မျက်နှာမလိုက်သော ကျွန်ုပ်တို့၏ဘုရားသခင် ယေဟောဝါကို တုပလော့
“ဘုရားသခင်သည် အဘယ်သူ၏မျက်နှာကိုမျှ မှတ်တော်မမူ။”—ရောမ ၂:၁၁။
၁၊ ၂။ (က) ခါနာန်လူမျိုးအများစုနှင့်ပတ်သက်၍ ယေဟောဝါ၏ရည်ရွယ်ချက်ကား အဘယ်နည်း။ (ခ) ယေဟောဝါသည် အဘယ်အရာလုပ်ဆောင်ခဲ့ပြီး ယင်းနှင့်စပ်လျဉ်း၍ အဘယ်မေးခွန်းများ ပေါ်ပေါက်လာသနည်း။
ဘီ.စီ.အီး. ၁၄၇၃ ခုနှစ်၌ မောဘလွင်ပြင်တွင် စခန်းချနေသော ဣသရေလလူမျိုးသည် မောရှေ၏စကားကို အာရုံစိုက်နားထောင်လျက်ရှိသည်။ ယော်ဒန်မြစ်တစ်ဖက်ကမ်းတွင် အခက်အခဲတစ်ခုရှိနေသည်။ ဣသရေလလူမျိုးသည် ကတိထားရာပြည်ရှိ အားကြီးသော ခါနာန်လူမျိုးခုနစ်မျိုးကို အနိုင်ယူကြရမည်ဟူသော ယေဟောဝါ၏ရည်ရွယ်ချက်ကို မောရှေကြေညာလိုက်သည်။ “သင့်ရှေ့၌ သင်၏ဘုရားသခင်ထာဝရဘုရား အပ်တော်မူသောအခါ သူတို့ကိုလုပ်ကြံ” ရမည်ဟူသည့် မောရှေ၏စကားများသည် တကယ့်ကိုအားရှိစရာပါတကား! ဣသရေလလူမျိုးသည် သူတို့နှင့် မိတ်သဟာယမဖွဲ့ရန်ဖြစ်ကာ ကရုဏာမရထိုက်ကြချေ။—တရားဟောရာ ၁:၁; ၇:၁၊ ၂၊ သမ္မာ။
၂ သို့တိုင် ယေဟောဝါသည် ဣသရေလလူမျိုး တိုက်ခိုက်ခဲ့သည့် ပထမဦးဆုံးမြို့မှ မိသားစုတစ်စုကို အသက်ချမ်းသာပေးခဲ့သည်။ တခြားမြို့လေးမြို့မှ မြို့သားအချို့ကိုလည်း ဘုရားသခင် စောင့်ရှောက်ကာကွယ်ပေးခဲ့၏။ အဘယ်ကြောင့်နည်း။ အဆိုပါခါနာန်လူမျိုးများ အသက်ရှင်ကျန်ရစ်ခြင်းနှင့်ပတ်သက်၍ မှတ်သားဖွယ်အဖြစ်အပျက်များက ယေဟောဝါအကြောင်း အဘယ်အရာသိရှိစေသနည်း။ ကိုယ်တော့်ကို ကျွန်ုပ်တို့ မည်သို့တုပနိုင်သနည်း။
ယေဟောဝါ၏ဂုဏ်သတင်းအပေါ် တုံ့ပြန်မှုများ
၃၊ ၄။ ဣသရေလလူမျိုး၏ အောင်ပွဲသတင်းများကြောင့် ခါနာန်ပြည်သားများအပေါ် အဘယ်အကျိုးသက်ရောက်ခဲ့သနည်း။
၃ ဣသရေလလူမျိုးသည် ကတိထားရာပြည်ထဲမဝင်မီ တောကန္တာရအတွင်း အနှစ် ၄၀ လှည့်လည်နေစဉ် ယေဟောဝါသည် မိမိ၏လူမျိုးကို ကာကွယ်ပြီး တိုက်ခိုက်ပေးခဲ့သည်။ ဣသရေလလူမျိုးသည် ကတိထားရာပြည်တောင်ဘက်တွင် ခါနာန်အမျိုး အာရဒ်မင်းကြီးနှင့် ရင်ဆိုင်ခဲ့ရ၏။ ယေဟောဝါအကူအညီဖြင့် ဣသရေလလူတို့သည် ထိုမင်းကြီးနှင့် သူ၏လူတို့ကို ဟော်မာအရပ်၌ စစ်အောင်နိုင်ခဲ့သည်။ (တောလည်ရာ ၂၁:၁-၃) ထို့နောက် ဣသရေလလူမျိုးသည် ဧဒုံပြည်ကိုပတ်၍ ပင်လယ်သေ၏အရှေ့မြောက်ဘက်ဖြစ်သော မြောက်ဘက်သို့ ခရီးဆက်ခဲ့ကြသည်။ ယခင်က မောဘလူမျိုးနေထိုင်သော ဤဒေသတွင် ယခု အမ္မုန်လူမျိုးတို့ နေထိုင်လျက်ရှိကြသည်။ အမ္မုန်မင်းကြီး ရှိဟုန်သည် ဣသရေလလူမျိုးကို မိမိနယ်မြေမှ ဖြတ်သွားခွင့်မပြုခဲ့ချေ။ ထိုအခါ အာနုန်ချောင်း၏မြောက်ဘက်ရှိ ယာဟတ်မြို့တွင် စစ်ဖြစ်ပွားခဲ့ပြီး ထိုတွင် ရှိဟုန်မင်းကို လုပ်ကြံခဲ့လေသည်။ (တောလည်ရာ ၂၁:၂၃၊ ၂၄; တရားဟောရာ ၂:၃၀-၃၃) ဩဃသည် မြောက်ပိုင်းတွင် ဗာရှန်ပြည်ရှိ အခြားအမ္မုန်လူမျိုးများကို အုပ်ချုပ်နေသည်။ ဩဃသည် သန်မာထွားကျိုင်းသူဖြစ်သော်လည်း ယေဟောဝါကို အန်မတုနိုင်ခဲ့ချေ။ ဩဃကို ဧဒြိအရပ်တွင် လုပ်ကြံခဲ့လေသည်။ (တောလည်ရာ ၂၁:၃၃-၃၅; တရားဟောရာ ၃:၁-၃၊ ၁၁) ဤအောင်ပွဲသတင်းများနှင့် အီဂျစ်ပြည်မှ ဣသရေလလူမျိုး လွတ်မြောက်လာခြင်းအကြောင်းတို့သည် ခါနာန်ပြည်သားများကို ထိတ်လန့်ကြောက်ရွံ့စေခဲ့သည်။a
၄ ဣသရေလလူမျိုးသည် ယော်ဒန်မြစ်ကို ဖြတ်ကျော်ပြီးနောက် ခါနာန်ပြည်ထဲ ဦးဆုံးဝင်ရောက်သောအခါ ဂိလဂါလအရပ်တွင် တပ်ချခဲ့ကြသည်။ (ယောရှု ၄:၉-၁၉) ထိုတပ်စခန်းနှင့်မနီးမဝေးတွင် ယေရိခေါမြို့ရိုးရှိသည်။ ခါနာန်အမျိုးသမီး ရာခပ် ကြားသိရသော ယေဟောဝါ၏လုပ်ဆောင်ချက်များအကြောင်းသည် သူ့ကို ယုံကြည်ခြင်းဖြင့် လုပ်ဆောင်စေခဲ့၏။ ရလဒ်ကား၊ ယေရိခေါမြို့ကို ယေဟောဝါ ဖျက်ဆီးသည့်အခါ သူနှင့် သူ့အိမ်သားများ အသက်ချမ်းသာရခဲ့ကြသည်။—ယောရှု ၂:၁-၁၃; ၆:၁၇၊ ၁၈; ယာကုပ် ၂:၂၅။
၅။ အဘယ်အရာက ဂိဗောင်မြို့သားများကို ပါးနပ်စွာပြုရန် လှုံ့ဆော်ပေးသနည်း။
၅ ထို့နောက် ဣသရေလလူမျိုးသည် မြစ်အနီးရှိ မြေနိမ့်ပိုင်းများမှ တောင်ကုန်းဒေသများသို့ တက်သွားကြသည်။ ယေဟောဝါ၏လမ်းညွှန်ချက်အတိုင်း ယောရှုသည် အာဣမြို့ကို ချုံခိုတိုက်ခိုက်ခဲ့သည်။ (ယောရှု၊ အခန်းကြီး ၈) နောက်ဆက်တွဲစစ်ရှုံးသတင်းများကြောင့် ခါနာန်ဘုရင်များစွာသည် စစ်တိုက်ဖို့ စုရုံးလာကြသည်။ (ယောရှု ၉:၁၊ ၂) သို့သော် ဟိဝိမြို့အနီးရှိ ဂိဗောင်မြို့သားများသည် တစ်မူထူးခြားစွာ တုံ့ပြန်ကြ၏။ သူတို့သည် “ပရိယာယ်ပြု” ၍လာကြ၏ဟု ယောရှု ၉:၄ ကဖော်ပြသည်။ ဤသူတို့သည် ရာခပ်နည်းတူ ယေဟောဝါက မိမိလူမျိုးကို အီဂျစ်ပြည်မှ ကယ်လွှတ်၍ ရှိဟုန်နှင့်သြဃရှင်ဘုရင်တို့ကို စစ်နိုင်ခဲ့ကြောင်း ကြားသိလေသည်။ (ယောရှု ၉:၆-၁၀) ပြန်လည်ခုခံတိုက်ခိုက်ခြင်းသည် အကျိုးမရှိကြောင်း ဂိဗောင်မြို့သားများ သဘောပေါက်ကြသည်။ သို့ဖြင့် ဂိဗောင်မြို့သားများသည် မိမိတို့နှင့် အနီးအနားရှိ ခေဖိရာမြို့၊ ဗေရုတ်မြို့၊ ကိရယတ်ယာရိမ်မြို့သုံးမြို့မှ မြို့သားတို့၏အကျိုးအတွက် ဂိလဂါလမြို့ရှိ ယောရှုထံသို့ ဝေးသောအရပ်မှ လာဟန်ဆောင်သည့် အဖွဲ့တစ်ဖွဲ့ကို စေလွှတ်လိုက်သည်။ ဤပရိယာယ်သည် အောင်မြင်ခဲ့၏။ အသက်ချမ်းသာရစေမည်ဟု သူတို့နှင့် ယောရှု ပဋိညာဉ်ဖွဲ့ခဲ့သည်။ နောက်သုံးရက်လွန်မှ မိမိတို့ကို လှည့်စားသွားကြောင်း ယောရှုနှင့် ဣသရေလလူတို့ သိရှိခဲ့ကြရသည်။ မည်သို့ပင်ဖြစ်ပါစေ၊ သူတို့သည် ယေဟောဝါကို တိုင်တည်၍ ကျိန်ဆိုခဲ့သည့်အတိုင်း လုပ်ဆောင်ကြ၏။ (ယောရှု ၉:၁၆-၁၉) ယေဟောဝါ သဘောတူခဲ့သလော။
၆။ ဂိဗောင်မြို့သားများနှင့် ယောရှုပြုခဲ့သော ပဋိညာဉ်ကို ယေဟောဝါ မည်သို့တုံ့ပြန်ခဲ့သနည်း။
၆ ဂိဗောင်မြို့သားများသည် ဣသရေလလူတို့အတွက်သာမက တဲတော်ရှိ ‘ယေဟောဝါ၏ယဇ်ပလ္လင်’ အတွက်ပါ ထင်းခုတ်၊ ရေခပ်ပေးရသူများ ဖြစ်လာလေသည်။ (ယောရှု ၉:၂၁-၂၇) ထို့ပြင် အာမောရိမင်းကြီးငါးပါးနှင့် သူတို့၏ဗိုလ်ပါစစ်သည်တို့ ဂိဗောင်မြို့သားများကို ခြိမ်းခြောက်လာကြသောအခါ ယေဟောဝါသည် အံ့ဖွယ်နည်းဖြင့် ကြားဝင်ဖြေရှင်းပေးခဲ့၏။ ရန်သူများသည် ယောရှု၏စစ်သည်များကြောင့် သေရသည်ထက် မိုးသီးများကြောင့် သာ၍သေခဲ့ကြသည်။ ရန်သူကို အပြီးသတ်ချေမှုန်းနိုင်ရန် နေနှင့်လကိုပါ ရှိမြဲနေရာတွင်ရှိနေစေဖို့ ယောရှု၏တောင်းပန်သံကိုပင် ယေဟောဝါ နားညောင်းတော်မူခဲ့သည်။ ‘ထာဝရဘုရားသခင်သည် လူစကားကိုနားထောင်၍ ထိုသို့သောနေ့တစ်နေ့မျှမဖြစ်စဖူး။ နောက်တစ်ဖန်လည်းမဖြစ်။ အကြောင်းမူကား ထာဝရဘုရားသခင်သည် ဣသရေလအမျိုးဘက်မှာ စစ်တိုက်တော်မူ၏’ ဟူ၍ ယောရှုမှတ်ချက်ချခဲ့သည်။—ယောရှု ၁၀:၁-၁၄။
၇။ ပေတရုအသိအမှတ်ပြုခဲ့သည့် အဘယ်အမှန်တရားကို ခါနာန်လူမျိုး၏အဖြစ်အပျက်တွင် ဖော်ပြခဲ့သနည်း။
၇ ခါနာန်လူမျိုး ရာခပ်နှင့် သူ့မိသားစုအပြင် ဂိဗောင်မြို့သားများသည် ယေဟောဝါကို ကြောက်ရွံ့ခဲ့ကာ ယင်းနှင့်အညီ ပြုမူဆောင်ရွက်ခဲ့ကြသည်။ သူတို့ကြုံတွေ့ခဲ့ရာသည် ခရစ်ယာန်တမန်တော်ပေတရု နောက်ပိုင်းတွင် ဖော်ပြခဲ့သည့် ဤစကားများ မှန်ကန်ကြောင်းထင်ရှားသည်– “ဘုရားသခင်သည် လူမျက်နှာကို မှတ်တော်မမူ။ လူအမျိုးမျိုးတို့တွင် ဘုရားသခင်ကို ကြောက်ရွံ့၍ တရားသဖြင့် ကျင့်ဆောင်သောသူသည် အထံတော်၌ မျက်နှာရသည်။” —တမန်တော် ၁၀:၃၄၊ ၃၅။
အာဗြဟံနှင့် ဣသရေလလူမျိုးတို့ကို ဆက်ဆံခြင်း
၈၊ ၉။ အာဗြဟံနှင့် ဣသရေလလူမျိုးတို့ကို ယေဟောဝါဆက်ဆံပုံက ကိုယ်တော်မျက်နှာမလိုက်ကြောင်း မည်သို့ဖော်ပြသနည်း။
၈ အာဗြဟံနှင့် သူမှဆင်းသက်လာသူများကို ဘုရားသခင်ဆက်ဆံရာတွင် ကိုယ်တော်၏မခံစားထိုက်သောကရုဏာကို တပည့်ဖြစ်သူယာကုပ်က အာရုံစိုက်စေခဲ့သည်။ အာဗြဟံ၏ဇာတိမျိုးနွယ်ကြောင့်မဟုတ်ဘဲ သူ၏ယုံကြည်ခြင်းကြောင့် သူသည် “ဘုရားသခင်၏အဆွေ” ဖြစ်လာ၏။ (ယာကုပ် ၂:၂၃) ယေဟောဝါကို အာဗြဟံယုံကြည်၍ ချစ်သောကြောင့် သူ၏သားစဉ်မြေးဆက် ကောင်းချီးခံစားခဲ့ကြရသည်။ (၂ ရာဇဝင်ချုပ် ၂၀:၇) ယေဟောဝါက “ငါသည် သင့်အား အစဉ်အမြဲကောင်းချီးပေးမည်။ သင်၏အမျိုးအနွယ်ကိုလည်း ကောင်းကင်ကြယ်ကဲ့သို့လည်းကောင်း၊ သမုဒ္ဒရာသဲလုံးကဲ့သို့လည်းကောင်း အစဉ်အမြဲပွားများစေမည်” ဟုအာဗြဟံကို ကတိပေးခဲ့သည်။ သို့သော် နောက်အခန်းငယ်ရှိ ဤကတိတော်ကို သတိပြုပါ– “သင်၏အမျိုးအနွယ်အားဖြင့် လူမျိုးအပေါင်းတို့သည် ကောင်းချီးမင်္ဂလာကို ခံရကြလိမ့်မည်။”—ကမ္ဘာဦး ၂၂:၁၇၊ ၁၈; ရောမ ၄:၁-၈။
၉ ယေဟောဝါသည် မျက်နှာလိုက်ဖို့ဝေးစွ၊ ကိုယ်တော့်ကို နာခံသူများအတွက် ကိုယ်တော် အဘယ်အရာပြုလုပ်ပေးနိုင်ကြောင်းကို ဣသရေလလူမျိုးနှင့် ကိုယ်တော်၏ဆက်ဆံပုံက ဖော်ပြသည်။ ဤသို့သောဆက်ဆံမှုများက ယေဟောဝါသည် သစ္စာရှိကျေးကျွန်များအပေါ် တည်ကြည်သောမေတ္တာ မည်သို့ဖော်ပြကြောင်း ပုံနမူနာတစ်ခုပင်ဖြစ်သည်။ ဣသရေလလူမျိုးသည် ယေဟောဝါ၏ “ပိုင်ထိုက်သောဘဏ္ဍာတော်” ဖြစ်သော်လည်း ဘုရားသခင်၏ကောင်းမြတ်မှုကို တခြားလူမျိုးများ မခံစားရတော့ဟု မဆိုလိုချေ။ (ထွက်မြောက်ရာ ၁၉:၅; တရားဟောရာ ၇:၆-၈) ယေဟောဝါသည် ဣသရေလလူမျိုးကို အီဂျစ်ကျွန်အဖြစ်မှ ပြန်ဝယ်ယူခဲ့ကာ ဤသို့မိန့်ဆိုခဲ့ခြင်းမှာ မှန်ပါသည်– “မြေကြီးပေါ်မှာနေသော အမျိုးသားအပေါင်းတို့တွင် သင်တို့တစ်မျိုးတည်းကိုသာ ငါလက်ခံ” ၏။ သို့သော် ပရောဖက်အာမုတ်နှင့် အခြားသူများအားဖြင့် “တစ်ပါးအမျိုးသားအပေါင်း” ကိုလည်း ကောင်းမွန်လှသည့်မျှော်လင့်ချက် ယေဟောဝါကတိပြုတော်မူ၏။—အာမုတ် ၃:၂; ၉:၁၁၊ ၁၂; ဟေရှာယ ၂:၂-၄။
မျက်နှာမလိုက်သော သွန်သင်သူယေရှု
၁၀။ ယေရှုသည် မျက်နှာမလိုက်ကြောင်း ပြသရာတွင် မိမိ၏ခမည်းတော်ကို မည်သို့တုပခဲ့သနည်း။
၁၀ ခမည်းတော်၏ပုံသဏ္ဌာန်တော်အတိုင်းဖြစ်သည့် ယေရှုသည် မြေကြီးဓမ္မအမှုဆောင်စဉ် ယေဟောဝါကဲ့သို့ မျက်နှာမလိုက်ခဲ့ပါ။ (ဟေဗြဲ ၁:၃) ထိုအချိန်က ကိုယ်တော်သည် “ဣသရေလအမျိုးဝင် ပျောက်လွင့်သောသိုး” ကိုရှာဖွေရန် အဓိကအာရုံစိုက်ခဲ့သည်။ သို့တိုင် ရေတွင်းနားတွင် ရှမာရိအမျိုးသမီးတစ်ဦးကို သက်သေမခံဘဲမနေခဲ့ချေ။ (မဿဲ ၁၅:၂၄; ယောဟန် ၄:၇-၃၀) ဂျူးမဟုတ်သော တပ်မှူးတစ်ဦး၏တောင်းဆိုချက်ကြောင့် အံ့ဖွယ်ရာတစ်ခုကို လုပ်ဆောင်ပြခဲ့သည်။ (လုကာ ၇:၁-၁၀) ၎င်းသည် ဘုရားသခင်၏လူမျိုးတော်အား ယေရှု၏မေတ္တာပြလုပ်ရပ်များ ထပ်ဆင့်တင်ပြခြင်းဖြစ်သည်။ ယေရှု၏တပည့်များလည်း နေရာအနှံ့ဟောပြောခဲ့ကြသည်။ သို့ဖြင့် ယေဟောဝါ၏ကောင်းချီးရရန် လူမျိုးတစ်မျိုးဖြစ်ဖို့မလိုဘဲ စိတ်သဘောထားအပေါ်မူတည်ကြောင်း ထင်ရှားလာသည်။ အမှန်တရားကို ဆာငတ်မွတ်သိပ်နေသော စိတ်နှိမ့်ချ၍ ရိုးသားသူများသည် ဘုရားသခင့်နိုင်ငံတော်သတင်းကောင်းကို လက်ခံခဲ့ကြသည်။ မာနကြီးပြီး ဂုဏ်မောက်သူများမူကား ယေရှုနှင့် ကိုယ်တော်၏သတင်းတရားကို မထီမဲ့မြင်ပြုကြ၏။ ထိုအခါ ယေရှုက ဤသို့မိန့်ဆို၏– “ကောင်းကင်နှင့်မြေကြီးကို အစိုးရတော်မူသောအဘ၊ ကိုယ်တော်သည် ပညာအလိမ္မာနှင့်ပြည့်စုံသောသူတို့အား ဤအရာများကို ထိမ်ဝှက်ကွယ်ထားလျက် သူငယ်တို့အား ဖော်ပြတော်မူသည်ဖြစ်၍ ကျေးဇူးတော်ကို အကျွန်ုပ်ချီးမွမ်းပါ၏။ ထိုသို့အလိုတော်ရှိသောကြောင့် မှန်ပါ၏၊ အဘ။” (လုကာ ၁၀:၂၁) ချစ်ခြင်းမေတ္တာနှင့် ယုံကြည်ခြင်းတို့ကို အခြေပြု၍ သူတစ်ပါးနှင့် ပေါင်းသင်းဆက်ဆံကြသောအခါ ကျွန်ုပ်တို့ မျက်နှာမလိုက်ကြချေ၊ ယင်းလမ်းစဉ်ကို ယေဟောဝါနှစ်သက်တော်မူကြောင်း သိရှိကြ၍ဖြစ်သည်။
၁၁။ အစောပိုင်းခရစ်ယာန်အသင်းတော်တွင် မျက်နှာမလိုက်မှုကို မည်သို့ဖော်ပြခဲ့သနည်း။
၁၁ အစောပိုင်းခရစ်ယာန်အသင်းတော်တွင် ဂျူးနှင့် ဂျူးမဟုတ်သူများသည် တန်းတူညီမျှရှိကြ၏။ “ရှေးဦးစွာ ယုဒလူ၊ နောက်၌ ဟေလသလူ၊ ကောင်းသောအကျင့်ကို ကျင့်သောသူရှိသမျှတို့သည် ဘုန်းအသရေချမ်းသာကို ခံစားရကြလတ္တံ့။ ဘုရားသခင်သည် အဘယ်သူ၏မျက်နှာကိုမျှ မှတ်တော်မမူ” ဟုပေါလုရှင်းပြခဲ့သည်။b (ရောမ ၂:၁၀၊ ၁၁) ယေဟောဝါ၏ မခံစားထိုက်သောကရုဏာတော်မှ အကျိုးခံစားရမည်၊ မခံစားရမည်ကို အဆုံးအဖြတ်ပေးမှုသည် အဘယ်လူမျိုးဖြစ်ခြင်းအပေါ်မဟုတ်ဘဲ ယေဟောဝါနှင့် ကိုယ်တော်၏သားတော် ယေရှု၏ရွေးနုတ်ဖိုးအားဖြင့် ရရှိနိုင်သော မျှော်လင့်ချက်များအကြောင်းကို သိရှိလာသောအခါ သူတို့၏တုံ့ပြန်မှုအပေါ် မူတည်သည်။ (ယောဟန် ၃:၁၆၊ ၃၆) ပေါလုဤသို့ရေးသားခဲ့သည်– “အပြင်အားဖြင့်သာ ယုဒလူဖြစ်သောသူသည် ယုဒလူမှန်မဟုတ်။ အပြင်အားဖြင့်သာ ကိုယ်အသား၌ အရေဖျားလှီးခြင်းသည် အရေဖျားလှီးခြင်းအမှန်မဟုတ်။ အတွင်းအားဖြင့် ယုဒလူဖြစ်သောသူသည် ယုဒလူမှန်၏။ အရေဖျားလှီးခြင်းလည်း ကျမ်းဟောင်းတရားအားဖြင့်မဟုတ်ဘဲ၊ ဝိညာဉ်တော်တရားအားဖြင့် စိတ်နှလုံးနှင့်စပ်ဆိုင်၏။” ထို့နောက် “ဂျူး” (“ယုဒ” ဟုအဓိပ္ပာယ်ရသော ချီးမွမ်းခံရခြင်း) ဟူသောဝေါဟာရနှင့် ပါဝင်ပတ်သက်သည့်စကားလုံးများကို စကားဖန်ထိုး၍ ပေါလုဤသို့ထပ်ဆင့်ဆိုသည်– “ထိုသို့အရေဖျားလှီးခြင်းကိုခံသောသူ၏ အချီးအမွမ်းသည် လူအလိုနှင့်မဆိုင်၊ ဘုရားသခင့်အလိုတော်နှင့်ဆိုင်သတည်း။” (ရောမ ၂:၂၈၊ ၂၉) ယေဟောဝါသည် မျက်နှာမလိုက်ဘဲ ချီးမွမ်းတော်မူ၏။ ကျွန်ုပ်တို့ကော။
၁၂။ ဗျာ. ၇:၉ ကအဘယ်မျှော်လင့်ချက်ကို ကမ်းလှမ်းထားပြီး မည်သူတို့အတွက်နည်း။
၁၂ နောက်ပိုင်း၌ တမန်တော်ယောဟန်သည် အဆင်းအာရုံတစ်ခုတွင် “ဣသရေလအမျိုးသားတို့၌ အသီးအသီးသောအမျိုးအနွယ်ထဲက . . . တံဆိပ်ခတ်ခြင်းကိုခံရ” သောတည်ကြည်သည့် ဝိညာဉ်တော်ဖွားခရစ်ယာန် ၁၄၄,၀၀၀ အားဝိညာဉ်ရေးလူမျိုးတစ်မျိုးအဖြစ် ပုံဖော်ထားသည်ကိုမြင်ခဲ့သည်။ ထို့နောက် “အသီးအသီးဘာသာစကားကိုပြောသော လူအမျိုးအနွယ်ခပ်သိမ်းတို့အထဲမှ ထွက်၍ အဘယ်သူမျှ မရေတွက်နိုင်သော လူများအပေါင်းတို့သည် ဖြူသောဝတ်လုံကို ဝတ်ဆင်လျက်၊ စွန်ပလွံခက်ကိုကိုင်လျက်၊ ပလ္လင်တော်ရှေ့ သိုးသငယ်ရှေ့မှာ ရပ်နေကြ” သည်ကို ယောဟန်မြင်လေ၏။ (ဗျာ. ၇:၄၊ ၉) ထို့ကြောင့် မျက်မှောက်ခေတ် ခရစ်ယာန်အသင်းတော်တွင် မည်သည့်လူမျိုးစု၊ မည်သည့်ဘာသာစကားကိုမျှ ပယ်ထားခြင်းမရှိချေ။ နောက်ခံအမျိုးမျိုးမှလူတို့သည် လာလတ္တံ့သော ‘ကြီးစွာသောဆင်းရဲခြင်း’ ကိုကပ်ကျော်၍ ကမ္ဘာသစ်တွင် “အသက်စမ်းရေတွင်း” မှရေကို သောက်သုံးခြင်း မျှော်လင့်ချက် ရရှိထားကြသည်။—ဗျာ. ၇:၁၄-၁၇။
အပြုသဘောသက်ရောက်မှုများ
၁၃-၁၅။ (က) ကျွန်ုပ်တို့သည် လူမျိုးရေးနှင့် ယဉ်ကျေးမှုကွာဟချက်များကို မည်သို့အောင်မြင်ကျော်လွှားနိုင်သနည်း။ (ခ) ဖော်ရွေမှုတင်ပြခြင်းဖြင့် အကျိုးကျေးဇူးများရရှိခဲ့သည့် ပုံဥပမာများကို ဖော်ပြပါ။
၁၃ ဖခင်ကောင်းတစ်ဦးသည် သူ၏သားသမီးများနှင့် ရင်းနှီးကျွမ်းဝင်သကဲ့သို့ ယေဟောဝါသည် ကျွန်ုပ်တို့ကို ကောင်းစွာသိကျွမ်းတော်မူ၏။ ထိုနည်းတူ၊ ကျွန်ုပ်တို့သည် တခြားသူ၏ယဉ်ကျေးမှုနှင့် နောက်ခံကို စိတ်ဝင်စားခြင်းအားဖြင့် သူတို့ကို နားလည်သဘောပေါက်လာသောအခါ သဘောကွဲလွဲမှုများသည် ဘာမျှမဟုတ်တော့ချေ။ လူမျိုးစုအတားအဆီးများ ပျောက်ကွယ်သွားပြီး မိတ်ဆွေနှောင်ကြိုးနှင့် ချစ်ခြင်းမေတ္တာသည် ခိုင်ခံ့မြဲမြံလာ၏။ ထို့ပြင် စည်းလုံးသည်ထက် စည်းလုံးလာ၏။ (၁ ကောရိန္သု ၉:၁၉-၂၃) တိုင်းတစ်ပါးတွင် အမှုဆောင်ရန် တာဝန်များကို လက်ခံခဲ့ကြသော ခရစ်ယာန်သာသနာပြုများ၏လုပ်ဆောင်မှုက ယင်းကို သိသာထင်ရှားစေသည်။ ဤခရစ်ယာန်သာသနာပြုများသည် ထိုတွင်နေထိုင်ကြသူများကို စိတ်ဝင်စားကြသောအခါ မကြာမီပင် ဒေသခံအသင်းတော်များနှင့် ခင်မင်ရင်းနှီးသွားကြောင်း သိရှိလာကြရသည်။—ဖိလိပ္ပိ ၂:၄။
၁၄ မျက်နှာမလိုက်ခြင်း၏ အပြုသဘောသက်ရောက်မှုများကို တိုင်းနိုင်ငံများစွာတွင် ထင်ထင်ရှားရှားတွေ့မြင်ရ၏။ အီသီယိုးပီးယားနိုင်ငံသားဖြစ်သူ အာခ်လီလူသည် ဗြိတိန်နိုင်ငံ၏မြို့တော် လန်ဒန်တွင် အထီးကျန်ဖြစ်နေ၏။ မျက်မှောက်ခေတ် ဥရောပမြို့ကြီးများတွင် တိုင်းတစ်ပါးသားများကို များသောအားဖြင့် မဖော်ရွေကြသောကြောင့် သူသည် ပို၍ပင် အထီးကျန်အားငယ်ခဲ့ရသည်။ ယေဟောဝါသက်သေများ၏နိုင်ငံတော်ခန်းမတွင် ခရစ်ယာန်အစည်းအဝေးတစ်ခုကို အာခ်လီလူတက်ရောက်သောအခါ ထိုသို့မဟုတ်ကြောင်း သူတွေ့ရှိခဲ့၏! စည်းဝေးတက်ရောက်သူများသည် သူ့ကို ကြိုဆိုကြရာ မကြာမီ သူသည် သက်သောင့်သက်သာရှိလာလေသည်။ ထို့နောက် ဖန်ဆင်းရှင်အား ကျေးဇူးတင်လေးမြတ်မှု တစ်မုဟုတ်ချင်းတိုးလာ၏။ မကြာမီ သူသည် ထိုနယ်မြေဒေသရှိ တခြားသူများကို ဘုရားသခင့်နိုင်ငံတော်သတင်းကောင်း ဟောပြောရန် အခွင့်အရေးများ ရှာယူလေတော့သည်။ အာခ်လီလူနှင့်တွဲဖက်ဟောပြောနေသော အဖော်က သူ၌ ယခု အဘယ်ဘဝပန်းတိုင်များ ရှိသနည်းဟု မေးသောအခါ သူက တစ်နေ့နေ့တွင် အမ်ဟာရစ်စကားပြောအသင်းတော်ဝင် တစ်ဦးဖြစ်လိုကြောင်း ချက်ချင်းပြန်ဖြေခဲ့သည်။ ဒေသခံအင်္ဂလိပ်စကားပြောအသင်းတော်မှ အကြီးအကဲများက ထိုအကြောင်းကို ကြားသိသောအခါ အာခ်လီလူ၏ဘာသာစကားဖြင့် ကျမ်းစာလူထုဟောပြောပွဲ ကျင်းပပေးရန် တလိုတလားစီစဉ်ပေးခဲ့၏။ ဗြိတိန်နိုင်ငံတွင် ပထမဦးဆုံးအကြိမ် ကျင်းပသော အမ်ဟာရစ်လူထုအစည်းအဝေးသို့ တက်ရောက်ရန် ဖိတ်ခေါ်ချက်ကြောင့် တိုင်းတစ်ပါးသားများနှင့် ဒေသခံများ တက်ရောက်ခဲ့ကြသည်။ ယနေ့ အီသီယိုးပီးယန်းများနှင့် ထိုဒေသရှိ တခြားသူများသည် တိုးတက်အောင်မြင်နေသော အသင်းတော်တွင် တစည်းတလုံးရှိနေကြသည်။ သူတို့အများစုသည် ယေဟောဝါဘက်ရပ်တည်၍ ခရစ်ယာန်နှစ်ခြင်းခံယူရန် အဘယ်အရာကမျှ မတားဆီးနိုင်ကြောင်း တွေ့ရှိခဲ့ကြသည်။—တမန်တော် ၈:၂၆-၃၆။
၁၅ စရိုက်မတူ၊ နောက်ခံအမျိုးမျိုးအဖုံဖုံ ရှိကြသော်လည်း ယင်းတို့သည် အဆင့်အတန်းအနိမ့်အမြင့်၏ စံနှုန်းများမဟုတ်ချေ; ကွဲပြားခြားနားမှု သက်သက်သာဖြစ်၏။ မော်လ်တာကျွန်းပေါ်တွင် ယေဟောဝါ၏ဆက်ကပ်အပ်နှံကျေးကျွန်သစ်များ နှစ်ခြင်းခံခြင်းကို ရှုစားနေကြစဉ် ဒေသခံသက်သေခံများ၏ ပျော်ရွှင်တက်ကြွမှုကြောင့် ဗြိတိန်နိုင်ငံမှ ဧည့်သည်များက ဝမ်းသာမျက်ရည်ကျခဲ့ကြသည်။ မော်လ်တာကျွန်းသားနှင့် ဗြိတိသျှ အုပ်စုနှစ်စုစလုံးသည် နည်းအမျိုးမျိုးဖြင့် သူတို့၏ခံစားချက်များကို ဖော်ပြပြီး ယေဟောဝါအပေါ်ထားရှိသော သူတို့၏အားကြီးသောမေတ္တာသည် ခရစ်ယာန်နှောင်ကြိုးကို ခိုင်ခံ့စေခဲ့သည်။—ဆာလံ ၁၃၃:၁; ကောလောသဲ ၃:၁၄။
စိတ်စွန်းကွက်မှုကို အောင်မြင်ကျော်လွှားခြင်း
၁၆-၁၈။ ခရစ်ယာန်အသင်းတော်တွင် စိတ်စွန်းကွက်မှုကို ကျော်လွှားအောင်မြင်နိုင်ခဲ့သည့် တွေ့ကြုံမှုတစ်ခုကို ဖော်ပြပါ။
၁၆ ယေဟောဝါနှင့် ခရစ်ယာန်ညီအစ်ကိုများအပေါ် ကျွန်ုပ်တို့ထားရှိသော ချစ်ခြင်းမေတ္တာ နက်ရှိုင်းလာသောအခါ သူတစ်ပါးကို ကျွန်ုပ်တို့ရှုမြင်ပုံတွင် ယေဟောဝါအား ပို၍အနီးကပ်တုပနိုင်ကြ၏။ လူမျိုးတစ်မျိုး၊ ယဉ်ကျေးမှုတစ်ခုအပေါ် ယခင်ကရှိခဲ့သည့် စိတ်စွန်းကွက်မှုကို အောင်မြင်ကျော်လွှားနိုင်သည်။ ဥပမာ၊ ဒုတိယကမ္ဘာစစ်အတွင်း ဗြိတိသျှစစ်တပ်တွင် အမှုထမ်းပြီး စင်္ကာပူကျရှုံးချိန် ၁၉၄၂ ခုနှစ်က ဂျပန်များ၏ ဖမ်းဆီးမှုကိုခံခဲ့ရသူ အဲလ်ဘတ်၏အဖြစ်အပျက်ကို သုံးသပ်ကြည့်ပါ။ သူသည် ကွိုင်မြစ်တံတားဟု ကမ္ဘာကျော်ခဲ့သောနေရာအနီးတွင် “မရဏာရထားလမ်း” ကိုသုံးနှစ်ခန့် ဆောက်လုပ်ခဲ့ရသည်။ စစ်ပြီး၍ သူလွတ်မြောက်လာသောအခါ သူ၏ကိုယ်အလေးချိန်မှာပေါင် ၇၀ ရှိပြီး မေးရိုးနှင့်နှာခေါင်း ကျိုးခဲ့သည်၊ ဝမ်းကိုက်၊ ပွေးပေါက်ပြီး ငှက်ဖျားရောဂါများရရှိခဲ့သည်။ ထောင်နှင့်ချီသော အကျဉ်းသားချင်းများ၏ အခြေအနေမှာ ထိုထက်ပင်ဆိုးရွားသေးသည်; အမြောက်အမြား သေဆုံးခဲ့ကြ၏။ အဲလ်ဘတ်သည် ဆိုးဆိုးဝါးဝါးတွေ့ကြုံခံစားရမှုကြောင့် သူအိမ်ပြန်လာချိန် ၁၉၄၅ ခုနှစ်တွင် အလွန်စိတ်နာကြည်းပြီး ဘုရားသခင်နှင့် ဘာသာရေးကို စိတ်မဝင်စားတော့ချေ။
၁၇ အဲလ်ဘတ်၏ဇနီး အိုင်ရီန်သည် ယေဟောဝါသက်သေတစ်ဦးဖြစ်လာ၏။ ဇနီးသည်စိတ်ကျေနပ်စေရန် ယေဟောဝါသက်သေများ၏ ဒေသခံအသင်းတော်တွင် အစည်းအဝေးအချို့ကို အဲလ်ဘတ်တက်ရောက်ခဲ့သည်။ ခရစ်ယာန်အချိန်ပြည့်ဓမ္မအမှုဆောင် လူငယ်ပေါလ်သည် အဲလ်ဘတ်နှင့်ကျမ်းစာသင်အံမှုပြုလုပ်ရန် လည်ပတ်ခဲ့သည်။ ယေဟောဝါသည် တစ်ဦးချင်းစီ၏နှလုံးကို ထိုးထွင်းကြည့်ရှုကြောင်း မကြာမီပင် အဲလ်ဘတ်နားလည်လာ၏။ ထို့နောက် သူ့ဘဝကို ယေဟောဝါထံ ဆက်ကပ်အပ်နှံပြီး နှစ်ခြင်းခံခဲ့သည်။
၁၈ နောက်ပိုင်းတွင် ပေါလ်သည် လန်ဒန်မြို့သို့ ပြောင်းရွှေ့သွားပြီး ဂျပန်ဘာသာစကားကို သင်ယူကာ ဂျပန်စကားပြောအသင်းတော်နှင့် ပူးပေါင်းခဲ့၏။ အလည်အပတ်ရောက်ရှိလာသော ဂျပန်သက်သေခံအချို့ကို မိမိ၏ယခင်အသင်းတော်သို့သွားရန် သူပြောသောအခါ ထိုအသင်းတော်ရှိ ညီအစ်ကိုများက အဲလ်ဘတ်၏ ဂျပန်လူမျိုးအပေါ် စိတ်စွန်းကွက်မှုကို သတိရကြသည်။ ဗြိတိန်နိုင်ငံသို့ အဲလ်ဘတ်ပြန်လာပြီးကတည်းက ဂျပန်နိုင်ငံမှလာသူ မည်သူကိုမဆို မတွေ့လိုခဲ့ချေ၊ ယခု မည်သို့ဖြစ်မည်ကို ညီအစ်ကိုများက သိလိုကြသည်။ သူတို့ စိုးရိမ်စရာမလိုပါ၊ အဲလ်ဘတ်သည် ခြွင်းချက်မရှိညီအစ်ကိုချင်းမေတ္တာဖြင့် ထိုဧည့်သည်များကို ကြိုဆိုခဲ့၏။—၁ ပေတရု ၃:၈၊ ၉။
“ကျယ်ဝန်းသောစိတ်ရှိကြလော့”
၁၉။ ကျွန်ုပ်တို့တွင် မျက်နှာလိုက်လိုစိတ်ဖြစ်ပေါ်လာလျှင် တမန်တော်ပေါလု၏ အဘယ်အကြံပြုချက်က အကူအညီဖြစ်စေနိုင်သနည်း။
၁၉ “လူမျက်နှာကိုမထောက်ကောင်း” ဟု ပညာရှိဘုရင်ရှောလမုန် ရေးသားခဲ့သည်။ (သု. ၂၈:၂၁) အကျွမ်းတဝင်ရှိသူများနှင့် ခင်မင်ရင်းနှီးဖို့လွယ်သည်။ သို့သော် တစ်ခါတစ်ရံ အကျွမ်းတဝင်မရှိသူများကို စိတ်မဝင်စားကြချေ။ ဤသို့သောမျက်နှာလိုက်မှုသည် ယေဟောဝါ၏ကျေးကျွန်တစ်ဦးနှင့် မအပ်စပ်ပေ။ အမှန်ဆိုရလျှင် ကျွန်ုပ်တို့အားလုံးသည် ပေါလု၏တိကျသောအကြံပြုချက်အတိုင်း “ကျယ်ဝန်းသောစိတ်ရှိ” သင့်သည်—နောက်ခံချင်းမတူသော ခရစ်ယာန်ချင်းများကို ချစ်နိုင်ရန် ကျွန်ုပ်တို့၏မေတ္တာကို ကျယ်ဝန်းစေပါ။—၂ ကောရိန္သု ၆:၁၃။
၂၀။ အဘယ်ဘဝကဏ္ဍအသီးသီးတွင် ကျွန်ုပ်တို့၏မျက်နှာမလိုက်တတ်သော ဘုရားသခင်ယေဟောဝါကို တုပသင့်သနည်း။
၂၀ ကျွန်ုပ်တို့သည် ကောင်းကင်ခေါ်တော်မူခြင်းခံရသည်ဖြစ်စေ၊ မြေကြီးပေါ် ထာဝစဉ်အသက်ရှင်ရန် မျှော်လင့်ချက်ရှိသည်ဖြစ်စေ ကျွန်ုပ်တို့၏မျက်နှာမလိုက်မှုကြောင့် သိုးထိန်းတစ်ပါး၊ သိုးခြံတစ်ခုအောက်တွင် စည်းလုံးစွာရှိနိုင်ကြသည်။ (ဧဖက် ၄:၄၊ ၅၊ ၁၆) ကျွန်ုပ်တို့၏မျက်နှာမလိုက်တတ်သော ဘုရားသခင်ယေဟောဝါကို ကြိုးစားတုပခြင်းသည် ကျွန်ုပ်တို့၏ခရစ်ယာန်ဓမ္မအမှု၊ မိသားစု၊ အသင်းတော်များအပြင် ဘဝကဏ္ဍအသီးသီးတွင် အကူအညီဖြစ်နိုင်သည်။ မည်သို့အားဖြင့်နည်း။ နောက်ဆောင်းပါးက ဤအကြောင်းကို ဖော်ပြပါလိမ့်မည်။
[အောက်ခြေမှတ်ချက်များ]
a ယေဟောဝါ၏ဂုဏ်သတင်းသည် နောက်ပိုင်းတွင် မြင့်မြတ်သောသီချင်းများ၏ အကြောင်းအရာဖြစ်လာလေသည်။—ဆာလံ ၁၃၅:၈-၁၁; ၁၃၆:၁၁-၂၀။
b ဤတွင် “ဟေလသ” ဟူသော အသုံးအနှုန်းသည် အများအားဖြင့် တစ်ပါးအမျိုးသားကို ရည်ညွှန်းသည်။—ယေဟောဝါသက်သေများထုတ်ဝေသည့် ကျမ်းစာစောင်များအပေါ် ထိုးထွင်းသိမြင်ခြင်း [လိပ်] အတွဲ ၁၊ စာမျက်နှာ ၁၀၀၄။
သင်မည်သို့ဖြေဆိုမည်နည်း
• ယေဟောဝါသည် မျက်နှာမလိုက်ကြောင်း ရာခပ်နှင့် ဂိဗောင်လူမျိုးကို မည်သို့ဖော်ပြခဲ့သနည်း။
• ယေရှု၏သွန်သင်ချက်များတွင် မျက်နှာလိုက်မှုမရှိကြောင်း မည်သို့ဖော်ပြခဲ့သနည်း။
• အဘယ်ယဉ်ကျေးမှု၊ အဘယ်လူမျိုးကိုမျှ စိတ်စွန်းကွက်မှုမရှိရန် အဘယ်အရာက ကူညီပေးနိုင်သနည်း။
[စာမျက်နှာ ၁၃ ပါ ရုပ်ပုံ]
ခါနာန်ပြည်ကို ဣသရေလလူမျိုး စတင်သိမ်းပိုက်
[စာမျက်နှာ ၁၅ ပါ ရုပ်ပုံ]
ယေရှုသည် ရှမာရိအမျိုးသမီးတစ်ဦးကို သက်သေမခံဘဲမနေခဲ့
[စာမျက်နှာ ၁၆ ပါ ရုပ်ပုံ]
ဗြိတိန်နိုင်ငံတွင် အမ်ဟာရစ်လူထုအစည်းအဝေးတစ်ခု
[စာမျက်နှာ ၁၆ ပါ ရုပ်ပုံ]
ယေဟောဝါအား အဲလ်ဘတ်ချစ်သည့်မေတ္တာက စိတ်စွန်းကွက်မှုကို အောင်မြင် ကျော်လွှားရန် ကူညီပေးခဲ့