ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၀၆ ၁၂/၁ စာ. ၂၀-၂၄
  • သင့်ကိုချစ်တော်မူသော ဘုရားသခင်အား ချစ်လော့

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • သင့်ကိုချစ်တော်မူသော ဘုရားသခင်အား ချစ်လော့
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၆
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ချစ်ခြင်းမေတ္တာ၏အရေးကြီးမှု
  • ယေဟောဝါကိုချစ်ကြောင်း တင်ပြနိုင်ပုံ
  • ယေဟောဝါကို အဘယ်ကြောင့်ချစ်မြတ်နိုးသင့်
  • ဘုရားသခင်ကိုချစ်သောမေတ္တာ ပြုစုပျိုးထောင်ခြင်း
  • ‘သင့်ဘုရားသခင် ယေဟောဝါကို ချစ်ပါ’
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၄
  • ချစ်ခြင်းမေတ္တာဖြင့် တည်ဆောက်ခံလော့
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၁
  • မေတ္တာတရား မခေါင်းပါးပါစေနဲ့
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၁၇
  • “မေတ္တာတရား၌ ကျင်လည်ကြလော့”
    ယေဟောဝါထံ ချဉ်းကပ်လော့
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၆
က၀၆ ၁၂/၁ စာ. ၂၀-၂၄

သင့်ကိုချစ်တော်မူသော ဘုရားသခင်အား ချစ်လော့

“သင်၏ဘုရားသခင်ယေဟောဝါကို သင့်နှလုံးအကြွင်းမဲ့၊ သင့်စိုးလ်ရှိသမျှ၊ သင့်စိတ်ရှိသမျှနှင့် ချစ်ရမည်။” —မဿဲ ၂၂:၃၇၊ ကဘ။

၁၊ ၂။ အကြီးမြတ်ဆုံးပညတ်နှင့်ပတ်သက်သော မေးခွန်း အဘယ်ကြောင့်ပေါ်လာသနည်း။

ယေရှုခေတ်က ဖာရိရှဲများစပ်ကြားတွင် အကြီးအကျယ်အငြင်းပွားစရာဖြစ်ပုံရသော မေးခွန်းတစ်ခုပေါ်ပေါက်ခဲ့သည်။ ပညတ် ၆၀၀ ကျော်ပါဝင်သော မောရှေပညတ်တွင် အဘယ်ပညတ်သည် အရေးကြီးဆုံးဖြစ်သနည်း။ ယဇ်ပူဇော်ခြင်းအားဖြင့် အပြစ်ကိုဖြေနိုင်ပြီး ဘုရားသခင်အား ကျေးဇူးတင်ကြောင်း ဖော်ပြနိုင်သောကြောင့် ယဇ်ပူဇော်ခြင်းပညတ်သည် အကြီးမြတ်ဆုံးလော။ သို့မဟုတ် အရေဖျားလှီးခြင်းသည် ယေဟောဝါနှင့်အာဗြဟံဖွဲ့ဆိုခဲ့သောပဋိညာဉ်၏ လက္ခဏာသက်သေဖြစ်သောကြောင့် ယင်းပညတ်သည် အကြီးမြတ်ဆုံးလော။—ကမ္ဘာဦး ၁၇:၉-၁၃။

၂ အချို့ပညတ်များသည် သိပ်အရေးကြီးပုံမရသည့်တိုင် ဘုရားသခင်၏ပညတ်အားလုံး အရေးကြီးသောကြောင့် ပညတ်တစ်ခုကို အခြားပညတ်များထက် ပိုအလေးပေးခြင်းသည် မှားပေမည်ဟု ရှေးရိုးစွဲဖာရိရှဲများ ဆင်ခြင်ကြပုံရသည်။ အငြင်းပွားစရာဖြစ်စေသော ထိုမေးခွန်းကို ယေရှုအားမေးမြန်းရန် ဖာရိရှဲများဆုံးဖြတ်ခဲ့ကြ၏။ ကိုယ်တော်သည် မိမိဂုဏ်သိက္ခာထိခိုက်စေမည့် အဖြေတစ်ခုခုကို ဖြေဆိုကောင်းဖြေဆိုမိမည်ဟု သူတို့ယူဆကြပုံရသည်။ သို့နှင့် ၎င်းတို့ထဲမှတစ်ဦးက ယေရှုထံချဉ်းကပ်ကာ “ပညတ္တိကျမ်း၌ အဘယ်မည်သောပညတ်သည် သာ၍ကြီးသနည်း” ဟုမေးလျှောက်လေ၏။—မဿဲ ၂၂:၃၄-၃၆။

၃။ အကြီးမြတ်ဆုံးပညတ်နှင့်ပတ်သက်၍ ယေရှု အဘယ်အရာမိန့်ဆိုခဲ့သနည်း။

၃ ယေရှု၏ဖြေဆိုချက်က ယနေ့ ကျွန်ုပ်တို့အတွက် အလွန်အရေးပါသည်။ စစ်မှန်သောဝတ်ပြုရေးတွင် အရေးကြီးဆုံးအရာအမြဲဖြစ်ခဲ့ပြီး ထိုသို့အမြဲဖြစ်သွားမည့်အရာကို ကိုယ်တော် အကျဉ်းချုပ်ဖြေဆိုခဲ့သည်။ တရားဟောရာ ၆:၅ ကို ယေရှုကိုးကား၍ ‘“သင်၏ဘုရားသခင်ကို စိတ်နှလုံးအကြွင်းမဲ့၊ ဉာဏ်ရှိသမျှနှင့်ချစ်လော့” ဟူသောပညတ်သည် ပထမပညတ်ဖြစ်၏။ ကြီးမြတ်သောပညတ်လည်းဖြစ်၏’ ဟုဖြေဆိုလေသည်။ ဖာရိရှဲသည် ပညတ်တစ်ခုတည်းကိုသာမေးသော်လည်း ယေရှုက ဝတ်ပြုရာ ၁၉:၁၈ ကိုကိုးကား၍ “‘ကိုယ်နှင့်စပ်ဆိုင်သောသူကို ကိုယ်နှင့်အမျှချစ်လော့’ ဟူသောဒုတိယပညတ်သည် ပထမပညတ်နှင့်သဘောတူ၏” ဟုထပ်မံဖြေဆိုသည်။ ထိုပညတ်နှစ်ခုစလုံးသည် စစ်မှန်သောဝတ်ပြုရေးတွင် အရေးပါကြောင်း ယေရှုဖော်ပြခဲ့၏။ အခြားပညတ်များ၏အရေးကြီးပုံကို နံပါတ်စဉ်ချမှတ်ပေးဖို့ သူတို့ဆက်မတောင်းဆိုစေရန် ကိုယ်တော် ဤသို့နိဂုံးချုပ်လိုက်သည်– “ဤပညတ်နှစ်ပါးတို့ကား ပညတ္တိကျမ်းနှင့် အနာဂတ္တိကျမ်းရှိသမျှတို့၏ အချုပ်အခြာပင်ဖြစ်သတည်း။” (မဿဲ ၂၂:၃၇-၄၀) ဤဆောင်းပါးတွင် ထိုပညတ်နှစ်ခုမှ အကြီးမြတ်ဆုံးပညတ်ကို ဆွေးနွေးပါမည်။ ကျွန်ုပ်တို့သည် ဘုရားသခင်ကို အဘယ်ကြောင့်ချစ်ရမည်နည်း။ ဘုရားသခင်ကိုချစ်ကြောင်း မည်သို့တင်ပြနိုင်သနည်း။ ထိုမေတ္တာကို မည်သို့ပြုစုပျိုးထောင်နိုင်မည်နည်း။ ယေဟောဝါ၏စိတ်တော်နှင့်တွေ့နိုင်ရန် ကိုယ်တော်ကို ကျွန်ုပ်တို့၏နှလုံးအကြွင်းမဲ့၊ စိုးလ်ရှိသမျှ၊ ဉာဏ်ရှိသမျှနှင့်ချစ်ရမည်ဖြစ်သောကြောင့် ထိုမေးခွန်းများ၏အဖြေကိုသိရှိရန် အလွန်အရေးကြီးသည်။

ချစ်ခြင်းမေတ္တာ၏အရေးကြီးမှု

၄၊ ၅။ (က) ဖာရိရှဲသည် ယေရှု၏ဖြေဆိုချက်ကို အဘယ်ကြောင့်မအံ့သြခဲ့သနည်း။ (ခ) ယဇ်ပူဇော်ခြင်းထက် အဘယ်အရာက ဘုရားသခင်အတွက် ပို၍တန်ဖိုးရှိသနည်း။

၄ ယေရှုကိုမေးခွန်းထုတ်ခဲ့သော ဖာရိရှဲသည် ကိုယ်တော်၏ဖြေဆိုချက်ကြောင့် အံ့အားသင့်ပုံမရပေ။ လူများစွာသည် ဘုရားသခင်ကိုချစ်ကြောင်းတင်ပြရန် ပျက်ကွက်ကြသော်လည်း ယင်းသည် စစ်မှန်သောဝတ်ပြုရေး၏ အရေးကြီးကဏ္ဍဖြစ်ကြောင်း သူသိထားသည်။ တရားဇရပ်များတွင် ရှီမာ သို့မဟုတ် ယုံကြည်ကြောင်းဝန်ခံချက်ကို ကျယ်လောင်စွာဖတ်ရွတ်ရသည့်ထုံးစံရှိပြီး ယင်းတွင် ယေရှုကိုးကားခဲ့သော တရားဟောရာ ၆:၄-၉ မှ ကျမ်းပိုဒ်ပါဝင်သည်။ မာကုကျမ်းမှ ကျမ်းပြိုင်မှတ်တမ်းအရ ထိုဖာရိရှဲက ယေရှုကို ဤသို့ဆိုလေ၏– “အကယ်စင်စစ် ကိုယ်တော်သည် လျောက်ပတ်စွာမိန့်တော်မူပြီ။ ‘ဘုရားသခင်တစ်ဆူတည်းရှိတော်မူ၏။ ထိုဘုရားသခင်မှတစ်ပါး အခြားသောဘုရားသခင်မရှိ။’ ထိုဘုရားသခင်ကို စိတ်နှလုံးအကြွင်းမဲ့၊ ဉာဏ်ရှိသမျှ၊ အစွမ်းသတ္တိရှိသမျှနှင့်ချစ်ခြင်း၊ ကိုယ်နှင့်စပ်ဆိုင်သောသူကိုလည်း ကိုယ်နှင့်အမျှချစ်ခြင်းအကျင့်သည် မီးရှို့သောယဇ်ကောင်မှစ၍ ယဇ်အမျိုးမျိုးတို့ကို ပူဇော်ခြင်းအကျင့်ထက် သာ၍မြတ်ပါသည်။”—မာကု ၁၂:၃၂၊ ၃၃။

၅ ပညတ်တရားက ယဇ်ပူဇော်ရန် တောင်းဆိုသော်လည်း ဘုရားသခင်အတွက် အမှန်အရေးကြီးသည်မှာ မိမိကျေးကျွန်များ၏ နှလုံးအကြွင်းမဲ့ချစ်သောမေတ္တာပင်တည်း။ စိတ်ရင်းမှန်မရှိဘဲ သိုးထီးတစ်ထောင်ပူဇော်ခြင်းထက် ဘုရားသခင်ကိုချစ်သောမေတ္တာ၊ ဆည်းကပ်ဝတ်ပြုခြင်းတို့ဖြင့် စာငှက်တစ်ကောင်ပူဇော်ခြင်းက သာ၍တန်ဖိုးရှိသည်။ (မိက္ခာ ၆:၆-၈) ယေရုရှလင်ရှိဝတ်ပြုရာအိမ်တော်တွင် ယေရှုသတိပြုမိသည့် ဆင်းရဲသောမုဆိုးမတစ်ဦး၏ အဖြစ်အပျက်ကို ပြန်အမှတ်ရပါ။ ဘဏ္ဍာတိုက်တွင် သူသွင်းချလိုက်သောဒ င်္ဂါးနှစ်ပြားဖြင့် စာငှက်တစ်ကောင်ကိုပင် မဝယ်နိုင်ပေ။ သို့တိုင် မိမိတို့စည်းစိမ်ထဲက နုတ်၍ပေးသော ချမ်းသာသူတို့၏အလှူထက် ယေဟောဝါကို နှလုံးအကြွင်းမဲ့ချစ်သောမေတ္တာဖြင့် လှူဒါန်းခြင်းကို ကိုယ်တော် ပို၍တန်ဖိုးထားသည်။ (မာကု ၁၂:၄၁-၄၄) ကျွန်ုပ်တို့၏အခြေအနေ မည်သို့ပင်ရှိပါစေ ကျွန်ုပ်တို့အားလုံးပြသနိုင်သည့် ချစ်မေတ္တာကို ယေဟောဝါတန်ဖိုးအထားဆုံးဖြစ်ကြောင်း သိရှိရခြင်းက အလွန်အားရှိစရာပင်။

၆။ မေတ္တာ၏အရေးကြီးမှုနှင့်ပတ်သက်၍ ပေါလု မည်သို့ရေးသားခဲ့သနည်း။

၆ စစ်မှန်သောဝတ်ပြုရေးတွင် မေတ္တာ၏အရေးပါမှုကို အလေးပေးလျက် တမန်တော်ပေါလု ဤသို့ရေးခဲ့၏– “ငါသည် လူဘာသာစကားကိုလည်းကောင်း၊ ကောင်းကင်တမန်ဘာသာစကားကိုလည်းကောင်း ပြောနိုင်သော်လည်း မေတ္တာမရှိလျှင် အသံမြည်သောတံပိုးခရာကဲ့သို့လည်းကောင်း၊ တီးသံကိုသာပေးတတ်သော လင်းကွင်းကဲ့သို့လည်းကောင်းဖြစ်၏။ ပရောဖက်ဉာဏ်ကိုငါရ၍ နက်နဲသောအရာရှိသမျှတို့နှင့် သိပ္ပံအတတ်အမျိုးမျိုးကို တတ်သော်လည်းကောင်း၊ တောင်များကိုရွှေ့နိုင်သော ယုံကြည်ခြင်းအမျိုးမျိုးနှင့် ပြည့်စုံသော်လည်းကောင်း မေတ္တာမရှိလျှင် အချည်းနှီးသက်သက်ဖြစ်၏။ သူတစ်ပါးကို ငါကျွေးမွေး၍ ဥစ္စာရှိသမျှကို စွန့်ကြဲသည်သာမက ကိုယ်ခန္ဓာကိုမီးရှို့စေခြင်းငှာအပ်သော်လည်း မေတ္တာမရှိလျှင် ငါ၌အကျိုးမရှိ။” (၁ ကောရိန္သု ၁၃:၁-၃) ရှင်းနေသည်မှာ ကျွန်ုပ်တို့၏ဝတ်ပြုရေးကို ဘုရားသခင်နှစ်သက်စေလိုလျှင် ချစ်ခြင်းမေတ္တာ မရှိမဖြစ်လိုအပ်၏။ သို့ဆိုလျှင် ယေဟောဝါကိုချစ်ကြောင်း မည်သို့တင်ပြနိုင်မည်နည်း။

ယေဟောဝါကိုချစ်ကြောင်း တင်ပြနိုင်ပုံ

၇၊ ၈။ ယေဟောဝါကိုချစ်ကြောင်း ကျွန်ုပ်တို့ မည်သို့တင်ပြနိုင်သနည်း။

၇ သမီးရည်းစားမေတ္တာကိုရည်ညွှန်းကာ မေတ္တာဟူသည် ကျွန်ုပ်တို့မထိန်းချုပ်နိုင်သော စိတ်လှုပ်ရှားမှုတစ်ရပ်ဟု လူအများယူဆကြ၏။ သို့သော် မေတ္တာစစ်ဟူသည် ခံစားချက်သက်သက်မျှမဟုတ်ပါ။ ယင်းကို စိတ်ကူးစိတ်သန်းဖြင့်မဟုတ်ဘဲ လုပ်ရပ်ဖြင့်ထင်ရှားဖော်ပြရသည်။ သမ္မာကျမ်းစာက မေတ္တာကို ကျွန်ုပ်တို့ “မီအောင်လိုက်” ရမည့် “သာ၍မြတ်သောလမ်း” အဖြစ်ရည်ညွှန်းထားသည်။ (၁ ကောရိန္သု ၁၂:၃၁; ၁၄:၁) “စကားပြောကာမျှအားဖြင့်သာမချစ်ဘဲ စိတ်ပါကိုယ်ရောက် ဧကန်အမှန်ချစ်ကြ” ရန် ခရစ်ယာန်များကို တိုက်တွန်းထား၏။—၁ ယောဟန် ၃:၁၈။

၈ ဘုရားသခင်ကိုချစ်သောမေတ္တာက ကိုယ်တော်နှစ်သက်ရာကို လုပ်ဆောင်ရန်၊ ကိုယ်တော်၏အကြွင်းမဲ့ပိုင်သအုပ်စိုးမှုကို အပြောရော၊ အလုပ်အားဖြင့်ပါ ကာကွယ်ထောက်ခံရန် စေ့ဆော်ပေးသည်။ လောကနှင့်ယင်း၏တရားမဲ့လမ်းစဉ်ကို မချစ်မိရန် လှုံ့ဆော်ပေးသည်။ (၁ ယောဟန် ၂:၁၅၊ ၁၆) ဘုရားသခင်ကိုချစ်သောသူတို့သည် မကောင်းမှုကို ရွံရှာမုန်းတီးကြသည်။ (ဆာလံ ၉၇:၁၀) ဘုရားသခင်ကိုချစ်ခြင်းတွင် ကိုယ်နှင့်စပ်ဆိုင်သူကိုချစ်ခြင်းလည်း ပါဝင်ပတ်သက်သည်ကို နောက်ဆောင်းပါးတွင် သုံးသပ်ကြမည်။ ဘုရားသခင်ကိုချစ်သည်ဟုဆိုရာတွင် နာခံမှုရှိဖို့လည်း လိုအပ်သည်။ “ပညတ်တော်တို့ကိုစောင့်ခြင်းအရာသည် ဘုရားသခင်ကိုချစ်ရာရောက်၏။ ပညတ်တော်တို့ကို စောင့်ခဲသည်မဟုတ်” ဟုကျမ်းစာက ဖော်ပြ၏။—၁ ယောဟန် ၅:၃။

၉။ ယေရှုသည် ဘုရားသခင်ကိုချစ်ကြောင်း မည်သို့တင်ပြခဲ့သနည်း။

၉ ဘုရားသခင်ကိုချစ်ခြင်းဟူသည် အဘယ်အရာကိုဆိုလိုကြောင်း ယေရှု ပြည့်ဝစုံလင်စွာဖော်ပြခဲ့၏။ ထိုမေတ္တာက ကိုယ်တော်အား ကောင်းကင်ကိုစွန့်ခွာကာ လူသားတစ်ဦးအဖြစ် မြေကြီးပေါ်တွင်နေထိုင်ရန် လှုံ့ဆော်ခဲ့သည်။ မေတ္တာက ကိုယ်တော်လုပ်ဆောင်၊ သွန်သင်ခဲ့ရာများအားဖြင့် ခမည်းတော်၏ဘုန်းထင်ရှားစေရန် လှုံ့ဆော်ပေးသည်။ “အသေခံခြင်းတိုင်အောင်” နာခံမှုပြရန် ကိုယ်တော်ကိုစေ့ဆော်ခဲ့သည်။ (ဖိလိပ္ပိ ၂:၈) ကိုယ်တော့်မေတ္တာ၏သာဓကဖြစ်သော ထိုနာခံမှုက သစ္စာရှိသူများကို ဘုရားသခင့်ရှေ့ ဖြောင့်မတ်သောအနေအထားရရှိရန် လမ်းဖွင့်ပေးသည်။ “တစ်ယောက်သောသူ[အာဒံ]သည် နားမထောင်သောအားဖြင့် လူများတို့သည် အပြစ်ရောက်သည်နည်းတူ တစ်ယောက်သောသူ[ယေရှုခရစ်]သည် နားထောင်သောအားဖြင့် လူများတို့သည် ဖြောင့်မတ်ရာသို့ရောက်ရကြ၏” ဟုပေါလုရေးခဲ့သည်။—ရောမ ၅:၁၉။

၁၀။ ဘုရားသခင်ကိုချစ်ခြင်းတွင် အဘယ်ကြောင့် နာခံမှုပါဝင်ပတ်သက်နေသနည်း။

၁၀ ကျွန်ုပ်တို့လည်း ယေရှုနည်းတူ နာခံမှုရှိခြင်းဖြင့် ဘုရားသခင်ကိုချစ်ကြောင်း တင်ပြကြသည်။ ယေရှု၏အချစ်ဆုံးတမန်တော် ယောဟန်က “ပညတ်တော်တို့အတိုင်း ကျင့်စောင့်ခြင်းအရာသည် ချစ်ရာရောက်၏” ဟုရေးခဲ့သည်။ (၂ ယောဟန် ၆) ယေဟောဝါအား နှစ်နှစ်ကာကာချစ်မြတ်နိုးသူများသည် ကိုယ်တော့်လမ်းပြမှုကို လိုလားကြသည်။ မိမိတို့ဘာသာ အောင်မြင်စွာမရပ်တည်နိုင်ကြောင်း အသိအမှတ်ပြုကာ ဘုရားသခင့်ဉာဏ်ပညာကို ယုံကြည်ကိုးစားပြီး ကိုယ်တော့် မေတ္တာပါလမ်းညွှန်ချက်များကို လက်အောက်ခံကြသည်။ (ယေရမိ ၁၀:၂၃) သူတို့သည် ‘အလွန်ကြည်ညိုသောစေတနာစိတ်နှင့် နှုတ်မြွက်တရားတော်ကိုခံယူ’ ကြသည့် စိတ်ထားမြင့်မြတ်သော ရှေးဗေရိမြို့သားများကဲ့သို့ ဘုရားသခင့်အလိုတော်အတိုင်း လိုက်လျှောက်လိုသည့်ဆန္ဒ ပြင်းပြကြသည်။ (တမန်တော် ၁၇:၁၁) ဘုရားသခင့်အလိုတော်ကို ပို၍နားလည်နိုင်ရန် ကျမ်းစာကို စေ့စေ့လေ့လာကြသည်။ ယင်းက နာခံမှုရှိရှိလုပ်ဆောင်ခြင်းဖြင့် မေတ္တာတင်ပြနိုင်ရန် ကူညီပေးသည်။

၁၁။ ဘုရားသခင်ကို စိတ်နှလုံးအကြွင်းမဲ့၊ ဉာဏ်ရှိသမျှ၊ စိုးလ်ရှိသမျှ၊ အစွမ်းခွန်အားရှိသမျှနှင့်ချစ်လော့ဟူသည် အဘယ်အရာကိုဆိုလိုသနည်း။

၁၁ ယေရှုမိန့်ဆိုသည့်အတိုင်း ဘုရားသခင်ကိုချစ်ခြင်းတွင် စိတ်နှလုံးအကြွင်းမဲ့၊ ဉာဏ်ရှိသမျှ၊ စိုးလ်ရှိသမျှ၊ အစွမ်းခွန်အားရှိသမျှ ပါဝင်ပတ်သက်သည်။ (မာကု ၁၂:၃၀၊ ကဘ) ထိုချစ်ခြင်းမေတ္တာသည် ကျွန်ုပ်တို့၏ခံစားချက်၊ အလိုဆန္ဒ၊ အတွေးအခေါ်များပါဝင်သော စိတ်နှလုံးမှပေါက်ဖွားလာပြီး ယေဟောဝါ၏နှစ်သက်မှုရလိုသော ဆန္ဒပြင်းပြစေသည်။ ကိုယ်တော်ကို ကျွန်ုပ်တို့၏ဉာဏ်ရှိသမျှဖြင့်လည်း ချစ်ကြသည်။ ဘာမျှမသိနားမလည်၍ မဟုတ်ဘဲ ယေဟောဝါ၏အရည်အသွေးများ၊ စံနှုန်းများနှင့် ရည်ရွယ်ချက်များကို သိရှိလာ၍ ဆည်းကပ်ဝတ်ပြုနေခြင်းဖြစ်သည်။ ထို့ပြင် ကျွန်ုပ်တို့အသက်ရှင်နေသရွေ့ စိုးလ်ရှိသမျှဖြင့် ကိုယ်တော်အား ဝတ်ပြုချီးမွမ်းကြသည်။ ကျွန်ုပ်တို့၏အစွမ်းခွန်အားရှိသမျှကိုလည်း ယင်းအတွက် အသုံးပြုနေကြသည်။

ယေဟောဝါကို အဘယ်ကြောင့်ချစ်မြတ်နိုးသင့်

၁၂။ ဘုရားသခင်သည် မိမိကိုချစ်မြတ်နိုးရန် အဘယ်ကြောင့် တောင်းဆိုတော်မူသနည်း။

၁၂ ယေဟောဝါကိုချစ်မြတ်နိုးသင့်သည့် အကြောင်းရင်းတစ်ခုမှာ ကိုယ်တော်၏အရည်အသွေးများကိုတုပရန် ကိုယ်တော် တောင်းဆိုထားသောကြောင့်ဖြစ်၏။ ဘုရားသခင်သည် ချစ်ခြင်းမေတ္တာ၏ ရင်းမြစ်နှင့် အကြီးမြတ်ဆုံးစံနမူနာရှင်ဖြစ်၏။ “ဘုရားသခင်သည် ချစ်ခြင်းမေတ္တာဖြစ်တော်မူ၏” ဟုတမန်တော်ယောဟန် ရေးသားခဲ့သည်။ (၁ ယောဟန် ၄:၈) လူတို့သည် ဘုရားသခင်၏ပုံသဏ္ဍာန်နှင့်အညီ ဖန်ဆင်းခံရသည်၊ မေတ္တာပြရန် ဖန်ဆင်းခံရသည်။ အမှန်မှာ ယေဟောဝါ၏အကြွင်းမဲ့ပိုင်သအုပ်စိုးမှုသည် မေတ္တာကိုအခြေခံသည်။ မိမိကိုချစ်မြတ်နိုးပြီး မိမိ၏ဖြောင့်မတ်သော အုပ်ချုပ်နည်းကိုနှစ်သက်သောကြောင့် ဝတ်ပြုကြသူများကိုသာ ကိုယ်တော်လိုလားတော်မူသည်။ အမှန်မှာ သတ္တဝါအားလုံး ငြိမ်သက်ညီညွတ်ရေးတွင် မေတ္တာသည် မရှိမဖြစ်လိုအပ်၏။

၁၃။ (က) ‘သင်၏ဘုရားသခင်ကို ချစ်လော့’ ဟူ၍ ဣသရေလလူတို့ကို အဘယ်ကြောင့်မိန့်ဆိုရသနည်း။ (ခ) လူတို့၏ချစ်တုံ့ပြန်မှုကို ယေဟောဝါမျှော်လင့်ခြင်းသည် အဘယ်ကြောင့် ကျိုးကြောင်းဆီလျော်သနည်း။

၁၃ ယေဟောဝါကိုချစ်မြတ်နိုးရသည့် နောက်အကြောင်းရင်းတစ်ခုမှာ ကျွန်ုပ်တို့အတွက် ကိုယ်တော်လုပ်ဆောင်ခဲ့ရာများကို ကျေးဇူးတင်လေးမြတ်သောကြောင့်ဖြစ်၏။ ‘သင်၏ဘုရားသခင် ယေဟောဝါကိုချစ်ရမည်’ ဟူ၍ဂျူးတို့အား ယေရှုမိန့်ဆိုခဲ့သည်ကို ပြန်သုံးသပ်ပါ။ သူတို့မသိကျွမ်းသော ဘုရားတစ်ပါးကိုချစ်ရန် မိန့်ဆိုနေခြင်းမဟုတ်ပေ။ မိမိတို့ကိုမေတ္တာပြခဲ့သော ဘုရားသခင်အား သူတို့ချစ်မြတ်နိုးရမည်ဖြစ်၏။ ယေဟောဝါသည် သူတို့၏ဘုရားသခင်ဖြစ်တော်မူ၏။ ကိုယ်တော်သာလျှင် သူတို့ကို အီဂျစ်ပြည်မှ ကတိထားရာပြည်သို့ ခေါ်ဆောင်ခဲ့သူ၊ သူတို့ကိုကာကွယ်ပေးပြီး အသက်ဆက်စေခဲ့သူ၊ သူတို့ကိုချစ်မြတ်နိုးကာ မေတ္တာဖြင့် ဆုံးမပဲ့ပြင်ပေးခဲ့သူဖြစ်တော်မူ၏။ ယနေ့ ယေဟောဝါသည် ကျွန်ုပ်တို့၏ဘုရားသခင်ဖြစ်တော်မူပြီး ကျွန်ုပ်တို့ထာဝရအသက်ရရန် ကိုယ်တော့်သားတော်ကို ရွေးနုတ်ဖိုးအဖြစ် ပေးဆက်ခဲ့သည်။ ထို့ကြောင့် ကိုယ်တော်ကိုချစ်တုံ့ပြန်ရန် ကျွန်ုပ်တို့ထံမှ မျှော်လင့်ခြင်းသည် ကျိုးကြောင်းဆီလျော်လှ၏။ ကျွန်ုပ်တို့၏မေတ္တာသည် အတုံ့အလှည့်ရှိသည်။ ကျွန်ုပ်တို့ကိုချစ်တော်မူသော ဘုရားသခင်ကို ချစ်တုံ့ပြန်ရန်ဖြစ်သည်။ ကျွန်ုပ်တို့၏မေတ္တာသည် ကျွန်ုပ်တို့ကို “ရှေးဦးစွာချစ်တော်မူသော” ဘုရားသခင်အတွက်ဖြစ်၏။—၁ ယောဟန် ၄:၁၉။

၁၄။ ယေဟောဝါ၏မေတ္တာသည် အဘယ်နည်းဖြင့် မိဘမေတ္တာနှင့်ဆင်တူသနည်း။

၁၄ လူတို့ကို ယေဟောဝါချစ်သောမေတ္တာသည် သားသမီးအပေါ်ထားရှိသော မိဘမေတ္တာနှင့်ဆင်တူ၏။ မစုံလင်သော်လည်း မေတ္တာရှိသောမိဘတို့သည် သားသမီးများကို နှစ်ပေါင်းများစွာကျွေးမွေးပြုစုရာတွင် ရုပ်ပစ္စည်းရော အခြားအရာများကိုပါ အကြီးအကျယ်ပေးဆပ်ခဲ့ရသည်။ မိဘများသည် သားသမီးများကိုပျော်ရွှင်စေလိုပြီး အောင်မြင်ထွန်းပေါက်စေလိုသောကြောင့် သူတို့ကို သွန်သင်၊ အားပေး၊ ထောက်ပံ့ကာ ဆုံးမကြသည်။ မိဘများ အဘယ်အရာကို ပြန်မျှော်လင့်သနည်း။ မိမိတို့ကို သားသမီးများချစ်မြတ်နိုးပြီး သူတို့ကောင်းကျိုးအတွက် မိမိတို့ပြောသမျှကို နှလုံးသွင်းစေလိုသည်။ သို့ဆိုလျှင် စုံလင်သောကောင်းကင်ခမည်းတော် လုပ်ဆောင်ပေးခဲ့ရာအားလုံးအတွက် ကျေးဇူးတင်လေးမြတ်ကြောင်းတင်ပြရန် ကိုယ်တော်မျှော်လင့်ခြင်းက ကျိုးကြောင်းဆီလျော်သည်မဟုတ်လော။

ဘုရားသခင်ကိုချစ်သောမေတ္တာ ပြုစုပျိုးထောင်ခြင်း

၁၅။ ယေဟောဝါကိုချစ်သောမေတ္တာ ပြုစုပျိုးထောင်ရာတွင် ဦးဆုံးခြေလှမ်းကား အဘယ်နည်း။

၁၅ ကျွန်ုပ်တို့သည် ဘုရားသခင်ကိုမမြင်ဖူး၊ ကိုယ်တော်၏အသံကိုလည်း မကြားဖူးကြပါ။ (ယောဟန် ၁:၁၈) သို့တိုင် ကိုယ်တော်နှင့်ရင်းနှီးသောဆက်ဆံရေးရှိရန် ကိုယ်တော်ဖိတ်ခေါ်တော်မူ၏။ (ယာကုပ် ၄:၈) ကျွန်ုပ်တို့ မည်သို့တုံ့ပြန်မည်နည်း။ ပုဂ္ဂိုလ်တစ်ဦးကိုချစ်နိုင်ရန် ဦးဆုံးခြေလှမ်းမှာ ထိုသူအကြောင်းကိုသိရှိအောင် လေ့လာခြင်းဖြစ်၏။ ကျွန်ုပ်တို့နှင့်မသိကျွမ်းသူတစ်ဦးကိုချစ်ရန် ခက်လိုက်လေခြင်း။ ယေဟောဝါသည် မိမိအကြောင်းလေ့လာသိရှိနိုင်ရန် သမ္မာကျမ်းစာ ပေးထားသည်။ ထို့ကြောင့် ကျမ်းစာကိုနေ့စဉ်ဖတ်ရှုကြရန် ကိုယ်တော့်အဖွဲ့အစည်းမှတစ်ဆင့် ယေဟောဝါရှင် တိုက်တွန်းနေရခြင်းဖြစ်၏။ ဘုရားသခင်အကြောင်း၊ ကိုယ်တော်၏ဂုဏ်ရည်တော်များ၊ ဥပဓိရုပ်အပြင် နှစ်ပေါင်းတစ်လျှောက် လူတို့နှင့်ဆက်ဆံခဲ့ပုံအကြောင်းတို့ကိုပါ သမ္မာကျမ်းစာက သင်ကြားပေးသည်။ ယင်းတို့ကို တွေးတောဆင်ခြင်သည့်အခါ ကိုယ်တော်အား ကျေးဇူးတင်စိတ်နှင့်ချစ်မေတ္တာ တဖွားဖွားပေါ်လာပေမည်။—ရောမ ၁၅:၄။

၁၆။ ယေရှု၏ဓမ္မအမှုလုပ်ငန်းကို ပြန်သုံးသပ်ခြင်းက ဘုရားသခင်ကိုချစ်သောမေတ္တာ မည်သို့တိုးပွားစေသနည်း။

၁၆ ယေဟောဝါကိုချစ်သောမေတ္တာ တိုးပွားစေနိုင်သည့် အဓိကနည်းလမ်းမှာ ယေရှု၏ အသက်တာနှင့်ဓမ္မအမှုလုပ်ငန်းအကြောင်း တွေးတောခြင်းဖြစ်၏။ ယေရှုသည် ခမည်းတော်ကို ပြည့်ဝစုံလင်စွာတုပခဲ့ရာ “ငါ့ကိုမြင်သောသူသည် ခမည်းတော်ကိုမြင်၏” ဟုမိန့်ဆိုနိုင်ခဲ့ခြင်းဖြစ်သည်။ (ယောဟန် ၁၄:၉) မုဆိုးမ၏တစ်ဦးတည်းသောသားကို အသက်ပြန်ရှင်စေခဲ့ချိန်တွင် ယေရှု၏သနားကြင်နာမှုကြောင့် သင့်စိတ်ထိမိသွားသည်မဟုတ်လော။ (လုကာ ၇:၁၁-၁၅) ဘုရားသခင်၏သားတော်၊ အသက်ရှင်ခဲ့သမျှတွင် အကြီးမြတ်ဆုံးလူသားဖြစ်သော ကိုယ်တော်သည် တပည့်များ၏ခြေကို နှိမ့်ချစွာဆေးကြောခဲ့ကြောင်း သိရသည့်အတွက် စိတ်ကြည်နူးရသည်မဟုတ်လော။ (ယောဟန် ၁၃:၃-၅) ကိုယ်တော်သည် အကြီးမြတ်ဆုံး၊ ပညာအရှိဆုံးပုဂ္ဂိုလ်ဖြစ်သော်လည်း ကလေးများအပါအဝင် လူအားလုံးချဉ်းကပ်ရလွယ်သူဖြစ်ကြောင်း သိရခြင်းက သင့်ကို ဘဝင်ခိုက်စေသည်မဟုတ်လော။ (မာကု ၁၀:၁၃၊ ၁၄) ယင်းတို့ကို လေးလေးနက်နက် တွေးတောဆင်ခြင်သည်နှင့်အမျှ ကျွန်ုပ်တို့လည်း “ထိုသခင်ကို သင်တို့သည် မမြင်ဖူးသော်လည်း ချစ်ကြ၏” ဟုပေတရုရေးသားခဲ့သော ခရစ်ယာန်များကဲ့သို့ ဖြစ်လာပါလိမ့်မည်။ (၁ ပေတရု ၁:၈) ယေရှုကိုချစ်သောမေတ္တာ တိုးပွားလာသည်နှင့်အမျှ ယေဟောဝါကိုချစ်သောမေတ္တာလည်း တိုးပွားလာပါလိမ့်မည်။

၁၇၊ ၁၈။ ယေဟောဝါရှင်၏ အဘယ်ပြင်ဆင်ပေးချက်များကို တွေးတောဆင်ခြင်ခြင်းက ကိုယ်တော့်အပေါ် ကျွန်ုပ်တို့၏မေတ္တာကို တိုးပွားစေမည်နည်း။

၁၇ ဘုရားသခင်ကိုချစ်သောမေတ္တာ တိုးပွားစေနိုင်သည့် နောက်တစ်နည်းမှာ ကျွန်ုပ်တို့အသက်တာတွင် ပျော်မွေ့စေရန် ကိုယ်တော်ပြင်ဆင်ပေးရာများကို တွေးတောဆင်ခြင်ခြင်းအားဖြင့်ဖြစ်၏။ ယင်းတို့တွင် ဖန်ဆင်းရာများ၏အလှ၊ အရသာရှိသော စားကောင်းသောက်ဖွယ်အလျှံပယ်၊ မိတ်ဆွေရင်းချာတို့နှင့်ပေါင်းသင်းမှုအပြင် ကျွန်ုပ်တို့ကို ကျေနပ်ပျော်ရွှင်စေသောအရာများစွာပါဝင်သည်။ (တမန်တော် ၁၄:၁၇) ဘုရားသခင်အကြောင်း ပိုလေ့လာလေ၊ ကိုယ်တော်၏ကြွယ်ဝလှသော ကောင်းမြတ်ခြင်းနှင့် ရက်ရောခြင်းတို့ကို ကျေးဇူးတင်လေးမြတ်လာလေဖြစ်သည်။ သင့်အတွက် ယေဟောဝါလုပ်ဆောင်ပေးခဲ့ရာအားလုံးကို တွေးတောပါ။ ကိုယ်တော်ကို ကျွန်ုပ်တို့ချစ်မြတ်နိုးထိုက်သည် မဟုတ်ပေလော။

၁၈ ဘုရားသခင်ထံမှလာသော ဆုကျေးဇူးများစွာတွင် ‘ဆုတောင်းချက်ကို နားထောင်တော်မူသော’ ကိုယ်တော်ထံ အချိန်မရွေး ချဉ်းကပ်ဆုတောင်းခွင့်ရရှိခြင်းလည်းပါဝင်၏။ (ဆာလံ ၆၅:၂) ယေဟောဝါသည် အုပ်စိုးခွင့်နှင့် တရားစီရင်ခွင့်အာဏာနှစ်ခုစလုံးကို ချစ်သားတော်အား အပ်နှင်းခဲ့၏။ ဆုတောင်းချက်များ နားညောင်းခြင်းကိုမူ သားတော်အပါအဝင် မည်သူ့ကိုမျှ မအပ်နှင်းခဲ့ချေ။ ကျွန်ုပ်တို့၏ဆုတောင်းချက်များကို ကိုယ်တော်တိုင် နားထောင်တော်မူသည်။ ယေဟောဝါပြသသော မေတ္တာနှင့်အရေးစိုက်မှုတို့က ကိုယ်တော်ထံချဉ်းကပ်ရန် ကျွန်ုပ်တို့ကို ဆွဲဆောင်သည်။

၁၉။ အဘယ်ကတိတော်များက ကျွန်ုပ်တို့ကို ယေဟောဝါနှင့်ရင်းနှီးစေသနည်း။

၁၉ ထို့ပြင် လူတို့အတွက် ယေဟောဝါ သိုမှီးထားရာများအကြောင်း ကျွန်ုပ်တို့သုံးသပ်သည့်အခါ ယေဟောဝါနှင့်ရင်းနှီးလာသည်။ ဖျားနာခြင်း၊ ဝမ်းနည်းခြင်းနှင့် သေခြင်းတို့ကို အဆုံးတိုင်စေမည်ဟု ကိုယ်တော်ကတိပြုတော်မူ၏။ (ဗျာ. ၂၁:၃၊ ၄) လူသားတို့စုံလင်လာသည်နှင့် မည်သူမျှ စိတ်ဓာတ်ကျခြင်း၊ စိတ်ပျက်ခြင်းနှင့် ပူဆွေးဝမ်းနည်းခြင်းတို့ ခံစားရတော့မည်မဟုတ်ပါ။ ငတ်မွတ်ခြင်း၊ ဆင်းရဲနွမ်းပါးခြင်းနှင့် စစ်ဘေးတို့လည်း ရှိတော့မည်မဟုတ်ပါ။ (ဆာလံ ၄၆:၉; ၇၂:၁၆) ကမ္ဘာတစ်ခွင် ပရဒိသုဖြစ်လာမည်။ (လုကာ ၂၃:၄၃) ယေဟောဝါသည် ထိုကောင်းချီးများကို တာဝန်ရှိ၍မဟုတ်ဘဲ ကျွန်ုပ်တို့ကိုချစ်မြတ်နိုး၍ သွန်းလောင်းပေးမည်ဖြစ်၏။

၂၀။ ယေဟောဝါကိုချစ်သောမေတ္တာ၏ အကျိုးကျေးဇူးနှင့်ပတ်သက်၍ မောရှေ မည်သို့ပြောဆိုခဲ့သနည်း။

၂၀ ထို့ကြောင့် ယေဟောဝါကိုချစ်ရန်နှင့် ထိုမေတ္တာဆက်ရှင်သန်နေစေရန် အကြောင်းရင်းများရှိပါသည်။ ယေဟောဝါ၏လမ်းညွှန်ချက်များကိုခံယူကာ ကိုယ်တော်ကိုချစ်သောမေတ္တာ ဆက်၍ရှင်သန်စေမည်လော။ သင်ရွေးချယ်ပါလေ။ ယေဟောဝါကိုချစ်သောမေတ္တာ ပြုစုပျိုးထောင်ခြင်းနှင့် ထိုမေတ္တာဆက်ရှင်သန်စေခြင်း၏ အကျိုးကျေးဇူးကို မောရှေအသိအမှတ်ပြုခဲ့သည်။ ရှေးဣသရေလလူတို့ကို သူဤသို့ပြောဆိုခဲ့၏– ‘သင်နှင့် သင့်အမျိုးအနွယ်သည် အသက်ရှင်မည်အကြောင်း . . . သင်၏ဘုရားသခင်ကိုချစ်၍ စကားတော်ကိုနားထောင်သဖြင့် အသက်ရှင်ခြင်းအကျိုး၊ အသက်တာရှည်ခြင်းအကျိုးကိုပေးတော်မူသော ကိုယ်တော်ကို ဆည်းကပ်မှီဝဲမည်အကြောင်း . . . အသက်တရားကို ရွေးယူလော့။’—တရားဟောရာ ၃၀:၁၉၊ ၂၀။

သင်မှတ်မိသလော

• ယေဟောဝါကိုချစ်မြတ်နိုးရန် အဘယ်ကြောင့် အရေးကြီးသနည်း။

• ဘုရားသခင်ကိုချစ်ကြောင်း မည်သို့တင်ပြနိုင်သနည်း။

• ယေဟောဝါကိုချစ်မြတ်နိုးရန် အဘယ်အကြောင်းရင်းများရှိသနည်း။

• ဘုရားသခင်အားချစ်သောမေတ္တာကို မည်သို့ ပြုစုပျိုးထောင်နိုင်သနည်း။

[စာမျက်နှာ ၂၀ ပါ ရုပ်ပုံ]

ကျွန်ုပ်တို့အားလုံးပြသနိုင်သည့် ချစ်မေတ္တာကို ယေဟောဝါ အမှန်တန်ဖိုးထား

[စာမျက်နှာ ၂၃ ပါ ရုပ်ပုံ]

“ငါ့ကိုမြင်သောသူသည် ခမည်းတော်ကိုမြင်၏။”—ယောဟန် ၁၄:၉

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ