ယေဟောဝါထံချဉ်းကပ်ရန်လူတို့ကိုကူညီခြင်း
“ငါ့ကိုအမှီမပြုလျှင် အဘယ်သူမျှခမည်းတော်ထံသို့မရောက်ရ။”—ယောဟန် ၁၄:၆။
၁။ ရှင်ပြန်ထမြောက်သောယေရှုသည် တပည့်တော်များကို အဘယ်ပညတ်ပေးခဲ့သနည်း၊ ယင်းကို ယေဟောဝါသက်သေများနာခံခဲ့သဖြင့် အဘယ်ရလဒ်ရခဲ့သနည်း။
ယေရှုက “လူမျိုးတကာတို့ကို ငါ့တပည့်ဖြစ်စေလျက် ခမည်းတော်၊ သားတော်၊ သန့်ရှင်းသောဝိညာဉ်တော်၏နာမ၌ ဗတ္တိဇံကိုပေးကြ” လော့ဟု မိမိ၏တပည့်နောက်လိုက်များကို မိန့်မှာခဲ့သည်။ (မဿဲ ၂၈:၁၉) လွန်ခဲ့သောဆယ်နှစ်အတွင်း ယေဟောဝါသက်သေများသည် လူသုံးသန်းကျော်ကို ဘုရားသခင်ထံချဉ်းကပ်လာကြရန် ကောင်းစွာကူညီပေးခဲ့ကြရာ အချိန်တန်သော် ကိုယ်တော့်အလိုတော်ဆောင်ရန် ဆက်ကပ်အပ်နှံသည့်အထိမ်းအမှတ်ဖြင့် သူတို့ကိုနှစ်ခြင်းပေးခဲ့ကြသည်။ ဘုရားသခင်ထံချဉ်းကပ်ဖို့ ထိုသူတို့ကိုကူညီပေးခွင့်ရသည့်အတွက် တကယ်ဝမ်းသာကြ၏!—ယာကုပ် ၄:၈။
၂။ လူသစ်များစွာသည် နှစ်ခြင်းခံနေကြသော်လည်း အဘယ်အရာဖြစ်ပေါ်ခဲ့သနည်း။
၂ သို့ရာတွင် အချို့နိုင်ငံများတွင် နှစ်ခြင်းခံခဲ့သူတပည့်သစ်များစွာရှိသော်လည်း အချို့နိုင်ငံများတွင် ဘုရားသခင့်နိုင်ငံတော်ကြေညာသူအရေအတွက် ထပ်တူတိုးများလာသည်ကို မတွေ့ရချေ။ နှစ်စဉ်သေဆုံးမှုနှုန်း ၁ ရာခိုင်နှုန်းခန့်ရှိရာ သေဆုံးသူတို့ကိုထည့်တွက်ရမည်မှာမှန်၏။ သို့တိုင် လွန်ခဲ့သောနှစ်အနည်းငယ်အတွင်း အကြောင်းတစ်ခုခုကြောင့် အတော်များများထွက်သွားခဲ့ကြပြီ။ အဘယ်ကြောင့်နည်း။ ဤဆောင်းပါးနှင့် နောက်ဆောင်းပါးတွင် ယေဟောဝါထံသို့ လူတို့မည်သို့ဆွဲဆောင်ခံရပြီး အချို့သွေဖည်သွားရသည့် ဖြစ်နိုင်ခြေအကြောင်းရင်းများကို ဆန်းစစ်ပါလိမ့်မည်။
ကျွန်ုပ်တို့၏ဟောပြောခြင်းရည်ရွယ်ချက်
၃။ (က) ယေရှု၏တပည့်များကိုအပ်နှင်းထားသောတာဝန်သည် ဗျာဒိတ် ၁၄:၆ တွင်ဖော်ပြထားသော ကောင်းကင်တမန်၏တာဝန်နှင့် မည်သို့တူသနည်း။(ခ) ဘုရားသခင့်နိုင်ငံတော်သတင်းတရား၌ လူတို့၏စိတ်ဝင်စားမှုကိုနှိုးဆွပေးရန် ထိရောက်သောနည်းသည် အဘယ်နည်းဖြစ်ကြောင်းထင်ရှားသော်လည်း အဘယ်ပြဿနာရှိနေသနည်း။
၃ ဤ ‘ဆုံးခန်းအချိန်’ တွင် ယေရှု၏တပည့်တော်များသည် ‘ဘုရားသခင့်နိုင်ငံတော်သတင်းကောင်း’ နှင့်ပတ်သက်သော ‘မှန်သောအသိပညာ’ ကိုပျံ့နှံ့စေဖို့တာဝန်ရရှိထားကြသည်။ (ဒံယေလ ၁၂:၄၊ ကဘ; မဿဲ ၂၄:၁၄၊ ကဘ) သူတို့၏တာဝန်သည် “မြေကြီးပေါ်မှာနေသောသူတည်းဟူသော အသီးအသီးဘာသာစကားကိုပြောသော လူအမျိုးအနွယ်ခပ်သိမ်းတို့အား ထာဝရဧဝံဂေလိတရားကိုဟောရသောကောင်းကင်တမန်” ၏တာဝန်နှင့်တူသည်။ (ဗျာဒိတ် ၁၄:၆) လောကရေးရာနှင့်အလုပ်များနေသော ဤလောကတွင် ဘုရားသခင့်နိုင်ငံတော်ကို လူတို့စိတ်ဝင်စားစေဖို့နှင့် ယေဟောဝါထံ ချဉ်းကပ်လာနိုင်ကြဖို့ ယေဘုယျအားဖြင့် ကူညီပေးနိုင်သည့်နည်းမှာ မြေကြီးပရဒိသုတွင်ရမည့် ထာဝရအသက်မျှော်လင့်ချက်အကြောင်း ပြောပြခြင်းဖြစ်သည်။ ယင်းသို့ဖြစ်သင့်သည်မှန်သော်လည်း ပရဒိသုရောက်ဖို့အတွက်သာ ဘုရားသခင်၏လူတို့နှင့်ပေါင်းသင်းသူတို့သည် အသက်ရစေသည့်လမ်းကျဉ်းပေါ် သူတို့၏ခြေကို စွဲမြဲစွာမထားကြချေ။—မဿဲ ၇:၁၃၊ ၁၄။
၄။ ယေရှုနှင့် ကောင်းကင်တွင်ပျံဝဲနေသည့် ကောင်းကင်တမန်တို့၏အဆိုအရ ကျွန်ုပ်တို့ဟောပြောခြင်းလုပ်ငန်း၏ရည်ရွယ်ချက်ကား အဘယ်နည်း။
၄ ယေရှုက ဤသို့ဆိုသည်– “ထာဝရအသက်ဟူမူကား မှန်သောဘုရားသခင်တစ်ဆူတည်းဖြစ်တော်မူသော ကိုယ်တော်ကိုလည်းကောင်း၊ စေလွှတ်တော်မူသောယေရှုခရစ်ကိုလည်းကောင်း သိကျွမ်းခြင်းတည်း။” (ယောဟန် ၁၇:၃) ကောင်းကင်၌ပျံဝဲနေသော ကောင်းကင်တမန်သည် “ထာဝရသတင်းကောင်း” ကိုကြေညာကာ မြေကြီးပေါ်နေထိုင်ကြသူတို့ကို ဤသို့ဆို၏– “ဘုရားသခင်ကိုကြောက်ရွံ့၍ချီးမွမ်းကြလော့။ တရားစီရင်တော်မူသောအချိန်ရောက်လာပြီ။ ကောင်းကင်၊ မြေကြီး၊ သမုဒ္ဒရာနှင့်စမ်းရေတွင်းတို့ကို ဖန်ဆင်းတော်မူသောအရှင်ကိုကိုးကွယ်ကြလော့။” (ဗျာဒိတ် ၁၄:၇) ထို့ကြောင့် သတင်းကောင်းကို ကျွန်ုပ်တို့ဟောပြောရခြင်း၏ အဓိကရည်ရွယ်ချက်မှာ ယေရှုခရစ်မှတစ်ဆင့် ယေဟောဝါထံချဉ်းကပ်စေကြဖို့ဖြစ်သည်။
ယေဟောဝါ၏လုပ်ငန်းတွင် ကျွန်ုပ်တို့၏အခန်းကဏ္ဍ
၅။ ကျွန်ုပ်တို့သည် မိမိတို့၏အလုပ်ကိုမဟုတ်ဘဲ ယေဟောဝါ၏လုပ်ငန်းကို လုပ်ဆောင်နေကြကြောင်း ယေရှုနှင့်ပေါလုတို့၏အဘယ်စကားက ဖော်ပြသနည်း။
၅ ဘိသိက်ခံခရစ်ယာန်ချင်းများထံစာရေးကာ တမန်တော်ပေါလုက “မိတ်သဟာယတရား” အကြောင်းပြောပြီး ဘုရားသခင်သည် ယေရှုခရစ်၏ရွေးနုတ်ဖိုးအားဖြင့် လူတို့ကို မိမိနှင့်မိတ်သဟာယဖွဲ့စေ၏ဟုဆိုသည်။ “ဘုရားသခင်သည် ငါတို့အားဖြင့် နှိုးဆော်သွေးဆောင်တော်မူသကဲ့သို့” ဖြစ်၍ “ငါတို့သည် ခရစ်တော်၏ကိုယ်စား” ‘ဘုရားသခင်နှင့်မိတ်သဟာယဖွဲ့ကြလော့’ ဟု “သင်တို့ကို တောင်းပန်သွေးဆောင်ကြ၏” ဟုပေါလုဆိုသည်။ အားရှိစရာပါတကား! ကျွန်ုပ်တို့သည် “ခရစ်တော်၏” ဘိသိက်ခံ “သံတမန်များ” ဖြစ်စေ၊ မြေကြီးမျှော်လင့်ချက်ရှိသူများဖြစ်စေ ဤလုပ်ငန်းသည် ကျွန်ုပ်တို့၏လုပ်ငန်းမဟုတ် ယေဟောဝါ၏လုပ်ငန်းဖြစ်ကြောင်း ဘယ်တော့မျှမမေ့သင့်ချေ။ (၂ ကောရိန္သု ၅:၁၈-၂၀) ခရစ်တော်ထံချဉ်းကပ်လာသူများကိုဆွဲဆောင်သွန်သင်သူမှာ စင်စစ်အားဖြင့် ဘုရားသခင်ဖြစ်၏။ ယေရှုက ဤသို့ဆိုသည်– “ငါ့ကိုစေလွှတ်တော်မူသောခမည်းတော်သည် သွေးဆောင်တော်မမူလျှင် အဘယ်သူမျှငါ့ထံသို့မလာနိုင်။ လာသောသူတို့ကို နောက်ဆုံးသောနေ့၌ ငါထမြောက်စေမည်။ အနာဂတ္တိကျမ်းစာ၌လာသည်ကား ‘ထိုသူအပေါင်းတို့သည် ဘုရားသခင်ဆုံးမသွန်သင်တော်မူသောသူဖြစ်ကြလိမ့်မည်’ ဟုလာသည်နှင့်အညီ ခမည်းတော်ထံ၌ နားထောင်၍ နည်းခံသောသူမှန်သမျှတို့သည် ငါ့ထံသို့လာကြ၏။”—ယောဟန် ၆:၄၄၊ ၄၅။
၆။ ယေဟောဝါသည် လူမျိုးတို့ကို အကြိုသဘောဖြင့် မည်သို့လှုပ်နေပြီး တစ်ချိန်တည်းတွင် မည်သူများသည် ကိုယ်တော်၏ဝတ်ပြုရေး “အိမ်တော်” ၌လုံခြုံမှုရရှိနေကြသနည်း။
၆ ဤနောက်ဆုံးသောနေ့ရက်များတွင် ယေဟောဝါသည် လူတို့ကို မည်သို့ဆွဲဆောင်ပြီး “ယုံကြည်ခြင်းတံခါး” ကိုဖွင့်ပေးသနည်း။ (တမန်တော် ၁၄:၂၇; ၂ တိမောသေ ၃:၁) အဓိကနည်းတစ်နည်းမှာ ကိုယ်တော်၏သက်သေခံများကို ကယ်တင်ခြင်းသတင်းနှင့် ဤစနစ်ကိုစီရင်မည့်သတင်း ကြွေးကြော်စေခြင်းအားဖြင့်ဖြစ်သည်။ (ဟေရှာယ ၄၃:၁၂; ၆၁:၁၊ ၂) ဤကမ္ဘာချီကြွေးကြော်ချက်သည် လူမျိုးများကိုတုန်လှုပ်နေစေ၏။ ယင်းသည် တရားစီရင်ခြင်းဆိုင်ရာလှုပ်ခြင်းဖြစ်သည်။ တစ်ချိန်တည်းတွင် ဘုရားသခင့်မျက်မှောက်တွင် “တန်ဖိုးရှိ” သူတို့သည် ဤစနစ်မှထွက်လာကြပြီး ကိုယ်တော်၏စစ်မှန်သောဝတ်ပြုရေး ‘အိမ်တော်’ တွင်လုံခြုံမှုရရှိနေကြသည်။ ဤနည်းဖြင့် ယေဟောဝါသည် ဟဂ္ဂဲမှတ်တမ်းတင်ထားသော ကိုယ်တော်၏ပရောဖက်ပြုစကားများကို ပြည့်စုံစေ၏– “လူမျိုးအပေါင်းတို့ကိုလည်းငါလှုပ်ဦးမည်။ လူမျိုးအပေါင်းတို့နှစ်သက်ဖွယ်သောအရာသည် ရောက်၍ ဤအိမ်ကိုဘုန်းနှင့်ငါပြည့်စုံစေမည်။”—ဟဂ္ဂဲ ၂:၆၊ ၇; ဗျာဒိတ် ၇:၉၊ ၁၅။
၇။ ယေဟောဝါသည် လူတို့၏နှလုံးကိုမည်သို့ဖွင့်ပြီး မိမိနှင့် မိမိ၏သားတော်ထံသို့ မည်သို့ဆွဲဆောင်တော်မူသနည်း။
၇ ယေဟောဝါသည် ကိုယ်တော့်သက်သေခံများ “ဟောပြောသောအရာကိုမှီဝဲဆည်းကပ်” စေရန် ဘုရားသခင်အားကြောက်ရွံ့သည့် ဤသူများ—“လူမျိုးအပေါင်းတို့မှ အနှစ်သက်ဆုံးအရာများ”—၏နှလုံးကိုဖွင့်တော်မူ၏။ (ဟဂ္ဂဲ ၂:၇၊ ဂျူးစာပေထုတ်လုပ်ရေးအဖွဲ့; တမန်တော် ၁၆:၁၄) ပထမရာစု၌ကဲ့သို့ ယေဟောဝါသည် ကိုယ်တော့်ထံမှအကူအညီတောင်းခံသည့် စိတ်ရိုးဖြောင့်သူတို့ထံ မိမိ၏သက်သေခံများရောက်သွားစေရန် ကောင်းကင်တမန်များကို ရံဖန်ရံခါ အသုံးပြုတော်မူ၏။ (တမန်တော် ၈:၂၆-၃၁) လူတစ်ဦးစီအနေနှင့် သားတော်ယေရှုခရစ်အားဖြင့် ဘုရားသခင်ပြုလုပ်ပေးခဲ့သည့် ကောင်းမြတ်သည့်ပြင်ဆင်ပေးချက်များအကြောင်း သိရှိလာကြသည်နှင့်အမျှ ယေဟောဝါ၏မေတ္တာကြောင့် ကိုယ်တော့်ထံဆွဲဆောင်ခံရကြသည်။ (၁ ယောဟန် ၄:၉၊ ၁၀) မှန်ပါသည်၊ ဘုရားသခင်သည် မိမိ၏ “ချစ်ခင်ကြင်နာမှု” သို့မဟုတ် “သစ္စာစောင့်သိသောမေတ္တာ” တင်ပြ၍ ကိုယ်တော်တိုင်နှင့် သားတော်ထံသို့ လူတို့ကိုဆွဲဆောင်တော်မူသည်။—ယေရမိ ၃၁:၃၊ ကဘ၊ အောက်ခြေမှတ်ချက်။
မည်သူတို့ကို ယေဟောဝါဆွဲဆောင်သနည်း
၈။ အဘယ်လူစားမျိုးကို ယေဟောဝါဆွဲဆောင်တော်မူသနည်း။
၈ ယေဟောဝါသည် ကိုယ်တော်အားရှာဖွေသူတို့ကို မိမိနှင့်မိမိသားတော်ထံသို့ဆွဲဆောင်တော်မူ၏။ (တမန်တော် ၁၇:၂၇) ဤသူတို့တွင် ခရစ်ယာန်ဘောင်နှင့် ကမ္ဘာတစ်ဝန်း “ပြုသမျှသောစက်ဆုပ်ရွံရှာဖွယ်အမှုတို့ကြောင့် ညည်းတွားငိုကြွေးသူတို့” ပါဝင်ကြသည်။ (ယေဇကျေလ ၉:၄) ဤသူတို့သည် “မိမိတို့၏ဝိညာဉ်ရေးလိုအပ်ချက်ကိုသိ” ကြသည်။ (မဿဲ ၅:၃၊ ကဘ) မှန်ပါသည်၊ မြေကြီးပရဒိသုတွင် ထာဝစဉ်နေထိုင်ကြမည့် ‘စိတ်နှိမ့်ချသူများ’ ဖြစ်ကြသည်။—ဇေဖနိ ၂:၃။
၉။ လူတို့သည် ‘ထာဝရအသက်ရခြင်းငှာ တလိုတလားရှိသူများ’ ဖြစ်မည်ဆိုလျှင် ယေဟောဝါမည်သို့ သိမြင်တော်မူပြီး ဤသူများကို မည်သို့ဆွဲဆောင်တော်မူသနည်း။
၉ ယေဟောဝါသည် လူ့နှလုံးကိုသိနိုင်၏။ ဘုရင်ဒါဝိဒ်က သားဖြစ်သူရှောလမုန်အား ဤသို့ဆိုခဲ့သည်– “ထာဝရဘုရားသည် ခပ်သိမ်းသောနှလုံးတို့ကိုစစ်၍ အကြံအစည်ရှိလေသမျှတို့ကိုသိတော်မူ၏။ ကိုယ်တော်ကိုရှာလျှင် အတွေ့ခံတော်မူမည်။” (၁ ရာဇဝင်ချုပ် ၂၈:၉) လူတစ်ဦး၏စိတ်နှလုံးအခြေအနေ၊ စိတ်ဓာတ် သို့မဟုတ် သဘောထားတို့ကိုအခြေခံ၍ အပြစ်များကိုလွှတ်ဖို့ရန် ဘုရားသခင့်ပြင်ဆင်ချက်များနှင့် ဘုရားသခင်၏ဖြောင့်မတ်သည့်စနစ်သစ်တွင် ထာဝရအသက်မျှော်လင့်ချက်ကို ထိုသူတို့လက်ခံမည် လက်မခံမည်ကို ယေဟောဝါသိနိုင်၏။ (၂ ပေတရု ၃:၁၃) ယေဟောဝါသက်သေများ ဟောပြောသွန်သင်သည့် ကိုယ်တော်၏နှုတ်မြွက်စကားတော်အားဖြင့် ကိုယ်တော်သည် “ထာဝရအသက်ကိုတလိုတလားရှိသူ” များကို ကိုယ်တော်တိုင်နှင့် သားတော်ထံသို့ဆွဲဆောင်တော်မူရာ ဤသူများသည် ‘ယုံကြည်သူများဖြစ်လာ’ ကြသည်။—တမန်တော် ၁၃:၄၈၊ ကဘ။
၁၀။ အခြားသူများကိုမဟုတ် တချို့ကိုယေဟောဝါဆွဲဆောင်ခြင်းသည် တင်ကြိုပြဋ္ဌာန်းခြင်းမဟုတ်ကြောင်း အဘယ်အရာကဖော်ပြသနည်း။
၁၀ တချို့ကိုယေဟောဝါဆွဲဆောင်ပြီး အခြားသူများကိုမဆွဲဆောင်ခြင်းသည် ကြိုတင်ပြဋ္ဌာန်းသည့်သဘောလော။ လုံးဝမဟုတ်ပါ! လူတို့ကိုဘုရားသခင်ဆွဲဆောင်ခြင်းသည် သူတို့၏အာသီသပြင်းပြမှုများအပေါ်မူတည်သည်။ ကိုယ်တော်သည် သူတို့၏လွတ်လပ်စွာရွေးချယ်ပိုင်ခွင့်ကိုလေးစား၏။ လွန်ခဲ့သောအနှစ် ၃,၀၀၀ ကျော်က ဣသရေလလူမျိုးတို့ရှေ့တွင် ချထားပေးခဲ့သည့် ရွေးချယ်မှုမျိုးကို ယနေ့ ကမ္ဘာသားများရှေ့မှောက် ယေဟောဝါချထား၏၊ ထိုအချိန်က မောရှေဤသို့ဆိုခဲ့သည်– “အသက်ရှင်ခြင်းချမ်းသာနှင့် သေခြင်းဆင်းရဲတို့ကို သင့်ရှေ့မှာယနေ့ငါထား၏။ . . . အသက်ရှင်ခြင်း၊ သေခြင်း၊ ကောင်းချီးပေးခြင်း၊ ကျိန်ခြင်းတို့ကို သင့်ရှေ့၌ငါထားသည်ဟု သင့်တစ်ဖက်၌ ကောင်းကင်မြေကြီးကိုငါတိုင်တည်၏။ သို့ဖြစ်၍ သင်နှင့်သင့်အမျိုးအနွယ်သည် အသက်ရှင်မည်အကြောင်းနှင့်လည်းကောင်း၊ သင်၏ဘုရားသခင်ထာဝရဘုရားကိုချစ်၍ စကားတော်ကိုနားထောင်သဖြင့် အသက်ရှင်ခြင်းအကျိုး၊ အသက်တာရှည်ခြင်းအကျိုးကိုပေးတော်မူသော ကိုယ်တော်ကိုဆည်းကပ်မှီဝဲမည်အကြောင်း . . . အသက်တရားကိုရွေးယူလော့။”—တရားဟောရာ ၃၀:၁၅-၂၀။
၁၁။ ဣသရေလလူတို့သည် အသက်ကိုမည်သို့ရွေးချယ်ကြရမည်နည်း။
၁၁ ဣသရေလလူမျိုးတို့သည် ‘ယေဟောဝါအားချစ်၍ စကားတော်ကိုနားထောင်ကာ ကိုယ်တော်ကိုဆည်းကပ်မှီဝဲခြင်းအားဖြင့်’ အသက်ကိုရွေးချယ်ခဲ့ကြကြောင်းကို သတိပြုပါ။ ထိုစကားများကိုပြောဆိုခဲ့ချိန်က ဣသရေလလူတို့သည် ကတိထားရာပြည်တော်ကို မသိမ်းပိုက်ခဲ့ကြသေးချေ။ သူတို့သည် ယောဒန်မြစ်ကိုဖြတ်၍ ခါနာန်ပြည်သို့ဝင်ဖို့ မောဘလွင်ပြင်တွင် အသင့်ရှိနေကြ၏။ သူတို့မကြာမီရရှိမည့် “နို့နှင့်ပျားရည်စီးသော၊ ကျယ်ဝန်းကောင်းမွန်သောပြည်” သို့ရောက်ရန် သူတို့တွေးတောကြမည်မှာသဘာဝကျသော်လည်း သူတို့၏အိပ်မက်များ အမှန်ပြည့်စုံလာဖို့ ယေဟောဝါအားချစ်မြတ်နိုးခြင်း၊ ကိုယ်တော့်စကားနားထောင်ခြင်းနှင့် ကိုယ်တော်အားမှီဝဲဆည်းကပ်ခြင်းအပေါ်မူတည်သည်။ (ထွက်မြောက်ရာ ၃:၈၊ သမ္မာ) မောရှေက ဤသို့ရှင်းရှင်းလင်းလင်းဖော်ပြခဲ့သည်– “သင်၏ဘုရားသခင် [“ယေဟောဝါ၊” ကဘ] ကိုချစ်သဖြင့် လမ်းတော်သို့လိုက်၍ ပညတ်ချက်၊ ထုံးဖွဲ့ချက်၊ စီရင်ချက်များကို စောင့်ရှောက်လျက် ယနေ့ငါမှာထားသောစကားတော်ကို နားထောင်လျှင် အပိုင်ရရန် သင်သွားမည့်ပြည်၌ သင်၏ဘုရားသခင် [“ယေဟောဝါ၊” ကဘ] သည် ကောင်းချီးပေးတော်မူ၍ သင်သည် အသက်ရှင်လျက်တိုးပွားများပြားလိမ့်မည်။”—တရားဟောရာ ၃၀:၁၆၊ သမ္မာ။
၁၂။ ကျွန်ုပ်တို့၏ဟောပြောခြင်းနှင့် သွန်သင်ခြင်းလုပ်ငန်းအကြောင်း ဣသရေလလူတို့၏ပုံသက်သေက အဘယ်အရာကိုသင်ပေးသင့်သနည်း။
၁၂ အထက်ပါစကားသည် ဤဆုံးခန်းကာလတွင် ကျွန်ုပ်တို့၏ဟောပြောသွန်သင်ခြင်းလုပ်ငန်းအကြောင်း တစ်ခုခုကို သွန်သင်မပေးသင့်ပေလော။ ကျွန်ုပ်တို့သည် လာမည့်မြေကြီးပရဒိသုအကြောင်းတွေးတောကြပြီး ခရစ်ယာန်ဓမ္မအမှုတွင် ယင်းအကြောင်းပြောဆိုကြသည်။ သို့သော် ကျွန်ုပ်တို့ဖြစ်စေ၊ ကျွန်ုပ်တို့ကြောင့်တပည့်တော်များဖြစ်လာသူတို့ဖြစ်စေ ကိုယ်ကျိုးအတွက် ဘုရားသခင်အားဝတ်ပြုနေမည်ဆိုလျှင် ကတိတော်ပြည့်စုံမှုကို မြင်ရလိမ့်မည်မဟုတ်ချေ။ ဣသရေလလူတို့ကဲ့သို့ ကျွန်ုပ်တို့နှင့် ကျွန်ုပ်တို့သွန်သင်ပေးသူတို့သည် ‘ယေဟောဝါအားချစ်၍ စကားတော်ကိုနားထောင်ပြီး ကိုယ်တော်ကိုမှီခို’ တတ်လာရမည်။ ကျွန်ုပ်တို့၏ခရစ်ယာန်ဓမ္မအမှုကို ဆောင်ရွက်သောအခါ ယင်းကိုသတိရမည်ဆိုလျှင် ကိုယ်တော့်ထံသို့လူတို့ကိုဆွဲဆောင်ရာ၌ ဘုရားသခင်နှင့်အတူ အမှန်တကယ်ပူးတွဲလုပ်ဆောင်နေကြပါလိမ့်မည်။
ဘုရားသခင်၏လုပ်ဖော်ဆောင်ဖက်များ
၁၃၊ ၁၄။ (က) ၁ ကောရိန္သု ၃:၅-၉ အရ ကျွန်ုပ်တို့သည် ဘုရားသခင်၏လုပ်ဖော်ဆောင်ဖက်များ မည်သို့ဖြစ်လာကြသနည်း။ (ခ) တိုးပွားမှုအတွက် မည်သူ့ကိုဂုဏ်တင်ရမည်နည်း၊ အဘယ်ကြောင့်နည်း။
၁၃ ဘုရားသခင်နှင့်တွဲဖက်လုပ်ဆောင်ခြင်းကို လယ်ထွန်ယက်စိုက်ပျိုးခြင်းနှင့် ပေါလုပုံဖော်ခဲ့သည်။ သူက ဤသို့ရေးခဲ့သည်– “ပေါလုကားအဘယ်သူနည်း။ အာပေါလုကားအဘယ်သူနည်း။ အခြားသောသူမဟုတ်၊ ထာဝရဘုရားသည် အသီးအသီးတို့အား အခွင့်ပေးသနားတော်မူသည်နှင့်အညီ သင်တို့ကိုယုံကြည်ခြင်းသို့ရောက်စေသော [ခရစ်ယာန်] ဓမ္မဆရာပေတည်း။ ငါသည်စိုက်ပျိုးသောသူဖြစ်၏။ အာပေါလုသည် ရေလောင်းသောသူဖြစ်၏။ အပင်ကိုကြီးပွားစေသောသူကား ဘုရားသခင်ပေတည်း။ စိုက်ပျိုးသောသူမတတ်နိုင်။ ရေလောင်းသောသူလည်းမတတ်နိုင်။ ကြီးပွားစေတော်မူသောဘုရားသခင်သာလျှင် တတ်နိုင်တော်မူ၏။ သို့သော်လည်း စိုက်ပျိုးသောသူနှင့်ရေလောင်းသောသူသည် တစ်လုံးတစ်ဝတည်းဖြစ်၍ အသီးအသီးမိမိလုပ်သည်အတိုင်း မိမိအကျိုးကိုခံရလိမ့်မည်။ ငါတို့သည်ဘုရားသခင်ထံ၌အလုပ်လုပ်သောသူချင်းဖြစ်ကြ၏ [“ငါတို့သည် ဘုရားသခင်၏လုပ်ဖော်ဆောင်ဖက်ချင်းဖြစ်ကြ၏၊” ကဘ]။ သင်တို့သည် ဘုရားသခင်၏ဥယျာဉ်တော်ဖြစ်ကြ၏။”—၁ ကောရိန္သု ၃:၅-၉။
၁၄ ဘုရားသခင်၏လုပ်ဖော်ဆောင်ဖက်ချင်းများအနေနှင့် လူတို့၏နှလုံးတွင် ‘ဘုရားသခင့်နိုင်ငံတော်သတင်းစကားကို’ သစ္စာရှိစွာကြဲပြီး ကောင်းစွာပြင်ဆင်ထားသောပြန်လည်ပတ်မှုများနှင့် ကျမ်းစာသင်အံမှုများအားဖြင့် စိတ်ဝင်စားသူမှန်သမျှကို ရေလောင်းပေးရမည်။ မြေဆီလွှာ၊ နှလုံးကောင်းမည်ဆိုလျှင် ယေဟောဝါသည် ဖြစ်ထွန်းသောမြေတွင် ကျမ်းစာသမ္မာတရားမျိုးစေ့ကို ကြီးပွားစေခြင်းဖြင့် မိမိ၏အပိုင်းကဏ္ဍကိုဆောင်ရွက်ပါလိမ့်မည်။ (မဿဲ ၁၃:၁၉၊ ၂၃) ကိုယ်တော်သည် မိမိနှင့် မိမိသားတော်ထံသို့ လူတို့ကိုဆွဲဆောင်တော်မူလိမ့်မည်။ သို့နှင့် နောက်ဆုံးဆန်းစစ်ရာတွင် ဘုရားသခင့်နိုင်ငံတော်ကြေညာသူဦးရေတိုးပွားမှုမှန်သမျှသည် လူတို့၏နှလုံးကို ယေဟောဝါလှုံ့ဆော်ပြီး သမ္မာတရားမျိုးစေ့ကို ကြီးထွားစေ၍ မိမိနှင့် မိမိသားတော်ထံသို့ ထိုသို့သောသူများကို ဆွဲဆောင်တော်မူခဲ့သောကြောင့်ဖြစ်၏။
ဆက်တည်ရှိနေမည့်ဆောက်လုပ်ခြင်းလုပ်ငန်း
၁၅။ ယုံကြည်ခြင်းတိုးပွားစေရန် အခြားသူများကို မည်သို့ကူညီပေးကြောင်းဖော်ပြရန် အဘယ်ပုံဥပမာကို ပေါလုသုံးခဲ့သနည်း။
၁၅ တိုးပွားမှု၌ ဝမ်းမြောက်ကြစဉ် လူတို့သည် ယေဟောဝါအားချစ်မြတ်နိုး၍ စကားတော်ကိုနားထောင်ပြီး ကိုယ်တော်အားမှီခိုနေကြသည်ကို အရိုးခံစိတ်ဖြင့်လိုလားကြသည်။ တချို့အေးစက်ပြီး သွေဖည်သွားကြသည်ကို ကျွန်ုပ်တို့မြင်တွေ့ရသောအခါ ဝမ်းနည်းကြ၏။ ယင်းကိုကာကွယ်ရန် ကျွန်ုပ်တို့တစ်ခုခုလုပ်နိုင်သလော။ နောက်ပုံဥပမာတစ်ခုတွင် ကျွန်ုပ်တို့သည် ယုံကြည်ခြင်းတိုးပွားစေရန် အခြားသူများကိုမည်သို့ကူနိုင်ကြောင်း ပေါလုဖော်ပြသည်။ သူက ဤသို့ရေးခဲ့သည်– “ယေရှုခရစ်တည်းဟူသော ချလျက်ရှိသော တိုက်မြစ်မှတစ်ပါး အခြားသောတိုက်မြစ်ကို အဘယ်သူမျှမချနိုင်။ ထိုတိုက်မြစ်အပေါ်၌ ရွှေ၊ ငွေ၊ ကျောက်ကောင်း၊ သစ်သား၊ မြက်ပင်၊ ကောက်ရိုးများကိုထပ်ဆင့်၍တည်ဆောက်သောသူရှိသမျှ၊ အသီးအသီးလုပ်သောအလုပ်သည် ထင်ရှားလိမ့်မည်။ အဘယ်သို့နည်းဟူမူကား ဖော်ပြချိန်နေ့ရက်သည် မီးအားဖြင့်ထင်ရှားစေလိမ့်မည်။ လူတိုင်းလုပ်သောအလုပ်သည် အဘယ်သို့သောအလုပ်ဖြစ်သည်ကို မီးသည်စစ်ကြောစုံစမ်းလိမ့်မည်။”—၁ ကောရိန္သု ၃:၁၁-၁၃။
၁၆။ (က) ပေါလုအသုံးပြုခဲ့သောပုံဥပမာနှစ်ခုသည် ရည်ရွယ်ချက်ချင်း မည်သို့မတူသနည်း။ (ခ) ကျွန်ုပ်တို့၏တည်ဆောက်ခြင်းလုပ်ငန်းသည် မည်သို့ မနှစ်သက်ဖွယ်ဖြစ်ပြီး မီးမခံနိုင်ဘဲဖြစ်သွားနိုင်သနည်း။
၁၆ ပေါလု၏လယ်ဥပမာတွင် ကြီးထွားမှုသည် တာဝန်ကျေပွန်စွာစိုက်ပျိုးခြင်း၊ မှန်မှန်ရေလောင်းခြင်းနှင့် ဘုရားသခင်၏ကောင်းချီးအပေါ်မူတည်သည်။ တမန်တော်၏အခြားပုံဥပမာတစ်ခုသည် ခရစ်ယာန်ဓမ္မအမှုဆောင်တစ်ဦး၏တည်ဆောက်ခြင်း ဖြစ်ပျက်လာပုံနှင့်ပတ်သက်၍ သူ၏တာဝန်ကို အလေးပေးဖော်ပြသည်။ သူသည် အရည်အသွေးကောင်းသောပစ္စည်းများနှင့် သေချာသောအုတ်မြစ်ပေါ်တွင် တည်ဆောက်ခဲ့ပါသလော။ ပေါလုက ဤသို့သတိပေးသည်– “အဘယ်သို့ထပ်ဆင့်၍တည်ဆောက်သည်ကို လူတိုင်းသတိပြုပါစေ။” (၁ ကောရိန္သု ၃:၁၀) ပရဒိသုတွင်ရမည့် ထာဝရအသက်မျှော်လင့်ချက်အကြောင်းကို လူတစ်ဦးအားပြောပြခြင်းဖြင့် ထိုသူ၏စိတ်ဝင်စားမှုကိုနှိုးဆွခဲ့ပြီဖြစ်ရာ ကျွန်ုပ်တို့၏သွန်သင်ခြင်းကို အခြေခံကျမ်းစာအသိပညာအပေါ်သာအာရုံစိုက်ပြီး ထာဝရအသက်ရရန် ထိုသူပြုလုပ်ရမည့်အရာကို အဓိကထားဖော်ပြသလော။ ကျွန်ုပ်တို့၏သွန်သင်ခြင်းသည် ‘ပရဒိသုမှာ ထာဝစဉ်အသက်ရှင်နေထိုင်ချင်ရင် ကျမ်းစာသင်ရမယ်၊ အစည်းအဝေးတက်ရမယ်၊ ဟောပြောရမယ်’ ဟူသည့်အချက်သာပါသလော။ သို့ဆိုလျှင် ကျွန်ုပ်တို့သည် ထိုသူ၏ယုံကြည်ခြင်းကို ခိုင်မြဲသောအုတ်မြစ်ပေါ် တည်ဆောက်နေသည်မဟုတ်သဖြင့် ကျွန်ုပ်တို့တည်ဆောက်သောအရာသည် စမ်းသပ်ခြင်းမီး သို့မဟုတ် အချိန်ကြာမြင့်စွာတည်တံ့နိုင်မည်မဟုတ်ချေ။ နှစ်အနည်းငယ် ယေဟောဝါအမှုတော်ထမ်းသည့်အတွက် ပရဒိသုတွင် အသက်ပြန်လည်ရရှိမည်ဟူသည့်မျှော်လင့်ချက်တစ်ခုတည်းဖြင့်သာ ယေဟောဝါထံလူတို့ကိုဆွဲဆောင်ဖို့ကြိုးစားခြင်းသည် “သစ်သား၊ မြက်ပင်၊ ကောက်ရိုးများ” နှင့်တည်ဆောက်ပေးသကဲ့သို့ဖြစ်သည်။
ဘုရားသခင်နှင့် ခရစ်တော်တို့အတွက်ချစ်ခြင်းမေတ္တာကိုတည်ဆောက်ပေးခြင်း
၁၇၊ ၁၈။ (က) လူတစ်ဦး၏ယုံကြည်ခြင်းသည် ခံနိုင်ရည်ရှိဖို့ဆိုလျှင် အဘယ်အရာသည် မရှိမဖြစ်လိုအပ်သနည်း။ (ခ) လူတစ်ဦး၏နှလုံးတွင် ခရစ်တော်ကျိန်းဝပ်စေရန် ကျွန်ုပ်တို့မည်သို့ကူညီပေးနိုင်သနည်း။
၁၇ ခံနိုင်ရည်ရှိသောယုံကြည်ခြင်းသည် ယေရှုခရစ်မှတစ်ဆင့် ယေဟောဝါဘုရားသခင်နှင့် နှစ်ကိုယ်ကြားဆက်ဆံရေးရှိခြင်းအပေါ် အခြေခံရမည်။ မစုံလင်သောလူသားများအနေနှင့် ကျွန်ုပ်တို့သည် သားတော်အားဖြင့်သာ ဘုရားသခင်နှင့် အဆိုပါတင့်သင့်သောဆက်ဆံရေးကိုရရှိနိုင်သည်။ (ရောမ ၅:၁၀) ယေရှုက ဤသို့ဆိုခဲ့သည်ကို သတိရပါ– “ငါ့ကိုအမှီမပြုလျှင် အဘယ်သူမျှခမည်းတော်ထံသို့မရောက်ရ။” ယုံကြည်ခြင်းတည်ဆောက်စေရန် “ယေရှုခရစ်တည်းဟူသော ချလျက်ရှိသောတိုက်မြစ်မှတစ်ပါး အခြားသောတိုက်မြစ်ကို မည်သူမျှမချနိုင်။” ဤတွင် အဘယ်အရာပါဝင်သနည်း။—ယောဟန် ၁၄:၆; ၁ ကောရိန္သု ၃:၁၁။
၁၈ အုတ်မြစ်ဖြစ်သူ ခရစ်တော်အပေါ်တည်ဆောက်ခြင်းဟူသည် ယေရှုအား ရွေးနုတ်ရှင်၊ အသင်းတော်၏ဦးခေါင်း၊ မေတ္တာပြည့်ဝသောယဇ်ပုရောဟိတ်မင်းနှင့် နန်းထိုင်ဘုရင်အဖြစ် ကိုယ်တော့်အခန်းကဏ္ဍကို ကျမ်းစာသင်သားအား အပြည့်အဝသိကျွမ်းစေလျက် ယေရှုအပေါ် နက်ရှိုင်းသောမေတ္တာတိုးပွားစေသည့်ပုံစံဖြင့် သွန်သင်ခြင်းဖြစ်သည်။ (ဒံယေလ ၇:၁၃၊ ၁၄; မဿဲ ၂၀:၂၈; ကောလောသဲ ၁:၁၈-၂၀; ဟေဗြဲ ၄:၁၄-၁၆) ဆိုလိုသည်မှာ သူတို့၏နှလုံးတွင် ယေရှုကျိန်းဝပ်လုနီးပါး ကိုယ်တော်အား တကယ်ပုဂ္ဂိုလ်တစ်ဦးအဖြစ် အသိအမှတ်ပြုခြင်းဖြစ်သည်။ သူတို့အတွက် ကျွန်ုပ်တို့၏ဆုတောင်းချက်သည် ဧဖက်မြို့ရှိ ခရစ်ယာန်များအတွက် ပေါလု၏အသနားခံချက်ကဲ့သို့ ဖြစ်သင့်သည်။ သူ ဤသို့ရေးခဲ့သည်– “ခမည်းတော်ရှေ့မှာ ငါသည်ဒူးထောက်၍ . . . ယုံကြည်ခြင်းအားဖြင့် ခရစ်တော်သည် သင်တို့၏စိတ်နှလုံးအထဲ၌ ကျိန်းဝပ်တော်မူမည်အကြောင်း . . . သင်တို့အားပေးသနားတော်မူ၍ . . . မေတ္တာ၌စိုက်ပျိုးခြင်း၊ တိုက်မြစ်လည်းကျတည်ခြင်းရှိ . . . မည်အကြောင်း ငါသည် ဆုတောင်းလေ့ရှိ၏။”—ဧဖက် ၃:၁၄-၁၇။
၁၉။ ကျမ်းစာသင်သားများ၏နှလုံးတွင် ခရစ်တော်အားချစ်ခြင်း တိုးပွားစေခြင်း၏ရလဒ်သည် အဘယ်အရာဖြစ်သင့်သနည်း၊ သို့သော် အဘယ်အရာကိုသွန်သင်ပေးရမည်နည်း။
၁၉ သင်သား၏နှလုံးတွင် ခရစ်တော်အားချစ်သည့်မေတ္တာ တိုးပွားစေသည့်နည်းဖြင့် ကျွန်ုပ်တို့တည်ဆောက်မည်ဆိုလျှင် ယေဟောဝါဘုရားသခင်အား ချစ်သည့်မေတ္တာကို အလိုလိုတည်ဆောက်ပေးရာရောက်ပါလိမ့်မည်။ ယေရှု၏မေတ္တာ၊ ခံစားချက်နှင့် သနားကြင်နာမှုတို့သည် ယေဟောဝါ၏အရည်အသွေးများကို သစ္စာရှိရှိရောင်ပြန်ဟပ်ခြင်းဖြစ်၏။ (မဿဲ ၁၁:၂၈-၃၀; မာကု ၆:၃၀-၃၄; ယောဟန် ၁၅:၁၃၊ ၁၄; ကောလောသဲ ၁:၁၅; ဟေဗြဲ ၁:၃) ထို့ကြောင့် လူတို့သည် ယေရှုကိုသိကျွမ်းပြီး ချစ်လာကြသည်နှင့်အမျှ ယေဟောဝါအားသိကျွမ်းပြီး ချစ်မြတ်နိုးလာကြပါလိမ့်မည်။a (၁ ယောဟန် ၄:၁၄၊ ၁၆၊ ၁၉) လူသားများအတွက် ခရစ်တော်ပြုလုပ်ပေးခဲ့သမျှအားလုံး၏နောက်ကွယ်တွင် ယေဟောဝါရှိကြောင်း၊ ကိုယ်တော်သည် ‘ကယ်တင်တော်မူသောဘုရားသခင်’ ဖြစ်သောကြောင့် ကိုယ်တော်အားကျေးဇူးတင်ချီးမွမ်းပြီး ကိုးကွယ်ရန်တာဝန်ရှိကြောင်း ကျမ်းစာသင်သားများကို ကျွန်ုပ်တို့သင်ပေးရန်လိုသည်။—ဆာလံ ၆၈:၁၉၊ ၂၀; ဟေရှာယ ၁၂:၂-၅; ယောဟန် ၃:၁၆; ၅:၁၉။
၂၀။ (က) ဘုရားသခင်နှင့် သားတော်ထံချဉ်းကပ်ဖို့ လူတို့ကိုမည်သို့ကူညီပေးနိုင်သနည်း။ (ခ) နောက်ဆောင်းပါးတွင် အဘယ်အကြောင်းကို သုံးသပ်မည်နည်း။
၂၀ ဘုရားသခင်၏လုပ်ဖော်ဆောင်ဖက်များအနေနှင့် ကိုယ်တော်နှင့် ကိုယ်တော်၏သားတော်တို့ထံ လူတို့ချဉ်းကပ်လာကာ သူတို့၏နှလုံးတွင် ချစ်ခြင်းမေတ္တာနှင့် ယုံကြည်ခြင်းတိုးပွားလာစေဖို့ကူညီပေးကြစို့။ သို့နှင့် ယေဟောဝါသည် သူတို့အတွက် တကယ့်ပုဂ္ဂိုလ်ဖြစ်လာပါလိမ့်မည်။ (ယောဟန် ၇:၂၈) ခရစ်တော်အားဖြင့် ဘုရားသခင်နှင့်ရင်းနှီးသောဆက်ဆံရေးရှိနိုင်မည်ဖြစ်ကာ ကိုယ်တော်အားချစ်မြတ်နိုးပြီး မှီခိုကြပါလိမ့်မည်။ သူတို့၏မေတ္တာပါသောလုပ်ငန်းကို အချိန်ကန့်သတ်မည်မဟုတ်ဘဲ ယေဟောဝါသတ်မှတ်ထားချိန်တွင် ကိုယ်တော်၏ကောင်းမြတ်သည့်ကတိတော်များ ပြည့်စုံလာလိမ့်မည်ကို ယုံကြည်ကြောင်းတင်ပြကြပါလိမ့်မည်။ (ယေရမိမြည်တမ်း ၃:၂၄-၂၆; ဟေဗြဲ ၁၁:၆) ယုံကြည်ခြင်း၊ မျှော်လင့်ခြင်းနှင့် ချစ်ခြင်းမေတ္တာတိုးပွားစေဖို့ အခြားသူများကို ကူညီနေစဉ် ပြင်းထန်သောမုန်တိုင်းဒဏ်ခံနိုင်သည့် ခိုင်ခံ့သောသင်္ဘောတစ်စင်းကဲ့သို့ဖြစ်ဖို့ ကျွန်ုပ်တို့၏ယုံကြည်ခြင်းကိုလည်း တည်ဆောက်ပေးရမည်။ ယင်းကို နောက်ဆောင်းပါးတွင် သုံးသပ်ကြပါမည်။
[အောက်ခြေမှတ်ချက်များ]
a ယေရှုနှင့် ကိုယ်တော်မှတစ်ဆင့် ခမည်းတော်ယေဟောဝါအား ပို၍ကောင်းစွာသိကျွမ်းစေသည့် အထူးကောင်းမွန်သောအကူအညီတစ်ခုမှာ ကင်းမျှော်စင်သမ္မာကျမ်းစာနှင့် ဝေစာအသင်း၊ မြန်မာနိုင်ငံမှထုတ်ဝေသော အသက်ရှင်ခဲ့သမျှတွင်အကြီးမြတ်ဆုံးလူသားစာအုပ်ဖြစ်သည်။
ပြန်လည်သုံးသပ်ခြင်းအားဖြင့်
◻ ဘုရားသခင့်နိုင်ငံတော်သတင်းတရားကို လူတို့စိတ်ဝင်စားစေရန် မည်သို့ နှိုးဆွပေးလေ့ရှိသနည်း၊ သို့သော် အဘယ်အန္တရာယ်ရှိသနည်း။
◻ ယေဟောဝါသည် မိမိနှင့် မိမိ၏သားတော်ထံသို့ အဘယ်လူစားမျိုးကို ဆွဲဆောင်သနည်း။
◻ ကတိထားရာပြည်တော်ထဲ ဣသရေလလူတို့ဝင်ရောက်ခြင်းသည် အဘယ်အရာအပေါ် မူတည်သနည်း၊ ယင်းမှ အဘယ်အရာသင်ယူနိုင်သနည်း။
◻ ယေဟောဝါနှင့် သားတော်ထံသို့ချဉ်းကပ်ရန် လူတို့ကိုကူညီပေးရာ၌ ကျွန်ုပ်တို့သည် အဘယ်ကဏ္ဍ၌ပါဝင်ကြသနည်း။
[စာမျက်နှာ ၁၀ ပါ ရုပ်ပုံ]
ပရဒိသုတွင် ထာဝရအသက်ရဖို့မျှော်လင့်ချက်ကို လူတို့အားကမ်းလှမ်းကြသော်လည်း ကျွန်ုပ်တို့၏အဓိကရည်ရွယ်ချက်မှာ ယေဟောဝါထံ သူတို့ကိုဆွဲဆောင်ရန်ဖြစ်
[စာမျက်နှာ ၁၃ ပါ ရုပ်ပုံ]
ကောင်းစွာပြင်ဆင်ထားမည်ဆိုလျှင်ကျွန်ုပ်တို့၏ပြန်လည်ပတ်မှုများသည် အလွန်ထိရောက်နိုင်