ယေဟောဝါသည် ကျွန်ုပ်တို့ထံမှယနေ့အဘယ်အရာတောင်းဆိုသနည်း
“‘ဤသူသည် ငါနှစ်သက်မြတ်နိုးရာ၊ ငါ၏ချစ်သားပေတည်း။ သူ၏စကားကိုနားထောင်ကြလော့’ ဟုမိုးတိမ်ကအသံတော်ဖြစ်လေ၏။”—မဿဲ ၁၇:၅။
၁။ ပညတ်တရား၏ရည်ရွယ်ချက် မည်သည့်အချိန်တွင် ပြည့်ဝသွားသနည်း။
ယေဟောဝါသည် ဣသရေလလူမျိုးအား ကဏ္ဍအများအပြားပါသည့် ပညတ်တရားကို ပေးခဲ့သည်။ ယင်းတို့နှင့်ပတ်သက်ပြီး တမန်တော်ပေါလုက ဤသို့ရေးသားလိုက်သည်– “ကိုယ်ခန္ဓာနှင့်ဆိုင်သောအထုံးအဖွဲ့များနှင့်တကွ အသစ်ပြုပြင်ခြင်းကာလတိုင်ရုံမျှသာ တည်ရကြ၏။” (ဟေဗြဲ ၉:၁၀) ပညတ်တရားက ဣသရေလကျန်ကြွင်းသူများကို ယေရှုအား မေရှိယ သို့မဟုတ် ခရစ်တော်အဖြစ် လက်ခံသွားစေသောအချိန်တွင် ယင်း၏ရည်ရွယ်ချက် ပြည့်ဝသွားသည်။ ထို့ကြောင့် ပေါလုက ဤသို့ကြွေးကြော်ခဲ့သည်– “ခရစ်တော်သည် ပညတ်တရား၏ဆုံးခြင်းအကြောင်းဖြစ်တော်မူ၏။”—ရောမ ၁၀:၄၊ သမ္မာ; ဂလာတိ ၃:၁၉-၂၅; ၄:၄၊ ၅။
၂။ မည်သူများသည် ပညတ်တရားအောက်တွင်ရှိခဲ့သနည်း၊ အဘယ်အချိန်တွင် ယင်း၏အောက်မှလွတ်မြောက်ခဲ့ကြသနည်း။
၂ ယင်းကြောင့် ပညတ်တရားသည် ယနေ့ ကျွန်ုပ်တို့ကို မချုပ်နှောင်ဟုဆိုလိုသလော။ အမှန်မှာ လူသားအများစုသည် ဆာလံဆရာရှင်းပြသကဲ့သို့ပင် ပညတ်တရားအောက်တွင်မရှိခဲ့ကြပေ– “နှုတ် [မြွက်] အမိန့်တော်ကို ယာကုပ်အမျိုး၌လည်းကောင်း၊ စီရင်ထုံးဖွဲ့တော်မူချက်များကို ဣသရေလအမျိုး၌လည်းကောင်း ဖော်ပြတော်မူ၏။ အခြားတစ်ပါးသောအမျိုးသားတို့၌ ထိုသို့ပြုတော်မမူ။ စီရင်တော်မူချက်များကို သူတို့မသိရကြ။” (ဆာလံ ၁၄၇:၁၉၊ ၂၀) ဘုရားသခင်သည် ယေရှု၏ယဇ်သကာပေါ်အခြေပြုပြီး ပဋိညာဉ်သစ်ကို ပြဋ္ဌာန်းလိုက်ချိန်တွင် ဣသရေလလူမျိုးပင် ပညတ်တရားကိုလိုက်နာရန် တာဝန်မရှိတော့ပေ။ (ဂလာတိ ၃:၁၃; ဧဖက် ၂:၁၅; ကောလောသဲ ၂:၁၃၊ ၁၄၊ ၁၆) သို့ဖြစ်၍ ပညတ်တရားသည် ချုပ်နှောင်ခြင်းမရှိတော့လျှင် ယေဟောဝါသည် ယနေ့ ကိုယ်တော်၏အမှုတော်ထမ်းလိုသူများထံမှ အဘယ်အရာတောင်းဆိုသနည်း။
ယေဟောဝါတောင်းဆိုသည့်အရာ
၃၊ ၄။ (က) ယေဟောဝါသည် ယနေ့ ကျွန်ုပ်တို့ထံမှ အခြေခံအားဖြင့် အဘယ်အရာကိုတောင်းဆိုတော်မူသနည်း။ (ခ) ယေရှု၏ခြေရာအတိုင်း အဘယ်ကြောင့်ထက်ကြပ်မကွာလိုက်သင့်သနည်း။
၃ ယေရှု၏ဓမ္မအမှုနောက်ဆုံးနှစ်အတွင်း ကိုယ်တော်၏တမန်တော်များဖြစ်ကြသော ပေတရု၊ ယာကုပ်နှင့်ယောဟန်တို့သည် ကိုယ်တော်နှင့်အတူ ဟေရမုန်တောင်စွယ်ဖြစ်ဖွယ်ရှိသည့် မြင့်မားသောတောင်တစ်လုံးပေါ်သို့ တက်သွားကြသည်။ ထိုတွင်သူတို့သည် ဘုန်းထွန်းတောက်သောယေရှု၏ ပရောဖက်ပြုအာရုံမြင်ကွင်းတစ်ခုကို တွေ့မြင်ခဲ့ကြသည့်အပြင် “ဤသူသည် ငါနှစ်သက်မြတ်နိုးရာ၊ ငါ၏ချစ်သားပေတည်း။ သူ၏စကားကိုနားထောင်ကြလော့” ဟုကြေညာသည့် ဘုရားသခင်ကိုယ်တိုင်၏အသံတော်ကိုပါကြားခဲ့ကြရသည်။ (မဿဲ ၁၇:၁-၅) အခြေခံအားဖြင့် ယင်းသည် ကျွန်ုပ်တို့ထံမှ ယေဟောဝါတောင်းဆိုနေသည့်အရာ—ကိုယ်တော်၏သားတော်စကားကို နားထောင်ကာ သူ၏ပုံသက်သေနှင့် သွန်သင်ချက်များကို လိုက်နာရန်—ဖြစ်သည်။ (မဿဲ ၁၆:၂၄) ထို့ကြောင့် တမန်တော်ပေတရုက ဤသို့ရေးသားလိုက်သည်– “ခရစ်တော်သည် ငါတို့အတွက်ခံတော်မူသည်ဖြစ်၍၊ ခြေ . . . ရာကိုလျှောက်လိုက်စေခြင်းငှာ ပုံသက်သေကိုထားတော်မူပြီ။”—၁ ပေတရု ၂:၂၁။
၄ ကျွန်ုပ်တို့သည် ယေရှု၏ခြေရာကို အဘယ်ကြောင့်ထက်ကြပ်မကွာလိုက်လျှောက်သင့်သနည်း။ ကိုယ်တော့်ကိုတုပခြင်းသည် ယေဟောဝါအားတုပနေခြင်းဖြစ်သောကြောင့်တည်း။ ယေရှုသည် ဤကမ္ဘာသို့မလာမီ ကောင်းကင်တွင် နှစ်သန်းပေါင်းမရေမတွက်နိုင်အောင် ခမည်းတော်နှင့်အတူနေခဲ့သောကြောင့် ကိုယ်တော့်အားသိကျွမ်းခဲ့သည်။ (သု. ၈:၂၂-၃၁; ယောဟန် ၈:၂၃; ၁၇:၅; ကောလောသဲ ၁:၁၅-၁၇) ကမ္ဘာပေါ်ရှိစဉ် ယေရှုသည် မိမိ၏ခမည်းတော်ကို သစ္စာရှိရှိကိုယ်စားပြုခဲ့သည်။ သူက ဤသို့ရှင်းပြခဲ့သည်– “ငါ့ခမည်းတော်သည် ငါ့အားနည်းပေးတော်မူသည်အတိုင်း ငါဟောပြောသည်။” အမှန်မှာ ယေရှုက “ငါ့ကိုမြင်သောသူသည် ခမည်းတော်ကိုမြင်၏” ဟုပြောနိုင်သည်အထိ ယေဟောဝါအား တစ်ချက်မလွဲကိုယ်တော်တုပခဲ့သည်။—ယောဟန် ၈:၂၈; ၁၄:၉။
၅။ ခရစ်ယာန်များသည် အဘယ်တရားအောက်၌ရှိကြသနည်း၊ ထိုတရားသည် အဘယ်အချိန်တွင် စတင်အကျိုးသက်ရောက်လာသနည်း။
၅ ယေရှု၏စကားကိုနားထောင်ခြင်းနှင့် ကိုယ်တော်အားတုပခြင်းတွင် အဘယ်အရာပါဝင်သနည်း။ ပညတ်တစ်ခုအောက်ရောက်ခြင်းကို ဆိုလိုသလော။ ပေါလုဤသို့ရေးသားခဲ့သည်– “ပညတ်တရားအောက်၌ ကိုယ်တိုင်မရှိ။” ဤတွင် “ပဋိညာဉ်တရားဟောင်း” ခေါ် ဣသရေလလူမျိုးနှင့်ပြုခဲ့သည့် ပညတ်ပဋိညာဉ်ကို သူရည်ညွှန်းနေခြင်းဖြစ်သည်။ မိမိသည် “ခရစ်တော်၏တရားအောက်၌ရှိ” ကြောင်း ပေါလုအသိအမှတ်ပြုခဲ့သည်။ (၁ ကောရိန္သု ၉:၂၀၊ ၂၁၊ သမ္မာ; ၂ ကောရိန္သု ၃:၁၄၊ သမ္မာ) ပဋိညာဉ်တရားဟောင်းအဆုံးတိုင်ခြင်းနှင့်အတူ ယနေ့ယေဟောဝါ၏ကျေးကျွန်အားလုံး နာခံရန်တာဝန်ရှိသည့် “ပဋိညာဉ်တရားသစ်” သည် ယင်း၏ “ခရစ်တော်၏တရား” နှင့်အတူ အကျိုးသက်ရောက်လာသည်။—လုကာ ၂၂:၂၀; ဂလာတိ ၆:၂; ဟေဗြဲ ၈:၇-၁၃။
၆။ “ခရစ်တော်၏တရား” ကို မည်သို့ဖော်ပြနိုင်သနည်း၊ ယင်းကို ကျွန်ုပ်တို့ မည်သို့နာခံနိုင်သနည်း။
၆ ယေဟောဝါသည် “ခရစ်တော်၏တရား” ကို ပညတ်ပဋိညာဉ်ဟောင်းကဲ့သို့ ဥပဒေစည်းမျဉ်းပုံစံဖြင့် ရေးချထားခြင်း၊ အမျိုးအစားများ ခွဲခြားဖွဲ့စည်းထားခြင်း မပြုခဲ့ချေ။ ခရစ်တော်၏နောက်လိုက်များအတွက်ဖြစ်သော ဤပညတ်တရားသစ်တွင် ပြုရန်မပြုရန်အသေးစိတ်စည်းမျဉ်းစည်းကမ်းများမပါချေ။ သို့သော် ယေဟောဝါသည် မိမိ၏နှုတ်မြွက်စကားတော်တွင် သားတော်၏ဘဝနှင့် သူ၏သွန်သင်ချက်များဆိုင်ရာ အကျယ်တဝင့်မှတ်တမ်းတင်ချက်လေးခုကို မပျောက်မပျက်စေရန် ထိန်းသိမ်းထားတော်မူခဲ့သည်။ ထို့အပြင် ဘုရားသခင်သည် ယေရှု၏အစောပိုင်းနောက်တော်လိုက်အချို့ကို ဝိညာဉ်တော်ဖြင့်မှုတ်သွင်းကာ ကိုယ်ကျင့်တရား၊ အသင်းတော်အရေးကိစ္စများ၊ မိသားစုတွင်းအကျင့်အကြံနှင့် အခြားကိစ္စရပ်များဆိုင်ရာ ညွှန်ကြားချက်များကို ရေးသားစေခဲ့သည်။ (၁ ကောရိန္သု ၆:၁၈; ၁၄:၂၆-၃၅; ဧဖက် ၅:၂၁-၃၃; ဟေဗြဲ ၁၀:၂၄၊ ၂၅) ကျွန်ုပ်တို့သည် မိမိတို့အသက်တာကို ယေရှုခရစ်၏ပုံသက်သေ၊ ကိုယ်တော်၏သွန်သင်ချက်များနှင့်အညီအသက်ရှင်ပြီး ပထမရာစုမှ မှုတ်သွင်းခံကျမ်းရေးသူများ၏သွန်သင်ချက်များကို လိုက်နာကြမည်ဆိုလျှင် ကျွန်ုပ်တို့သည် “ခရစ်တော်၏တရား” ကိုလိုက်နာနေခြင်းပင်ဖြစ်သည်။ ယေဟောဝါသည် ယနေ့မိမိ၏ကျေးကျွန်များထံမှ ယင်းကိုတောင်းဆိုထားသည်။
မေတ္တာ၏အရေးကြီးမှု
၇။ ယေရှုသည် မိမိ၏တမန်တော်များနှင့် နောက်ဆုံးပသခါပွဲအတွင်း မိမိတရား၏အနှစ်သာရကို မည်သို့အလေးပေးဖော်ခဲ့သနည်း။
၇ မေတ္တာသည် ပညတ်တရားအောက်တွင် အရေးပါစဉ် ယင်းသည် ခရစ်တော်တရား၏လိုရင်းအချုပ်၊ အနှစ်သာရလည်းဖြစ်သည်။ ယေရှုသည် စီ.အီး. ၃၃ ပင်တေကုတ္တေပွဲကို ကျင်းပရန် မိမိတမန်တော်များနှင့်တွေ့ဆုံချိန်တွင် ဤအချက်ကို အလေးအနက်ပြုမိန့်ကြားခဲ့သည်။ ထိုည၏အဖြစ်အပျက်ကို တမန်တော်ယောဟန် အကျဉ်းချုပ်ဖော်ပြခဲ့သည့်အတိုင်း ယေရှုလှိုက်လှိုက်လှဲလှဲပြောဆိုခဲ့သောစကားတွင် မေတ္တာအကြောင်း ၂၈ ကြိမ်ပါဝင်ခဲ့သည်။ ယင်းက ကိုယ်တော်၏တမန်တော်များအား ကိုယ်တော့်ပညတ်၏ အနှစ်သာရ သို့မဟုတ် ဆိုလိုရင်းကို အလေးအနက်သိစေခဲ့သည်။ ယောဟန်သည် ထိုမှတ်သားဖွယ်ရာညနေခင်း၏ အဖြစ်အပျက်များအကြောင်းကို ဤသို့နိဒါန်းပျိုးခဲ့သည်မှာ ထူးခြားလှပေသည်– “ပသခါပွဲမခံမီ၌ ယေရှုသည် ဤလောကမှ ခမည်းတော်ထံသို့ ပြောင်းရသောအချိန်ရောက်သည်ကို သိတော်မူသည်ဖြစ်၍၊ ဤလောက၌ရှိသော မိမိလူတို့ကို ချစ်တော်မူသောကြောင့် အဆုံးတိုင်အောင် ချစ်တော်မူ၏။”—ယောဟန် ၁၃:၁။
၈။ (က) တမန်တော်များအချင်းချင်း ဆက်အငြင်းအခုံဖြစ်နေကြောင်း အဘယ်အရာက ဖော်ပြသနည်း။ (ခ) ယေရှုသည် မိမိ၏တမန်တော်များအား နှိမ့်ချမှုသင်ခန်းစာကို မည်သို့သွန်သင်ပေးခဲ့သနည်း။
၈ ယေရှုသည် မိမိ၏တမန်တော်များစိတ်ထဲရှိ အာဏာနှင့်ရာထူးရလိုသည့်ပြင်းပြသောဆန္ဒကို ဖျောက်ဖျက်ပစ်ဖို့ကြိုးစားပါသော်လည်း အောင်မြင်ပုံမရှိလျက်ပင် သူတို့ကို ကိုယ်တော်ချစ်တော်မူသည်။ ယေရုရှလင်မြို့သို့မရောက်မီလအနည်းငယ်က ‘အဘယ်သူသည် သာ၍ကြီးမြတ်အံ့နည်းဟု သူတို့ငြင်းခုံခဲ့ကြသည်။’ ထို့အပြင် ပသခါပွဲအတွက် ဤမြို့တော်ကိုမလာမီလေးတွင်ပင် ရာထူးနှင့်ပတ်သက်သည့် အငြင်းအခုံဖြစ်မှု တစ်ဖန်ပေါ်လာပြန်သည်။ (မာကု ၉:၃၃-၃၇; ၁၀:၃၅-၄၅) ယင်းသည် ဆက်ဖြစ်နေသော ပြဿနာတစ်ခုဖြစ်ကြောင်း တမန်တော်များ အတူတကွသုံးဆောင်ကြမည့် သူတို့၏နောက်ဆုံးပသခါပွဲအတွက် အထက်ခန်းမအတွင်းဝင်ပြီးနောက်ပိုင်း မကြာမီဖြစ်ပျက်ခဲ့ရာက ဖော်ပြသည်။ ထိုအချိန်တွင် ထုံးစံရှိသော အခြားသူများ၏ခြေကိုဆေးပေးသည့် ဧည့်ဝတ်ပြုအခွင့်အရေးကို မည်သူကမျှ မယူခဲ့ကြပေ။ သူတို့အား နှိမ့်ချမှုသင်ခန်းစာကို သင်ပေးရန် ယေရှုကိုယ်တော်တိုင် သူတို့၏ခြေကိုဆေးပေးခဲ့သည်။—ယောဟန် ၁၃:၂-၁၅; ၁ တိမောသေ ၅:၉၊ ၁၀။
၉။ နောက်ဆုံးပသခါပွဲအပြီး ဖြစ်ပျက်ခဲ့သည့်အခြေအနေကို ယေရှုမည်သို့ကိုင်တွယ်ဖြေရှင်းခဲ့သနည်း။
၉ ထိုသို့သင်ခန်းစာပေးသည့်ကြားမှ ပသခါပွဲကိုကျင်းပပြီး နီးကပ်လာပြီဖြစ်သည့် မိမိ၏သေခြင်းအောက်မေ့ရာပွဲကို ယေရှုအစပြုကျင်းပပေးပြီးနောက် အဘယ်အရာထပ်၍ဖြစ်သည်ကို သတိပြုကြည့်ပါ။ လုကာခရစ်ဝင်ကျမ်းမှတ်တမ်းက ဤသို့ဆိုသည်– “ထိုမှတစ်ပါး တပည့်တော်တို့သည် မိမိတို့တွင် အဘယ်သူသည် သာ၍ကြီးမြတ်သနည်းဟု အချင်းချင်းငြင်းခုံခြင်းရှိသည်။” တမန်တော်များကို ဒေါသထွက်ကာ မာန်မဲကြိမ်းမောင်းမည့်အစား ဤလောကရှိ အာဏာမက်အုပ်စိုးရှင်များနှင့်ကွာခြားရန်လိုကြောင်း ကြင်နာစွာသွန်သင်ပေးခဲ့သည်။ (လုကာ ၂၂:၂၄-၂၇) ထိုအချိန်တွင် ကိုယ်တော်သည် ခရစ်တော်တရား၏အုတ်မြစ်ကျောက်ဟုခေါ်နိုင်သည့်ပညတ်ကို ဤသို့မိန့်တော်မူ၍ပေးခဲ့သည်– “သင်တို့သည် အချင်းချင်းတစ်ယောက်ကိုတစ်ယောက်ချစ်ကြလော့။ ငါသည် သင်တို့ကိုချစ်သည်နည်းတူ အချင်းချင်းချစ်ကြလော့ဟု ပညတ်သစ်ကိုငါပေး၏။”—ယောဟန် ၁၃:၃၄။
၁၀။ ယေရှုသည် မိမိ၏တပည့်တော်များကို အဘယ်ပညတ်ချက်ပေးခဲ့သနည်း၊ ယင်းတွင် အဘယ်ရာပါဝင်ပတ်သက်သနည်း။
၁၀ ထိုညနေ၏နောက်ပိုင်း၌ ခရစ်တော်နည်းတူချစ်ခြင်းကို အဘယ်အထိတင်ပြသင့်ကြောင်း ယေရှုထောက်ပြခဲ့သည်။ ကိုယ်တော်က ဤသို့မိန့်ကြားခဲ့သည်– “ငါ့ပညတ်ဟူမူကား၊ ငါသည် သင်တို့ကိုချစ်သည်နည်းတူ၊ သင်တို့သည် အချင်းချင်းချစ်ကြလော့။ ကိုယ်အဆွေတို့အဖို့အလိုငှာ ကိုယ်အသက်ကိုစွန့်ခြင်းမေတ္တာထက် သာ၍မြတ်သောမေတ္တာသည် အဘယ်သူ၌မျှမရှိ။” (ယောဟန် ၁၅:၁၂၊ ၁၃) မိမိ၏နောက်တော်လိုက်များသည် အခြေအနေကတောင်းဆိုလာလျှင် ယုံကြည်သူချင်း၏အကျိုးအတွက် အသက်ပေးလိုသည့်စိတ်ရှိသင့်ကြောင်း ယေရှုမိန့်ကြားနေခြင်းလော။ ထိုအချိန်တွင် မျက်မြင်သက်သေဖြစ်ခဲ့သူယောဟန်က နောက်ပိုင်းတွင် ဤသို့ရေးသားလိုက်သည့်အတွက် ထိုအတိုင်းပင်နားလည်ခြင်းဖြစ်သည်– “[ယေရှု] ခရစ်တော်သည် ငါတို့အဖို့အလိုငှာ အသက်တော်ကိုစွန့်တော်မူသည်အရာကို ငါတို့သည်ထောက်၍၊ မေတ္တာတော်ကိုသိရကြပြီ။ ငါတို့သည်လည်း ညီအစ်ကိုချင်းတို့အဖို့အလိုငှာ အသက်ကိုစွန့်ရကြ၏။”—၁ ယောဟန် ၃:၁၆။
၁၁။ (က) ခရစ်တော်၏တရားကို ကျွန်ုပ်တို့မည်သို့ကျင့်စောင့်ကြသနည်း။ (ခ) အဘယ်စံနမူနာကို ယေရှုပေးခဲ့သနည်း။
၁၁ ထို့ကြောင့် ကျွန်ုပ်တို့သည် ကိုယ်တော်အကြောင်း အခြားသူများအား သင်ကြားပေးရုံလေးဖြင့် ခရစ်တော်၏တရားကို ကျင့်စောင့်ရာမကျပေ။ ယေရှုကဲ့သို့နေထိုင်ကျင့်ကြံဖို့လည်းလိုသည်။ ယေရှုသည် မိမိ၏ဟောပြောချက်များတွင် စကားလုံးလှလှ ရွေးချယ်သုံးနှုန်းခဲ့သည်မှာအမှန်ပင်။ သို့တိုင် ပုံသက်သေအားဖြင့်လည်း သွန်သင်ပေးတော်မူသည်။ ကိုယ်တော်သည် ကောင်းကင်တွင် တန်ခိုးကြီးသောနာမ်ဝိညာဉ်ဖြစ်ခဲ့သော်လည်း ကမ္ဘာပေါ်တွင် ခမည်းတော်၏အကျိုးစီးပွားကိုလုပ်ဆောင်ရန်နှင့် ကျွန်ုပ်တို့မည်သို့အသက်ရှင်နေထိုင်သင့်ကြောင်းကိုပြသရန် အခွင့်ထူးကို လှမ်းယူခဲ့သည်။ ကိုယ်တော်သည် နှိမ့်ချမှုရှိသည်၊ ကြင်နာတတ်ကာ ထောက်ထားစာနာ၍ ဝန်လေးပြီး အဖိအနှိပ်ခံရသူများကို ကူညီပေးခဲ့သည်။ (မဿဲ ၁၁:၂၈-၃၀; ၂၀:၂၈; ဖိလိပ္ပိ ၂:၅-၈; ၁ ယောဟန် ၃:၈) ယေရှုက မိမိသည် သူတို့အပေါ်ချစ်သကဲ့သို့ အချင်းချင်းချစ်ကြရန် နောက်တော်လိုက်များကို တိုက်တွန်းခဲ့သည်။
၁၂။ ခရစ်တော်၏တရားသည် ယေဟောဝါအားချစ်ရန်လိုအပ်ချက်ကို လျှော့မပစ်လိုက်ဟု အဘယ်ကြောင့်ဆိုနိုင်သနည်း။
၁၂ ယေဟောဝါအားချစ်ခြင်း—ပညတ်တရား၏အကြီးမြတ်ဆုံးပညတ်—သည် ခရစ်တော်၏တရားတွင် အဘယ်နေရာတွင်ရှိသနည်း။ (မဿဲ ၂၂:၃၇၊ ၃၈; ဂလာတိ ၆:၂) ဒုတိယနေရာတွင်လော။ လုံးဝမဟုတ်! ယေဟောဝါအားချစ်ခြင်းနှင့် ခရစ်ယာန်ချင်းတို့ကို ချစ်ခြင်းတို့သည် ခွဲခြား၍မရနိုင်လောက်အောင် ဆက်စပ်နေသည်။ တမန်တော်ယောဟန်က “တစ်စုံတစ်ယောက်သောသူက၊ ‘ငါသည် ဘုရားသခင်ကိုချစ်၏’ ဟုဆိုလျက်ပင် မိမိညီအစ်ကိုကိုမုန်းလျှင်၊ ထိုသူသည် မုသာကိုသုံးသောသူဖြစ်၏။ မိမိမြင်ရသောညီအစ်ကိုကိုမချစ်လျှင်၊ မမြင်သေးသောဘုရားသခင်ကို အဘယ်သို့ချစ်နိုင်မည်နည်း” ဟုတင်ပြထားရာ မိမိညီအစ်ကိုကိုမချစ်သောသူသည် ယေဟောဝါအား အမှန်ပင်ချစ်နိုင်မည်မဟုတ်ပေ။—၁ ယောဟန် ၄:၂၀; ၁ ယောဟန် ၃:၁၇၊ ၁၈ နှိုင်းယှဉ်။
၁၃။ ယေရှု၏ပညတ်သစ်ကို တပည့်တော်များနာခံခြင်း၏အကျိုးဆက်ကား အဘယ်နည်း။
၁၃ ယေရှုက မိမိချစ်သကဲ့သို့ မိမိ၏တပည့်တော်များလည်း အချင်းချင်းချစ်ကြရန်ပညတ်သစ်ကိုပေးသည့်အခါ ယင်းကြောင့်ရရှိလာမည့်အကျိုးဆက်ကို ဖော်ပြခဲ့သည်။ “သင်တို့သည်အချင်းချင်းချစ်ကြလျှင်၊ လူအပေါင်းတို့သည် ထိုမေတ္တာကိုထောက်၍ သင်တို့သည် ငါ၏တပည့်ဖြစ်သည်ကို သိရကြလိမ့်မည်” ဟုကိုယ်တော်မိန့်တော်မူ၏။ (ယောဟန် ၁၃:၃၅) ယေရှုသေဆုံးပြီးနောက် အနှစ်တစ်ရာကျော်အကြာတွင်အသက်ရှင်ခဲ့သော တာတူလျန်အဆိုအရ အစောပိုင်းခရစ်ယာန်များ၏ ညီအစ်ကိုရင်းမေတ္တာသည် ထိုသို့ပင်အကျိုးသက်ရောက်ခဲ့သည်။ ခရစ်တော်၏နောက်တော်လိုက်များအကြောင်း ခရစ်ယာန်မဟုတ်သူများက ဤသို့ပြောကြဆိုကြသည်ဟု တာတူလျန်က ဤသို့ကိုးကားဖော်ပြသည်– ‘ကြည့်စမ်း၊ သူတို့အချင်းချင်းချစ်လိုက်ကြတာ၊ တစ်ယောက်အတွက်တစ်ယောက် အသက်ပေးဖို့တောင်အသင့်ပဲ။’ ‘ငါသည် ယေရှု၏တပည့်တစ်ဦးဖြစ်ကြောင်း ထင်ရှားပေါ်လွင်စေသည့်အထိ ခရစ်ယာန်ချင်းတို့ကို ထိုသို့သောမေတ္တာမျိုးပြသလော’ ဟူ၍မိမိကိုယ်ကိုမေးနိုင်သည်။
ကျွန်ုပ်တို့၏မေတ္တာကို သက်သေပြပုံ
၁၄၊ ၁၅။ အဘယ်အရာက ခရစ်တော်၏တရားကို လိုက်နာဖို့ခက်ခဲစေမည်နည်း၊ သို့သော် ထိုသို့လိုက်နာရန် အဘယ်အရာက ကျွန်ုပ်တို့ကို အထောက်အကူပေးနိုင်သနည်း။
၁၄ ယေဟောဝါ၏ကျေးကျွန်များသည် ခရစ်တော်ကဲ့သို့သောမေတ္တာမျိုးကို တင်ပြကြဖို့အရေးကြီးသည်။ သို့သော် တစ်ကိုယ်ကောင်းဆန်သည့်စရိုက်ရှိသော ခရစ်ယာန်ချင်းတို့ကို မေတ္တာပြရန် သင်အခက်တွေ့နေပါသလော။ ကျွန်ုပ်တို့တွေ့မြင်ခဲ့သည့်အတိုင်း တမန်တော်များသည်ပင် ငြင်းကြခုန်ကြ၊ မိမိတို့၏ကိုယ်ကျိုးစီးပွားတိုးပွားဖို့အတွက် ကြိုးစားခဲ့ကြသည်။ (မဿဲ ၂၀:၂၀-၂၄) ဂလာတိခရစ်ယာန်တို့လည်း အချင်းချင်းကတောက်ကဆဖြစ်ခဲ့ကြသည်။ အိမ်နီးချင်းအပေါ်ထားသည့်မေတ္တာပြခြင်းသည် ပညတ်တရားကို ကျင့်စောင့်ခြင်းဖြစ်ကြောင်း ထောက်ပြပြီးနောက် ပေါလုက သူတို့ကို ဤသို့သတိပေးသည်– “သို့မဟုတ်၊ အချင်းချင်းကိုက်စားလျှင် အချင်းချင်းဖျက်ဆီးမည်ဟုစိုးရိမ်၍ သတိရှိကြလော့။” ဇာတိအကျင့်များနှင့် ဘုရားသခင့်ဝိညာဉ်တော်၏အသီးများကို ခွဲခြားပြပြီးနောက် ဤသို့ထပ်ဆင့်၍မှာကြားခဲ့သည်– “အချည်းနှီးသောကျော်ဇောကိတ္တိကိုတပ်မက်ခြင်း၊ အချင်းချင်းချုပ်ချယ်နှောင့်ယှက်ခြင်း၊ အချင်းချင်းငြူစူခြင်းတို့ကိုရှောင်၍ နေကြကုန်အံ့။” ထို့နောက် တမန်တော်က ဤသို့တိုက်တွန်းလိုက်သည်– “ထမ်းရွက်စရာဝန်ချင်းတို့ကို အချင်းချင်းကူညီ၍ထမ်းရွက်သောအားဖြင့် ခရစ်တော်၏တရားကိုကျင့်ကြလော့။”—ဂလာတိ ၅:၁၄–၆:၂။
၁၅ ခရစ်တော်၏တရားကိုနာခံရန် တောင်းဆိုခြင်းဖြင့် ယေဟောဝါသည် ကျွန်ုပ်တို့ထံမှ မတန်တဆတောင်းဆိုနေခြင်းလော။ အမှန်မှာ မိမိတို့ကို မာဆတ်ဆတ်ပြောသူ၊ အကြီးအကျယ်ထိခိုက်နာကြည်းစရာဖြစ်အောင်လုပ်ခဲ့သူကို အကြင်နာတရားထားဖို့ ခက်နိုင်သော်လည်း ကျွန်ုပ်တို့သည် “ဘုရားသခင်၏ချစ်သားဖြစ်ကြသည်နှင့်အညီ၊ ဘုရားသခင်ကျင့်တော်မူသည်နည်းတူ ကျင့်ကြ” ရန် တာဝန်ရှိသည်။ (ဧဖက် ၅:၁၊ ၂) “ငါတို့သည် အပြစ်ရှိစဉ်ပင်၊ ခရစ်တော်သည် ငါတို့အတွက်ကြောင့် အသေခံတော်မူသည်ဖြစ်၍၊ ဘုရားသခင်သည် ငါတို့ကို အဘယ်မျှလောက်ချစ်တော်မူသည်ကို ငါတို့အား ထင်ရှားစွာပြတော်မူ” သည့်ဘုရားသခင်၏စံနမူနာတော်ကို ဆက်၍သုံးသပ်နေဖို့ လိုအပ်ပါသည်။ (ရောမ ၅:၈) ကျွန်ုပ်တို့အား ဆိုးဆိုးရွားရွားဆက်ဆံခဲ့သူများအပါအဝင် အခြားသူများကို ကိုယ်ကစ၍အကူအညီပေးခြင်းအားဖြင့် မိမိတို့သည် ဘုရားသခင်ကိုတုပနေကြောင်းနှင့် ခရစ်တော်၏တရားကို နာခံနေကြောင်းသဘောပေါက်ကာ ကျေနပ်မှုခံစားနိုင်ပါသည်။
၁၆။ ဘုရားသခင်နှင့်ခရစ်တော်တို့အပေါ်ထားသည့် ကျွန်ုပ်တို့၏မေတ္တာကို မည်သို့သက်သေပြကြသနည်း။
၁၆ ကျွန်ုပ်တို့၏မေတ္တာကို အပြောအားဖြင့်သာမကဘဲ အလုပ်အားဖြင့်ပါ သက်သေပြရမည်ဖြစ်ကြောင်း သတိရသင့်သည်။ ယေရှုပင်လျှင် တစ်ချိန်က ဘုရားသခင့်အလိုတော်၏ကဏ္ဍတစ်ရပ်ကို ယင်းနှင့်ပတ်သက်နေသည့်အကြောင်းတရားများကြောင့် လက်ခံဖို့အခက်တွေ့ခဲ့သည်။ “အိုအဘ၊ အလိုတော်ရှိလျှင် ဤခွက်ကိုအကျွန်ုပ်မှလွှဲတော်မူပါ” ဟုယေရှုဆုတောင်းခဲ့သည်။ သို့ရာတွင် အလျင်အမြန် ဤသို့ထပ်၍ဖြည့်စွက်လိုက်သည်– “သို့သော်လည်း အကျွန်ုပ်အလိုရှိသည်အတိုင်း မဖြစ်ပါစေနှင့်။ ကိုယ်တော်အလိုရှိသည်အတိုင်း ဖြစ်ပါစေသော။” (လုကာ ၂၂:၄၂) ယေရှုသည် ဝေဒနာအမျိုးမျိုးခံရသည့်ကြားတွင်ပင် ဘုရားသခင့်အလိုတော်ကိုဆောင်ခဲ့သည်။ (ဟေဗြဲ ၅:၇၊ ၈) နာခံခြင်းသည် မေတ္တာ၏အထောက်အထားဖြစ်သည့်အပြင် ဘုရားသခင်၏လမ်းစဉ်သည် အကောင်းဆုံးဖြစ်ဟု အသိအမှတ်ပြုရာရောက်သည်။ “ပညတ်တော်တို့ကိုစောင့်ခြင်းအရာသည် ဘုရားသခင်ကိုချစ်ရာရောက်၏” ဟုကျမ်းစာက ဆိုသည်။ (၁ ယောဟန် ၅:၃) ထို့အပြင် ယေရှုက “ငါ့ကိုချစ်လျှင် ငါ့ပညတ်တို့ကို စောင့်ရှောက်ကြလော့” ဟုတမန်တော်များအား မြွက်ဆိုခဲ့သည်။—ယောဟန် ၁၄:၁၅။
၁၇။ ယေရှုသည် မိမိ၏နောက်တော်လိုက်များအား အဘယ်အထူးပညတ်ချက်ကို ပေးခဲ့သနည်း၊ ယင်းသည် ယနေ့ ကျွန်ုပ်တို့နှင့်သက်ဆိုင်ကြောင်း မည်သို့သိရသနည်း။
၁၇ အချင်းချင်းချစ်ကြရန် နောက်တော်လိုက်များကို ပညတ်သည့်အပြင် ခရစ်တော်သည် သူတို့အား အဘယ်အထူးပညတ်ချက်ကိုလည်း ပေးခဲ့သနည်း။ မိမိလေ့ကျင့်ပေးထားသည့် ဟောပြောခြင်းလုပ်ငန်းကို လုပ်ကိုင်ကြရန် ပညတ်ခဲ့သည်။ ပေတရုက “လူအပေါင်းတို့အားဟောပြောကြလော့။ သက်သေခံကြလော့ဟု ငါတို့အားပညတ်ထားတော်မူ၏” ဆိုသည်။ (တမန်တော် ၁၀:၄၂) ယေရှုက ဤသို့အထူးမိန့်မှာခဲ့သည်– “သင်တို့သွား၍ လူမျိုးတကာတို့ကို ငါ့တပည့်ဖြစ်စေလျက်၊ ခမည်းတော်၊ သားတော်၊ သန့်ရှင်းသောဝိညာဉ်တော်၏နာမ၌ ဗတ္တိဇံကိုပေးကြလော့။ ငါသည် သင်တို့အားပေးသမျှသောပညတ်တော်တို့ကို စောင့်ရှောက်စေခြင်းငှာ ဆုံးမ . . . ပေးကြလော့။” (မဿဲ ၂၈:၁၉၊ ၂၀; တမန်တော် ၁:၈) ဤညွှန်ကြားချက်များသည် “အမှုကုန်ရသောကာလ” တွင်ဖြစ်သော ယခုအချိန်တွင်ရှိ ကိုယ်တော်၏နောက်တော်လိုက်များနှင့်လည်းသက်ဆိုင်မည်ဖြစ်ကြောင်း ယေရှုက ဖွင့်ပြော၍ ဤသို့မိန့်ကြားသည်– “လူမျိုးအပေါင်းတို့အားသက်သေဖြစ်မည်အကြောင်း [ဘုရားသခင့်] နိုင်ငံတော်နှင့်ယှဉ်သောဧဝံဂေလိတရားကို လောကီနိုင်ငံအရပ်ရပ်ရှိသမျှတို့၌ ဟောရလိမ့်မည်။ သို့ပြီးမှ အဆုံးသည်ဖြစ်လတ္တံ့။” (ဒံယေလ ၁၂:၄၊ သမ္မာ; မဿဲ ၂၄:၁၄) မှန်သည်၊ ကျွန်ုပ်တို့ဟောပြောကြရန် ဘုရားသခင်အလိုတော်ရှိသည်။ သို့သော် ဤလုပ်ငန်းလုပ်ရန် ကျွန်ုပ်တို့အား ဘုရားသခင်တောင်းဆိုနေခြင်းသည် မတန်တဆတောင်းနေခြင်းဖြစ်သည်ဟု အချို့ယူမှတ်ပေမည်။ သို့သော် အမှန်ပင်မတန်တဆဖြစ်သလော။
ခက်ခဲမည်ဟုထင်ရသည့်အကြောင်းရင်း
၁၈။ ယေဟောဝါတောင်းဆိုသည့်အရာကိုလုပ်သည့်အတွက် ကျွန်ုပ်တို့ဝေဒနာခံစားရသည့်အခါ အဘယ်အရာကို သတိရသင့်သနည်း။
၁၈ ကျွန်ုပ်တို့တွေ့မြင်ခဲ့ရသည့်အတိုင်း ယေဟောဝါသည် သမိုင်းတစ်လျှောက်တွင် တောင်းဆိုချက်အမျိုးမျိုးနှင့်အညီနေရန် မိမိလူမျိုးတော်အား တောင်းဆိုခဲ့သည်။ အမျိုးမျိုးလုပ်ရန် တောင်းဆိုခံခဲ့ရသကဲ့သို့ စုံစမ်းမှုအမျိုးမျိုးကိုလည်း တွေ့ကြုံခဲ့ရကြသည်။ ဘုရားသခင်၏ချစ်လှစွာသောသားတော်သည် ဘုရားသခင်တောင်းဆိုသည့်အရာကို လုပ်ဆောင်ခြင်းကြောင့် အခက်ခဲဆုံးအခြေအနေများကို တွေ့ကြုံခံစားခဲ့ရပြီး နောက်ဆုံးတွင် ရက်ရက်စက်စက်အသတ်ခံခဲ့ရသည်။ သို့သော် ယေဟောဝါက ကျွန်ုပ်တို့ထံမှတောင်းဆိုသည့်အရာကိုလုပ်သည့်အတွက် ဝေဒနာများခံစားရသည့်အခါ ကျွန်ုပ်တို့သည် ကိုယ်တော်ကြောင့်စုံစမ်းမှုများခံရသည်မဟုတ်ကြောင်း သတိရသင့်သည်။ (ယောဟန် ၁၅:၁၈-၂၀; ယာကုပ် ၁:၁၃-၁၅) စာတန်၏ပုန်ကန်မှုကြောင့် အပြစ်တရားဝင်ကာ ဝေဒနာခံစားရပြီး သေကြရရာ ယေဟောဝါသည် မိမိ၏ကျေးကျွန်များထံမှတောင်းဆိုသည့်အရာကိုလုပ်ရန် အလွန်အခက်အခဲတွေ့ရလေ့ရှိသည့် အခြေအနေများကိုဖန်သူမှာ သူသာလျှင်ဖြစ်သည်။—ယောဘ ၁:၆-၁၉; ၂:၁-၈။
၁၉။ ဘုရားသခင်သည် သားတော်မှတစ်ဆင့် ကျွန်ုပ်တို့ထံမှတောင်းဆိုသည့်အရာကို လုပ်ဆောင်ရခြင်းသည် အဘယ်ကြောင့်အခွင့်ထူးတစ်ရပ်ဖြစ်သနည်း။
၁၉ ယေဟောဝါသည် ဤဆုံးခန်းကာလတွင် လူသားအားလုံးခံစားနေကြရသောဝေဒနာကို ကုစားပေးမည့် တစ်ခုတည်းသောအရာမှာ ဘုရားသခင့်နိုင်ငံတော်အုပ်စိုးမှုဖြစ်ကြောင်း ကမ္ဘာတစ်ခွင်ကြေညာရန် မိမိ၏ကျေးကျွန်များကို သားတော်မှတစ်ဆင့် ညွှန်ကြားတော်မူသည်။ ဘုရားသခင့်ဤအစိုးရသည် ကမ္ဘာပေါ်ရှိပြဿနာအရပ်ရပ်—စစ်၊ ရာဇဝတ်မှု၊ နွမ်းပါးမှု၊ အိုမင်းမှု၊ ဖျားနာမှု၊ သေခြင်းတို့ကို သုတ်သင်ဖယ်ရှားပေးမည်။ ဘုရားသခင့်နိုင်ငံတော်သည် သေသူများပင် ပြန်ရှင်လာမည့် ဘုန်းကျက်သရေထွန်းတောက်သော မြေကြီးဥယျာဉ်ခြံကြီးပရဒိသုတစ်ခုကိုလည်း စတင်ဖြစ်ပေါ်စေမည်ဖြစ်သည်။ (မဿဲ ၆:၉၊ ၁၀; လုကာ ၂၃:၄၃; တမန်တော် ၂၄:၁၅; ဗျာဒိတ် ၂၁:၃၊ ၄) ဤအကြောင်းများနှင့်ပတ်သက်သော သတင်းကောင်းကိုကြေညာရခြင်းသည် အခွင့်ထူးတစ်ရပ်ပင်တည်း! ထို့ကြောင့် ယေဟောဝါက ကျွန်ုပ်တို့လုပ်ဆောင်ဖို့တောင်းဆိုသည့်အရာနှင့်ပတ်သက်၍ အဘယ်အခက်အခဲမျှမရှိသည်မှာ သေချာသည်။ ကျွန်ုပ်တို့တွေ့ကြုံရသည့်အတိုက်အခံမှာ စာတန်နှင့် ၎င်း၏လောကကြောင့်ဖြစ်သည်။
၂၀။ စာတန်ပြုသည့် အဘယ်စိန်ခေါ်ချက်ကိုမဆို ကျွန်ုပ်တို့မည်သို့ရင်ဆိုင်နိုင်သနည်း။
၂၀ စာတန်ပြုသည့် မည်သည့်စိန်ခေါ်ချက်ကိုမဆို ကျွန်ုပ်တို့အောင်မြင်စွာ မည်သို့ရင်ဆိုင်နိုင်မည်နည်း။ ဤစကားများကို စိတ်စွဲမှတ်ထားခြင်းအားဖြင့်ဖြစ်သည်– “ငါ့သား၊ ပညာရှိလော့။ ကဲ့ရဲ့သောသူ၏စကားကို ငါချေနိုင်အောင်၊ ငါ့စိတ်ကိုရွှင်လန်းစေလော့။” (သု. ၂၇:၁၁) ယေရှုသည် ကမ္ဘာပေါ်တွင် ခမည်းတော်၏အလိုတော်ကိုဆောင်ရန် အန္တရာယ်ကင်းသည့် ကောင်းကင်အသက်တာကို ကျောခိုင်းစွန့်ခွာခြင်းဖြင့် စာတန်၏ကဲ့ရဲ့မှုကိုချေနိုင်စေရန် ယေဟောဝါအတွက် အဖြေပေးခဲ့သည်။ (ဟေရှာယ ၅၃:၁၂; ဟေဗြဲ ၁၀:၇) လူသားတစ်ဦးအဖြစ်နှင့် ယေရှုသည် မိမိအပေါ်ကျရောက်လာသည့်စုံစမ်းမှုမှန်သမျှ၊ ညှဉ်းဆဲရာနှက်တိုင်တွင် အသေခံသည့်အထိပင် ခံရပ်ခဲ့သည်။ ကျွန်ုပ်တို့၏စံနမူနာရှင်အဖြစ် ကိုယ်တော့်နောက်လိုက်ပါက ကျွန်ုပ်တို့လည်း ဝေဒနာများကိုခံရပ်နိုင်ကာ ကျွန်ုပ်တို့ထံမှ ယေဟောဝါတောင်းဆိုသည့်အရာကို လုပ်ဆောင်နိုင်ကြမည်ဖြစ်သည်။—ဟေဗြဲ ၁၂:၁-၃။
၂၁။ ယေဟောဝါနှင့် သားတော်တို့ပြသည့်မေတ္တာနှင့်ပတ်သက်၍ ကျွန်ုပ်တို့မည်သို့ခံစားရသနည်း။
၂၁ ဘုရားသခင်နှင့် ကိုယ်တော်၏သားတော်တို့သည် ကျွန်ုပ်တို့အား အလွန်မေတ္တာပြသခဲ့သည်တကား! ယေရှု၏ယဇ်သကာကြောင့် နာခံမှုရှိသောလူသားသည် ဥယျာဉ်ခြံကြီး၌ ထာဝစဉ်အသက်ရှင်ရမည့်အလားအလာရှိလာသည်။ ထို့ကြောင့် ကျွန်ုပ်တို့၏မျှော်လင့်ချက် မှုန်ဝါးသွားစေရန် အဘယ်အရာကိုမျှခွင့်မပြုကြစို့နှင့်။ ယင်းအစား “ဘုရားသခင်၏သားတော် . . . သည်ငါ့ကိုချစ်၍ ငါ့အဖို့ကိုယ်ကိုကိုယ်စွန့်တော်မူ၏” ဟုပြောဆိုခဲ့သော ပေါလုကဲ့သို့ ကျွန်ုပ်တို့တစ်ဦးစီသည် ယေရှုဖြစ်စေခဲ့သည့်အရာကို နှလုံးသွင်းကြစို့လေ။ (ဂလာတိ ၂:၂၀) ကျွန်ုပ်တို့ထံမှ မတန်တဆမတောင်းဆိုသော မေတ္တာရှင်ယေဟောဝါအား လှိုက်လှိုက်လှဲလှဲကျေးဇူးတင်နိုင်ကြပါစေ။
သင်မည်သို့ဖြေဆိုမည်နည်း
◻ ယေဟောဝါသည် ယနေ့ ကျွန်ုပ်တို့ထံမှ အဘယ်အရာတောင်းဆိုတော်မူသနည်း။
◻ ယေရှုသည် မိမိတမန်တော်များနှင့်အတူ နောက်ဆုံးညနေတွင် မေတ္တာ၏အရေးကြီးမှုကို မည်သို့အလေးပေးဖော်ပြခဲ့သနည်း။
◻ ကျွန်ုပ်တို့သည် ဘုရားသခင်အားချစ်ကြောင်း မည်သို့သက်သေပြနိုင်သနည်း။
◻ ကျွန်ုပ်တို့ထံမှ ယေဟောဝါတောင်းဆိုသည့်အရာကိုလုပ်ခြင်းသည် အဘယ်ကြောင့်အခွင့်ထူးတစ်ရပ်ဖြစ်သနည်း။
[စာမျက်နှာ ၂၃ ပါ ရုပ်ပုံ]
ယေရှုသည် မိမိတမန်တော်တို့၏ခြေကိုဆေးပေးခြင်းအားဖြင့် အဘယ်သင်ခန်းစာကို ပေးခဲ့သနည်း
[စာမျက်နှာ ၂၅ ပါ ရုပ်ပုံ]
အတိုက်အခံကြုံရငြား သတင်းကောင်းဝေငှခြင်းသည်နှစ်ခြိုက်စရာအခွင့်ထူးဖြစ်