“ငါ့ထံသို့လာကြလော့။ ငါသည် လန်းဆန်းစေမည်”
ထူးခြားသောတိုးတက်မှုက တိုးချဲ့ဖို့အမြန်လိုအပ်လာ
ယေရှုခရစ်က “ငါ့ထံသို့လာကြလော့၊ ငါသည်လန်းဆန်းစေမည်” ဟုမိန့်တော်မူခဲ့၏။ (မဿဲ ၁၁:၂၈၊ ကဘ) ခရစ်ယာန်အသင်းတော်၏ဦးခေါင်းထံမှ နှလုံးနွေးထွေးဖွယ် ဖိတ်ခေါ်ချက်ပါတကား! (ဧဖက် ၅:၂၃) ထိုစကားများကို ကျွန်ုပ်တို့သေချာစွာ စဉ်းစားသုံးသပ်သည့်အခါ အရေးပါသော လန်းဆန်းမှုပင်ရင်းတစ်ခုဖြစ်သည့် ခရစ်ယာန်အစည်းအဝေးများတွင် ကျွန်ုပ်တို့၏ဝိညာဉ်ရေး ညီအစ်ကိုညီအစ်မများနှင့် ပေါင်းသင်းခြင်းကို တန်ဖိုးမထားဘဲ မနေနိုင်ကြချေ။ “ညီအစ်ကိုတို့သည် သဘောတူလျက် ပေါင်းဖော်ကြသည်အရာမှာ အလွန်ကောင်းပေ၏။ အလွန်တင့်တယ်လျောက်ပတ်ပေ၏” ဟုသီဆိုခဲ့သူ ဆာလံဆရာနှင့် ကျွန်ုပ်တို့အမှန်တကယ် သဘောတူကြပေမည်။—ဆာလံ ၁၃၃:၁။
မှန်ပါသည်၊ ၎င်းဝတ်ပြုရာအစည်းအဝေးများတွင် ကျွန်ုပ်တို့ပေါင်းသင်းရသူများသည် အကောင်းဆုံးအပေါင်းအသင်းများဖြစ်ပြီး ထိုတွင်ရှိ ဝိညာဉ်ရေးအခြေအနေသည်လည်း လုံခြုံ၍ နှစ်လိုဖွယ်ဖြစ်သည်။ ထို့ကြောင့် ငယ်ရွယ်သူခရစ်ယာန်အမျိုးသမီးတစ်ဦးက အကြောင်းရှိ၍ ဤသို့ဆို၏– “တစ်နေကုန်ကျောင်းတက်ရတာ စိတ်ပင်ပန်း ငြီးငွေ့လိုက်တာ။ ဒါပေမဲ့ အစည်းအဝေးတွေက နောက်နေ့ ကျောင်းပြန်တက်ဖို့ အားသစ်လောင်းပေးတဲ့နေရာ၊ သဲကန္တာရက အိုအေစစ်တစ်ခုလိုပါပဲ။” နိုင်ဂျီးရီးယားသူငယ်မလေးတစ်ဦးက ဤသို့မှတ်ချက်ချသည်– “ယေဟောဝါကို ချစ်မြတ်နိုးတဲ့သူတွေနဲ့ နီးနီးကပ်ကပ်ပေါင်းသင်းရတာ ကျွန်မကို ကိုယ်တော်နဲ့နီးနီးကပ်ကပ်ရှိစေတယ်။”
ယေဟောဝါသက်သေများ၏ ဒေသခံနိုင်ငံတော်ခန်းမသည် ရပ်ရွာဒေသတွင် စစ်မှန်သောဝတ်ပြုရေးအတွက် အချက်အချာဖြစ်သည်။ နေရာဒေသအများစုတွင် ဘုရားသခင့်နိုင်ငံတော်ခန်းမ၌ အနည်းဆုံး တစ်ပတ်နှစ်ကြိမ် စည်းဝေးများကျင်းပကြသည်၊ ထိုတွင် လန်းဆန်းသောပေါင်းသင်းမှုရရှိရန် စည်းဝေးတက်ကြဖို့ ကျမ်းစာသင်သားများကို အစကတည်းက အားပေးကြသည်။—ဟေဗြဲ ၁၀:၂၄၊ ၂၅။
အရေးတကြီးလိုအပ်ရာ
သို့ရာတွင်၊ သတိပြုစရာမှာ ယေဟောဝါသက်သေအားလုံး သင့်တော်သော ဘုရားသခင့်နိုင်ငံတော်ခန်းမတစ်ခုတွင် စည်းဝေးတက်ကြရသည်မဟုတ်။ ကမ္ဘာတစ်ဝန်း ဘုရားသခင့်နိုင်ငံတော်ကြွေးကြော်သူများ အရေအတွက် အံ့မခန်းဖွယ် တိုးများလာခြင်းက အရေးတကြီးလိုအပ်ရာတစ်ခုကို ဖြစ်ပေါ်စေခဲ့ပြီ။ အထူးသဖြင့် ဖွံ့ ဖြိုးဆဲနိုင်ငံများတွင် ဘုရားသခင့်နိုင်ငံတော်ခန်းမ ထောင်သောင်းချီ လိုအပ်နေဆဲရှိသည်။—ဟေရှာယ ၅၄:၂; ၆၀:၂၂။
ဥပမာအနေနှင့်၊ ကွန်ဂိုဒီမိုကရက်တစ် ပြည်သူ့သမ္မတနိုင်ငံ၏မြို့တော်တွင် အသင်းတော် ၂၉၀ အတွက် ဘုရားသခင့်နိုင်ငံတော်ခန်းမ ဆယ်ခုသာရှိသည်။ ထိုနိုင်ငံတွင် ခန်းမများစွာ အရေးတကြီး လိုအပ်လျက်ရှိသည်။ အင်ဂိုလာနိုင်ငံတွင် ဘုရားသခင့်နိုင်ငံတော်ခန်းမ အကန့်အသတ်သာရှိသောကြောင့် အသင်းတော်အများစုသည် ကွင်းပြင်တွင် အစည်းအဝေးပြုလုပ်နေကြရသည်။ အခြားနိုင်ငံများစွာတို့တွင်လည်း အလားတူလိုအပ်လျက် ရှိနေကြသည်။
ထို့ကြောင့် ၁၉၉၉ ခုနှစ်ကတည်းက ငွေကြေးအနည်းအကျဉ်းသာရှိသည့် နိုင်ငံများတွင် ခန်းမများ ဆောက်လုပ်ပေးရန် စနစ်တကျ ကြိုးစားဆောင်ရွက်နေကြပြီ။ ထိုနိုင်ငံများတွင် ဆောက်လုပ်ရေးစီမံကိန်းများကို ကူညီပေးရန် အတွေ့အကြုံရှိသက်သေခံများ လုပ်အားပေးနေကြသည်။ ထိုသို့သော ကြိုးစားမှုများကို ဒေသခံစေတနာ့ဝန်ထမ်းများရှိခြင်းနှင့် သူတို့၏ တလိုတလားစိတ်ဓာတ် ပူးပေါင်းလိုက်သည့်အခါ အကျိုးရလဒ်များမှာ အားရှိစရာဖြစ်သည်။ တစ်ဖန် ဒေသခံသက်သေခံများကလည်း သူတို့ရရှိသော သွန်သင်လေ့ကျင့်မှုမှ အကျိုးကျေးဇူးများ ခံစားနေကြရသည်။ ဤအရာအားလုံးတို့သည် နိုင်ငံအသီးသီးတွင် ဘုရားသခင့်နိုင်ငံတော်ခန်းမ ဆောက်လုပ်ရေးအတွက် လိုအပ်သောအကူအညီများ ရရှိနေစေသည်။
ဒေသခံနည်းစနစ်များနှင့် ဆောက်လုပ်ရေးပစ္စည်းများကို ထည့်အသုံးပြုခြင်းဖြင့် ဘုရားသခင့်နိုင်ငံတော်ခန်းမ ဆောက်လုပ်ရေးအတွက် လက်တွေ့ကျအကူအညီ ရခဲ့ကြပြီ။ ပန်းတိုင်မှာ အရေးတကြီးလိုအပ်နေသော ဘုရားသခင့်နိုင်ငံတော်ခန်းမများ အလုံအလောက် ဆောက်လုပ်ပေးရန်သာမက ဒေသခံအခြေအနေများနှင့် လိုက်လျောညီထွေဖြစ်သည့် ပြုပြင်ထိန်းသိမ်းရေးအစီအစဉ်ကိုလည်း ဆက်ပြုလုပ်ကြရန်ဖြစ်သည်။—၂ ကောရိန္သု ၈:၁၄၊ ၁၅။
လန်းဆန်းအားတက်စေသည့် ဖွံ့ဖြိုးတိုးတက်မှုများ
ဝတ်ပြုရာနေရာများရှိစေရန် ဤကြိုးစားအားထုတ်မှုများ၏ အကျိုးရလဒ်ကားအဘယ်နည်း။ ၂၀၀၁ ခုနှစ်အစောပိုင်းက မာလာဝီနိုင်ငံမှ မှတ်တမ်းတစ်ခု ဤသို့ဆိုသည်– “ဤနိုင်ငံတွင် ပြီးမြောက်အောင်မြင်ခဲ့ရာသည် အထူးစိတ်စွဲမှတ်စရာဖြစ်၏။ နောက်နှစ်လအကြာတွင် နောက်ဆက်တွဲ ဘုရားသခင့်နိုင်ငံတော်ခန်းမများ ပြီးစီးမည်ဖြစ်သည်။” (ရုပ်ပုံ ၁ နှင့် ၂) မကြာသေးမီ လအနည်းငယ်က တိုဂိုနိုင်ငံတွင် စေတနာ့ဝန်ထမ်းများသည် တော်သင့်သော ဘုရားသခင့်နိုင်ငံတော်ခန်းမများကို ဆောက်လုပ်နိုင်ခဲ့ကြသည်။ (ရုပ်ပုံ ၃) ထို့အပြင် တလိုတလား စေတနာ့ဝန်ထမ်းကြသူများ၏ မွန်မြတ်သောအလုပ်ကြောင့် မက္ကဆီကို၊ ဘရာဇီးနှင့် အခြားနိုင်ငံများတွင်လည်း သင့်တော်သော ဘုရားသခင့်နိုင်ငံတော်ခန်းမများကို စီမံဆောက်လုပ်ပေးနိုင်ခဲ့ပြီ။
ဘုရားသခင့်နိုင်ငံတော်ခန်းမတစ်ခုကို ဆောက်လုပ်ကြသည့်အခါ ယေဟောဝါသက်သေများသည် ထိုမြို့တွင် အမြဲရှိနေကြမည်ဟု ဒေသခံများက သဘောပေါက်သွားကြကြောင်း အသင်းတော်များက သတိပြုမိကြသည်။ သင့်တော်သောဝတ်ပြုရာနေရာ မရရှိမချင်း သက်သေခံများနှင့်ပေါင်းသင်းရန် အများကတွန့်ဆုတ်ပုံရှိခဲ့ကြသည်။ မာလာဝီနိုင်ငံမှ နာဖီဆီအသင်းတော်က ဤသို့သတင်းပို့သည်– “ယခု ကျွန်ုပ်တို့၌ သင့်တော်သော ဘုရားသခင့်နိုင်ငံတော်ခန်းမတစ်ခု ရှိပြီဖြစ်ရာ ကောင်းသောသက်သေခံချက် ဖြစ်နေသည်။ ထို့ကြောင့် ယခု ကျမ်းစာသင်အံမှုများစတင်ရန် လွယ်ကူလာပြီ။”
ဘုရားသခင့်နိုင်ငံတော်ခန်းမအဟောင်းသည် ချာ့ချ်တချို့နှင့် နှိုင်းယှဉ်ကြည့်သော် အလွန်ခေတ်နောက်ကျသည့်အတွက် ဘီနင်နိုင်ငံမှ ကရက်ခါအသင်းတော်သားများသည် အတော်ကဲ့ရဲ့ ပြောင်လှောင်ခံခဲ့ကြရသည်။ (ရုပ်ပုံ ၄) ယခုမူ ထိုအသင်းတော်၏ ဘုရားသခင့်နိုင်ငံတော်ခန်းမအသစ်သည် စစ်မှန်သောဝတ်ပြုရေးကို ရိုးရိုးလေးမက တစ်ကြိမ်တည်း ခန့်ညားစွာကိုယ်စားပြုနေပါသည်။ (ရုပ်ပုံ ၅) ဤအသင်းတော်တွင် ဘုရားသခင့်နိုင်ငံတော်ကြေညာသူ ၃၄ ဦးရှိသော်လည်း တနင်္ဂနွေအစည်းအဝေးများကို ပျမ်းမျှတက်ရောက်သူ ၇၃ ဦးရှိပြီး နိုင်ငံတော်ခန်းမအပ်နှံပွဲကို ၆၅၁ ဦးတက်ခဲ့သည်။ အများစုမှာ ခန်းမတစ်ခုကို အချိန်အနည်းငယ်တွင် သက်သေခံများဆောက်လုပ်နိုင်ခဲ့ကြသည်ကို အထူးစွဲမှတ်သွားကြသည့် မြို့သူမြို့သားများဖြစ်သည်။ ယင်းနှင့်စပ်လျဉ်း၍ လွန်ခဲ့သောအဖြစ်အပျက်များကို ပြန်လည်သုံးသပ်ကြည့်ကြရာ ဇင်ဘာဘွေဌာနခွဲက ဤသို့စာရေးအကြောင်းကြားသည်– “ဘုရားသခင့်နိုင်ငံတော်ခန်းမအသစ်တစ်ခု ဆောက်လုပ်ပြီး၍ တစ်လအကြာတွင် တက်ရောက်သူဦးရေမှာ နှစ်ဆတိုးများလေ့ရှိသည်။”—ရုပ်ပုံ ၆ နှင့် ၇။
အဆိုပါဘုရားသခင့်နိုင်ငံတော်ခန်းမ အသစ်များစွာတို့သည် ဆက်ကပ်အပ်နှံပြီးသား ခရစ်ယာန်များနှင့် စိတ်ဝင်စားသူများအတွက် ဝိညာဉ်ရေးလန်းဆန်းမှုပေးသောနေရာများ အမှန်တကယ်ဖြစ်လာပေသည်။ ယူကရိန်းနိုင်ငံမှ ဒေသခံအသင်းတော်တစ်ခုသည် ၎င်းတို့၏ ဘုရားသခင့်နိုင်ငံတော်ခန်းမအသစ်ကို စတင်အသုံးပြုကြပြီးနောက် သက်သေခံတစ်ဦးက “ကျွန်မတို့ အရမ်းဝမ်းသာတာပဲ။ ယေဟောဝါဟာ သူ့လူမျိုးကို ဘယ်လောက်ကူညီပေးတယ်ဆိုတာကို ကျွန်မတို့ကိုယ်တိုင် တွေ့ မြင်ခဲ့ကြရတယ်” ဟုဆိုခဲ့၏။
[စာမျက်နှာ ၁၀ ပါ လေးထောင့်ကွက်/ ရုပ်ပုံ]
ရက်ရက်ရောရောထောက်ပံ့ပေးမှုကို တန်ဖိုးထား
ကမ္ဘာနှင့်အဝန်း ဘုရားသခင့်နိုင်ငံတော်ခန်းမအသစ်များ အရေးတကြီးလိုအပ်နေခြင်းကို ဖြည့်ဆည်းပေးရန် တစ်မုဟုတ်ချင်း ကြိုးစားအားထုတ်နေကြခြင်းက ယေဟောဝါသက်သေများအား အလွန်စိတ်အားတက်ကြွစေခဲ့ပြီ။ နိုင်ငံအသီးသီးတွင် ယေဟောဝါအားဝတ်ပြုသူ အရေအတွက် မှန်မှန်တိုးများလာနေခြင်းက အနာဂတ်တွင် ဘုရားသခင့်နိုင်ငံတော်ခန်းမအသစ် များစွာဆောက်လုပ်ပေးရန် လိုအပ်လာသည်။ စဉ်းစားကြည့်ပါလေ၊ ၂၀၀၁ ခု လုပ်ငန်းတော်နှစ်အတွင်း ပျမ်းမျှအားဖြင့် အသင်းတော်အသစ် ၃၂ ခု ပတ်စဉ်ဖွဲ့စည်းခဲ့ကြရသည်! ထိုအသင်းတော်များသည် ဝတ်ပြုစည်းဝေးစရာနေရာများ လိုအပ်လျက်ရှိကြ၏။
‘အထူးသဖြင့် ငွေကြေးအနည်းအကျဉ်းသာရှိကြသည့် ညီအစ်ကိုများနေထိုင်ရာ နိုင်ငံများ၌ ဘုရားသခင့်နိုင်ငံတော်ခန်းမအသစ်များ ဆောက်လုပ်ရန်စီမံကိန်းများကို ကျွန်ုပ်တို့မည်သို့ထောက်ပံ့ပေးမည်နည်း’ ဟုမေးခွန်း ပေါ်ပေါက်လာနိုင်သည်။ အဖြေတွင် ဘုရားသခင့်ထောက်မမှုနှင့် လူသားတို့၏ရက်ရောမှုတို့ ပါဝင်၏။
ယေဟောဝါသည် မိမိ၏ကတိတော်နှင့်အညီ သန့် ရှင်းသောဝိညာဉ်တော်ကို ကျေးကျွန်များအပေါ် သွန်းလောင်းပေးကာ “သူတစ်ပါးအား ကျေးဇူးပြုခြင်း၊ ကောင်းသောအကျင့်၌ ကြွယ်ဝပြည့်စုံခြင်း၊ စွန့်ကြဲချင်သောစေတနာစိတ်ရှိခြင်း” ဖြစ်ပေါ်စေခဲ့ပြီ။ (၁ တိမောသေ ၆:၁၈) ဘုရားသခင့်ဝိညာဉ်တော်သည် ယေဟောဝါသက်သေများကို နည်းလမ်းအမျိုးမျိုးဖြစ်သော ၎င်းတို့၏အချိန်၊ ခွန်အား၊ လုပ်အားနှင့် ခရစ်ယာန်လုပ်ငန်းဆောင်တာများအတွက် အခြားထောက်ပံ့မှုများဖြင့် နိုင်ငံတော်ဟောပြောခြင်းလုပ်ငန်းကို ထောက်ပံ့ကူညီရန် လှုံ့ဆော်ပေးသည်။
ရက်ရောစွာပေးကမ်းသည့် စိတ်ဓာတ်က သက်သေခံများနှင့် အခြားသူတို့အား တိုးချဲ့ဆောက်လုပ်ရေးလုပ်ငန်းကို ငွေကြေးဖြင့် ကူညီပေးစေသည်။ ဒေသခံအသင်းတော်၏ ပုံမှန်အသုံးစရိတ်ကို ခံသည့်အပြင် ကမ္ဘာ့အခြားဒေသများရှိ ဆောက်လုပ်ရေးလုပ်ငန်းအတွက်ပါ ထည့်ဝင်လှူဒါန်းကြသည်။
အသင်းတော်တိုင်းတွင် “ကမ္ဘာချီလုပ်ငန်းအတွက်အလှူငွေ—မဿဲ ၂၄:၁၄” ဟု ရှင်းလင်းစွာရေးသား ဖော်ပြထားသည့် အလှူငွေသေတ္တာများရှိသည်။ လူတိုင်း ဆန္ဒရှိပါက ထိုအလှူငွေသေတ္တာများထဲ စေတနာအလျောက် အလှူငွေထည့်ဝင်နိုင်ကြပါသည်။ (၃ ဓမ္မရာဇဝင် ၁၂:၉) နည်းသည်ဖြစ်စေ၊ များသည်ဖြစ်စေ အလှူငွေအားလုံးကို တန်ဖိုးထားလေးမြတ်ကြသည်။ (မာကု ၁၂:၄၂-၄၄) ဤအလှူငွေကို ဘုရားသခင့်နိုင်ငံတော်ခန်းမများ ဆောက်လုပ်ခြင်းအပါအဝင် နည်းလမ်းအမျိုးမျိုးဖြင့် လိုအပ်သရွေ့ အသုံးပြုကြသည်။ ဤအလှူငွေကို လခစားအမှုဆောင်များအား ပေးရန်အသုံးမပြုပါ၊ အကြောင်းမှာ ယေဟောဝါသက်သေများတွင် ထိုသို့သောသူများမရှိသောကြောင့် ဖြစ်သည်။
ကမ္ဘာချီလုပ်ငန်းအတွက် ငွေကြေးထည့်ဝင်မှုသည် ရည်ရွယ်ချက်ကို အထမြောက်အောင်မြင်စေပါသလော။ အထမြောက်စေပါသည်။ ပြည်တွင်းစစ်ကြောင့် အကြီးအကျယ်ပျက်စီးနေသည့် လိုင်ဘေးရီးယားနိုင်ငံမှ ဌာနခွဲရုံးက ဒေသခံသက်သေခံအများစုသည် အလုပ်လက်မဲ့ဖြစ်နေကြပြီး ငွေကြေးအခက်အခဲ အကြီးအကျယ် ကြုံကြိုက်ကြရကြောင်း သတင်းပို့သည်။ ဤနိုင်ငံမှ ယေဟောဝါ၏လူမျိုးတော်သည် သင့်တော်သော ဝတ်ပြုရာနေရာများကို မည်သို့ရရှိနိုင်ကြမည်နည်း။ “အခြားနိုင်ငံများမှ ညီအစ်ကိုများ၏ ရက်ရက်ရောရော လှူဒါန်းထားသည့်ငွေများကို အသုံးပြု၍ လုပ်ငန်းတော်ကိုထောက်ပံ့ကြမည်” ဟုဌာနခွဲရုံးကဆိုသည်။ “အမှန်တကယ်ပညာရှိပြီး မေတ္တာပါသော အစီအစဉ်ပါတကား!”
ဒေသခံညီအစ်ကိုများသည် ငွေကြေးအခြေအနေ နည်းပါးကြလင့်ကစား သူတို့လည်း ပါဝင်လှူဒါန်းကြပါသည်။ စီအဲရာလေယွန်ဟုခေါ်သည့် အာဖရိကနိုင်ငံတစ်နိုင်ငံက ဤသို့သတင်းပို့သည်– “ဒေသခံညီအစ်ကိုများသည် သူတို့လှူဒါန်းနိုင်သမျှ အလှူငွေနှင့် လုပ်အားတို့ကို ပေးဆက်ခြင်းဖြင့် ဘုရားသခင့်နိုင်ငံတော်ခန်းမ ဆောက်လုပ်ရေးကို ထောက်မကူညီပေးရန် ပျော်ရွှင်ကြသည်။”
ဤဆောက်လုပ်ရေးလုပ်ငန်းသည် အဆုံးတွင် ယေဟောဝါကို ချီးမွမ်းထောမနာပြုသည်။ လိုင်ဘေးရီးယားနိုင်ငံမှ ညီအစ်ကိုများက စိတ်ထက်သန်စွာ ဤသို့ဆိုကြသည်– “နိုင်ငံတစ်ဝန်း သင့်တော်သော ဝတ်ပြုရာနေရာများ ဆောက်လုပ်ခြင်းသည် လိုင်ဘေးရီးယားနိုင်ငံတွင် စစ်မှန်သောဝတ်ပြုရေး အမြဲတည်ရှိလိမ့်မည်ဟု သက်သေထူပြီး ကျွန်ုပ်တို့ဘုရားသခင်၏ ကြီးမြတ်သောနာမတော်ကိုဂုဏ်တင်ကာ အသရေတင့်တယ်စေပါလိမ့်မည်။”