“ဘုရားသခင်၌ ချဉ်းကပ်ကြလော့။ သို့ပြုလျှင် သင်တို့၌ ချဉ်းကပ်တော်မူလိမ့်မည်။”
မတိုင်မီနှင့် ပြီးနောက်—သမ္မာကျမ်းစာက ဤသူကို ပြောင်းလဲပေးပုံ
တေးဂီတသည် ရိုဖ်မိုက်ကယ်လ်၏အသက်ဖြစ်သည်။ မူးယစ်ဆေးဝါးသည် သူ၏စွဲလမ်းရာဖြစ်သည်။ ဂျာမနီနိုင်ငံမှ လူငယ်တစ်ဦးအနေဖြင့် အရက်သောက်ကြူးခဲ့ပြီး အဲလ်အက်စ်ဒီ၊ ကိုကင်း၊ ဆေးခြောက်နှင့် ထုံထိုင်းစေသည့်အခြားဆေးဝါးများကို ပရမ်းပတာသုံးစွဲခဲ့၏။
ရိုဖ်မိုက်ကယ်လ်သည် အာဖရိကနိုင်ငံတစ်နိုင်ငံသို့ မူးယစ်ဆေးများ ခိုးသွင်းရန် ကြိုးစားနေစဉ် အဖမ်းခံရပြီး ထောင်ဒဏ် ၁၃ လကျခဲ့သည်။ ထောင်ကျနေစဉ် ဘဝ၏စစ်မှန်သောရည် ရွယ်ချက်ကို သူတွေးတောချိန်ရရှိခဲ့၏။
ထို့နောက် ရိုဖ်မိုက်ကယ်လ်နှင့် သူ့ဇနီးအာစူလာတို့သည် ဘဝအဓိပ္ပာယ်နှင့် အမှန်တရားကို သဲသဲမဲမဲရှာဖွေခဲ့ကြသည်။ ခရစ်ယာန်ချာ့ချ်များကြောင့် စိတ်ပျက်ဖွယ်တွေ့ ကြုံမှုများ ရရှိခဲ့ကြသော်လည်း သူတို့သည် ဘုရားသခင်ကို သိလိုစိတ်ပြင်းပြခဲ့ကြ၏။ သို့ရာတွင် ဘာသာတရားအမျိုးမျိုးက သူတို့၏မေးခွန်းများကို ကျေနပ်လောက်အောင် အဖြေများ မပေးနိုင်ကြပေ။ ထို့ပြင် အဆိုပါဘာသာတရားများက သူတို့၏အသက်တာကို ပြောင်းလဲပေးနိုင်စွမ်းမရှိကြချေ။
နောက်ဆုံးတွင် ရိုဖ်မိုက်ကယ်လ်နှင့် အာစူလာတို့သည် ယေဟောဝါသက်သေများနှင့် အဆက်အသွယ်ရလေသည်။ သမ္မာကျမ်းစာ,စသင်ကြသောအခါ ရိုဖ်မိုက်ကယ်လ်သည် “ဘုရားသခင်၌ ချဉ်းကပ်ကြလော့။ သို့ပြုလျှင် သင်တို့ ၌ ချဉ်းကပ်တော်မူလိမ့်မည်” ဟူသော ဆုံးမစကားကို အလွန်စွဲမှတ်သွားခဲ့၏။ (ယာကုပ် ၄:၈) ထိုအခါ သူသည် ‘ဥပဓိရုပ်ဟောင်းကိုချွတ်ပယ်၍ မှန်သောဖြောင့်မတ်ခြင်း၊ သန့်ရှင်းခြင်း . . . အားဖြင့် ဘုရားသခင်နှင့်အတူအမျှ ဖန်ဆင်းသော ဥပဓိရုပ်သစ်ကို ယူတင်ဝတ်ဆောင်’ ရန်သန္နိဋ္ဌာန်ချခဲ့သည်။—ဧဖက် ၄:၂၂-၂၄။
ရိုဖ်မိုက်ကယ်လ်သည် ဥပဓိရုပ်သစ်ကို မည်သို့ယူတင်ဝတ်ဆောင်နိုင်ခဲ့သနည်း။ လူတစ်ဦး၏ဥပဓိရုပ်ကို ‘တိကျမှန်ကန်သောအသိပညာအားဖြင့်’ “ဖန်ဆင်းတော်မူသောသူ” ယေဟောဝါဘုရားသခင်၏ “ပုံသဏ္ဌာန်နှင့်အညီ” ဝတ်ဆောင်နိုင်ကြောင်း သမ္မာကျမ်းစာမှ သူသိနားလည်လာခဲ့သည်။—ကောလောသဲ ၃:၉-၁၁။
ရိုဖ်မိုက်ကယ်လ်သည် တိကျမှန်ကန်သောအသိပညာကိုရလာလေ သူ၏အသက်တာကို သမ္မာကျမ်းစာမူများနှင့်အညီဖြစ်စေရန် ကြိုးစားအားထုတ်လေဖြစ်၏။ (ယောဟန် ၁၇:၃) မူးယစ်ဆေးဖြတ်ခြင်းသည် မလွယ်ကူသော်လည်း ဆုတောင်းခြင်းဖြင့် ယေဟောဝါထံချဉ်းကပ်ပြီး ကိုယ်တော်၏အကူအညီရရှိခြင်းတန်ဖိုးကို ရိုဖ်မိုက်ကယ်လ် သဘောပေါက်လာလေသည်။ (၁ ယောဟန် ၅:၁၄၊ ၁၅) ဘုရားသခင်၏အလိုတော်ကို ကြိုးစားပမ်းစားဆောင်ရွက်နေကြသော ယေဟောဝါသက်သေများနှင့် အနီးကပ်ပူးပေါင်းလုပ်ဆောင်ခြင်းဖြင့်လည်း နောက်ထပ်အကူအညီရရှိခဲ့သည်။
ဤလောကသည် ရွေ့သွားကွယ်ပျောက်သွားပြီး ဘုရားသခင့်အလိုတော်ဆောင်ရွက်သူများသည် ထာဝစဉ်တည်ရှိလိမ့်မည်ကို ရိုဖ်မိုက်ကယ်လ်သိထားခြင်းကလည်း အကူအညီဖြစ်ခဲ့၏။ ဤလောကကို ခေတ္တခဏမချစ်ဘဲ မေတ္တာရှင်ဘုရားသခင် ယေဟောဝါနှင့် အနီးကပ်ဆက်ဆံမှု ရှိခြင်းမှရမည့် ထာဝရကောင်းချီးကို သူရွေးချယ်နိုင်ခဲ့သည်။ (၁ ယောဟန် ၂:၁၅-၁၇) “ငါ့သား ပညာရှိလော့။ ကဲ့ရဲ့သောသူ၏စကားကို ငါချေနိုင်အောင် ငါ့စိတ်ကို ရွှင်လန်းစေလော့” ဟူသည့် နယပုံပြင် ၂၇:၁၁ ပါစကားများက ရိုဖ်မိုက်ကယ်လ်အတွက် အလွန်စိတ်စွဲမှတ်စရာဖြစ်ခဲ့သည်။ ကျေးဇူးတင်လေးမြတ်စွာဖြင့် သူဤသို့ဆို၏– “လူသားတွေကို ယေဟောဝါရဲ့စိတ်ရွှင်လန်းစေခွင့်ပေးတဲ့အတွက် ကိုယ်တော်ရဲ့မေတ္တာ ဘယ်လောက်ကြီးမားတယ်ဆိုတာကို ဒီအခန်းငယ်က ဖော်ပြတယ်။”
ရိုဖ်မိုက်ကယ်လ်၊ သူ၏ဇနီးနှင့် သားသမီးသုံးဦးတို့ကဲ့သို့ပင် ထောင်သောင်းမကသောသူတို့သည် သမ္မာကျမ်းစာမူများကို လိုက်လျှောက်ခြင်းအားဖြင့် အကျိုးကျေးဇူးခံစားခဲ့ကြရပြီ။ ဤသို့သောသူများကို ကမ္ဘာတစ်ဝန်းရှိ ယေဟောဝါသက်သေများ၏ အသင်းတော်များတွင် တွေ့ ရှိနိုင်၏။ ဝမ်းနည်းစရာမှာ၊ နိုင်ငံအချို့တွင် သက်သေခံများသည် မိသားစုများကို ဖြိုခွဲနေသော အန္တရာယ်ဂိုဏ်းဖြစ်သည်ဟု မဟုတ်မမှန် စွပ်စွဲခံနေကြရသည်။ ရိုဖ်မိုက်ကယ်လ်၏ကိုယ်တွေ့အဖြစ်အပျက်က ထိုသို့မဟုတ်ကြောင်း ဖော်ပြသည်။—ဟေဗြဲ ၄:၁၂။
ဝိညာဉ်ရေးရာများကို ရှေးဦးထားရန် တိုက်တွန်းထားသော မဿဲ ၆:၃၃ သည် မိမိ၏မိသားစုကို လမ်းမှန်ပေါ်ရောက်စေသည့် “သံလိုက်အိမ်မြှောင်” နှင့်တူသည်ဟု ရိုဖ်မိုက်ကယ်လ်က ပြောပြသည်။ ရိုဖ်မိုက်ကယ်လ်နှင့် သူ၏မိသားစုသည် ခရစ်ယာန်များအနေနှင့် ပျော်ရွှင်သောမိသားစုဘဝရရှိသည့်အတွက် ယေဟောဝါကို အလွန်ကျေးဇူးတင်လျက်ရှိကြ၏။ “ငါ၌ ထာဝရဘုရား[သခင်]ပြုတော်မူသော ကျေးဇူးအလုံးစုံတို့ကို အဘယ်သို့ဆပ်ရမည်နည်း” ဟူ၍ သီဆိုခဲ့သော ဆာလံဆရာ၏ခံစားချက်ကို သူတို့ မျှဝေခံစားနေကြသည်။—ဆာလံ ၁၁၆:၁၂။
[စာမျက်နှာ ၉ ပါ အကျဉ်းဖော်ပြချက်]
ဘုရားသခင်သည် မိမိ၏စိတ်ကို ရွှင်လန်းစေရန် လူသားများကို လုပ်ဆောင်ခွင့်ပေးထား
[စာမျက်နှာ ၉ ပါ လေးထောင့်ကွက်]
သမ္မာကျမ်းစာမူများ အကျိုးသက်ရောက်
လူများစွာကို သေစေနိုင်သောမူးယစ်ဆေးဖြတ်စေခဲ့သည့် သမ္မာကျမ်းစာမူများအနက် အချို့သည် အောက်ပါအတိုင်းဖြစ်သည်–
“ထာဝရဘုရား[သခင်]ကို ချစ်သောသူတို့ မကောင်းသောအမှုကို ရွံရှာကြလော့။” (ဆာလံ ၉၇:၁၀) လူတစ်ဦးသည် သေစေနိုင်သောအမူအကျင့်များ၏ မကောင်းမှုကို သိရှိပြီး ၎င်းတို့ကို အမှန်တကယ်မုန်းတီးလာပြီဆိုလျှင် ဘုရားသခင်နှစ်သက်ရာများကို လုပ်ဆောင်ရန် သာ၍လွယ်ကူလာသည်။
“ပညာရှိတို့နှင့်ပေါင်းဖော်သောသူသည် ပညာရှိတတ်၏။ လူမိုက်တို့နှင့်ပေါင်းဖော်သောသူမူကား ပျက်စီးတတ်၏။” (သု. ၁၃:၂၀) လူတစ်ဦးသည် မူးယစ်ဆေးနှင့် အခြားအရာများစွဲခြင်းကို ငြင်းပယ်ရန် အပေါင်းအသင်းများကို ဂရုတစိုက် ရွေးချယ်ပေါင်းသင်းဖို့လိုသည်။ သူ၏သန္နိဋ္ဌာန်ကို ထောက်ခံပေးမည့် ခရစ်ယာန်များနှင့် မိတ်ဆွေဖွဲ့ခြင်းသည် အမှန်ပင်အကျိုးရှိ၏။
“အဘယ်အမှုကိုမျှ စိုးရိမ်ခြင်းမရှိဘဲ အရာရာ၌ ကျေးဇူးတော်ကို ချီးမွမ်းခြင်းနှင့်တကွ ဆုတောင်း . . . သောအားဖြင့် သင်တို့တောင်းပန်လိုသောအရာများတို့ကို ဘုရားသခင်အား ကြားလျှောက်ကြလော့။ ထိုသို့ပြုလျှင် အဘယ်သူမျှကြံ၍မမီနိုင်သော ဘုရားသခင်၏ငြိမ်သက်ခြင်းသည် ယေရှုခရစ်အားဖြင့် သင်တို့၏စိတ်နှလုံးတို့ကို စောင်မလိမ့်မည်။” (ဖိလိပ္ပိ ၄:၆၊ ၇) ဤသို့သောစိတ်ငြိမ်သက်မှုမျိုးကို မူးယစ်ဆေးမှီဝဲခြင်းမှ မရရှိနိုင်ချေ။ ထို့ပြင် မူးယစ်ဆေးမသုံးစွဲဘဲ ဘုရားသခင်ကို ဆုတောင်းအားကိုးခြင်းဖြင့် ဘဝပြဿနာများကို ကိုင်တွယ်ဖြေရှင်းနိုင်ပေသည်။