ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၀၁ ၃/၁၅ စာ. ၄-၇
  • ‘သခင်သည်အမှန် ထမြောက်တော်မူပြီ!’

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ‘သခင်သည်အမှန် ထမြောက်တော်မူပြီ!’
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၁
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • သက်သေသာဓကကို အဘယ်ကြောင့်သုံးသပ်ရသနည်း
  • ယေရှုသည် အမှန်တကယ်ပင် သစ်တိုင်ပေါ်၌သေဆုံးခဲ့
  • ဗလာကျင်းဖြစ်နေသော သင်္ချိုင်းဂူကိုတွေ့ရှိခဲ့ကြ
  • ရှင်ပြန်ထမြောက်ခဲ့သောယေရှုကို လူများစွာတွေ့ရှိခဲ့ကြ
  • အသက်ရှင်လျက်ရှိသောယေရှုသည် လူတို့အပေါ်သက်ရောက်မှုရှိ
  • ယေရှုရှင်ပြန်ထမြောက်ခြင်းက ကျွန်တော်တို့အတွက် အဓိပ္ပာယ်ရှိ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၄
  • သားတော်ကို ဘုရားသခင် သတိရတဲ့အကြောင်း
    ကြီးမြတ်သောဆရာထံမှ သင်ယူပါ
  • ယေရှု ပြန်ရှင်ပြီဆိုတဲ့အကြောင်း
    ကျွန်ုပ်၏ ကျမ်းစာပုံပြင်စာအုပ်
  • ရှင်ပြန်ထမြောက်ခြင်း​— မည်သူများအတွက်နည်း၊ မည်သည့်နေရာတွင်နည်း
    သင်သည်ကမ္ဘာ့ပရဒိသု အတွင်းထာဝရစဉ်အသက်ရှင်နိုင်သည်
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၁
က၀၁ ၃/၁၅ စာ. ၄-၇

‘သခင်သည်အမှန် ထမြောက်တော်မူပြီ!’

ယေရှု၏တပည့်တော်များသည် သူတို့၏သခင် အသတ်ခံရသောအခါ မည်မျှဝမ်းနည်းကြေကွဲခဲ့ကြမည်ကို စဉ်းစားကြည့်ပါ။ သူတို့၏မျှော်လင့်ချက်မှာ သင်္ချိုင်းတွင်းထဲ အရိမဿဲမြို့သားယောသပ် မြှုပ်နှံလိုက်သည့် သက်မဲ့ရုပ်ခန္ဓာတော်သဖွယ် ဖြစ်ပုံရှိခဲ့သည်။ ရောမထမ်းပိုးအောက်မှ ဂျူးတို့ကို ယေရှုလွတ်မြောက်စေလိမ့်မည်ဟူသော မျှော်လင့်ချက်တို့မှာလည်း ပပျောက်ကုန်ပေပြီ။

ယင်းသည် အပြီးသတ်သွားသည့်ကိစ္စဖြစ်ခဲ့မည်ဆိုလျှင် ယေရှု၏တပည့်တော်များသည် မေရှိယဖြစ်လိုခဲ့ကြသူများ၏နောက်လိုက်များကဲ့သို့ပင် ပျောက်ခြင်းမလှပျောက်သွားကြရပေမည်။ သို့သော် ယေရှုသည် အသက်ရှင်နေသည်တကား! သမ္မာကျမ်းစာအရ ကိုယ်တော်သေဆုံးပြီး များမကြာမီပင် အခါသမယအချို့တွင် မိမိ၏နောက်လိုက်များရှေ့ ကိုယ်တော်ပေါ်လာတော်မူခဲ့၏။ သို့ဖြစ်၍ သူတို့ထဲမှအချို့က ‘သခင်သည် အမှန်ထမြောက်တော်မူပြီ!’ ဟုတအံ့တသြပြောဆိုရန် စေ့ဆော်ခံခဲ့ရသည်။—လုကာ ၂၄:၃၄။

တပည့်တော်များသည် ယေရှုကိုမေရှိယအဖြစ် မိမိတို့ယုံကြည်စိတ်ချကြောင်း ခုခံပြောဆိုခဲ့ကြသည်။ ထိုသို့ပြုရာတွင် ကိုယ်တော်သည် မေရှိယအမှန်ဖြစ်တော်မူကြောင်း စစ်မှန်သောသက်သေအဖြစ် သေရာမှ ကိုယ်တော်ရှင်ပြန်ထမြောက်လာခြင်းကို အထူးသဖြင့် ထောက်ပြခဲ့ကြ၏။ အမှန်မှာ၊ “သခင်ယေရှုထမြောက်တော်မူခြင်းအကြောင်းကို တမန်တော်တို့သည် ကြီးသောတန်ခိုးနှင့်သက်သေခံ . . . ကြ၏။”—တမန်တော် ၄:၃၃။

တစ်ဦးတစ်ယောက်က ဤရှင်ပြန်မြောက်ခြင်းသည် အတုအယောင်တစ်ရပ်ဖြစ်ကြောင်း—တပည့်တော် တစ်ပါးပါးက ထိုသို့ဖြစ်ကြောင်းဝန်ခံခဲ့ခြင်းအားဖြင့်ဖြစ်စေ၊ ယေရှု၏ရုပ်ကလာပ်သည် သင်္ချိုင်းတွင်း၌ရှိကြောင်းပြသခြင်းအားဖြင့်ဖြစ်စေ—သက်သေပြခဲ့မည်ဆိုလျှင် ခရစ်ယာန်ဘာသာတရားသည် အစကတည်းက ပျောက်သွားခဲ့မည်ဖြစ်သည်။ သို့သော် ထိုသို့မဖြစ်ခဲ့ပါ။ ခရစ်တော်သည် အသက်ရှင်နေကြောင်းသိထားကြသဖြင့် ယေရှု၏တပည့်နောက်လိုက်များသည် ကိုယ်တော်၏ရှင်ပြန်ထမြောက်ခြင်းအကြောင်းကို နေရာအနှံ့သွားရောက်ကြွေးကြော်ခဲ့ကြပြီး ထမြောက်တော်မူသောခရစ်တော်အား လူအမြောက်အမြား ယုံကြည်ကိုးစားလာခဲ့ကြ၏။

အသင်လည်း ယေရှု၏ရှင်ပြန်ထမြောက်ခြင်းကို အဘယ်ကြောင့်ယုံကြည်နိုင်သနည်း။ ယင်းသည် အမှန်တကယ်ပင် ဖြစ်ရပ်မှန်ဖြစ်ကြောင်း အဘယ်သက်သေသာဓကရှိသနည်း။

သက်သေသာဓကကို အဘယ်ကြောင့်သုံးသပ်ရသနည်း

ခရစ်ဝင်ကျမ်းမှတ်တမ်းလေးစောင်စလုံးက ယေရှု၏ရှင်ပြန်ထမြောက်ခြင်းအကြောင်းကို မှတ်တမ်းတင်ထားသည်။ (မဿဲ ၂၈:၁-၁၀; မာကု ၁၆:၁-၈; လုကာ ၂၄:၁-၁၂; ယောဟန် ၂၀:၁-၂၉)a ခရစ်ယာန်ဂရိကျမ်းစာစောင်များမှ အခြားအပိုင်းများက သေခြင်းမှ ခရစ်တော်ထမြောက်ခဲ့ခြင်းကို တပ်အပ်သေချာစွာဖော်ပြထားသည်။

ယင်းကြောင့် ယေရှု၏ရှင်ပြန်ထမြောက်ခြင်းကို ကိုယ်တော်၏တပည့်တော်များ ကြွေးကြော်ခဲ့ကြခြင်းပင်တည်း! ကိုယ်တော်ကို ဘုရားသခင် အမှန်တကယ်ပင် အသက်ပြန်ရှင်စေခဲ့သည်ဆိုလျှင် ကမ္ဘာပေါ်တွင်ကြားခဲ့ရသမျှသတင်းများအနက် ၎င်းသည် အံ့သြဖွယ်အကောင်းဆုံးသတင်းဖြစ်သည်။ ယင်းက ဘုရားသခင်အမှန်တည်ရှိကြောင်း ဖော်ပြသည်။ ထို့ပြင် ယေရှုသည် ယခုပင်အသက်ရှင်နေတော်မူကြောင်း ထင်ရှားစေသည်။

၎င်းသည် ကျွန်ုပ်တို့အပေါ် မည်သို့အကျိုးသက်ရောက်သနည်း။ ယေရှု ဤသို့ဆုတောင်းခဲ့သည်ကို သတိရပါ– “ထာဝရအသက်ဟူမူကား၊ မှန်သောဘုရားသခင်တစ်ဆူတည်းဖြစ်တော်မူသော ကိုယ်တော်ကိုလည်းကောင်း၊ စေလွှတ်တော်မူသော ယေရှုခရစ်ကိုလည်းကောင်း သိကျွမ်းခြင်းတည်း။” (ယောဟန် ၁၇:၃) မှန်ပါသည်၊ ကျွန်ုပ်တို့သည် ယေရှုနှင့် ကိုယ်တော့်ခမည်းတော်ထံမှ အသက်ပေးအသိပညာကို ဆည်းပူးလေ့လာနိုင်ကြသည်။ ထိုသို့သောအသိပညာကို လက်တွေ့ကျင့်သုံးခြင်းဖြင့် ကျွန်ုပ်တို့သေသွားလျှင်ပင် ယေရှုသည် ရှင်ပြန်ထမြောက်ခဲ့သောကြောင့် ကျွန်ုပ်တို့လည်း ထမြောက်လာနိုင်ကြသည်။ (ယောဟန် ၅:၂၈၊ ၂၉) ဘုရားသခင်၏ဘုန်းထွန်းတောက်သောသားတော်၊ ယေရှုခရစ်၊ ဘုရင်တကာတို့၏ဘုရင်လက်ထဲရှိ ဘုရားသခင့်ကောင်းကင်နိုင်ငံတော်လက်အောက် မြေကြီးပရဒိသုတွင် ကျွန်ုပ်တို့ထာဝရအသက်ရကြဖို့ မျှော်လင့်နိုင်ကြသည်။—ဟေရှာယ ၉:၆၊ ၇; လုကာ ၂၃:၄၃; ဗျာဒိတ် ၁၇:၁၄။

သို့ဖြစ်၍ ယေရှုသည် သေခြင်းမှ အမှန်တကယ်ရှင်ပြန်ထမြောက်ခဲ့၊ မထမြောက်ခဲ့ဟူသောမေးခွန်းမှာ အရေးပါလှပေသည်။ ယင်းက ကျွန်ုပ်တို့၏ယခုဘဝကိုလည်းကောင်း၊ နောင်အနာဂတ်မျှော်လင့်ရာများကိုလည်းကောင်း အကျိုးသက်ရောက်သည်။ ထို့ကြောင့် ယေရှုသေဆုံးပြီး ရှင်ပြန်ထမြောက်ခဲ့သည့် လေးဘက်လေးတန်မှ သက်သေသာဓကကို ဆန်းစစ်ကြည့်ရန် သင့်အား ကျွန်ုပ်တို့ဖိတ်ခေါ်ရခြင်းဖြစ်သည်။

ယေရှုသည် အမှန်တကယ်ပင် သစ်တိုင်ပေါ်၌သေဆုံးခဲ့

မယုံကြည်သူအချို့က ယေရှုသည် နှက်တိုင်တင်ခံခဲ့ရသော်လည်း သစ်တိုင်ပေါ်၌အမှန်တကယ်မသေဆုံးခဲ့ဟု ဆိုကြသည်။ ကိုယ်တော်သည် သေလုမြောပါးသာဖြစ်ခဲ့ပြီး သင်္ချိုင်းဂူ၏အေးမြမှုကြောင့် သတိပြန်လည်ရရှိလာခဲ့ကြောင်း အခိုင်အမာပြောဆိုကြ၏။ သို့တိုင် ရရှိသမျှသတင်းအချက်အလက်များအရ သင်္ချိုင်းဂူတွင်ချထားခဲ့သော ယေရှု၏ရုပ်ခန္ဓာမှာအသက်မဲ့နေကြောင်း သက်သေထူသည်။

ယေရှုသည် လူအများရှေ့ ကွပ်မျက်ခံခဲ့ရသောကြောင့် ကိုယ်တော်သည် သစ်တိုင်ပေါ်၌ အမှန်တကယ်သေဆုံးကြောင်း ဖော်ပြသည့် သက်သေများရှိခဲ့သည်။ ကိုယ်တော်သေဆုံးခဲ့ကြောင်းကို ကွပ်မျက်ရေး တာဝန်ခံတပ်မှူးက အတည်ပြုသေချာစေခဲ့သည်။ ထိုတပ်မှူးသည် တတ်ကျွမ်းသူတစ်ဦးဖြစ်ပြီး သူ၏တာဝန်တွင် သေဆုံးမှုကို အဆုံးအဖြတ်ပေးရခြင်းပါဝင်၏။ ထို့ပြင် ယေရှုသေပြီဟု သေချာသိပြီးမှသာလျှင် မြှုပ်နှံရန် အရိမဿဲမြို့သားယောသပ်အား ရောမမြို့ဝန်ပုန္တိပိလတ်က ယေရှု၏ရုပ်ကလာပ်ကို ပေးအပ်လိုက်ခြင်းဖြစ်သည်။—မာကု ၁၅:၃၉-၄၆။

ဗလာကျင်းဖြစ်နေသော သင်္ချိုင်းဂူကိုတွေ့ရှိခဲ့ကြ

ဗလာကျင်းဖြစ်နေသောသင်္ချိုင်းဂူက ယေရှုရှင်ပြန်ထမြောက်ကြောင်း တပည့်တော်များအတွက် ပထမဆုံးသက်သေဖြစ်ပြီး ယင်းသက်သေသာဓကကို ယခုထိမငြင်းဆိုနိုင်ကြချေ။ ယေရှုသည် တစ်ယောက်ကိုမျှမသင်္ဂြိုဟ်ဖူးသေးသော သင်္ချိုင်းဂူအသစ်တစ်ခုတွင် မြှုပ်နှံခံခဲ့ရ၏။ ယင်းသည် ကိုယ်တော်ကိုနှက်တိုင်တင်သတ်သောအရပ်အနီးတွင်ရှိပြီး ထိုစဉ်က ၎င်းကို အလွယ်တကူတွေ့မြင်နိုင်သည်။ (ယောဟန် ၁၉:၄၁၊ ၄၂) ယေရှုသေဆုံးပြီးနောက် ဒုတိယနေ့နံနက်တွင် ကိုယ်တော်၏မိတ်ဆွေများ သင်္ချိုင်းဂူသို့ရောက်လာကြသောအခါ ကိုယ်တော်၏ရုပ်ကလာပ်မရှိတော့ကြောင်း ခရစ်ဝင်ကျမ်းမှတ်တမ်းအားလုံးက တညီတညွတ်တည်းဖော်ပြသည်။—မဿဲ ၂၈:၁-၇; မာကု ၁၆:၁-၇; လုကာ ၂၄:၁-၃; ယောဟန် ၂၀:၁-၁၀။

ဗလာကျင်းဖြစ်နေသောသင်္ချိုင်းဂူသည် ကိုယ်တော်၏မိတ်ဆွေများနည်းတူ ယေရှု၏ရန်သူများကိုပါ အလွန်အံ့အားသင့်စေခဲ့သည်။ ကိုယ်တော်၏ရန်သူများသည် ကိုယ်တော်သေဆုံးပြီး မြေမြှုပ်ခံရဖို့ကိုတွေ့ရှိရန် ကြိုးပမ်းခဲ့ကြသည်မှာကြာပြီ။ သူတို့၏ရည်ရွယ်ချက် အောင်မြင်ပြီဖြစ်ရာ သင်္ချိုင်းဂူတွင် အစောင့်အကြပ်တစ်ဦးထားပြီး ၎င်းကိုအလုံပိတ်ထားရန် အားထုတ်ခဲ့ကြသည်။ မည်သို့ပင်ဖြစ်စေ ထိုရက်သတ္တပတ်၏ပထမဆုံးနေ့နံနက်တွင် ၎င်းသည် ဗလာကျင်းဖြစ်နေခဲ့သည်။

ယေရှု၏မိတ်ဆွေများသည် ကိုယ်တော့်ရုပ်ကလာပ်ကို သင်္ချိုင်းဂူမှ ယူဆောင်သွားခဲ့ကြခြင်းလော။ လုံးဝမဖြစ်နိုင်ပါ၊ အကြောင်းမှာ ကိုယ်တော်အသတ်ခံရပြီးနောက်တွင် သူတို့သည် အလွန်အမင်းဝမ်းနည်းကြေကွဲနေခဲ့ကြကြောင်း ခရစ်ဝင်ကျမ်းများကဖော်ပြသည်။ ထိုမျှမက ကိုယ်တော့်တပည့်တော်များသည် မမှန်ကန်ကြောင်းသိထားသည့်အရာတစ်ခုအတွက် နှိပ်စက်ညှဉ်းပန်းခြင်းနှင့် အသေသတ်ခြင်းကို ခံကြမည်မှာဝေးလေစွ။

ထိုကြောင့် သင်္ချိုင်းဂူကို မည်သူကဗလာကျင်းဖြစ်စေခဲ့သနည်း။ ရုပ်ကလာပ်ကို ယေရှု၏ရန်သူများယူဆောင်သွားမည်ကား မဖြစ်နိုင်ပေ။ ထိုသို့သူတို့ပြုခဲ့လျှင်ပင် ယေရှုသည် ရှင်ပြန်ထမြောက်ခဲ့ပြီး အသက်ရှင်လျက်ရှိတော်မူသည်ဟု တပည့်တော်များ၏အဆိုကို ချေပရန် နောက်ပိုင်းတွင် သူတို့ဖော်ပြလိမ့်မည်ဖြစ်သည်။ သို့သော် ထိုသို့မဖြစ်ပျက်ခဲ့ပါ၊ အကြောင်းမှာ ထိုအမှုကို ဘုရားသခင်ပြုတော်မူခဲ့ခြင်းဖြစ်သည်။

ရက်သတ္တပတ်များစွာကြာပြီးနောက် ပေတရုက ဤသို့သက်သေခံသောအခါ ယေရှု၏ရန်သူများ လုံးဝမချေပနိုင်ခဲ့ချေ– “ဣသရေလလူတို့၊ ငါ့စကားကိုနားထောင်ကြလော့။ သင်တို့သိကြသည်အတိုင်း နာဇရက်မြို့သားယေရှုသည် ထူးဆန်းသောတန်ခိုး၊ နိမိတ်လက္ခဏာ၊ အံ့ဖွယ်သောအမှုတို့ကို သင်တို့တွင်ပြုရသောအခွင့်နှင့် ဘုရားသခင်ပေးတော်မူသောသက်သေကိုရသောသူဖြစ်၍၊ ဘုရားသခင်ပြဋ္ဌာန်းတော်မူသော အလိုတော်အားဖြင့်လည်းကောင်း၊ အနာဂတံသ [အနာဂတ်ကိုသိသော] ဉာဏ်တော်အားဖြင့်လည်းကောင်း အပ်နှံခြင်းကိုခံသောထိုယေရှုကို သင်တို့သည်ဖမ်းဆီး၍ မတရားသောသူတို့လက်ဖြင့် လက်ဝါးကပ်တိုင်၌ရိုက်၍ ကွပ်မျက်ကြပြီ။ ထိုသူကို သေခြင်းဝေဒနာသည် အစဉ်ချည်နှောင်ချုပ်ကိုင်၍မဖြစ်နိုင်သည်နှင့်၊ ထိုဝေဒနာကို ဘုရားသခင်သည်ချွတ်ပယ်၍ ထမြောက်စေတော်မူပြီ။ ထိုသူကိုအကြောင်းပြုလျက် ဒါဝိဒ်မင်းက၊ ‘ငါသည် ထာဝရဘုရားကို အစဉ်မပြတ်မျက်မှောက်ပြု၏။ . . . ထိုမှတစ်ပါး ငါ့အသားသည် မျှော်လင့်လျက်ကျိန်းဝပ်လိမ့်မည်။ အကြောင်းမူကား၊ ကိုယ်တော်သည် အကျွန်ုပ်၏ဝိညာဉ်ကို မရဏာနိုင်ငံ၌ပစ်ထားတော်မမူ။ ကိုယ်တော်၏သန့်ရှင်းသောသူအားလည်း ပုပ်စပ်ခြင်းကိုရှိစေတော်မမူဘဲလျက်၊ အသက်ရှင်ခြင်းလမ်းကို ပြညွှန်တော်မူလိမ့်မည်။’”—တမန်တော် ၂:၂၂-၂၇။

ရှင်ပြန်ထမြောက်ခဲ့သောယေရှုကို လူများစွာတွေ့ရှိခဲ့ကြ

တမန်တော်ဝတ္ထုတွင် ခရစ်ဝင်ကျမ်းရေးသူ လုကာက ဤသို့ဖော်ပြသည်။ “[ယေရှုသည်] အသေခံတော်မူပြီးလျှင်၊ [တမန်တော်တို့] အား အရက်လေးဆယ်ပတ်လုံးကိုယ်ကိုပြ၍ ဘုရားသခင်၏နိုင်ငံတော်နှင့်စပ်ဆိုင်သောအရာတို့ကို မိန့်မြွက်တော်မူလျက်၊ မိမိအသက်ရှင်သည်အကြောင်းကို ခိုင်ခံ့သောသက်သေအများအားဖြင့်ပြတော်မူ၏။” (တမန်တော် ၁:၂၊ ၃) တပည့်တော်အတော်များများသည် အချိန်အခါများစွာ—ဥယျာဉ်တွင်၊ လမ်းပေါ်တွင်၊ အစာစားစဉ်၊ တိဗေရိအိုင်နား—တွင် ရှင်ပြန်ထမြောက်ခဲ့သောယေရှုကို တွေ့မြင်ခဲ့ကြသည်။—မဿဲ ၂၈:၈-၁၀; လုကာ ၂၄:၁၃-၄၃; ယောဟန် ၂၁:၁-၂၃။

ဝေဖန်သူများက ထိုရုပ်သွင်ထင်ရှားခြင်းများ၏ တိကျမှန်ကန်မှုကို မေးခွန်းထုတ်ကြသည်။ သူတို့က စာရေးသူတို့သည် မှတ်တမ်းများကို လုပ်ဇာတ်ခင်းခဲ့ကြသည်၊ ယင်းတို့တွင် ကွာဟချက်များရှိသည်ဟုထောက်ပြကာ ပြောဆိုခဲ့ကြသည်။ အမှန်မှာ ခရစ်ဝင်မှတ်တမ်းများ၌ ကွဲပြားမှုအနည်းငယ်ရှိခြင်းက ကြံစည်တိုင်ပင်၍ရေးထားခြင်းမဟုတ်ကြောင်းကို သက်သေထူသည်။ ခရစ်တော်၏မြေကြီးအသက်တာမှ ဖြစ်ရပ်တစ်ခုခုနှင့်ပတ်သက်သော အခြားမှတ်တမ်းများကိုဖြည့်စွက်သည့် အသေးစိတ်အချက်အလက်များကို စာရေးသူတစ်ဦးက ဖော်ပြသောအခါ ယေရှုနှင့်စပ်လျဉ်းသည့် ကျွန်ုပ်တို့၏အသိပညာမှာ ကျယ်ပြန့်လာ၏။

ယေရှု၏ ရှင်ပြန်ထမြောက်ပြီးနောက်ရုပ်သွင်ဖော်ပြခြင်းများသည် အာရုံချောက်ချားခြင်းလော။ လူများစွာသည် ကိုယ်တော်ကိုတွေ့မြင်ခဲ့ကြခြင်းကြောင့် ထိုသို့သောအကြောင်းပြချက်မှာ ယုတ္တိမတန်ချေ။ ထိုသူတို့တွင် တံငါသည်များ၊ အမျိုးသမီးများ၊ အရပ်ဘက်ဝန်ထမ်းတစ်ဦးနှင့် ယေရှုရှင်ပြန်ထမြောက်ခဲ့ပြီဖြစ်ကြောင်းကို ငြင်း၍မရနိုင်သောသက်သေ တွေ့မြင်မှသာ လက်ခံယုံကြည်ခဲ့သည့် သံသယဝင်သူ တမန်တော်သောမပင်ပါဝင်ခဲ့သည်။ (ယောဟန် ၂၀:၂၄-၂၉) အကြိမ်အတော်များများ၌ပင် ယေရှု၏တပည့်တော်များသည် အစပထမတွင် ရှင်ပြန်ထမြောက်ခဲ့သော မိမိတို့၏သခင်ဖြစ်ကြောင်း မသိရှိခဲ့ကြချေ။ တစ်ကြိမ်တွင် လူ ၅၀၀ ကျော်သည် ကိုယ်တော်ကိုတွေ့မြင်ခဲ့ကြ၏၊ အဆိုပါဖြစ်ရပ်ကို ရှင်ပြန်ထမြောက်ခြင်းနှင့်ပတ်သက်၍ ခုခံပြောဆိုရာ၌ သက်သေအဖြစ် တမန်တော်ပေါလုအသုံးပြုသောအခါ သူတို့ထဲမှအများစုမှာ အသက်ရှင်ဆဲဖြစ်သည်။—၁ ကောရိန္သု ၁၅:၆။

အသက်ရှင်လျက်ရှိသောယေရှုသည် လူတို့အပေါ်သက်ရောက်မှုရှိ

ယေရှု၏ရှင်ပြန်ထမြောက်ခြင်းသည် ထူးဆန်းသော သို့မဟုတ် ငြင်းခုံစရာကိစ္စတစ်ရပ် သက်သက်မျှသာ မဟုတ်ချေ။ ကိုယ်တော်အသက်ရှင်နေခြင်းသည် နေရာတိုင်းတွင်ရှိသော လူတို့အပေါ် အကျိုးအာနိသင်ရှိ၏။ ပထမရာစုကတည်းက မရေမတွက်နိုင်သောသူတို့သည် ခရစ်ယာန်ဘာသာကိုစိတ်မဝင်စားခြင်း သို့မဟုတ် လုံးဝဆန့်ကျင်ခြင်းမှ ယင်းသည် စစ်မှန်သောဘာသာဖြစ်ကြောင်း အကြွင်းမဲ့သေချာသည်အထိ ဦးလှည့်ပြောင်းလဲလာခဲ့ကြသည်။ အဘယ်အရာက သူတို့ကို ပြောင်းလဲစေခဲ့သနည်း။ သမ္မာကျမ်းစာကို လေ့လာခြင်းဖြင့် ဘုရားသခင်သည် ယေရှုအား ကောင်းကင်၌ ဘုန်းထွန်းတောက်သောနာမ်ဝိညာဉ်သတ္တဝါအဖြစ် အသက်ရှင်စေရန် ရှင်ပြန်ထမြောက်စေခဲ့ကြောင်း သက်သေအထောက်အထားရခဲ့၍ဖြစ်သည်။ (ဖိလိပ္ပိ ၂:၈-၁၁) ယေရှုနှင့် ခရစ်တော်၏ရွေးနုတ်ဖိုးပူဇော်သကာအားဖြင့် ကယ်တင်ခြင်းရဖို့အတွက် ယေဟောဝါဘုရားသခင်၏ပြင်ဆင်ပေးချက်ကို သူတို့ယုံကြည်ကြောင်း တင်ပြခဲ့ကြပြီ။ (ရောမ ၅:၈) ထိုသူတို့သည် ဘုရားသခင့်အလိုတော်ကို ထမ်းဆောင်ခြင်းနှင့် ယေရှု၏သွန်သင်ချက်များနှင့်အညီ အသက်ရှင်ခြင်းအားဖြင့် စစ်မှန်သောပျော်ရွှင်မှုကို ရရှိခဲ့ကြပြီ။

ပထမရာစုတွင် ခရစ်ယာန်တစ်ဦးဖြစ်ရခြင်း၏ အဓိပ္ပာယ်ကို သုံးသပ်ကြည့်ပါ။ ဂုဏ်၊ အာဏာ၊ စည်းစိမ်ဥစ္စာတို့ မရပါ။ ယင်းအစား အစောပိုင်းခရစ်ယာန်အများသည် သူတို့၏ယုံကြည်ခြင်းအတွက် ‘မိမိတို့၏ပစ္စည်းဥစ္စာ လုယူဖျက်ဆီးခံရခြင်းကို ဝမ်းမြောက်သောစိတ်နှင့်ခံယူခဲ့ကြသည်။’ (ဟေဗြဲ ၁၀:၃၄) ခရစ်ယာန်ဘာသာတရားက ကိုယ်ကျိုးစွန့်ဖို့နှင့် အဖြစ်အပျက်အများတွင် အာဇာနည်အဖြစ် ဘဝနိဂုံးချုပ်ရသည့် နှိပ်စက်ညှဉ်းပန်းခြင်းခံဖို့ တောင်းဆိုသည်။

အချို့သူတို့သည် ခရစ်တော်၏တပည့်နောက်လိုက်များ မဖြစ်လာမီက ဩဇာအာဏာရှိရန်နှင့် ချမ်းသာကြွယ်ဝဖို့အလားအလာ အတော်အတန်ရှိခဲ့ကြသည်။ တာရှုမြို့သားရှောလုသည် ကျော်ကြားသောနိဿရည်းဆရာ ဂါမလျေလလက်အောက်တွင် ပညာသင်ကြားခဲ့ရာ ဂျူးတို့၏ရှေ့မှောက်၌ ထင်ရှားသူတစ်ဦးဖြစ်လာခါစရှိသည်။ (တမန်တော် ၉:၁၊ ၂; ၂၂: ၃; ဂလာတိ ၁:၁၄) သို့တိုင် ရှောလုသည် တမန်တော်ပေါလုဖြစ်လာခဲ့၏။ သူနှင့် အခြားသူများစွာတို့သည် ဤလောကကမ်းလှမ်းခဲ့သော ဩဇာအာဏာကို ကျောခိုင်းခဲ့ကြသည်။ အဘယ်ကြောင့်နည်း။ ဘုရားသခင့်ကတိတော်များအပေါ် အခြေခံသည့် စစ်မှန်သောမျှော်လင့်ချက်ဆိုင်ရာသတင်းနှင့် ယေရှုခရစ်သည် သေရာမှ ရှင်ပြန်ထမြောက်ခဲ့ပြီဖြစ်ကြောင်းကို ကြေညာရန်ဖြစ်သည်။ (ကောလောသဲ ၁:၂၈) အမှန်တရားအပေါ်အခြေခံကြောင်း သူတို့သိရှိထားကြသည့် အကြောင်းအရာတစ်ခုအတွက် ဆင်းရဲခံလိုကြ၏။

ယနေ့ သန်းနှင့်ချီသောသူတို့အတွက် အလားတူပင်ဖြစ်သည်။ ကမ္ဘာတစ်ဝန်းရှိ ယေဟောဝါသက်သေများ၏အသင်းတော်များတွင် ထိုကဲ့သို့သောသူတို့ကို သင်တွေ့ရှိနိုင်သည်။ ၂၀၀၁ ခုနှစ် ဧပြီလ ၈ ရက်၊ တနင်္ဂနွေနေ့နေဝင်ပြီးချိန်တွင် နှစ်စဉ်ကျင်းပသော ယေရှု၏သေခြင်းအထိမ်းအမှတ်ပွဲသို့ သင့်အား သက်သေခံများက လှိုက်လှဲပျူငှာစွာ ဖိတ်ခေါ်ပါသည်။ ထိုအခါသမယတွင်မက သမ္မာကျမ်းစာကိုလေ့လာရန် ဘုရားသခင့်နိုင်ငံတော်ခန်းမများတွင် သူတို့ကျင်းပကြသော အစည်းအဝေးများအားလုံးကို သင့်အားတက်ရောက်စေလိုကြပေလိမ့်မည်။

ယေရှု၏သေခြင်းနှင့် ရှင်ပြန်ထမြောက်ခြင်းအကြောင်းကိုသာမက ကိုယ်တော်၏ဘဝအသက်တာနှင့် သွန်သင်ချက်များကိုပါ ပိုမိုသိရှိရန်လေ့လာကြည့်ပါ။ ကိုယ်တော်ထံသို့လာဖို့ ကျွန်ုပ်တို့ကို ကိုယ်တော်ဖိတ်ခေါ်ပါသည်။ (မဿဲ ၁၁:၂၈-၃၀) ယေဟောဝါဘုရားသခင်နှင့် ယေရှုခရစ်အကြောင်း တိကျသောအသိပညာကို ဆည်းပူးလေ့လာရန် ယခုပင် လုပ်ဆောင်ပါလေ။ ထိုသို့ပြုလုပ်ခြင်းဖြင့် ကိုယ်တော်ချစ်မြတ်နိုးသော သားတော်လက်အောက်ရှိ ဘုရားသခင့်နိုင်ငံတော်တွင် ထာဝရအသက်ရရှိနိုင်ပါလိမ့်မည်။

[အောက်ခြေမှတ်ချက်]

a ခရစ်ဝင်ကျမ်းမှတ်တမ်းများ၏ ခိုင်လုံမှုနှင့်ပတ်သက်၍ သက်သေသာဓကအတွက် ကင်းမျှော်စင် ၂၀၀၀၊ မေ ၁၅၊ “ခရစ်ဝင်ကျမ်းများ—သမိုင်းဝင်လော၊ ဒဏ္ဍာရီလော” ရှု။

[စာမျက်နှာ ၇ ပါ ရုပ်ပုံ]

သန်းနှင့်ချီသူတို့သည် ယေရှုခရစ်၏တပည့်နောက်လိုက်များအဖြစ် စစ်မှန်သောပျော်ရွှင်မှုကို ရှာတွေ့ ခဲ့ကြပြီ

[Picture Credit Line on page 6]

From the Self-Pronouncing Edition of the Holy Bible, containing the King James and the Revised versions

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ