ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • နဓ ၁၀/၀၅ စာ. ၃
  • ‘ကယ်တင်ခြင်းသည် ယေဟောဝါနှင့်စပ်ဆိုင်၏’

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ‘ကယ်တင်ခြင်းသည် ယေဟောဝါနှင့်စပ်ဆိုင်၏’
  • ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၅
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • “ဦးမချဝတ်မပြုနှင့်”
  • အမျိုးသားသီချင်းများကား အဘယ်နည်း
  • လေးစားစွာဖြင့် ရှောင်နေလော့
  • “ကိုယ်ကိုကိုယ်သိသောစိတ် ကြည်လင်လျက်နေကြလော့”
  • “ခပ်သိမ်းသောသူတို့အား ဖြည်းညင်းစွာပြု”
  • အလံအလေးပြုခြင်း၊ မဲဆန္ဒပေးခြင်းနဲ့ အရပ်ဘက်ဆိုင်ရာလုပ်ငန်း
    ‘ဘုရားသခင့်မေတ္တာ ခံစားရစေမယ့်အရာတွေကို အမြဲလုပ်ဆောင်ပါ’
  • နိုင်ငံရေးအခမ်းအနားတွေမှာ မပါဝင်ဖို့ ယေဟောဝါသက်သေတွေ ဘာကြောင့် လေးလေးစားစား ငြင်းဆန်ကြသလဲ
    ယေဟောဝါသက်သေတွေနဲ့ပတ်သက်ပြီး မေးလေ့ရှိတဲ့ မေးခွန်းများ
  • ကြားနေခြင်း
    ကျမ်းစာဖြင့် ကျိုးကြောင်းဆင်ခြင်ခြင်း
ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၅
နဓ ၁၀/၀၅ စာ. ၃

‘ကယ်တင်ခြင်းသည် ယေဟောဝါနှင့်စပ်ဆိုင်၏’

ပြည်တွင်း အရေးအခင်းကာလနှင့် အပြည်ပြည်ဆိုင်ရာတင်းမာချိန်များတွင် လူတို့သည် ကာကွယ်မှုနှင့် လုံခြုံမှုအတွက် သူတို့၏အစိုးရကို အားကိုးတတ်ကြသည်။ တစ်ဖန် အစိုးရများက လူထု၏ထောက်ခံမှု ရယူရန် အစွမ်းကုန် အစီအစဉ်များ လုပ်ဆောင်ကြ၏။ ဤသို့သောအစီအစဉ်များဖြင့် မျိုးချစ်စိတ်ကို ပို၍လှုံ့ဆော်ပေးလေ၊ အားမာန်ပါသော မျိုးချစ်စိတ်အခမ်းအနားများ ပို၍ကျင်းပလေဖြစ်သည်။

ပြည်တွင်းအရေးအခင်းကာလတွင် မျိုးချစ်စိတ်ထက်သန်မှုသည် ပြည်သူလူထုကို စည်းလုံးမှုနှင့် အင်အားကိုဖြစ်စေပြီး နိုင်ငံသားပီပီ တာဝန်သိတတ်စွာ ပူးပေါင်းဆောင်ရွက်လိုစိတ် ပြင်းပြလာစေသည်။ သို့သော် “မျိုးချစ်စိတ်ကို လွတ်လပ်စွာဖော်ပြခွင့်ပြုသည့်အခါ ယင်းသည် အခြားစိတ်လှုပ်ရှားမှုများကဲ့သို့ ပေါက်ကွဲတတ်ပြီး ဘေးသင့်စေနိုင်၏” ဟု နယူးယောက်တိုင်းမ်မဂ္ဂဇင်း မှ ဆောင်းပါးတစ်ပုဒ်က ဆိုသည်။ မျိုးချစ်စိတ်ကိုဖော်ပြသည့်နည်းများက နိုင်ငံသားတချို့၏ လူမှုအခွင့်အရေးများနှင့် ဘာသာရေးလွတ်လပ်ခွင့်များကို ထိပါးနိုင်၏။ အထူးသဖြင့် စစ်မှန်သောခရစ်ယာန်များအား သူတို့၏ယုံကြည်ချက်များကို စွန့်လွှတ်၍ လိုက်လျောရန် ဖိအားပေးကြသည်။ ဤခရစ်ယာန်တို့၏ဝန်းကျင်တွင် အဆိုပါအခြေအနေမျိုး ပျံ့နှံ့လာသည့်အခါ သူတို့ မည်သို့ပြုမူလုပ်ဆောင်ကြရမည်နည်း။ အဘယ်ကျမ်းစာမူများက ထိုးထွင်းသိမြင်စေပြီး ဘုရားသခင်အပေါ် သမာဓိစောင့်ထိန်းစေမည်နည်း။

“ဦးမချဝတ်မပြုနှင့်”

နိုင်ငံတော်အလံ အလေးပြုခြင်းသည် အများပြည်သူ၏မျိုးချစ်စိတ် ဖော်ပြချက်ဖြစ်လာသောအခါများရှိသည်။ သို့သော် အလံများပေါ်တွင် ကြယ်များအစရှိသော ကောင်းကင်အရာ၊ မြေကြီးအရာများ ဖော်ပြထားတတ်သည်။ ထိုသို့သောအရာများကို ဦးချဝတ်ပြုခြင်းနှင့်ပတ်သက်၍ ဘုရားသခင်၏အမြင် မည်သို့ရှိကြောင်း မိမိ၏လူမျိုးတော်ကို ဤသို့ပညတ်ပေးချိန်တွင် ဖော်ပြခဲ့သည်– “အထက်မိုးကောင်းကင်၌လည်းကောင်း၊ အောက်အရပ်မြေကြီးပေါ်၌လည်းကောင်း၊ မြေကြီးအောက်ရေထဲ၌လည်းကောင်း ရှိသောအရာနှင့်ပုံသဏ္ဌာန်တူအောင် အဘယ်ရုပ်တုကိုမျှ ကိုယ့်အဖို့မလုပ်နှင့်၊ ဦးချဝတ်ပြုဖို့သွေးဆောင်ခြင်းကိုမခံစေနှင့်။ အကြောင်းမူကား၊ သင်၏ဘုရားသခင်ငါယေဟောဝါသည် အကြွင်းမဲ့စိတ်နှလုံးဖြင့်ဆည်းကပ်ဝတ်ပြုခြင်းကို ကျပ်တည်းစွာပြုစေလိုသောဘုရားဖြစ်သောကြောင့်တည်း။”—ထွ. ၂၀:၄၊ ၅၊ ကဘ။

နိုင်ငံတော်ကိုယ်စားပြု အလံအလေးပြုခြင်း၊ ၎င်းရှေ့ ဒူးထောက်ခြင်းသည် ယေဟောဝါဘုရားသခင်အား စိတ်နှလုံးအကြွင်းမဲ့ ဝတ်ပြုကိုးကွယ်ခြင်းနှင့် အမှန်ပင် ဆန့်ကျင်ရာကျသလော။ ရှေးဣသရေလလူမျိုးသည် တောကန္တာရတွင်ရှိခဲ့ကြစဉ် ဣသရေလအမျိုးသားအသီးသီး၏ ပတ်လည်၌ “အလံ” များ သို့မဟုတ် အောင်လံတံခွန်များစိုက်ခဲ့ကြသည်။ (တော. ၂:၁၊ ၂) ဤအောင်လံတံခွန်များကိုရည်ညွှန်းသည့် ဟေဗြဲစကားလုံးများနှင့်ပတ်သက်၍ မက်ကလင်းတော့ခ်နှင့် စထရောင်းတို့၏ စွယ်စုံကျမ်း ကဤသို့ဆိုသည်– “‘အောင်လံတံခွန်’ ဟုဆိုလျှင် ကျွန်ုပ်တို့၏စိတ်ထဲ မြင်လာသည့် အလံ ကို ထိုစကားလုံးနှစ်လုံးစလုံးက ဖော်ညွှန်းနေခြင်းမဟုတ်ပေ။” ထို့ပြင် ဣသရေလအောင်လံများကို မြင့်မြတ်မှုအဖြစ် မရှုမြင်၊ ယင်းကို အသုံးပြုရာတွင်လည်း မည်သည့်အခမ်းအနားနှင့်မျှ ဆက်နွှယ်ခြင်းမရှိခဲ့ချေ။ ယင်းတို့သည် မည်သည့်နေရာတွင် လူစုဝေးရမည်ကို ဖော်ပြသည့် အမှတ်သင်္ကေတများ၏ လက်တွေ့ကျရည်ရွယ်ချက်သာဖြစ်၏။

ဝတ်ပြုရာတဲတော်နှင့် ရှောလမုန်၏ဗိမာန်တော်ရှိ ခေရုဗိမ်ရုပ်ပုံများသည် ကောင်းကင်ခေရုဗိမ်များကို အဓိကဖော်ပြသည်။ (ထွ. ၂၅:၁၈; ၂၆:၁၊ ၃၁၊ ၃၃; ၃ ရာ. ၆:၂၃၊ ၂၈၊ ၂၉; ဟေဗြဲ ၉:၂၃၊ ၂၄) လူအများတို့သည် ထိုကောင်းကင်တမန်များကို တစ်ခါမျှမမြင်ဖူးသည့်အပြင် သူတို့ကို မကိုးကွယ်ရသောကြောင့် အဆိုပါအနုပညာရုပ်ပုံများသည် ကိုးကွယ်စရာမဟုတ်ကြောင်း ထင်ရှားပါသည်။—ကော. ၂:၁၈; ဗျာ. ၁၉:၁၀; ၂၂:၈၊ ၉။

တောကန္တာရတွင် ဣသရေလလူမျိုးတို့ရှိစဉ် ပရောဖက်မောရှေပြုလုပ်ခဲ့သော ကြေးဝါမြွေရုပ်ကိုလည်း သုံးသပ်ကြည့်ပါ။ ထိုအရုပ် သို့မဟုတ် ရုပ်တုသည် ပုံဆောင်ချက်မျှဖြစ်ပြီး ပရောဖက်ပြုချက်နှင့်ဆိုင်သော ဆိုလိုရင်းရှိ၏။ (တော. ၂၁:၄-၉; ယော. ၃:၁၄၊ ၁၅) ထိုအရုပ်ကို မြတ်နိုးကိုးကွယ်ရန်မဟုတ်ချေ။ သို့သော် မောရှေခေတ်နောက်ပိုင်း ရာစုနှစ်များကုန်လွန်လာသည့်အခါ ဣသရေလလူမျိုးသည် ထိုအရုပ်ကို မှားယွင်းစွာ ကိုးကွယ်လာကြပြီး ၎င်းရှေ့တွင် နံ့သာပေါင်းများ မီးရှို့ခဲ့ကြသည်။ ထို့ကြောင့် ယုဒရှင်ဘုရင်ဟေဇကိသည် ထိုမြွေရုပ်ကို အပိုင်းပိုင်းချိုးဖြတ်လိုက်လေသည်။—၄ ရာ. ၁၈:၁-၄။

နိုင်ငံတော်အလံများသည် အသုံးဝင်ရာ အမှတ်သင်္ကေတများသက်သက်သာဖြစ်သလော။ ယင်းတို့သည် အဘယ်အရာ၏ အထိမ်းအမှတ်ဖြစ်သနည်း။ “အလံသည် မျိုးချစ်စိတ်၏ အဓိကယုံကြည်ခြင်းအထိမ်းအမှတ်ဖြစ်ပြီး အဓိကဝတ်ပြုရာမဏ္ဍိုင်ဖြစ်သည်” ဟုစာရေးဆရာ ဂျေ. ပေါလ် ဝီလျမ်စ်ကဆိုသည်။ “အလံသည် လက်ဝါးကပ်တိုင်ကဲ့သို့ပင် မြင့်မြတ်၏” ဟုအမေရိကားနားစွယ်စုံကျမ်းက ဆိုသည်။ အလံသည် နိုင်ငံတော်အထိမ်းအမှတ်ဖြစ်သည်။ ထို့ကြောင့် အလံကို ဦးညွတ်ခြင်း သို့မဟုတ် အလေးပြုခြင်းသည် နိုင်ငံတော်ကိုကြည်ညိုသည့် ဘာသာရေးအခမ်းအနားတစ်ခုဖြစ်၏။ ဤသို့ပြုမူခြင်းဖြင့် ကယ်တင်ခြင်းသည် နိုင်ငံတော်နှင့်စပ်ဆိုင်ကြောင်း ပြသပြီး ရုပ်တုကိုးကွယ်ခြင်းအကြောင်း ကျမ်းစာပြောဆိုချက်နှင့် မအပ်စပ်ချေ။

‘ကယ်တင်ခြင်းသည် ယေဟောဝါနှင့်စပ်ဆိုင်ပါ၏’ ဟုကျမ်းစာက ရှင်းလင်းပြတ်သားစွာ ဖော်ပြသည်။ (ဆာ. ၃:၈၊ သမ္မာ) ကယ်တင်ခြင်းသည် လူ့အဖွဲ့အစည်းများ သို့မဟုတ် ၎င်းတို့၏အထိမ်းအမှတ်များနှင့် မစပ်ဆိုင်ပါ။ တမန်တော်ပေါလုက ခရစ်ယာန်ချင်းများကို ဤသို့သတိပေးခဲ့သည်– “ငါ့ချစ်သူတို့၊ ရုပ်တုကိုကိုးကွယ်ခြင်းအမှုကို ကြဉ်ရှောင်ကြလော့။” (၁ ကော. ၁၀:၁၄) အစောပိုင်းခရစ်ယာန်များသည် နိုင်ငံတော်ကိုဝတ်ပြုကိုးကွယ်သည့် အပြုအမူများကိုမပြုခဲ့ချေ။ သေတော့မည့်သူများ စာအုပ်တွင် ဒယ်နီယယ် ပီ. မင်နစ်က “ခရစ်ယာန်များသည် [ရောမ] ဧကရာဇ်မင်း၏ကိုယ်စောင့်နတ်ကို တင်လှူပူဇော်ရန် . . . ငြင်းဆန်ခဲ့ကြသည်၊ ၎င်းအပြုအမူကား ယနေ့ အလံကို အလေးမပြုခြင်းနှင့် ဆင်တူသည်” ဟုဖော်ပြသည်။ ထို့ကြောင့် ယင်းသည် ယနေ့ စစ်မှန်သောခရစ်ယာန်များနှင့်လည်း သက်ဆိုင်သည်။ ယေဟောဝါအား အကြွင်းမဲ့ဆက်ကပ်ဝတ်ပြုရန်အလို့ငှာ မည်သည့်နိုင်ငံတော်အလံကိုမဆို အလေးပြုခြင်းကို သူတို့ရှောင်ရှားကြသည်။ ဤသို့ပြုလုပ်ခြင်းအားဖြင့် သူတို့သည် အစိုးရများနှင့် ၎င်းတို့၏အုပ်စိုးရှင်များကို ရိုသေသမှုပြုစဉ် တစ်ဆက်တည်း ဘုရားသခင်အား ဦးထိပ်ထားကြသည်။ သူတို့သည် “အစိုးရသောမင်းအာဏာစက်၏ အုပ်စိုးခြင်းကို” ဝန်ခံရမည့်တာဝန်ရှိကြောင်း အမှန်တကယ်အသိအမှတ်ပြုကြပါသည်။ (ရော. ၁၃:၁-၇) သို့သော်လည်း အမျိုးသားသီချင်းများကဲ့သို့သော မျိုးချစ်သီချင်းများ သီဆိုခြင်းနှင့်ပတ်သက်၍ ကျမ်းစာအမြင်ကား အဘယ်နည်း။

အမျိုးသားသီချင်းများကား အဘယ်နည်း

“အမျိုးသားသီချင်းများသည် မျိုးချစ်စိတ် ဖော်ပြခြင်းဖြစ်ပြီး များသောအားဖြင့် ပြည်သူလူထု သို့မဟုတ် သူတို့၏အုပ်စိုးရှင်များကို ဘုရားသခင် လမ်းညွှန်ပေးပြီး ကာကွယ်ပေးပါရန် ဆုမွန်ကောင်းတောင်းပေးခြင်းဖြစ်၏” ဟု အမေရိကားနားစွယ်စုံကျမ်း ကဖော်ပြသည်။ အမှန်ဆိုရလျှင် အမျိုးသားသီချင်းသည် နိုင်ငံတော်အကျိုးအတွက် သီဆိုသော ဓမ္မတေး သို့မဟုတ် ဆုတောင်းချက်ဖြစ်သည်။ နိုင်ငံတော် သာယာဝပြောရန်နှင့် အဓွန့်ရှည်ရန် တောင်းဆိုလေ့ရှိ၏။ ဤသို့သောဆုတောင်းချက်များတွင် စစ်မှန်သောခရစ်ယာန်များ ပါဝင်အပ်သလော။

ဘုရားသခင်အား ဝတ်ပြုပါသည်ဟု ဆိုကြသူများကြားတွင် ပရောဖက်ယေရမိ နေထိုင်ခဲ့သည်။ သို့တိုင် ယေဟောဝါက သူ့ကို ဤသို့မိန့်မှာခဲ့သည်– “ဤလူမျိုးအဖို့ ပတ္ထနာမပြုနှင့်။ သူတို့အဖို့ အော်ဟစ်ခြင်း၊ ဆုတောင်းခြင်းကို မပြုနှင့်။ ငါ့ကိုမသွေးဆောင်နှင့်။ သင်၏စကားကို ငါနားမထောင်။” (ယေ. ၇:၁၆; ၁၁:၁၄; ၁၄:၁၁) ယေရမိကို အဘယ်ကြောင့် ထိုသို့မိန့်မှာခဲ့ရသနည်း။ အကြောင်းမှာ သူတို့၏လူ့ဘောင်အဖွဲ့အစည်းတွင် ခိုးခြင်း၊ လူသတ်ခြင်း၊ သူ့မယားကိုပြစ်မှားခြင်း၊ မဟုတ်မမှန်ကျိန်ဆိုခြင်းနှင့် ရုပ်တုကိုးကွယ်ခြင်းတို့ ပျံ့နှံ့နေသောကြောင့်ဖြစ်သည်။—ယေ. ၇:၉။

ယေရှုခရစ်က ဤသို့မိန့်တော်မူရာတွင် အတုယူစရာပုံသက်သေတစ်ခုကို ချမှတ်ပေးတော်မူခဲ့သည်– “လောကီသားတို့အဖို့အလိုငှာ ဆုတောင်းသည်မဟုတ်ပါ။ အကျွန်ုပ်အားပေးတော်မူသော . . . ထိုသူတို့အဖို့အလိုငှာ ဆုတောင်းပါ၏။” (ယော. ၁၇:၉) “လောကီသားအပေါင်းတို့သည် မာရ်နတ်၏လက်၌ရှိကြ” ပြီး “ရွေ့သွားကွယ်ပျောက်” လိမ့်မည်ဟု ကျမ်းစာကဆို၏။ (၁ ယော. ၂:၁၇; ၅:၁၉) သို့ဖြစ်၍ စစ်မှန်သောခရစ်ယာန်များသည် ဤအစီအစဉ်စနစ် သာယာဝပြောပြီး အဓွန့်ရှည်ဖို့ အသိစိတ်ရှိရှိ မည်သို့ ဆုတောင်းပေးနိုင်မည်နည်း။

အမျိုးသားသီချင်းတိုင်းတွင်တော့ ဘုရားသခင်ထံ ဆုပန်ချက်များ မပါရှိချေ။ “အမျိုးသားသီချင်း၏သဘောထား အမျိုးမျိုးအဖုံဖုံရှိသည်၊ အုပ်စိုးရှင်များအတွက် ဆုတောင်းပေးခြင်းမှ အမျိုးသားရေး အရေးကြီးတိုက်ပွဲများ သို့မဟုတ် ပုန်ကန်မှုများကို ရည်ညွှန်းခြင်း . . . မျိုးချစ်စိတ် ဖော်ပြခြင်း အစရှိသည်တို့အထိဖြစ်သည်” ဟု ဗြိတဲန်နစ်ကာစွယ်စုံကျမ်း ကဆိုသည်။ သို့သော် ဘုရားသခင့်စိတ်တော်နှင့်တွေ့လိုသူများသည် နိုင်ငံတစ်ခုခု၏တိုက်ပွဲများနှင့် တော်လှန်ပုန်ကန်မှုများတွင်မဆို အားရကျေနပ်နိုင်ကြပါမည်လော။ စစ်မှန်သောဝတ်ပြုကိုးကွယ်သူများနှင့်စပ်လျဉ်း၍ ဟေရှာယက “သူတို့ဓားလက်နက်များကို ထွန်သွားဖြစ်စေခြင်းငှာလည်းကောင်း၊ လှံများကို တံစဉ်ဖြစ်စေခြင်းငှာလည်းကောင်း ထုလုပ်ကြလိမ့်မည်” ဟုကြိုဟောခဲ့သည်။ (ဟေရှာ. ၂:၄) တမန်တော်ပေါလုကလည်း “ငါတို့သည် လူဇာတိ၌ကျင်လည်သော်လည်း ဇာတိပကတိအလိုသို့လိုက်၍ စစ်တိုက်ကြသည်မဟုတ်။ ငါတို့စစ်တိုက်၍ သုံးစွဲသောလက်နက်သည် ဇာတိပကတိလက်နက်မဟုတ်” ဟုရေးသားခဲ့သည်။—၂ ကော. ၁၀:၃၊ ၄။

အမျိုးသားသီချင်းများသည် များသောအားဖြင့် လူမျိုးမာန် သို့မဟုတ် သာလွန်မြင့်မြတ်မှုကို ဖော်ပြလေ့ရှိသည်။ အဆိုပါသဘောထားသည် ကျမ်းစာနှင့် မကိုက်ညီချေ။ အာရေတောင်ပေါ်တွင် တမန်တော်ပေါလု ဟောပြောချိန်တွင် သူက “[ယေဟောဝါဘုရားသခင်] သည် မြေတစ်ပြင်လုံး၌နေရသော လူအမျိုးမျိုးတို့ကို တစ်သွေးတည်းနှင့် ဖန်ဆင်းတော်မူ” ၏ဟု ပြောခဲ့သည်။ (တ. ၁၇:၂၆) တမန်တော်ပေတရုကလည်း “ဘုရားသခင်သည် လူမျက်နှာကို မှတ်တော်မမူ။ လူအမျိုးမျိုးတို့တွင် ဘုရားသခင်ကို ကြောက်ရွံ့၍ တရားသဖြင့် ကျင့်ဆောင်သောသူသည် အထံတော်၌ မျက်နှာရသည်ကို ငါသိမြင်၏” ဟုဆိုခဲ့သည်။—တ. ၁၀:၃၄၊ ၃၅။

လူအများသည် သမ္မာကျမ်းစာကို နားလည်သဘောပေါက်ကြရာ အလံအလေးပြုခြင်းနှင့် မျိုးချစ်သီချင်းများ သီဆိုခြင်းတို့ကို ရှောင်ရန် သူတို့ဘာသာဆုံးဖြတ်ကြ၏။ သို့သော် ဤသို့သောအခြေအနေမျိုးနှင့် သူတို့ ထိပ်တိုက်ပက်ပင်းတိုးသောအခါ သူတို့ကိုယ်တိုင် မည်သို့ပြုမူမည်နည်း။

လေးစားစွာဖြင့် ရှောင်နေလော့

ရှေးခေတ်ဗာဗုလုန်ရှင်ဘုရင် နေဗုခဒ်နေဇာသည် သူ၏အင်ပါယာ စည်းလုံးခိုင်ခံ့ရေးအတွက် ဒုရလွင်ပြင်တွင် ဧရာမရွှေရုပ်တုကြီးတစ်ခုကို တည်ဆောက်ခဲ့၏။ ထို့နောက် ၎င်း၏ဖွင့်ပွဲအခမ်းအနားသို့ ဘုရင်ခံမင်း၊ မင်းအရာရှိ၊ မြို့ဝန်၊ တိုင်ပင်မှူးမတ်နှင့် တခြားအရာရှိကြီးများကို ဖိတ်ခေါ်လေသည်။ စုရုံးရောက်ရှိလာကြသူအပေါင်းသည် သီချင်းတီးမှုတ်ချိန်တွင် ထိုရုပ်တုရှေ့ ပျပ်ဝပ်ကိုးကွယ်ကြရမည်ဖြစ်သည်။ ရောက်ရှိနေသူများထဲတွင် ဟေဗြဲလူငယ်သုံးဦးဖြစ်သည့် ရှာဒရက်၊ မေရှက်နှင့် အဗေဒနေဂေါတို့လည်းပါဝင်သည်။ ဤဘာသာရေးအခမ်းအနားတွင် သူတို့မပါဝင်ကြောင်း မည်သို့ပြသခဲ့ကြသနည်း။ တေးသံစတင်သည်နှင့် စုရုံးရောက်ရှိနေကြသူများသည် ထိုရုပ်တုရှေ့ ပျပ်ဝပ်ကိုးကွယ်ကြသော်လည်း ဟေဗြဲလူငယ်သုံးဦးမူကား ရပ်မြဲရပ်လျက်နေကြ၏။—ဒံ. ၃:၁-၁၂။

ယနေ့တွင် လက်များဆန့်တန်း၍ နဖူးပေါ် သို့မဟုတ် ရင်ဘတ်ပေါ် လက်တင်၍ အလံများကို အလေးပြုလေ့ရှိကြသည်။ တစ်ခါတစ်ရံ ကိုယ်နေဟန်ထားတစ်မျိုးတစ်မည်ဖြင့် အလေးပြုကြပေမည်။ နိုင်ငံအချို့တွင် ကျောင်းသားလေးများကို အလံရှေ့ဒူးထောက်၍ နမ်းခိုင်းသည်။ အလံကို အခြားသူများ အလေးပြုနေကြစဉ် အေးဆေးငြိမ်သက်စွာရပ်နေခြင်းအားဖြင့် စစ်မှန်သောခရစ်ယာန်တို့သည် လေးလေးစားစား ရှုစားသူများဖြစ်ကြောင်း ဖော်ပြပါသည်။

မတ်တတ်ရပ်ရုံမျှဖြင့် အလံအခမ်းအနားတွင် ပါဝင်နေပုံရှိလျှင်ကော အသို့နည်း။ ဥပမာ၊ ရွေးချယ်ခံရသော ကျောင်းသားတစ်ဦးသည် တစ်ကျောင်းလုံးကိုယ်စား ကျောင်းအပြင်ဘက်ရှိ အလံတိုင်တွင် အလေးပြုနေစဉ် တခြားကျောင်းသားများသည် စာသင်ခန်းတွင် သတိအနေအထားဖြင့် မတ်တတ်ရပ်နေကြရမည် ဆိုပါစို့။ ဤအခြေအနေတွင် မတ်တတ်ရပ်ရုံမျှဖြင့် အပြင်တွင် အလံအလေးပြုနေသော ကျောင်းသား၏အပြုအမူကို သဘောတူကြောင်း ဝန်ခံရာရောက်သည်။ သို့ဖြစ်၍ မတ်တတ်ရပ်နေခြင်းကိုယ်နှိုက်သည် ထိုအခမ်းအနားတွင် ပါဝင်နေသည်ဟု ဆိုလိုရာရောက်ပေသည်။ သို့ဆိုလျှင် လေးလေးစားစား ရှုစားသူများသာ ဖြစ်လိုသူတို့သည် ငြိမ်သက်စွာ ထိုင်နေပေမည်။ ထိုအခမ်းအနား စတင်စဉ် အတန်းတစ်တန်းလုံးက မတ်တတ်ရပ်နှင့်ပြီးသား ဖြစ်နေလျှင်ကော အသို့နည်း။ ထိုအခါ ကျွန်ုပ်တို့ဆက်မတ်တတ်ရပ်နေလျှင် အခမ်းအနားတွင်ပါဝင်သူများ ဖြစ်သွားမည်မဟုတ်ချေ။

အကယ်၍ ချီတက်ပွဲတစ်ခုတွင်ဖြစ်စေ၊ အတန်းထဲတွင်ဖြစ်စေ၊ အခြားတစ်နေရာရာတွင်ဖြစ်စေ အလံကို အလေးပြုစရာမလိုဘဲ တခြားသူများ အလေးပြုနိုင်ရန် အလံကို ကိုင်ထားရုံမျှ ကိုင်ခိုင်းမည် ဆိုပါစို့။ ဤသို့ပြုလျှင် သမ္မာကျမ်းစာ မိန့်မှာသည့်အတိုင်း “ရုပ်တုကိုးကွယ်ခြင်းကို ကြဉ်ရှောင်” ရာဖြစ်မည့်အစား အခမ်းအနား၏အလယ်ဗဟိုတွင်နေ၍ သင်ပါဝင်နေရာရောက်မည်။ မျိုးချစ်စိတ် ချီတက်ပွဲများတွင် ပါဝင်ခြင်းသည်လည်း အလားတူပင်ဖြစ်သည်။ ဤသို့ပြုလုပ်ခြင်းသည် အခမ်းအနားတွင် ဂုဏ်ပြုသည့်အရာကို အားပေးထောက်ခံနေရာရောက်သဖြင့် စစ်မှန်သောခရစ်ယာန်များသည် ဩတ္တပ္ပစိတ်ဖြင့် ထိုသို့မပြုကြချေ။

အမျိုးသားသီချင်းများကို တီးမှုတ်သောအခါ သီချင်း၏သဘောထားကို အားပေးထောက်ခံကြောင်း ဖော်ပြရန်မှာ အများအားဖြင့် မတ်တတ်ရပ်နေရုံသာဖြစ်သည်။ ယင်းသို့သောအခါမျိုးတွင် ခရစ်ယာန်များသည် ထိုင်မြဲထိုင်နေကြ၏။ သို့သော် အမျိုးသားသီချင်းကို တီးမှုတ်သောအချိန်တွင် သူတို့သည် မတ်တတ်ရပ်နေပြီးသားဖြစ်နေလျှင် အထူးတလည် ထိုင်ချစရာမလိုချေ။ ထိုသီချင်းအတွက် အထူးမတ်တတ်ရပ်နေခြင်း မဟုတ်ပေ။ သို့သော် အုပ်စုတစ်စုသည် မတ်တတ်ရပ်ပြီး သီချင်းဆိုရမည်ဆိုပါစို့၊ ဤအချိန်အခါတွင် လေးစားသည့်အနေနှင့် မတ်တတ်ရပ်ရုံမျှပြုပြီး သီချင်းမဆိုဘဲနေလျှင် သီချင်း၏ခံစားချက်ကို ပါဝင်ခံစားရာရောက်မည်မဟုတ်ပေ။

“ကိုယ်ကိုကိုယ်သိသောစိတ် ကြည်လင်လျက်နေကြလော့”

လူ့လက်ဖြင့်ပြုလုပ်ထားသော ကြည်ညိုရာများကို ဖော်ပြပြီးနောက် ဆာလံဆရာက ဤသို့ဆိုသည်– “လုပ်သောသူတို့လည်း အတူတူ၊ ကိုးစားသောသူအပေါင်းတို့လည်း အတူတူပါတကား။” (ဆာ. ၁၁၅:၄-၈) သို့ဖြစ်၍ နိုင်ငံတော်အလံများအပါအဝင် ကြည်ညိုလေးမြတ်ရာများ ပြုလုပ်သော မည်သည့်အလုပ်အကိုင်ကိုမဆို ယေဟောဝါအားဝတ်ပြုသူများ လက်သင့်ခံနိုင်မည်မဟုတ်ချေ။ (၁ ယော. ၅:၂၁) ခရစ်ယာန်များသည် ယေဟောဝါမှလွဲ၍ အလံကိုဖြစ်စေ၊ ယင်းကိုကိုယ်စားပြုသော အရာများကိုဖြစ်စေ မကိုးကွယ်နိုင်ကြောင်း လေးစားစွာ ဖော်ပြကြသောအခါ အခြားအလုပ်အကိုင်ဆိုင်ရာ အခြေအနေများ ပေါ်ပေါက်လာနိုင်ဖွယ်ရှိပေမည်။

ဥပမာ၊ အလုပ်ရှင်တစ်ဦးက အလုပ်သမားတစ်ဦးကို အဆောက်အအုံတစ်ခုတွင် တပ်ဆင်ထားသော အလံကို အတင်အချပြုလုပ်ခိုင်းပေမည်။ ထိုသို့ပြုလုပ်ပေးမည်၊ မပေးမည်ကား အခြေအနေအရ သူ၏ကိုယ်ပိုင်ရှုမြင်ချက်အပေါ် မူတည်၏။ အကယ်၍ အထူးအခမ်းအနားတစ်ခုတွင် သတိအနေအထားဖြင့် မတ်တတ်ရပ်နေကြသော၊ သို့မဟုတ် အလံအလေးပြုနေသော လူတို့ရှေ့ အလံအတင်အချပြုလုပ်နေရခြင်းဖြစ်လျှင် ယင်းသို့ပြုခြင်းသည် ထိုအခမ်းအနားတွင် ပါဝင်ရာရောက်၏။

သို့သော် အခမ်းအနားမပါဘဲ အလံအတင်အချပြုလုပ်ရခြင်းသည် အဆောက်အအုံတစ်ခုကို အသုံးပြုဖို့ ပြင်ဆင်ခြင်း၊ တံခါးများကို သော့ဖွင့်ပိတ်ရခြင်းနှင့် ပြတင်းပေါက်များကို ဖွင့်ပိတ်ရခြင်းကဲ့သို့သော တာဝန်များကို ထမ်းဆောင်ရခြင်းနှင့်တူသည်။ ဤသို့သောအခြေအနေမျိုးတွင် အလံသည် နိုင်ငံတော်၏အထိမ်းအမှတ်တစ်ခုမျှဖြစ်၍ အခြားလုပ်ရိုးလုပ်စဉ်တာဝန်များကို ကျမ်းစာနှင့်အညီ လေ့ကျင့်ထားသော ကိုယ်ကိုကိုယ်သိသောစိတ်၏ညွှန်ကြားမှုအပေါ် အခြေခံ၍ ပြုလုပ်သကဲ့သို့ အလံအတင်အချပြုလုပ်ခြင်းသည်လည်း ကိုယ်ပိုင်ဆုံးဖြတ်ချက်ချ၍ ပြုလုပ်ရမည့်ကိစ္စဖြစ်သည်။ (ဂလ. ၆:၅) လူတစ်ဦး၏ကိုယ်ကိုကိုယ်သိသောစိတ်က တခြားအလုပ်သမားတစ်ဦးအား အလံအတင်အချပြုလုပ်စေရန် သူ၏ကြီးကြပ်မှူးအား တောင်းဆိုဖို့ တိုက်တွန်းပေမည်။ ခရစ်ယာန်နောက်တစ်ဦးမူကား အခမ်းအနားမပါသရွေ့ အလံအတင်အချပြုလုပ်ခြင်းကို မိမိ၏ကိုယ်ကိုကိုယ်သိသောစိတ်က ခွင့်ပြုသည်ဟု ခံယူပေမည်။ မည်သည့်ဆုံးဖြတ်ချက်ပင်ချပါစေ၊ စစ်မှန်သောဝတ်ပြုသူများသည် ဘုရားသခင်ရှေ့တွင် “ကိုယ်ကိုကိုယ်သိသောစိတ် ကြည်လင်” သင့်သည်။—၁ ပေ. ၃:၁၆။

နိုင်ငံတော်အလံတပ်ဆင်ထားသော မီးသတ်ရုံးများ၊ မြူနီစီပါယ်ရုံးများနှင့် ကျောင်းများ အစရှိသော ပြည်သူ့အဆောက်အအုံများတွင် အလုပ်လုပ်ခြင်းကို ကျမ်းစာတားမြစ်ချက်မရှိပါ။ စာပို့တံဆိပ်ခေါင်းများ၊ ကားလိုင်စင်ကတ်များ၊ တခြားအစိုးရထုတ်ပစ္စည်းများတွင်လည်း အလံပုံစံပါရှိပေမည်။ ထိုသို့သောအရာဝတ္ထုများကို အသုံးပြုခြင်းကိုယ်နှိုက်က ဝတ်ပြုကိုးကွယ်ရေးဆိုင်ရာအပြုအမူများတွင် ပါဝင်ရာမရောက်စေပါ။ ဤတွင် အရေးပါသည်မှာ အလံ သို့မဟုတ် ၎င်း၏ပုံတူမျက်မှောက်ရှိနေခြင်း မဟုတ်ဘဲ ၎င်းအပေါ် မည်သို့လုပ်ရပ်ဖြစ်၏။

အလံကို ပြတင်းပေါက်များ၊ တံခါးများ၊ ကားများ၊ စားပွဲများနှင့် တခြားအရာဝတ္ထုများပေါ်တွင် တပ်ဆင်ထားတတ်ကြသည်။ အလံပုံပါသော အဝတ်အစားများကိုလည်း ဝယ်ယူမိနိုင်၏။ နိုင်ငံအချို့တွင် ထိုသို့သောအဝတ်အစားများကို ဥပဒေအရ ဝတ်ဆင်ခွင့်မပြုချေ။ ထိုသို့ဝတ်ဆင်ခြင်းသည် ဥပဒေကို ချိုးဖောက်ရာမကျသည့်တိုင် ဤလောကနှင့်ပတ်သက်၍ လူတစ်ဦး၏အနေအထားအကြောင်း အဘယ်အရာထင်ရှားမည်နည်း။ ယေရှုခရစ်က မိမိ၏နောက်လိုက်များနှင့်ပတ်သက်ပြီး ဤသို့မိန့်ဆိုခဲ့သည်– “အကျွန်ုပ်သည် ဤလောကနှင့်မဆက်ဆံသကဲ့သို့ ဤသူတို့သည် မဆက်ဆံကြပါ။” (ယော. ၁၇:၁၆) ထို့ပြင် ထိုသို့ဝတ်ဆင်ခြင်းအားဖြင့် ယုံကြည်သူချင်းများ မည်သို့ယူဆမည်ကို ဥပေက္ခာမပြုသင့်ပေ။ ထိုသို့ပြုခြင်းက အချို့သူများ၏ကိုယ်ကိုကိုယ်သိသောစိတ်ကို ထိခိုက်နိုင်သလော။ ယုံကြည်ခြင်း၌ ခိုင်ခံ့မြဲမြံမည်ဟူသော သူတို့၏သန္နိဋ္ဌာန်ကို ချည့်နဲ့သွားစေနိုင်မည်လော။ ပေါလုက “အခြားသူများအား အပြစ်ဆိုဖွယ်ရာမရှိ၊ ထိမိလဲစရာမဖြစ်စေရန် သာ၍အရေးကြီးသောအရာများကို သင်တို့ သေချာစွာသိနိုင်မည်အကြောင်းတည်း” ဟုခရစ်ယာန်များကို သတိပေးခဲ့၏။—ဖိ. ၁:၁၀၊ ကဘ။

“ခပ်သိမ်းသောသူတို့အား ဖြည်းညင်းစွာပြု”

ဤ “ခဲယဉ်းသောကာလ” တွင် လောကအခြေအနေ ဆိုးရွားလာသောအခါ မျိုးချစ်စိတ်ဓာတ် ပြင်းထန်လာဖွယ်ရှိသည်။ (၂ တိ. ၃:၁) ကယ်တင်ခြင်းသည် ယေဟောဝါနှင့်သာ စပ်ဆိုင်သည်ကို ဘုရားသခင်အား ချစ်မြတ်နိုးကြသူများ ဘယ်သောအခါမျှ မမေ့ကြပါနှင့်။ ကိုယ်တော်သည်သာ ကျွန်ုပ်တို့၏အကြွင်းမဲ့ဝတ်ပြုကိုးကွယ်မှုကို ရထိုက်၏။ ယေဟောဝါ၏အလိုတော်နှင့် မညီသောအမှုကို ပြုလုပ်ရန် စေခိုင်းခံရသောအခါ ယေရှု၏တမန်တော်များက “လူ၏စကားထက် ဘုရားသခင်၏စကားတော်ကို နားထောင်သင့်ပါ၏” ဟုပြန်ပြောခဲ့သည်။—တ. ၅:၂၉။

“သခင်ဘုရား၏ကျွန်သည် ရန်မတွေ့ရ။ ခပ်သိမ်းသောသူတို့အား ဖြည်းညင်းစွာပြု . . . ရမည်” ဟုတမန်တော်ပေါလုက ရေးသားခဲ့သည်။ (၂ တိ. ၂:၂၄) သို့ဖြစ်၍ ခရစ်ယာန်များသည် အလံကိုအလေးပြုခြင်းနှင့် အမျိုးသားသီချင်း သီဆိုခြင်းတို့နှင့်ပတ်သက်၍ ကိုယ်ပိုင်ဆုံးဖြတ်ချက်များချကြရာတွင် ကျမ်းစာနှင့်အညီ လေ့ကျင့်ခံထားရသော သူတို့၏ကိုယ်ကိုကိုယ်သိသောစိတ်ကို မှီခိုအားထားစဉ် အေးဆေးငြိမ်သက်စွာ၊ ရိုသေလေးစားစွာ၊ ဖြည်းညင်းသိမ်မွေ့စွာပြုမူရန် ကြိုးစားအားထုတ်ကြသည်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ