အသက်ပိုရှည်ဖို့ ရှာပုံတော်ဖွင့်ခြင်း
“လူသည် မိန်းမဖွားသောသူဖြစ်သဖြင့်၊အသက်တို၍ (ဆင်းရဲခြင်း) နှင့်ပြည့်စုံပါ၏။ပန်းပွင့်ကဲ့သို့ပွင့်၍ ရိတ်ဖြတ်ခြင်းကိုခံရပါ၏။မတည်မရပ်ဘဲ အရိပ်ကဲ့သို့ ရွေ့သွားတတ်ပါ၏။”—ယောဘ ၁၄:၁၊ ၂။
ဤစကားကို လွန်ခဲ့သောအနှစ် ၃,၅၀၀ ခန့်ကရေးသားခဲ့သော်လည်း အသက်တိုတောင်းခြင်းနှင့်ပတ်သက်သည့် ဤသဘောတရားကို ယနေ့ ၌ပင် ဆန့်ကျင်မည့်သူ နည်းပေမည်။ ဘဝအောင်မြင်ချိန်ကို မြည်းစမ်းပြီး အိုမင်း၍သေဆုံးသွားရခြင်းကို လူတို့အမြဲမကျေမနပ်ဖြစ်ခဲ့ကြ၏။ ထို့ကြောင့် သမိုင်းတစ်လျှောက် အသက်ပိုရှည်စေမည့်နည်းမျိုးစုံ တိုးများလာခဲ့သည်။
ယောဘခေတ်မှ အီဂျစ်လူမျိုးတို့သည် ပြန်လည်နုပျိုလာကြဖို့အတွက် တိရစ္ဆာန်များ၏ဝှေးစေ့များကို အချည်းနှီးကြိုးပမ်းစားသုံးခဲ့ကြသည်။ အလယ်ခေတ်အဂ္ဂိရတ်ပညာ၏ အဓိကပန်းတိုင်တစ်ခုမှာ အသက်ပိုရှည်စေနိုင်သော ဆေးတစ်မျိုးကိုဖော်စပ်ဖို့ဖြစ်သည်။ အဂ္ဂိရတ်ပညာရှင်များစွာတို့က လူပြုလုပ်ဖန်တီးထားသောရွှေသည် မသေနိုင်သောအသက်ကိုရစေ၍ ရွှေပန်းကန်နှင့်အစာစားခြင်းသည် အသက်ပိုရှည်စေမည်ဟု ယုံကြည်ကြ၏။ ရှေးခေတ်တရုတ်တာအိုဘုန်းတော်ကြီးများက တရားထိုင်ခြင်း၊ အသက်ရှူလေ့ကျင့်ခန်းများပြုလုပ်ခြင်းနှင့် အစာရှောင်ခြင်းစသည့်နည်းများဖြင့် ကိုယ်ခန္ဓာ၏ဓာတ်ကိုပြောင်းလဲစေနိုင်ပြီး ဤသို့ဖြင့် မသေနိုင်သောအဖြစ်ကို ရရှိမည်ဟုယူဆကြ၏။
စပိန်လူမျိုး စူးစမ်းရှာဖွေသူ ယွန်ပေါန်စ်ဒီလီယွန်သည် နုပျိုခြင်းစမ်းရေကို အတောမသတ်ရှာဖွေသူအဖြစ် လူသိများခဲ့သည်။ နွေဦးပေါက်ချိန်တွင် ပျိုမျစ်နုနယ်သောအပျိုစင်များကို အခန်းငယ်လေးတစ်ခန်း၌ထားကာ သူတို့ရှူထုတ်သည့်လေကို ပုလင်းများတွင် စုဆောင်းပြီး အသက်ရှည်ဆေးအဖြစ်အသုံးပြုရန် ၁၈ ရာစုမှ ဆရာဝန်တစ်ဦးက သူ၏ဟာမစ်ပတ်စ် ရယ်ဒီဗီးဗတ်စ်ဟူသောစာအုပ်တွင် အကြံပြုထားသည်။ ဤနည်းများတစ်ခုမျှ မအောင်မြင်ခဲ့သည်ကို ပြောဖို့မလိုပါ။
ယောဘ၏ဖော်ပြချက်ကို မောရှေမှတ်တမ်းတင်ပြီး နှစ်ပေါင်း ၃,၅၀၀ ခန့်အကြာ ယနေ့တွင် လူတို့သည် လကမ္ဘာပေါ်ခြေဆန့်ခဲ့ကြ၊ ကားများနှင့် ကွန်ပျူတာများကို တီထွင်ခဲ့ကြ၍ အက်တမ်နှင့်ဆဲလ်များကို စူးစမ်းလေ့လာခဲ့ကြပြီ။ စက်မှုပညာ ဤမျှတိုးတက်လာခဲ့သော်ငြား ကျွန်ုပ်တို့သည် “အသက်တို၍ [ဆင်းရဲခြင်း] နှင့်ပြည့်စုံ” နေဆဲဖြစ်၏။ လွန်ခဲ့သောရာစုနှစ်များတစ်လျှောက် ဖွံ့ဖြိုးသည့်နိုင်ငံများတွင် လူ့သက်တမ်းသည် တစ်မုဟုတ်ချင်းထူးခြားစွာတိုးလာသည်မှာ မှန်ပါသည်။ ဤသို့ဖြစ်ရသည့်အဓိကအကြောင်းမှာ ကျန်းမာရေးကိုပို၍ဂရုစိုက်ခြင်း၊ သာ၍ထိရောက်သောသန့်ရှင်းမှုနှင့် အာဟာရပို၍ပြည့်ဝလာသောကြောင့်ဖြစ်သည်။ ဥပမာ၊ ၁၉ ရာစုအလယ်ပိုင်းမှ ၁၉၉၀ ပြည့်လွန်နှစ်နှစ်စပိုင်းအထိ ဆွီဒင်နိုင်ငံရှိ အမျိုးသားများ၏ ပျမ်းမျှသက်တမ်းသည် ၄၀ မှ ၇၅၊ အမျိုးသမီးများ၏ ပျမ်းမျှသက်တမ်းသည် ၄၄ မှ ၈၀ အထိတိုးမြှင့်ခဲ့သည်။ သို့သော် ယင်းက အသက်တိုးရှည်လိုသည့် လူ့ဆန္ဒပြည့်ခဲ့ပြီဟုဆိုလိုပါသလော။
မဆိုလိုပါ၊ အကြောင်းမှာ အချို့နိုင်ငံများတွင် အိုမင်းသည့်အထိအသက်ရှင်သူတိုးများလာသည့်တိုင် လွန်လေပြီးသောနှစ်များက မောရှေရေးသားခဲ့သော ဤစကားများသည် သက်ဆိုင်နေဆဲပင်– “အကျွန်ုပ်တို့၏အသက်အရွယ်သည် အနှစ်ခုနစ်ဆယ်အတိုင်းအရှည်ရှိပါ၏။ အားကြီး၍ အနှစ်ရှစ်ဆယ်ပြည့်သော်လည်း၊ . . . ထိုအသက်သည်လည်း မြန်မြန်လွန်၍၊ အကျွန်ုပ်တို့သည် စုတေ့ကြပါ၏။” (ဆာလံ ၉၀:၁၀) မဝေးတော့သည့်အနာဂတ်တွင် ပြောင်းလဲမှုတစ်ခုကို တွေ့နိုင်မည်လော။ လူသည် သိသိသာသာအသက်ပိုရှည်နိုင်မည်လော။ ဤမေးခွန်းများကို နောက်ဆောင်းပါး၌ဆွေးနွေးပါမည်။