ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၉ ၁၀/၁၅ စာ. ၁၇-၂၂
  • သင့်ညီအစ်ကိုကို သင်ရနိုင်

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • သင့်ညီအစ်ကိုကို သင်ရနိုင်
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၉
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ကိုယ်တော် အဘယ်အရာကိုဆိုလိုသနည်း
  • သင်၏ညီအစ်ကိုကိုရရန်ကြိုးစားလော့
  • ရင့်ကျက်သောအထောက်အကူကိုရယူ
  • သူ့ကိုရဖို့ နောက်ဆုံးကြိုးပမ်းမှု
  • စိတ်သဘောကွဲလွဲမှုများကို သင်မည်သို့ဖြေရှင်းသနည်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၄
  • အသင်းတော်ရဲ့ ငြိမ်သက်မှုနဲ့ သန့်ရှင်းမှုကို ထိန်းသိမ်းခြင်း
    ယေဟောဝါရဲ့ အလိုတော်ဆောင်ဖို့ ဖွဲ့စည်းထားခြင်း
  • ဘုရားသခင့်ကရုဏာတော်ကို ယနေ့အတုယူ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၁
  • အကြီးအကဲတို့၊ အပြစ်လုပ်ထားသူကို ကရုဏာ ပြပါ
    ကင်းမျှော်စင် ယေဟောဝါရဲ့နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၄
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၉
က၉၉ ၁၀/၁၅ စာ. ၁၇-၂၂

သင့်ညီအစ်ကိုကို သင်ရနိုင်

“သူ့ဆီသို့သွား၍ နှစ်ယောက်တည်းချင်း သူ၏အပြစ်ကိုပြ၍ ဆုံးမလော့။ သူသည် သင်၏စကားကိုနားထောင်လျှင်ညီအစ်ကိုကိုရပြီ။”—မဿဲ ၁၈:၁၅။

၁၊ ၂။ အပြစ်ကိုကိုင်တွယ်ခြင်းနှင့်ပတ်သက်၍ အဘယ်လက်တွေ့ကျသောအကြံကို ယေရှုပေးခဲ့သနည်း။

ယေရှု၏ဓမ္မအမှုသည် တစ်နှစ်ပင်မကျန်တော့၊ တပည့်တော်များအတွက် အရေးကြီးသောသင်ခန်းစာများ ပေးစရာရှိသေး၏။ ၎င်းတို့ကို မဿဲအခန်းကြီး ၁၈ တွင်သင်ဖတ်ရှုနိုင်ပါသည်။ တစ်ခုမှာ ကလေးများကဲ့သို့ နှိမ့်ချခြင်း၏အရေးကြီးမှုဖြစ်သည်။ ထို့နောက် ကျွန်ုပ်တို့သည် “ဤသူငယ်တစ်စုံတစ်ယောက်ကို” မျှထိမိ၍မလဲစေရန်နှင့် လမ်းလွဲနေသော ‘သူငယ်များ’ ကိုပြန်ရရန်ကြိုးစားခြင်းဖြင့် မပျက်စီးသွားစေရန် ကိုယ်တော်အလေးပေးဖော်ပြခဲ့၏။ ထို့အပြင် ခရစ်ယာန်အချင်းချင်းသဘောကွဲလွဲမှုများကို ဖြေရှင်းခြင်းနှင့်ပတ်သက်သော အဖိုးတန်ပြီးလက်တွေ့ကျသည့်အကြံပြုချက်ကို ယေရှုထပ်မံဖော်ပြခဲ့သည်။

၂ ကိုယ်တော်၏စကားများကို သင်အမှတ်ရပေမည်– “သင်၏ညီအစ်ကိုသည် သင့်ကိုပြစ်မှားလျှင် သူ့ဆီသို့သွား၍ နှစ်ယောက်တည်းချင်း သူ၏အပြစ်ကိုပြ၍ ဆုံးမလော့။ သူသည် သင်၏စကားကိုနားထောင်လျှင် ညီအစ်ကိုကိုရပြီ။ သို့မဟုတ် သင်၏စကားကိုနားမထောင်လျှင် လူနှစ်ဦးသုံးဦးသက်သေခံ၍ စကားရှိသမျှတို့ကို တည်စေခြင်းငှာ ကိုယ်နှင့်အတူ လူတစ်ဦးနှစ်ဦးကိုခေါ်ဦးလော့။ ထိုသူတို့၏စကားကိုနားမထောင်လျှင် အသင်းတော်အားကြားပြောလော့။ အသင်းတော်၏စကားကိုနားမထောင်လျှင် သာသနာပ [ပြင်ပ] လူကဲ့သို့လည်းကောင်း၊ အခွန်ခံကဲ့သို့လည်းကောင်း ထိုသူကိုမှတ်လော့။” (မဿဲ ၁၈:၁၅-၁၇) အဆိုပါအကြံပြုချက်ကို မည်သည့်အချိန်တွင် ကျင့်သုံးသင့်ပြီး ထိုသို့ကျင့်သုံးရာ၌ ကျွန်ုပ်တို့၏သဘောထားသည် မည်သို့ဖြစ်သင့်သနည်း။

၃။ သူတစ်ပါး၏အမှားများကို အဘယ်ယေဘုယျသဘောထားရှိသင့်သနည်း။

၃ ကျွန်ုပ်တို့အားလုံးသည် မစုံလင်သူများဖြစ်၍ အမှားပြုလေ့ရှိကြသဖြင့် ခွင့်လွှတ်တတ်ရန် ကြိုးစားဖို့လိုကြောင်း ရှေ့ဆောင်းပါးက အလေးပေးဖော်ပြခဲ့သည်။ အထူးသဖြင့် ခရစ်ယာန်ချင်းတစ်ဦးပြောဆိုလုပ်ကိုင်ခဲ့ရာကြောင့် စိတ်ထိခိုက်နိုင်စရာရှိသည့်အခါ၌ဖြစ်သည်။ (၁ ပေတရု ၄:၈) များသောအားဖြင့် အပြစ်ကိုဗွေမယူခြင်း—ခွင့်လွှတ်ပြီးမေ့လိုက်ခြင်း—သည် အကောင်းဆုံးဖြစ်သည်။ ယင်းသို့ပြုခြင်းကို ခရစ်ယာန်အသင်းတော်၌ ငြိမ်သက်မှုဖြစ်စေခြင်းဟု ယူမှတ်နိုင်ပါသည်။ (ဆာလံ ၁၃၃:၁; သု. ၁၉:၁၁) သို့တိုင် သင့်အားစိတ်ထိခိုက်စေသည့် သင့်ညီအစ်ကိုညီအစ်မနှင့် ဖြေရှင်းစရာလိုမည်ဟု သင်ယူဆသည့်အခါလည်းရှိပေမည်။ ထိုအခါမျိုးတွင် ယေရှု၏အထက်ပါစကားများက လမ်းညွှန်ပေးသည်။

၄။ မူအရ သူတစ်ပါး၏အမှားများနှင့်ပတ်သက်၍ မဿဲ ၁၈:၁၅ ကိုကျွန်ုပ်တို့မည်သို့လိုက်လျှောက်နိုင်သနည်း။

၄ “နှစ်ယောက်တည်းချင်း သူ၏အပြစ်ကိုပြ၍ဆုံးမ” ရန်ယေရှုအကြံပြုထားသည်။ ယင်းသည် ပညာရှိရာကျ၏။ ဂျာမန်ဘာသာပြန်ကျမ်းတချို့က ယင်းကို “မျက်စိလေးလုံးဖြင့်၊” ဆိုလိုသည်မှာ သင့်မျက်စိများနှင့် သူ့မျက်စိများဖြင့် သူ၏အပြစ်ကိုဖော်ပြပါဟု ပြန်ဆိုထားသည်။ ပြဿနာကိုနှစ်ယောက်တည်းချင်း ကြင်နာစွာဖြေရှင်းသောအခါ ဖြေရှင်းရန် ပိုလွယ်ကူလေ့ရှိသည်။ စိတ်ထိခိုက်စရာ၊ သို့မဟုတ် မကြင်မနာပြုမူပြောဆိုခဲ့သည့် ညီအစ်ကိုတစ်ဦးသည် သင့်ကိုပြစ်မှားမိကြောင်း အသင်တစ်ဦးတည်းကိုသာ ပို၍လိုလိုလားလားဝန်ခံပေမည်။ တခြားသူများရှေ့တွင်မူ မစုံလင်သောလူ့သဘောအရ အမှားပြုမိသည်ကိုငြင်းရန် သို့မဟုတ် ဆင်ခြေပေးရန်ကြိုးစားလိုပေမည်။ သို့သော် ပြဿနာကို “မျက်စိလေးလုံးဖြင့်” ဖြေရှင်းသောအခါမူ အပြစ် သို့မဟုတ် တမင်တကာမှားယွင်းမှုမဟုတ်ဘဲ နားလည်မှုလွဲခြင်းဖြစ်ကြောင်း တွေ့ရပေမည်။ နားလည်မှုလွဲခြင်းဟု နှစ်ဦးစလုံးလက်ခံသည်နှင့် အသေးအဖွဲကိစ္စကိုကြီးထွားစေရန်၊ သင်တို့၏ဆက်ဆံရေးကိုထိခိုက်စေရန် အခွင့်ပေးတော့မည်မဟုတ်။ ထို့ကြောင့် မဿဲ ၁၈:၁၅ ပါမူကို နေ့စဉ်အသက်တာတွင် အသေးအဖွဲကိစ္စများ၌ပင် ကျင့်သုံးနိုင်သည်။

ကိုယ်တော် အဘယ်အရာကိုဆိုလိုသနည်း

၅၊ ၆။ ရှေ့နောက်စကားအရ မဿဲ ၁၈:၁၅ သည် အဘယ်အပြစ်မျိုးကို ထောက်ပြသနည်း၊ ယင်းကို အဘယ်အရာက ဖော်ပြသနည်း။

၅ အတိအကျဆိုရလျှင် ယေရှုပေးသောအကြံပြုချက်သည် ပို၍ကြီးလေးသောအပြစ်များနှင့်သက်ဆိုင်သည်။ ယေရှုက “သင်၏ညီအစ်ကိုသည် သင့်ကိုပြစ်မှားလျှင်” ဟုဆိုခဲ့၏။ အကျယ်တဝင့်ဆိုရလျှင် ‘အပြစ်’ ဟူသည် မည်သည့်မှားယွင်းမှု သို့မဟုတ် ပျက်ကွက်မှုမဆိုဖြစ်နိုင်သည်။ (ယောဘ ၂:၁၀; သု. ၂၁:၄; ယာကုပ် ၄:၁၇) သို့ရာတွင် ယေရှုဆိုလိုသောအပြစ်သည် ကြီးလေးရမည်ဖြစ်ကြောင်း ရှေ့နောက်စကားများကဖော်ပြသည်။ ပြစ်မှားသူကို “သာသနာပလူကဲ့သို့လည်းကောင်း၊ အခွန်ခံကဲ့သို့လည်းကောင်း” ယူမှတ်စေလောက်သည့်အထိ ထိုအပြစ်ကကြီးလေး၏။ ထိုစကားစုသည် အဘယ်အဓိပ္ပာယ်သက်ရောက်သနည်း။

၆ ထိုစကားများကိုကြားခဲ့သော ယေရှုတပည့်တော်များအနေနှင့် မိမိတို့၏နိုင်ငံသားများသည် တစ်ပါးအမျိုးသားများနှင့် ပေါင်းသင်းကြမည်မဟုတ်ကြောင်း သိထားကြသည်။ (ယောဟန် ၄:၉; ၁၈:၂၈; တမန်တော် ၁၀:၂၈) ဂျူးအမျိုးအနွယ်ဖြစ်ကြသော်လည်း လူတို့ကိုမတရားပြုမူသည့် အခွန်ခံများကို သူတို့လုံးဝရှောင်ခဲ့ကြသည်။ ထို့ကြောင့် အတိအကျဆိုရလျှင် မဿဲ ၁၈:၁၅-၁၇ ပါဆိုလိုချက်သည် အသင်ခွင့်လွှတ်ပြီး မေ့လိုက်နိုင်သည့် ကိုယ်ရေးကိုယ်တာပြစ်မှားမှုများ သို့မဟုတ် စိတ်ထိခိုက်စရာများမဟုတ်ဘဲ ကြီးလေးသောအပြစ်များကိုရည်ညွှန်းနေခြင်းဖြစ်သည်။—မဿဲ ၁၈:၂၁၊ ၂၂။a

၇၊ ၈။ (က) အဘယ်အပြစ်မျိုးကို အကြီးအကဲများကိုင်တွယ်ရန်လိုသနည်း။ (ခ) မဿဲ ၁၈:၁၅-၁၇ နှင့်အညီအဘယ်အပြစ်မျိုးကို ခရစ်ယာန်နှစ်ဦးချင်းဖြေရှင်းနိုင်သနည်း။

၇ ပညတ်တရားတွင် တချို့သောအပြစ်များသည် ပြစ်မှားခံရသူ၏ ခွင့်လွှတ်မှုထက်မကလိုအပ်ခဲ့သည်။ ဘုရားတရားကိုပြစ်မှားပြောဆိုခြင်း၊ အယူဖောက်ပြန်ခြင်း၊ ရုပ်ပုံကိုးကွယ်ခြင်းနှင့် လိင်ဆိုင်ရာအပြစ်များဖြစ်သော မတရားမေထုန်၊ သူသားအိမ်ရာပြစ်မှားခြင်းနှင့် လိင်တူမေထုန်တို့ကိုတိုင်ကြားရပြီး အကြီးအကဲများ (သို့မဟုတ် ယဇ်ပုရောဟိတ်များ) ကကိုင်တွယ်ဖြေရှင်းကြရ၏။ ခရစ်ယာန်အသင်းတော်အတွင်း၌လည်း အလားတူဖြစ်၏။ (ဝတ်ပြုရာ ၅:၁; ၂၀:၁၀-၁၃; တောလည်ရာ ၅:၃၀; ၃၅:၁၂; တရားဟောရာ ၁၇:၉; ၁၉:၁၆-၁၉; သု. ၂၉:၂၄) သို့သော် ဤတွင်ယေရှုပြောသည့်အပြစ်မျိုးသည် နှစ်ဦးချင်းဖြေရှင်းနိုင်ကြောင်း သတိပြုပါ။ ဥပမာများအနေနှင့်– ဒေါသ သို့မဟုတ် မနာလိုမှုကြောင့် လူတစ်ဦးသည် မိမိ၏အပေါင်းအဖော်ကို သွားပုပ်လေလွင့်ပြောမိ၏။ ခရစ်ယာန်တစ်ဦးသည် တစ်စုံတစ်ရာသောပစ္စည်းများဖြင့် လုပ်ငန်းတစ်ခုကို တစ်စုံတစ်ရာသောနေ့တွင် အပြီးလုပ်ရန် ကန်ထရိုက်ယူထား၏။ တစ်စုံတစ်ယောက်သည် အစီအစဉ်အတိုင်း သို့မဟုတ် သတ်မှတ်ထားသည့်နောက်ဆုံးနေ့တွင် ငွေပြန်ပေးဆပ်မည်ဟုသဘောတူထား၏။ လူတစ်ဦးသည် သူ၏အလုပ်ရှင်က မိမိအားလေ့ကျင့်သင်ကြားပေးမည်ဆိုလျှင် သတ်မှတ်ထားသောအချိန် သို့မဟုတ် သတ်မှတ်ထားသောဒေသတွင် အလုပ်ရှင်၏ဖောက်သည်များကိုရဖို့ (လုပ်ငန်းများပြောင်းလျှင်ပင်) အပြိုင်အဆိုင်လုပ်ဖို့ကြိုးစားမည်မဟုတ်ကြောင်း ကတိပေးထား၏။b ညီအစ်ကိုတစ်ဦးသည် ကတိမတည်ဘဲ ထိုသို့သောအမှားများပြုမိ၍ နောင်တမရလျှင် အမှန်ပင်အပြစ်ကြီးလေးပါလိမ့်မည်။ (ဗျာဒိတ် ၂၁:၈) သို့သော် ထိုသို့သောအမှားများကို ပတ်သက်သူနှစ်ဦးစပ်ကြား ဖြေရှင်းနိုင်သည်။

၈ သို့သော် ထိုကိစ္စကိုဖြေရှင်းရာ၌ သင်မည်သို့ဆက်ပြုလုပ်မည်နည်း။ ယေရှု၏စကားများတွင် အဆင့်သုံးဆင့်ရှိကြောင်း ရှုမြင်လေ့ရှိခဲ့သည်။ တစ်ဆင့်စီကို သုံးသပ်ကြည့်ကြစို့။ ၎င်းတို့ကိုပုံသေ၊ တရားဝင်လုပ်ထုံးလုပ်နည်းအဖြစ် ယူမှတ်မည့်အစား သင်၏မေတ္တာပါသောရည်ရွယ်ချက်ကို ဘယ်တော့မျှမျက်ခြည်ပြတ်မခံဘဲ ဆိုလိုရင်းကိုနားလည်ဖို့ကြိုးစားပါ။

သင်၏ညီအစ်ကိုကိုရရန်ကြိုးစားလော့

၉။ မဿဲ ၁၈:၁၅ ကိုလိုက်လျှောက်ခြင်းနှင့်ပတ်သက်၍ အဘယ်အချက်ကို စိတ်စွဲမှတ်ထားသင့်သနည်း။

၉ ယေရှုက ဤသို့အစပြုခဲ့သည်– “သင်၏ညီအစ်ကိုသည် သင့်ကိုပြစ်မှားလျှင် သူ့ဆီသို့သွား၍ နှစ်ယောက်တည်းချင်းသူ၏အပြစ်ကိုပြ၍ ဆုံးမလော့။ သူသည် သင်၏စကားကိုနားထောင်လျှင် ညီအစ်ကိုကိုရပြီ။” ယင်းသည် သံသယရှိရုံမျှဖြင့် ပြုလုပ်ရသည့်အဆင့်မဟုတ်သည်မှာ ရှင်းပါသည်။ သင့်ညီအစ်ကိုသည် အမှားပြုခဲ့ပြီး ပြုပြင်ဖို့လိုကြောင်း သိရှိစေနိုင်ရန် အထောက်အထား သို့မဟုတ် သတ်သတ်မှတ်မှတ်အချက်အလက်များရှိရမည်ဖြစ်သည်။ အမှုမကြီးထွားလာစေရန် သို့မဟုတ် သူ၏သဘောထားစွဲမြဲမလာစေရန် ချက်ချင်းအရေးယူဆောင်ရွက်လျှင် ကောင်း၏။ ယင်းကို တမြည့်မြည့်စဉ်းစားခြင်းသည် သင့်ကိုလည်းထိခိုက်နိုင်ကြောင်း မမေ့ပါနှင့်။ သူနှင့်သင် နှစ်ယောက်စပ်ကြား ဆွေးနွေးရမည်ဖြစ်သောကြောင့် သူတစ်ပါးကိုစည်းရုံးဖို့ သို့မဟုတ် ကိုယ့်အပေါ်အကောင်းရှုမြင်ဖို့ သူတစ်ပါးအား ကြိုတင်လိုက်လံပြောဆိုခြင်းကိုရှောင်ပါ။ (သု. ၁၂:၂၅; ၁၇:၉) အဘယ်ကြောင့်နည်း။ သင့်ရည်ရွယ်ချက်ကြောင့်ဖြစ်သည်။

၁၀။ ကျွန်ုပ်တို့၏ညီအစ်ကိုကိုရရန် အဘယ်အရာက ကူညီပေးမည်နည်း။

၁၀ သင့်ရည်ရွယ်ချက်သည် သင့်ညီအစ်ကိုကိုဒဏ်ခတ်၊ အရှက်ခွဲ သို့မဟုတ် ပျက်စီးစေဖို့မဟုတ်ဘဲ သူ့ကိုရဖို့ဖြစ်သင့်၏။ သူသည် အမှန်တကယ်ပြစ်မှားခဲ့လျှင် ယေဟောဝါနှင့် သူ၏ဆက်ဆံရေးသည် အန္တရာယ်ရှိနေပြီ။ သင့်ခရစ်ယာန်ညီအစ်ကိုအဖြစ် သူ့ကိုအမှန်ဆက်ရှိစေလို၏။ နှစ်ဦးချင်းဆွေးနွေးရာ၌ အေးအေးဆေးဆေးစကားပြောဆိုပြီး ကြမ်းတမ်းသောစကားများ သို့မဟုတ် အပြစ်တင်သည့်လေသံကိုရှောင်မည်ဆိုလျှင် အောင်မြင်ဖို့အလားအလာပိုများပါလိမ့်မည်။ ဤသို့မေတ္တာရှေ့ထားရင်ဆိုင်ဆွေးနွေးချိန်တွင် သင်တို့နှစ်ဦးစလုံးသည် မစုံလင်သောအပြစ်သားများဖြစ်ကြောင်း သတိရပါ။ (ရောမ ၃:၂၃၊ ၂၄) သင်သည် သူ့အတင်းမပြောထားကြောင်း၊ စိတ်ရိုးမှန်ဖြင့် သူ့ကိုကူညီပေးလိုကြောင်း သူသိလာသည်နှင့်အမျှ ဖြေရှင်းချက်သည် အလွယ်တကူပေါ်လာပေမည်။ သင်တို့နှစ်ဦးစလုံးသည် အထိုက်အလျောက် မှားယွင်းခဲ့ကြောင်း၊ သို့မဟုတ် ပြဿနာအရင်းခံသည် စင်စစ်အားဖြင့် နားလည်မှုလွဲမှားခြင်းဖြစ်ကြောင်းပေါ်လာလျှင် ဤသို့ကြင်နာပြီးရှင်းလင်းသောချဉ်းကပ်မှုသည် ဉာဏ်ပညာကို အထူးသဖြင့်ထင်ရှားစေပါလိမ့်မည်။—သု. ၂၅:၉၊ ၁၀; ၂၆:၂၀; ယာကုပ် ၃:၅၊ ၆။

၁၁။ အပြစ်ပြုသူသည် ကျွန်ုပ်တို့စကားကိုနားမထောင်သည့်တိုင် မည်သို့ပြုနိုင်မည်နည်း။

၁၁ ပြစ်မှားမိကြောင်းနှင့် ယင်းအပြစ်သည်ကြီးလေးကြောင်း သူ့ကိုသိမြင်စေနိုင်မည်ဆိုလျှင် သူ့အားနောင်တရဖို့လှုံ့ဆော်ပေးနိုင်ခဲ့ပေမည်။ သို့သော် အမှန်တကယ်ဆိုလျှင် မာနသည် အတားအဆီးတစ်ခုဖြစ်နိုင်၏။ (သု. ၁၆:၁၈; ၁၇:၁၉) ထို့ကြောင့် သူသည် ပထမတွင် အမှားကိုဝန်ခံပြီး နောင်တရခြင်းမရှိလျှင်ပင် ထိုကိစ္စကိုဆက်မဆောင်ရွက်မီ ခဏစောင့်ဆိုင်းနိုင်ပေသည်။ ယေရှုက ‘သူ့ဆီသို့တစ်ကြိမ်တည်းသွား၍ သူ၏အပြစ်ကိုပြ၍ဆုံးမလော့’ ဟုမဆိုခဲ့ပါ။ သင်ဖြေရှင်းနိုင်သောအပြစ်ဖြစ်သောကြောင့် ဂလာတိ ၆:၁ ပါစိတ်ဓာတ်နှင့် “မျက်စိလေးလုံးဖြင့်” သူ့ထံပြန်၍ချဉ်းကပ်ဖို့ စဉ်းစားပါ။ သင်အောင်မြင်ပေမည်။ (ယုဒ ၂၂၊ ၂၃ နှိုင်းယှဉ်။) သို့သော် အပြစ်ပြုခဲ့ကြောင်းနှင့် သူတုံ့ပြန်လိမ့်မည်မဟုတ်ကြောင်း သင်သေချာလျှင် မည်သို့ပြုမည်နည်း။

ရင့်ကျက်သောအထောက်အကူကိုရယူ

၁၂၊ ၁၃။ (က) အပြစ်ကိုကိုင်တွယ်ခြင်းနှင့်စပ်လျဉ်း၍ အဘယ်ဒုတိယအဆင့်ကို ယေရှုဖော်ပြခဲ့သနည်း။ (ခ) ဤအဆင့်ကျင့်သုံးခြင်းတွင် သင့်လျော်သောသတိပေးချက်များကား အဘယ်နည်း။

၁၂ အကယ်၍သင်သည် ကြီးလေးသောအမှားတစ်ခုကိုပြုမိလျှင် အခြားသူများက သင့်အား မြန်မြန်ပင်လက်လျှော့လိုက်သည်ကို အလိုရှိမည်လော။ ဝေးစွ။ ထိုနည်းတူ သင့်ညီအစ်ကိုကိုရဖို့၊ သင်နှင့် အခြားသူများနှင့်အတူ ဘုရားသခင်နှစ်သက်သည့်နည်းဖြင့် ကိုယ်တော်အားဝတ်ပြုကိုးကွယ်နေဖို့ တစ်ကြိမ်သာကြိုးစားပြီးနောက် သင်လက်မလျှော့သင့်ကြောင်း ယေရှုက ဖော်ပြခဲ့သည်။ ဒုတိယအဆင့်ကို ယေရှုက ဤသို့အကြမ်းဖျင်းဖော်ပြခဲ့သည်– “သင်၏စကားကိုနားမထောင်လျှင် လူနှစ်ဦးသုံးဦးသက်သေခံ၍ စကားရှိသမျှတို့ကိုတည်စေခြင်းငှာ ကိုယ်နှင့်အတူ လူတစ်ဦးနှစ်ဦးကိုခေါ်ဦးလော့။”

၁၃ ကိုယ်တော်က “လူတစ်ဦးနှစ်ဦးကို ခေါ်ဦးလော့” ဟုဆိုသည်။ ပထမအဆင့်ပြုပြီးသည်နှင့် အခြားသူများစွာနှင့် ယင်းပြဿနာကိုဆွေးနွေးဖို့၊ နယ်လှည့်ကြီးကြပ်မှူးနှင့်ဆက်သွယ်ဖို့ သို့မဟုတ် ၎င်းပြဿနာအကြောင်း ညီအစ်ကိုများထံစာရေးတင်ပြဖို့ ကိုယ်တော်မဆိုခဲ့ပါ။ ပြစ်မှားမှုဟု သင်ခံယူထားမည်ဖြစ်သော်လည်း စင်စစ်အားဖြင့် အပြည့်အဝသက်သေမထူရသေးချေ။ သွားပုပ်လေလွင့်ပြောဆိုသည့်စကား ဖြစ်ကောင်းဖြစ်သွားနိုင်သည့် မှားသောသတင်းကို သင်ဖြန့်လိုမည်မဟုတ်။ (သု. ၁၆:၂၈; ၁၈:၈) သို့သော် အခြားသူတစ်ဦးနှစ်ဦးကိုခေါ်သွားဖို့ ယေရှုမိန့်ဆိုခဲ့သည်။ အဘယ်ကြောင့်နည်း။ သူတို့သည် မည်သူများဖြစ်နိုင်သနည်း။

၁၄။ ဒုတိယအဆင့်အတွက် မည်သူတို့ကို ကျွန်ုပ်တို့ခေါ်သွားနိုင်မည်နည်း။

၁၄ သင်၏ညီအစ်ကိုသည် အပြစ်ပြုမိခဲ့ကြောင်းသူ့ကိုသဘောပေါက်စေခြင်းဖြင့် သင်နှင့်လည်းကောင်း၊ ဘုရားသခင်နှင့်လည်းကောင်း အသင့်အတင့်ရှိစေဖို့ သူ့အားနောင်တယူစေခြင်းဖြင့် ညီအစ်ကိုကိုရဖို့ သင်ကြိုးစားနေခြင်းဖြစ်၏။ ထိုသို့ဖြစ်မြောက်ဖို့ ထို “လူတစ်ဦးနှစ်ဦး” သည်အမှားအတွက် သက်သေများဖြစ်ခဲ့လျှင် ပို၍ကောင်းပါလိမ့်မည်။ သူတို့သည် အမှားဖြစ်ခဲ့ချိန်တွင် ရှိကောင်းရှိခဲ့နိုင်သည် သို့မဟုတ် အရောင်းအဝယ်ကိစ္စတစ်ခု၌ အဘယ်အရာပြုခဲ့ (မပြုခဲ့) ကြောင်း ခိုင်လုံသောအချက်အလက်များရှိထားသူများဖြစ်ပေမည်။ ထိုသို့သောမျက်မြင်သက်သေများမရရှိနိုင်လျှင် သင်ခေါ်လာသူများသည် ဖြေရှင်းစရာကိစ္စများနှင့်ပတ်သက်ပြီး အတွေ့အကြုံရှိနိုင်သူများဖြစ်ကြရာ ဖြစ်ခဲ့ရာသည် အမှန်တကယ်မှားမမှား သက်သေထူနိုင်ပေမည်။ ထို့အပြင် နောက်ပိုင်းလိုအပ်လာမည်ဆိုလျှင် ပြောဆိုခဲ့ရာများနှင့်စပ်လျဉ်း၍ သူတို့သည် သက်သေများဖြစ်နိုင်ကြကာ ကြိုးပမ်းတင်ပြချက်များသည် ဟုတ်မဟုတ်သေချာစေနိုင်သည်။ (တောလည်ရာ ၃၅:၃၀; တရားဟောရာ ၁၇:၆) ထို့ကြောင့် သူတို့သည် ဘက်မလိုက်သူများ၊ ဒိုင်လူကြီးများသာမဟုတ်ချေ; သူတို့ရောက်ရှိနေခြင်းသည် သင့်ညီအစ်ကိုလည်းဖြစ်၊ သူတို့၏ညီအစ်ကိုလည်းဖြစ်သူကိုရဖို့ဖြစ်သည်။

၁၅။ ဒုတိယအဆင့်ကိုလုပ်ဆောင်ဖို့လိုလာလျှင် ခရစ်ယာန်အကြီးအကဲများသည် အဘယ်ကြောင့် အကူအညီဖြစ်နိုင်မည်နည်း။

၁၅ သင်ခေါ်ဆောင်လာသူတို့သည် အသင်းတော်ရှိအကြီးအကဲများဖြစ်သည့် အမျိုးသားများဖြစ်ရမည်ဟု သင်ယူမှတ်စရာမလိုပါ။ သို့ရာတွင် အကြီးအကဲများဖြစ်သော ရင့်ကျက်သူများသည် ၎င်းတို့၏ဝိညာဉ်ရေးအရည်အချင်းများကြောင့် အထောက်အကူပြုနိုင်ပါသည်။ အဆိုပါအကြီးအကဲများသည် “လေလုံ၍မိုးသက်မုန်တိုင်းကွယ်ရာအရပ်ကဲ့သို့လည်းကောင်း၊ သွေ့ခြောက်သောမြေ၌စီးသောချောင်းရေကဲ့သို့လည်းကောင်း၊ နေပူသောအရပ်၌ကျောက်လုံးကြီးအရိပ်ကဲ့သို့လည်းကောင်း ဖြစ်ကြ” ၏။ (ဟေရှာယ ၃၂:၁၊ ၂) သူတို့သည် ညီအစ်ကိုညီအစ်မများနှင့် ကျိုးကြောင်းဆင်ခြင်ရာ၌လည်းကောင်း၊ တည့်မတ်ပေးရာ၌လည်းကောင်း အတွေ့အကြုံရှိသူများဖြစ်ကြသည်။ ထို့ကြောင့် ပြစ်မှားသူသည် ထိုသို့သော “လူတို့တွင်ဆုလာဘ်များ”c ကိုယုံကြည်စိတ်ချရန် အကြောင်းကောင်းများရှိသည်။ (ဧဖက် ၄:၈၊ ၁၁၊ ၁၂၊ ကဘ) ထိုသို့သောရင့်ကျက်သူများရှေ့တွင် ပြဿနာကိုဖော်ပြပြောဆိုခြင်း၊ သူတို့နှင့်အတူဆုတောင်းခြင်းသည် အခြေအနေအသစ်ကိုဖန်တီးပေးနိုင်ပြီး ဖြေရှင်းနိုင်မည့်ပုံမရသည့်ကိစ္စကို ဖြေရှင်းနိုင်စေသည်။—ယာကုပ် ၅:၁၄၊ ၁၅ နှိုင်းယှဉ်။

သူ့ကိုရဖို့ နောက်ဆုံးကြိုးပမ်းမှု

၁၆။ ယေရှုဖော်ပြသော တတိယအဆင့်ကား အဘယ်နည်း။

၁၆ ဒုတိယအဆင့်နှင့် ပြဿနာကိုမဖြေရှင်းနိုင်လျှင် အသင်းတော်ကြီးကြပ်မှူးများသည် တတိယအဆင့်တွင် အမှန်ပင်ပတ်သက်လာသည်။ “ထိုသူ [တစ်ဦးနှစ်ဦး] တို့၏စကားကိုနားမထောင်လျှင် အသင်းတော်အားကြားပြောလော့။ အသင်းတော်၏စကားကို နားမထောင်လျှင် သာသနာပလူကဲ့သို့လည်းကောင်း၊ အခွန်ခံကဲ့သို့လည်းကောင်း ထိုသူကိုမှတ်လော့။” ဤတွင် အဘယ်အရာပတ်သက်လာသနည်း။

၁၇၊ ၁၈။ (က) အဘယ်ပုံစံသည် ‘အသင်းတော်အားကြားပြောခြင်း’ ၏အရေးပါမှုကိုနားလည်ရန် အကူအညီပေးသနည်း။ (ခ) ယနေ့ ဤအဆင့်ကို ကျွန်ုပ်တို့မည်သို့လိုက်လျှောက်သနည်း။

၁၇ အသင်းတော်တစ်ခုလုံး၏ ပုံမှန် သို့မဟုတ် အထူးအစည်းအဝေးတစ်ခုတွင် အပြစ် သို့မဟုတ် အမှားကိုဖော်ပြဖို့ ညွှန်ကြားနေခြင်းဟု ကျွန်ုပ်တို့မရှုမြင်ကြပါ။ ဘုရားသခင့်နှုတ်မြွက်စကားတော်မှ လျောက်ပတ်သည့်လုပ်ထုံးကို ကျွန်ုပ်တို့ဆုံးဖြတ်နိုင်သည်။ ပုန်ကန်မှု၊ စားကြူးမှုနှင့် မူးယစ်မှုကိစ္စတို့တွင် ရှေးခေတ်ဣသရေလနိုင်ငံ၌ မည်သို့ပြုခဲ့ကြောင်း ကြည့်ပါ– “အဘ၌ဆိုးသောသား၊ ခက်ထန်သောသဘောရှိ၍ မိဘစကားကို နားမထောင်သောသား၊ မိဘတို့ဆုံးမသော်လည်း ဆုံးမခြင်းကိုမခံသောသားရှိလျှင် မိဘတို့သည် ထိုသားကိုဆွဲကိုင်၍ မြို့၌အသက်ကြီးသူတို့ရှိရာ မြို့တံခါးဝသို့ဆောင်ခဲ့ပြီးလျှင် ‘အကျွန်ုပ်တို့သားသည် ဆိုးသောသူ၊ ခက်ထန်သောသဘောရှိ၍ အကျွန်ုပ်တို့စကားကိုနားမထောင်သောသူဖြစ်ပါ၏။ စားကြူးသောသူ၊ သောက်ကြူးသောသူဖြစ်ပါ၏’ ဟုမြို့၌အသက်ကြီးသူတို့အားလျှောက်ဆိုရမည်။ မြို့သားယောက်ျားအပေါင်းတို့သည် ထိုသားကို ကျောက်ခဲနှင့်ပစ်၍ အသေသတ်ရကြမည်။”—တရားဟောရာ ၂၁:၁၈-၂၁။

၁၈ ထိုသူ၏အပြစ်များကို လူမျိုးတစ်မျိုးလုံးကသော်လည်းကောင်း၊ သူ၏အမျိုးအနွယ်တစ်ခုလုံးကသော်လည်းကောင်း ကြားနာစီရင်ခဲ့ခြင်းမရှိပါ။ ယင်းအစား အသင်းတော်ကိုယ်စားပြုသူများအဖြစ် အသိအမှတ်ပြုခံရသည့် “အသက်ကြီးသူများ” သည်ယင်းကို ကိုင်တွယ်ကြသည်။ (တရားဟောရာ ၁၉:၁၆၊ ၁၇ တွင်ပါသော ‘ထိုကာလ၌အမှုစီရင်ရသော ယဇ်ပုရောဟိတ်များနှင့် တရားသူကြီးများ’ ကိုင်တွယ်ခဲ့ရသည့်ကိစ္စတစ်ခုအကြောင်းနှင့်နှိုင်းယှဉ်။) အလားတူယနေ့လည်း တတိယအဆင့်ကိုလုပ်ဆောင်ရန် လိုအပ်လာသောအခါ အသင်းတော်ကိုကိုယ်စားပြုသည့် အကြီးအကဲများသည် ထိုကိစ္စကိုကိုင်တွယ်ကြသည်။ သူတို့၏ရည်ရွယ်ချက်မှာအတူတူပင်ဖြစ်ကာ ဖြစ်နိုင်သည့်နည်းဖြင့် ခရစ်ယာန်ညီအစ်ကိုကိုရဖို့ဖြစ်သည်။ သူတို့သည် ကြိုတင်စီရင်ခြင်း သို့မဟုတ် မျက်နှာလိုက်ခြင်းမရှိဘဲ မျှတသောသဘောတင်ပြခြင်းအားဖြင့် ထိုသဘောကိုဖော်ပြကြသည်။

၁၉။ ကိစ္စရပ်တစ်ခုကိုကြားနာဖို့ တာဝန်ရထားသောအကြီးအကဲများသည် အဘယ်အရာကို ကြိုးစားပြုလုပ်မည်နည်း။

၁၉ အမှန်တကယ်အပြစ်ပြုမပြု (သို့မဟုတ် ဆက်ပြုမပြု) သက်သေထူရန်လိုအပ်သည့် အချက်အလက်များကို ကြိုးစားချင့်ချိန်ကာ သက်သေများကို ကြားနာကြမည်။ သူတို့သည် အသင်းတော်ကို ယိုယွင်းခြင်းမှကာကွယ်လိုကာ လောက၏စိတ်ဓာတ်ကိုဖယ်ထုတ်ထားလိုကြသည်။ (၁ ကောရိန္သု ၂:၁၂; ၅:၇) သူတို့၏ကျမ်းစာဆိုင်ရာအရည်အချင်းများနှင့်အညီ သူတို့သည် “စင်ကြယ်သော[ဆုံးမစကား]အားဖြင့် တိုက်တွန်းသွေးဆောင်ခြင်းငှာလည်းကောင်း၊ ငြင်းခုံသောသူတို့၏စကားကိုချေခြင်းငှာလည်းကောင်း” ကြိုးစားအားထုတ်ကြပါလိမ့်မည်။ (တိတု ၁:၉) ပြစ်မှားသူသည် ယေဟောဝါ၏ပရောဖက်ရေးသားခဲ့သည့် ဣသရေလလူတို့ကဲ့သို့ဖြစ်မည်မဟုတ်ဟု မျှော်လင့်နိုင်ပါသည်– “သင်တို့သည် ငါခေါ်သောအခါမထူးကြ။ ငါပြောသောအခါ နားမထောင်ကြ။ ငါ့မျက်မှောက်၌ မကောင်းသော အကျင့်ကိုကျင့်ကြ၏။ ငါမနှစ်သက်သောအရာကို ရွေးယူကြ၏။”—ဟေရှာယ ၆၅:၁၂။

၂၀။ အပြစ်သားသည် စကားနားမထောင်၊ နောင်တမရလျှင် မည်သို့ပြုရမည်ဟု ယေရှုဆိုသနည်း။

၂၀ သို့ရာတွင် ထိုသဘောထားမျိုးတင်ပြသည့် အပြစ်သား အနည်းအကျဉ်းရှိသည်။ သို့ဆိုလျှင် ယေရှု၏ညွှန်ကြားချက်သည် ရှင်းပါသည်– “သာသနာပလူကဲ့သို့လည်းကောင်း၊ အခွန်ခံကဲ့သို့လည်းကောင်း ထိုသူကိုမှတ်လော့။” လူမဆန်ခြင်း သို့မဟုတ် ဘေးရောက်စေလိုသောဆန္ဒဖြင့် သူနှင့်ဆက်ဆံရန် သခင်အားပေးနေသည်မဟုတ်ပါ။ သို့သော် နောင်တမယူသောအပြစ်သားများကို အသင်းတော်မှနှင်ထုတ်ရန် တမန်တော်ပေါလု၏ညွှန်ကြားချက်ကို မသဲမကွဲမဖြစ်ပါ။ (၁ ကောရိန္သု ၅:၁၁-၁၃) ဤသို့ပြုလုပ်ခြင်းကပင် နောက်ဆုံးတွင် အပြစ်သားကိုပြန်ရဖို့ ရည်ရွယ်ချက်ကိုဖြစ်မြောက်စေနိုင်သည်။

၂၁။ အသင်းတော်မှနှင်ထုတ်ထားသူတစ်ဦးအတွက် အဘယ်အလားအလာရှိသနည်း။

၂၁ ထိုသို့ဖြစ်လာနိုင်ဖွယ်ရှိကြောင်း ယေရှု၏သားမိုက်ပုံဥပမာမှ ကျွန်ုပ်တို့သိမြင်နိုင်သည်။ ထိုဥပမာအရ ဖခင်အိမ်၏မေတ္တာပြည့်ဝသောပေါင်းသင်းမှုပြင်ပတွင် အတန်ကြာနေထိုင်ပြီးနောက်တွင် ထိုအပြစ်သားသည် “သတိရ” လာခဲ့သည်။ (လုကာ ၁၅:၁၁-၁၈) ပြစ်မှားသူတချို့သည် အချိန်တန်သော် နောင်တရပြီး “[စာတန်] ၏အလိုအတိုင်းဖမ်းမိသော ထိုသူတို့သည် သတိရ” မည်ဖြစ်ကြောင်း တိမောသေအား ပေါလုဖော်ပြခဲ့သည်။ (၂ တိမောသေ ၂:၂၄-၂၆) နောင်တမရဘဲ အပြစ်ပြုသဖြင့် အသင်းတော်မှနှင်ထုတ်ခံရသူ မည်သူမဆိုသည် ဘုရားသခင်၏မျက်နှာသာနှင့် သစ္စာစောင့်သိသောခရစ်ယာန်များနှင့် နွေးထွေးရင်းနှီးစွာပေါင်းသင်းဆက်ဆံမှုကို ဆုံးရှုံးမှုအဖြစ် သဘောထားကာ သတိပြန်ရလာလိမ့်မည်ဟု ကျွန်ုပ်တို့အမှန်တကယ်မျှော်လင့်ကြပါသည်။

၂၂။ ကျွန်ုပ်တို့၏ညီအစ်ကိုကို မည်သို့ရနိုင်ဦးမည်နည်း။

၂၂ ယေရှုသည် သာသနာပ [ပြင်ပ] လူတို့နှင့် အခွန်ခံတို့ကို ကယ်တင်ခြင်းမရနိုင်တော့သူများဟု မယူမှတ်ခဲ့ပါ။ အခွန်ခံတစ်ဦးဖြစ်ခဲ့သူ မဿဲလေဝိသည် နောင်တရခဲ့ပြီး စိတ်ရိုးမှန်စွာ ‘ယေရှုနောက်တော်သို့လိုက်’ ခဲ့ပြီး တမန်တော်တစ်ပါးအဖြစ်ပင် ရွေးချယ်ခံခဲ့ရသည်။ (မာကု ၂:၁၅; လုကာ ၁၅:၁) ထို့ကြောင့် ယနေ့အပြစ်သားတစ်ဦးသည် ‘အသင်းတော်၏စကားကိုပင် နားမထောင်’ သဖြင့် နှင်ထုတ်ခံရလျှင် အတန်ကြာသော် သူသည်နောင်တရပြီး သူသွားဖို့ရာ ဖြောင့်မတ်သောလမ်းကို ပြင်မပြင်စောင့်မျှော်ကြည့်နိုင်ပါသည်။ သူသည် နောင်တရပြီး အသင်းတော်သားတစ်ဦးပြန်ဖြစ်လာသောအခါ စစ်မှန်သောဝတ်ပြုရေးသိုးခြံအတွင်း ကျွန်ုပ်တို့၏ညီအစ်ကိုကိုပြန်ရသောကြောင့် ဝမ်းသာကြပါလိမ့်မည်။

[အောက်ခြေမှတ်ချက်များ]

a မက်ကလင်းတော့ခ်နှင့် စထရောင်းတို့၏စွယ်စုံကျမ်းက ဤသို့ဆိုသည်– “ဓမ္မသစ်ကျမ်းပါအခွန်တော်များ [အခွန်ခံများ] သည် သစ္စာဖောက်များနှင့် အယူဖောက်ပြန်သူများ၊ သာသနာပလူများနှင့် မကြာခဏဆက်သွယ်ကြခြင်းကြောင့် ညစ်ညူးသူများ၊ ဖိနှိပ်သူတို့၏လက်ကိုင်တုတ်များဟု သတ်မှတ်ခဲ့ကြသည်။ သူတို့ကို အပြစ်သားများနှင့် တစ်တန်းတစ်စားတည်းထားခဲ့ကြ၏ . . . ဤသို့အပယ်ခံကြရပြီး အသရေရှိသူများသည် သူတို့နှင့်မရောကြ၍ သူတို့နည်းတူ အပယ်ခံရသူများနှင့်သာ အပေါင်းအသင်းပြုနိုင်ကြသည်။”

b မရိုးသားမှု၊ ကလိမ်ကျမှု သို့မဟုတ် လိမ်လည်မှု အတိုင်းအတာတစ်ခုအထိပတ်သက်နေသည့် စီးပွားရေး သို့မဟုတ် ငွေရေးကြေးရေးကိစ္စများသည် ယေရှုဆိုလိုသောအပြစ်မျိုးတွင် ပါဝင်နိုင်သည်။ ရည်ညွှန်းချက်အနေနှင့် မဿဲ ၁၈:၁၅-၁၇ တွင်မှတ်တမ်းတင်ထားသော ညွှန်ကြားချက်ကိုဖော်ပြပြီးနောက် ယေရှုသည် အကြွေးတင်ပြီး ပြန်မပေးသည့် ကျွန်များ (အလုပ်သမားများ) နှင့်ပတ်သက်သည့် ပုံဥပမာတစ်ခုကိုဖော်ပြခဲ့သည်။

c ကျမ်းပညာရှင်တစ်ဦးက ဤသို့မှတ်ချက်ချသည်– “ပြစ်မှားသူသည် အထူးသဖြင့် သူနှင့်သဘောထားကွဲလွဲသူတစ်ဦးထက် (အထူးသဖြင့် လေးစားထိုက်သူများဖြစ်သည့်) နှစ်ဦးသုံးဦးကို အရေးစိုက်လိမ့်မည်။”

သင်မှတ်မိသလော

• မဿဲ ၁၈:၁၅-၁၇ သည်အဘယ်အပြစ်မျိုးနှင့် အဓိကသက်ဆိုင်သနည်း။

• ကျွန်ုပ်တို့သည် ပထမအဆင့်ကိုလုပ်ဆောင်ရလျှင် အဘယ်အရာကို သတိရသင့်သနည်း။

• ဒုတိယအဆင့်ကိုပြုလုပ်လျှင် မည်သူတို့သည် အကူအညီဖြစ်နိုင်သနည်း။

• တတိယအဆင့်တွင် မည်သူများပါဝင်ရသနည်း၊ ကျွန်ုပ်တို့၏ညီအစ်ကိုကို မည်သို့ရနိုင်ဦးမည်နည်း။

[စာမျက်နှာ ၁၈ ပါ ရုပ်ပုံ]

ဂျူးများသည် အခွန်ခံများကိုရှောင်ခဲ့ကြ။မဿဲသည် မိမိလမ်းစဉ်ကိုစွန့်ခဲ့ပြီး ယေရှုနောက်သို့လိုက်ခဲ့

[စာမျက်နှာ ၂၀ ပါ ရုပ်ပုံ]

ကျွန်ုပ်တို့သည် များသောအားဖြင့်“မျက်စိလေးလုံးဖြင့်” ကိစ္စတစ်ခုကိုဖြေရှင်းနိုင်

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ