ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၀၆ ၆/၁၅ စာ. ၁၆-၁၈
  • “ထိုစပျစ်နွယ်ပင်ကို အကြည့်အရှုကြွလာတော်မူပါ”

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • “ထိုစပျစ်နွယ်ပင်ကို အကြည့်အရှုကြွလာတော်မူပါ”
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၆
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ‘စပျစ်ပင်နှင့်ပြည့်စုံသောပြည်’
  • ဣသရေလ စပျစ်နွယ်ပင်
  • “မှန်သောစပျစ်နွယ်ပင်”
  • “များစွာသော အသီးကိုသီး” နေလော့
  • စပျစ်ကိုင်းတွေအသီးသီးခြင်း၊ ယေရှုရဲ့မိတ်ဆွေဖြစ်ခြင်း
    ယေရှု—လမ်းခရီး၊ အမှန်တရား၊ အသက်
  • “များစွာသောအသီးကိုသီး” နေလော့
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၇
  • သစ္စာမဲ့သော စပျစ်ဥယျာဉ်သည် အမင်္ဂလာရှိ၏!
    ဟေရှာယ ပရောဖက်ပြုချက်—လူခပ်သိမ်းအတွက် အလင်း ၁
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၆
က၀၆ ၆/၁၅ စာ. ၁၆-၁၈

“ထိုစပျစ်နွယ်ပင်ကို အကြည့်အရှုကြွလာတော်မူပါ”

သူလျှို ၁၂ ဦးသည် ကတိထားရာပြည်၏ နယ်မြေများကို သွားရောက်စူးစမ်းခဲ့ကြသည်။ ထိုပြည်သားများအကြောင်း စုံစမ်းရန်နှင့် ပြည်ထွက်ကုန်အချို့ကိုပါ ယူခဲ့ရန် သူတို့ကို မောရှေ မှာကြားသည်။ အထူးသဖြင့် အဘယ်ထွက်ကုန်က သူတို့စိတ်အာရုံကို ဖမ်းစားခဲ့သနည်း။ ဟေဗြုန်မြို့နှင့်မနီးမဝေးအရပ်တွင် စပျစ်သီးအလုံးကြီးများသီးနေသော စပျစ်ခြံတစ်ခြံကို သူတို့တွေ့ခဲ့ကြသည်။ စပျစ်ခိုင်တစ်ခိုင်ကို သူလျှိုနှစ်ဦးထမ်းရသည့်အထိပင်ဖြစ်သည်။ သူလျှိုများသည် အလွန်သဘောကျသွားရာ ထိုဖြစ်ထွန်းသောနေရာကို “ဧရှကောလချိုင့်” သို့မဟုတ် “စပျစ်သီးပြွတ်” ဟုအမည်ပေးခဲ့သည်။—တောလည်ရာ ၁၃:၂၁-၂၄။

၁၉ ရာစုအတွင်း ပါလက်စတိုင်းသို့ လည်ပတ်ခဲ့သူတစ်ဦး ဤသို့ဖော်ပြသည်– “ဧရှကောလ သို့မဟုတ် စပျစ်သီးချိုင့်သည် . . . ယနေ့တိုင် စပျစ်နွယ်ပင်များဖြင့် ဖုံးလွှမ်းနေပြီး စပျစ်သီးများမှာလည်း ပါလက်စတိုင်းတွင် အကောင်းဆုံးနှင့် အကြီးဆုံးဖြစ်သည်။” ဧရှကောလမှ စပျစ်သီးများသည် အကောင်းဆုံးဖြစ်သော်လည်း ကျမ်းစာခေတ်ရှိ ပါလက်စတိုင်း၏ ဒေသအများစုတွင်လည်း စပျစ်သီးကောင်းများ ထွက်ရှိသည်။ အီဂျစ်မှတ်တမ်းများအရ ဖာရောဘုရင်များသည် ခါနာန်ပြည်မှ ဝိုင်များကို တင်သွင်းကြသည်။

သမ္မာကျမ်းစာ၏ သဘာဝသမိုင်းစာအုပ်က “[ပါလက်စတိုင်း] ၏ ကျောက်ထူထပ်သော တောင်တန်းများတွင် ကျောက်အနည်းငယ်နှင့်သဲ ရောနေသောမြေဆီရှိခြင်း၊ နေရောင်ခြည် တိုက်ရိုက်ရရှိခြင်း၊ နွေရာသီ အပူချိန်နှင့် ဆောင်းမိုးများ လျင်မြန်စွာစီးဆင်းသွားခြင်းတို့ကြောင့် စပျစ်ပင်စိုက်ပျိုးရန် အကောင်းဆုံးဒေသဖြစ်သည်” ဟုဖော်ပြသည်။ ဟေရှာယက မြေဆီလွှာကောင်းသော အချို့ဒေသများတွင် စပျစ်နွယ်ပင်တစ်ထောင်အထိရှိကြောင်း ဖော်ပြထားသည်။—ဟေရှာယ ၇:၂၃။

‘စပျစ်ပင်နှင့်ပြည့်စုံသောပြည်’

ဣသရေလလူမျိုးသည် “စပျစ်ပင်၊ သင်္ဘောသဖန်းပင်၊ သလဲပင်နှင့်ပြည့်စုံသောပြည်” ကို အမွေခံရမည်ဖြစ်ကြောင်း မောရှေပြောခဲ့သည်။ (တရားဟောရာ ၈:၈) သမ္မာကျမ်းစာအပင်များဆိုင်ရာ ဘေကာစွယ်စုံကျမ်းအရ “ပြန်လည်တူးဖော်ခဲ့သော မြေနေရာအများစုတွင် စပျစ်စေ့များကို တွေ့ရှိခဲ့သည့်အထိ ရှေးခေတ်ပါလက်စတိုင်းတွင် စပျစ်ပင် အလွန်ပေါများသည်။” ကတိထားရာပြည်မှ စပျစ်ပင်များသည် အလွန်ဖြစ်ထွန်းရာ နေဗုခဒ်နေဇာ၏တပ်များ ယုဒပြည်ကိုဖျက်ဆီးသည့် ဘီစီ ၆၀၇ ခုနှစ်အတွင်း၌ပင် ထိုပြည်တွင် ကျန်ခဲ့သူများသည် “များစွာသောစပျစ်ရည်နှင့် နွေကာလအသီးကို” သိမ်းယူခဲ့ကြသည်။—ယေရမိ ၄၀:၁၂; ၅၂:၁၆။

ဣသရေလဥယျာဉ်ရှင်များသည် ဝိုင်များစွာထုတ်လုပ်နိုင်ရန် သူတို့၏စပျစ်ခြံများကို ကောင်းစွာဂရုစိုက်စောင့်ရှောက်ကြသည်။ ဟေရှာယကျမ်းစောင်တွင် ဣသရေလဥယျာဉ်စောင့်တစ်ဦးသည် “အကောင်းဆုံးသောစပျစ်နွယ်ပင်တို့ကို” မစိုက်မီ တောင်စောင်းရှိမြေနေရာကို ထွန်ယက်ပုံနှင့် ကျောက်ခဲများရှင်းလင်းပုံတို့ကို ဖော်ပြထားသည်။ ထို့နောက် သူသည် တူးထုတ်လိုက်သောကျောက်တုံးများဖြင့် ကျောက်တံတိုင်းတစ်ခု ဆောက်ပေမည်။ ယင်းတံတိုင်းသည် စပျစ်ခြံအတွင်းကျွဲနွားအုပ်များ ဝင်ရောက်ဖျက်ဆီးခြင်းအပြင် မြေခွေးများ၊ တောဝက်များနှင့် သူခိုးများ၏ရန်မှလည်း အကာအကွယ်ဖြစ်စေမည်။ သူသည် စပျစ်သီးနယ်ရာကျင်းတစ်ခုတူးပြီး စပျစ်ပင်များ အထူးအကာအကွယ်လိုအပ်သည့် စပျစ်သီးဆွတ်ခူးချိန်အတွင်း နားနေနိုင်သည့် အေးမြသောနားနေဆောင်အဖြစ် လင့်စင်ငယ်တစ်ခုကိုလည်း ဆောက်ခဲ့ပေမည်။ ယင်းတို့အားလုံးပြုလုပ်ပြီးနောက် အကောင်းဆုံး စပျစ်သီးများကို ဆွတ်ခူးရန် သူမျှော်လင့်ပေမည်။—ဟေရှာယ ၅:၁၊ ၂။a

စပျစ်သီးအထွက်တိုးရန် ဥယျာဉ်ရှင်များသည် စပျစ်ပင်ကို မှန်မှန်ကိုင်းဖြတ်ပေးပြီး ပေါင်းသင်ပေးကာ မြေဆွပေးသည်။ နွေဦးမိုးကြောင့် စိုစွတ်မှုအလုံအလောက်မရရှိပါက နွေကာလအတွင်း စပျစ်ခြံကို ရေလောင်းပေးမည်။—ဟေရှာယ ၅:၆; ၁၈:၅;  ၂၇:၂-၄။

စပျစ်သီးဆွတ်ခူးချိန်ဖြစ်သည့် နွေရာသီအကုန်ပိုင်းသည် အလွန်ပျော်ရွှင်ဖွယ်အခါသမယပင်။ (ဟေရှာယ ၁၆:၁၀) ထို့ကြောင့် ဆာလံကျမ်းအခန်းကြီးသုံးခုတွင် “ဂိတ္တစ်” ဟူသောစကားစုပါသည့် ခေါင်းစီးကိုတွေ့ရသည်။ (ဆာလံ ၈; ဆာလံ ၈၁ နှင့် ဆာလံ ၈၄၊ ကဘ) အဓိပ္ပာယ်အသေအချာမသိရသော အဆိုပါဂီတအသုံးအနှုန်းကို စက်ပ်တွားဂျင့်ကျမ်းတွင် “စပျစ်သီးနယ်ရာကျင်းများ” ဟုပြန်ဆိုထားပြီး ဣသရေလလူများသည် စပျစ်သီးဆွတ်ခူးချိန်တွင် ဤဆာလံသီချင်းများကို သီဆိုခဲ့ဖွယ်ရှိကြောင်း ယင်းက ဖော်ပြသည်။ စပျစ်သီးများကို အဓိကအားဖြင့် ဝိုင်လုပ်ရန်ဖြစ်သော်လည်း ဣသရေလလူများသည် လတ်ဆတ်သောစပျစ်သီးများကိုစားကြသည့်အပြင် အခြောက်လှန်းကာ မုန့်အဖြစ်လည်း လုပ်စားခဲ့ကြပေမည်။—၁ ဓမ္မရာဇဝင် ၂၅:၁၈; ၂ ဓမ္မရာဇဝင် ၁၆:၁။

ဣသရေလ စပျစ်နွယ်ပင်

သမ္မာကျမ်းစာတွင် ဘုရားသခင့်လူမျိုးတော်ကို စပျစ်နွယ်ပင်အဖြစ် မကြာခဏဖော်ပြပြီး ဣသရေလလူမျိုးအတွက် စပျစ်ပင်၏ အရေးပါပုံကိုထောက်လျှင် ယင်းသည် သင့်တော်သော ဥပစာဖြစ်သည်။ ဆာလံကျမ်း အခန်းကြီး ၈၀ တွင် အာသသည် ဣသရေလလူမျိုးကို ခါနာန်ပြည်တွင် ယေဟောဝါစိုက်ပျိုးခဲ့သော စပျစ်ပင်အဖြစ် ပုံခိုင်းခဲ့သည်။ စပျစ်ပင်ဖြစ်သည့် ဣသရေလလူများသည် ထိုပြည်တွင် အမြစ်တွယ်ပြီး ကြီးထွားလာနိုင်ရန် မြေကိုရှင်းလင်းခဲ့သည်။ သို့သော် နှစ်များကုန်လွန်သွားသည်နှင့် ယင်း၏ အကာအကွယ်ပေးသည့်တံတိုင်းများ ပြိုလဲကုန်သည်။ လူမျိုးတော်သည် ယေဟောဝါကို မကိုးစားတော့သောကြောင့် သူတို့ကို ကိုယ်တော် မကာကွယ်ပေးတော့ချေ။ စပျစ်ဥယျာဉ်ကို ဝင်ရောက်ဖျက်ဆီးသည့် တောဝက်ကဲ့သို့သော ရန်သူနိုင်ငံများသည် ဣသရေလလူများ၏  ပစ္စည်းဥစ္စာများကို လုယူသိမ်းပိုက်ခဲ့ကြသည်။ ဣသရေလလူများ၏ ယခင်ကရှိ ခဲ့သော ဂုဏ်ကျက်သရေ ပြန်ရရန် ယေဟောဝါ ကူညီပေးပါဟု အာသဆုတောင်းခဲ့သည်။ “ထိုစပျစ်နွယ်ပင်ကို အကြည့်အရှုကြွလာတော်မူပါ” ဟု သူအသနားခံခဲ့သည်။—ဆာလံ ၈၀:၈-၁၅။

ဟေရှာယသည် “ဣသရေလအမျိုးသားတို့” ကို “တောသီး” များသာသီးသော စပျစ်ဥယျာဉ်နှင့်ခိုင်းနှိုင်းခဲ့သည်။ (ဟေရှာယ ၅:၂၊ ၇၊ သမ္မာ) တောသီးများသည် စိုက်ပျိုးသည့်စပျစ်သီးထက် အလွန်သေးငယ်ပြီး အစေ့များ၍ အသားနည်းသည်။ တောသီးများကို စား၍လည်းမရ၊ ဝိုင်လုပ်၍လည်းမရပေ။ ထို့ကြောင့် ယင်းသည် ဖြောင့်မတ်မှုအသီးအစား မတရားမှုအသီးများသာ သီးပွင့်သော ဖောက်ပြန်သည့်လူမျိုးအတွက် ဆီလျော်သောပုံခိုင်းချက်ဖြစ်သည်။ ဤအသုံးမဝင်သောအသီးသီးခြင်းမှာ စပျစ်ဥယျာဉ်စိုက်ပျိုးသူ၏အမှားကြောင့်မဟုတ်ပါ။ လူမျိုးတော် သီးပွင့်နိုင်ရန် ယေဟောဝါပြုလုပ်ပေးနိုင်သည့်အရာအားလုံးကို ပြုလုပ်ပေးတော်မူခဲ့သည်။ “ငါ့စပျစ်ဥယျာဉ်၌ ငါကျေးဇူးပြုနိုင်လျက် မပြုသေးသောအရာ တစ်စုံတစ်ခုရှိသလော” ဟုကိုယ်တော်မေးခဲ့သည်။—ဟေရှာယ ၅:၄။

ဣသရေလ စပျစ်နွယ်ပင်သည် အသီးမသီးသောကြောင့် ယေဟောဝါသည် လူမျိုးတော်ပတ်လည်၌ ကာရံထားသောတံတိုင်းကို ဖျက်ဆီးပစ်မည်ဟု သူတို့ကို သတိပေးခဲ့သည်။ ကိုယ်တော်၏ ပုံဆောင်စပျစ်နွယ်ပင်ကို မည်သည့်အခါမျှ အကိုင်းဖြတ်ခြင်း သို့မဟုတ် ပေါင်းသင်ခြင်း ပြုလုပ်ပေးတော့မည်မဟုတ်ပါ။ အသီးများမှီခိုအားထားသော နွေဦးမိုးလည်း ရွာတော့မည်မဟုတ်၊ စပျစ်ခြံတစ်ခွင် ဆူးပင်များနှင့် ပေါင်းပင်များသာ လွှမ်းခြုံနေပေတော့မည်။—ဟေရှာယ ၅:၅၊ ၆။

ဣသရေလလူမျိုး၏ ဖောက်ပြန်မှုကြောင့် ပကတိစပျစ်ခြံများပင် ညှိုးနွမ်းပျက်စီးမည်အကြောင်း မောရှေ ကြိုပြောခဲ့သည်။ “စပျစ်ဥယျာဉ်တို့ကိုစိုက်၍ပြုစုသော်လည်း ပိုးများကိုက်စားသောကြောင့် ကိုယ်တိုင်စပျစ်သီးကို မဆွတ်ရ။ စပျစ်ရည်ကိုလည်း မသောက်ရ။” (တရားဟောရာ ၂၈:၃၉) ပိုးကောင်တစ်ကောင်သည် ပင်စည်အတွင်းဝင်ရောက်ပြီး အတွင်းကိုလှိုက်စားလိုက်ပါက စပျစ်နွယ်ပင်တစ်ပင်သည် ရက်အနည်းငယ်အတွင်း သေသွားနိုင်သည်။—ဟေရှာယ ၂၄:၇။

“မှန်သောစပျစ်နွယ်ပင်”

ဇာတိဣသရေလလူများကို  စပျစ်နွယ်ပင်နှင့် ယေဟောဝါ ခိုင်းနှိုင်းသကဲ့သို့ ယေရှုလည်း အလားတူခိုင်းနှိုင်းခဲ့သည်။ ယေရှုသည် နောက်ဆုံးညစာစားပွဲတွင် တပည့်များအား “ငါသည် မှန်သောစပျစ်နွယ်ပင်ဖြစ်၏။ ငါ့ခမည်းတော်သည်လည်း ဥယျာဉ်စောင့်ဖြစ်တော်မူ၏” ဟုမိန့်တော်မူခဲ့သည်။ (ယောဟန် ၁၅:၁) ယေရှုသည် တပည့်တော်များကို စပျစ်ပင်အခက်များနှင့် ခိုင်းနှိုင်းခဲ့သည်။ ပကတိစပျစ်ပင်အခက်များသည် သန်မာအားကောင်းနေရန် အဓိကပင်စည်ကို မှီခိုရသည့်နည်းတူ ခရစ်တော်၏တပည့်များသည်လည်း ကိုယ်တော်၌တည်နေရမည်။ “ငါနှင့်ကွာလျှင်သင်တို့သည် အဘယ်အမှုကိုမျှ မတတ်နိုင်ကြ” ဟု ယေရှုဆိုခဲ့သည်။ (ယောဟန် ၁၅:၅) ဥယျာဉ်ရှင်များသည် စပျစ်သီးဆွတ်ခူးရရန် စပျစ်ခြံစိုက်ပျိုးကြသကဲ့သို့ ယေဟောဝါသည် မိမိလူမျိုးတော်ထံမှ ဝိညာဉ်ရေးအသီးများသီးပွင့်ရန် မျှော်လင့်တော်မူသည်။ ယင်းအသီးများသီးပွင့်ခြင်းက စပျစ်ဥယျာဉ်ရှင်ဘုရားသခင်၏ အလိုတော်နှင့်တွေ့ပြီး ဘုန်းထင်ရှားစေသည်။—ယောဟန် ၁၅:၈။

ပကတိစပျစ်ပင်တစ်ပင် အသီးသီးခြင်းမှာ ပေါင်းသင်ပေးခြင်းနှင့် ကိုင်းဖြတ်ပေးခြင်းပေါ် မူတည်ပြီး ထိုဖြစ်စဉ်နှစ်ခုလုံးကို ယေရှု ရည်ညွှန်းခဲ့သည်။ ဥယျာဉ်စောင့်တစ်ဦးသည် အသီးအများဆုံးရရှိရန် တစ်နှစ်လျှင်နှစ်ကြိမ် ကိုင်းဖြတ်ပေးပေမည်၊ ဆောင်းရာသီအတွင်း အကိုင်းအခက်များစွာကို ဖြတ်ပေးရပေမည်။ ဥယျာဉ်ရှင်သည် ယခင်နှစ်မှအခက်အများစုကို ခုတ်ပစ်သည်။ ပင်စည်မှ ပင်မအခက်သုံးလေးခက်ကို ချန်ထားပေမည်။ ယင်းအခက်များတွင် အတက်တစ်တက်နှစ်တက်ရှိသည်။ ယခင်နှစ်မှ အတက်များနည်းတူ ထိုအတက်လေးများသည် လာမည့်နွေရာသီအတွင်း အသီးသီးသော အကိုင်းအခက်များဖြစ်လာပေမည်။ ဥယျာဉ်စောင့်သည် ဖြတ်ထားသောအကိုင်းများကို နောက်ဆုံး၌ မီးရှို့ပစ်လိုက်သည်။

ထိုအကိုင်းဖြတ်ခြင်းအကြောင်း ယေရှုဤသို့ဖော်ပြသည်– “ငါ၌မတည်သောသူသည် သွေ့ခြောက်သောအခက်ကဲ့သို့ ပြင်သို့ပစ်လိုက်ခြင်းကိုခံရ၏။ ထိုသို့သောအခက်များကို လူတို့သည် စုသိမ်း၍ မီးထဲသို့ချလိုက်ကြသဖြင့် မီးလောင်ခြင်းသို့ရောက်ကြ၏။” (ယောဟန် ၁၅:၆) စပျစ်ပင်တွင် အကိုင်းအခက်များ မရှိတော့သလောက်ဖြစ်သော်လည်း နွေဦးရာသီတွင် အကိုင်းများကို ထပ်မံရွေးချယ်ဖြတ်ခြင်း ပြုလုပ်ကြသည်။

“ငါ၌အသီးမသီးသောအခက်ရှိသမျှတို့ကို ခုတ်ပစ်တော်မူ၏” ဟုယေရှုဆိုသည်။ (ယောဟန် ၁၅:၂) ယင်းသည် ကိုင်းအသစ်များ အတန်အရာထွက်ပြီး စပျစ်သီးခိုင်သေးသေးများသီးပြီးနောက်ပိုင်း အကိုင်းဖြတ်ခြင်းကို ရည်ညွှန်းခြင်းဖြစ်ပုံရသည်။ ဥယျာဉ်စောင့်သည် မည်သည့်အကိုင်းက အသီးသီးပြီး မည်သည့်အကိုင်းက မသီးကြောင်း အသေအချာစစ်ဆေးကြည့်သည်။ အသီးမသီးသောအခက်တို့ကိုချန်ထားပါက ပင်စည်မှ အာဟာရနှင့်ရေကို စုပ်ယူနေဆဲဖြစ်ပေမည်။ ထို့ကြောင့် ဥယျာဉ်ရှင်သည် အသီး,သီးသောအခက်များသာ ပင်စည်မှ အာဟာရ,ရစေရန် ထိုအသီးမသီးသောအခက်များကို ဖြတ်ပစ်သည်။

ယေရှုသည် နောက်ဆုံး သုတ်သင်ရှင်းလင်းသည့်ဖြစ်စဉ်အကြောင်း ပြောခဲ့သည်။ “အသီးသီးသောအခက်ရှိသမျှတို့ကို သာ၍သီးစေခြင်းငှာ သုတ်သင်ရှင်းလင်းတော်မူ၏” ဟုကိုယ်တော်ရှင်းပြသည်။ (ယောဟန် ၁၅:၂) အသီးမသီးသောအခက်များကို ဖြတ်ပြီးသည်နှင့် ဥယျာဉ်စောင့်သည် အသီး,သီးသောအခက်တစ်ခက်စီကို အသေအချာစစ်ဆေးကြည့်သည်။ အသီးသီးသောအခက်၏အောက်ခြေနားတွင် ဖယ်ရှားဖို့လိုသည့် အတက်အသစ်လေးများကို သူတွေ့သည်။ ယင်းအတိုင်းဆက်ထားလိုက်ပါက စပျစ်သီးကို အဓိကစိုစွတ်စေသည့် အပင်ရည်များကို သူတို့က စုပ်ယူပစ်ပေမည်။ ထို့အတူ စပျစ်သီးငယ်များ နေရောင်ခြည်ကောင်းစွာရရှိစေရန် အရွက်ကြီးအချို့ကိုလည်း ဖြတ်ပစ်ဖို့လိုပေမည်။ ယင်းတို့အားလုံးသည် အသီးသီးသောအခက်များ အပြွတ်လိုက်သီးစေရန် လိုအပ်သောအဆင့်များဖြစ်သည်။

“များစွာသော အသီးကိုသီး” နေလော့

“မှန်သောစပျစ်နွယ်ပင်” ၏ပုံဆောင်အခက်များသည် ဘိသိက်ခံခရစ်ယာန်များကို ပုံဆောင်သော်လည်း “အခြားသိုး” များလည်း မိမိတို့ကိုယ်ကို ခရစ်တော်၏ အသီး,သီးသောတပည့်များအဖြစ် သက်သေထူရမည်။ (ယောဟန် ၁၀:၁၆) သူတို့လည်း “များစွာသောအသီးကို” သီးနိုင်ပြီး ကောင်းကင်ခမည်းတော်၏ဘုန်းတော်ကို ထင်ရှားစေနိုင်သည်။ (ယောဟန် ၁၅:၅၊ ၈) ယေရှု၏ မှန်သောစပျစ်နွယ်ပင်ပုံဥပမာက ကယ်တင်ခြင်းရရေးသည် ခရစ်တော်၌ ကျွန်ုပ်တို့တည်နေခြင်းနှင့် ဝိညာဉ်ရေးအသီးကောင်းများ သီးပွင့်နေခြင်းအပေါ်မူတည်ကြောင်း ကျွန်ုပ်တို့ကို သတိပေးသည်။ ယေရှုက “ငါသည် ငါ့ခမည်းတော်၏ ပညတ်တို့ကိုစောင့်ရှောက်၍ ခမည်းတော်၏မေတ္တာ၌တည်နေသကဲ့သို့ သင်တို့သည် ငါ့ပညတ်တို့ကိုစောင့်ရှောက်လျှင် ငါ့မေတ္တာ၌တည်နေကြလိမ့်မည်” ဟုဆိုခဲ့သည်။—ယောဟန် ၁၅:၁၀။

ဇာခရိလက်ထက်၌ သစ္စာရှိဣသရေလအကြွင်းအကျန်ကို ဘုရားသခင် ဤသို့ကတိပေးခဲ့သည်– “မျိုးစေ့ကို ငြိမ်ဝပ်စွာကြဲရလိမ့်မည်။ စပျစ်ပင်သည် အသီးကိုလည်းကောင်း၊ မြေသည် မိမိစီးပွားကိုလည်းကောင်း . . . ပေးရလိမ့်မည်။” (ဇာခရိ ၈:၁၂) ခရစ်တော်၏ အနှစ်တစ်ထောင်အုပ်ချုပ်မှုအတွင်း ဘုရားသခင့်လူမျိုးတော်ခံစားရမည့် ငြိမ်သက်ခြင်းကို ဖော်ပြရန်လည်း စပျစ်နွယ်ပင်ကို အသုံးပြုသည်။ မိက္ခာ ဤသို့ပရောဖက်ပြုခဲ့သည်– ‘လူအပေါင်းတို့သည် ကိုယ်ပိုင်သော စပျစ်ပင်၊ ကိုယ်ပိုင်သောသင်္ဘောသဖန်းပင်အောက်မှာ ထိုင်ကြလိမ့်မည်။ ကြောက်စေသောသူ တစ်ယောက်မျှမရှိရ။ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားသခင်၏ နှုတ်တော်ထွက်အမိန့်တော်ရှိ၏။’—မိက္ခာ ၄:၄။

[အောက်ခြေမှတ်ချက်]

a ဂျူဒေးယကားစွယ်စုံကျမ်းအရ ဣသရေလဥယျာဉ်ရှင်များသည် ဟေရှာယ ၅:၂ တွင် ဖော်ပြထားသော စပျစ်ပင်မျိုးဖြစ်ပုံရသည့် စောရက်ဟုသိထားသော ခရမ်းရင့်ရောင်စပျစ်သီးများသီးသည့် စပျစ်ပင်မျိုးကို ပိုနှစ်သက်ကြသည်။ ထိုစပျစ်သီးများဖြင့် အနီရောင်ဝိုင်ချိုကို ထုတ်လုပ်သည်။

[စာမျက်နှာ ၁၈ ပါ ရုပ်ပုံ]

မကြာသေးမီကညှိုးနွမ်းသွားသောစပျစ်နွယ်ပင်

[စာမျက်နှာ ၁၈ ပါ ရုပ်ပုံ]

ဆောင်းရာသီကိုင်းဖြတ်ခြင်း

[စာမျက်နှာ ၁၈ ပါ ရုပ်ပုံ]

ဖြတ်ပစ်လိုက်သောအခက်များကိုမီးရှို့ခြင်း

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ