ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၀၅ ၈/၁၅ စာ. ၁၉-၂၄
  • ခရစ်ယာန်များ ယေဟောဝါ၏ဘုန်းတော်ကိုရောင်ပြန်ဟပ်ကြ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ခရစ်ယာန်များ ယေဟောဝါ၏ဘုန်းတော်ကိုရောင်ပြန်ဟပ်ကြ
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၅
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • လက်လွှတ်ဆုံးရှုံးခဲ့သည့် အခွင့်အရေးများ
  • သတင်းကောင်း အဘယ်ကြောင့်ဖုံးအုပ်ခံရ
  • ‘မျက်မြင်မရသောအရှင်ကို မြင်ရခြင်း’
  • ဘုရားသခင်၏ဘုန်းတော်ကို သင်ရောင်ပြန်ဟပ်မည်လော
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၅
  • ယေဟောဝါ၏နည်းလမ်းတော်များကို သိရှိလာခြင်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၅
  • ယေရှုခရစ်တော်သည် မည်သို့အားဖြင့် မောရှေကဲ့သို့သော ဖရောဖက်ဖြစ်သနည်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၁
  • မောရှေရဲ့ယုံကြည်ခြင်းကို တုပပါ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၄
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၅
က၀၅ ၈/၁၅ စာ. ၁၉-၂၄

ခရစ်ယာန်များ ယေဟောဝါ၏ဘုန်းတော်ကိုရောင်ပြန်ဟပ်ကြ

‘သင်တို့မျက်စိသည် မြင်သောကြောင့် ပျော်ရွှင်ကြ၏။ သင်တို့နားသည်လည်း ကြားသောကြောင့် ပျော်ရွှင်ကြ၏။’—မဿဲ ၁၃:၁၆။

၁။ သိနာတောင်တွင် မောရှေကို ဣသရေလလူမျိုး တုံ့ပြန်ပုံနှင့်စပ်လျဉ်း၍ အဘယ်မေးခွန်း ပေါ်ပေါက်လာသနည်း။

သိနာတောင်တွင် စုရုံးနေကြသည့် ဣသရေလလူမျိုးသည် ယေဟောဝါထံချဉ်းကပ်ရန် အမှန်ပင် အကြောင်းကောင်းရှိခဲ့၏။ ကိုယ်တော်သည် သူတို့ကို တန်ခိုးကြီးသောလက်ရုံးတော်ဖြင့် အီဂျစ်ပြည်မှ ကယ်နုတ်ခဲ့ပြီးဖြစ်သည်။ တောနက်ကြီးထဲတွင်လည်း သူတို့အား အစာရေစာနှင့် လိုအပ်သမျှကို ကိုယ်တော်ထောက်ပံ့ပေးခဲ့၏။ ထို့ပြင် သူတို့ကို ချင်းနင်းတိုက်ခိုက်သော အာမလက်စစ်တပ်အပေါ် အောင်ပွဲခံစေခဲ့၏။ (ထွက်မြောက်ရာ ၁၄:၂၆-၃၁; ၁၆:၂-၁၇:၁၃) သိနာတောင်ရှေ့ တောနက်ကြီးတွင် သူတို့စခန်းချနေကြစဉ် မိုးချုန်းသံများကြား၍ လျှပ်စီးလက်ခြင်းတို့ကို တွေ့ မြင်ကြရသဖြင့် လူတို့ ထိတ်လန့်တုန်လှုပ်နေကြ၏။ ထို့နောက် သိနာတောင်ပေါ်မှ မောရှေဆင်းလာရာ သူ၏မျက်နှာပေါ် ယေဟောဝါ၏ဘုန်းတော်ထွန်းပနေသည်ကို သူတို့ တွေ့မြင်လိုက်ကြရ၏။ ထိုအခါ အံ့ဩတကြီးဖြင့် သူ့ကိုလက်ခံကြမည့်အစား သူတို့နောက်ဆုတ် ထွက်ခွာသွားခဲ့ကြသည်။ မောရှေအနားသို့ “သူတို့သည်မချဉ်းမကပ်ဝံ့ကြ။” (ထွက်မြောက်ရာ ၁၉:၁၀-၁၉; ၃၄:၃၀) သူတို့အတွက် များစွာအကျိုးဆောင်ပေးခဲ့သည့်အရှင် ယေဟောဝါ၏ဘုန်းတော်ထွန်းပခြင်းကို သူတို့ အဘယ်ကြောင့် မကြည့်ဝံ့ကြသနည်း။

၂။ ဣသရေလလူမျိုးသည် မောရှေမျက်နှာမှ ထွန်းပနေသည့် ဘုရားသခင်၏ဘုန်းတော်ကို တွေ့ မြင်သည့်အခါ အဘယ်ကြောင့် ကြောက်ရွံ့ခဲ့ခြင်း ဖြစ်နိုင်သနည်း။

၂ ဤအချိန်တွင် ဣသရေလလူမျိုး၏ ကြောက်ရွံ့မှုသည် အစောပိုင်းက အဖြစ်အပျက်တစ်ခုအပေါ် များစွာမူတည်နေပေမည်။ သူတို့သည် ရွှေနွားရုပ်ပြုလုပ်ခြင်းဖြင့် ယေဟောဝါ၏စကားကို တမင်သက်သက် မနာခံခဲ့သောကြောင့် သူတို့ကို ကိုယ်တော် ပဲ့ပြင်ခဲ့ရ၏။ (ထွက်မြောက်ရာ ၃၂:၄၊ ၃၅) ယေဟောဝါ၏ပဲ့ပြင်မှုမှ သူတို့သင်ခန်းစာရသလော၊ ကျေးဇူးတင်ကြပါသလော။ အများစုက ကျေးဇူးမတင်ခဲ့ကြချေ။ ရွှေနွားရုပ်ပြုလုပ်ခဲ့သည့် အဖြစ်အပျက်နှင့် ဣသရေလလူမျိုး မနာခံခဲ့သည့် အခြားဖြစ်ရပ်များကို မောရှေ ကွယ်လွန်ခါနီးတွင် ပြန်ပြောပြခဲ့သည်။ သူက ထိုလူမျိုးကို ဤသို့ဆိုသည်– “သင်တို့သည် သင်တို့၏ဘုရားသခင် ထာဝရဘုရားအမိန့်တော်ကို ငြင်းဆန်ကြ၏။ ကိုယ်တော်ကိုမယုံ၊ စကားတော်ကို နားမထောင်ဘဲ နေကြ၏။ ငါသိကျွမ်းသောနေ့မှစ၍ သင်တို့သည် ထာဝရဘုရား[သခင်]ကို ပုန်ကန်လျက်နေကြပြီ။”—တရားဟောရာ ၉:၁၅-၂၄။

၃။ မိမိ၏မျက်နှာကို ဖုံးအုပ်ခြင်းနှင့်စပ်လျဉ်း၍ မောရှေအဘယ်အရာ ပြုမူခဲ့သနည်း။

၃ ဣသရေလလူမျိုး ကြောက်ရွံ့သွားသည့်အတွက် မောရှေ မည်သို့ပြုမူသည်ကို သုံးသပ်ကြည့်ပါ။ မှတ်တမ်းက ဤသို့ဆိုသည်– “မောရှေသည် သူတို့အားဟောပြော၍ပြီးလျှင် မိမိမျက်နှာကိုဖုံးအုပ်လေ၏။ ထာဝရဘုရား [သခင်] ရှေ့တော်သို့ဝင်၍လျှောက်သောအခါ မထွက်မီ မျက်နှာဖုံးကို ချွတ်လေ့ရှိ၏။ တစ်ဖန်ထွက်၍ အမိန့်တော်ကို ဣသရေလအမျိုးသားတို့အား ဆင့်ဆို၏။ သူ၏မျက်နှာအရေ ထွန်းပကြောင်းကို ဣသရေလအမျိုးသားတို့သည် မြင်ကြလျှင် တစ်ဖန် အထဲသို့ဝင်၍မလျှောက်မီ မျက်နှာကို ပြန်၍ဖုံးအုပ်တတ်၏။” (ထွက်မြောက်ရာ ၃၄:၃၃-၃၅၊ သမ္မာ) မောရှေသည် မိမိ၏မျက်နှာကို တစ်ခါတစ်ရံ အဘယ်ကြောင့် ဖုံးအုပ်ထားရသနည်း။ သို့ပြုခြင်းမှ ကျွန်ုပ်တို့ အဘယ်အရာသိရှိရသနည်း။ ဤမေးခွန်းများ၏အဖြေများက ယေဟောဝါနှင့် မိမိတို့၏နှစ်ကိုယ်ကြားဆက်ဆံရေးကို အကဲဖြတ်စေနိုင်သည်။

လက်လွှတ်ဆုံးရှုံးခဲ့သည့် အခွင့်အရေးများ

၄။ မောရှေ မျက်နှာဖုံးထားရခြင်း၏အကြောင်းကို တမန်တော်ပေါလု မည်သို့ရှင်းပြသနည်း။

၄ မောရှေ မျက်နှာဖုံးထားရခြင်းသည် ဣသရေလလူမျိုး၏ စိတ်နှလုံးအခြေအနေကြောင့်ဖြစ်ကြောင်း တမန်တော်ပေါလု ရှင်းပြခဲ့သည်။ ပေါလုက “မောရှေ၏မျက်နှာမှထွက်သော ရောင်ခြည်ကြောင့် ဣသရေလအမျိုးသားတို့သည် သူ၏မျက်နှာကို စေ့စေ့မကြည့်ရှုနိုင်သည်တိုင်အောင် . . . သူတို့စိတ်နှလုံးသည် မိုက်မဲလျက်ရှိ” ကြ၏ဟု ရေးသားခဲ့၏။ (၂ ကောရိန္သု ၃:၇၊ ၁၄) တကယ့်ကို ဝမ်းနည်းစရာကောင်းသည့် အခြေအနေပင်။ ဣသရေလလူမျိုးသည် ယေဟောဝါရွေးချယ်ထားသော လူမျိုးဖြစ်ရာ ကိုယ်တော်ထံ သူတို့ကို ချဉ်းကပ်စေလိုတော်မူ၏။ (ထွက်မြောက်ရာ ၁၉:၄-၆) သို့တိုင် သူတို့သည် ဘုရားသခင့်ဘုန်းတော် ထွန်းပနေသည်ကို စူးစိုက်မကြည့်ဝံ့ကြချေ။ ယေဟောဝါအား ချစ်မြတ်နိုး၍ စိတ်နှလုံးအပြည့်ဖြင့် ကိုယ်တော့်ထံ လှည့်လာမည့်အစား ကိုယ်တော်ထံပါးမှ ဝေးကွာသွားခဲ့ကြသည်။

၅၊ ၆။ (က) မောရှေခေတ်က ဣသရေလလူမျိုးနှင့် ပထမရာစုဂျူးများသည် မည်သို့တူညီသနည်း။ (ခ) ယေရှု၏စကားကို လိုက်နာသူနှင့် မလိုက်နာသူတို့ မည်သို့ကွာခြားသနည်း။

၅ ယင်းနှင့်စပ်လျဉ်း၍ တူညီသောအချက်တစ်ခုကို စီ.အီး. ပထမရာစု၌ တွေ့ရှိရ၏။ ပေါလုသည် ခရစ်ယာန်ဘာသာဝင်တစ်ဦး ဖြစ်လာသည့်အချိန်တွင် ပညတ်ပဋိညာဉ်အစား သာ၍ကြီးမြတ်သော မောရှေဖြစ်သူ ယေရှုခရစ် တည်ထောင်ခဲ့သည့် ပဋိညာဉ်သစ်ရှိနှင့်ပြီဖြစ်သည်။ ယေရှုသည် ယေဟောဝါ၏ဘုန်းတော် ထင်ရှားပြရာတွင် အပြောနှင့်အလုပ်ညီသည်။ ရှင်ပြန်ထမြောက်ခဲ့သည့် ယေရှုနှင့်စပ်လျဉ်း၍ ပေါလုက “ထိုသားတော်သည် ဘုရားသခင်၏ဘုန်းတော်ရောင်ခြည်နှင့် ဇာတိအဖြစ်တော်၏ ပုံသဏ္ဌာန်ဖြစ်” သည်ဟု ရေးသားခဲ့သည်။ (ဟေဗြဲ ၁:၃) ဂျူးလူမျိုးသည် တကယ်ထူးမြတ်သည့် အခွင့်အရေး ရခဲ့သည်။ ဘုရားသခင့်သားတော်ကိုယ်တိုင် ဟောပြောခဲ့သော ထာဝရအသက်နှင့်ဆိုင်သော စကားများကို သူတို့ကြားနာခဲ့ကြရ၏။ ဝမ်းနည်းစရာမှာ ယေရှုဟောပြောသည့်စကားများကို ကြားနာခဲ့သူ အများစုသည် မလိုက်နာခဲ့ကြပေ။ သူတို့နှင့်စပ်လျဉ်း၍ ဟေရှာယမှတစ်ဆင့် ယေဟောဝါ ပရောဖက်ပြုခဲ့သည့်စကားကို ယေရှု ဤသို့ကိုးကားဖော်ပြခဲ့သည်– “ဤလူမျိုးသည် မျက်စိမမြင်၊ နားမကြား၊ စိတ်နှလုံးမသိ၊ အကျင့်မပြောင်းလဲ၊ သူတို့အနာရောဂါကို ငါမငြိမ်းစေရသည်တိုင်အောင် သူတို့စိတ်နှလုံးသည်မိုက်လျက်၊ နားသည်ထိုင်းလျက်၊ ကိုယ်မျက်စိကိုပိတ်လျက်ရှိကြ၏။”—မဿဲ ၁၃:၁၅; ဟေရှာယ ၆:၉၊ ၁၀။

၆ အဆိုပါဂျူးများနှင့် ယေရှု၏တပည့်နောက်လိုက်များသည် ကွာလိုက်လေခြင်း၊ ထိုတပည့်နောက်လိုက်များနှင့်ပတ်သက်၍ ယေရှုက ‘သင်တို့မျက်စိသည် မြင်သောကြောင့် ပျော်ရွှင်ကြ၏။ သင်တို့နားသည်လည်း ကြားသောကြောင့် ပျော်ရွှင်ကြ၏’ ဟုမိန့်ဆိုခဲ့သည်။ (မဿဲ ၁၃:၁၆) စစ်မှန်သောခရစ်ယာန်များသည် ယေဟောဝါအား သိကျွမ်းလိုကြပြီး ကိုယ်တော့်အမှုတော်ကို ထမ်းဆောင်လိုကြ၏။ သမ္မာကျမ်းစာတွင် ဖော်ပြထားသည့် ကိုယ်တော်၏အလိုတော်ကို ဆောင်ရွက်ရခြင်းမှ သူတို့ပျော်ရွှင်မှုရကြ၏။ ဝိညာဉ်တော်ဖွား ခရစ်ယာန်များသည် ပဋိညာဉ်သစ်ဆိုင်ရာဓမ္မအမှုကို ဆောင်ရွက်ခြင်းဖြင့် ယေဟောဝါ၏ဘုန်းတော်ကို ရောင်ပြန်ဟပ်ကြ၏၊ အခြားသိုးမှသူတို့သည်လည်း ထပ်တူပင်ပြုကြ၏။—၂ ကောရိန္သု ၃:၆၊ ၁၈။

သတင်းကောင်း အဘယ်ကြောင့်ဖုံးအုပ်ခံရ

၇။ သတင်းကောင်းကို လူအများစု ငြင်းပယ်ကြခြင်းကား အဘယ်ကြောင့် အံ့ဩစရာမဟုတ်သနည်း။

၇ ကျွန်ုပ်တို့တွေ့ရှိခဲ့ကြသည့်အတိုင်း ယေရှုခေတ်နှင့် မောရှေခေတ်ရှိ ဣသရေလလူမျိုးအများစုသည် သူတို့အား ကမ်းလှမ်းသည့် အခွင့်ထူးကို ငြင်းပယ်ခဲ့ကြသည်။ ကျွန်ုပ်တို့ခေတ်၌လည်း အလားတူပင်။ လူအများစုသည် ကျွန်ုပ်တို့ဟောပြောကြသည့် သတင်းကောင်းကို ငြင်းပယ်ကြ၏။ ယင်းကြောင့် ကျွန်ုပ်တို့ မအံ့သြကြပါ။ ပေါလုက ‘ငါတို့ဟောပြောသော သတင်းကောင်းသည် ဖုံးအုပ်လျက်ရှိလျှင် ဆုံးရှုံးခြင်းသို့ရောက်သော သူတို့အားသာ ဖုံးအုပ်လျက်ရှိ၏’ ဟုရေးသားခဲ့သည်။ ဤလောကကိုအစိုးရသော ဘုရားသခင်သည် မယုံကြည်သောသူတို့၏ ဉာဏ်မျက်စိကို ကွယ်စေ၏။ (၂ ကောရိန္သု ၄:၃၊ ၄) သတင်းကောင်းကို စာတန် ကြိုးစားပမ်းစား ဖုံးအုပ်ထားသည့်အပြင် လူအများကလည်း မတွေ့ မြင်လိုကြသဖြင့် မိမိတို့၏မျက်နှာကို ဖုံးအုပ်ထားကြ၏။

၈။ လူအများသည် အဘယ်နည်းဖြင့် ဉာဏ်အလင်းကွယ်နေကြသနည်း၊ ထပ်တူအခြေအနေမျိုးကို မည်သို့ရှောင်ကြဉ်နိုင်သနည်း။

၈ ဘုရားသခင်ကို မသိသောကြောင့် လူအများ ဉာဏ်အလင်းကွယ်နေကြ၏။ ထိုသူတို့သည် “စိတ်နှလုံးမိုက်မဲသောအားဖြင့် အလျှင်းမသိသောကြောင့် ဘုရားသခင်၏အသက်နှင့် ကွာရှင်းလျက်ရှိကြ၏” ဟုကျမ်းစာကဆို၏။ (ဧဖက် ၄:၁၈) ခရစ်ယာန်တစ်ဦးဖြစ်မလာမီက ကျမ်းတတ်တစ်ဦးဖြစ်သူ ပေါလုသည် ဘုရားသခင်၏အသင်းတော်ကို နှိပ်စက်ညှဉ်းပန်းသည်အထိ ဉာဏ်အလင်းကွယ်နေခဲ့သည်။ (၁ ကောရိန္သု ၁၅:၉) သို့တိုင် ယေဟောဝါသည် သူ့ကို အမှန်တရား ဖော်ပြပေးခဲ့ကြောင်း ပေါလု ဤသို့ရှင်းပြသည်– ‘ထာဝရအသက်အလို့ငှာ ယုံကြည်လတ္တံ့သောသူတို့လိုက်စရာပုံသက်သေ ဖြစ်စေခြင်းငှာ အကြီးဆုံးသောအပြစ်ရှိသော ငါ၌ ယေရှုခရစ်သည် ခပ်သိမ်းသောစိတ်ရှည်ခြင်းကို ပြတော်မူမည်အကြောင်း ငါ့ကို သနားတော်မူပြီ။’ (၁ တိမောသေ ၁:၁၆) ပေါလုနည်းတူ ယခင်က ဘုရားသခင့်အမှန်တရားကို အတိုက်အခံပြုခဲ့သူများစွာသည် ယခု ကိုယ်တော်၏အမှုတော်ဆောင်များ ဖြစ်နေကြပြီ။ ယင်းကြောင့် အတိုက်အခံပြုသူတို့ကိုပင် ဆက်သက်သေခံသင့်သည်။ ဘုရားသခင့်စကားတော်ကို မှန်မှန်လေ့လာကာ ဆိုလိုရင်းကို ပိုင်းခြားသိမြင်ခြင်းအားဖြင့် ယေဟောဝါ၏မျက်နှာသာနှင့်မတွေ့သည့် ဉာဏ်အလင်းကွယ်ခြင်းအဖြစ်မျိုးမှ အကာအကွယ်ရလိမ့်မည်။

၉၊ ၁၀။ (က) ပထမရာစုဂျူးများသည် သွန်သင်ပေး၍မရ၊ အမြင်ကျဉ်းသူများဖြစ်ကြောင်း မည်သို့သိရသနည်း။ (ခ) ယနေ့ အမည်ခံခရစ်ယာန်လောကတွင် ထပ်တူအဖြစ်မျိုး တွေ့ရှိရသလော။ ရှင်းပြပါ။

၉ လူအများသည် သင်ယူလိုစိတ်မရှိ၊ အမြင်ကျဉ်းကြသည့်အတွက် ဝိညာဉ်ရေးမြင်ကွင်း မကြည်လင်နိုင်ကြပေ။ ဂျူးများစွာသည် မောရှေပညတ်ကို အသေဆုပ်ကိုင်ထားလိုကြသဖြင့် ယေရှုကိုရော ကိုယ်တော်၏သွန်သင်ချက်များကိုပါ ငြင်းပယ်ခဲ့ကြသည်။ သို့သော် ယေရှုရှင်ပြန်ထမြောက်ပြီးသည့်နောက် “ယဇ်ပုရောဟိတ်အပေါင်းတို့သည် ယုံကြည်ခြင်းတရားကို နားထောင်” ခဲ့ကြရာ ကိုယ်တော်အားလက်ခံသူများရှိပါသည်။ (တမန်တော် ၆:၇) သို့ဖြစ်လင့်ကစား ဂျူးအများစုနှင့်ပတ်သက်၍မူ ပေါလုက “ယခုတိုင်အောင်လည်း မောရှေ၏ကျမ်းစာကို ဖတ်ကြသောအခါ သူတို့စိတ်နှလုံးသည် ဖုံးအုပ်လျက်ရှိသေး၏” ဟု ရေးသားဖော်ပြခဲ့သည်။ (၂ ကောရိန္သု ၃:၁၅) ယေရှုက ဂျူးဘာသာရေးခေါင်းဆောင်များကို “ကျမ်းစာအားဖြင့် ထာဝရအသက်ကိုရမည်ဟု စိတ်ထင်နှင့် သင်တို့သည် ကျမ်းစာကို စေ့စေ့ကြည့်ရှုကြ၏။ ထိုကျမ်းစာပင် ငါ၏သက်သေဖြစ်၏” ဟုပြောဆိုခဲ့ကြောင်း ပေါလုသိထားပုံရ၏။ (ယောဟန် ၅:၃၉) သမ္မာကျမ်းစာကို သူတို့ဂရုတစိုက် ရှာဖွေလေ့လာထားသောကြောင့် ယေရှုသည် မေရှိယဖြစ်ကြောင်း သူတို့ပိုင်းခြားသိမြင်သင့်သည်။ သို့သော် ထိုဂျူးတို့သည် ကိုယ်ပိုင်အတွေးအခေါ်များ ရှိထားကြရာ အံ့ဖွယ်အမှုများပြုလုပ်သော ဘုရားသခင့်သားတော်ပင် သူတို့ကို မသွေးဆောင်နိုင်ခဲ့ပေ။

၁၀ ယနေ့ အမည်ခံခရစ်ယာန်လောကရှိ အများစုနှင့်စပ်လျဉ်း၍လည်း ထိုနည်းတူဖြစ်သည်။ ပထမရာစုဂျူးများကဲ့သို့ပင် “သူတို့သည် မှန်သောပညာမရှိသော်လည်း ဘုရားသခင်ဘက်၌ စိတ်အားကြီး” ကြ၏။ (ရောမ ၁၀:၂) ကျမ်းစာလေ့လာသူအချို့ရှိသော်လည်း ကျမ်းစာမိန့်ဆိုချက်များကိုမူ မယုံကြည်လိုကြချေ။ ယေဟောဝါသည် ဝိညာဉ်တော်ဖွား ခရစ်ယာန်များဖြစ်သည့် သစ္စာနှင့်သတိပညာရှိ ကျွန်အတန်းအစားမှတစ်ဆင့် မိမိ၏လူမျိုးကို သွန်သင်ပေးနေကြောင်း လက်မခံလိုကြပေ။ (မဿဲ ၂၄:၄၅) ကျွန်ုပ်တို့မူကား မိမိလူမျိုးကို ယေဟောဝါသွန်သင်ပေးနေကြောင်း၊ ဘုရားသခင့်အမှန်တရားကို တိုး၍တိုး၍ သိနားလည်လာနေကြောင်း သဘောပေါက်ကြသည်။ (သု. ၄:၁၈) ယေဟောဝါ၏သွန်သင်ပေးမှုကို လက်ခံခြင်းအားဖြင့် ကိုယ်တော်၏အလိုတော်နှင့် ရည်ရွယ်တော်မူချက်တို့ကို သိလာကြရ၏။

၁၁။ မိမိဖြစ်စေချင်ရာကိုသာ ယုံကြည်ခြင်းသည် အမှန်တရားကို မည်သို့ဖုံးကွယ်သွားစေသနည်း။

၁၁ အခြားသူတို့မူ မိမိတို့ဖြစ်စေချင်ရာကိုသာ ယုံကြည်၍ အလင်းကွယ်နေကြ၏။ လူတချို့သည် ဘုရားသခင့်လူမျိုးနှင့် ယေရှုရောက်ရှိနေခြင်းအကြောင်း ကြွေးကြော်ချက်ကို ပြက်ရယ်ပြုကြမည်ဟု ကြိုဟောထား၏။ ဘုရားသခင်သည် နောဧခေတ်ကလူတို့ကို ရေလွှမ်းမိုးခြင်းဖြင့် ဖျက်ဆီးခဲ့ကြောင်း “ထိုသူတို့သည် မှတ်မိချင်သောစိတ်မရှိ” ဟုတမန်တော်ပေတရု ရေးသားခဲ့သည်။ (၂ ပေတရု ၃:၃-၆) အလားတူ အမည်ခံခရစ်ယာန်များစွာက ယေဟောဝါသည် သနားကြင်နာ၍ ခွင့်လွှတ်တော်မူကြောင်း မဆိုင်းမတွ အသိအမှတ်ပြုကြသော်လည်း ကိုယ်တော်အပြစ်ဒဏ်ပေးသည်ကိုမူ လက်မခံလိုကြချေ။ (ထွက်မြောက်ရာ ၃၄:၆၊ ၇) စစ်မှန်သောခရစ်ယာန်များကမူ သမ္မာကျမ်းစာ၏သွန်သင်ချက်အမှန်ကို နားလည်သဘောပေါက်ဖို့ ဂရုစိုက်ကြသည်။

၁၂။ ထုံးတမ်းစဉ်လာကြောင့် လူအများ မည်သို့အလင်းကွယ်ခဲ့ကြပြီနည်း။

၁၂ ချာ့ချ်တက်သူအများစုသည် ထုံးတမ်းစဉ်လာကို ဦးစားထားသည့်အတွက် အလင်းကွယ်နေကြ၏။ ယေရှုခေတ်ရှိ ဘာသာရေးခေါင်းဆောင်များကို ကိုယ်တော်က “သင်တို့သည် အဆက်ဆက်ခံသော နည်းဥပဒေသအားဖြင့် ဘုရားသခင်၏ပညတ်တော်ကို ပယ်ကြ၏” ဟုမိန့်ဆိုခဲ့သည်။ (မဿဲ ၁၅:၆) ဂျူးများသည် ဗာဗုလုန်ပြည်တွင် နယ်နှင်ခံရသည့်အဖြစ်မှ ပြန်လာပြီးနောက် စစ်မှန်သောဝတ်ပြုရေးကို အားတက်သရော ပြန်ထူထောင်ခဲ့ကြသော်လည်း ယဇ်ပုရောဟိတ်များကိုယ်တိုင်မူ မာနထောင်လွှားလာခဲ့ကြ၏။ ဘာသာရေးပွဲတော်များသည် အခမ်းအနားဆန်လွန်းလာပြီး ဘုရားသခင်ကို လေးမြတ်မှုမရှိတော့ချေ။ (မာလခိ ၁:၆-၈) ယေရှုခေတ်ရောက်လေသော် ကျမ်းတတ်နှင့် ဖာရိရှဲများသည် မောရှေပညတ်တွင် အခြားမရေမတွက်နိုင်သည့် ထုံးတမ်းစဉ်လာများကို ထပ်ဖြည့်စွက်ခဲ့ကြ၏။ ထိုသူတို့သည် ဖြောင့်မတ်သောမူများအပေါ် အခြေပြုထားသည့် ပညတ်တရားကို မျက်ခြည်ပြတ်သွားကြသဖြင့် သူတို့ကို အရေခြုံများဟု ယေရှုဖော်ထုတ်ခဲ့သည်။ (မဿဲ ၂၃:၂၃၊ ၂၄) စစ်မှန်သောခရစ်ယာန်များသည် လူတို့ဖန်တီးထားသည့် ဘာသာရေးထုံးတမ်းစဉ်လာများကြောင့် စစ်မှန်သောဝတ်ပြုရေးမှ လမ်းလွဲမသွားဖို့ ဂရုစိုက်ကြရမည်။

‘မျက်မြင်မရသောအရှင်ကို မြင်ရခြင်း’

၁၃။ ဘုရားသခင့်ဘုန်းတော်ကို အဘယ်နည်းနှစ်နည်းဖြင့် မောရှေမြင်ခဲ့သနည်း။

၁၃ မောရှေသည် တောင်ပေါ်တွင် ယေဟောဝါ၏ဘုန်းတော်ကို တွေ့ ခွင့်တောင်းခဲ့ရာ နောက်ဆွယ်ဘုန်းတော်ကို သူမြင်ခဲ့ရ၏။ ဝတ်ပြုရာတဲတော်ထဲ ဝင်သွားသည့်အခါ သူ၏မျက်နှာကို ဖုံးအုပ်မထားချေ။ မောရှေသည် ဘုရားသခင့်အလိုတော်ကို ထမ်းဆောင်လိုသည့် ယုံကြည်ခြင်းအပြည့်ရှိသူတစ်ဦး ဖြစ်သည်။ ယေဟောဝါ၏ဘုန်းတော်ကို စိတ်အာရုံတွင် သူတွေ့ ခွင့်ရခဲ့သော်လည်း သူသည် ယုံကြည်ခြင်းမျက်စိဖြင့် ဘုရားသခင်အား မြင်ခဲ့ပြီးဖြစ်သည်။ မောရှေသည် ‘မျက်မြင်မရသောအရှင်ကို မြင်ရဘိသကဲ့သို့ တည်ကြည်ခြင်းရှိ၏’ ဟုကျမ်းစာကဆို၏။ (ဟေဗြဲ ၁၁:၂၇; ထွက်မြောက်ရာ ၃၄:၅-၇) ဘုရားသခင့်ဘုန်းတော်ကို သူ၏မျက်နှာမှ အခိုက်အတန့်ထွန်းပသည့် ရောင်ခြည်များဖြင့်သာမက ဣသရေလလူမျိုးများ ယေဟောဝါအားသိရှိ၍ ဝတ်ပြုကိုးကွယ်စေရန် ကြိုးပမ်းခြင်းဖြင့် ရောင်ပြန်ဟပ်ခဲ့သည်။

၁၄။ ယေရှုသည် ဘုရားသခင်၏ဘုန်းတော်ကို မည်သို့တွေ့ မြင်ခဲ့သနည်း၊ အဘယ်အရာကို ကိုယ်တော် အထူးနှစ်ခြိုက်ခဲ့သနည်း။

၁၄ ကောင်းကင်တွင် ယေရှုရှိစဉ် စကြဝဠာမဖန်ဆင်းမီကတည်းကပင် ဘုရားသခင့်ဘုန်းတော်ကို ကာလကြာမြင့်စွာ ကိုယ်တော်မြင်ခဲ့၏။ (သု. ၈:၂၂၊ ၃၀) ထိုကာလတစ်လျှောက် ယေဟောဝါဘုရားသခင်နှင့် ယေရှုတို့သည် အချင်းချင်း အလွန်ချစ်ခင်တွယ်တာခဲ့ကြသည်။ ယေဟောဝါဘုရားသခင်သည် သတ္တဝါအပေါင်းတို့တွင် ဤသားဦးကို အလွန်ချစ်မြတ်နိုးကြောင်း ဖော်ပြခဲ့၏။ ယေရှုသည်လည်း မိမိ၏အသက်ပေးပိုင်ရှင်အား အလွန်ချစ်မြတ်နိုးကြောင်း တုံ့ပြန်ခဲ့သည်။ (ယောဟန် ၁၄:၃၁; ၁၇:၂၄) ၎င်းတို့၏ချစ်ခြင်းမေတ္တာသည် ပြည့်ဝစုံလင်သောမေတ္တာဖြစ်၏။ မောရှေနည်းတူ ယေရှုသည်လည်း မိမိသွန်သင်ပေးခဲ့ရာများတွင် ယေဟောဝါ၏ဘုန်းတော်ရောင်ပြန်ဟပ်ခြင်းကို အထူးနှစ်ခြိုက်တော်မူ၏။

၁၅။ ခရစ်ယာန်များသည် ဘုရားသခင်၏ဘုန်းတော်ကို အဘယ်နည်းဖြင့် စေ့စေ့စဉ်းစားဆင်ခြင်ကြသနည်း။

၁၅ မောရှေနှင့် ယေရှုတို့ကဲ့သို့ပင် ဘုရားသခင်၏မျက်မှောက်ခေတ် သက်သေခံများသည် ယေဟောဝါ၏ဘုန်းတော်ကို စေ့စေ့စဉ်းစားဆင်ခြင်လိုကြ၏။ ဘုန်းအသရေနှင့်ပြည့်ဝသည့် သတင်းကောင်းကို သူတို့မငြင်းပယ်ကြချေ။ တမန်တော်ပေါလုက အလိုတော်ထမ်းဆောင်ခြင်းငှာ ယေဟောဝါထံတော်သို့ “ပြောင်းလဲသောအခါ ထိုဖုံးအုပ်ခြင်းအကြောင်းကို ပယ်ရှင်းလိမ့်မည်” ဟုရေးသားခဲ့သည်။ (၂ ကောရိန္သု ၃:၁၆) ဘုရားသခင့်အလိုတော်ကို ကျွန်ုပ်တို့ထမ်းဆောင်လိုသည့်အတွက် သမ္မာကျမ်းစာကို လေ့လာကြ၏။ ယေဟောဝါ၏သားတော် ခန့်အပ်ခံဘုရင် ယေရှုခရစ်၏မျက်နှာတော်မှ ထွန်းပသောဘုန်းတော်ကို ကျွန်ုပ်တို့ ကြည်ညိုလေးမြတ်ကြသောကြောင့် ကိုယ်တော်၏ပုံသက်သေကို အတုယူကြ၏။ မောရှေနှင့် ယေရှုတို့ကဲ့သို့ပင် ကျွန်ုပ်တို့သည် သူတစ်ပါးအား ကျွန်ုပ်တို့ဝတ်ပြုကိုးကွယ်ကြသည့် ဘုန်းအသရေနှင့်ပြည့်စုံတော်မူသော ဘုရားသခင်အကြောင်း သွန်သင်ပေးခွင့်ရထား၏။

၁၆။ အမှန်တရားကို သိရှိထားခြင်းက ကျွန်ုပ်တို့အတွက် အဘယ်ကြောင့် ကောင်းချီးဖြစ်ရသနည်း။

၁၆ ယေရှုက “အဘ၊ ကိုယ်တော်သည် ပညာအလိမ္မာနှင့် ပြည့်စုံသောသူတို့အား ဤအရာများကို ထိမ်ဝှက်ထားလျက် သူငယ်တို့အား ဖော်ပြတော်မူသည်ဖြစ်၍ ကျေးဇူးတော်ကို အကျွန်ုပ်ချီးမွမ်းပါ၏” ဟုဆုတောင်းခဲ့သည်။ (မဿဲ ၁၁:၂၅) ယေဟောဝါသည် စိတ်ရင်းမှန်ပြီး နှိမ့်ချသူတို့အား မိမိ၏ရည်ရွယ်တော်မူချက်များနှင့် ကိုယ်ရည်ကိုယ်သွေးတော်တို့ကို သိနားလည်စေတော်မူ၏။ (၁ ကောရိန္သု ၁:၂၆-၂၈) ကိုယ်တော်၏ကာကွယ်စောင့်ရှောက်မှုကို ကျွန်ုပ်တို့ရရှိထားကြပြီ၊ ထို့ပြင် ကျွန်ုပ်တို့ အသက်ရှင်ရကျိုးနပ်စေရန် သွန်သင်ပေးတော်မူ၏။ ယေဟောဝါနှင့်တရင်းတနှီးရှိလာရန် ကိုယ်တော်စီမံပေးထားသမျှ အစီအစဉ်ကို တန်ဖိုးထားလျက် ကိုယ်တော်ထံ ချဉ်းကပ်ကြစို့လေ။

၁၇။ ကျွန်ုပ်တို့သည် ယေဟောဝါ၏အရည်အသွေးတော်များကို မည်သို့အပြည့်အဝ သိရှိလာရသနည်း။

၁၇ ဝိညာဉ်တော်ဖွား ခရစ်ယာန်များထံ ပေါလုက “ငါတို့ရှိသမျှသည် မျက်နှာဖုံးကိုဖွင့်လျက် မှန်ကိုကြည့်သကဲ့သို့ သခင်ဘုရား၏ဘုန်းအသရေတော်ကို ကြည့်မြင်၍ . . . ငါတို့သည် ဘုန်းအသရေတိုးပွား၍ ပုံသဏ္ဌာန်တော်နှင့်အညီ ပြောင်းလဲခြင်းရှိရကြ၏” ဟုရေးသားခဲ့သည်။ (၂ ကောရိန္သု ၃:၁၈) ကျွန်ုပ်တို့သည် ကောင်းကင်တွင်ဖြစ်စေ၊ မြေကြီးပေါ်တွင်ဖြစ်စေ အသက်ရှင်ရန် မျှော်လင့်သူများဖြစ်ကြစေကာမူ သမ္မာကျမ်းစာတွင် ဖော်ပြထားသည့် ယေဟောဝါ၏အရည်အသွေးများနှင့် ကိုယ်ရည်ကိုယ်သွေးကို ပိုမိုသိကျွမ်းလာလေ ကိုယ်တော်နှင့် တူလာလေဖြစ်မည်။ ယေရှုခရစ်၏ဘဝအသက်တာ၊ အမှုတော်ဆောင်ရွက်ခဲ့ပုံနှင့် သွန်သင်ချက်များကို ကျွန်ုပ်တို့လေးမြတ်ကြမည်ဆိုလျှင် ယေဟောဝါ၏အရည်အသွေးများကို အပြည့်အဝရောင်ပြန်ဟပ်ကြလိမ့်မည်။ ဘုရားသခင်၏ဘုန်းတော်ကို ရောင်ပြန်ဟပ်ရန် အားထုတ်သည့် ကျွန်ုပ်တို့သည် ကိုယ်တော့်ကို ချီးမွမ်းနိုင်ကြကြောင်း သိရှိရခြင်းသည် အမှန်တကယ် ရွှင်လန်းအားရစရာပင်။

သင်မှတ်မိသလော

• ဣသရေလလူတို့သည် မောရှေရောင်ပြန်ဟပ်ခဲ့သည့် ဘုရားသခင့်ဘုန်းတော်ကို အဘယ်ကြောင့် မရှုစားဝံ့ကြသနည်း။

• ပထမရာစုတွင် သတင်းကောင်းသည် အဘယ်နည်းများဖြင့် “ဖုံးအုပ်” ခံရသနည်း။ ကျွန်ုပ်တို့ခေတ်တွင်ကော။

• ဘုရားသခင့်ဘုန်းတော်ကို ကျွန်ုပ်တို့ မည်သို့ရောင်ပြန်ဟပ်ကြသနည်း။

[စာမျက်နှာ ၁၉ ပါ ရုပ်ပုံ]

ဣသရေလလူတို့သည် မောရှေ၏မျက်နှာကို စူးစိုက်၍မကြည့်နိုင်ကြ

[စာမျက်နှာ ၂၁ ပါ ရုပ်ပုံများ]

ပေါလုကဲ့သို့ပင် တစ်ချိန်တစ်ခါက ဘုရားသခင့်အမှန်တရားကို အတိုက်အခံပြုခဲ့သူများစွာသည် ယခု ကိုယ်တော်၏အမှုတော်ထမ်းနေကြ

[စာမျက်နှာ ၂၃ ပါ ရုပ်ပုံများ]

ယေဟောဝါ၏ကျေးကျွန်များသည် ဘုရားသခင်၏ဘုန်းတော်ကို ရောင်ပြန်ဟပ်လိုကြ

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ