နှစ်သိမ့်မှု ဆင်းရဲခြင်းဝေဒနာခံစားရသူများအတွက် နှစ်သိမ့်မှု
ဆင်းရဲခြင်းဝေဒနာများကို ဘုရားသခင် အဘယ်ကြောင့်ခွင့်ပြုထားရသနည်း ဟူသောမေးခွန်းသည် ရာစုနှစ်များတစ်လျှောက် အတွေးအခေါ်ပညာရှင်များနှင့် ကျမ်းပညာရှင်များစွာတို့ကို စဉ်းစားရခက်စေခဲ့ပြီ။ အချို့က ဘုရားသခင်သည် အကြွင်းမဲ့တန်ခိုးရှင်ဖြစ်သောကြောင့် နောက်ဆုံးတွင် ဆင်းရဲခြင်းဝေဒနာများ၏ တာဝန်ခံမှာ ကိုယ်တော်ပင်ဖြစ်ရမည်ဟု အခိုင်အမာဆိုကြသည်။ ဒုတိယရာစုမှ ကျမ်းပိုတစ်ခုဖြစ်သော ခလဲမဲန်တင်းတရားတော်ကိုရေးသားသူက ဘုရားသခင်သည် လက်နှစ်ဖက်စလုံးနှင့် ကမ္ဘာမြေကြီးကိုအုပ်ချုပ်၏ဟုဆိုသည်။ ကိုယ်တော်၏ “လက်ဝဲလက်” စာတန်အားဖြင့် ဆင်းရဲခြင်းဝေဒနာများကိုဖြစ်ပေါ်စေပြီး “လက်ယာလက်” ယေရှုအားဖြင့် ကယ်တင်၍ ကောင်းချီးပေးတော်မူသည်ဟုဆို၏။
အခြားသူများကမူ ဘုရားသခင်သည် ဆင်းရဲခြင်းဝေဒနာများကို မဖြစ်ပေါ်စေသည်တိုင်အောင် ၎င်းကို ခွင့်ပြုနိုင်လိမ့်မည်ဟု လက်မခံနိုင်ကြသဖြင့် ဆင်းရဲခြင်းဝေဒနာမရှိဟု ပြောဆိုလိုကြသည်။ မာရီ ဘေကာ အယ်ဒီက “မကောင်းမှုသည် စိတ်လှည့်စားမှုမျှဖြစ်၏၊ တကယ့်အခြေအမြစ်မရှိချေ။ အပြစ်၊ ဖျားနာခြင်းနှင့် သေခြင်းတို့မရှိဟု ယူမှတ်ကြမည်ဆိုလျှင် ၎င်းတို့ ပျောက်ကွယ်သွားလိမ့်မည်” ဟုရေးသားခဲ့သည်။—သမ္မာကျမ်းစာအညွှန်းပါသော သိပ္ပံအတတ်နှင့် ကျန်းမာရေး။
အထူးသဖြင့် ပထမကမ္ဘာစစ်မှ ကျွန်ုပ်တို့ခေတ်အထိ ဝမ်းနည်းကြေကွဲဖွယ် သမိုင်းဖြစ်ရပ်များကြောင့် ဘုရားသခင်သည် ဆင်းရဲခြင်းဝေဒနာများကို လုံးလုံးမတားဆီးနိုင်ဟု ကောက်ချက်ချသူများစွာရှိသည်။ ဂျူးပညာရှင် ဒေးဗစ် ဝို့လ်ဖ် စေးလ်ဗားမင်က ဤသို့ရေးသားခဲ့သည်– “ကျွန်ုပ်အမြင်အရ မီးလောင်တိုက်သွင်းခဲ့ခြင်းကိစ္စက အကြွင်းမဲ့တန်ခိုးသည် ဘုရားသခင်၏ ဂုဏ်ရည်တော်တစ်ခုဖြစ်၏ဟူ၍ အလွယ်တကူပြောဆိုခဲ့သည့် အယူအဆကို ဖယ်ထုတ်ပစ်လိုက်သည်။” ထပ်ဆင့်၍ သူဤသို့ဆိုသေးသည်– “ဘုရားသခင်သည် အကြွင်းမဲ့တန်ခိုးရှင်မဟုတ်၍သာ အကောင်းနှင့် အဆိုး ဒွန်တွဲတည်ရှိနေနိုင်ခြင်းဖြစ်သည်။”
သို့သော်၊ ဘုရားသခင်သည် ဆင်းရဲခြင်းဝေဒနာ၏ ကြံရာပါတစ်ဦး တစ်နည်းနည်းဖြင့်ဖြစ်သည်၊ ဆင်းရဲခြင်းဝေဒနာသည် ကျွန်ုပ်တို့စိတ်ကူးထဲ၌သာရှိသည်၊ သို့မဟုတ် ယင်းကို ဘုရားသခင်မတားဆီးနိုင်ဟု ပြောဆိုကြခြင်းကား ဆင်းရဲခြင်းဝေဒနာ ခံစားရသူများအတွက် နှစ်သိမ့်မှုမပေးသလောက်ပင်။ ၎င်းထက်အရေးကြီးသည်မှာ ထိုသို့သောယူဆချက်များသည် သမ္မာကျမ်းစာပါ တရားမျှတသော၊ တန်ခိုးကြီးမား၍ ဂရုစိုက်တော်မူသော ဘုရားသခင်နှင့် လားလားကြီးဆန့်ကျင်ပါသည်။ (ယောဘ ၃၄:၁၀၊ ၁၂; ယေရမိ ၃၂:၁၇; ၁ ယောဟန် ၄:၈) သို့ဖြစ်၍ ဆင်းရဲခြင်းဝေဒနာများ ခွင့်ပြုထားရသည့် အကြောင်းရင်းနှင့်ပတ်သက်၍ သမ္မာကျမ်းစာက မည်သို့ဆိုသနည်း။
ဆင်းရဲခြင်းဝေဒနာ မည်သို့စတင်ခဲ့သနည်း
ဆင်းရဲခြင်းဝေဒနာခံစားကြရဖို့ လူကို ဘုရားသခင်ဖန်ဆင်းခဲ့သည်မဟုတ်ပါ။ ၎င်းအစား ကိုယ်တော်သည် ပထမလူသားမောင်နှံ အာဒံနှင့်ဧဝတို့ကို ကိုယ်စိတ်နှစ်ဖြာစုံလင်စေခဲ့သည်၊ သာယာကြည်နူးဖွယ်ဥယျာဉ်တစ်ခုကို သူတို့၏စံအိမ်အဖြစ် ပြင်ဆင်ပေးခဲ့ပြီး အဓိပ္ပာယ်ရှိ၍ ကျေနပ်ဖွယ်ကောင်းသောအလုပ်ကို ပေးအပ်ခဲ့သည်။ (ကမ္ဘာဦး ၁:၂၇၊ ၂၈၊ ၃၁; ၂:၈) သို့သော် သူတို့ဆက်ပျော်ရွှင်နိုင်ရန်မှာ ဘုရားသခင်သာ အုပ်ချုပ်ပိုင်ခွင့်ရှိပြီး အကောင်းအဆိုးကို ကိုယ်တော်သာ ဆုံးဖြတ်ပိုင်ခွင့်ရှိကြောင်း အသိအမှတ်ပြုခြင်းအပေါ် မူတည်သည်။ ဘုရားသခင်၏ ထိုလုပ်ပိုင်ခွင့်ကို “ကောင်းမကောင်းကိုသိကျွမ်းရာအပင်” က ကိုယ်စားပြုခဲ့သည်။ (ကမ္ဘာဦး ၂:၁၆၊ ၁၇) အာဒံနှင့်ဧဝတို့သည် ဘုရားသခင့်အမိန့်တော်ကိုနာခံပြီး ထိုအပင်မှယူမစားခဲ့ပါမူ ကိုယ်တော်အား လက်အောက်ခံကြောင်း တင်ပြခဲ့ကြပေမည်။a
အာဒံနှင့်ဧဝသည် ဘုရားသခင်ကို မနာခံခဲ့ခြင်းက ဝမ်းနည်းစရာပင်။ စာတန်ဖြစ်ကြောင်း နောက်ပိုင်းမှသိလာရသော ပုန်ကန်သည့်ဝိညာဉ်သတ္တဝါတစ်ပါးက ဘုရားသခင့်စကား နားထောင်ခြင်းသည် အကျိုးမရှိဟု ဧဝကိုအယုံသွင်းခဲ့သည်။ အမှန်မှာ ဘုရားသခင်သည် အလွန်နှစ်လိုဖွယ်ကောင်းသောအရာ၊ ကောင်းမကောင်းကို ကိုယ်တိုင်ဆုံးဖြတ်နိုင်ခွင့်ဖြစ်သည့် အမှီအခိုကင်းသောအခြေအနေကို သူ့အား မပေးဘဲထားသည်ဟု ယူဆစေခဲ့သည်။ အသီးကို သူယူစားမည်ဆိုလျှင် ‘သူ၏မျက်စိပွင့်လင်းလျက် ကောင်းမကောင်းကိုသိ၍ ဘုရားသခင်ကဲ့သို့ဖြစ်မည်’ ဟုစာတန်ဆို၏။ (ကမ္ဘာဦး ၃:၁-၆; ဗျာ. ၁၂:၉) လွတ်လပ်မှုရမည့် မျှော်မှန်းချက်ဖြင့် လှည့်စားခံရပြီး ဧဝသည် တားမြစ်ထားသောအသီးကို ယူစားခဲ့၏၊ မကြာမီ အာဒံလည်း ယူစားလေသည်။
ထိုနေ့၌ပင် အာဒံနှင့်ဧဝတို့သည် ပုန်ကန်မှု၏အကျိုးဆက်များကို စတင်ခံစားခဲ့ရကြသည်။ ဘုရားသခင့်အုပ်ချုပ်မှုကို ငြင်းပယ်ခြင်းကြောင့် ဘုရားသခင်အား လက်အောက်ခံခြင်းဖြင့်ရရှိမည့် အကာအကွယ်နှင့် ကောင်းချီးများကို သူတို့ဆုံးရှုံးလေသည်။ သူတို့ကို ပရဒိသုမှနှင်ထုတ်ပြီး အာဒံကို ဘုရားသခင်ဤသို့ပြောခဲ့သည်– “မြေသည်သင်၏အတွက် ကျိန်ခြင်းကိုခံလျက်ရှိ၏။ မြေ၏အသီးကို တစ်သက်ပတ်လုံးပင်ပန်းစွာစားရမည်။ သင်ထွက်ရာမြေသို့မပြန်မီတိုင်အောင် သင်၏မျက်နှာမှချွေးထွက်လျက် အစာကိုစားရမည်။” (ကမ္ဘာဦး ၃:၁၇၊ ၁၉) အာဒံနှင့်ဧဝတို့သည် ဖျားနာမှု၊ နာကျင်မှု၊ အိုမင်းခြင်းနှင့် သေခြင်းတို့ကို ကြုံတွေ့လာကြသည်။ ထိုအခါ ဆင်းရဲခြင်းဝေဒနာသည် လူတွေ့ကြုံရာတစ်ခုဖြစ်လာလေ၏။—ကမ္ဘာဦး ၅:၂၉။
ကိစ္စရပ်ကိုဖြေရှင်းခြင်း
‘အာဒံနဲ့ဧဝတို့ရဲ့အပြစ်ကို ဘုရားသခင် လျစ်လျူရှုလိုက်လို့မရဘူးလား’ ဟုတစ်စုံတစ်ဦးကမေးပေမည်။ မရပါ၊ ထိုသို့ပြုခြင်းက ကိုယ်တော်၏အခွင့်အာဏာကို လေးစားမှု ထပ်၍လျော့စေပေမည်၊ ပုန်ကန်မှုများ ထပ်ပေါ်ပေါက်စေပြီး သာ၍ကြီးမားသောဆင်းရဲခြင်းဝေဒနာများကိုပင် ဖြစ်ပေါ်စေနိုင်၏။ (ဒေ. ၈:၁၁) ထို့အပြင် ဤသို့သောမနာခံမှုကို အရေးမယူဘဲနေခြင်းသည် ဘုရားသခင်အား အမှားပြုရာ၌ ကြံရာပါဖြစ်စေပေမည်။ ကျမ်းရေးသူမောရှေက ကျွန်ုပ်တို့ကို ဤသို့သတိပေးသည်– “ဘုရားသခင်သည် မူလအမြစ်ဖြစ်၍ အမှုတော်သည် စုံလင်ပေ၏။ စီရင်တော်မူသမျှတို့သည် တရားနှင့်ညီလျက် [တည်ကြည်] သောဘုရား [သခင်]၊ အပြစ်ကင်းလွတ်၍ ဟုတ်မှန်ဖြောင့်မတ်သောဘုရား[သခင်]ဖြစ်တော်မူ၏။” (တရားဟောရာ ၃၂:၄) ဘုရားသခင်သည် မိမိ၏ပင်ကိုအဖြစ်နှင့် ညီစေရန် အာဒံနှင့်ဧဝတို့ကို မနာခံမှု၏အကျိုးဆက်များ ခံစားစေရပေမည်။
ဘုရားသခင်သည် ပထမလူသားမောင်နှံကို သူတို့အားပုန်ကန်စေသော မျက်မြင်မရသွေးထိုးပေးသူ စာတန်နှင့်အတူ အဘယ်ကြောင့် ချက်ချင်းမဖျက်ဆီးခဲ့သနည်း။ ထိုသို့ပြုရန် ကိုယ်တော်၌တန်ခိုး အမှန်ရှိ၏။ ဆင်းရဲခြင်းဝေဒနာနှင့် သေခြင်းတို့ကို အမွေဆက်ခံမည့် သားစဉ်မြေးဆက်များကိုလည်း အာဒံနှင့်ဧဝတို့ မွေးဖွားကြတော့မည်မဟုတ်ချေ။ သို့ရာတွင် ထိုသို့တန်ခိုးတော်ပြသခြင်းဖြင့် အသိဉာဏ်ရှိသော သတ္တဝါများအပေါ် ဘုရားသခင်အုပ်စိုးပိုင်ခွင့်ရှိကြောင်း သက်သေထူမည်မဟုတ်ပေ။ ထို့အပြင် သားသမီးမရှိဘဲ အာဒံနှင့်ဧဝတို့သေဆုံးသွားခဲ့ပါမူ သူတို့၏စုံလင်သောသားစဉ်မြေးဆက်များဖြင့် မြေကြီးကိုပြည့်စေရန် ဘုရားသခင့်ရည်ရွယ်ချက် အကောင်အထည်မဖော်နိုင်ဟု အဓိပ္ပာယ်သက်ရောက်စေမည်။ (ကမ္ဘာဦး ၁:၂၈) ထို့နောက် “ဘုရားသခင်သည် . . . လူကဲ့သို့မဟုတ်။ ကတိပြုသမျှ တည်စေတော်မူ၏; မိန့်တော်မူသည်အတိုင်း ပြုတော်မူ၏။”—တောလည်ရာ ၂၃:၁၉၊ ယနေ့ အင်္ဂလိပ်ဘာသာပြန်ကျမ်း။
စုံလင်သောဉာဏ်ပညာတော်ဖြင့် ယေဟောဝါဘုရားသခင်သည် ထိုပုန်ကန်မှုကို အချိန်အကန့်အသတ် ခွင့်ပြုထားရန် ဆုံးဖြတ်ခဲ့သည်။ ဘုရားသခင်ထံမှ ကင်းကွာနေခြင်း၏ အကျိုးဆက်များကို ထိုပုန်ကန်သူများ အလုံအလောက်ခံစားကြရပေမည်။ လူသည် ဘုရားသခင့်လမ်းညွှန်မှု လိုအပ်ကြောင်း၊ လူ့အုပ်ချုပ်မှု၊ သို့မဟုတ် စာတန့်အုပ်ချုပ်မှုထက် ဘုရားသခင့်အုပ်ချုပ်မှုသည် သာလွန်ကောင်းမွန်ကြောင်း သမိုင်းက အထင်အရှားသက်သေထူပါလိမ့်မည်။ တစ်ချိန်တည်းတွင် မြေကြီးအတွက် ဘုရားသခင့်မူလရည်ရွယ်ချက် ပြည့်စုံစေရန် ကိုယ်တော် အသေအချာစီစဉ်ထားတော်မူသည်။ ‘စာတန်၏ခေါင်းကိုကြိတ်’ ၍ သူ၏ပုန်ကန်မှုနှင့် ယင်း၏ဆိုးကျိုးများကို အပြီးအပိုင် ဖယ်ရှားပစ်မည့် “အမျိုးအနွယ်” ပေါ်လာမည်ဟု ကိုယ်တော်ကတိပြုသည်။—ကမ္ဘာဦး ၃:၁၅။
ထိုကတိထားရာ မျိုးနွယ်တော်ကား ယေရှုခရစ်ဖြစ်တော်မူသည်။ ၁ ယောဟန် ၃:၈ တွင် “[စာတန်၏] အမှုတို့ကိုပယ်ဖျက်ခြင်းငှာ၊ ဘုရားသခင်၏သားတော်သည် ထင်ရှားပေါ်ထွန်းတော်မူ၏” ဟုကျွန်ုပ်တို့ဖတ်ရှုရသည်။ ယေရှုသည် အပြစ်နှင့်သေခြင်းကို အမွေရထားသော အာဒံ၏သားသမီးများ လွတ်မြောက်စေရန် မိမိ၏စုံလင်သောလူ့အသက်ကိုစွန့်၍ ရွေးဖိုးအဖြစ် အသေခံတော်မူခဲ့သည်။ (ယောဟန် ၁:၂၉; ၁ တိမောသေ ၂:၅၊ ၆) ယေရှု၏ပူဇော်ရာယဇ်ကို အမှန်ယုံကြည်ကြောင်းတင်ပြသူများသည် ဆင်းရဲခြင်းဝေဒနာကို မခံစားရတော့ဟု ကတိရရှိထားကြသည်။ (ယောဟန် ၃:၁၆; ဗျာ. ၇:၁၇) ထိုသို့ ဘယ်သောအခါ ဖြစ်ပျက်လာမည်နည်း။
ဆင်းရဲခြင်းဝေဒနာ၏နိဂုံး
ဘုရားသခင့်အခွင့်အာဏာကို ငြင်းပယ်ခြင်းသည် ဖော်မပြနိုင်လောက်အောင်များသော ဆင်းရဲခြင်းဝေဒနာများကို ဖြစ်ပေါ်စေခဲ့ပြီ။ သို့ဖြစ်၍ ဘုရားသခင်သည် လူ့ဆင်းရဲခြင်းဝေဒနာများကို အဆုံးတိုင်စေပြီး ကမ္ဘာမြေကြီးအတွက် ကိုယ်တော်၏မူလရည်ရွယ်ချက်ကို အကောင်အထည်ဖော်ရန် မိမိ၏အာဏာတော်ကို အထူးနည်းဖြင့် ဖော်ပြသင့်ပေသည်။ ထို့ကြောင့် ယေရှုက “ကောင်းကင်ဘုံ၌ရှိတော်မူသော အကျွန်ုပ်တို့အဘ၊ . . . နိုင်ငံတော်လာပါစေသော။ အလိုတော်သည် ကောင်းကင်ဘုံ၌ပြည့်စုံသကဲ့သို့ မြေကြီးပေါ်မှာပြည့်စုံပါစေသော” ဟုဆုတောင်းရန် မိမိ၏နောက်လိုက်များကို သွန်သင်ပေးသောအခါ ၎င်းမြင့်မြတ်သောပြင်ဆင်မှုကို ဖော်ပြခဲ့သည်။—မဿဲ ၆:၉၊ ၁၀။
လူသားများ မိမိတို့ဘာသာစမ်းသပ်အုပ်ချုပ်ရန် ဘုရားသခင်ခွင့်ပြုထားချိန် ကုန်ဆုံးလုနီးပြီ။ ကျမ်းစာတွင် ပရောဖက်ပြုထားသည့်အတိုင်း ဘုရားသခင်၏နိုင်ငံတော်သည် ၁၉၁၄ ခုနှစ်တွင် ကောင်းကင်၌တည်ထောင်ခဲ့၍ ဘုရင်အဖြစ် ယေရှုခရစ်ခန့်အပ်ခံခဲ့ရ၏။b မကြာမီ ၎င်းနိုင်ငံတော်သည် လူ့အုပ်စိုးမှုအားလုံးကို ချေမှုန်းဖျက်ဆီးပါလိမ့်မည်။—ဒံယေလ ၂:၄၄၊ ၄၅။
မြေကြီးပေါ်တွင် အမှုတော်ဆောင်စဉ် အချိန်တိုကလေးအတွင်း ယေရှုသည် ဘုရားသခင့်အုပ်ချုပ်မှု ပြန်လည်တည်ထောင်သည့်အခါ လူသားအပေါင်း ခံစားရမည့်ကောင်းချီးများကို ကြိုမြင်စေခဲ့သည်။ ယေရှုသည် လူတို့တွင် ဆင်းရဲနွမ်းပါး၍ ခွဲခြားဆက်ဆံခံရသူများကို သနားကြင်နာမှုပြခဲ့ကြောင်း ခရစ်ဝင်ကျမ်းများက သက်သေထူသည်။ ကိုယ်တော်သည် ဖျားနာသူကို ကုသပေး၏၊ ငတ်မွတ်သူကို ကျွေးမွေးပြီး သေလွန်သူကို ရှင်ပြန်ထမြောက်စေတော်မူခဲ့သည်။ သဘာဝစွမ်းအင်များပင် ကိုယ်တော့်စကားကို နားထောင်ခဲ့သည်။ (မဿဲ ၁၁:၅; မာကု ၄:၃၇-၃၉; လုကာ ၉:၁၁-၁၆) ထို့ကြောင့် နာခံမှုရှိ လူသားအပေါင်း အကျိုးခံစားရရန် ယေရှုသည် ရွေးဖိုးပူဇော်ရာယဇ်၏ သန့်ရှင်းစင်ကြယ်စေနိုင်စွမ်း အသုံးပြုမည့်အချိန်ကို မြင်ယောင်ကြည့်ပါ! ခရစ်တော်၏အုပ်ချုပ်မှုအားဖြင့် ဘုရားသခင်သည် “[လူသားတို့] ၏မျက်စိ၌မျက်ရည်ရှိသမျှတို့ကို သုတ်တော်မူမည်။ နောက်တစ်ဖန် သေဘေးမရှိရ။ စိတ်မသာညည်းတွားခြင်း၊ အော်ဟစ်ခြင်း၊ ပင်ပန်းခြင်းလည်းမရှိရ” ဟုသမ္မာကျမ်းစာက ကတိပြုသည်။—ဗျာ. ၂၁:၄။
ဆင်းရဲခြင်းဝေဒနာခံရသူများအတွက် နှစ်သိမ့်မှု
မေတ္တာပြည့်ဝပြီး အကြွင်းမဲ့တန်ခိုးရှင်ဖြစ်သော ကျွန်ုပ်တို့၏ဘုရားသခင်သည် ကျွန်ုပ်တို့ကိုဂရုစိုက်တော်မူပြီး များမကြာမီ ချမ်းသာရစေမည့်အကြောင်း သိရခြင်းသည် အားတက်စရာပါတကား! အသည်းအသန်ဖျားနာနေသူတစ်ဦးသည် အလွန်နာကျင်သော ကုသမှုကိုခံရလျှင်ပင် သူ၏ရောဂါပျောက်ဖို့ ထိုကုသမှုကို တလိုတလားခံယူလေ့ရှိသည်။ ထိုနည်းတူပင်၊ ကိစ္စရပ်များကို ဘုရားသခင်ကိုင်တွယ်ဖြေရှင်းပုံသည် ထာဝရကောင်းချီးများ ခံစားရစေမည်ဟု ကျွန်ုပ်တို့သိထားလျှင် တစ်ခဏမျှခံစားရသော အဘယ်အခက်အခဲမျိုးကိုမဆို ခံရပ်နိုင်ရန် ထိုအသိပညာက ကျွန်ုပ်တို့ကိုထောက်မကူညီပေးနိုင်သည်။
ရှေ့ဆောင်းပါးတွင် ဖော်ပြခဲ့သော ရီကာဒိုသည် ကျမ်းစာကတိတော်များမှ နှစ်သိမ့်မှုရခဲ့သူတစ်ဦးဖြစ်သည်။ “ကျွန်တော့်ဇနီး ဆုံးသွားတော့ ကျွန်တော် တစ်သီးပုဂ္ဂလပဲနေချင်ခဲ့တယ်၊ ဒါပေမဲ့ ဒီလိုနေလို့လည်း ကျွန်တော့်ဇနီးပြန်လာမှာမှ မဟုတ်တာ၊ ကျွန်တော်စိတ်ဓာတ်ကျနေတဲ့အခြေအနေ ပိုဆိုးရုံပဲရှိမယ်ဆိုတာ မကြာခင် သဘောပေါက်လာတယ်” ဟုသူပြန်ပြောပြသည်။ ထို့ကြောင့် ရီကာဒိုသည် ယင်းသို့ပြုမည့်အစား သူ၏လုပ်ရိုးလုပ်စဉ်ဖြစ်သော ခရစ်ယာန်အစည်းအဝေးများ တက်ခြင်းနှင့် သူတစ်ပါးအား ကျမ်းစာသတင်းတရားဝေမျှခြင်းကို စွဲစွဲမြဲမြဲပြုလုပ်ခဲ့သည်။ “ယေဟောဝါရဲ့ မေတ္တာပါတဲ့ထောက်မကူညီမှုကို ခံစားရပြီး အသေးအဖွဲကိစ္စလို့ထင်ရတဲ့အခါတွေမှာတောင် ကျွန်တော့်ဆုတောင်းချက်တွေကို ကိုယ်တော်ဖြေဆိုပေးတာတွေကိုတွေ့တော့ ဘုရားသခင်နဲ့ ပိုရင်းနှီးလာတယ်” ဟုရီကာဒိုပြောပြသည်။ “ဘုရားသခင်ရဲ့မေတ္တာကို ခံစားရမှန်းသိလို့ ကျွန်တော်ကြုံခဲ့ဖူးသမျှမှာ အဆိုးဆုံးစမ်းသပ်မှုကို ခံရပ်နိုင်ခဲ့တယ်။” သူဤသို့ဝန်ခံသည်– “ကျွန်တော့်ဇနီးကို ကျွန်တော်အရမ်းလွမ်းနေတုန်းပဲ၊ ဒါပေမဲ့ ယေဟောဝါခွင့်ပြုတဲ့ ဘယ်အရာမဆို ကျွန်တော်တို့ကို အမြဲဆိုးကျိုးပေးနိုင်မှာမဟုတ်ဘူးဆိုတာ ကျွန်တော်အခိုင်အမာယုံကြည်တယ်။”
သင်သည် ရီကာဒိုနှင့် အခြားသူသန်းပေါင်းများစွာကဲ့သို့ လက်ရှိဆင်းရဲခြင်းဝေဒနာများကို “သတိမရ၊ မှတ်မိတော့မည်မဟုတ်” သည့်အချိန်ကို တမ်းတလိုလားပါသလော။ (ဟေရှာယ ၆၅:၁၇၊ သမ္မာ) “တွေ့နိုင်သည်ကာလတွင် [ယေဟောဝါ] ကိုရှာကြလော့။ နီးတော်မူသည်ကာလတွင် ဆုတောင်း . . . ကြလော့” ဟူသော ကျမ်းစာအကြံပေးချက်ကို သင်လိုက်နာမည်ဆိုလျှင် ဘုရားသခင့်နိုင်ငံတော်ကောင်းချီးများကို ခံစားရမည်ဖြစ်ကြောင်း စိတ်ချပါ။—ဟေရှာယ ၅၅:၆။
ထိုသို့သင်ပြုနိုင်ရန် သမ္မာကျမ်းစာ အသေအချာဖတ်ရှုလေ့လာခြင်းကို သင့်ဘဝတွင် ဦးစားပေးပါ။ ဘုရားသခင်နှင့် ကိုယ်တော်စေလွှတ်တော်မူသော ယေရှုခရစ်ကို သိကျွမ်းဖို့ ကြိုးစားပါ။ ဘုရားသခင်၏စံများနှင့်အညီ ကြိုးစားအသက်ရှင်ခြင်းအားဖြင့် ကိုယ်တော်၏ပိုင်သအုပ်စိုးမှုကို လက်အောက်ခံလိုကြောင်း တင်ပြပါ။ သင်တွေ့ကြုံရသော စမ်းသပ်မှုများကြား ဤသို့သောလမ်းစဉ်က သင့်ကို ယခုပင် ပျော်ရွှင်မှုများစွာ ပေးပါလိမ့်မည်။ အနာဂတ်တွင်လည်း ဆင်းရဲခြင်းဝေဒနာကင်းသည့်ကမ္ဘာတွင် ဘဝကို သင်မွေ့လျော်ရပါလိမ့်မည်။—ယောဟန် ၁၇:၃။
[အောက်ခြေမှတ်ချက်များ]
a ကမ္ဘာဦး ၂:၁၇ နှင့်ပတ်သက်၍ အောက်ခြေမှတ်ချက်တွင် ဂျေရုဆလင် သမ္မာကျမ်းစာက “ကောင်းမကောင်းကိုသိကျွမ်းခြင်း” ဟူသည် “အကောင်းနှင့်အဆိုးကို . . . ဆုံးဖြတ်ခြင်း တန်ခိုးအာဏာဖြစ်ကာ ထိုအတိုင်းပြုမူခြင်း၊ အမှားအမှန်ကို မိမိတို့ဘာသာ လွတ်လပ်စွာ ဆုံးဖြတ်ပိုင်သည်ဟု ဆိုခြင်းဖြစ်၏။ ဤသို့ဖြင့် မိမိသည် ဖန်ဆင်းခံသတ္တဝါတစ်ဦးဖြစ်ကြောင်း အသိအမှတ်မပြု ငြင်းပယ်၏” ဟုရှင်းပြသည်။ ထပ်ဆင့်၍ သူက “ပထမအပြစ်သည် ဘုရားသခင့်အကြွင်းမဲ့အာဏာကို တိုက်ခိုက်ခဲ့ခြင်းဖြစ်၏” ဟုဆိုသည်။
b ၁၉၁၄ ခုနှစ်နှင့်စပ်လျဉ်းသော ကျမ်းစာပရောဖက်ပြုချက်၏ အသေးစိတ်ဆွေးနွေးချက်ကို သိလိုပါက ယေဟောဝါသက်သေများထုတ်ဝေသော ထာဝရအသက်ရစေသော အသိပညာစာအုပ် အခန်း ၁၀ နှင့် ၁၁ ကိုရှု။
[စာမျက်နှာ ၆၊ ၇ ပါ လေးထောင့်ကွက်]
ဆင်းရဲခြင်းဝေဒနာကို မည်သို့ ရင်ဆိုင်ကျော်လွှားနိုင်သနည်း
“သင်တို့၌စိုးရိမ်ခြင်းအမှုရှိသမျှတို့ကို [ဘုရားသခင်] ၌အပ်နှံကြလော့။” (၁ ပေတရု ၅:၇) ကျွန်ုပ်တို့ဆင်းရဲခြင်းဝေဒနာခံရသောအခါ၊ သို့မဟုတ် ကျွန်ုပ်တို့ချစ်ရသူတစ်ဦး ဆင်းရဲခြင်းဝေဒနာခံစားရသည်ကို တွေ့မြင်ရသောအခါ စိတ်မကြည်မလင်ဖြစ်ခြင်း၊ ဒေါသထွက်ခြင်းနှင့် စွန့်ပစ်ခံရသည်ဟု ခံစားရခြင်းတို့သည် ဓမ္မတာပင်ဖြစ်သည်။ သို့တိုင် ကျွန်ုပ်တို့၏ခံစားချက်များကို ယေဟောဝါနားလည်တော်မူကြောင်း စိတ်ချပါ။ (ထွက်မြောက်ရာ ၃:၇; ဟေရှာယ ၆၃:၉) ရှေးခေတ်မှ တည်ကြည်သောအမျိုးသားများကဲ့သို့ ကျွန်ုပ်တို့၏သံသယစိတ်များ၊ စိုးရိမ်ပူပန်မှုများကို ကိုယ်တော့်အား ရင်ဖွင့်ပြောပြနိုင်သည်။ (ထွက်မြောက်ရာ ၅:၂၂; ယောဘ ၁၀:၁-၃; ယေရမိ ၁၄:၁၉; ဟဗက္ကုတ် ၁:၁၃) ကျွန်ုပ်တို့အား ဆင်းရဲခြင်းသို့ရောက်စေသောအရာများကို အံ့ဖွယ်နည်းဖြင့် ကိုယ်တော်ဖယ်ရှားပေးမည်မဟုတ်သော်လည်း ကိုယ်တော်သည် ကျွန်ုပ်တို့နှလုံးပါပါ တောင်းဆိုသော ဆုတောင်းချက်များကို ဖြေကြားသည့်အနေနှင့် ၎င်းတို့ကို ကိုင်တွယ်ဖြေရှင်းနိုင်ရန် ဉာဏ်ပညာနှင့်ခွန်အား ပေးနိုင်ပါသည်။—ယာကုပ် ၁:၅၊ ၆။
“သင်တို့ခံစားနေရသော နာကျင်ဖွယ်စုံစမ်းမှုသည် အံ့ဖွယ်သောအရာဖြစ်သည်ဟု ထင်မှတ်၍ အံ့သြခြင်းမရှိကြနှင့်။” (၁ ပေတရု ၄:၁၂၊ အပြည်ပြည်ဆိုင်ရာဘာသာပြန်ကျမ်း) ဤတွင် ပေတရုသည် ညှဉ်းပန်းနှိပ်စက်ခံရခြင်းကို ပြောနေခြင်းဖြစ်သော်လည်း သူ၏စကားများသည် ယုံကြည်သူတစ်ဦးခံရမည့် မည်သည့်ဆင်းရဲခြင်းဝေဒနာမျိုးမဆိုနှင့်လည်း သက်ဆိုင်ပေသည်။ လူတို့သည် ဆင်းရဲချို့တဲ့၊ ဖျားနာပြီး မိမိချစ်ရသူများကို ဆုံးရှုံးနေကြရသည်။ သမ္မာကျမ်းစာက ခပ်သိမ်းသောသူတို့အပေါ် “အချိန်နှင့်ကြိုတင်မမြင်ရသောဖြစ်ပျက်မှု” များကျရောက်တတ်သည်ဟုဆို၏။ (ဒေ. ၉:၁၁၊ ကဘ) ဤအမှုများသည် လက်ရှိလူသားများ၏ အခြေအနေတစ်ခုဖြစ်သည်။ ယင်းကိုသိရှိထားခြင်းက ဆင်းရဲခြင်းဝေဒနာများနှင့် အကြောင်းမလှမှုများ ကြုံကြိုက်ရသောအခါ ကိုင်တွယ်ဖြေရှင်းနိုင်စေသည်။ (၁ ပေတရု ၅:၉) ထို့ထက်ကား “[ယေဟောဝါ] သည် ဖြောင့်မတ်သော သူတို့ကိုကြည့်ရှုတော်မူ၏။ သူတို့အော်ဟစ်သံကိုလည်း နားထောင်တော်မူ၏” ဟူသောအာမခံချက်ကို ပြန်သတိရခြင်းသည် အထူးနှစ်သိမ့်မှု ရရှိစေပါလိမ့်မည်။—ဆာလံ ၃၄:၁၅; သု. ၁၅:၃; ၁ ပေတရု ၃:၁၂။
“မျှော်လင့်လျက် ဝမ်းမြောက်ကြလော့။” (ရောမ ၁၂:၁၂) ဆုံးရှုံးခဲ့သောပျော်ရွှင်မှုအကြောင်း တနုံ့နုံ့ပြန်တွေးနေမည့်အစား ဆင်းရဲခြင်းဝေဒနာ ရှိရှိသမျှကို အဆုံးတိုင်စေမည်ဟု ဘုရားသခင်ကတိထားတော်မူကြောင်း စဉ်းစားဆင်ခြင်နိုင်သည်။ (ဒေ. ၇:၁၀) ဤခြေမြစ်ခိုင်လုံသော မျှော်လင့်ချက်သည် ဦးခေါင်းကိုကာကွယ်ပေးသော သံခမောက်တစ်လုံးနည်းတူ ကျွန်ုပ်တို့ကို ကာကွယ်ပေးပါလိမ့်မည်။ မျှော်လင့်ချက်သည် လောကဓံ၏ရိုက်ခတ်မှုများကို ခံရပ်နိုင်စေသည်၊ ၎င်းတို့သည် ကျွန်ုပ်တို့၏စိတ်ပိုင်း၊ စိတ်လှုပ်ရှားမှုပိုင်းနှင့် ဝိညာဉ်ရေး ကျန်းမာသန်စွမ်းခြင်းတို့ကို အစဉ်ထိခိုက်စေမည်မဟုတ်ကြောင်း စိတ်ချစေပါသည်။—၁ သက်သာလောနိတ် ၅:၈။
[စာမျက်နှာ ၅ ပါ ရုပ်ပုံ]
အာဒံနှင့်ဧဝတို့သည် ဘုရားသခင့်အုပ်ချုပ်မှုကို ငြင်းပယ်ခဲ့ကြ
[စာမျက်နှာ ၇ ပါ ရုပ်ပုံ]
ဆင်းရဲခြင်းဝေဒနာကင်းသောကမ္ဘာကို ဘုရားသခင်ကတိပြု