ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၀၆ ၇/၁၅ စာ. ၂၉-၃၁
  • စာရှုသူများထံမှ မေးခွန်းလွှာ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • စာရှုသူများထံမှ မေးခွန်းလွှာ
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၆
  • ဆင်တူတဲ့ အကြောင်းအရာ
  • စာရှုသူများထံမှ မေးခွန်းလွှာ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၂
  • “ဘုရားသခင်ကိုကြောက်ရွံ့၍ သန့်ရှင်းခြင်း” ကို မီအောင်လိုက်ကြလော့
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၈
  • ညစ်ညမ်း ရုပ်ပုံစာပေတွေအကြောင်း သမ္မာကျမ်းစာက ဘာပြောသလဲ
    ကျမ်းစာမေးခွန်းများရဲ့ အဖြေ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၆
က၀၆ ၇/၁၅ စာ. ၂၉-၃၁

စာရှုသူများထံမှ မေးခွန်းလွှာ

လူတစ်ဦးကို မတရားမေထုန် သို့မဟုတ် အကျင့်လျော့ရဲခြင်းအတွက် ခရစ်ယာန်အသင်းတော်မှ နှင်ထုတ်နိုင်သကဲ့သို့ ညစ်ညမ်းမှုတွင် ပါဝင်ခြင်းအတွက် နှင်ထုတ်နိုင်သလော။

နှင်ထုတ်နိုင်ပါသည်။ လူတစ်ဦးသည် မတရားမေထုန်၊ ညစ်ညမ်းမှုပုံစံအချို့ သို့မဟုတ် အကျင့်လျော့ရဲမှုတို့မှ တစ်ခုခုကို နောင်တမယူဘဲပြုကျင့်နေပါက သူ့ကို အသင်းတော်မှ နှင်ထုတ်နိုင်ပါသည်။ တမန်တော်ပေါလုက ဤအပြစ်သုံးခုစလုံးကို အခြားနှင်ထုတ်နိုင်သော ပြစ်မှုများနှင့်အတူတွဲ၍ ဤသို့ရေးသားဖော်ပြသည်– “ဇာတိပကတိအကျင့်တို့သည် ထင်ရှားကြ၏။ ထိုအကျင့်တို့မူကား၊ . . . မတရားသောမေထုန်၌မှီဝဲခြင်း၊ ညစ်ညူးစွာကျင့်ခြင်း၊ ကိလေသာလွန်ကျူးခြင်း [“အကျင့်လျော့ရဲခြင်း၊” ကဘ]၊ . . . ပေတည်း။ ထိုသို့သောအကျင့်ကို ကျင့်သောသူတို့သည် ဘုရားသခင်၏နိုင်ငံတော်ကို အမွေမခံရကြဟု . . . ငါပြောနှင့်၏။”—ဂလာတိ ၅:၁၉-၂၁။

မတရားမေထုန် (ဂရိ၊ ပေါ်နီယာ) သည် ကျမ်းစာနှင့်အညီပြုသော အိမ်ထောင်မင်္ဂလာပြင်ပရှိ တရားမဝင် လိင်ဆက်ဆံမှုများနှင့်သက်ဆိုင်၏။ ယင်းတွင် သူ့သားအိမ်ရာပြစ်မှားခြင်း၊ ပြည့်တန်ဆာလုပ်ခြင်း၊ လက်မထပ်ထားသူများစပ်ကြား လိင်ဆက်ဆံမှုများအပြင် ပါးစပ်၊ စအိုဝဖြင့် လိင်ဆက်ဆံခြင်း၊ လက်မထပ်ထားသူတစ်ဦး၏ အင်္ဂါဇာတ်ကို လိင်စိတ်ဖြင့်ကိုင်တွယ်ခြင်းတို့ပါဝင်သည်။ မတရားမေထုန်ကို နောင်တမယူဘဲ ပြုကျင့်နေသူတစ်ဦးသည် ခရစ်ယာန်အသင်းသားဖြစ်၍မရချေ။

အကျင့်လျော့ရဲခြင်း (ဂရိ၊ အစဲလ်ဂီယာ) သည် “ရမ္မက်ကြီးခြင်း၊ အကျင့်ယိုယွင်းခြင်း၊ အရှက်ကင်းမဲ့စွာကျင့်ခြင်း၊ ညစ်ညူးစွာကျင့်ခြင်း” ဟူ၍ အဓိပ္ပာယ်ရှိ၏။ သေယာ၏ ဂရိအင်္ဂလိပ်အဘိဓာန်သစ် (New Thayer’s Greek English Lexicon) က ၎င်းဂရိအသုံးအနှုန်းကို “လိင်စိတ်ပြင်းထန်ခြင်း၊ . . . မဖွယ်မရာပြုခြင်း၊ အရှက်မရှိခြင်း၊ ပမာမခန့်ပြုခြင်း” ဟူ၍ အနက်ဖွင့်ဆိုသည်။ အဘိဓာန်နောက်တစ်ခု၏အဆိုအရ အကျင့်လျော့ရဲခြင်းသည် “လူမှုရေးအရ လက်ခံထားသောအရာများ၏ ဘောင်အားလုံးကို ချိုးဖောက်” သည့် အမူအကျင့်ပုံစံတစ်ခုဖြစ်၏။

အထက်ပါအဓိပ္ပာယ်ဖွင့်ဆိုချက်များက ဖော်ပြသည့်အတိုင်း “အကျင့်လျော့ရဲခြင်း” တွင် အရာနှစ်ခုပါဝင်သည်– (၁) အကျင့်ကိုယ်နှိုက်သည် ဘုရားသခင်၏ပညတ်များကို ကြီးမားစွာချိုးဖောက်ခြင်းဖြစ်သည်၊ (၂) အမှားပြုသူ၏သဘောထားသည် လေးစားမှုမရှိ၊ ပမာမခန့်ပြုသည့်သဘောဖြစ်သည်။

ထို့ကြောင့် “အကျင့်လျော့ရဲခြင်း” သည် အသေးအမွှားအကျင့်ဆိုးတစ်ခုကို ရည်ညွှန်းနေခြင်းမဟုတ်ပေ။ ယင်းသည် ဘုရားသခင့်ပညတ်များကို ကြီးမားစွာချိုးဖောက်သည့်လုပ်ရပ်များ၊ အခွင့်အာဏာ၊ ဥပဒေနှင့် စံနှုန်းတို့ကို လေးစားမှုမရှိ သို့မဟုတ် ဂရုပင်မစိုက် ကြောင်းဖော်ပြသည့် အရှက်မရှိ မျက်နှာပြောင်တိုက်သော သို့မဟုတ် ပမာမခန့် အတင့်ရဲသောသဘောထားကို ထင်ဟပ်စေသည့်လုပ်ရပ်များနှင့် သက်ဆိုင်သည်။ ပေါလုက အကျင့်လျော့ရဲခြင်းကို တရားမဝင် လိင်ဆက်ဆံခြင်းနှင့် ဆက်စပ်ထားသည်။ (ရောမ ၁၃:၁၃၊ ၁၄) ဂလာတိ ၅:၁၉-၂၁ (ကဘ) တွင် ဘုရားသခင့်နိုင်ငံတော်ကို အမွေခံရန် အရည်အချင်းမပြည့်မီစေမည့် အပြစ်ရှိသောအကျင့်များစွာတွင် အကျင့်လျော့ရဲခြင်းကို ဖော်ပြထားရာ ယင်းသည် ဆုံးမပဲ့ပြင်မှုနှင့် ခရစ်ယာန်အသင်းတော်မှ နှင်ထုတ်နိုင်ရန်အတွက် အခြေခံအကြောင်းရင်းဖြစ်၏။

ညစ်ညမ်းမှု (ဂရိ၊ အကာသာစီယာ) သည် “မတရားမေထုန်၊” “ညစ်ညမ်းမှု” နှင့် “အကျင့်လျော့ရဲမှု” ဟူ၍ ပြန်ဆိုထားသော အသုံးအနှုန်းသုံးခုတွင် အကျယ်ပြန့်ဆုံးအသုံးအနှုန်းဖြစ်၏။ ယင်းတွင် လိင်ကိစ္စ၊ အပြောအဆို၊ လုပ်ရပ်၊ ဝိညာဉ်ရေးဆက်ဆံမှုများနှင့်ဆိုင်သော မည်သည့်မသန့်ရှင်းမှုမျိုးမဆို ပါဝင်သည်။ “ညစ်ညမ်းမှု” တွင် ကြီးလေးသောအပြစ်များပါဝင်မှု ကျယ်ပြန့်၏။

၂ ကောရိန္သု ၁၂:၂၁ တွင် ပေါလုသည် “အထက်ကပြစ်မှား၍ ညစ်ညူးစွာကျင့်ခြင်း၊ မတရားသောမေထုန်၌မှီဝဲခြင်း၊ ကိလေသာလွန်ကျူးခြင်း [“အကျင့်လျော့ရဲခြင်း၊” ကဘ] အမှုတို့ကို ပြုမိ၍၊ ယခုတိုင်အောင် နောင်တမရသောသူ” များအကြောင်း ဖော်ပြသည်။ ‘ညစ်ညမ်းမှု’ ကို ‘မတရားမေထုန်၊ အကျင့်လျော့ရဲမှု’ တို့နှင့်အတူ ဖော်ပြထားရာ အချို့သောညစ်ညမ်းမှုပုံစံများကို တရားရေးအရ အရေးယူခြင်းသည် ကျိုးကြောင်းဆီလျော်၏။ သို့သော် ညစ်ညမ်းမှုဟူသည် တရားရေးသဘောသဘာဝနှင့် မဆိုင်သောအရာများပါဝင်သည့် ကျယ်ပြန့်သောအသုံးအနှုန်းတစ်ခုဖြစ်၏။ အိမ်တစ်လုံးသည် အတော်အတန်ညစ်ပတ်နေမည် သို့မဟုတ် လုံးလုံးညစ်ပတ်နေမည်ဖြစ်သကဲ့သို့ ညစ်ညမ်းမှုနှင့်ပတ်သက်၍လည်း အတိုင်းအတာရှိသည်။

ဧဖက် ၄:၁၉ (ကဘ) တွင် ပေါလုသည် “အကျင့်သိက္ခာဆိုင်ရာအာရုံအားလုံးပြီး” ကာ “ညစ်ညမ်းမှုအမျိုးမျိုးကို အာသာငမ်းငမ်းတက် ကျင့်ရန်အတွက် မိမိတို့ကိုယ်ကို အကျင့်လျော့ရဲခြင်းလက်သို့အပ်ခဲ့” ကြသူတချို့အကြောင်း ဖော်ပြခဲ့သည်။ ထို့ကြောင့် ပေါလုသည် ‘အာသာငမ်းငမ်းတက်ကျင့်သည့် ညစ်ညမ်းမှု’ ကို အကျင့်လျော့ရဲခြင်းနှင့် တစ်တန်းတစ်စားတည်းထားသည်။ နှစ်ခြင်းခံပြီးသူတစ်ဦးသည် နောင်တမယူဘဲ ‘ညစ်ညမ်းမှုကို အာသာငမ်းငမ်းတက်’ ကျင့်နေမည်ဆိုလျှင် သူ့အား အလွန်အကျွံညစ်ညမ်းမှုဆိုင်ရာ အကြောင်းရင်းဖြင့် အသင်းတော်မှ နှင်ထုတ်နိုင်သည်။

စေ့စပ်ထားသောစုံတွဲတစ်တွဲသည် ရာဂစိတ်နှိုးကြွစေသည့် အကြီးအကျယ်နမ်းရှုပ်ပွတ်သပ်ခြင်းကို စိတ်အလိုလိုက်၍ အကြိမ်ကြိမ် ပြုခဲ့ကြသည်ဆိုပါစို့။ ဤစုံတွဲသည် အကျင့်လျော့ရဲခြင်းလက္ခဏာဖြစ်သည့် အရှက်မရှိ မျက်နှာပြောင်တိုက်သောသဘော မပြသော်လည်း သူတို့၏အကျင့်တွင် အာသာငမ်းငမ်းတက်သည့်အတိုင်းအတာ အတော်အတန်ရှိသည်ဟု အကြီးအကဲများက ဆုံးဖြတ်ကြပေမည်။ ထို့ကြောင့် အကြီးအကဲများသည် အလွန်အကျွံညစ်ညမ်းမှု ပါဝင်ပတ်သက်နေသောကြောင့် တရားရေးအရ အရေးယူပေမည်။ လူတစ်ဦးသည် အခြားသူတစ်ဦးနှင့် တယ်လီဖုန်းဖြင့် လိင်အကြောင်း ကွက်ကွက်ကွင်းကွင်းပြောဆို မှုများ အကြိမ်ကြိမ်ပြုလုပ်သူနှင့်ပတ်သက်၍ အမှုကိုင်တွယ်ရာတွင် အလွန်အကျွံညစ်ညမ်းမှုသည်လည်း သင့်လျော်သည့်အကြောင်းရင်းဖြစ်ပေမည်၊ အထူးသဖြင့် ယင်းကိစ္စနှင့်ပတ်သက်၍ ယခင်က သတိပေးဆုံးမမှု ခံရပြီးဖြစ်လျှင်ဖြစ်သည်။

ထိုသို့သောစီရင်ချက်များချရာတွင် အကြီးအကဲများဘက်မှ ပိုင်းခြားသိမြင်မှု ရှိဖို့လို၏။ အကြီးအကဲများသည် တရားရေးအရ အရေးယူသင့်၊ မသင့်ဆုံးဖြတ်သည့်အခါ ဖြစ်ပျက်ခဲ့သည့်အရာနှင့် ဖြစ်ပျက်ခဲ့သည့်အတိုင်းအတာတို့ကို သေသေချာချာ ကြည့်ရှုသုံးသပ်ရမည်။ ယင်းက ကျမ်းစာဆိုင်ရာအကြံဉာဏ်ကို လက်မခံရုံမျှနှင့် တစ်စုံတစ်ဦးအား အကျင့်လျော့ရဲသည်ဟု စွဲချက်တင်ခြင်းကို မဆိုလိုပါ။ တရားရေးအရ အရေးယူဖို့မလိုမီ လူတစ်ဦးသည် အပြစ်ရှိသည့်လုပ်ရပ်တစ်စုံတစ်ရာကို အကြိမ်မည်မျှ ကျူးလွန်နိုင်ကြောင်း သင်္ချာနည်းဖြင့် တွက်ချက်ဆုံးဖြတ်သည့်ကိစ္စလည်း မဟုတ်ပါ။ အကြီးအကဲများသည် အခြေအနေတစ်ခုစီကို အသေအချာ ဆုတောင်းချင့်ချိန်ကာ ဖြစ်ပျက်ပုံ၊ အကြိမ်ပေါင်း၊ မှားယွင်းမှု၏အမျိုးအစားနှင့် အတိုင်းအတာ၊ အမှားပြုသူ၏ ရည်ရွယ်ချက်နှင့် သဘောထားတို့ကို သိရှိရန်ပြုသင့်သည်။

အလွန်အကျွံညစ်ညမ်းမှုတွင် လိင်ဆိုင်ရာအပြစ်များထက်မက ပါဝင်၏။ ဥပမာ၊ နှစ်ခြင်းခံပြီးသည့် ယောက်ျားကလေးတစ်ဦးသည် အချိန်တိုအတွင်း စီးကရက်များအနည်းအကျဉ်းသောက်ကာ ယင်းကို သူ၏မိဘများထံ ဝန်ခံပေမည်။ သူသည် နောက်ထပ်မသောက်ရန် စိတ်ပိုင်းဖြတ်သည်။ ယင်းသည် ညစ်ညမ်းမှုဖြစ်သော်လည်း အလွန်အကျွံညစ်ညမ်းမှု သို့မဟုတ် ‘အာသာငမ်းငမ်းတက်ကျင့်သည့် ညစ်ညမ်းမှု’ အဆင့်အထိ မရောက်ခဲ့ပေ။ ယင်းသည် သူ၏မိဘများထောက်မမှုနှင့်အတူ အကြီးအကဲတစ်ဦးနှစ်ဦးထံမှ ကျမ်းစာဆိုင်ရာအကြံဉာဏ်နှင့် လုံလောက်သင့်သည်။ သို့သော် ထိုယောက်ျားကလေးသည် ဆေးလိပ်ကို မကြာခဏသောက်သူဖြစ်လျှင် ယင်းသည် ကိုယ်ခန္ဓာကို တမင်သက်သက် ညစ်ညမ်းစေခြင်းဖြစ်ရာ အလွန်အကျွံညစ်ညမ်းမှုဆိုင်ရာ ဤကိစ္စကို သုံးသပ်ရန် တရားရေးကော်မတီဖွဲ့မည်ဖြစ်သည်။ (၂ ကောရိန္သု ၇:၁) ဤလူငယ်သည် နောင်တမရပါက သူကို့ နှင်ထုတ်မည်ဖြစ်သည်။

ခရစ်ယာန်အချို့သည် အပြာစာပေရုပ်ရှင်စသည်များကြည့်ရှုခြင်းတွင် ပါဝင်ပတ်သက်လာကြသည်။ ယင်းကို ဘုရားသခင်ရွံမုန်းကာ ယုံကြည်သူချင်းတစ်ဦး ယင်းသို့ကြည့်သည်ကို အကြီးအကဲများ ထိတ်လန့်ကြပေမည်။ သို့သော် အပြာစာပေရုပ်ရှင်စသည် ကြည့်ရှုမှုမှန်သမျှသည် တရားရေးကော်မတီရှေ့ ကြားနာဖို့မလိုပေ။ ဥပမာ၊ ညီအစ်ကိုတစ်ဦးသည် အလယ်အလတ်တန်းစား (soft-core) ဟုခေါ်သော အပြာစာပေရုပ်ရှင်စသည်ကို အကြိမ်ကြိမ်ကြည့်ခဲ့သည်ဆိုပါစို့။ သူသည် ရှက်ပြီး အကြီးအကဲတစ်ဦးထံ ဝန်ခံကာ ဤအပြစ်ကို နောက်ထပ်မပြုရန် စိတ်ပိုင်းဖြတ်ခဲ့သည်။ ဤညီအစ်ကို၏အကျင့်သည် ‘အာသာငမ်းငမ်းတက်ကျင့်သည့် ညစ်ညမ်းမှု’ တွင် ပါဝင်သည့်အဆင့်အထိ မရောက်ကြောင်း အကြီးအကဲက ကောက်ချက်ချပေမည်။ သူ့တွင် အကျင့်လျော့ရဲခြင်းလက္ခဏာပြသည့် အရှက်မရှိ မျက်နှာပြောင်တိုက်သော သဘောထားလည်း မတွေ့ရပေ။ တရားရေးအရ အရေးယူဖို့ လိုမည်မဟုတ်သော်လည်း ဤညစ်ညမ်းမှုမျိုးသည် ခိုင်မာသော ကျမ်းစာဆိုင်ရာ အကြံဉာဏ်ပေးဖို့လိုမည်ဖြစ်ပြီး အကြီးအကဲများက ဆက်၍ကူညီပေးရန် လိုကောင်းလိုပေမည်။

သို့သော် ခရစ်ယာန်တစ်ဦးသည် လိင်ဆိုင်ရာယုတ်ညံ့သည့် စက်ဆုပ်ဖွယ် အပြာစာပေရုပ်ရှင်စသည်ကို နှစ်ပေါင်းများစွာ လျှို့ဝှက်ကြည့်ရှုကာ သူ၏အပြစ်ကို အတတ်နိုင်ဆုံး ကြိုးစားဖုံးကွယ်ခဲ့သည်ဆိုပါစို့။ ထိုသို့သောအပြာစာပေရုပ်ရှင်စသည်တွင် အဖွဲ့လိုက်မုဒိမ်းကျင့်ခြင်း၊ တုပ်နှောင်သံဝါသပြုခြင်း၊ နှိပ်စက်၍ သာယာမှုရယူခြင်း၊ အမျိုးသမီးများအပေါ် ရက်ရက်စက်စက်ပြုကျင့်ခြင်း သို့မဟုတ် ကလေးအပြာရုပ်ပုံတို့ကိုပင် အသားပေးတင်ဆက်ထားပေမည်။ အခြားသူများက သူ၏အကျင့်ကို သိရှိလာသည့်အခါ သူအလွန်ရှက်သည်။ သူသည် အရှက်မရှိ မျက်နှာပြောင်တိုက်ခြင်း မဟုတ်သော်လည်း ဤညစ်ညမ်းသောအကျင့်သို့ ‘သူ့ကိုယ်ကိုအပ်လိုက်’ ပြီး အလွန်အကျွံညစ်ညမ်းမှုဖြစ်သည့် ‘ညစ်ညမ်းမှုကို အာသာငမ်းငမ်းတက်’ ကျင့်ခဲ့သည်ဟု အကြီးအကဲများက ဆုံးဖြတ်ကြပေမည်။ အလွန်အကျွံညစ်ညမ်းမှုပါဝင်ပတ်သက်သောကြောင့် တရားရေးကော်မတီဖွဲ့ဖို့ လိုမည်ဖြစ်သည်။ အမှားပြုသူသည် ဘုရားသခင်ရေးရာနောင်တ မတင်ပြဘဲ အပြာစာပေရုပ်ရှင်စသည်ကို နောက်တစ်ခါ ဘယ်တော့မျှမကြည့်ရန် သန္နိဋ္ဌာန်မချလျှင် သူ့အား နှင်ထုတ်မည်ဖြစ်သည်။ သူသည် အပြာစာပေရုပ်ရှင်စသည်ကြည့်ရန် မိမိအိမ်သို့ အခြားသူများကို ဖိတ်ခေါ်သည်၊ တစ်နည်းအားဖြင့် ယင်းကို အားပေးအားမြှောက်ပြုသည်ဆိုလျှင် သူသည် အကျင့်လျော့ရဲသောလက္ခဏာဖြစ်သည့် အရှက်မရှိ မျက်နှာပြောင်တိုက်သော သဘောထားရှိကြောင်း သက်သေထူရာရောက်မည်။

“အကျင့်လျော့ရဲခြင်း” ဟူသည့် ကျမ်းစာအသုံးအနှုန်းတွင် အမြဲပင် ကြီးလေးသည့်အပြစ်၊ များသောအားဖြင့် လိင်ဆိုင်ရာအပြစ်အမျိုးအစား ပါဝင်သည်။ အကျင့်လျော့ရဲခြင်းကို သတ်မှတ်ရန် ကြိုးစားသည့်အခါ အကြီးအကဲများသည် အရှက်မရှိ မျက်နှာပြောင်တိုက်ခြင်း၊ အကျင့်ယိုယွင်းခြင်း၊ ညစ်ညမ်းခြင်း၊ အရှက်ကင်းမဲ့ခြင်းနှင့် လူသူအများရှေ့ ယဉ်ကျေးဖွယ်ရာမရှိသော တုန်လှုပ်စရာတို့ကို ကြည့်ရှုသုံးသပ်သင့်သည်။ သို့သော် အရှက်မရှိ မျက်နှာပြောင်တိုက်သောသဘော မပြသူတစ်ဦးက ယေဟောဝါ၏ပညတ်အပေါ် ကြီးလေးစွာကျူးလွန်ခဲ့သောအပြစ်များတွင် “အာသာငမ်းငမ်းတက်ခြင်း” ပါဝင်နိုင်သည်။ ယင်းအမှုများကို အလွန်အကျွံညစ်ညမ်းမှုဆိုင်ရာ အကြောင်းရင်းဖြင့် ကိုင်တွယ်ရပေမည်။

တစ်စုံတစ်ဦးသည် အလွန်အကျွံညစ်ညမ်းသည်အထိ အပြစ်ရှိ၊ မရှိ သို့မဟုတ် အကျင့်လျော့ရဲသည်အထိ အပြစ်ရှိ၊ မရှိ ပိုင်းဖြတ်ရခြင်းသည် သေရေးရှင်ရေးနှင့်ပတ်သက်နေသောကြောင့် ကြီးလေးသောတာဝန်တစ်ခုဖြစ်၏။ ထိုသို့သောအမှုများကို စီရင်သူများသည် ကိုယ်တော်၏ သန့်ရှင်းသောဝိညာဉ်တော်၊ ပိုင်းခြားသိမြင်မှုနှင့် သိနားလည်မှုတို့ကို ရရှိရန် ဘုရားသခင်ထံ ဆုတောင်းအသနားခံသင့်သည်။ အကြီးအကဲများသည် အသင်းတော်၏သန့်ရှင်းမှုကို ထိန်းသိမ်းရန် လိုအပ်ပြီး မိမိတို့၏စီရင်ချက်သည် ယေဟောဝါ၏ နှုတ်မြွက်စကားတော်အပေါ်တွင်သာမက ‘သစ္စာနှင့်သတိပညာရှိကျွန်’ ကပေးသော လမ်းညွှန်ချက်အပေါ် အခြေပြုကြရမည်။ (မဿဲ ၁၈:၁၈; ၂၄:၄၅) ထို့ပြင် ဤဆိုးသွမ်းသောကာလတွင် အကြီးအကဲများသည် ဤစကားများကို ယခင်ကထက်ပို၍ စွဲမှတ်ထားဖို့လိုသည်– “သင်တို့ပြုသောအမှုကို သတိပြုကြလော့။ လူ၏အမှုကိုစောင့်၍ တရားစီရင်သည်မဟုတ်။ သင်တို့စီရင်ရာတွင် ရှိတော်မူသော ထာဝရဘုရား၏အမှုတော်ကိုစောင့်၍ စီရင်ရကြ၏။”—၂ ရာဇဝင်ချုပ် ၁၉:၆။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ