ကောင်းကင်တမန်များကား မည်သူတို့နည်း
အင်အားကြီး အင်ပါယာ၏ဘုရင်သည် မိမိမျက်စိကိုပင် မယုံနိုင်အောင်ဖြစ်ခဲ့ရသည်။ မီးပြင်းဖိုထဲချကာ သေဒဏ်ပေးခံရသော လူသုံးယောက်သည် သေခြင်းနှုတ်ခမ်းဝမှ ကယ်တင်ခံခဲ့ရ၏! သူတို့ကို မည်သူကယ်တင်ခဲ့သနည်း။ ‘မိမိကိုယုံကြည်ကိုးစားသော ကျွန်တော်ရင်းတို့ရှိရာသို့ ကောင်းကင်တမန်ကိုစေလွှတ်၍ ကယ်တင်တော်မူသော [သင်] တို့၏ဘုရားသခင်သည် မင်္ဂလာရှိတော်မူစေသတည်း’ ဟုဘုရင်ကိုယ်တိုင်က ကယ်တင်ခံခဲ့ရသူသုံးဦးအား ဆိုခဲ့သည်။ (ဒံယေလ ၃:၂၈) လွန်ခဲ့သောနှစ်ပေါင်းနှစ်ထောင်ကျော်က အသက်ရှင်ခဲ့သော ဤဗာဗုလုန်ဘုရင်သည် ကောင်းကင်တမန်၏ ကယ်တင်မှုကို မျက်မြင်ကိုယ်တွေ့ဖြစ်ခဲ့သည်။ အတိတ်ကာလမှ သန်းနှင့်ချီသောသူများသည် ကောင်းကင်တမန်များကို ယုံကြည်ခဲ့ကြသည်။ ယနေ့ လူများစွာတို့သည် ကောင်းကင်တမန်များရှိကြောင်းသာမက သူတို့၏ အသက်တာကို တစ်နည်းနည်းဖြင့် အကျိုးပြုကြောင်း ယုံကြည်ကြသည်။ ကောင်းကင်တမန်များကား မည်သူတို့နည်း။ သူတို့၏ မူလအစကားအဘယ်နည်း။
ဘုရားသခင်ကိုယ်တိုင် ဝိညာဉ်ဖြစ်တော်မူသကဲ့သို့ ကောင်းကင်တမန်များလည်း ဝိညာဉ်များဖြစ်သည်ဟု သမ္မာကျမ်းစာကဆိုသည်။ (ဟေဗြဲ ၁:၁၄; ယောဟန် ၄:၂၄) ကောင်းကင်တမန်မိသားစုကြီးမှာ ကြီးမားလှပြီး ကုဋေသင်္ချေမကရှိသည်။ (ဗျာ. ၅:၁၁) သူတို့အားလုံး “တန်ခိုးကြီး” ကြသည်။ (ဆာလံ ၁၀၃:၂၀) သူတို့တွင် လူသားများကဲ့သို့သော အရည်အသွေးများရှိပြီး လွတ်လပ်စွာရွေးချယ်ပိုင်ခွင့်များရှိသော်လည်း သူတို့၏မူလအစမှာ လူသားများနှင့်မတူချေ။ အမှန်အားဖြင့် ဘုရားသခင်သည် လူသားများကို မဖန်ဆင်းမီ၊ ဤကမ္ဘာမြေကြီးကိုပင် မဖန်ဆင်းမီ ကြာမြင့်စွာကပင် ကောင်းကင်တမန်များကို ဖန်ဆင်းတော်မူခဲ့သည်။ ဘုရားသခင်သည် ‘မြေကြီးအမြစ်ကို တည်သောအခါ နံနက်ကြယ် [ကောင်းကင်တမန်များ] တို့သည် တညီတညွတ်တည်းသီချင်းဆို၍ ဘုရားသခင်သားအပေါင်းတို့သည် ဝမ်းမြောက်သဖြင့် ကြွေးကြော်ကြ’ သည်ဟု သမ္မာကျမ်းစာကဆိုသည်။ (ယောဘ ၃၈:၄၊ ၇) ကောင်းကင်တမန်များကို ဘုရားသခင် ဖန်ဆင်းတော်မူခဲ့သောကြောင့် သူတို့ကို ဘုရားသခင့်သားများဟုခေါ်သည်။
သူတို့ကို အဘယ်ရည်ရွယ်ချက်အတွက် ဘုရားသခင် ဖန်ဆင်းခဲ့သနည်း။ ကောင်းကင်တမန်များသည် လူ့သမိုင်းတွင် အဘယ်ကဏ္ဍမှ ပါဝင်ဆောင်ရွက်ခဲ့ကြသနည်း။ ယနေ့ ကျွန်ုပ်တို့၏အသက်တာကို သူတို့ အကျိုးပြုနေကြပါသလော။ သူတို့တွင် လွတ်လပ်စွာရွေးချယ်ခွင့်ရှိသောကြောင့် စာတန်၏လမ်းစဉ်နောက်လိုက်ပြီး မိမိတို့ကိုယ်ကို ဘုရားသခင့်ရန်သူဖြစ်စေခဲ့သူများ ရှိသလော။ ဤမေးခွန်းများ၏ မှန်ကန်သောအဖြေများကို သမ္မာကျမ်းစာတွင်ဖြေဆိုပေးထားပါသည်။