ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၀၃ ၁၂/၁၅ စာ. ၁၄-၁၉
  • သတိနှင့်စောင့်နေခြင်း သာ၍အရေးတကြီးဖြစ်လာ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • သတိနှင့်စောင့်နေခြင်း သာ၍အရေးတကြီးဖြစ်လာ
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၃
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • “မမြင်သေးသောအမှုအရာတို့” နှင့်ပတ်သက်၍ သတိပေးခံခဲ့ရ
  • လိင်အကျင့်ယိုယွင်းမှု ပျံ့နှံ့လာ
  • မြေကြီးသည် “ကြမ်းကြုတ်မှုနှင့်ပြည့်” လာ
  • သတင်းတရား ဟောပြောနေ
  • အနည်းငယ်သာကပ်ကျော်
  • “စောင့်နေကြလော့”
  • ယုံကြည်ခြင်းအားဖြင့် လောကကိုသင်အပြစ်တင်သလော
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၀
  • နောဧသည် အဘယ်ကြောင့် ဘုရားသခင့်စိတ်တော်နှင့်တွေ့ခဲ့—ယင်းကို ကျွန်ုပ်တို့ အဘယ်ကြောင့် စိတ်ဝင်စားသင့်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၈
  • နောဧ၏ယုံကြည်ခြင်းသည် လောကကို ပြစ်တင်ရှုတ်ချ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၁
  • “ဘုရားသခင့်လမ်းစဉ်အတိုင်း လျှောက်လှမ်းသူ”
    သူတို့ရဲ့ယုံကြည်ခြင်းကို တုပပါ
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၃
က၀၃ ၁၂/၁၅ စာ. ၁၄-၁၉

သတိနှင့်စောင့်နေခြင်း သာ၍အရေးတကြီးဖြစ်လာ

“သင်တို့အရှင်သည် အဘယ်အချိန်နာရီ၌ ရောက်လာမည်ကို သင်တို့မသိသောကြောင့် စောင့်နေကြလော့။”—မဿဲ ၂၄:၄၂။

၁၊ ၂။ ကျွန်ုပ်တို့သည် လက်ရှိအစီအစဉ်စနစ်၏ ဆုံးခန်းချိန်၌ အသက်ရှင်နေကြောင်း အဘယ်အရာကဖော်ပြသနည်း။

“နှစ်ဆယ်ရာစုသည် အခြားအရာအားလုံးတို့ထက် စစ်၏လွှမ်းမိုးမှုကိုခံခဲ့ရသည်” ဟုစာရေးဆရာ ဘေးလ် အဲမော့ထ်ကဆို၏။ လူ့သမိုင်းခေတ်ကာလအားလုံးသည် စစ်ပွဲများနှင့် အကြမ်းဖက်မှုတို့၏ ဖိစီးလွှမ်းမိုးမှုကို ကြုံတွေ့ခဲ့ရကြောင်း အသိအမှတ်ပြုဝန်ခံရင်း သူဤသို့ဖြည့်စွက်ပြောသည်– “နှစ်ဆယ်ရာစု ရင်ဆိုင်ကြုံတွေ့ရသည်မှာ အမျိုးအစားအရ မကွာသော်လည်း ပြင်းထန်မှုပမာဏ၌မူ ကွာခြား၏။ ကမ္ဘာတစ်ဝန်း ပဋိပက္ခဖြစ်မှုကို ကြုံကြိုက်ရသော ပထမဆုံးရာစုဖြစ်၏။ . . . ၎င်းပြင် ထိုအချက်ကို သိသာထင်ရှားစေသည့်အလား၊ ကမ္ဘာချီပဋိပက္ခတစ်ခုသာမဟုတ်၊ နှစ်ခု ဖြစ်ပျက်ခဲ့သည်။”

၂ ‘လူတစ်မျိုးနှင့်တစ်မျိုး၊ တစ်နိုင်ငံနှင့်တစ်နိုင်ငံ’ ပါဝင်တိုက်ခိုက်မည့်စစ်ပွဲများအကြောင်းကို ယေရှုခရစ်ကြိုတင်ဟောပြောခဲ့သည်။ သို့သော် ၎င်းတို့သည် ‘ခရစ်တော်ရောက်ရှိနေခြင်းနှင့် ဤစနစ်ဆုံးခန်း၏နိမိတ်’ လက္ခဏာတစ်ခုမျှသာဖြစ်၏။ ထိုမဟာပရောဖက်ပြုချက်တွင် ယေရှုသည် ငတ်မွတ်ခေါင်းပါးခြင်း၊ ကပ်ရောဂါများနှင့် မြေငလျင်လှုပ်ခြင်းများအကြောင်းလည်း ဖော်ပြသေးသည်။ (မဿဲ ၂၄:၃၊ ၇၊ ၈; လုကာ ၂၁:၆၊ ၇၊ ၁၀၊ ၁၁) အဆိုပါကပ်ဘေးများ၏ အတိုင်းအတာနှင့် ပြင်းထန်မှုသည် နည်းမျိုးစုံဖြင့် တိုးပွားများပြားလာခဲ့ပြီ။ လူ့ဆိုးသွမ်းမှု ပျံ့နှံ့လျက်ရှိကြောင်း ဘုရားသခင်နှင့် လူလူချင်းအပေါ် လူတို့၏သဘောထားက ထင်ရှားစေသည်။ ကိုယ်ကျင့်တရားယိုယွင်းမှုနှင့် ရာဇဝတ်မှု၊ အကြမ်းဖက်မှုတို့ တိုးပွားများပြားလာကြောင်း ထင်ရှားသည်။ လူတို့သည် ဘုရားသခင်ကိုချစ်သည်ထက် ငွေကိုချစ်လာကြပြီး အပျော်အပါးကို စွဲလမ်းနေကြသည်။ ဤအရာအားလုံးက “ခဲယဉ်းသောကာလ” ၌ကျွန်ုပ်တို့အသက်ရှင်နေကြခြင်း၏ သက်သေသာဓကဖြစ်သည်။—၂ တိမောသေ ၃:၁-၅။

၃။ “ကပ်ကာလ၏နိမိတ်လက္ခဏာတို့” သည် ကျွန်ုပ်တို့ကို မည်သို့အကျိုးသက်ရောက်သင့်သနည်း။

၃ လူ့အရေးကိစ္စများ ဆိုးသည်ထက်ဆိုးလာခြင်းကို သင်မည်သို့ယူဆသနည်း။ မျက်မှောက်ခေတ် စိတ်ဆင်းရဲစရာအဖြစ်အပျက်များကို အလေးဂရုမပြု၊ မှုပင်မမှုကြသူ များစွာရှိ၏။ ဤလောကတွင် ဩဇာရှိသူများနှင့် ပညာရှင်များသည် “ကပ်ကာလ၏နိမိတ်လက္ခဏာတို့” ၏အနက်အဓိပ္ပာယ်ကို ပိုင်းခြားသိမြင်ခြင်းမရှိကြ; ဘာသာရေးခေါင်းဆောင်တို့ကလည်း ယင်းနှင့်ပတ်သက်၍ တော်မှန်သည့်လမ်းညွှန်မှု မပေးကြချေ။ (မဿဲ ၁၆:၁-၃) သို့သော် မိမိ၏နောက်လိုက်များကို ယေရှုဤသို့သတိပေးခဲ့သည်– “သင်တို့အရှင်သည် အဘယ်အချိန်နာရီ၌ ရောက်လာမည်ကို သင်တို့မသိသောကြောင့် စောင့်နေကြလော့။” (မဿဲ ၂၄:၄၂) ဤတွင် ယေရှုက အခါအားလျော်စွာ စောင့်ဖို့သာမဟုတ်ဘဲ သတိနှင့်ဆက်၍ “စောင့်နေကြ” ဖို့ ကျွန်ုပ်တို့ကို တိုက်တွန်းထားသည်။ ဆက်၍သတိနှင့်စောင့်နေဖို့ ကျွန်ုပ်တို့သည် သတိဝီရိယနှင့် နိုးနိုးကြားကြားရှိနေကြရမည်။ ထိုသို့ပြုရန် ကျွန်ုပ်တို့သည် နောက်ဆုံးကာလ၌ အသက်ရှင်နေ၍ အခြေအနေများခက်ခဲကြောင်း အသိအမှတ်ပြုရုံနှင့် မပြီးချေ။ “ခပ်သိမ်းသောအမှုအရာတို့သည် အဆုံးသို့ရောက်လု” ပြီဟု အခိုင်အမာခံယူထားရမည်။ (၁ ပေတရု ၄:၇) ထိုသို့ပြုမှသာ အရေးတကြီးသဘောထားဖြင့် သတိနှင့်စောင့်နေကြလိမ့်မည်။ ထို့ကြောင့် ကျွန်ုပ်တို့ပြန်သုံးသပ်ရမည့်မေးခွန်းမှာ ‘အဆုံးနီးပြီဟူသော ကျွန်ုပ်တို့၏ခံယူချက်ကို အဘယ်အရာက ခွန်အားရှိစေမည်နည်း။’

၄၊ ၅။ (က) ဤအစီအစဉ်စနစ်ဆိုး၏အဆုံးနီးလာပြီဟူသော ကျွန်ုပ်တို့၏ခံယူချက်ကို အဘယ်အရာက ခွန်အားရှိစေမည်နည်း၊ အဘယ်ကြောင့်နည်း။ (ခ) နောဧခေတ်နှင့် လူသားရောက်ရှိနေခြင်းတို့၏ ဆင်တူချက်တစ်ခုကား အဘယ်နည်း။

၄ လူ့သမိုင်းတွင် တစ်ကြိမ်တည်းသာဖြစ်ခဲ့ဖူးသော နောဧခေတ်ရေလွှမ်းမိုးဘေးကြီး မတိုင်မီက အခြေအနေများကို ပြန်သုံးသပ်ကြည့်ပါ။ လူတို့အလွန်ဆိုးသွမ်းသည့်အတွက် ယေဟောဝါသည် “နှလုံးတော်ပူပန်လျက်ရှိတော်မူ၏။” ထို့ကြောင့် ကိုယ်တော်က “ငါဖန်ဆင်းသောလူကို . . . မြေကြီးမျက်နှာမှ ငါသုတ်သင်ပယ်ရှင်းမည်” ဟုကြေညာခဲ့သည်။ (ကမ္ဘာဦး ၆:၆၊ ၇) ကြေညာသည့်အတိုင်း ကိုယ်တော်ပြုတော်မူခဲ့သည်။ ထိုခေတ်နှင့် ယခုခေတ်ကို ယေရှုဤသို့နှိုင်းယှဉ်ပြောခဲ့သည်– “လူသားသည်ကြွလာသောအခါ နောဧလက်ထက်၌ဖြစ်သကဲ့သို့ ဖြစ်လိမ့်မည်။”—မဿဲ ၂၄:၃၇။

၅ ယေဟောဝါသည် ရေလွှမ်းမိုးဘေးမတိုင်မီက လောကအပေါ် သဘောထားခဲ့သည့်နည်းတူ လက်ရှိလောကကို သဘောထားသည်ဟု ယူဆခြင်းသည် ကျိုးကြောင်းဆီလျော်ပါသည်။ ကိုယ်တော်သည် နောဧခေတ်မှ ဘုရားတရားမဲ့လောကကို အဆုံးတိုင်စေခဲ့သောကြောင့် လက်ရှိဆိုးသွမ်းသောလောကကိုလည်း အမှန်ဖျက်ဆီးပစ်ပါလိမ့်မည်။ ထိုခေတ်နှင့် ယခုခေတ်ဆင်တူချက်များကို ရှင်းရှင်းနားလည်ထားခြင်းက လက်ရှိလောက၏အဆုံးနီးပြီဟူသော ကျွန်ုပ်တို့၏ခံယူချက်ကို ခိုင်မာစေသင့်သည်။ သို့ဖြစ်၍ အဘယ်ဆင်တူချက်များရှိသနည်း။ အနည်းဆုံးငါးခုရှိ၏။ ပထမတစ်ခုမှာ ရောက်လာတော့မည့်ဖျက်ဆီးခြင်းဘေးကို ရှင်းလင်းပြတ်သားစွာ သတိပေးခြင်းဖြစ်၏။

“မမြင်သေးသောအမှုအရာတို့” နှင့်ပတ်သက်၍ သတိပေးခံခဲ့ရ

၆။ နောဧခေတ်တွင် အဘယ်ကြိုတင်သတိပေးချက်ကို ယေဟောဝါပေးခဲ့ပုံရသနည်း။

၆ နောဧခေတ်တွင် ယေဟောဝါဤသို့ကြေညာခဲ့သည်– “ငါ့ဝိညာဉ်သည်လူတို့တွင် အစဉ် မဆုံးမရ။ အကြောင်းမူကား လူတို့သည်အသားဖြစ်၏။ သူ၏အသက်တမ်းသည်လည်း အနှစ်တစ်ရာနှစ်ဆယ်ဖြစ်စေ။” (ကမ္ဘာဦး ၆:၃) ဘီ.စီ.အီး. ၂၄၉၀ ပြည့်နှစ်တွင်ထုတ်ဆင့်ခဲ့သော ဘုရားသခင့်ဤမိန့်မှာချက်က ဘုရားတရားမဲ့သော အဆိုပါလောက၏နိဂုံးစတင်ချိန်ကို မှတ်သားဖော်ပြသည်။ ထိုမိန့်မှာချက်သည် ထိုခေတ်ရှိသူများအတွက် အဘယ်အဓိပ္ပာယ်ရှိကြောင်း စဉ်းစားကြည့်ပါ! အနှစ် ၁၂၀ မျှသာကျန်တော့ကာ ယေဟောဝါသည် “အသက်ရှင်သောသတ္တဝါအပေါင်းတို့ကို ကောင်းကင်အောက်မှ . . . ပယ်ရှင်းခြင်းငှာ မြေကြီးကိုရေလွှမ်းမိုးစေ” တော်မူမည်။—ကမ္ဘာဦး ၆:၁၇။

၇။ (က) ရေလွှမ်းမိုးဘေးဖြစ်မည်ဟု သတိပေးချက်ကို နောဧမည်သို့တုံ့ပြန်ခဲ့သနည်း။ (ခ) ဤအစီအစဉ်စနစ်ဆုံးခန်း၏ သတိပေးချက်များကို ကျွန်ုပ်တို့ မည်သို့တုံ့ပြန်သင့်သနည်း။

၇ နောဧသည် ဖြစ်အံ့ဆဲဆဲဘေးကြီးနှင့်ပတ်သက်၍ ဆယ်စုနှစ်နှင့်ချီ ကြိုတင်သတိပေးခံခဲ့ရပြီး ကပ်ကျော်ရန်ပြင်ဆင်ဖို့ ကျန်ရှိချိန်ကို ပညာရှိရှိအသုံးပြုခဲ့သည်။ “နောဧသည် မမြင်သေးသောအမှုအရာတို့ကိုဖော်ပြသော [ဘုရားသခင့်သတိပေးချက်] ကိုခံရပြီးမှ . . . ကြောက်ရွံ့သောစိတ်ရှိ၍၊ မိမိအိမ်သူအိမ်သားတို့ကို ကယ်တင်ခြင်းငှာ သင်္ဘောကိုတည်လေ၏” ဟုတမန်တော်ပေါလုဆို၏။ (ဟေဗြဲ ၁၁:၇) ကျွန်ုပ်တို့ကော။ ဤအစီအစဉ်စနစ်၏ နောက်ဆုံးနေ့ရက်များသည် ၁၉၁၄ ခုနှစ်တွင် စတင်ပြီးနောက် ယခု အနှစ် ၉၀ ခန့်အချိန်ကုန်လွန်ခဲ့ပြီ။ ကျွန်ုပ်တို့သည် “အမှုကုန်ရသည်ကာလ” တွင် အမှန်အသက်ရှင်နေကြရသည်။ (ဒံယေလ ၁၂:၄) ကျွန်ုပ်တို့ရရှိထားသော သတိပေးချက်ကို မည်သို့တုံ့ပြန်သင့်သနည်း။ “ဘုရားသခင်၏အလိုတော်နှင့်အညီ ကျင့်သောသူမူကား၊ . . . ထာဝရတည်၏” ဟုသမ္မာကျမ်းစာဆိုသည်။ (၁ ယောဟန် ၂:၁၇) ထို့ကြောင့် ယခုအချိန်သည် အရေးတကြီးသဘောထား ပြင်းပြစွာဖြင့် ယေဟောဝါ၏အလိုတော်ကို လုပ်ဆောင်ရမည့်အချိန်ဖြစ်၏။

၈၊ ၉။ မျက်မှောက်ခေတ်တွင် အဘယ်သတိပေးချက်များ ပေးထားသနည်း၊ ယင်းတို့ကို မည်သို့ကြေညာနေသနည်း။

၈ ယခုခေတ် စိတ်ရင်းမှန်သော ကျမ်းစာကျောင်းသားများသည် ဤအစီအစဉ်စနစ် ဖျက်ဆီးခံရတော့မည့်အကြောင်း မှုတ်သွင်းခံကျမ်းစာမှ သိရှိခဲ့ကြသည်။ ယင်းကို ကျွန်ုပ်တို့ယုံကြည်ပါသလော။ ယေရှုခရစ်က ‘ကမ္ဘာဦးမှစ၍မဖြစ်စဖူး နောက်၌လည်းမဖြစ်လတ္တံ့သော ကြီးစွာသောဆင်းရဲခြင်းသည် ထိုကာလ၌ဖြစ်လိမ့်မည်’ ဟုအတိအလင်းဖော်ပြခဲ့ကြောင်း သတိပြုပါ။ (မဿဲ ၂၄:၂၁) ယေရှုက မိမိသည် ဘုရားသခင်၏ခန့်အပ်ခံ တရားသူကြီးအဖြစ် ကြွလာ၍ သိုးထိန်းသည် သိုးနှင့်ဆိတ်တို့ကို တခြားစီခွဲထားသကဲ့သို့ လူတို့ကို ခွဲခြားမည်ဟုလည်း မိန့်တော်မူခဲ့သည်။ မထိုက်တန်သူများသည် “ထာဝရအပြစ်ဒဏ်ခံရာသို့လည်းကောင်း၊ ဖြောင့်မတ်သောသူတို့မူကား ထာဝရအသက်ရှင်ရာသို့လည်းကောင်း သွားကြလတ္တံ့။”—မဿဲ ၂၅:၃၁-၃၃၊ ၄၆။

၉ ယေဟောဝါသည် ‘သစ္စာနှင့်သတိပညာရှိသောကျွန်’ ကျွေးမွေးသော ဝိညာဉ်အစာမှတစ်ဆင့် အချိန်တန်နှိုးဆော်ချက်များအားဖြင့် မိမိ၏လူမျိုးတော်အား ဤသတိပေးချက်များကို အာရုံစိုက်စေခဲ့ပြီ။ (မဿဲ ၂၄:၄၅-၄၇) ထို့ပြင် ‘တရားစီရင်တော်မူမည့်အချိန်နာရီ ဆိုက်ရောက်ပြီဖြစ်၍ ဘုရားသခင်ကိုကြောက်ရွံ့၍ ဘုန်းတော်ကိုချီးမွမ်းကြ’ ရန် လူမျိုး၊ အနွယ်၊ ဘာသာစကားနှင့် လူအသီးသီးတို့ကို ဖိတ်ခေါ်ထားသည်။ (ဗျာ. ၁၄:၆၊ ၇) မကြာမီ လူ့အုပ်ချုပ်မှုကို ဘုရားသခင့်နိုင်ငံတော်က ဖယ်ရှားပစ်တော့မည်ဟူသော သတိပေးချက်သည် ယေဟောဝါသက်သေများ ကမ္ဘာတစ်ဝန်း ဟောပြောနေသော ဘုရားသခင့်နိုင်ငံတော်သတင်း၏ အရေးကြီးအစိတ်အပိုင်းဖြစ်၏။ (ဒံယေလ ၂:၄၄၊ ၄၅) ဤသတိပေးချက်ကို ပေါ့ပေါ့ဆဆ သဘောမထားသင့်ပါ။ အတိုင်းအဆမဲ့တန်ခိုးရှင် ဘုရားသခင်သည် အစဉ်ကတိတည်တော်မူ၏။ (ဟေရှာယ ၅၅:၁၀၊ ၁၁) နောဧခေတ်၌ ကိုယ်တော်ကတိတည်ခဲ့သည့်နည်းတူ ကျွန်ုပ်တို့ခေတ်၌လည်း ကတိတည်ပါလိမ့်မည်။—၂ ပေတရု ၃:၃-၇။

လိင်အကျင့်ယိုယွင်းမှု ပျံ့နှံ့လာ

၁၀။ နောဧခေတ်ရှိ လိင်အကျင့်ယိုယွင်းမှုနှင့်ပတ်သက်၍ မည်သို့ဆိုနိုင်သနည်း။

၁၀ ကျွန်ုပ်တို့ခေတ်သည် နောဧခေတ်နှင့် အခြားနည်းတစ်နည်းတွင် ဆင်တူ၏။ ဘုရားသခင်ပေးထားသော လိင်ဆိုင်ရာအစွမ်းကို အိမ်ထောင်အစီအစဉ်အတွင်း အသရေရှိစွာအသုံးပြုခြင်းဖြင့် လူတို့နှင့် “မြေကြီးကိုပြည့်စေ” ရန် ပထမလူသားမောင်နှံကို ယေဟောဝါမိန့်မှာခဲ့သည်။ (ကမ္ဘာဦး ၁:၂၈) နောဧခေတ်တွင် နာခံမှုမရှိသော ကောင်းကင်တမန်များသည် လိင်ဖောက်ပြန်မှုဖြင့် လူ့လောကကို ညစ်ညူးစေခဲ့ကြသည်။ သူတို့မြေကြီးပေါ်သို့ဆင်းလာ၍ လူကိုယ်ခန္ဓာယူတင်ပြီး လှပသောလူ့သမီးများနှင့် အတူနေကြကာ လူတစ်ပိုင်း နတ်ဆိုးတစ်ပိုင်းဖြစ်သော နက်ဖလင်များကို မွေးဖွားခဲ့ကြသည်။ (ကမ္ဘာဦး ၆:၂၊ ၄) တပ်မက်မှုကြီးသော ဤကောင်းကင်တမန်များ၏အပြစ်ကို သောဒုံနှင့် ဂေါမောရမြို့များ၏ အကျင့်ပျက်မှုနှင့် ဆက်စပ်ထားသည်။ (ယုဒ ၆၊ ၇) သို့ဖြစ်၍ ထိုခေတ်တွင် လိင်အကျင့်ယိုယွင်းမှု ပျံ့နှံ့ခဲ့သည်။

၁၁။ အဘယ်ကိုယ်ကျင့်တရားအခြေအနေက ကျွန်ုပ်တို့ခေတ်ကို နောဧခေတ်နှင့် ဆင်တူစေသနည်း။

၁၁ မျက်မှောက်ခေတ် ကိုယ်ကျင့်တရားအခြေအနေကော မည်သို့ရှိသနည်း။ ဤနောက်ဆုံးနေ့ရက်များတွင် များစွာသောသူတို့သည် လိင်ကို အဓိကထားကြသည်။ ထိုသို့သောသူများသည် “အကျင့်သိက္ခာဆိုင်ရာအာရုံအားလုံးပြီးသည်နှင့် ညစ်ညူးသောအကျင့်အမျိုးမျိုးကို အာသာငမ်းငမ်းတက် ကျင့်ရန်အတွက် . . . အကျင့်လျော့ရဲ” ကာ မိမိတို့ကိုယ်ကို အပ်လိုက်ကြ၏ဟု ပေါလုက ကွက်ကွက်ကွင်းကွင်းဖော်ပြသည်။ (ဧဖက် ၄:၁၉၊ ကဘ) အပြာစာအုပ်ရုပ်ရှင်၊ လက်မထပ်မီလိင်ဆက်ဆံခြင်း၊ ကလေးများကို လိင်ဆိုင်ရာမတော်မတရားပြုကျင့်ခြင်းနှင့် လိင်တူဆက်ဆံခြင်းတို့သည် အဆန်းမဟုတ်တော့ချေ။ အချို့သူတို့သည် လိင်ဆိုင်ရာကူးစက်ရောဂါများ၊ မိသားစုပြိုကွဲခြင်းနှင့် အခြားလူမှုရေးပြဿနာများအသွင်ဖြင့် “မိမိတို့အပြစ်ဒဏ်ကိုခံရကြ” လေပြီ။—ရောမ ၁:၂၆၊ ၂၇။

၁၂။ မကောင်းမှုကိုမုန်းတီးသောစိတ် အဘယ်ကြောင့်ပြုစုပျိုးထောင်သင့်သနည်း။

၁၂ နောဧခေတ်တွင် ယေဟောဝါသည် လိင်ရူးထသောလောကကို ရေလွှမ်းမိုးဘေးကြီးဖြင့် အဆုံးတိုင်စေခဲ့သည်။ ယခုခေတ်သည် အမှန်တကယ်ပင် နောဧခေတ်နှင့်တူကြောင်းကို ကျွန်ုပ်တို့ဘယ်သောအခါမျှ မမေ့သင့်ပါ။ ရောက်လာတော့မည့် ‘ကြီးစွာသောဆင်းရဲခြင်း’ သည် ‘မတရားသောမေထုန်၌မှီဝဲသောသူ၊ သူ့မယားကိုပြစ်မှားသောသူ၊ ယောက်ျားချင်းမေထုန်ကိုပြုသောသူနှင့် ထိုအမှုကိုခံသောသူ’ တို့ကို မြေကြီးပေါ်မှ ပယ်ရှင်းပစ်ပါလိမ့်မည်။ (မဿဲ ၂၄:၂၁; ၁ ကောရိန္သု ၆:၉၊ ၁၀; ဗျာ. ၂၁:၈) မကောင်းမှုကိုမုန်းတီးသောစိတ် ပြုစုပျိုးထောင်ပြီး အကျင့်ယိုယွင်းစေနိုင်သည့် အခြေအနေများနှင့် ကင်းရှင်းနေဖို့ အရေးကြီးလိုက်လေခြင်း!—ဆာလံ ၉၇:၁၀; ၁ ကောရိန္သု ၆:၁၈။

မြေကြီးသည် “ကြမ်းကြုတ်မှုနှင့်ပြည့်” လာ

၁၃။ နောဧခေတ်တွင် မြေကြီးသည် အဘယ်ကြောင့် “ကြမ်းကြုတ်မှုနှင့်ပြည့်စုံ” ရသနည်း။

၁၃ နောဧခေတ်၏စရိုက်လက္ခဏာ နောက်တစ်ခုကို သမ္မာကျမ်းစာက ဤသို့ဖော်ပြသည်– “မြေကြီးသည် ဘုရားသခင့်ရှေ့မှာ ပုပ်စပ်လျက် ကြမ်းကြုတ်မှုနှင့်ပြည့်စုံလျက်ရှိ၏။” (ကမ္ဘာဦး ၆:၁၁၊ သမ္မာ) ရက်စက်ကြမ်းကြုတ်မှုသည် အမှန်အားဖြင့် အသစ်အဆန်းမဟုတ်ပါ။ အာဒံ၏သား ကာဣနသည် သူ၏ဖြောင့်မတ်သောညီကို သတ်ပစ်ခဲ့သည်။ (ကမ္ဘာဦး ၄:၈) လာမက်သည် မိမိကိုယ်ကိုကာကွယ်သည်ဟုဆိုလျက် လူပျိုတစ်ဦးကို သတ်ပစ်ခဲ့ကြောင်း ကြွားလုံးထုတ်ထားသည့် ကဗျာတစ်ပုဒ်စပ်ဆိုခဲ့ရာ သူ့ခေတ်ရှိ အကြမ်းဖက်စိတ်ဓာတ်ကို ထင်ဟပ်ပေါ်လွင်စေသည်။ (ကမ္ဘာဦး ၄:၂၃၊ ၂၄) နောဧခေတ်တွင် အသစ်အဆန်းဖြစ်ခဲ့သည်မှာ ရက်စက်ကြမ်းကြုတ်မှု အတိုင်းအတာပမာဏဖြစ်သည်။ ဘုရားသခင်၏နာခံမှုမရှိသော ကောင်းကင်သားများသည် မြေကြီးပေါ်မှ လူ့သမီးများနှင့်အိမ်ထောင်ပြုပြီး နက်ဖလင်များ မွေးဖွားလာခဲ့ပြီးနောက် အကြမ်းဖက်မှုသည် တစ်ခါနှင့်မျှမတူအောင် တိုးပွားလာခဲ့သည်။ ဤအကြမ်းဖက်လူ့ဘီလူးကြီးများကိုရည်ညွှန်းသော မူရင်းဟေဗြဲစကားလုံးသည် ‘လဲကျစေသူများ’ သို့မဟုတ် ‘အခြားသူများအား လဲစေသူများ’ ဟုအဓိပ္ပာယ်ရှိကြောင်း ကမ္ဘာသစ်ဘာသာပြန်ကျမ်းက ဖော်ပြသည်။ (ကမ္ဘာဦး ၆:၄) ယင်းကြောင့် မြေကြီးသည် “ကြမ်းကြုတ်မှုနှင့်ပြည့်စုံ” လေ၏။ (ကမ္ဘာဦး ၆:၁၃၊ သမ္မာ) ထိုသို့သောဝန်းကျင်မျိုးတွင် သူ၏မိသားစုကို ကျွေးမွေးပြုစုခဲ့ရာ၌ နောဧကြုံတွေ့ခဲ့ရမည့်ပြဿနာများကို စဉ်းစားကြည့်ပါ! သို့တိုင် နောဧသည် ‘ထိုကာလလူမျိုးတွင် ယေဟောဝါရှေ့၌ဖြောင့်မတ်ကြောင်း’ သက်သေထူခဲ့သည်။—ကမ္ဘာဦး ၇:၁။

၁၄။ ယနေ့ ဤလောကသည် “ကြမ်းကြုတ်မှုနှင့်” မည်သို့ “ပြည့်” လာပြီနည်း။

၁၄ လူ့သမိုင်းတစ်လျှောက် အကြမ်းဖက်မှု တည်ရှိခဲ့သည်။ နောဧလက်ထက်ကကဲ့သို့ပင် ကျွန်ုပ်တို့ခေတ်၌လည်း ရက်စက်ကြမ်းကြုတ်မှုကို မကြုံစဖူးအတိုင်းအတာဖြင့် ကြုံတွေ့နေရသည်။ အိမ်တွင်းအကြမ်းဖက်မှု၊ အကြမ်းဖက်လုပ်ရပ်များ၊ အမျိုးဖြုတ်သတ်ဖြတ်မှုများနှင့် အကြောင်းရင်းမည်မည်ရရမရှိဘဲ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုများကို ကျွန်ုပ်တို့ အမြဲတစေကြားနေကြရသည်။ ယင်းတို့အားလုံးအပြင် စစ်ကြောင့် သွေးထွက်သံယိုမှု များပြားခြင်းလည်းရှိသေးသည်။ မြေကြီးသည် ရက်စက်ကြမ်းကြုတ်မှုနှင့် တစ်ဖန်ပြည့်လာပြန်ပြီ။ အဘယ်ကြောင့်နည်း။ အဘယ်အရာက ယင်းကို တိုးပွားများပြားလာစေသနည်း။ ထိုမေးခွန်း၏အဖြေက နောဧခေတ်နှင့် ဆင်တူချက် နောက်တစ်ခုကို ဖော်ပြသည်။

၁၅။ (က) ဤနောက်ဆုံးကာလတွင် ကြမ်းကြုတ်မှုကို အဘယ်အရာက တိုးပွားစေခဲ့ပြီနည်း။ (ခ) အဘယ်အရာဖြစ်ပွားမည်ကို ကျွန်ုပ်တို့ ယုံကြည်စိတ်ချနိုင်သနည်း။

၁၅ ၁၉၁၄ ခုနှစ်တွင် ကောင်းကင်၌ ဘုရားသခင့်မေရှိယနိုင်ငံတော် တည်ထောင်သောအခါ ခန့်အပ်ခံဘုရင်ယေရှုခရစ်သည် တစ်ခေတ်ဆန်းစေသောလုပ်ရပ်တစ်ခုကို လုပ်ဆောင်ခဲ့သည်။ စာတန်နှင့် သူ၏နတ်ဆိုးများသည် ကောင်းကင်မှ မြေကြီးဝန်းကျင်သို့ ပစ်ချခံခဲ့ရသည်။ (ဗျာ. ၁၂:၉-၁၂) ရေလွှမ်းမိုးဘေးမတိုင်မီက နာခံမှုမရှိသော ကောင်းကင်တမန်များသည် ကောင်းကင်အခွင့်အရာကို စိတ်လိုကိုယ်လျောက်စွန့်ခဲ့ကြသည်; ယခုခေတ်တွင်မူ သူတို့သည် အတင်းအကျပ် နှင်ချခံခဲ့ကြရသည်။ ထို့ပြင် တရားမဝင်သော သွေးသားအပျော်အပါးများ လိုက်စားရန် လူ့ကိုယ်ခန္ဓာယူတင်နိုင်စွမ်း ယခု သူတို့၌ မရှိတော့ချေ။ ထို့ကြောင့် သူတို့သည် အလိုမကျဖြစ်ပြီး ဒေါသထွက်ကာ ရောက်အံ့ဆဲတရားစီရင်ခြင်းကို ကြောက်ရွံ့ကြသဖြင့် နောဧခေတ်ထက်ပင် သာ၍ကြီးမားသော လူမဆန်သည့်ရာဇဝတ်မှုများနှင့် အကြမ်းဖက်မှုများကိုပြုလုပ်ရန် လူတို့ကိုဖြစ်စေ၊ အဖွဲ့အစည်းများကိုဖြစ်စေ ဩဇာလွှမ်းမိုး တွန်းအားပေးနေကြသည်။ နာခံမှုမရှိသောကောင်းကင်တမန်များနှင့် သူတို့အမျိုးအနွယ်သည် ရေလွှမ်းမိုးဘေးမတိုင်မီက လောကကို ဆိုးသွမ်းမှုဖြင့်ပြည့်စေပြီးနောက် ယေဟောဝါသည် ၎င်းကို ဖျက်ဆီးချေမှုန်းပစ်ခဲ့သည်။ ကျွန်ုပ်တို့ခေတ်တွင်လည်း အလားတူပြုတော်မူမည်ကို ယုံကြည်စိတ်ချပါ! (ဆာလံ ၃၇:၁၀) သို့သော် ယနေ့ သတိနှင့်စောင့်နေသူများသည် မိမိတို့ကယ်လွှတ်ခံရတော့မည်ဖြစ်ကြောင်း သိထားကြသည်။

သတင်းတရား ဟောပြောနေ

၁၆၊ ၁၇။ နောဧခေတ်နှင့် ကျွန်ုပ်တို့ခေတ်၏ စတုတ္ထဆင်တူချက်ကား အဘယ်နည်း။

၁၆ မျက်မှောက်ခေတ်နှင့် ရေလွှမ်းမိုးဘေးမတိုင်မီက လောက၏ စတုတ္ထဆင်တူချက်ကို နောဧရရှိခဲ့သောတာဝန်၌ တွေ့ရသည်။ နောဧသည် သင်္ဘောကြီးတစ်စင်းကို ဆောက်လုပ်ခဲ့သည်။ သူသည် ‘ဟောပြောသူ’ တစ်ဦးလည်း ဖြစ်ခဲ့၏။ (၂ ပေတရု ၂:၅) အဘယ်သတင်းတရားကို သူဟောပြောခဲ့သနည်း။ နောဧ၏ဟောပြောခြင်းတွင် နောင်တယူကြဖို့သာမက ရောက်အံ့ဆဲဖျက်ဆီးခြင်းဘေးအကြောင်း သတိပေးစကား အမှန်ပါဝင်ခဲ့မည်။ နောဧလက်ထက်ရှိလူတို့သည် “ရေလွှမ်းမိုးခြင်းရောက်သဖြင့် လူခပ်သိမ်းတို့ကို သုတ်သင်ပယ်ရှင်းသည့်တိုင်အောင် သတိမဲ့နေကြသည်” ဟု ယေရှုမိန့်တော်မူခဲ့သည်။—မဿဲ ၂၄:၃၈၊ ၃၉။

၁၇ အလားတူပင်၊ ယေဟောဝါသက်သေများသည် မိမိတို့၏ဟောပြောခြင်းတာဝန်ကို ဝီရိယရှိရှိကျေပွန်နေကြစဉ် ဘုရားသခင့်နိုင်ငံတော်သတင်းသည် ကမ္ဘာတစ်ဝန်းကြေညာခံနေရသည်။ ကမ္ဘာ့ဒေသအများစုတွင် လူတို့သည် မိမိတို့ဘာသာစကားဖြင့် ဘုရားသခင့်နိုင်ငံတော်သတင်းကို ကြားနာ၊ ဖတ်ရှုနိုင်ကြပြီ။ ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာသော ကင်းမျှော်စင်မဂ္ဂဇင်းကို ဘာသာစကား ၁၄၀ ကျော်ဖြင့် စောင်ရေ ၂၅,၀၀၀,၀၀၀ ကျော်ထုတ်ဝေရပြီ။ ဘုရားသခင့်နိုင်ငံတော်သတင်းကောင်းကို ‘လူမျိုးအပေါင်းတို့အားသက်သေဖြစ်မည်အကြောင်း လောကနိုင်ငံအရပ်ရပ်ရှိသမျှတို့၌’ အမှန်တကယ် ဟောပြောနေပြီ။ ဘုရားသခင်ကျေနပ်သည့်အထိ ထိုလုပ်ငန်းပြီးမြောက်သောအခါ အဆုံးသည် ဧကန်မုချ ရောက်လာပါလိမ့်မည်။—မဿဲ ၂၄:၁၄။

၁၈။ ကျွန်ုပ်တို့၏ဟောပြောခြင်းလုပ်ငန်းကို လူအများတုံ့ပြန်ပုံနှင့် နောဧခေတ်မှ လူအများ၏တုံ့ပြန်ပုံကို မည်သို့နှိုင်းယှဉ်ကြည့်နိုင်သနည်း။

၁၈ ရေလွှမ်းမိုးဘေးမတိုင်မီခေတ်က ဝိညာဉ်ရေးနှင့် ကိုယ်ကျင့်တရားမရှိသောအခြေအနေကို စဉ်းစားကြည့်လျှင် နောဧ၏မိသားစုသည် မယုံနိုင်သူအိမ်နီးချင်းများ၏ ဟားတိုက်စရာနှင့် ဆဲရေးပြက်ရယ်ပြုစရာ ဖြစ်ခဲ့မည်ကို သဘောပေါက်ရန် လွယ်ကူသည်။ သို့သော် အဆုံး အမှန်တကယ်ရောက်လာခဲ့သည်။ အလားတူပင် ဤနောက်ဆုံးကာလတွင် “သရော်တတ်သောသူ” အများအပြားရှိသည်။ ‘သူခိုးကဲ့သို့ ထာဝရဘုရားသခင်၏နေ့ရက်သည် လာလိမ့်မည်’ ဟုသမ္မာကျမ်းစာကဖော်ပြသည်။ (၂ ပေတရု ၃:၃၊ ၄၊ ၁၀၊ သမ္မာ) သတ်မှတ်ထားချိန်၌ ဧကန်အမှန် ရောက်လာပါလိမ့်မည်။ နောက်ကျမည်မဟုတ်ပါ။ (ဟဗက္ကုတ် ၂:၃) သတိနှင့်စောင့်နေခြင်းသည် အမှန်ပညာရှိသည်တကား!

အနည်းငယ်သာကပ်ကျော်

၁၉၊ ၂၀။ ရေလွှမ်းမိုးဘေးနှင့် လက်ရှိအစီအစဉ်စနစ် ဖျက်ဆီးခံရခြင်းတို့အကြား အဘယ်ဆင်တူချက် ထုတ်ယူနိုင်သနည်း။

၁၉ နောဧခေတ်နှင့် ကျွန်ုပ်တို့ခေတ် ဆင်တူမှုသည် လူတို့၏ဆိုးသွမ်းမှုနှင့် သူတို့ဖျက်ဆီးခံရခြင်းတို့ဖြင့် အဆုံးသတ်မသွားပါ။ ရေလွှမ်းမိုးဘေးကိုကပ်ကျော်သူများရှိခဲ့သည်နည်းတူ လက်ရှိအစီအစဉ်စနစ်၏ဆုံးခန်းကို ကပ်ကျော်မည့်သူများရှိပါလိမ့်မည်။ ရေလွှမ်းမိုးဘေးကပ်ကျော်သူများသည် လူအများနည်းတူ မနေထိုင်ခဲ့ကြသော စိတ်နှိမ့်ချသူများဖြစ်သည်။ သူတို့သည် ဘုရားသခင့်သတိပေးချက်ကို ဂရုပြုခဲ့ကြပြီး ထိုခေတ်က ဆိုးသွမ်းသောလောကနှင့် သီးခြားနေခဲ့ကြသည်။ ‘နောဧမူကား ထာဝရဘုရားသခင်စိတ်တော်နှင့်တွေ့သောသူဖြစ်သတည်း။ နောဧသည် . . . မိမိကာလ၌ရှိသောလူတို့တွင် စုံလင်သောသူဖြစ်၏’ ဟုသမ္မာကျမ်းစာကဆိုသည်။ (ကမ္ဘာဦး ၆:၈၊ ၉၊ သမ္မာ) လူမျိုးနွယ်အားလုံးမှ မိသားစုတစ်စု “နည်းသောသူတည်းဟူသော လူရှစ်ယောက်တို့[သည်] ရေအားဖြင့်ကယ်ဆယ်” ခံခဲ့ရသည်။ (၁ ပေတရု ၃:၂၀) ထိုသူတို့ကို ယေဟောဝါဘုရားသခင်က “သင်တို့သည်များပြားစွာမွေးဖွားလျက် မြေကြီးကိုပြည့်စေကြလော့” ဟုမိန့်မှာခဲ့သည်။—ကမ္ဘာဦး ၉:၁။

၂၀ ‘လူအုပ်ကြီး’ သည် ‘ကြီးစွာသောဆင်းရဲထဲက ထွက်မြောက်’ လာလိမ့်မည်ဟု သမ္မာကျမ်းစာက အာမခံသည်။ (ဗျာ. ၇:၉၊ ၁၄) လူအုပ်ကြီးအရေအတွက် မည်မျှရှိလိမ့်မည်နည်း။ ယေရှုကိုယ်တိုင်က “အသက်ရှင်ခြင်းသို့ရောက်သော လမ်းနှင့်တံခါးသည် အလွန်ကျဉ်းမြောင်းသည်ဖြစ်၍ တွေ့ဝင်သောသူတို့သည် နည်းကြ၏” ဟုမိန့်တော်မူခဲ့သည်။ (မဿဲ ၇:၁၃၊ ၁၄) ဖြစ်လုဆဲရှိသည့် ကြီးစွာသောဆင်းရဲခြင်းကိုကပ်ကျော်မည့်သူ အရေအတွက်ကို ယခု မြေကြီးပေါ်ရှိ ဘီလီယံနှင့်ချီသောလူတို့နှင့် နှိုင်းယှဉ်ကြည့်သော် အနည်းငယ်သာရှိပါလိမ့်မည်။ သို့သော် ရေလွှမ်းမိုးဘေး ကပ်ကျော်သူများရရှိခဲ့သော အခွင့်အရေးမျိုးကို သူတို့လည်း ရရှိစရာအကြောင်းရှိသည်။ ကပ်ကျော်သူများသည် မြေကြီးဆိုင်ရာလူ့ဘောင်သစ်၏ အစိတ်အပိုင်းတစ်ခုအဖြစ် အချိန်အခိုက်အတန့် သားသမီးများယူနိုင်ပါလိမ့်မည်။—ဟေရှာယ ၆၅:၂၃။

“စောင့်နေကြလော့”

၂၁၊ ၂၂။ (က) ရေလွှမ်းမိုးဘေးမှတ်တမ်းကို ပြန်သုံးသပ်ကြည့်ခြင်းက သင့်ကို မည်သို့အကျိုးပြုသနည်း။ (ခ) ၂၀၀၄ နှစ်ချုပ်ကျမ်းချက်ကား အဘယ်နည်း၊ ၎င်းအကြံပေးချက်ကို ကျွန်ုပ်တို့ အဘယ်ကြောင့် ဂရုပြုသင့်သနည်း။

၂၁ ရေလွှမ်းမိုးဘေးသည် ကျွန်ုပ်တို့ခေတ်နှင့် အလှမ်းဝေးလွန်းပုံရှိသော်လည်း ကျွန်ုပ်တို့လျစ်လျူမရှုသင့်သော သတိပေးချက်တစ်ခုကို အထင်အရှားဖော်ပြပေးသည်။ (ရောမ ၁၅:၄) နောဧခေတ်နှင့် ကျွန်ုပ်တို့ခေတ်၏ ဆင်တူချက်များက ဖြစ်ပျက်နေသမျှ၏အဓိပ္ပာယ်ကို တိုး၍သတိမူစေပြီး လူဆိုးများကို တရားစီရင်ရန် သူခိုးကဲ့သို့ ယေရှုကြွလာမည့်အချိန်ကို နိုးနိုးကြားကြားစောင့်မျှော်စေသင့်သည်။

၂၂ ယနေ့ ယေရှုသည် အလွန်ကြီးမားသော ဝိညာဉ်ရေးဆောက်လုပ်ခြင်းလုပ်ငန်းကို ညွှန်ကြားနေပါသည်။ စစ်မှန်သောဝတ်ပြုသူများ လုံခြုံမှုရပြီး ကပ်ကျော်နိုင်ဖို့ သင်္ဘောနှင့်တူသော ဝိညာဉ်ရေးပရဒိသု ရှိပါသည်။ (၂ ကောရိန္သု ၁၂:၃၊ ၄) ကြီးစွာသောဆင်းရဲခြင်းတစ်လျှောက် ကာကွယ်စောင့်ရှောက်ခံရဖို့ ထိုပရဒိသုတွင် ကျွန်ုပ်တို့ရှိနေကြရမည်။ ဝိညာဉ်ရေးပရဒိသုနယ်ပယ်ကို စာတန့်လောကက ဝိုင်းရံထားပြီး ဝိညာဉ်ရေးဘက် ငိုက်မျဉ်းလာသူမည်သူမဆိုကို ဖျက်ဆီးဝါးမျိုဖို့အသင့်ရှိနေသည်။ ထို့ကြောင့် ကျွန်ုပ်တို့ သတိနှင့်ဆက်၍ “စောင့်နေကြ” ပြီး ယေဟောဝါ၏နေ့အတွက် ကိုယ်တိုင်အသင့်ရှိနေကြဖို့ အလွန်အရေးကြီး၏။—မဿဲ ၂၄:၄၂၊ ၄၄။

သင်မှတ်မိသလော

• ယေရှုသည် မိမိကြွလာခြင်းနှင့်ပတ်သက်၍ မည်သို့တိုက်တွန်း ခဲ့သနည်း။

• မိမိရောက်ရှိနေချိန်ကို အဘယ်အရာနှင့် ယေရှုနှိုင်းယှဉ်ခဲ့သနည်း။

• ကျွန်ုပ်တို့ခေတ်သည် နောဧလက်ထက်နှင့် အဘယ်နည်းများဖြင့် ဆင်တူသနည်း။

• နောဧခေတ်နှင့် ကျွန်ုပ်တို့ခေတ်၏ ဆင်တူချက်များကို ပြန်သုံးသပ်ခြင်းက ကျွန်ုပ်တို့၏အရေးတကြီးသဘောထားကို မည်သို့အကျိုးသက်ရောက်စေသင့်သနည်း။

[စာမျက်နှာ ၁၈ ပါ အကျဉ်းဖော်ပြချက်]

၂၀၀၄ ခုနှစ်အတွက် နှစ်ချုပ်ကျမ်းချက်သည် ဤသို့ဖြစ်မည်– “စောင့်နေကြလော့။ . . . ကိုယ်တိုင် အသင့်ရှိနေကြလော့။”—မဿဲ ၂၄:၄၂၊ ၄၄၊ သမ။

[စာမျက်နှာ ၁၅ ပါ ရုပ်ပုံ]

ဘုရားသခင့်သတိပေးချက်ကို နောဧဂရုပြုခဲ့။ ကျွန်ုပ်တို့လည်း အလားတူ တုံ့ပြန်သလော

[စာမျက်နှာ ၁၆၊ ၁၇ ပါ ရုပ်ပုံ]

“လူသားသည်ကြွလာသောအခါ နောဧလက်ထက်၌ဖြစ်သကဲ့သို့ ဖြစ်လိမ့်မည်”

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ