရမည်နည်း’ ဟုလူအများအားဖြေစေသော လမ်းကြောင်းပေးသည့်မေးခွန်း ဖြစ်ပုံရှိသည်။ သို့သော် ယင်းသည် အလေးအနက်ထားအပ်သောမေးခွန်းတစ်ခုဖြစ်၏။ ဟေရှာယ အခန်းကြီး ၄၀ တွင်ပါသည့် ယင်း၏ဇာတ်အိမ်ကို သတိပြုခြင်းအားဖြင့် ယင်း၏အဖြေကို အပြည့်အဝနားလည်နိုင်သည်။ ရှေးခေတ်ဟေဗြဲအမျိုးသားဟေရှာယက ယင်းကိုရေးသားခဲ့ရာ ထိုမေးခွန်းသည် ရှေးကျ၏; သို့တိုင် ယင်းသည် အလွန်ပင် ခေတ်လည်းမီကာ သင့်ဘဝ၏အခြခံအဓိပ္ပာယ်နှင့် ဆက်စပ်နေသည်။

၂ ထိုမျှလောက် အရေးကြီးသဖြင့် ဟေရှာယ ၄၀:၂၈ ပါမေးခွန်းကို ကျွန်ုပ်တို့အလေးအနက်ထားသင့်သည်– “ထာဝရဘုရားသည် အစဉ်အမြဲတည်တော်မူသော ဘုရားသခင်ဖြစ်ကြောင်းကိုလည်းကောင်း၊ မြေကြီးစွန်းတိုင်အောင် ဖန်ဆင်းတော်မူသောအရှင်ဖြစ်ကြောင်းကိုလည်းကောင်း . . . သင်သည်မသိမကြားဖူးသလော။” ထို့ကြောင့် ဤတွင် မြေကြီး၏ဖန်ဆင်းရှင်ကို ‘သိလာခြင်း’ ပါဝင်သည့်အပြင် ရှေ့နောက်စကားက မြေကြီးထက်မကပါဝင်ကြောင်း ဖော်ပြသည်။ အဦးပိုင်းအခန်းငယ်နှစ်ခုတွင် ကြယ်များအကြောင်း ဟေရှာယက ဤသို့ရေးသားခဲ့သည်– “အထက်သို့မျှော်ကြည့်ကြလော့။ ထိုအရာတို့ကို အဘယ်သူဖန်ဆင်းသနည်း။ ထိုသူသည် သူတို့အလုံးအရင်းကို အရေအတွက်အားဖြင့် ထုတ်ဆောင်တော်မူ၏။ . . . ခွန်အားကြီး၍ တန်ခိုးနှင့်ပြည့်စုံတော်မူသောကြောင့် တစ်စုံတစ်ခုမျှမပေါ်ဘဲမနေရ။”

၃။ ဖန်ဆင်းရှင်အကြောင်း သင်အတော်သိနေသည့်တိုင် အဘယ်ကြောင့် ပိုသိလိုစိတ်ရှိသင့်သနည်း။

၃ “သင်သည် မသိမကြားဖူးသလော” ဟူသောမေးခွန်းသည် အမှန်မှာ စကြဝဠာဖန်ဆင်းရှင်အကြောင်းမေးနေခြင်းဖြစ်သည်။ ယေဟောဝါသည် “မြေကြီးစွန်းတိုင်အောင် ဖန်ဆင်းတော်မူသောအရှင်” ဖြစ်ကြောင်းကို သင်တပ်အပ်သေချာသိပေမည်။ ကိုယ်တော်၏ဂုဏ်ရည်တော်နှင့် နည်းလမ်းတော်များကိုလည်း အတော်အတန်သိထားပေမည်။ သို့သော် ဖန်ဆင်းရှင်ရှိကြောင်းကို သံသယဝင်သူ၊ ကိုယ်တော်သည် မည်ကဲ့သို့သောအရှင်ဖြစ်ကြောင်း ရှင်းလင်းစွာမသိရှိသူတစ်ဦးနှင့်တွေ့ဆုံရပါက မည်သို့နည်း။ ဖန်ဆင်းရှင်ကို မသိသူ သို့မဟုတ် မယုံကြည်သူ သန်းနှင့်ချီ၍ရှိနေသောကြောင့် မအံ့သြသင့်ပေ။—ဆာလံ ၁၄:၁; ၅၃:၁။

၄။ (က) ဤအချိန်တွင် ဖန်ဆင်းရှင်အကြောင်းသုံးသပ်ခြင်းသည် အဘယ်ကြောင့်သင့်တော်သနည်း။ (ခ) အဘယ်အဖြေများကို သိပ္ပံပညာကမပေးနိုင်သနည်း။

၄ ကျောင်းများသည် သိပ္ပံပညာတွင် စကြဝဠာနှင့် အသက်၏မူလကိုသိစေသည့်အဖြေရှိသည် (သို့မဟုတ် တွေ့ရှိလိမ့်မည်) ဟုယူမှတ်နေကြသော သံသယသမားများစွာကို မွေးထုတ်ပေးနေသည်။ အသက်၏မူလ (ပြင်သစ်ဘာသာဖြင့်မူရင်းခေါင်းစဉ်– အိုးအော်ရီဇဲန်း ဒလာဗီး) တွင်ဆောင်းပါးရှင် အာဇန်နှင့်လာနေးတို့က ဤသို့ရေးသားကြသည်– “အသက်၏မူလကို နှစ်ဆယ်ရာစုအစတွင် အငြင်းပွားဆဲဖြစ်သည်။ ဤပြဿနာသည် အလွန်ဖြေရှင်းရခက်သောကြောင့် ဧရာမအာကာသကြီးမှအစ အလွန်တရာသေးငယ်သည့်ဒြပ်ဝတ္ထုအထိ ကဏ္ဍရပ်အားလုံးတွင် စူးစမ်းလေ့လာမှုများပြုရန်လိုသည်။” သို့တိုင် နောက်ဆုံးအခန်း “မေးခွန်းမူကျန်နေဆဲ” အကြောင်းတွင် ဤသို့ဝန်ခံထား၏– “အသက်သည် ကမ္ဘာပေါ်တွင်မည်သို့ဖြစ်ပေါ်လာသနည်း၊ သို့သော် အသက်အဘယ်ကြောင့်ဖြစ်ပေါ်လာသနည်း၊ အသက်၌ ရည်ရွယ်ချက်တစ်ခုရှိသလော၊ ဟူသည့်မေးခွန်းများအတွက် သိပ္ပံဆိုင်ရာအဖြေတချို့ကို ကျွန်ုပ်တို့ရှာဖွေခဲ့ကြသည်။ သို့သော် သိပ္ပံပညာက မဖြေနိုင်ချေ။ အရာများနှင့်ပတ်သက်၍ ‘မည်သို့နည်း’ ကိုရှာဖွေရုံမျှသာပြု၏။ ‘မည်သို့’ နှင့် ‘အဘယ်ကြောင့်’ ဟူသည် လုံးဝခြားနားသောမေးခွန်းများဖြစ်သည်။ . . . ‘အဘယ်ကြောင့်’ ဟူသည့်မေးခွန်းနှင့်ပတ်သက်၍ အတွေးအခေါ်ပညာ၊ ဘာသာရေးနှင့်—ထို့ထက်ကား—ကျွန်ုပ်တို့တစ်ဦးစီသည် အဖြေကိုရှာဖွေကြရမည်။”

အဖြေများနှင့် အဓိပ္ပာယ်ကိုရှာဖွေခြင်း

၅။ အဘယ်လူစားမျိုးများသည် ဖန်ဆင်းရှင်အကြောင်းပိုသိလာခြင်းဖြင့် အထူးအကျိုးခံစားရမည်နည်း။

၅ မှန်ပါသည်၊ အသက်အဘယ်ကြောင့်တည်ရှိသည်၊ အထူးသဖြင့် ဤတွင် ကျွန်ုပ်တို့အဘယ်ကြောင့် တည်ရှိရကြောင်းကို သဘောပေါက်လိုကြသည်။ ထို့အပြင် ဖန်ဆင်းရှင်ရှိကြောင်းနှင့် ကိုယ်တော်၏နည်းလမ်းတော်များကို မသိကြသည့်လူတို့ကိုစိတ်ဝင်စားသင့်သည်။ ဘုရားသခင်အကြောင်း သမ္မာကျမ်းစာဖော်ပြချက်နှင့် လုံးဝခြားနားသည့်ခံယူချက်ရှိသူများကို စဉ်းစားသင့်သည်။ သန်းထောင်နှင့်ချီသောသူတို့သည် ဘုရားသခင်အား နှစ်လိုဖွယ်ဂုဏ်ရည်တော်များရှိသည့် တကယ့်ပုဂ္ဂိုလ်တစ်ပါးအဖြစ် အများစုမယူဆကြသည့် အရှေ့တိုင်းနှင့် နေရာဒေသများတွင် ကြီးပြင်းလာခဲ့ကြပြီ။ သူတို့အတွက် “ဘုရား” ဟူသောစကားလုံးသည် ဝိုးတဝါးစွမ်းအားတစ်ခု သို့မဟုတ် စိတ်ကူးယဉ်အကြောင်းတရားတစ်ခုသာဖြစ်ပေမည်။ သူတို့သည် ‘ဖန်ဆင်းရှင်၊’ သို့မဟုတ် နည်းလမ်းတော်များကို ‘မသိ’ ကြပါ။ ထိုသူတို့ သို့မဟုတ် ထိုအမြင်ရှိသူသန်းပေါင်းများစွာသည် ဘုရားသခင်တည်ရှိကြောင်း ယုံကြည်လက်ခံလာနိုင်မည်ဆိုလျှင် ထာဝရအသက်အပါအဝင် ကောင်းချီးများစွာ ရရှိနိုင်သည်တကား! အမှန်တကယ်ရှားပါးသော ဘဝ၏စစ်မှန်သောအဓိပ္ပာယ်၊ စစ်မှန်သောရည်ရွယ်ချက်နှင့် စိတ်ငြိမ်သက်မှုကို သူတို့ရရှိနိုင်ကြသည်။

၆။ ယနေ့ လူများစွာ၏ဘဝသည် ပေါလ် ဂေါ်ဂင်၏အတွေ့အကြုံအပြင် သူ၏ပန်းချီကားတစ်ချပ်နှင့် မည်သို့ဆင်တူသနည်း။

၆ ပုံတင်ပြရလျှင်– ၁၈၉၁ ခုနှစ်၌ ပြင်သစ်ပန်းချီဆရာ ပေါလ် ဂေါ်ဂင်သည် ပရဒိသုသဖွယ်သာယာသော ပြင်သစ်ပိုင်ပေါ်လနီးရှားတွင် ပြီးပြည့်စုံသောအသက်တာကိုရှာဖွေရန် သွားရောက်နေထိုင်ခဲ့သည်။ သို့သော် မကြာမီ သူ၏ယခင်က အကျင့်ပျက်သောဘဝကြောင့် သူကိုယ်တိုင်နှင့် အခြားသူများကိုပါ ရောဂါရရှိစေခဲ့၏။ သေဆုံးခါနီးတွင် ‘ဘဝကို အလွန်ဆန်းကြယ်သောအရာအဖြစ် အနက်ဖွင့်’ ထားပုံပေါက်သည့် ပန်းချီကားချပ်ကြီးတစ်ချပ်ကို သူရေးဆွဲခဲ့သည်။ ဂေါ်ဂင်သည် ထိုပန်းချီကားကို အဘယ်နာမည်ပေးခဲ့ကြောင်း သင်သိသလော။ “ကျွန်ုပ်တို့ အဘယ်အရပ်ကလာကြသနည်း။ ကျွန်ုပ်တို့ဘာတွေနည်း။ အဘယ်အရပ်သို့သွားနေကြသနည်း။” ထပ်တူမေးခွန်းများကို အခြားသူများထံမှ ကြားခဲ့ဖူးပေမည်။ လူအများ ထိုသို့မေးတတ်ကြသည်။ သို့သော် ကျေနပ်လောက်ဖွယ်အဖြေများကို မရ—ဘဝအဓိပ္ပာယ်မှန်ကို မရကြသောအခါ အဘယ်နေရာကိုသွားနိုင်ကြသနည်း။ သူတို့၏ဘဝသည် တိရစ္ဆာန်တို့၏ဘဝနှင့် မထူးခြားလှဟု ကောက်ချက်ချကြပေမည်။—၂ ပေတရု ၂:၁၂။a

၇၊ ၈။ သိပ္ပံရှာဖွေတွေ့ရှိချက်များကိုယ်နှိုက်သည် အဘယ်ကြောင့်မလုံလောက်သနည်း။

၇ ထို့ကြောင့် ရူပဗေဒပါမောက္ခ ဖရီးမဲန်းဒိုင်ဆန်က ဤသို့ရေးသားခဲ့ခြင်းကို နားလည်နိုင်သည်– “ယောဘမေးခဲ့တဲ့မေးခွန်းတွေကို ပြန်ပြီးမေးမြန်းတဲ့အခါ ကျွန်တော်လည်းထို့အတူပါပဲ။ ဘာကြောင့် ဆင်းရဲဒဏ်ခံရသလဲ။ ကမ္ဘာကြီးဟာ ဘာကြောင့် ဒီလောက်တောင် မတရားရတာလဲ။ နာကျင်မှုနှင့် ဝမ်းနည်းကြေကွဲမှုတွေဖြစ်ရတဲ့အကြောင်းရင်းက ဘာလဲ။” (ယောဘ ၃:၂၀၊ ၂၁; ၁၀:၂၊ ၁၈; ၂၁:၇) ဖော်ပြခဲ့သည့်အတိုင်း လူများစွာတို့သည် ဘုရားသခင်အားမေးမည့်အစား သိပ္ပံပညာကဖြေဆိုနိုင်သည်ဟု ယူမှတ်ကြသည်။ ဇီဝဗေဒပညာရှင်များ၊ အဏ္ဏဝါဆိုင်ရာပညာရှင်များနှင့် အခြားသူများက ကျွန်ုပ်တို့၏မြေကမ္ဘာ၊ ယင်းအပေါ်ရှိ သက်ရှိများနှင့်ပတ်သက်သည့်အသိပညာကို ထပ်ဖြည့်စွက်နေကြသည်။ အခြားတစ်ဖက်တွင် နက္ခတ္တဗေဒပညာရှင်များနှင့် ရူပဗေဒပညာရှင်များသည် ကျွန်ုပ်တို့၏ နေစနစ်၊ ကြယ်များ၊ ဝေးလံသည့်နေရာရှိ ဂလက်ဆီများအကြောင်းဆည်းပူးလေ့လာခြင်းဖြင့် ယခင်ကထက် ပို၍ပို၍သိရှိလာကြသည်။ (ကမ္ဘာဦး ၁၁:၆ နှိုင်းယှဉ်။) ယင်းအချက်များမှ အဘယ်ဆီလျော်သောကောက်ချက်ချနိုင်သနည်း။

၈ သိပ္ပံပညာရှင်အချို့က စကြဝဠာတွင်ပေါ်လွင်သော ဘုရားသခင့် “စိတ်တော်” သို့မဟုတ် “လက်ရာတော်” အကြောင်း ပြောဆိုကြသည်။ သို့သော် ယင်းသည် အဓိကအချက်ကိုလွဲချော်နေသလော။ သိပ္ပံမဂ္ဂဇင်းက ဤသို့မှတ်ချက်ချခဲ့သည်– “စကြဝဠာဗေဒက ဘုရားသခင့် ‘စိတ်တော်’ သို့မဟုတ် ‘လက်ရာတော်’ ကို ဖော်ပြသည်ဟု သုတေသီတို့ဆိုသည့်အခါ စကြဝဠာ၏သေးငယ်သော အစိတ်အပိုင်းဖြစ်နိုင်သည့် ၎င်း၏ရုပ်ပိုင်းဖွဲ့စည်းမှုကို ပြောနေခြင်းဖြစ်သည်။” အမှန်မှာ နိုဘဲလ်ဆုဆွတ်ခူးခဲ့သူ ရူပဗေဒပညာရှင် စတီဗင်ဝဲန်းဘတ်က ဤသို့ရေးသားခဲ့သည်– “စကြဝဠာကို ပို၍သဘောပေါက်လာသည်ဟု ထင်ရလေ၊ ယင်းသည် ရည်ရွယ်ချက်မရှိဟုပို၍ထင်ရလေဖြစ်သည်။”

၉။ ဖန်ဆင်းရှင်အားသိရှိရန် အဘယ်သက်သေသာဓက,က ကျွန်ုပ်တို့နှင့် အခြားသူများကိုကူညီပေးနိုင်သနည်း။

၉ သို့တိုင် သင်သည် ထိုအကြောင်းကိုအလေးအနက်ထားလေ့လာခဲ့ရာ ဘဝမှာတကယ်အဓိပ္ပာယ်ရှိခြင်းသည် ဖန်ဆင်းရှင်အားသိခြင်းနှင့်ဆက်စပ်ကြောင်း သဘောပေါက်သည့် သန်းပေါင်းများစွာတွင် သင်တစ်ဦးပါဝင်ပေမည်။ တမန်တော်ပေါလုရေးခဲ့သည့်အချက်ကို ပြန်သတိရပါ– “ဘုရားသခင်အားမသိဟု လူတို့မဆိုနိုင်။ ကမ္ဘာတည်သည်ကာလမှစ၍ ဖန်ဆင်းရာများကိုထောက်ရှုသဖြင့် ဘုရားသခင်သည် မည်သို့သောအရှင်ဖြစ်သည်ကို သူတို့သိမြင်နိုင်ကြ၏။ ယင်းက ထာဝရတည်သော ကိုယ်တော်၏တန်ခိုးတော်ကို ဖော်ပြ၏။ ကိုယ်တော်သည် ဘုရားသခင်ဖြစ်ကြောင်း ထင်ရှားစေ၏။” (ရောမ ၁:၂၀၊ သမ္မာကျမ်းစာ၊ ဘဝသစ်ဘာသာပြန်ကျမ်း) မှန်ပါသည်၊ ဖန်ဆင်းရှင်အား လူတို့အသိအမှတ်ပြုလက်ခံစေရန်နှင့် ယင်းသည် ကျွန်ုပ်တို့နှင့်မည်သို့သက်ဆိုင်သည်ကိုသိရှိစေရန် ထောက်ကူဖို့ ဤကမ္ဘာလောကနှင့် ကျွန်ုပ်တို့အကြောင်း အချက်အလက်များရှိသည်။ ယင်းနှင့်ပတ်သက်သည့် ကဏ္ဍသုံးရပ်—ကျွန်ုပ်တို့ပတ်ပတ်လည်ရှိ စကြဝဠာ၊ အသက်၏မူလနှင့် ကျွန်ုပ်တို့ကိုယ်တိုင်၏ စိတ္တစွမ်းရည်များ—ကိုသုံးသပ်ကြည့်ကြစို့။

ယုံကြည်ရန်အကြောင်းရင်းများ

၁၀။ “အစ” ကိုကျွန်ုပ်တို့ အဘယ်ကြောင့်သုံးသပ်သင့်သနည်း။ (ကမ္ဘာဦး ၁:၁; ဆာလံ ၁၁၁:၁၀)

၁၀ ကျွန်ုပ်တို့၏စကြဝဠာသည် မည်သို့ဖြစ်ပေါ်လာသနည်း။ ကျွန်ုပ်တို့၏စကြဝဠာသည် အစဉ်မတည်ရှိခဲ့ကြောင်းကို သိပ္ပံပညာရှင်အများစုက အသိအမှတ်ပြုကြကြောင်း အဝေးကြည့်မှန်ပြောင်းများနှင့် အာကာသစူးစမ်းရှာဖွေမှု မှတ်တမ်းများမှ သင်သိရှိပေမည်။ စကြဝဠာသည် အစရှိခဲ့ပြီး ဆက်၍ကျယ်ပြန့်နေ၏။ ယင်းက အဘယ်သဘောသက်ရောက်စေသနည်း။ နက္ခတ္တဗေဒပညာရှင် ဆာ ဘားနာဒ်လိုဗဲလ်၏စကားကို နားထောင်ကြည့်ပါ– “လွန်ခဲ့သော တစ်ချိန်ချိန်၌ စကြဝဠာသည် အလွန်တရာမှ သေးငယ်ပြီး သိပ်သည်းလွန်းလှသော အစက်လေးတစ်စက်သာဖြစ်ခဲ့မည်ဆိုလျှင် ယင်းမတိုင်မီက အဘယ်အရာရှိခဲ့သနည်းဟု ကျွန်ုပ်တို့ မေးစရာရှိ၏ . . . အစဟူသောပြဿနာကို ကျွန်ုပ်တို့ရင်ဆိုင်ကြရမည်။”

၁၁။ (က) စကြဝဠာသည် မည်မျှကျယ်ပြောသနည်း။ (ခ) စကြဝဠာ၏တိကျမှန်ကန်မှုက အဘယ်အရာကို ဖော်ပြသနည်း။

၁၁ ကျွန်ုပ်တို့၏ကမ္ဘာမြေအပါအဝင် စကြဝဠာတည်ဆောက်ပုံက အံ့ဖွယ်ကောင်းလောက်အောင် ကောင်းစွာထိန်းညှိထားကြောင်းကို တင်ပြနေသည်။ ဥပမာအနေဖြင့် ကျွန်ုပ်တို့၏နေနှင့် တခြားကြယ်များ၏ ထူးခြားသောအရည်အသွေးနှစ်မျိုးမှာ ရေရှည်စွမ်းဆောင်နိုင်စွမ်းနှင့် အလွယ်တကူ မပျက်ယွင်းနိုင်ခြင်းတို့ဖြစ်သည်။ မျက်မြင်ရစကြဝဠာတွင် လက်ရှိခန့်မှန်းခြေအရ ဂလက်ဆီအရေအတွက် ဘီလီယံ ၅၀ (၅၀,၀၀၀,၀၀၀,၀၀၀) မှ ၁၂၅ အထိရှိသည်။ နဂါးငွေ့တန်းတွင် ကြယ်ဘီလီယံပေါင်းမြောက်မြားစွာရှိ၏။ ယခု သုံးသပ်ကြည့်ပါ– ကားအင်ဂျင်တစ်လုံးထဲ ဆီနှင့်လေ အချိုးအစားအတိအကျထည့်ပေးရကြောင်း ကျွန်ုပ်တို့သိကြသည်။ သင်သည် ကားတစ်စီးပိုင်ဆိုင်ထားလျှင် ပို၍ချောမောကောင်းမွန်စွာ မောင်းနှင်နိုင်ရန် ကားအင်ဂျင်ကိုညှိပေးဖို့ စက်ပြင်တစ်ဦးကိုငှားရပေမည်။ အင်ဂျင်တစ်လုံးမျှကို ထိုသို့ပြုပေးရသည်ဆိုလျှင် ထိရောက်စွာဖြင့် “လောင်ကျွမ်းနေသော” နေနှင့်ပတ်သက်၍ကော အသို့နည်း။ ရှင်းနေသည်မှာ ကမ္ဘာပေါ်တွင် အသက်တည်ရှိရန်အတွက် သက်ဆိုင်ရာပင်မစွမ်းအားစုများ အတိအကျထိန်းညှိခြင်းခံရ၏။ မတော်တဆထိုသို့ဖြစ်ပျက်ခြင်းလော။ ရှေးခေတ်က ယောဘသည် ဤသို့မေးမြန်းခံခဲ့ရသည်– “မိုးကောင်းကင်ကို ထိန်းချုပ်ထားသည့် နည်းဥပဒေများကို သင်ဖော်ပြခဲ့သလော၊ ကမ္ဘာပေါ်ရှိ သဘာဝနိယာမတရားများကို သတ်မှတ်ခဲ့သလော။” (ယောဘ ၃၈:၃၃၊ အင်္ဂလိပ်ကျမ်းစာသစ်) မည်သည့်လူသားမျှ မပြုလုပ်ခဲ့ပါ။ ထို့ကြောင့် အဘယ်နည်းဖြင့် အတိအကျဖြစ်နေသနည်း။—ဆာလံ ၁၉:၁။

၁၂။ ဖန်ဆင်းခြင်း၏နောက်ကွယ်တွင် တန်ခိုးကြီးမားသောဉာဏ်ကြီးရှင်တစ်ပါးရှိသည်ဟုထင်ခြင်းသည် အဘယ်ကြောင့်ကျိုးကြောင်းညီသနည်း။

၁၂ အရာတစ်ခုခုမှ သို့မဟုတ် လူ့မျက်စိဖြင့် မမြင်နိုင်သော ပုဂ္ဂိုလ်တစ်ဦးဦးမှဖြစ်လာနိုင်မည်လော။ မျက်မှောက်ခေတ်သိပ္ပံပညာရှုထောင့်မှ ယင်းမေးခွန်းကိုသုံးသပ်ကြည့်ပါ။ နက္ခတ္တဗေဒပညာရှင်အများသည် တွင်းမဲများဟုခေါ်သည့် အလွန်တရာအင်အားကြီးမားသော ကောင်းကင်ကိုယ်ထည်များရှိကြောင်း ယခုလက်ခံလာကြသည်။ ၎င်းတွင်းမဲတို့ကို မမြင်နိုင်ကြသော်လည်း ယင်းတို့တည်ရှိနေသည်ဟု ကျွမ်းကျင်သူအများက ဆိုသည်။ အလားတူစွာ အခြားနယ်ပယ်တစ်ခုတွင် မျက်စိဖြင့်မမြင်နိုင်သော တန်ခိုးကြီးမားသည့် နာမ်ဝိညာဉ်သတ္တဝါများရှိသည်ဟု သမ္မာကျမ်းစာက ဖော်ပြထားသည်။ မျက်စိဖြင့်မမြင်နိုင်သော ထိုအင်အားကြီးမားသည့်အရာများတည်ရှိသည်ဆိုလျှင် စကြဝဠာတစ်ခွင်တွင်ပေါ်လွင်နေသော တိကျမှုရှိခြင်းသည် အစွမ်းထက်သောဉာဏ်ကြီးရှင်တစ်ပါးကြောင့် အစပြု၏ဟုဆိုခြင်းသည် ယုတ္တိရှိသည်မဟုတ်ပေလော။—နေဟမိ ၉:၆။

၁၃၊ ၁၄။ (က) အသက်၏မူလနှင့်ပတ်သက်၍ သိပ္ပံပညာကအဘယ်အရာကို အမှန်အတည်ဖြစ်စေခဲ့ပြီနည်း။ (ခ) ကမ္ဘာပေါ်အသက်တည်ရှိခြင်းက အဘယ်အရာကိုဖော်ပြသနည်း။

၁၃ ဖန်ဆင်းရှင်ရှိကြောင်း အသိအမှတ်ပြုစေရန် လူတို့ကိုကူညီပေးနိုင်သည့် ဒုတိယသက်သေအထောက်အထားသည် အသက်၏မူလနှင့်သက်ဆိုင်သည်။ လူဝီပါစတာ စမ်းသပ်တွေ့ရှိချက်များပြုချိန်ကတည်းက အသက်သည် သက်မဲ့မှသက်ရှိသို့အလိုအလျောက် မဖြစ်ပေါ်နိုင်ဟု လက်ခံခဲ့ကြသည်။ သို့ဆိုလျှင် အသက်သည် မည်သို့အစပြုသနည်း။ ၁၉၅၀ ပြည့်လွန်နှစ်များတွင် သိပ္ပံပညာရှင်များက ရှေးခေတ်လေထုကို မိုးကြိုးပစ်မြဲပစ်သောအခါ စောစောပိုင်းသမုဒ္ဒရာတစ်ခုခုတွင် သက်ရှိတဖြည်းဖြည်းဖြစ်ပေါ်လာနိုင်ကြောင်း ကြိုးစားသက်သေထူခဲ့ကြသည်။ သို့ရာတွင် အဆိုပါလေထုမျိုးသည် တစ်ခါမျှမတည်ရှိခဲ့သောကြောင့် ထိုသို့သော ကမ္ဘာ့သက်ရှိတို့ စမဖြစ်နိုင်ကြောင်း မကြာသေးမီက သာဓကများက ပြသသည်။ ထို့ကြောင့် သိပ္ပံပညာရှင်အချို့သည် အမှားနည်းသည့်ရှင်းလင်းချက်ကို ရှာဖွေနေကြသည်။ သို့သော် သူတို့သည်လည်း အဓိကအချက်ကိုလွဲချော်နေကြသလော။

၁၄ စကြဝဠာနှင့် အသက်အကြောင်း ဆယ်စုနှစ်များစွာကြာ လေ့လာခဲ့ပြီးနောက် ဗြိတိသျှသိပ္ပံပညာရှင် ဆာဖရက်ဟိုးလ်က ဤသို့မှတ်ချက်ချခဲ့သည်– “အသက်သည် လူ့ဉာဏ်နှင့် စီမံအုပ်ချုပ်ခြင်းမရှိသော သဘာဝစွမ်းအားများကြောင့် ဖြစ်ပေါ်လာသည်ဟူသော စိတ်ကူးယဉ်ဆန်သည့် ဖြစ်နိုင်ခြေမရှိမှုကို ယုံကြည်လက်ခံမည့်အစား သက်ရှိမူလအစမှာ တမင်ရည်ရွယ်သော ဉာဏ်ပညာရှိသည့်လုပ်ရပ်တစ်ခုဖြစ်သည်ဟု မှတ်ယူလျှင် ပို၍လျော်ကန်မည်ဖြစ်သည်။” မှန်ပါသည်၊ အသက်၏အံ့ဖွယ်ရာများအကြောင်းသိလာလေ အဆိုပါအသက်သည် ဉာဏ်ပညာပင်ရင်းတစ်ခုတည်းမှဖြစ်လာခြင်းသည် ပို၍ယုတ္တိတန်လေဖြစ်သည်။—ယောဘ ၃၃:၄; ဆာလံ ၈:၃၊ ၄; ၃၆:၉; တမန်တော် ၁၇:၂၈။

၁၅။ သင်သည် သူမတူထူးခြားသည်ဟု အဘယ်ကြောင့်ဆိုနိုင်သနည်း။

၁၅ ထို့ကြောင့် ဦးဆုံးစဉ်းစားဆင်ခြင်စရာသည် စကြဝဠာနှင့်ပတ်သက်ပြီး ဒုတိယသည် ကမ္ဘာ့သက်ရှိ၏မူလဖြစ်သည်။ တတိယဖြစ်သော ကျွန်ုပ်တို့ကိုယ်တိုင်၏ သူမတူထူးခြားမှုကို သတိပြုပါ။ လူသားအားလုံးသည် နည်းအမျိုးမျိုးဖြင့် သူမတူထူးခြားကြရာ အသင်လည်းထူးခြား၏။ မည်သို့အားဖြင့်နည်း။ ဦးနှောက်သည် အစွမ်းထက်သော ကွန်ပျူတာတစ်လုံးနှင့် အလားသဏ္ဌာန်တူကြောင်း သင်ကြားခဲ့ဖူးမည်။ သို့သော် မကြာသေးမီက ရှာဖွေတွေ့ရှိချက်များအရ ဤခိုင်းနှိုင်းဖော်ပြချက်သည် အလွန်ပင် အလှမ်းဝေးလှ၏။ မက်ဆာချူးဆက် စက်မှုလက်မှုသိပ္ပံဌာနမှ သိပ္ပံပညာရှင်တစ်ဦးက ဤသို့ဆိုခဲ့သည်– “ယခုခေတ် ကွန်ပျူတာများသည် ၄-နှစ်သားအရွယ် လူမမယ်လေး၏ မြင်နိုင်၊ ပြောနိုင်၊ လှုပ်ရှားနိုင်စွမ်း၊ သို့မဟုတ် သာမန်အသိဉာဏ်အသုံးပြုနိုင်စွမ်းလောက်ပင် မရှိချေ။ . . . ခန့်မှန်းချက်အရ အစွမ်းအထက်ဆုံး စူပါကွန်ပျူတာ၏ သတင်းအချက်အလက် လုပ်ဆောင်နိုင်စွမ်းသည်ပင် ခရုပက်ကျိတစ်ကောင်၏ နဗ်ကြောစနစ်နှင့် အလားတူဖြစ်၏—ယင်းသည် [သင့်] ဦးခေါင်းခွံအတွင်းရှိ စူပါကွန်ပျူတာစွမ်းဆောင်နိုင်မှု၏ အသေးအမွှားအပိုင်းလေးတစ်ပိုင်းသာဖြစ်သည်။”

၁၆။ ဘာသာစကားတတ်မြောက်သည့်စွမ်းရည်က အဘယ်အရာကိုဖော်ပြသနည်း။

၁၆ ဘာသာစကားပြောနိုင်ခြင်းသည် သင့်ဦးနှောက်ကြောင့်ရရှိသည့် စွမ်းရည်တစ်ခုဖြစ်သည်။ အချို့သူများသည် ဘာသာစကား နှစ်မျိုး၊ သုံးမျိုး၊ သို့မဟုတ် ထိုထက်မက ပြောဆိုကြစေကာမူ စကားတစ်မျိုးတည်းပြောနိုင်ခြင်းသည်ပင် ကျွန်ုပ်တို့ကို သူမတူထူးခြားသူအဖြစ် မှတ်သားသည်။ (ဟေရှာယ ၃၆:၁၁; တမန်တော် ၂၁:၃၇-၄၀) ပါမောက္ခ အာရ်. အက်စ်နှင့် ဒီ. အိပ်ချ်. ဖို့ဒ်စ်တို့က ဤသို့မေးမြန်းခဲ့သည်– “လူတို့သာ . . . ဘာသာစကားဖြင့် ပြောဆိုဆက်သွယ်နိုင်သလော။ . . . အဆင့်မြင့်သော တိရစ္ဆာန်အားလုံးသည် . . . ခြေဟန်လက်ဟန်၊ အနံ့၊ အော်မြည်ခြင်း၊ ကျူးရင့်သံ၊ ပျားများ၏ကကွက်တို့ဖြင့်ပင် အဆက်အသွယ်ပြုတတ်ကြ၏။ သို့တိုင် လူမှလွဲလျှင် တိရစ္ဆာန်များတွင် သဒ္ဒါကျကျဘာသာစကားဖွဲ့စည်းပြောဆိုခြင်းမရှိပါ။ ထို့အပြင် တိရစ္ဆာန်များသည် ပုံတူပန်းချီများမဆွဲတတ်ခြင်းသည် အလွန်ထူးခြားပေမည်။ အလွန်ဆုံးတောင်ခြစ်မြောက်ခြစ်သာ ရေးဆွဲနိုင်ကြသည်။” လူသာလျှင် ဘာသာစကားပြောဆိုတတ်ပြီး အဓိပ္ပာယ်ရှိသောပုံများကိုရေးဆွဲရန် ဦးနှောက်ကိုအသုံးပြုနိုင်ကြသည်။—ဟေရှာယ ၈:၁; ၃၀:၈; လုကာ ၁:၃ နှိုင်းယှဉ်။

၁၇။ တိရစ္ဆာန်တစ်ကောင်မှန်ကြည့်ခြင်းနှင့် လူတစ်ဦးမှန်ကြည့်ခြင်းသည် မည်သို့ကွာခြားသနည်း။

၁၇ ထို့ပြင် သင်၌ သင့်ကိုယ်သင် သတိပြုနိုင်စွမ်းရှိသည်; သင့်ကိုသင် ဂရုစိုက်တတ်၏။ (သု. ၁၄:၁၀) ငှက်၊ ခွေး၊ ကြောင် သို့မဟုတ် အခြားတိရစ္ဆာန်တစ်ကောင်က မှန်တစ်ချပ်တွင် မိမိရုပ်ကိုကြည့်ပြီး ထိုးဆိတ်၊ ဟိန်းဟောက်မာန်ဖီ၊ သို့မဟုတ် တိုက်ခိုက်သည်ကို သင်တွေ့ဖူးသလော။ အခြားတိရစ္ဆာန်တစ်ကောင်ကို တွေ့ရသည်ဟုယူဆ၏၊ ကိုယ်တိုင်ပင်ဖြစ်သည်ကို မသိချေ။ သင်မူကား မှန်တစ်ချပ်ကို သင်ကြည့်သောအခါ မိမိဖြစ်ကြောင်းသိသည်။ (ယာကုပ် ၁:၂၃၊ ၂၄) သင့်အသွင်အပြင်ကို သင်စစ်ဆေးပေမည် သို့မဟုတ် နှစ်အနည်းငယ်အတွင်း မည်သည့်ရုပ်ထွက်မည်ကို သင်သိလိုပေမည်။ တိရစ္ဆာန်များ ထိုသို့မလုပ်ကြချေ။ သင့်ဦးနှောက်က သင့်ကို သူမတူထူးခြားစေ၏။ မည်သူ့ကိုဂုဏ်တင်ရမည်နည်း။ ဘုရားသခင်ထံမှမဟုတ်လျှင် လူ့ဦးနှောက်သည် မည်သို့ဖြစ်လာခဲ့သနည်း။

၁၈။ အဘယ်စိတ်စွမ်းရည်များသည် သင့်ကိုတိရစ္ဆာန်များနှင့် ခြားနားစေသနည်း။

၁၈ သင့်ဦးနှောက်သည် အကျင့်သိက္ခာသိစိတ်အပါအဝင် ပန်းချီအနုပညာနှင့် တေးဂီတကိုလည်း တန်ဖိုးထားလေးမြတ်စေပါသည်။ (ထွက်မြောက်ရာ ၁၅:၂၀; တရားသူကြီး ၁၁:၃၄; ၃ ဓမ္မရာဇဝင် ၆:၁၊ ၂၉-၃၅; မဿဲ ၁၁:၁၆၊ ၁၇) သင့်ထံတွင်ယင်းတို့ရှိပြီး တိရစ္ဆာန်များတွင် အဘယ်ကြောင့်မရှိသနည်း။ တိရစ္ဆာန်များသည် သူတို့၏ဦးနှောက်ကို လတ်တလောလိုအပ်ရာများ—အစာရှာခြင်း၊ ကြင်ဖော်ရှာခြင်း၊ သို့မဟုတ် အသိုက်ဖွဲ့ခြင်း—အတွက်သာ အဓိကအသုံးပြုသည်။ လူသာ ရေရှည်အတွက်စဉ်းစားတတ်ကြသည်။ အချို့ဆိုလျှင် မိမိတို့၏လုပ်ရပ်များသည် ဝေးလံသည့်အနာဂတ်တွင် ပတ်ဝန်းကျင် သို့မဟုတ် သူတို့၏သားစဉ်မြေးဆက်များကို မည်သို့ထိခိုက်လိမ့်မည်ဟူ၍ပင် စဉ်းစားတတ်ကြသည်။ အဘယ်ကြောင့်နည်း။ လူသားနှင့်ပတ်သက်၍ ဒေ. ၃:၁၁ တွင် ဤသို့ဆိုထားသည်– “လူစိတ်နှလုံးကိုလည်း [အဆုံးမဲ့] ကာလကို [ဖန်ဆင်းရှင်သည်] စွဲလမ်းစေတော်မူပြီ။” မှန်ပါသည်၊ အဆုံးမဲ့ကာလ၏အဓိပ္ပာယ်ကို ဆင်ခြင်သုံးသပ်နိုင်စွမ်း သို့မဟုတ် ထာဝရအသက်ရှင်ခြင်းကို မြင်ယောင်ကြည့်နိုင်ခြင်းသည်ပင် ထူးခြားပါသည်။

ဖန်ဆင်းရှင်ကြောင့် အဓိပ္ပာယ်ပိုရှိစေပါ

၁၉။ ဖန်ဆင်းရှင်အကြောင်းတွေးတောရန် အခြားသူများကိုကူညီရာတွင် အဘယ်အချက်သုံးချက်ကို သင်အသုံးပြုနိုင်သနည်း။

၁၉ ကဏ္ဍသုံးခုကိုသာ ကျွန်ုပ်တို့ဖော်ပြခဲ့ပြီ– ကြီးမားကျယ်ပြောသော စကြဝဠာတွင် ထင်ပေါ်သည့်တိကျမှု၊ ကမ္ဘာပေါ်ရှိ အသက်၏မူလနှင့် စွမ်းရည်မျိုးစုံရှိသည့် လူ့ဦးနှောက်၏မငြင်းနိုင်သော သူမတူထူးခြားမှုတို့ဖြစ်သည်။ ဤအချက်သုံးချက်က အဘယ်အရာကိုညွှန်ပြသနည်း။ အခြားသူများ ကောက်ချက်ချရန်ကူညီပေးရာတွင် သင်အသုံးပြုနိုင်သော ဆင်ခြင်သုံးသပ်စရာအကြောင်းဖြစ်၏။ ဦးစွာ သင်ဤသို့မေးနိုင်သည်– စကြဝဠာမှာ အစရှိခဲ့သလား။ အများစုက ရှိခဲ့သည်ဟု သဘောတူကြမည်။ ထို့နောက် ဤသို့မေးပါ– အလိုလို အစပြုခဲ့တာလား၊ ဒါမှမဟုတ် တစ်ခုခုကြောင့်လား။ စကြဝဠာအစရှိသည်ဟု လူအများစုက သိရှိကြသည်။ ယင်းကနောက်ဆုံးမေးခွန်းကို ပေါ်စေသည်– မူလအစဟာ ထာဝရတည်ရှိတဲ့တစ်စုံတစ်ရာကြောင့် ဖြစ်လာတာလား၊ ဒါမှမဟုတ် ထာဝရတည်ရှိတဲ့တစ်စုံတစ်ဦးကြောင့်လား။ ဤအကြောင်းအရာကို ယင်းသို့ရှင်းရှင်းလင်းလင်းယုတ္တိရှိရှိတင်ပြသည့်အတွက် လူများစွာသည် ဖန်ဆင်းရှင်ရှိရမည်ဟု ကောက်ချက်ချနိုင်လိမ့်မည်။ ယင်းသို့ဖြစ်ခြင်းကြောင့် ဘဝတွင် အဓိပ္ပာယ်ရှိခြင်းသည် မဖြစ်နိုင်ပေလော။

၂၀၊ ၂၁။ ဘဝသည်အဓိပ္ပာယ်ရှိရန် ဖန်ဆင်းရှင်အားသိကျွမ်းဖို့ အဘယ်ကြောင့်လိုအပ်သနည်း။

၂၀ ကျွန်ုပ်တို့၏အသိစိတ်နှင့် အကျင့်ကိုယ်နှိုက်အပါအဝင် ကျွန်ုပ်တို့၏အသက်တာဘဝတစ်ခုလုံးသည် ဖန်ဆင်းရှင်နှင့်ဆက်စပ်နေသင့်သည်။ တစ်ခါက ဒေါက်တာရောလိုမေ ဤသို့ရေးသားခဲ့သည်– “အကျင့်သိက္ခာအတွက် တစ်ခုတည်းသောအုတ်မြစ်သည် ဘဝ၏အဓိပ္ပာယ်ပြည့်ဝမှုအပေါ် အခြေပြု၏။” ယင်းကိုအဘယ်နေရာတွင် တွေ့မည်နည်း။ သူက ဤသို့ဆက်ဆိုသည်– “အုတ်မြစ်အစစ်အမှန်သည် ဘုရားသခင်၏သဘောသဘာဝဖြစ်၏။ ဘုရားသခင့်မူများသည် ဖန်ဆင်းခြင်း၏အစမှအဆုံးတိုင် အသက်၏အခြေခံမူများဖြစ်သည်။”

၂၁ သို့ဖြစ်သောကြောင့် ဆာလံဆရာသည် ဖန်ဆင်းရှင်အား ဤသို့တောင်းပန်ရာတွင် နှိမ့်ချမှုနှင့် ဉာဏ်ပညာကိုပါ အဘယ်ကြောင့်ဖော်ပြခဲ့ကြောင်း ကျွန်ုပ်တို့ကောင်းစွာနားလည်နိုင်သည်– “အိုထာဝရဘုရား၊ ကိုယ်တော်၏လမ်းတို့ကို အကျွန်ုပ်အားပြညွှန်၍ ခရီး [“နည်းလမ်း၊” ကဘ] တော်တို့ကိုသွန်သင်တော်မူပါ။ ကိုယ်တော်၏သမ္မာတရားကိုပြ၍ အကျွန်ုပ်ကိုသွန်သင်တော်မူပါ။ အကြောင်းမူကား ကိုယ်တော်သည် အကျွန်ုပ်ကို ကယ်တင်သောဘုရားသခင်ဖြစ်တော်မူ၏။” (ဆာလံ ၂၅:၄၊ ၅) ဖန်ဆင်းရှင်အား ပိုသိလာလေ ဆာလံဆရာ၏ဘဝသည် အမှန်ပင် အဓိပ္ပာယ်၊ ရည်ရွယ်ချက်နှင့် ဦးတည်ချက် ပို၍ရှိလာလေဖြစ်ပေမည်။ ကျွန်ုပ်တို့တစ်ဦးစီအတွက်လည်း အလားတူဖြစ်နိုင်ပေသည်။—ထွက်မြောက်ရာ ၃၃:၁၃။

၂၂။ ဖန်ဆင်းရှင်၏နည်းလမ်းတော်များကိုသိလာခြင်းတွင် အဘယ်အရာပါဝင်သနည်း။

၂၂ ဖန်ဆင်းရှင်၏ ‘နည်းလမ်းတော်တို့’ ကိုသိလာခြင်းတွင် ကိုယ်တော်၏ဂုဏ်ရည်တော်နှင့် နည်းလမ်းတော်များကိုသိ၍ ကိုယ်တော်သည် မည်သို့သောအရှင်ဖြစ်ကြောင်းသိလာခြင်းပါဝင်သည်။ သို့သော် ဖန်ဆင်းရှင်သည် မျက်မြင်မရဖြစ်ပြီး ကြောက်မက်ဖွယ်တန်ခိုးနှင့်ပြည့်စုံသောကြောင့် ကိုယ်တော်အားမည်သို့ပိုသိကျွမ်းလာနိုင်သနည်း။ ယင်းကို နောက်ဆောင်းပါးတွင်သုံးသပ်ကြပါမည်။

[အောက်ခြေမှတ်ချက်များ]

a နာဇီချွေးတပ်စခန်းများမှအတွေ့အကြုံများကိုထောက်၍ ဒေါက်တာ ဗစ်တာ အီး. ဖရဲန်ကာလ် ကဤသို့ဖော်ပြသည်– “ဘဝ၏အဓိပ္ပာယ်ကိုလူတို့ရှာဖွေမှုသည် လူ့ဘဝတွင် အဓိကစွမ်းအားတစ်ရပ်ဖြစ်ပြီး” တိရစ္ဆာန်များ၌ရှိသည့် “ပင်ကိုစေ့ဆော်မှုများ၏ ‘အဓိကမကျသော ဟုတ်သယောင်ကျိုးကြောင်း’ မဟုတ်ချေ။” ဒုတိယကမ္ဘာစစ်အပြီး ဆယ်စုနှစ်များအတွင်း ပြင်သစ်နိုင်ငံမှလေ့လာမှုတစ်ရပ်က “ဆန္ဒမဲပေးသူ ၈၉ ရာခိုင်နှုန်းသည် အသက်ရှင်နေထိုင်ရန် ‘တစ်စုံတစ်ရာ’ လိုအပ်ကြောင်း ဝန်ခံကြသည်” ဟုဖော်ပြခဲ့၏။

သင်မည်သို့တုံ့ပြန်မည်နည်း

◻ စကြဝဠာနှင့်ပတ်သက်၍ သိပ္ပံသတင်းအချက်အလက်များထက်မကသိရှိရန် အဘယ်ကြောင့်လိုသနည်း။

◻ အခြားသူများ ဖန်ဆင်းရှင်အကြောင်းတွေးတောရန်ထောက်ကူဖို့ အဘယ်အချက်ကိုသင်ဖော်ပြမည်နည်း။

◻ ဖန်ဆင်းရှင်အားသိကျွမ်းခြင်းသည် ဘဝတွင် ကျေနပ်ဖွယ်အဓိပ္ပာယ်ရှိရန် သော့ချက် အဘယ်ကြောင့်ဖြစ်သနည်း။

[စာမျက်နှာ ၁၈ ပါ ဇယား/​ရုပ်ပုံ]

(ကားချပ်အပြည့်အစုံကို စာစောင်တွင်ကြည့်ပါ)

သင်၏ကောက်ချက်ကား အဘယ်နည်း

ကျွန်ုပ်တို့၏ စကြဝဠာ

↓ ↓

အစမရှိခဲ့ အစရှိခဲ့

↓ ↓

အကြောင်းမဲ့ အကြောင်းကြောင့်ဖြစ်

↓ ↓

ထဝရတည်ရှိသောတစ်စုံတစ်ရာ ထာဝရတည်ရှိသောတစ်စုံတစ်ဦး

[စာမျက်နှာ ၁၅ ပါ ရုပ်ပုံ]

စကြဝဠာ၏ကျယ်ပြောမှုနှင့် တိကျမှုတို့သည် လူများစွာကို ဖန်ဆင်းရှင်အကြောင်းတွေးတောစေခဲ့

[Credit Line]

စာမျက်နှာ ၁၅ နှင့် ၁၈– Jeff Hester (Arizona State University) and NASSA

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ