ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၀၃ ၅/၁ စာ. ၁၉-၂၄
  • ဝမ်းနည်းပူဆွေးသူတို့ကို နှစ်သိမ့်ပေးလော့

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ဝမ်းနည်းပူဆွေးသူတို့ကို နှစ်သိမ့်ပေးလော့
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၃
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ဘုရားသခင်ပေးသော နှစ်သိမ့်မှုဖြင့်
  • အကြမ်းဖက်မှု၊ သို့မဟုတ် စီးပွားရေးအကျပ်အတည်းကြောင့် ဘဝနာသောအခါ
  • မုန်တိုင်းနှင့် ငလျင်ဒဏ်ခံရသောအခါ
  • မိသားစုမှတစ်ဦး သေဆုံးသွားသောအခါ
  • “နှစ်သိမ့်ခြင်းအမျိုးမျိုး ပေးတော်မူသောဘုရား” ထံတော်မှသက်သာခြင်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၅
  • စိတ်မသာညည်းတွားသူတို့ကို နှစ်သိမ့်ပေးပါ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၁
  • ဘုရားသခင် နှစ်သိမ့်ပေးပုံ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လူထုအတွက် စာစောင်)—၂၀၁၆
  • စစ်မှန်သောနှစ်သိမ့်မှုကို အဘယ်နေရာ၌ ရှာတွေ့နိုင်သနည်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၃
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၃
က၀၃ ၅/၁ စာ. ၁၉-၂၄

ဝမ်းနည်းပူဆွေးသူတို့ကို နှစ်သိမ့်ပေးလော့

‘စိတ်မသာညည်းတွားသောသူတို့အား နှစ်သိမ့်စေခြင်းငှာ ငါ့ကို ဘိသိက်ပေးတော်မူပြီ။’ —ဟေရှာယ ၆၁:၁၊ ၂။

၁၊ ၂။ မည်သူ့ကို ကျွန်ုပ်တို့ နှစ်သိမ့်ပေးရမည်နည်း၊ အဘယ်ကြောင့်နည်း။

စစ်မှန်သောနှစ်သိမ့်မှုအားလုံး၏ဘုရားသခင်၊ ယေဟောဝါသည် အခြားသူတို့ ဘေးဆိုးကျရောက်သောအခါ စိုးရိမ်ကြောင့်ကြတတ်ရန် ကျွန်ုပ်တို့ကို သွန်သင်ပေးတော်မူ၏။ “စိတ်ငယ်သောသူတို့ကို အားပေးကြ” ပြီး စိတ်မသာညည်းတွားနေသူအားလုံးကို နှစ်သိမ့်ပေးရန် ကျွန်ုပ်တို့ကိုသင်ပေးသည်။ (၁ သက်သာလောနိတ် ၅:၁၄) ထိုသို့သောအကူအညီမျိုးလိုအပ်သောအခါ ယုံကြည်သူချင်းတို့ကို ကျွန်ုပ်တို့ပေးကြသည်။ အသင်းတော်ပြင်ပရှိသူတို့ကိုသာမက အတိတ်က ကျွန်ုပ်တို့အပေါ် မေတ္တာမထားခဲ့သူတို့ကိုပင် ချစ်ကြောင်းဖော်ပြကြသည်။—မဿဲ ၅:၄၃-၄၈; ဂလာတိ ၆:၁၀။

၂ ပရောဖက်ပြုထားသည့် ဤတာဝန်အကြောင်းကို ယေရှုခရစ်ဖတ်ပြ၍ ၎င်းသည် မိမိနှင့်သက်ဆိုင်ကြောင်းဖော်ပြခဲ့သည်– “ထာဝရဘုရား၏ဝိညာဉ်တော်သည် ငါ့အပေါ်မှာတည်တော်မူ၏။ အကြောင်းမူကား ဆင်းရဲသားတို့အား ဝမ်းမြောက်စရာသတင်းကိုကြားပြောစေခြင်းငှာ ငါ့ကို ဘိသိက်ပေးတော်မူပြီ။ နှလုံးကြေကွဲသောသူတို့၏အနာကို စည်းစေခြင်းငှာလည်းကောင်း၊ . . . စိတ်မသာညည်းတွားသောသူတို့အား နှစ်သိမ့်စေခြင်းငှာလည်းကောင်း၊ . . . ငါ့ကိုစေလွှတ်တော်မူပြီ။” (ဟေရှာယ ၆၁:၁၊ ၂; လုကာ ၄:၁၆-၁၉) ဤတာဝန်သည် မျက်မှောက်ခေတ် ဝိညာဉ်တော်ဖွားခရစ်ယာန်များနှင့်လည်းသက်ဆိုင်ကြောင်း သူတို့ကြာမြင့်စွာကတည်းကပင် အသိအမှတ်ပြုခဲ့ကြပြီ၊ “အခြားသိုး” တို့သည်လည်း သူတို့နှင့်အတူတွဲဖက်၍ ယင်းလုပ်ငန်းကို ဝမ်းမြောက်ဝမ်းသာဆောင်ရွက်ကြသည်။—ယောဟန် ၁၀:၁၆။

၃။ လူတို့က “ဘေးအန္တရာယ်တွေကို ဘုရားသခင် ဘာကြောင့်ခွင့်ပြုရတာလဲ” ဟု မေးမြန်းကြသောအခါ သူတို့ကို မည်သို့အဖြေပေးနိုင်သနည်း။

၃ ဘေးဒဏ်များကျရောက်၍ လူတို့စိတ်သောကဖြစ်သောအခါ ‘ဘေးအန္တရာယ်တွေကိုဘုရားသခင် ဘာကြောင့်ခွင့်ပြုရတာလဲ’ ဟု သူတို့ မကြာခဏမေးမြန်းတတ်ကြသည်။ သမ္မာကျမ်းစာက အဆိုပါမေးခွန်းကို ရှင်းရှင်းလင်းလင်းဖြေဆိုထားသည်။ သို့သော် ကျမ်းစာလေ့လာထားသူမဟုတ်လျှင် ထိုမေးခွန်း၏အဖြေကို အပြည့်အဝနားလည်နိုင်ဖို့ အချိန်အခိုက်အတန့်ကြာပေမည်။ ယေဟောဝါသက်သေများထုတ်ဝေသော စာပေစာတမ်းတို့တွင် အဖြေရနိုင်သည်။a သို့သော် အစအနေနှင့် ဟေရှာယ ၆၁:၁၊ ၂ တွင်ပါသော ကျမ်းချက်ကဲ့သို့သော ကျမ်းချက်များကို ဖတ်ကြည့်လိုက်ရုံဖြင့် လူအချို့သည် နှစ်သိမ့်မှုရရှိခဲ့ကြပြီ၊ အကြောင်းမှာ လူတို့ကို ဘုရားသခင်နှစ်သိမ့်ပေးလိုကြောင်း ထိုကျမ်းချက်များကဖော်ပြသည်။

၄။ ပိုလန်နိုင်ငံမှသက်သေခံတစ်ဦးသည် စိတ်ဓာတ်ကျဆင်းနေသည့်ကျောင်းသူတစ်ဦးကို မည်သို့ကူညီပေးနိုင်ခဲ့သနည်း၊ ထိုတွေ့ကြုံမှုက အခြားသူတို့ကို ကူညီပေးရန် သင့်ကို မည်သို့အကူအညီဖြစ်စေသနည်း။

၄ လူကြီးများသာမက လူငယ်များလည်း နှစ်သိမ့်မှုလိုအပ်သည်။ ပိုလန်နိုင်ငံမှ စိတ်ဓာတ်ကျနေသူ ဆယ်ကျော်သက်တစ်ဦးက သူ၏အသိမိတ်ဆွေတစ်ဦးကို အကြံဉာဏ်တောင်းခံခဲ့သည်။ ယေဟောဝါသက်သေတစ်ဦးဖြစ်သော သူ၏သူငယ်ချင်းသည် တဖြည်းဖြည်းစူးစမ်းမေးမြန်းကြည့်သောအခါ ထိုမိန်းကလေးသည် ကျေနပ်လောက်သောအဖြေမရသည့် ဤမေးခွန်းများကြောင့် သံသယဝင်နေကြောင်း သိရှိလိုက်ရသည်– “ဆိုးညစ်မှု ဘာကြောင့် ဒီလောက်များရတာလဲ။ လူတွေ ဘာကြောင့် ဝေဒနာခံစားရတာလဲ။ လေဖြတ်နေတဲ့ ကျွန်မညီမလေး ဘာကြောင့်ဒီလိုဝေဒနာခံရတာလဲ။ ကျွန်မမှာ ဘာကြောင့်နှလုံးရောဂါရှိတာလဲ။ ဘုရားသခင်အလိုတော်က အဲဒီလိုပဲလို့ ချာ့ချ်မှာပြောကြတယ်။ ဒါဟာအမှန်ပဲဆိုရင် ဘုရားသခင်ကို ကျွန်မ မယုံကြည်နိုင်တော့ဘူး!” သက်သေခံဖြစ်သူသည် ယေဟောဝါထံ အသံတိတ်ဆုတောင်းလိုက်ပြီးနောက် ဤသို့ပြောဆိုသည်– “ကျွန်မကို ဒီလိုမေးမြန်းတာ အရမ်းဝမ်းသာတယ်။ ကြိုးစားကူညီပေးမယ်နော်။” သက်သေခံဖြစ်သူကိုယ်တိုင် ကလေးဘဝက သူ့မှာလည်း သံသယများရှိခဲ့ကြောင်း၊ ယေဟောဝါသက်သေများ သူ့ကိုကူညီပေးခဲ့ကြောင်း ပြောပြသည်။ သူကဤသို့ရှင်းပြလိုက်သည်– “လူတွေကို ဘုရားသခင်ဝေဒနာခံစေတာမဟုတ်ဘူးဆိုတာ ကျွန်မသိလာတယ်။ လူတွေကို ဘုရားသခင်ချစ်တယ်၊ သူတို့အတွက် အကောင်းဆုံးကိုပဲ လိုလားတယ်၊ မကြာခင် ကမ္ဘာပေါ်မှာ အကြီးအကျယ်ပြောင်းလဲတော့မှာ။ ဖျားနာမှု၊ အိုမင်းရင့်ရော်ခြင်းပြဿနာတွေနဲ့ သေခြင်းရှိတော့မှာမဟုတ်ဘူး၊ ဒါတင်မက နာခံမှုရှိတဲ့လူတွေဟာ ဒီကမ္ဘာမြေကြီးပေါ်မှာ ထာဝစဉ်အသက်ရှင်ကြမှာ။” သူက ထိုမိန်းကလေးအား ဗျာ. ၂၁:၃၊ ၄; ယောဘ ၃၃:၂၅; ဟေရှာယ ၃၅:၅-၇; နှင့် ဟေရှာယ ၆၅:၂၁-၂၅ အစရှိသည့်ကျမ်းချက်များကို ဖတ်ပြသည်။ ကြာရှည်ဆွေးနွေးပြီးနောက် အဆိုပါမိန်းကလေးသည် အတော်အတန်စိတ်သက်သာရာရသွား၍ ဤသို့ပြောသည်– “အခု ကျွန်မဘာအတွက် အသက်ရှင်တယ်ဆိုတာကိုသိပြီ။ ကျွန်မထပ်အလည်လာလို့ရမလား။” သူနှင့် ကျမ်းစာသင်အံမှု တစ်ပတ်နှစ်ခါကျင်းပဖြစ်ခဲ့သည်။

ဘုရားသခင်ပေးသော နှစ်သိမ့်မှုဖြင့်

၅။ စာနာမှုတင်ပြသည့်အခါ အဘယ်အရာက စစ်မှန်သောနှစ်သိမ့်မှုပေးမည်နည်း။

၅ သူတစ်ပါးကို နှစ်သိမ့်ပေးသောအခါ စာနာမှုရှိစကားလုံးများသည် အမှန်ပင်ဆီလျော်ပေသည်။ ကျွန်ုပ်တို့ပြောဆိုသောစကား၊ ကျွန်ုပ်တို့အသံနေအသံထားဖြင့် ဝမ်းနည်းကြေကွဲနေသူအတွက် အလွန်ကိုယ်ချင်းစာနာပေးကြောင်း သိရှိစေနိုင်သည်။ အဓိပ္ပာယ်မဲ့လက်သုံးစကားများပြောဆိုခြင်းဖြင့် ထိုသို့ပြုနိုင်မည်မဟုတ်။ သမ္မာကျမ်းစာက “ကျမ်းစာ၌ပါသော သည်းခံခြင်း၊ သက်သာခြင်းအကြောင်းများကိုအမှီပြု၍ မျှော်လင့်ရသောအခွင့်ရှိစေ” သည်ဟု ဆိုထားသည်။ (ရောမ ၁၅:၄) ယင်းကိုထောက်၍ ဘုရားသခင့်နိုင်ငံတော်သည် အဘယ်အရာဖြစ်ကြောင်း သင့်လျော်သောအချိန်၌ရှင်းပြပြီး လက်ရှိပြဿနာတို့ကို မည်သို့ ကိုင်တွယ်ဖြေရှင်းပေးမည်ကို သမ္မာကျမ်းစာမှ ဖွင့်ဖတ်ပြနိုင်သည်။ ထို့နောက် ယင်းသည် အဘယ်ကြောင့် အားထားလောက်သောမျှော်လင့်ချက်ဖြစ်ရကြောင်း ကျိုးကြောင်းဆင်ခြင်ပြနိုင်သည်။ ဤနည်းဖြင့် ကျွန်ုပ်တို့နှစ်သိမ့်မှုပေးနိုင်သည်။

၆။ သမ္မာကျမ်းစာပါနှစ်သိမ့်မှုမှ လူများအကျိုးအပြည့်အဝရရှိစေရန် အဘယ်အရာကိုနားလည်ဖို့ သူတို့အား ကူညီပေးသင့်သနည်း။

၆ ကျွန်ုပ်တို့ကမ်းလှမ်းပေးသောနှစ်သိမ့်မှုမှ အကျိုးအပြည့်အဝခံစားရရန် စစ်မှန်သောဘုရားသခင်ကိုသိဖို့လိုသည်၊ ကိုယ်တော်သည် မည်သို့သောဘုရားသခင်ဖြစ်ကြောင်းနှင့် ကိုယ်တော်၏ကတိတော်များကို ယုံကြည်စိတ်ချနိုင်ကြောင်း သိထားရန်လိုသည်။ ယေဟောဝါအား မကိုးကွယ်သေးသူတစ်ဦးကို ကူညီပေးရာတွင် (၁) သမ္မာကျမ်းစာပါနှစ်သိမ့်မှုမှာ စစ်မှန်သောဘုရားသခင်၊ ယေဟောဝါထံတော်မှဖြစ်ကြောင်း; (၂) ယေဟောဝါသည် အတိုင်းအဆမဲ့တန်ခိုးရှင်၊ ကောင်းကင်မြေကြီးကို ဖန်ဆင်းတော်မူသောအရှင်ဖြစ်ကာ ကိုယ်တော်သည် မေတ္တာရှင်ဖြစ်၍ ချစ်ခင်ကြင်နာမှုနှင့် အမှန်တရားဖြင့် ကြွယ်ဝတော်မူသောအရှင်ဖြစ်ကြောင်း; (၃) သမ္မာကျမ်းစာပါ တိကျမှန်ကန်သောအသိပညာကို ဆည်းပူးခြင်းဖြင့် ဘုရားသခင်ထံ ကျွန်ုပ်တို့ချဉ်းကပ်ကြမည်ဆိုလျှင် အခြေအနေအမျိုးမျိုးကို ကိုင်တွယ်ဖြေရှင်းရန် ခွန်အားအပြည့်ရှိနိုင်ကြောင်း; နှင့် (၄) သမ္မာကျမ်းစာတွင် ပုဂ္ဂိုလ်အသီးသီးရင်ဆိုင်ခဲ့ကြရသော သတ်သတ်မှတ်မှတ်စမ်းသပ်မှုများကိုဖော်ပြပေးထားသည့် ကျမ်းချက်များပါရှိကြောင်း ရှင်းပြနိုင်ပါသည်။

၇။ (က) ‘ခရစ်တော်အားဖြင့် အလွန်များပြား’ သော နှစ်သိမ့်မှုကိုဘုရားသခင်ပေးကြောင်း အလေးပေးဖော်ပြခြင်းဖြင့် အဘယ်အရာကို ဖြစ်မြောက်စေသနည်း။ (ခ) မိမိ၏အမူအကျင့်ဆိုးခဲ့ကြောင်း သိမှတ်လာသူတစ်ဦးကို မည်သို့နှစ်သိမ့်ပေးနိုင်သနည်း။

၇ သမ္မာကျမ်းစာနှင့် အကျွမ်းတဝင်ရှိသော ဝမ်းနည်းကြေကွဲနေသူတို့ကို ၂ ကောရိန္သု ၁:၃-၇ ကိုဖတ်ပြခြင်းအားဖြင့် အချို့သူတို့သည် ဝိညာဉ်ရေးနှစ်သိမ့်မှုပေးနိုင်ခဲ့ကြပြီ။ ထိုသို့ပြုရာတွင် သူတို့က “ခရစ်တော်၏ကျေးဇူးအားဖြင့် ငါတို့ခံရသောသက်သာခြင်းသည် အလွန်များပြား၏” ဟူသောအသုံးအနှုန်းကို အလေးပေးဖော်ပြခဲ့ကြသည်။ အဆိုပါကျမ်းချက်က သမ္မာကျမ်းစာသည် နှစ်သိမ့်မှုရင်းမြစ်ဖြစ်၍ ၎င်းကို သာ၍သုံးသပ်ဆင်ခြင်ထိုက်ကြောင်း အသိအမှတ်ပြုစေသည်။ ထို့ပြင် အခြားအချိန်အခါများတွင် ထပ်ဆင့်ဆွေးနွေးစရာ အခြေခံအကြောင်းဖြစ်စေနိုင်သည်။ တစ်ဦးတစ်ယောက်က သူ၏ပြဿနာများသည် မိမိပြုခဲ့သည့် မကောင်းမှုများကြောင့်ဖြစ်၏ဟု ခံစားနေရလျှင် သူ့ကိုအပြစ်တင်မစီရင်ဘဲ ၁ ယောဟန် ၂:၁၊ ၂ နှင့် ဆာလံ ၁၀၃:၁၁-၁၄ ပါမှတ်တမ်းတင်ချက်ကို သိထားခြင်းသည် နှစ်သိမ့်မှုပေးကြောင်းပြောပြနိုင်သည်။ ဤနည်းဖြင့် ဘုရားသခင်ပေးသောနှစ်သိမ့်မှုဖြင့် အခြားသူတို့ကို ကျွန်ုပ်တို့အမှန်တကယ်ပင် နှစ်သိမ့်ပေးကြမည်။

အကြမ်းဖက်မှု၊ သို့မဟုတ် စီးပွားရေးအကျပ်အတည်းကြောင့် ဘဝနာသောအခါ

၈၊ ၉။ အကြမ်းဖက်ခံရသူတို့ကို မည်သို့ဆီလျော်စွာ နှစ်သိမ့်ပေးနိုင်သနည်း။

၈ မရေမတွက်နိုင်သော သန်းနှင့်ချီသူတို့သည် ရပ်ကွက်အတွင်း အကြမ်းဖက်မှု သို့မဟုတ် ပြင်းထန်သောစစ်ဆင်နွှဲမှု၏အကြမ်းဖက်မှုတို့ကြောင့် ဘဝနာခဲ့ကြပြီ။ သူတို့ကို မည်သို့နှစ်သိမ့်ပေးနိုင်သနည်း။

၉ ခရစ်ယာန်စစ်များသည် ကမ္ဘာ့ပဋိပက္ခများတွင် စကားအားဖြင့်ဖြစ်စေ၊ အပြုအမူအားဖြင့်ဖြစ်စေ မည်သည့်အုပ်စုနှင့်မျှ မပါဝင်မိဖို့ ဂရုစိုက်ကြသည်။ (ယောဟန် ၁၇:၁၆) သို့သော် လက်ရှိရုန့်ရင်းကြမ်းတမ်းမှုများသည် ထာဝစဉ်ရှိမည်မဟုတ်ကြောင်း သမ္မာကျမ်းစာကို ဆီလျော်စွာအသုံးပြုဖော်ပြကြသည်။ သူတို့သည် ဆာလံ ၁၁:၅ ကိုဖွင့်ဖတ်ပြလျက် အကြမ်းဖက်မှုနှစ်သက်သူတို့အပေါ် ယေဟောဝါ မည်သို့သဘောထားကြောင်းသိစေ၏၊ သို့မဟုတ် ဆာလံ ၃၇:၁-၄ ဖြင့် ကျွန်ုပ်တို့ကိုယ်တိုင် လက်စားမချေဘဲ ဘုရားသခင်ကို ယုံကြည်ကိုးစားကြရန် ဘုရားသခင်၏အားပေးစကားကို ညွှန်ပြ၏။ ဆာလံ ၇၂:၁၂-၁၄ ပါစကားများက သာ၍ကြီးမြတ်သောရှောလမုန်၊ ကောင်းကင်ဘုရင်အဖြစ်စိုးစံလျက်ရှိသော ယေရှုခရစ်သည် ယခု အကြမ်းဖက်မှုခံနေရသူ အပြစ်မဲ့လူသားတို့အပေါ် မည်သို့ခံစားရကြောင်း ဖော်ညွှန်းသည်။

၁၀။ စစ်ဖြစ်ချိန်ကာလတစ်လျှောက် သင်အသက်ရှင်နေထိုင်ခဲ့ရလျှင် ကိုးကားဖော်ပြထားသောကျမ်းချက်များသည် သင့်ကို မည်သို့နှစ်သိမ့်ပေးနိုင်သနည်း။

၁၀ အချို့သူတို့သည် အုပ်ချုပ်မှုအာဏာလုယူနေကြသော အုပ်စုငယ်များ တစ်စုပြီးတစ်စု ဆိုင်ပြိုင်တိုက်လှန်နေကြချိန်အတွင်း အသက်ရှင်နေထိုင်ခဲ့ကြရသည်။ စစ်မှုနှင့် ယင်း၏နောက်ဆက်တွဲဘေးဒဏ်များသည် ဘဝအတွေ့အကြုံတစ်ခုအဖြစ် ဤသူတို့ယူမှတ်ထားကြ၏။ မိမိတို့သာ အခြားနိုင်ငံတစ်နိုင်ငံသို့ ထွက်ပြေးနိုင်လျှင် အရာရာအဆင်ပြေမည်ဟု သူတို့ခံယူထားကြသည်။ သို့သော် အများစုသည် ထိုသို့အောင်အောင်မြင်မြင် မပြုနိုင်ကြချေ၊ ကြိုးစားခဲ့သူအတော်များများသည် အသက်ဆုံးရှုံးခဲ့ကြပြီ။ အခြားတစ်နိုင်ငံသို့ ရောက်ရှိသွားခဲ့ကြသူတို့မှာမူ အခြားပြဿနာပေါင်းများစွာ ကြုံတွေ့ရလေ့ရှိသည်။ ရွှေ့ပြောင်းနေထိုင်ခြင်းထက် သာ၍ယုံကြည်အားထားနိုင်ရာကိုကိုးစားကြရန် ဆာလံ ၁၄၆:၃-၆ ကိုဖွင့်ဖတ်၍ ကူညီပေးနိုင်ပေမည်။ မဿဲ ၂၄:၃၊ ၇၊ ၁၄ သို့မဟုတ် ၂ တိမောသေ ၃:၁-၅ ရှိ ပရောဖက်ပြုချက်က မြင်ကွင်းကျယ်ကိုတွေ့မြင်စေ၍ သူတို့ကြုံတွေ့နေရသောအခြေအနေများ၏ အဓိပ္ပာယ်ကို ပိုမိုရှင်းလင်းစွာသိနားလည်စေဖို့၊ တစ်နည်းဆိုရသော် ကျွန်ုပ်တို့သည် အစီအစဉ်စနစ်ဟောင်း၏ဆုံးခန်းတွင် အသက်ရှင်နေကြရကြောင်း သိနားလည်စေသည်။ ဆာလံ ၄၆:၁-၃၊ ၈၊ ၉ နှင့် ဟေရှာယ ၂:၂-၄ အစရှိသော ကျမ်းချက်များက ငြိမ်သက်အေးချမ်းသည့်အနာဂတ် အမှန်ပင်ရှိကြောင်း သူတို့ကိုအသိအမှတ်ပြုစေပေမည်။

၁၁။ အနောက်အာဖရိကရှိ အမျိုးသမီးတစ်ဦးကို အဘယ်ကျမ်းချက်များက နှစ်သိမ့်မှုပေးခဲ့သနည်း၊ အဘယ်ကြောင့်နည်း။

၁၁ အနောက်အာဖရိကတွင် အဆက်မပြတ် စစ်ဖြစ်နေချိန်အတွင်း အမျိုးသမီးတစ်ဦးသည် ကျည်ဆန်မိုးများကျနေဆဲ သူ၏အိမ်မှထွက်ပြေးခဲ့သည်။ သူ၏ဘဝတစ်လျှောက်တွင် ကြောက်ရွံ့မှု၊ ဝမ်းနည်းပူဆွေးမှုနှင့် နှလုံးကြေကွဲစိတ်ပျက်မှုတို့ဖြင့် ပြည့်နှက်နေလေသည်။ နောက်ပိုင်းတွင် ထိုမိသားစုသည် အခြားနိုင်ငံတစ်နိုင်ငံ၌ နေထိုင်ကြစဉ် သူ၏ခင်ပွန်းက သူတို့၏လက်ထပ်စာချုပ်ကို မီးရှို့ပစ်ကာ ကိုယ်ဝန်ရှိသူဇနီးသည်နှင့် သူတို့၏ဆယ်နှစ်သားကို ပြန်ပို့ပြီး ချာ့ချ်ဘုန်းကြီးဝတ်ဖို့ ဆုံးဖြတ်ခဲ့သည်။ ဖိလိပ္ပိ ၄:၆၊ ၇ အပြင် ဆာလံ ၅၅:၂၂ တို့နှင့် ကင်းမျှော်စင်၊ နိုးလော့! မှ ကျမ်းစာဆောင်းပါးများကို သူ့အားဖတ်ပြပေးသောအခါ နောက်ဆုံး၌ သူသည် ဘဝတွင် နှစ်သိမ့်မှုနှင့် ရည်ရွယ်ချက်ရှိလာလေသည်။

၁၂။ (က) စီးပွားရေးကျပ်တည်းလွန်းသူတို့အတွက် ကျမ်းစာက မည်သို့စိတ်သက်သာစေသနည်း။ (ခ) အာရှမှ သက်သေခံတစ်ဦးသည် ဖောက်သည်တစ်ဦးအား မည်သို့ကူညီပေးနိုင်ခဲ့သနည်း။

၁၂ စီးပွားရေးကပ်ဆိုက်ခြင်းက သန်းပေါင်းများစွာသောသူတို့၏ဘဝကို ပျက်စီးစေခဲ့ပြီ။ တစ်ခါတစ်ရံ ယင်းသည် စစ်ပွဲနှင့် ယင်း၏နောက်ဆက်တွဲများကြောင့် ဖြစ်တတ်သည်။ အခြားအဖြစ်အပျက်များတွင် အစိုးရမူဝါဒအမြော်အမြင်မဲ့မှုနှင့် အခွင့်အာဏာရှိသူတို့၏ မသမာလောဘအပြင် မရိုးသားမှုတို့ကြောင့် စုငွေဒေဝါလီခံသွားခြင်းနှင့် ပိုင်ဆိုင်သမျှကို ဆုံးရှုံးခဲ့ကြရသည်။ အခြားသူတို့မှာမူ ဥစ္စာစည်းစိမ်မရှိခဲ့သလောက်ပင်ဖြစ်သည်။ ဤသူတို့အားလုံးသည် ဘုရားသခင်ကိုမှီခိုအားထားကြမည်ဆိုလျှင် ကိုယ်လုပ်လေသမျှ အကျိုးခံစားကြရမည့် ဖြောင့်မတ်သောကမ္ဘာနီးပြီဟူသော အာမခံချက်ကြောင့် နှစ်သိမ့်မှုရပေလိမ့်မည်။ (ဆာလံ ၁၄၆:၆၊ ၇; ဟေရှာယ ၆၅:၁၇၊ ၂၁-၂၃; ၂ ပေတရု ၃:၁၃) အာရှနိုင်ငံတစ်နိုင်ငံမှ သက်သေခံတစ်ဦးသည် ဖောက်သည်တစ်ဦးက ထိုနိုင်ငံရှိ စီးပွားရေးအခြေအနေကြောင့် စိုးရိမ်ပူပန်နေကြောင်း ကြားသိသောအခါ ထိုတွင်ရှိအခြေအနေမှာ တစ်ကမ္ဘာလုံး၏အဖြစ်အပျက်ပင်ဖြစ်၏ဟု ရှင်းပြခဲ့သည်။ မဿဲ ၂၄:၃-၁၄ နှင့် ဆာလံ ၃၇:၉-၁၁ တို့ကိုဆွေးနွေးကြရာမှ ကျမ်းစာသင်အံမှုတစ်ခု မှန်မှန်ပြုလုပ်ဖြစ်လေသည်။

၁၃။ (က) ပေါ့ပေါ့တန်တန်ပြုသောကတိများကြောင့် လူတို့စိတ်ပျက်ခဲ့ကြရခြင်းကို ကျွန်ုပ်တို့ကူညီပေးကြရာတွင် ကျမ်းစာကို မည်သို့အသုံးပြုနိုင်သနည်း။ (ခ) ဆိုးရွားသောအခြေအနေများက ဘုရားသခင်မရှိဟု လူတို့အား ခံစားစေလျှင် သူတို့နှင့် မည်သို့ကျိုးကြောင်းဆင်ခြင်နိုင်မည်နည်း။

၁၃ လူတို့သည် နှစ်ရှည်လများ ဆင်းရဲဝေဒနာများခံစားခဲ့ကြရသောအခါ၊ သို့မဟုတ် ပေါ့ပေါ့တန်တန်ကတိများကြောင့် စိတ်ပျက်ခဲ့ကြရသောအခါ သူတို့သည် အီဂျစ်ပြည်၌ “အလွန်စိတ်ပင်ပန်း” ၍ မောရှေစကားကိုနားမထောင်ခဲ့ကြသော ဣသရေလလူတို့နှင့်တူပေမည်။ (ထွက်မြောက်ရာ ၆:၉) ထိုသို့သောကိစ္စမျိုးတွင် လက်ရှိပြဿနာများကို အောင်မြင်စွာကိုင်တွယ်ဖြေရှင်း၍ လူများစွာ၏ဘဝကို အကြောင်းမဲ့ဘဝပျက်စေတတ်သည့် ထောင်ချောက်များကိုရှောင်ကြဉ်ရန် သမ္မာကျမ်းစာကူညီပေးနိုင်သည့် နည်းလမ်းများကို အလေးပေးဖော်ပြခြင်းက အကျိုးဖြစ်ထွန်းသည်။ (၁ တိမောသေ ၄:၈ခ) အချို့က ဆိုးရွားသောအခြေအနေအောက် သူတို့အသက်ရှင်ရခြင်းသည် ဘုရားသခင်မရှိခြင်း၊ သို့မဟုတ် သူတို့ကို ကိုယ်တော်ဂရုမစိုက်ခြင်း၏သက်သေသာဓကဖြစ်သည်ဟု ယူမှတ်တတ်ကြသည်။ ဘုရားသခင်သည် အကူအညီကမ်းလှမ်းထားသည်၊ သို့သော် ထိုအကူအညီကို လူအများလက်မခံကြကြောင်း ဆီလျော်သောကျမ်းချက်များဖြင့် သူတို့နှင့် သင်ကျိုးကြောင်းဆင်ခြင်နိုင်သည်။—ဟေရှာယ ၄၈:၁၇၊ ၁၈။

မုန်တိုင်းနှင့် ငလျင်ဒဏ်ခံရသောအခါ

၁၄၊ ၁၅။ ဘေးဆိုးတစ်ခုကြုံခဲ့၍ လူများစွာ ထိတ်လန့်တုန်လှုပ်နေကြသောအခါ ယေဟောဝါသက်သေများသည် ကိုယ်ချင်းစာနာမှုကို မည်သို့ဖော်ပြခဲ့ကြသနည်း။

၁၄ မုန်တိုင်းဘေး၊ ငလျင်ဘေး၊ မီးဘေး သို့မဟုတ် ဗုံးပေါက်ကွဲမှုဘေးတို့ကို အကြီးအကျယ်တွေ့ကြုံခဲ့ရချိန်တွင် အနှံ့အပြား ဝမ်းနည်းပူဆွေးနေကြပေမည်။ အသက်ရှင်ကျန်ရစ်သူတို့ကို မည်သို့နှစ်သိမ့်ပေးနိုင်မည်နည်း။

၁၅ အရေးစိုက်သောသူတစ်ဦးတစ်ယောက်ရှိကြောင်း လူတို့သိဖို့လိုသည်။ နိုင်ငံတစ်နိုင်ငံတွင် အကြမ်းဖက်တိုက်ခိုက်ခံရပြီးနောက် လူအများသည် ထိတ်လန့်တုန်လှုပ်လျက်ကျန်ခဲ့ကြသည်။ လူအတော်များများသည် သူတို့၏မိသားစုမှတစ်ဦးတစ်ယောက်၊ ဝမ်းစာရှာကျွေးသူ၊ မိတ်ဆွေသူငယ်ချင်းများ၊ အလုပ်အကိုင်၊ မိမိတို့လုံခြုံပါသည်ဟု ခံစားခဲ့ရာဘာမဆိုကို လက်လွတ်ဆုံးရှုံးခဲ့ကြရသည်။ ထိုအခါ ယေဟောဝါသက်သေများသည် သူတို့၏ရပ်ကွက်သူရပ်ကွက်သားများထံသွား၍ သူတို့၏ဆုံးရှုံးမှုအတွက် စာနာမှုကိုဖော်ပြပေးပြီး သမ္မာကျမ်းစာမှ နှစ်သိမ့်မှုပေးသောစကားများနှင့် ကူညီပေးခဲ့ကြသည်။ လူများစွာသည် ဤသို့ အရေးစိုက်ခဲ့ခြင်းကို အလွန်ကျေးဇူးတင်ကြသည်။

၁၆။ အယ်လ်ဆာဗေးဒေါဒေသတစ်ခုတွင် ဘေးဒဏ်ကြုံရသောအခါ ဒေသခံ သက်သေခံများ၏လယ်ကွင်းလုပ်ငန်းသည် အဘယ်ကြောင့် အလွန်ထိရောက်အောင်မြင်ခဲ့သနည်း။

၁၆ အယ်လ်ဆာဗေးဒေါနိုင်ငံတွင် ၂၀၀၁ ခုနှစ်၌ အလွန်ပြင်းထန်သောမြေငလျင်ဖြစ်ပြီးနောက် လူများစွာကို သေကျေပျက်စီးစေခဲ့သောရွှံ့နွံများ ပြိုကျခဲ့သည်။ သက်သေခံညီအစ်မတစ်ဦး၏ အသက် ၂၅ နှစ်သားနှင့် ထိုသားနှင့်စေ့စပ်ထားသူ၏ညီမနှစ်ဦး သေဆုံးသွားခဲ့သည်။ ထိုလူငယ်၏မိခင်နှင့်အတူ သူနှင့်စေ့စပ်ထားသောမိန်းကလေးသည် လယ်ကွင်းလုပ်ငန်း၌ ချက်ချင်းအလုပ်များလာကြသည်။ သေဆုံးသွားသူတို့ကို ဘုရားသခင်ခေါ်ဆောင်သွားသည်၊ သို့မဟုတ် ထိုသို့ဖြစ်ခဲ့ခြင်းသည် ဘုရားသခင့်အလိုတော်ပင်ဖြစ်သည်ဟု သူတို့ကို လူအများကပြောကြသည်။ သက်သေခံဖြစ်သူတို့က ဘုရားသခင်သည် ကျွန်ုပ်တို့ကို မနာကျင်စေလိုကြောင်း နယပုံပြင် ၁၀:၂၂ ကို ကိုးကားဖော်ပြခဲ့ကြ၏။ လူသေရခြင်းသည် ဘုရားသခင့်အလိုတော်မဟုတ်၊ လူ၏အပြစ်ကြောင့်ဖြစ်ကြောင်း ရောမ ၅:၁၂ ကိုဖတ်၍ရှင်းပြခဲ့သည်။ ထို့ပြင် ဆာလံ ၃၄:၁၈၊ ဆာလံ ၃၇:၂၉၊ ဟေရှာယ ၂၅:၈ နှင့် ဗျာ. ၂၁:၃၊ ၄ တို့တွင်ပါသော နှစ်သိမ့်မှုသတင်းကို သူတို့ညွှန်ပြခဲ့ကြသည်။ အထူးသဖြင့် အဆိုပါအမျိုးသမီးနှစ်ဦးကိုယ်နှိုက်သည် သူတို့၏မိသားစုမှသူများကို ထိုဘေးဆိုးတွင် ဆုံးရှုံးခဲ့ကြရသောကြောင့် လူတို့သည် တလိုတလားနားထောင်ကြပြီး ကျမ်းစာသင်အံမှုများစွာကို စကျင်းပနိုင်ခဲ့သည်။

၁၇။ ဘေးဒဏ်ကျရောက်ချိန်တွင် အဘယ်အကူအညီမျိုးကို ကျွန်ုပ်တို့ပေးနိုင်ကြသနည်း။

၁၇ ဘေးဒဏ်ကျရောက်သောအခါ လောလောလတ်လတ်ပင် ကာယရေးအကူအညီလိုအပ်သူတစ်စုံတစ်ဦးကို သင်ကြုံတွေ့ရနိုင်သည်။ ဤတွင် ဆရာဝန်တစ်ဦးကို ခေါ်ပေးခြင်း၊ ဆေးခန်းသို့ပို့ပေးခြင်း သို့မဟုတ် စားစရာ၊ နားခိုရာနေရာ စီမံပေးခြင်းတို့ ပါဝင်ပေမည်။ ၁၉၉၈ ခုနှစ်က အီတလီနိုင်ငံတွင် ထိုသို့သောဘေးဒဏ်တစ်ခု ဖြစ်ပျက်ခဲ့သောအခါ သတင်းစာဆရာတစ်ဦးက ယေဟောဝါသက်သေများသည် “လက်တွေ့ကျနည်းလမ်းဖြင့်လုပ်ဆောင်ကြကြောင်း၊ ဘာသာတရားခွဲခြားခြင်းမရှိဘဲ ဆင်းရဲခြင်းခံနေရသူတို့ကို လက်တွေ့ကျကျကူညီပေးကြကြောင်း” ထုတ်ဖော်ပြောဆိုခဲ့သည်။ နယ်ပယ်ဒေသအချို့တွင် နောက်ဆုံးကာလနှင့်ပတ်သက်၍ တင်ကူးဟောထားသောဖြစ်ရပ်များက အကြီးအကျယ်ဆင်းရဲခြင်းရှိစေသည်။ ထိုဒေသများတွင် ယေဟောဝါသက်သေတို့သည် ကျမ်းစာပရောဖက်ပြုချက်များကို ဖော်ညွှန်းလျက် ဘုရားသခင့်နိုင်ငံတော်သည် လူသားတို့ကို စစ်မှန်သောလုံခြုံမှုပေးလိမ့်မည်ဟု ကျမ်းစာအာမခံချက်ဖြင့် နှစ်သိမ့်ပေးကြသည်။—သု. ၁:၃၃; မိက္ခာ ၄:၄။

မိသားစုမှတစ်ဦး သေဆုံးသွားသောအခါ

၁၈-၂၀။ မိသားစုတစ်စုတွင် တစ်ဦးတစ်ယောက်သေဆုံးသွားလျှင် နှစ်သိမ့်ပေးဖို့ သင်အဘယ်အရာပြောဆိုနိုင်သနည်း။

၁၈ သန်းနှင့်ချီသူတို့သည် မိမိတို့၏ချစ်မြတ်နိုးရသူများ သေဆုံးသွားသောကြောင့် နေ့စဉ်နေ့တိုင်း ဝမ်းနည်းပူဆွေးကြသည်။ ခရစ်ယာန်ဓမ္မအမှုတွင် သင်ပါဝင်ချိန်တွင်၊ သို့မဟုတ် နေ့စဉ်ဘဝအသက်တာ၏ကိစ္စရပ်များကို ဆောင်ရွက်နေစဉ် ထိုသို့ဝမ်းနည်းပူဆွေးနေသူတို့နှင့် သင်တွေ့ဆုံပေမည်။ နှစ်သိမ့်မှုပေးမည့် အဘယ်စကားကို သင်ပြောဆိုနိုင်မည်နည်း၊ သို့မဟုတ် မည်သို့ပြုလုပ်နိုင်သနည်း။

၁၉ ထိုသူသည် ပူဆွေးသောကရောက်နေသလော။ တစ်အိမ်လုံးတွင် ဝမ်းနည်းပူဆွေးနေသူဆွေမျိုးများနှင့် ပြည့်နေသလော။ သင်ပြောဆိုလိုမည့်စကား များစွာရှိပေမည်၊ သို့သော် ပိုင်းခြားသိမြင်နားလည်မှုတင်ပြဖို့ အရေးကြီး၏။ (ဒေ. ၃:၁၊ ၇) အသင့်လျော်ဆုံးမှာ ကိုယ်ချင်းစာနာကြောင်း ဖော်ပြပြောဆိုခြင်းဖြစ်ပေမည်၊ သင့်တော်သောကျမ်းစာ စာပေ (ဘရိုရှာ၊ မဂ္ဂဇင်း သို့မဟုတ် ဝေစာ) တစ်စောင်ကိုပေးထားခဲ့ပြီး နောက်ထပ်အကူအညီ ပေးနိုင်၊ မပေးနိုင် သိရှိရန် ရက်အနည်းငယ်အကြာတွင် ပြန်သွားပါ။ သင့်လျော်သောအချိန်တစ်ချိန်တွင် သမ္မာကျမ်းစာမှ အားပေးစကားများ ပြောဆိုပါ။ သို့ပြုခြင်းက စိတ်အေးချမ်းတည်ငြိမ်၍ သက်သာမှုရရှိစေနိုင်သည်။ (သု. ၁၆:၂၄; ၂၅:၁၁) ယေရှုပြုတော်မူခဲ့သကဲ့သို့ လူသေကို သင်ပြန်မရှင်စေနိုင်ပါ။ သို့သော် လူသေတို့၏အခြေအနေနှင့်ပတ်သက်၍ သမ္မာကျမ်းစာ၏ဖော်ပြချက်ကို သင်တင်ပြပြောဆိုနိုင်ပါသည်၊ ဤအချိန်အခါမျိုးတွင် အယူမှားများကို ငြင်းခုံရန်ကြိုးပမ်းနေမည်မဟုတ်ပါ။ (ဆာလံ ၁၄၆:၄; ဒေ. ၉:၅၊ ၁၀; ယေဇကျေလ ၁၈:၄) ရှင်ပြန်ထမြောက်ခြင်းနှင့်ဆိုင်သော သမ္မာကျမ်းစာကတိပြုချက်များကို သင်တို့အတူတကွ ဖတ်ရှုနိုင်ကြသည်။ (ယောဟန် ၅:၂၈၊ ၂၉; တမန်တော် ၂၄:၁၅) ထိုကျမ်းချက်များ၏အဓိပ္ပာယ်ကို ဆွေးနွေးတင်ပြစဉ် ရှင်ပြန်ထမြောက်ခြင်းဆိုင်ရာ ကျမ်းစာမှတ်တမ်းမှ အဖြစ်အပျက်တစ်ခုကို အသုံးပြုနိုင်ပေသည်။ (လုကာ ၈:၄၉-၅၆; ယောဟန် ၁၁:၃၉-၄၄) ထို့အပြင် ထိုသို့သော မျှော်လင့်ချက်ရှိစေသည့် မေတ္တာရှင်ဘုရားသခင်၏ အရည်အသွေးများကို အာရုံစိုက်စေပါ။ (ယောဘ ၁၄:၁၄၊ ၁၅; ယောဟန် ၃:၁၆) ဤသွန်သင်ချက်များသည် သင့်ကို မည်သို့အကျိုးပြုခဲ့ကြောင်းနှင့် ၎င်းတို့ကို သင် အဘယ်ကြောင့်ယုံကြည်စိတ်ချကြောင်း ရှင်းပြပါလေ။

၂၀ ဝမ်းနည်းကြေကွဲနေသူကို ဘုရားသခင့်နိုင်ငံတော်ခန်းမသို့ ခေါ်ဖိတ်ခြင်းအားဖြင့် အိမ်နီးချင်းတို့ကို အမှန်တကယ်ချစ်ပြီး တစ်ဦးကိုတစ်ဦး မည်သို့တည်ဆောက်ပေးရမည်ကို သိထားသူတို့နှင့် သိကျွမ်းလာစေပေမည်။ ဆွီဒင်နိုင်ငံမှ အမျိုးသမီးတစ်ဦးသည် သူ၏ဘဝတစ်လျှောက်လုံး ရှာဖွေနေသောအရာကို ဤနေရာတွင် တွေ့မြင်ခဲ့သည်ဟုဆို၏။—ယောဟန် ၁၃:၃၅; ၁ သက်သာလောနိတ် ၅:၁၁။

၂၁၊ ၂၂။ (က) ကျွန်ုပ်တို့နှစ်သိမ့်မှုပေးနိုင်ကြရန် အဘယ်အရာလိုအပ်သနည်း။ (ခ) ကျမ်းစာ ကောင်းစွာသိနားလည်ထားနှင့်သူကို သင် မည်သို့နှစ်သိမ့်ပေးနိုင်သနည်း။

၂၁ အသင်းတော်အတွင်းဖြစ်စေ၊ ပြင်ပ၌ဖြစ်စေ သူတစ်ဦး ဝမ်းနည်းကြေကွဲနေကြောင်း သင်သိထားပါက ထိုအချိန်မျိုးတွင် အဘယ်အရာပြောဆိုရမည်၊ လုပ်ကိုင်ပေးရမည်ကို အသေအချာမသိ ဖြစ်ဖူးသလော။ သမ္မာကျမ်းစာတွင် “နှစ်သိမ့်မှု” ဟုဘာသာပြန်ဆိုသော ဂရိစကားလုံး၏ စာသားအတိုင်းအဓိပ္ပာယ်မှာ “အနီးအပါးသို့ခေါ်ခြင်း” ဖြစ်သည်။ ယင်းကြောင့် စစ်မှန်သောနှစ်သိမ့်မှုပေးသူတစ်ဦးဟူသည် ဝမ်းနည်းနေသူအား သင့်ကိုယ်နှိုက်ကို အသုံးပြုနိုင်စေခြင်းဟု ဆိုလိုသည်။—သု. ၁၇:၁၇။

၂၂ သင်နှစ်သိမ့်ပေးလိုသူသည် သေခြင်း၊ ရွေးနုတ်ဖိုးနှင့် ရှင်ပြန်ထမြောက်ခြင်းတို့အကြောင်း သမ္မာကျမ်းစာပါ အချက်အလက်များကို သိနှင့်ပြီးဖြစ်လျှင် အသို့နည်း။ ယုံကြည်ခြင်းတူသူ မိတ်ဆွေတစ်ဦးအနားတွင်ရှိနေခြင်းကပင် နှစ်သိမ့်မှုတစ်ခုဖြစ်နိုင်သည်။ သူစကားပြောလိုလျှင် ကောင်းစွာနားထောင်ပေးပါ။ သင့်အနေနှင့် စကားပြောဆိုတတ်စရာမလိုပါ။ ကျမ်းချက်များကို ဖတ်ရှုကြမည်ဆိုလျှင် သင်တို့နှစ်ဦးစလုံး၏စိတ်နှလုံးကို အားရှိစေမည့် ဘုရားသခင့်စကားများဟုယူမှတ်ပါ။ ယင်းတို့ ကတိထားရာသည် အမှန်တကယ်ဖြစ်လာမည့်အပေါ် သင်တို့နှစ်ဦး၏ အခိုင်အမာယုံကြည်ချက်ကို ဖော်ပြပါ။ ဘုရားသခင့်ရေးရာ သနားကြင်နာမှု တင်ပြခြင်းနှင့် သမ္မာကျမ်းစာပါ တန်ဖိုးရှိအမှန်တရားကို ပြောပြခြင်းအားဖြင့် သင်သည် ဝမ်းနည်းပူဆွေးနေသူတို့ကို ‘နှစ်သိမ့်ခြင်းရှိသမျှ၏အရှင်ဘုရားသခင်၊’ ယေဟောဝါထံတော်မှ စိတ်သက်သာမှုနှင့် ခွန်အားရရှိစေနိုင်မည်။—၂ ကောရိန္သု ၁:၃၊ သမ္မာ။

[အောက်ခြေမှတ်ချက်]

a ထာဝရအသက်ရစေသော အသိပညာ၊ အခန်း ၈; ကျမ်းစာဖြင့် ကျိုးကြောင်းဆင်ခြင်ခြင်း စာမျက်နှာ ၁၀၁-၅၊ ၁၁၃-၉; သင့်အားဂရုစိုက်စောင့်ရှောက်သည့် ဖန်ဆင်းရှင်တစ်ပါး ရှိ၏လော [လိပ်] အခန်း ၁၀ စာအုပ်များနှင့် ဘုရားသခင်သည် ကျွန်ုပ်တို့အား အမှန်ပင်ဂရုစိုက်တော်မူသလော ဘရိုရှာကိုရှု။

သင့်မှတ်ချက်ကား အဘယ်နည်း

• ဘေးဆိုးများကျရောက်သည့်အခါ လူအများက မည်သူ့ကို အပြစ်ပုံချတတ်ကြသနည်း၊ ဤသူတို့ကို မည်သို့ကူညီပေးနိုင်သနည်း။

• သမ္မာကျမ်းစာမှရသောနှစ်သိမ့်မှုကို အခြားသူတို့ အကျိုး အပြည့်အဝရရှိဖို့ ဘာပြုလုပ်နိုင်သနည်း။

• သင်၏ဒေသတွင် လူများစွာကို အဘယ်အခြေအနေများက ဝမ်းနည်းပူဆွေးနေစေသနည်း၊ ဤသူတို့ကို သင်မည်သို့ နှစ်သိမ့်ပေးနိုင်သနည်း။

[စာမျက်နှာ ၂၃ ပါ ရုပ်ပုံ]

ဝမ်းနည်းပူဆွေးနေချိန်တွင် စစ်မှန်သောနှစ်သိမ့်မှုသတင်း ဝေမျှခြင်း

[Credit Line]

Refugee camp: UN PHOTO 186811/J. Isaac

[စာမျက်နှာ ၂၄ ပါ ရုပ်ပုံ]

မိတ်ဆွေတစ်ဦးရောက်ရှိနေခြင်းကပင် နှစ်သိမ့်မှုဖြစ်နိုင်

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ