ဘဝအတ္ထုပ္ပတ္တိ
ဝိညာဉ်ရေးသန်စွမ်းနေစေရန် တိုက်လှန်ခဲ့
ရို့ဖ်ဘရူဂမိုင်ယာ ပြောပြသည်
ကျွန်တော် ထောင်ချခံရပြီးတဲ့နောက် သူငယ်ချင်းတစ်ယောက်ဆီကနေ ဦးဆုံးစာတစ်စောင်ရခဲ့တယ်။ ကျွန်တော့်အမေနဲ့ ညီငယ်တွေဖြစ်တဲ့ ပီတာ၊ ယိုကန်၊ မန်းဖရက်တို့လည်း အဖမ်းခံရတယ်ဆိုတဲ့အကြောင်း ရေးထားတယ်။ ဒါကြောင့် ကျွန်တော့်ညီမအငယ်ဆုံးနှစ်ယောက်က မိဘမောင်နှမတွေမရှိတော့တဲ့ဘဝ ရောက်သွားတယ်။ အရှေ့ဂျာမနီအာဏာပိုင်တွေက ကျွန်တော်တို့မိသားစုကို ဘာကြောင့် နှိပ်စက်ညှဉ်းပန်းခဲ့သလဲ။ ဝိညာဉ်ရေးသန်စွမ်းနေအောင် ကျွန်တော်တို့ကို ဘာကကူညီပေးခဲ့သလဲ။
ဒုတိယကမ္ဘာစစ်က ကျွန်တော်တို့ရဲ့ ငြိမ်သက်အေးချမ်းလှတဲ့ ကလေးဘဝကိုဖျက်ဆီးလိုက်တယ်။ ဒါကြောင့် စစ်ရဲ့ရက်စက်ကြမ်းကြုတ်မှုကို ကိုယ်တွေ့ကြုံခဲ့ရတယ်။ အဖေက ဂျာမန်စစ်တပ်မှာအမှုထမ်းခဲ့ပြီး စစ်အကျဉ်းသားဘဝနဲ့သေဆုံးခဲ့တယ်။ ဒါကြောင့် ကျွန်တော့်အမေ ဘက်တာက တစ်နှစ်ကနေ ၁၆ နှစ်အရွယ်စီရှိတဲ့ ကလေးခြောက်ယောက်ကို ကျွေးမွေးပြုစုခဲ့ရတယ်။
အမေဟာ ချာ့ချ်ရဲ့လုပ်ရပ်တွေကြောင့် ဘာသာရေးကို လုံးဝစိတ်ကုန်သွားပြီး ဘုရားသခင်အကြောင်း မကြားချင်တဲ့အထိ ဖြစ်ခဲ့တယ်။ ဒါပေမဲ့ ၁၉၄၉ ခုနှစ်ရဲ့ နေ့တစ်နေ့မှာ အီလ်ဇာဖုခ်စ်ဆိုတဲ့ သေးသေးသွယ်သွယ် အမျိုးသမီးတစ်ယောက် ကျွန်တော်တို့အိမ်ကိုလာပြီး ဘုရားသခင့်နိုင်ငံတော်အကြောင်း လိမ္မာပါးနပ်စွာ ပြောပြခဲ့တယ်။ သူ့မေးခွန်းတွေနဲ့ ကျိုးကြောင်းဆင်ခြင်မှုက အမေ့ရဲ့သိချင်စိတ်ကို ဆွပေးခဲ့တယ်။ ဒါကြောင့် အမေကျမ်းစာလေ့လာခဲ့ပြီး မျှော်လင့်ချက်ရှိလာတယ်။
ကျွန်တော်တို့ယောက်ျားလေးတွေကတော့ အစပိုင်းမှာ သိပ်မယုံချင်ဘူး။ နာဇီနဲ့ကွန်မြူနစ်တွေက ကတိတွေအကြီးအကျယ်ပေးပေမဲ့ ကတိမတည်တဲ့အတွက် ကျွန်တော်တို့ စိတ်ပျက်ခဲ့ရတယ်။ ဒါကြောင့် ဘယ်ကတိတွေကိုမဆို ကျွန်တော်တို့ မယုံတော့ဘူး၊ ဒါပေမဲ့ သက်သေခံတချို့က စစ်ကိုမထောက်ပံ့တဲ့အတွက် ချွေးတပ်စခန်းတွေကို အပို့ခံရတယ်ဆိုတာ သိရတဲ့အခါ ကျွန်တော်တို့ တော်တော်စိတ်စွဲမှတ်သွားတယ်။ နောက်နှစ်မှာ အမေ၊ ပီတာနဲ့ ကျွန်တော် နှစ်ခြင်းခံခဲ့တယ်။
ညီငယ်မန်းဖရက်လည်း နှစ်ခြင်းခံခဲ့ပေမဲ့ သူ့နှလုံးထဲမှာ အမှန်တရားအမြစ်စွဲပုံမရဘူး။ ၁၉၅၀ ပြည့်နှစ်မှာ ကွန်မြူနစ်တွေက ကျွန်တော်တို့ရဲ့လုပ်ငန်းကို ပိတ်ပင်လိုက်တဲ့အခါ လျှို့ဝှက်ရဲအဖွဲ့ဖြစ်တဲ့ ရှတာဇီရဲ့ဖိအားပေးမှုကြောင့် အစည်းအဝေးတွေကျင်းပတဲ့နေရာကို သူဖွင့်ပြောလိုက်တယ်။ ဒါကြောင့်လည်း အမေနဲ့ တခြားညီတွေအဖမ်းခံခဲ့ရတယ်။
ပိတ်ပင်မှုအောက် အမှုဆောင်ခြင်း
အရှေ့ဂျာမနီမှာ ပိတ်ပင်ထားတဲ့အတွက် ကျမ်းစာ,စာပေတွေကို ခိုးသွင်းခဲ့ရတယ်။ အနောက်ဘာလင်မှာ စာပေတွေကို မပိတ်ပင်တဲ့အတွက် စာပေတွေကို အဲဒီမှာသွားယူပြီး နယ်စပ်ကနေ ဖြတ်သယ်ရတယ်။ ရဲတွေလက်ထဲကနေ ခဏခဏလွတ်ခဲ့ပေမဲ့ ၁၉၅၀၊ နိုဝင်ဘာလမှာတော့ ကျွန်တော်အဖမ်းခံရတယ်။
ရှတာဇီက ကျွန်တော့်ကို ပြတင်းပေါက်မရှိတဲ့ မြေအောက်ခန်းထဲ ထည့်ထားလိုက်တယ်။ ညဘက်မှာ မေးခွန်းတွေမေးပြီး ရိုက်နှက်ခဲ့တယ်၊ တစ်နေ့လုံးလည်း အိပ်ခွင့်မပေးဘူး။ မိသားစုနဲ့လည်း လုံးဝအဆက်အသွယ်မရခဲ့ဘူး။ ၁၉၅၁၊ မတ်လမှာ ကျွန်တော့်ကို ရုံးထုတ်စစ်ဆေးချိန်ကျမှပဲ အမေ၊ ပီတာ၊ ယိုကန်တို့နဲ့ တွေ့ခဲ့ရတယ်။ ကျွန်တော့်ကို ခြောက်နှစ်ထောင်ဒဏ်ချခဲ့တယ်။
ကျွန်တော့်ကို ရုံးထုတ်စစ်ဆေးပြီး ခြောက်ရက်အကြာမှာ ပီတာ၊ ယိုကန်နဲ့ အမေတို့အဖမ်းခံရတယ်။ ဒါကြောင့် ၁၁ နှစ်အရွယ် ညီမလေးဟဲန်နာလိုရာကို ခရစ်ယာန်ညီအစ်မတစ်ယောက်က ကြည့်ရှုပေးခဲ့ပြီး ၇ နှစ်အရွယ် ညီမလေးဆဘီနာကို အဒေါ်က ကြည့်ရှုပေးခဲ့တယ်။ အမေနဲ့ညီလေးတွေကို ရှတာဇီအစောင့်တွေက အန္တရာယ်ရှိတဲ့ ရာဇဝတ်ကောင်တွေလို ဆက်ဆံပြီး သူတို့ရဲ့ဖိနပ်ကြိုးတွေကိုတောင် သိမ်းလိုက်ကြတယ်။ စစ်ဆေးမေးမြန်းချိန်တစ်လျှောက်လုံး သူတို့ မတ်တတ်ရပ်နေရတယ်။ သူတို့လည်း ခြောက်နှစ်စီ ထောင်ဒဏ်ချခံရတယ်။
၁၉၅၃ ခုနှစ်မှာ ကျွန်တော်နဲ့ တခြားသက်သေခံအကျဉ်းသားတွေကို စစ်တပ်လေယာဉ်ကွင်းဆောက်ဖို့ တာဝန်ပေးပေမဲ့ ကျွန်တော်တို့ ငြင်းခဲ့ကြတယ်။ အာဏာပိုင်တွေက ကျွန်တော်တို့ကို ၂၁ ရက် သီးခြားထားခဲ့ကြပြီး အလုပ်မလုပ်ရဘူး၊ စာအဆက်အသွယ်လည်းမရဘူး၊ စားစရာနည်းနည်းပဲပေးတယ်။ တချို့ခရစ်ယာန်ညီအစ်မတွေက သူတို့ရတဲ့ ရိက္ခာနည်းနည်းလေးထဲက စားစရာတွေကို ကျွန်တော်တို့အတွက် ခိုးပို့ပေးကြတယ်။ အဲဒီညီအစ်မတွေထဲက အဲန်နီနဲ့ ကျွန်တော်သိကျွမ်းခဲ့ပြီး ၁၉၅၆၊ ၁၉၅၇ ခုနှစ်တွေမှာ ထောင်ကလွတ်လာပြီးတဲ့နောက် လက်ထပ်လိုက်ကြတယ်။ ကျွန်တော်တို့ လက်ထပ်ပြီးနောက်တစ်နှစ်မှာ သမီးလေးရုသ် မွေးလာတယ်။ ပီတာ၊ ယိုကန်နဲ့ ဟဲန်နာလိုရာတို့လည်း အဲဒီအချိန်လောက်မှာပဲ လက်ထပ်ခဲ့ကြတယ်။
ကျွန်တော်ထောင်ကလွတ်ပြီး သုံးနှစ်လောက်မှာ ထပ်အဖမ်းခံရပြန်တယ်။ သတင်းပေးသူအဖြစ် လုပ်ဆောင်ဖို့ ရှတာဇီအရာရှိက ကျွန်တော့်ကို ဖျောင်းဖျပြောဆိုခဲ့တယ်။ “ကျေးဇူးပြုပြီး အကျိုးသင့်အကြောင်းသင့်ရှိစမ်းပါ။ ထောင်ဆိုတာ ဘယ်လိုနေရာမျိုးလဲဆိုတာ ခင်ဗျားသိတာပဲ၊ ခင်ဗျားကို နောက်ထပ် ဒါမျိုးမဖြစ်စေချင်ဘူး။ ခင်ဗျား သက်သေခံတစ်ယောက်အနေနဲ့ ကျမ်းစာဆက်လေ့လာနိုင်တယ်၊ ကျမ်းစာအကြောင်းလည်း ကြိုက်သလောက် ဟောပြောနိုင်တယ်။ ငါတို့ကို နောက်ဆုံးသတင်းအချက်အလက်တွေပဲ ပြောပြပါ။ ခင်ဗျားမိန်းမနဲ့ သမီးလေးကိုလည်း ထည့်တွက်ပါဦး” လို့သူပြောတယ်။ သူနောက်ဆုံးပြောလိုက်တဲ့ စကားကြောင့် ကျွန်တော်အရမ်းဝမ်းနည်းသွားတယ်။ ဒါပေမဲ့ ကျွန်တော်ထောင်ကျနေချိန်မှာ မိသားစုကို ကျွန်တော်တတ်နိုင်တာထက် ယေဟောဝါ ပိုပြီးစောင့်ရှောက်ပေးနိုင်တယ်ဆိုတာ ကျွန်တော်သိတယ်၊ တကယ်လည်း ကိုယ်တော် စောင့်ရှောက်ပေးခဲ့တယ်။
အာဏာပိုင်တွေက အဲန်နီကို အချိန်ပြည့်အလုပ်လုပ်ခိုင်းပြီး သမီးလေးရုသ်ကိုကြည့်ရှုဖို့ တခြားသူတွေကို တာဝန်ပေးတယ်။ ဒါပေမဲ့ အဲန်နီက သူတို့ပြောသလို မလုပ်ဘဲ ညဘက်မှာအလုပ်လုပ်တယ်၊ ဒါကြောင့် နေ့ဘက်မှာ ရုသ်ကို ကြည့်ရှုနိုင်ခဲ့တယ်။ ဝိညာဉ်ရေးညီအစ်ကိုတွေက ကျွန်တော့်ဇနီးကို အရမ်းဂရုစိုက်ထောက်ပံ့ပေးကြတဲ့အတွက် သူက တခြားသူတွေကိုတောင် ပြန်ပေးကမ်းနိုင်ခဲ့တယ်။ အဲဒီအချိန်မှာ ကျွန်တော် နောက်ထပ်ခြောက်နှစ်နီးပါး ထောင်ထဲမှာနေခဲ့ရတယ်။
ထောင်ကျစဉ် ယုံကြည်ခြင်းကို ထိန်းသိမ်းခဲ့ကြပုံ
ကျွန်တော် ဒုတိယအကြိမ် ထောင်ထဲရောက်သွားတဲ့အခါ သက်သေခံအခန်းဖော်တွေက ဘာစာပေတွေ ထုတ်ဝေခဲ့သလဲဆိုတာ အရမ်းသိချင်ကြတယ်။ ကင်းမျှော်စင် ကိုသေချာလေ့လာခဲ့ပြီး အစည်းအဝေးတွေ မှန်မှန်တက်ခဲ့တဲ့အတွက် သူတို့ကို ဝိညာဉ်ရေးအရ အများကြီးအားပေးထောက်မနိုင်ခဲ့လို့ ဝမ်းသာမဆုံးဖြစ်ခဲ့ရတယ်။
အစောင့်တွေဆီမှာ ကျမ်းစာတောင်းတဲ့အခါ သူတို့က “ယေဟောဝါသက်သေတွေကို ကျမ်းစာပေးတာက အကျဉ်းသားတစ်ယောက်ကို ထောင်ဖောက်ထွက်ပြေးဖို့ ဖောက်ထွင်းကိရိယာ ပေးလိုက်သလိုပဲ အန္တရာယ်ရှိတယ်” လို့ပြန်ပြောကြတယ်။ ဦးဆောင်တဲ့ညီအစ်ကိုတွေက နေ့တိုင်းပဲ သုံးသပ်ရမယ့်ကျမ်းချက်တစ်ချက်ကို ရွေးကြတယ်။ ထောင်ဝင်းထဲ နေ့စဉ်နာရီဝက် လမ်းလျှောက်ချိန်မှာ လေ့ကျင့်ခန်းလုပ်ဖို့၊ လေကောင်းလေသန့်ရှူဖို့ထက် အဲဒီနေ့ရဲ့ကျမ်းချက်ကိုပဲ ကျွန်တော်တို့ စိတ်ဝင်စားကြတယ်။ တစ်ယောက်နဲ့တစ်ယောက် ၁၅ ပေကွာပြီး စကားပြောခွင့်မရှိပေမဲ့ ကျမ်းချက်ကို နည်းအမျိုးမျိုးနဲ့ လက်ဆင့်ကမ်းပေးနိုင်ကြတယ်။ အခန်းထဲပြန်ရောက်တဲ့အခါ ကျမ်းချက်ကို ဆွေးနွေးကြတယ်။
ကျွန်တော်တို့ ဒီလိုလုပ်တာကို တစ်ယောက်က သတင်းပေးလိုက်တဲ့အတွက် ကျွန်တော်တိုက်ပိတ်ခံရတယ်။ အဲဒီအချိန်မှာ ကျမ်းချက်ပေါင်းရာနဲ့ချီ အလွတ်မှတ်မိနေတဲ့အတွက် ဝမ်းသာလိုက်တာ! တိုက်ပိတ်ခံရတဲ့ရက်တွေမှာ ကျမ်းစာအကြောင်းတွေကို ကျွန်တော် စဉ်းစားဆင်ခြင်ခဲ့တယ်။ အဲဒီနောက် တခြားထောင်ကို ပို့ခံရတယ်။ အဲဒီမှာ အစောင့်တစ်ယောက်က ကျွန်တော့်ကို သက်သေခံညီအစ်ကိုနှစ်ယောက်နဲ့ တစ်ခန်းထဲထားတယ်။ ဒါထက်ပိုဝမ်းသာစရာကောင်းတာက ကျွန်တော်တို့ကို ကျမ်းစာတစ်အုပ်ပေးတယ်။ ခြောက်လတိုက်ပိတ်ခံရပြီးတဲ့နောက် ယုံကြည်သူချင်းတွေနဲ့ ကျမ်းစာအကြောင်းတွေ ထပ်ဆွေးနွေးခွင့်ရတာကို ကျွန်တော်အရမ်းကျေးဇူးတင်ခဲ့တယ်။
တခြားထောင်တစ်ခုမှာရောက်နေတဲ့ ပီတာက သူ့ကိုခံနိုင်ရည်ရှိစေတဲ့အရာအကြောင်း ဒီလိုပြောပြတယ်– “ကမ္ဘာသစ်အသက်တာအကြောင်း စဉ်းစားတယ်၊ ကျမ်းချက်တွေကို အမြဲတွေးတောဆင်ခြင်တယ်။ ကျွန်တော်တို့ သက်သေခံတွေက ကျမ်းစာမေးခွန်းတွေ၊ ကျမ်းစာအကြောင်းတွေ ဆွေးနွေးမေးမြန်းပြီး တစ်ယောက်ကိုတစ်ယောက် ခွန်အားပေးကြတယ်။ ဒါပေမဲ့ ကျွန်တော်တို့အတွက် ဘဝဟာ အတော်ခက်ခဲတယ်။ တစ်ခါတလေ ၁၃ ပေ၊ ၁၀ ပေ အခန်းကျဉ်းထဲမှာ ၁၁ ယောက်ကို ချုပ်ထားတယ်။ စားတာ၊ အိပ်တာ၊ ရေချိုးတာ၊ အလေးအပေါ့သွားတာကအစ အားလုံး အဲဒီအခန်းထဲမှာပဲလုပ်ရတယ်။ အရမ်းကို စိတ်အနှောင့်အယှက်ဖြစ်ခဲ့ရတယ်။”
ယိုကန်ကလည်း သူ့ရဲ့ထောင်အတွေ့အကြုံအကြောင်း ဒီလိုပြောပြတယ်– “သီချင်းစာအုပ်ထဲက ကျွန်တော်မှတ်မိတဲ့ သီချင်းတွေဆိုတယ်။ မှတ်မိတဲ့ကျမ်းချက်တစ်ချက်ကို နေ့တိုင်းစဉ်းစားဆင်ခြင်တယ်။ ထောင်ကလွတ်ပြီးနောက် ဝိညာဉ်ရေးနဲ့ဆိုင်တဲ့အလေ့အထကောင်း ဆက်ထားတယ်။ နေ့တိုင်း မိသားစုနဲ့အတူ နေ့စဉ်ကျမ်းချက်ဆွေးနွေးတယ်။ အစည်းအဝေးအားလုံးအတွက်လည်း ကြိုတင်ပြင်ဆင်ကြတယ်။”
အမေ ထောင်ကလွတ်လာ
အမေက နှစ်နှစ်ကျော် ထောင်ချခံရပြီးနောက် လွတ်လာတယ်။ သူက ဟဲန်နာလိုရာ၊ ဆဘီနာတို့နဲ့ ကျမ်းစာလေ့လာပြီး ယုံကြည်ခြင်းအတွက် အုတ်မြစ်ကောင်းချနိုင်အောင် ကူညီပေးခဲ့တယ်။ ယုံကြည်ခြင်းကြောင့် ကျောင်းမှာ ကြုံတွေ့ရတဲ့ပြဿနာတွေကို ဖြေရှင်းနိုင်အောင်လည်း သွန်သင်ပေးတယ်။ ဟဲန်နာလိုရာ ဒီလိုပြောတယ်– “အိမ်မှာ တစ်ယောက်နဲ့တစ်ယောက် အားပေးကြတဲ့အတွက် ကျောင်းမှာ ဘာတွေဖြစ်ဖြစ် ကျွန်မတို့ ဂရုမစိုက်ဘူး။ ကျွန်မတို့ကြုံရတဲ့ ဘယ်ပြဿနာကိုမဆို ခိုင်မာတဲ့မိသားစုနှောင်ကြိုးနဲ့ ဖြေရှင်းကြတယ်။”
သူဒီလိုဆက်ပြောတယ်– “ထောင်ကျနေတဲ့ ညီအစ်ကိုတွေအတွက်လည်း ဝိညာဉ်အစာပြင်ဆင်ပေးတယ်။ ကင်းမျှော်စင်တစ်စောင်လုံးကို ဖယောင်းစက္ကူပေါ်မှာ လက်ရေးသေးသေးလေးနဲ့ရေးတယ်။ အဲဒီစာရွက်တွေကို လစဉ်ပို့ပေးတဲ့ ဆီးသီးခြောက်အထုပ်တွေထဲမှာ ထည့်ပို့ပေးတယ်။ ဆီးသီးခြောက်တွေ ‘သိပ်အရသာရှိတာပဲ’ ဆိုတဲ့စကား ညီအစ်ကိုတွေဆီက ပြန်ကြားရတဲ့အခါ အရမ်းဝမ်းသာပီတိဖြစ်ရတယ်။ အဲဒီအလုပ်မှာပဲ အာရုံနှစ်မြှုပ်ထားလို့ အဲဒါက ကျွန်မအတွက် အကောင်းဆုံးအချိန်ပါပဲ။”
ပိတ်ပင်မှုအောက် အသက်ရှင်ခြင်း
အရှေ့ဂျာမနီရဲ့ ဆယ်စုနှစ်ချီပိတ်ပင်မှုအောက်မှာ အသက်ရှင်ရတာနဲ့ပတ်သက်ပြီး ပီတာ ဒီလိုပြောတယ်– “ကိုယ်ပိုင်အိမ်တွေမှာ အုပ်စုလေးတွေဖွဲ့ပြီး တွေ့ဆုံရတယ်။ လူခွဲပြီး ဝင်ထွက်ကြရတယ်။ အစည်းအဝေးတိုင်းမှာ နောက်တစ်ကြိမ်အတွက် အစီအစဉ်တွေလုပ်ရတယ်။ ရှတာဇီက အမြဲခိုးနားထောင်တဲ့အတွက် အစီအစဉ်တွေကို အမှတ်အသားတွေ၊ စာတိုလေးတွေနဲ့လုပ်ရတယ်။”
ဟဲန်နာလိုရာက ဒီလိုပြောပြတယ်– “တစ်ခါတလေ စည်းဝေးပွဲအစီအစဉ် ကက်ဆက်ခွေတွေကို နားထောင်ရတယ်။ အဲဒီအချိန်မှာ အစည်းအဝေးက အရမ်းပျော်စရာကောင်းတယ်။ ကျွန်မတို့အုပ်စုလေးက ကျမ်းစာသွန်သင်ချက်တွေကို နားထောင်ဖို့ အချိန်အတော်ကြာ စုဝေးကြတယ်။ ဟောပြောသူတွေကို မမြင်ရပေမဲ့ အစီအစဉ်ကို ဂရုတစိုက်နားထောင်ပြီး မှတ်ချက်တွေယူခဲ့ကြတယ်။”
ပီတာက ဒီလိုပြောတယ်– “တခြားနိုင်ငံတွေက ညီအစ်ကိုတွေလည်း ကျွန်တော်တို့ကို ကျမ်းစာစာပေတွေ ပို့ပေးနိုင်ဖို့ ကြိုးစားလုပ်ဆောင်ခဲ့ကြတယ်။ ၁၉၈၉ ခုနှစ်၊ ဘာလင်တံတိုင်းကြီးမပြိုလဲခင်မှာ သူတို့က ကျွန်တော်တို့အတွက် စာအုပ်အသေးတွေ ရိုက်နှိပ်ပြီး ပို့ပေးခဲ့တယ်။ တချို့က သူတို့ရဲ့ကားတွေ၊ ငွေတွေနဲ့ လွတ်လပ်ခွင့်ကိုတောင်စွန့်ပြီး အရှေ့ဂျာမနီကို ဝိညာဉ်အစာပို့ပေးခဲ့ကြတယ်။ တစ်ညမှာ ကျွန်တော်တို့စောင့်နေတဲ့ မောင်နှံတစ်စုံ ရောက်မလာဘူး။ ရဲတွေက စာပေတွေကို တွေ့သွားပြီး သူတို့ကားကို သိမ်းလိုက်တယ်။ အန္တရာယ်တွေ ကြုံရပေမဲ့ ဒီလုပ်ငန်းကိုရပ်လိုက်ပြီး အေးအေးဆေးဆေးပဲနေတော့မယ်လို့ ကျွန်တော်တို့ တစ်ခါမှမစဉ်းစားခဲ့ဘူး။”
၁၉၅၀ ပြည့်နှစ်တုန်းက ကျွန်တော်တို့ကိုသစ္စာဖောက်ခဲ့တဲ့ မန်းဖရက်က နောင်တရပြီး ယုံကြည်ခြင်းဆက်ရှိအောင် ဘာကကူညီပေးသလဲဆိုတာကို ဒီလိုပြောပြတယ်– “လအနည်းငယ် အချုပ်ခံရပြီး ပြန်လွတ်လာတဲ့နောက် အနောက်ဂျာမနီကိုထွက်သွားပြီး အမှန်တရားကို ကျောခိုင်းခဲ့တယ်။ ၁၉၅၄ ခုနှစ်မှာ အရှေ့ဂျာမနီကိုပြန်လာပြီး နောက်နှစ်မှာလက်ထပ်တယ်။ မကြာခင် ကျွန်တော့်ဇနီးက အမှန်တရားကိုသိလာပြီး ၁၉၅၇ ခုနှစ်မှာ နှစ်ခြင်းခံတယ်။ အဲဒီအချိန်မှာ ကျွန်တော့်ရဲ့ ကိုယ်ကိုကိုယ်သိစိတ်က နှောင့်ယှက်လာပြီး ဇနီးဖြစ်သူရဲ့အကူအညီနဲ့ အသင်းတော်ကို ပြန်လှည့်လာနိုင်ခဲ့တယ်။”
“အမှန်တရားကနေ မထွက်သွားခင်တုန်းက ကျွန်တော်နဲ့ရင်းနှီးခဲ့တဲ့ ညီအစ်ကိုတွေက ဘာမှမဖြစ်ခဲ့သလိုဘဲ ကျွန်တော့်ကို မေတ္တာနဲ့ပြန်လက်ခံကြတယ်။ နွေးထွေးတဲ့အပြုံးနဲ့ ဖက်လဲတကင်းနှုတ်ဆက်ကြတယ်။ ယေဟောဝါ၊ ညီအစ်ကိုတွေနဲ့ ပြန်လည်သင့်မြတ်တဲ့အတွက် ကျွန်တော် အရမ်းဝမ်းသာတယ်။”
ဝိညာဉ်ရေးတိုက်ပွဲ ဆက်ဆင်နွှဲ
ကျွန်တော်တို့မိသားစုဝင် ယောက်တိုင်း ယုံကြည်ခြင်းအတွက် အပြင်းအထန်တိုက်လှန်ခဲ့ရတယ်။ ပီတာက ဒီလိုပြောတယ်– “ဒီနေ့ခေတ်မှာ စိတ်ပျံ့လွင့်စရာတွေ၊ ရုပ်ပစ္စည်းတပ်မက်စရာတွေ နေရာတကာပျံ့နှံ့နေတယ်။ ပိတ်ပင်ခံရတုန်းကဆိုရင် ရှိတာနဲ့ရောင့်ရဲခဲ့ရတယ်။ ဥပမာ၊ ကိုယ်ရေးကိုယ်တာကိစ္စတွေကြောင့် တခြားအုပ်စုမှာ အစည်းအဝေးတက်ချင်တယ် ဒါမှမဟုတ် အစည်းအဝေးသွားရတာ ဝေးတယ်၊ ကြာလွန်းတယ်လို့ ဆင်ခြေပေးတာ လုံးဝမရှိဘူး။ တချို့က အစည်းအဝေးလုပ်တဲ့နေရာကနေ ထွက်ခွာဖို့ ည ၁၁ နာရီအထိ စောင့်ရတာတောင်မှ အတူတကွစုဝေးရတာကို ကျွန်တော်တို့အားလုံး ပျော်ရွှင်ကြတယ်။”
၁၉၅၉ ခုနှစ်မှာ ၁၆ နှစ်အရွယ် ဆဘီနာနဲ့ အမေက အနောက်ဂျာမနီကို ပြောင်းရွှေ့ခဲ့တယ်။ ကြေညာသူတွေ ပိုလိုအပ်တဲ့နေရာမှာ သူတို့ အမှုဆောင်ချင်တဲ့အတွက် ဌာနခွဲရုံးက သူတို့ကို ဘာဒန်ဝူတန်ဘာ့ဂ်ပြည်နယ်၊ အယ်လ်ဗန်ဂန်မြို့ကိုသွားဖို့ ညွှန်ကြားတယ်။ အမေက ကျန်းမာရေးမကောင်းပေမဲ့ အရမ်းဇွဲရှိတယ်။ အမေ့ရဲ့ပုံသက်သေကြောင့် ဆဘီနာလည်း ၁၈ နှစ်အရွယ်မှာ ရှေ့ဆောင်စလုပ်ခဲ့တယ်။ ဆဘီနာအိမ်ထောင်ကျသွားတဲ့အခါ အမေက ဟောပြောခြင်းလုပ်ငန်းမှာ ပိုပြီးပါဝင်နိုင်ဖို့ ကားမောင်းသင်တယ်။ အဲဒီအချိန်မှာ သူ့အသက် ၅၈ နှစ်ရှိနေပြီ။ သူသေဆုံးတဲ့ ၁၉၇၄ ခုနှစ်အထိ ဟောပြောခြင်းလုပ်ငန်းကို မြတ်နိုးခဲ့တယ်။
ကျွန်တော်ကတော့ ဒုတိယအကြိမ် ခြောက်နှစ်ထောင်ချခံရပြီးတဲ့နောက် ၁၉၆၅ ခုနှစ်မှာ မိသားစုကိုအသိမပေးဘဲ အနောက်ဂျာမနီကို ပြည်နှင်ဒဏ်ပေးခံရတယ်။ ဒါပေမဲ့ နောက်ပိုင်းမှာ ကျွန်တော့်ဇနီးအဲန်နီ၊ သမီးရုသ်တို့နဲ့ပြန်ဆုံခဲ့တယ်။ ကြေညာသူတွေ ပိုလိုအပ်တဲ့နေရာမှာ အမှုဆောင်ချင်တယ်လို့ ဌာနခွဲရုံးကို တောင်းဆိုတော့ ဘဗဲရီးယားပြည်နယ်၊ နော့တ်လင်ဂန်ကိုသွားဖို့ တာဝန်ပေးတယ်။ အဲဒီမှာ သမီးလေးရုသ်နဲ့ သူ့မောင်လေးယိုဟန်စ်တို့ ကြီးပြင်းလာတယ်။ အဲန်နီက ရှေ့ဆောင်လုပ်ငန်းမှာပါဝင်တယ်။ သူ့ရဲ့ပုံသက်သေကောင်းကြောင့် ရုသ်လည်း ကျောင်းပြီးတာနဲ့ ရှေ့ဆောင်စလုပ်တယ်။ ကျွန်တော့်သားသမီးနှစ်ယောက်စလုံး ရှေ့ဆောင်တွေနဲ့ အိမ်ထောင်ကျတယ်။ အခု သူတို့လည်း မိသားစုတွေနဲ့ဖြစ်နေပြီး ကျွန်တော်တို့မှာ ချစ်စရာကောင်းတဲ့ မြေးခြောက်ယောက်ရှိနေပြီ။
၁၉၈၇ ခုနှစ်မှာ စောစောအငြိမ်းစားယူလိုက်ပြီး အဲန်နီနဲ့အတူ ရှေ့ဆောင်လုပ်ငန်းမှာ ပါဝင်ခဲ့တယ်။ သုံးနှစ်ကြာပြီးတဲ့နောက် ဆဲလ်တာမှာရှိတဲ့ ဌာနခွဲအဆောက်အအုံတိုးချဲ့ရာမှာပါဝင်ဖို့ ဖိတ်ခေါ်ခံရတယ်။ အဲဒီနောက် အရှေ့ဂျာမနီ၊ ဂလောချောင်မြို့မှာရှိတဲ့ ယေဟောဝါသက်သေတွေရဲ့ ဦးဆုံးစည်းဝေးပွဲခန်းမ ဆောက်လုပ်ရေးမှာ ပါဝင်ခဲ့တယ်။ ကျွန်တော်တို့ရဲ့ကျန်းမာရေးကြောင့် သမီးရှိတဲ့ နော့တ်လင်ဂန်အသင်းတော်ကို ပြောင်းရွှေ့ခဲ့ပြီး အဲဒီမှာ ရှေ့ဆောင်လုပ်ကြတယ်။
ကျွန်တော့်မောင်နှမတွေနဲ့ မိသားစုဝင်အများစုက ယေဟောဝါဘုရားသခင်ကို ဆက်ဝတ်ပြုနေကြတဲ့အတွက် အရမ်းဝမ်းသာတယ်။ ဝိညာဉ်ရေးသန်စွမ်းနေသရွေ့ ဆာလံ ၁၂၆:၃ မှာပါတဲ့ ဒီစကားတွေမှန်ကန်တယ်ဆိုတာ နှစ်တွေတစ်လျှောက် တွေ့ကြုံခံစားခဲ့ရတယ်– ‘ယေဟောဝါသည် ငါတို့အဖို့ ကြီးသောအမှုကိုပြုတော်မူပြီ။ ငါတို့သည်လည်း ဝမ်းမြောက်လျက်နေကြ၏။’
[စာမျက်နှာ ၁၃ ပါ ရုပ်ပုံ]
၁၉၅၇၊ ကျွန်တော်တို့လက်ထပ်တဲ့နေ့
[စာမျက်နှာ ၁၃ ပါ ရုပ်ပုံ]
၁၉၄၈ မှာ ကျွန်တော့်မိသားစုနဲ့အတူ– (အရှေ့၊ ဝဲမှယာသို့) မန်းဖရက်၊ ဘက်တာ၊ ဆဘီနာ၊ ဟဲန်နာလိုရာ၊ ပီတာ၊ (အနောက်၊ ဝဲမှယာသို့) ကျွန်တော်နဲ့ယိုကန်
[စာမျက်နှာ ၁၅ ပါ ရုပ်ပုံ]
ပိတ်ပင်မှုအတွင်း အသုံးပြုသော စာအုပ်အသေးနှင့် “ရှတာဇီ” ၏ ခိုးနားထောင်သော ကိရိယာ
[Credit Line]
Forschungs- und Gedenkstätte NORMANNENSTRASSE
[စာမျက်နှာ ၁၆ ပါ ရုပ်ပုံ]
ကျွန်တော့်မောင်နှမများနဲ့အတူ– (အရှေ့၊ ဝဲမှယာသို့ ) ဟဲန်နာလိုရာနှင့် ဆဘီနာ၊ (အနောက်၊ ဝဲမှယာသို့ ) ကျွန်တော်၊ ယိုကန်၊ ပီတာနှင့် မန်းဖရက်