ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၉ ၇/၁၅ စာ. ၂၉-၃၁
  • စာရှုသူများထံမှမေးခွန်းလွှာ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • စာရှုသူများထံမှမေးခွန်းလွှာ
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၉
  • ဆင်တူတဲ့ အကြောင်းအရာ
  • စာရှုသူများထံမှ မေးခွန်းလွှာ
    ကင်းမျှော်စင် ယေဟောဝါရဲ့နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၄
  • “အမှန်ကိုပြုရာ၌ လက်မလျှော့နှင့်”
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၁
  • အသင်းတော်ရဲ့ ငြိမ်သက်မှုနဲ့ သန့်ရှင်းမှုကို ထိန်းသိမ်းခြင်း
    ယေဟောဝါရဲ့ အလိုတော်ဆောင်ဖို့ ဖွဲ့စည်းထားခြင်း
  • ‘သင်တို့တွင် ကြိုးစားအားထုတ်သောသူတို့ကို လေးစားကြပါ’
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၁
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၉
က၉၉ ၇/၁၅ စာ. ၂၉-၃၁

စာရှုသူများထံမှမေးခွန်းလွှာ

၂ သက်သာလောနိတ် ၃:၁၄ တွင်ဖော်ပြထားသော ‘မှတ်သားခြင်း’ သည်အသင်းတော်၏လုပ်ထုံးလုပ်နည်းတစ်ခုလော၊ သို့မဟုတ် ခရစ်ယာန်တစ်ဦးချင်းစီက ဆုံးမရခက်သူများအား ရှောင်ခြင်းကို ဆိုလိုပါသလော။

ဤသို့သော ‘မှတ်သားခြင်း’ တွင်အသင်းတော်အကြီးအကဲများသည် သတ်သတ်မှတ်မှတ်ကဏ္ဍတွင်ပါဝင်ကြောင်း သက်သာလောနိတ်မြို့များထံ တမန်တော်ပေါလုရေးခဲ့သည့်အကြောင်းကဖော်ပြသည်။ သို့သော် ခရစ်ယာန်တစ်ဦးစီသည် ယင်းနောက် ဝိညာဉ်ရေးရည်မှန်းချက်များနှင့်အညီ လိုက်လျှောက်သွားကြသည်။ ယင်းကို ကောင်းစွာသဘောပေါက်နိုင်ရန် ပေါလုဆုံးမခဲ့ရသည့်မူလနောက်ခံအခြေအနေကို သုံးသပ်ကြည့်နိုင်သည်။

ပေါလုသည် အမျိုးသားများ၊ အမျိုးသမီးများကို ယုံကြည်သူများဖြစ်လာစေပြီး သက်သာလောနိတ်အသင်းတော်တည်ထောင်ရန် ထောက်ကူပေးခဲ့သည်။ (တမန်တော် ၁၇:၁-၄) နောက်ပိုင်းတွင် သူသည် ကောရိန္သုမြို့မှ သူတို့ထံ ချီးမွမ်းအားပေးရန် စာရေးခဲ့သည်။ လိုအပ်သောဆုံးမစကားကိုလည်း ပေါလုပေးခဲ့၏။ “ငြိမ်ဝပ်စွာနေ၍၊ ကိုယ်အမှုကိုဆောင်ရွက်လျက်၊ ကိုယ်လက်နှင့်လုပ်ဆောင်” သွားကြဖို့ သူတိုက်တွန်းခဲ့သည်။ အချို့သည် ထိုနည်းအတိုင်းမလုပ်ဆောင်နေကြသောကြောင့် ပေါလုက “ညီအစ်ကိုတို့၊ မတရားစွာပြုသောသူတို့ကို သတိပေးကြလော့။ စိတ်ငယ်သောသူတို့ကို အားပေးကြလော့။ အားနည်းသောသူတို့ကို ထောက်မကြလော့” ဟုထပ်မံတိုက်တွန်းခဲ့၏။ ဆုံးမခံရဖို့လိုသည့် “မတရားစွာပြုသောသူ”a များ သူတို့တွင်ရှိခဲ့သည်မှာ ထင်ရှားပါသည်။—၁ သက်သာလောနိတ် ၁:၂-၁၀; ၄:၁၂; ၅:၁၄။

လအနည်းငယ်ကြာပြီးနောက် ပေါလုသည် ယေရှု၏အနာဂတ်ရောက်ရှိခြင်းနှင့်ပတ်သက်သော ထပ်ဆင့်ဖော်ပြချက်များကို သက်သာလောနိတ်မြို့သားများထံ သူ၏ဒုတိယစာတွင် ထည့်ရေးခဲ့သည်။ “အဘယ်အလုပ်ကိုမျှမလုပ်ဘဲ၊ ကိုယ်နှင့်မဆိုင်သောအမှု၌ ရောနှော” နေကြသည့် မတရားစွာပြုသူများနှင့် မည်သို့ဆက်ဆံရမည်အကြောင်း ပေါလုထပ်၍လမ်းညွှန်ပေးခဲ့သည်။ သူတို့၏လုပ်ဆောင်ချက်များသည် ကြိုးစားအလုပ်လုပ်သူအဖြစ် ပေါလု၏ပုံသက်သေနှင့်သာမက ကိုယ့်ကိုကိုယ်ထောက်ပံ့နိုင်ရန် အလုပ်လုပ်ခြင်းနှင့်ပတ်သက်သည့် သူ၏ရှင်းလင်းသောမိန့်မှာချက်နှင့်ပါ ဆန့်ကျင်နေသည်။ (၂ သက်သာလောနိတ် ၃:၇-၁၂) ယူရမည့်ခြေလှမ်းအချို့ကို ပေါလုညွှန်ကြားခဲ့သည်။ ၎င်းတို့သည် အကြီးအကဲများက မတရားစွာပြုသူများကို သတိပေးခြင်း သို့မဟုတ် အကြံပေးခြင်းတို့ကိုပြုလုပ်ပြီးနောက်မှ လုပ်ကိုင်ရမည့်ခြေလှမ်းများဖြစ်သည်။ ပေါလုကဤသို့ရေးခဲ့သည်–

“တစ်နည်းကား၊ ညီအစ်ကိုတို့၊ ငါတို့ထံ၌ခံသော နည်းဥပဒေသအတိုင်းမကျင့်ဘဲ မတရားစွာပြုသော ညီအစ်ကိုရှိသမျှတို့ကို ရှောင်ကြလော့ဟု . . . ငါတို့သည် ပညတ်ထားကြ၏။ ညီအစ်ကိုတို့၊ အားလျော့စိတ်ပျက်ခြင်းမရှိဘဲ ကောင်းသောအကျင့်ကိုကျင့်ကြလော့။ ဤစာ၌ ငါတို့ရေးထားသောပညတ်စကားကို တစ်စုံတစ်ယောက်သောသူသည် နားမထောင်ဘဲနေလျှင်၊ ထိုသူကိုမှတ်ကြလော့။ ရှက်ကြောက်စေခြင်းငှာ အပေါင်းအဖော်မလုပ်ကြနှင့်။ သို့သော်လည်း ရန်သူကဲ့သို့မမှတ်၊ ညီအစ်ကိုကဲ့သို့မှတ်၍ သတိပေးကြလော့။”—၂ သက်သာလောနိတ် ၃:၆၊ ၁၃-၁၅။

ထို့ကြောင့် ထပ်ဆင့်ခြေလှမ်းများတွင် မတရားစွာပြုသူများနှင့် ခပ်ခွာခွာနေခြင်း၊ မှတ်ခြင်း၊ ပေါင်းသင်းမှုရပ်စဲခြင်း၊ ထိုသို့ပြုသည့်တိုင် ညီအစ်ကိုများအဖြစ် သတိပေးခြင်းတို့ပါဝင်ခဲ့သည်။ အဘယ်အရာက အဆိုပါခြေလှမ်းများကို အသင်းသားများအား လှမ်းစေမည်နည်း။ ယင်းကို နားလည်သဘောပေါက်ရန် အထောက်အကူတစ်ခုအနေဖြင့် ဤတွင် ပေါလုအာရုံမစူးစိုက်ခဲ့သော အခြေအနေသုံးရပ်ကို ခွဲခြားသိမြင်ကြစို့လေ။

၁။ ခရစ်ယာန်များသည် မစုံလင်သူများဖြစ်ကြရာ အားနည်းချက်များရှိကြောင်း ကျွန်ုပ်တို့သိကြသည်။ သို့တိုင် မေတ္တာသည် စစ်မှန်သောခရစ်ယာန်ဘာသာ၏အမှတ်အသားတစ်ခုဖြစ်သောကြောင့် သူတစ်ပါး၏အမှားများကို နားလည်ပြီး ခွင့်လွှတ်ရမည်ဖြစ်၏။ ဥပမာ၊ ခရစ်ယာန်တစ်ဦးသည် ဗာနဗနှင့်ပေါလုတို့စပ်ကြားဖြစ်ပေါ်ခဲ့သကဲ့သို့ ဒေါသအိုးမပေါက်ကွဲစဖူးပေါက်ကွဲခဲ့ဖူးမည်။ (တမန်တော် ၁၅:၃၆-၄၀) သို့မဟုတ် မောပန်းနွမ်းလျလွန်း၍ ကြမ်းတမ်းခက်ထန်သော စကားများပြောဆိုကောင်းပြောဆိုခဲ့ဖူးမည်။ ဤအချိန်အခါမျိုးတွင် ကျွန်ုပ်တို့သည် မေတ္တာပြကြပြီး သမ္မာကျမ်းစာဆုံးမစကားအတိုင်း လိုက်လျှောက်လုပ်ကိုင်ခြင်းအားဖြင့် အမှားများကိုဖုံးအုပ်လိုက်ကာ ခရစ်ယာန်ချင်းဖြစ်သူနှင့်အတူ ဆက်ပြီးပေါင်းသင်းနေထိုင်၍ အလုပ်လုပ်နိုင်မည်ဖြစ်သည်။ (မဿဲ ၅:၂၃-၂၅; ၆:၁၄; ၇:၁-၅; ၁ ပေတရု ၄:၈) ၂ သက်သာလောနိတ်ကျမ်းတွင် အဆိုပါအားနည်းချက်မျိုးကို ပေါလုဆိုလိုနေခြင်းမဟုတ်ကြောင်း ထင်ရှားပါသည်။

၂။ ခရစ်ယာန်တစ်ဦးသည် တစ်ဦးတစ်ယောက်၏လမ်းစဉ် သို့မဟုတ် သူ၏စိတ်ထား မကောင်းသည့်အတွက်—ဥပမာ၊ အပန်းဖြေခြင်း သို့မဟုတ် စည်းစိမ်ရှာခြင်းအပေါ် အာရုံစိုက်လွန်းသူ—နှင့်ပေါင်းသင်းမှုကိုကန့်သတ်ရန် ကိုယ်တိုင်ရွေးချယ်ပြုလုပ်သည့်အခြေအနေတစ်ခုအကြောင်း ပေါလုရေးခဲ့ခြင်းမဟုတ်ချေ။ သို့မဟုတ် မိဘတစ်ဦးသည် မိဘ၏ချုပ်ကိုင်မှုကိုဂရုမစိုက်သော၊ ကြမ်းတမ်းပြီး အန္တရာယ်ရှိသည့်နည်းဖြင့်ကစားသော၊ သို့မဟုတ် ခရစ်ယာန်ဘာသာကို အလေးအနက်မထားသော လူငယ်များနှင့် မိမိကလေး၏ပေါင်းသင်းမှုကို ကန့်သတ်ပေမည်။ ၎င်းတို့သည် နယပုံပြင် ၁၃:၂၀ ပါ “ပညာရှိတို့နှင့်ပေါင်းဖော်သောသူသည် ပညာရှိတတ်၏။ လူမိုက်တို့နှင့်ပေါင်းဖော်သောသူမူကား၊ ပျက်စီးတတ်၏” ဟူသောစကားနှင့်အညီ ကိုယ်တိုင်ဆုံးဖြတ်ချက်ချကြရမည်သာဖြစ်သည်။—၁ ကောရိန္သု ၁၅:၃၃ နှိုင်းယှဉ်။

၃။ ကြီးလေးသောအခြားအခြေအနေတစ်မျိုးနှင့်ပတ်သက်၍ ပေါလုသည် ကြီးလေးသောအပြစ်ပြုမိပြီး နောင်တမယူသူတစ်ဦးအကြောင်း ကောရိန္သုမြို့သားများထံ စာရေးခဲ့သည်။ ဤနောင်တမယူသူများကို အသင်းတော်မှ နှင်ထုတ်ကြရမည်ဖြစ်သည်။ “ဆိုးညစ်သော” သူသည် စာတန်လက်သို့အပ်နှင်းခံရမည်ဖြစ်သည်။ ထို့နောက် သစ္စာစောင့်သိသော ခရစ်ယာန်များသည် ဤဆိုးညစ်သူများနှင့် မပေါင်းဖော်ကြရပါ; ထိုသူတို့ကို နှုတ်ပင်မဆက်ရဟု တမန်တော်ယောဟန်က ခရစ်ယာန်များကို တိုက်တွန်းခဲ့သည်။ (၁ ကောရိန္သု ၅:၁-၁၃; ၂ ယောဟန် ၉-၁၁) သို့ရာတွင် ၎င်းသည်လည်း ၂ သက်သာလောနိတ် ၃:၁၄ နှင့်မကိုက်ညီချေ။

အထက်တွင်ဖော်ပြထားသော အခြေအနေသုံးရပ်သည် ၂ သက်သာလောနိတ်တွင် ဆွေးနွေးထားသည့် “မတရားစွာပြုသောသူ” များကိစ္စနှင့် ကွဲပြားခြားနားသည်။ ဤသူတို့သည် သတိပေးခံရဖို့လိုသည့် ‘ညီအစ်ကိုများ’ ဖြစ်နေကြသေး၍ သူတို့နှင့်ထိုသို့ပြုမူဆက်ဆံရမည်ဟု ပေါလုရေးခဲ့၏။ သို့ဖြင့် “မတရားစွာပြုသော” ညီအစ်ကိုများနှင့်ဖြစ်သောပြဿနာသည် ခရစ်ယာန်အချင်းချင်းစပ်ကြားဖြစ်သည့် ကိုယ်ရေးကိုယ်တာကိစ္စလည်းမဟုတ်၊ ကောရိန္သုမြို့၌ ကိုယ်ကျင့်တရားယိုယွင်းခြင်းနှင့်ပတ်သက်ပြီး ပေါလုဖြေရှင်းခဲ့ရသကဲ့သို့ အသင်းတော်အကြီးအကဲများက အရေးယူဆောင်ရွက်ပြီး နှင်ထုတ်ရသည့်အထိလည်း အပြစ်မကြီးလေးချေ။ “မတရားစွာပြုသော” သူများသည် ကောရိန္သုမြို့တွင် နှင်ထုတ်ခံရသူနည်းတူ ကြီးလေးသောအပြစ်ပြုသူမဟုတ်ပါ။

သက်သာလောနိတ်မြို့မှ “မတရားစွာပြုသော” သူများသည် ခရစ်ယာန်ဘာသာမှ သိသိသာသာသွေဖည်နေကြသည်။ သူတို့သည် ခရစ်တော်ပြန်လည်ရောက်ရှိတော့မည်ဟု ယူမှတ်ထားသောကြောင့်ဖြစ်စေ၊ ပျင်းရိကြသောကြောင့်ဖြစ်စေ အလုပ်မလုပ်ကိုင်ကြချေ။ ထို့ပြင် ‘သူတို့နှင့်မဆိုင်သောအမှု၌ရောနှောခြင်း’ အားဖြင့် အတော်ပင်အနှောင့်အယှက်ပေးနေကြသည်။ ပေါလု၏ပထမစာထဲမှအကြံဉာဏ်နှင့် ဘုရားသခင်ရေးရာအခြားအကြံဉာဏ်တို့နှင့်အညီ အသင်းတော်အကြီးအကဲများသည် သူတို့ကိုထပ်ခါထပ်ခါဆုံးမခဲ့ဖူးပေမည်။ (သု. ၆:၆-၁၁; ၁၀:၄၊ ၅; ၁၂:၁၁၊ ၂၄; ၂၄:၃၀-၃၄) သို့တိုင် သူတို့သည် အသင်းတော်ကိုအသရေပျက်စေပြီး အခြားခရစ်ယာန်များထံကူးစက်သွားနိုင်သည့်လမ်းစဉ်အတိုင်း ဆက်လုပ်ခဲ့၏။ ထို့ကြောင့် ခရစ်ယာန်အကြီးအကဲဖြစ်သူပေါလုသည် တစ်ဦးချင်းစီ၏အမည်ကိုမဖော်ဘဲ သူတို့၏မတရားသောအပြုအမူကို လူသိရှင်ကြားဖြစ်စေ၍ သူတို့၏လမ်းမှားကို ဖော်ထုတ်ခဲ့သည်။

ထို့ပြင် ခရစ်ယာန်တစ်ဦးချင်းစီအနေဖြင့် မတရားစွာပြုသူကို ‘မှတ်သား’ ရန်သင့်လျော်ကြောင်း အသင်းတော်ကိုလည်း သူအသိပေးခဲ့သည်။ ၎င်းသည် အသင်းတော်သတိပြုစေရန် ကြေညာထားသည့်လမ်းစဉ်ကို လိုက်လျှောက်နေသူများအား တစ်ဦးချင်းစီ သတိပြုသင့်သည်ဟုဆိုနေခြင်းဖြစ်သည်။ “မတရားစွာပြုသော ညီအစ်ကိုရှိသမျှတို့ကို ရှောင်ကြ” ဖို့ပေါလုအကြံဉာဏ်ပေးခဲ့သည်။ သို့သော် သူတို့ကို “ညီအစ်ကိုကဲ့သို့မှတ်၍ သတိပေး” ရမည်ဖြစ်သောကြောင့် ထိုသို့သောသူကို လုံးဝရှောင်ဖယ်ဖို့ ဆိုလိုနေခြင်းမဟုတ်နိုင်သည်မှာ သေချာပါသည်။ အစည်းအဝေးများနှင့် ခရစ်ယာန်ဓမ္မအမှု၌ ဆက်၍ဆက်သွယ်မှုရှိနေပေမည်။ ထိုညီအစ်ကိုသည် သတိပေးချက်ကို လက်ခံပြီး သူ၏နှောင့်ယှက်နည်းများကို စွန့်ပယ်မည်ဟု မျှော်လင့်နိုင်ကြပါသည်။

အဘယ်သဘောဖြင့် သူ့ကို “ရှောင်” ကြရမည်နည်း။ လူမှုဆက်ဆံရေးအရဖြစ်ကြောင်း ထင်ရှားပါသည်။ (ဂလာတိ ၂:၁၂ နှိုင်းယှဉ်။) သူနှင့်အတူလူမှုဆက်ဆံရေးမပြု၊ အပန်းမဖြေခြင်းတို့က သူ့လမ်းစဉ်ကို ကျင့်စဉ်လိုက်နာသူများ မကြိုက်မနှစ်သက်ကြောင်း သူ့အားသိစေမည်ဖြစ်သည်။ သူသည် ရှက်ကြောက်ပြီး မပြောင်းလဲသော်လည်း အနည်းဆုံးတော့ သူ့ကဲ့သို့ ဖြစ်လာဖို့ သူ့လမ်းစဉ်ကို အခြားသူများ သင်ယူကြလိမ့်မည်မဟုတ်ချေ။ တစ်ချိန်တည်း၌ပင် ဤခရစ်ယာန်တစ်ဦးချင်းစီအနေနှင့် အပြုသဘောရှိရှိပြုမူသင့်သည်။ ပေါလုက “ညီအစ်ကိုတို့၊ အားလျော့စိတ်ပျက်ခြင်းမရှိဘဲ ကောင်းသောအကျင့်ကို ကျင့်ကြလော့” ဟူ၍ သူတို့ကိုအကြံပေးခဲ့၏။—၂ သက်သာလောနိတ် ၃:၁၃။

ရှင်းနေသည်မှာ၊ အဆိုပါတမန်တော်၏ဆုံးမစကားသည် အသေးအဖွဲအမှား သို့မဟုတ် အသေးအဖွဲအမှားအယွင်းတစ်ခုခုပြုလုပ်မိသော ကျွန်ုပ်တို့၏ညီအစ်ကိုများကို နှိမ်ဖို့ သို့မဟုတ် ပြစ်တင်ဝေဖန်ဖို့ အကြောင်းရှိစေသည်မဟုတ်ပါ။ ယင်းအစား၊ ၎င်း၏ရည်ရွယ်ချက်မှာ ခရစ်ယာန်ဘာသာနှင့်သိသိသာသာဆန့်ကျင်သည့် အနှောင့်အယှက်ဖြစ်စေသောလမ်းစဉ်လိုက်သူကို ကူညီပေးရန်ဖြစ်သည်။

ပေါလုသည် ရှုပ်ထွေးသောလုပ်ထုံးလုပ်နည်းများကို တီထွင်ဖို့ကြိုးစားနေသည့်အလား အသေးစိတ်စည်းမျဉ်းများထုတ်နေခြင်းမဟုတ်ခဲ့ချေ။ သို့သော် မတရားစွာပြုသူကို အကြီးအကဲများသည် ဦးစွာဆုံးမပြီး ကြိုးစားကူညီပေးသင့်သည်ကား ထင်ရှားပါသည်။ အကယ်၍ သူတို့၏ကြိုးစားမှုသည် မအောင်မြင်၊ ထိုသူသည် ဆက်နှောင့်ယှက်နေပြီး ပျံ့နှံ့နိုင်စရာအကြောင်းရှိပါက အသင်းတော်ကို သတိပေးသင့်သည်ဟု သူတို့ဆုံးဖြတ်ချက်ချကြပေမည်။ ထိုသို့သောမတရားစွာပြုမူခြင်းကို အဘယ်ကြောင့်ရှောင်ရမည်ဖြစ်ကြောင်း ဟောပြောချက်ပေးရန် သူတို့စီစဉ်နိုင်သည်။ အမည်များကို ထုတ်ဖော်မည်မဟုတ်ကြသော်လည်း သူတို့၏သတိပေးဟောပြောချက်သည် အသင်းတော်ကိုကာကွယ်ပေးရန် အကူအညီဖြစ်လိမ့်မည်။ အကြောင်းမှာ သတိပေးချက်ကိုလက်ခံသူများသည် ထိုသို့သောမတရားစွာပြုသူ မည်သူမဆိုနှင့် လူမှုရေးအရဆက်ဆံမှုကိုကန့်သတ်ရန် အထူးဂရုစိုက်ကြလိမ့်မည်ဖြစ်သည်။

အတန်ကြာသော် မတရားစွာပြုသူသည် သူ့အပြုအမူများကြောင့် ရှက်ကြောက်ကာ ပြောင်းလဲလာလိမ့်မည်ဟု မျှော်လင့်ပါသည်။ အသင်းတော်အကြီးအကဲများနှင့် အခြားသူများသည် ထိုပြောင်းလဲမှုကို မြင်တွေ့လာကြသည်နှင့်အမျှ သူနှင့်ပေါင်းသင်းမှုကို မကန့်သတ်တော့ရန် တစ်ဦးချင်းစီအနေနှင့်ဆုံးဖြတ်နိုင်ကြပါသည်။

ထို့ကြောင့် အချုပ်အားဖြင့်– တစ်ဦးတစ်ယောက်သည် မတရားစွာပြုနေပါက အသင်းတော်အကြီးအကဲများသည် ကူညီပေးဖို့နှင့်ဆုံးမဖို့အတွက် ဦးစီးဦးဆောင်ပြုကြသည်။ သူ့အမှားကို သူမမြင်ဘဲ မကောင်းသောနည်းဖြင့် ဆက်၍သြဇာလွှမ်းမိုးနေမည်ဆိုပါက အကြီးအကဲများသည် ကျမ်းစာရှုထောင့်—မယုံကြည်သူများကိုချိန်းတွေ့ ခြင်း၊ သို့မဟုတ် မတော်လျော်သောမည်သည့်လမ်းစဉ်ပင်ဖြစ်စေ—ကိုရှင်းလင်းပြတ်သားစွာ ဖော်ပြသည့်ဟောပြောချက်ပေးခြင်းဖြင့် အသင်းတော်ကို သတိပေးကြပေမည်။ (၁ ကောရိန္သု ၇:၃၉; ၂ ကောရိန္သု ၆:၁၄) သတိပေးခံရသောအသင်းတော်ရှိ ခရစ်ယာန်များသည် မတရားစွာပြုသောလမ်းစဉ်ကို သိသိသာသာလိုက်လျှောက်နေကြသည့် ညီအစ်ကိုဖြစ်နေသေးသူများနှင့်ပေါင်းသင်းခြင်းကို ကန့်သတ်ရန် တစ်ဦးချင်းစီအနေနှင့်ဆုံးဖြတ်နိုင်ကြပါသည်။

[အောက်ခြေမှတ်ချက်များ]

a ဂရိစကားလုံးကို စစ်စည်းကမ်းမလိုက်နာသောစစ်သားများ၊ အတန်းမတက်သောကျောင်းပြေးသူများတို့နှင့်ပတ်သက်၍ အသုံးပြုခဲ့သည်။

[စာမျက်နှာ ၃၁ ပါ ရုပ်ပုံ]

ခရစ်ယာန်အကြီးအကဲများသည်မတရားစွာပြုသူများကို သတိပေးသည်၊ သို့တိုင် သူတို့ကို ယုံကြည်သူချင်းများကဲ့သို့ ယူမှတ်ကြ၏

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ