ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၀၉ ၅/၁ စာ. ၁၀-၁၂
  • ဆယ်ကျော်သက်များကို လူကြီးဘဝအတွက် ပြင်ဆင်ပေးခြင်း

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ဆယ်ကျော်သက်များကို လူကြီးဘဝအတွက် ပြင်ဆင်ပေးခြင်း
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၉
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • မြီးကောင်ပေါက်အရွယ်—အရေးပါသော ဘဝအလှည့်အပြောင်းတစ်ခု
  • အောင်မြင်ရန် သော့ချက်များ
  • မိဘများအမေး
    လူငယ်များအမေး—တာသွားသည့်အဖြေ၊ အတွဲ ၁
  • ဆယ်ကျော်သက်အရွယ်—လူကြီးဘဝအတွက် ပြင်ဆင်နေ
    နိုးလော့!—၂၀၁၁
  • ဆယ်ကျော်သက်သားသမီးက သင့်ဘာသာရေးယုံကြည်ချက်ကို သံသယဝင်လာရင် ဘာလုပ်သင့်သလဲ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၂
  • မြီးကောင်ပေါက်များနှင့် ဆက်သွယ်ပြောဆိုခြင်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၈
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၉
က၀၉ ၅/၁ စာ. ၁၀-၁၂

မိသားစုပျော်ရွှင်မှု၏ သော့ချက်များ

ဆယ်ကျော်သက်များကို လူကြီးဘဝအတွက် ပြင်ဆင်ပေးခြင်း

“အရင်တုန်းက သားတွေနဲ့ စကားပြောရတာ သိပ်ပျော်ဖို့ကောင်းတာပဲ။ ကျွန်တော် ပြောတာကို သူတို့ဂရုစိုက် နားထောင်ပြီး ချက်ချင်း တုံ့ပြန်တတ်တယ်။ အခု ဆယ်ကျော်သက်အရွယ်ရောက်လာတော့ ကိစ္စတိုင်းအတွက် စကားများရတယ်။ ဝတ်ပြုရေးနဲ့ဆိုင်တဲ့ ကိစ္စတွေကိုတောင် သူတို့ စောဒကတက်လာတယ်။ ‘ကျမ်းစာအကြောင်းပြောဖို့ တကယ်လိုအပ်လို့လား’ လို့ မေးခွန်းထုတ်လာကြတယ်။ တခြားမိသားစုတွေမှာ ဒီလိုဖြစ်တာတွေကို တွေ့ခဲ့ပေမဲ့ ကျွန်တော့် မိသားစုမှာ ဒီလိုဖြစ်လာလိမ့်မယ်လို့ ကျွန်တော့်သားတွေ ဒီအရွယ်မရောက်ခင်တုန်းက တစ်ခါမှ မတွေးမိဘူး။”—ရယ်ဂျီ။a

သင်သည် မြီးကောင်ပေါက်အရွယ်တစ်ဦးကို ပြုစုပျိုးထောင်ပေးနေရသလော။ သို့ဆိုလျှင် သင်သည် သင့်ကလေးကြီးထွားမှု၏ စိတ်ဝင်စားဖွယ်အကောင်းဆုံး အပိုင်းနှင့် ကြုံတွေ့နေရခြင်း ဖြစ်သည်။ သို့သော် ယင်းသည် စိတ်ပျက်စရာအကောင်းဆုံး အပိုင်းလည်း ဖြစ်နိုင်သည်။ အောက်ပါအခြေအနေများကို သင်အကျွမ်းဝင်ပုံရသလော။

  • သင့်သား ငယ်ရွယ်စဉ်က သူသည် သင်္ဘောဆိပ်တွင်ချည်ထားသော သင်္ဘောကဲ့သို့ သင်နှင့် တတွဲတွဲပင်။ ယခု ဆယ်ကျော်သက်အရွယ် ရောက်လာသည်နှင့် ကြိုးကိုဆွဲကာ ရွက်လွှင့်ရန် အားသန်နေတော့သည်။ ထို့ပြင် သင်္ဘောပေါ်သို့ သင့်ကို မခေါ်လိုဟုလည်း သင်ခံစားနေရသည်။

  • သင့်သမီး ကလေးဘဝက သူသည် သင့်ကို အကုန်ပြောပြ၏။ ယခု ဆယ်ကျော်သက်အရွယ် ရောက်လာသောအခါ သူ၏သူငယ်ချင်းများနှင့် ‘ဝိုင်းဖွဲ့’ ကာ သင့်ကိုလည်း အဖွဲ့ဝင်အဖြစ် လက်မခံလိုဟု သင်ခံစားနေရသည်။

သင့်မိသားစုတွင် အလားတူဖြစ်ပျက်နေပါက သင့်ကလေးသည် ပြုပြင်ပြောင်းလဲ၍ မရတော့သော သူပုန်တစ်ဦး ဖြစ်သွားပြီဟု အလျင်အမြန် ကောက်ချက်မချလိုက်ပါနှင့်။ သို့ဆိုလျှင် အဘယ်အရာ ဖြစ်ပျက်နေသနည်း။ ထိုမေးခွန်းကို ဖြေဆိုရန် သင့်ကလေး၏ ဖွံ့ဖြိုးမှုတွင် မြီးကောင်ပေါက်အရွယ်သည် မည်မျှအရေးပါကြောင်း သုံးသပ်ကြည့်ကြစို့။

မြီးကောင်ပေါက်အရွယ်—အရေးပါသော ဘဝအလှည့်အပြောင်းတစ်ခု

မွေးဖွားချိန်မှစ၍ ကလေးတစ်ဦး၏ အသက်တာတွင် အရာရာတိုင်းကို ဦးဆုံးအကြိမ် လုပ်ဖူးခြင်းသာ ဖြစ်သည်။ အနည်းငယ်ကို ဖော်ပြရမည်ဆိုလျှင် လှမ်းလိုက်သော ဦးဆုံးခြေလှမ်း၊ ပြောလိုက်သော ဦးဆုံးစကားလုံး၊ ကျောင်းတက်ရသော ဦးဆုံးနေ့စသည်တို့ ဖြစ်သည်။ ထိုအလှည့်အပြောင်းတစ်ခုဆီကို ရောက်တိုင်း မိဘတို့ အလွန်ပျော်ရွှင်ကြသည်။ ထိုအရာတိုင်းသည် မိဘတို့တွေ့မြင်လိုသည့် ကြီးထွားဖွံ့ဖြိုးမှု၏သက်သေပင် ဖြစ်သည်။

မြီးကောင်ပေါက်အရွယ် ရောက်လာခြင်းသည်လည်း အလှည့်အပြောင်းတစ်ခု ဖြစ်သည်။ သို့သော် မိဘအချို့အတွက် ယင်းသည် ကိုင်တွယ်ရခက်သောအဆင့် ဖြစ်နိုင်သည်။ သူတို့၏ခံစားချက်ကို နားလည်ပေးနိုင်ပါသည်။ နာခံမှုရှိသော ကလေးတစ်ဦးအဖြစ်မှ သုန်မှုန်မှိုင်တွေသော ဆယ်ကျော်သက်တစ်ဦးအဖြစ် ပြောင်းလဲသွားသည်ကို မည်သည့်မိဘက ကြိုက်နှစ်သက်ပါမည်နည်း။ သို့တိုင် မြီးကောင်ပေါက်အရွယ်သည် သင့်ကလေး ဖွံ့ဖြိုးမှု၏ အရေးပါသောအပိုင်း ဖြစ်သည်။ မည်သည့်နည်းဖြင့်နည်း။

အချိန်တန်သောအခါ “ယောက်ျားသည် ကိုယ်မိဘကိုစွန့် . . . လိမ့်မည်” ဟု ကျမ်းစာ ဖော်ပြသည်။ (ကမ္ဘာဦး ၂:၂၄) မြီးကောင်ပေါက်အရွယ်၏ အဓိကဖြစ်စဉ်က ထိုဝမ်းနည်းဝမ်းသာဖွယ်နေ့အတွက် သင့်သားသမီးကို ပြင်ဆင်ပေးသည်။ ထိုအချိန်တွင် သင့်သားသမီးသည် တမန်တော်ပေါလုနည်းတူ ဤသို့ပြောဆိုနိုင်သင့်သည်– “ငါသည် သူငယ်ဖြစ်စဉ်အခါ သူငယ်ကဲ့သို့ ပြောဆိုတတ်၏။ သူငယ်ကဲ့သို့ တွေးတောတတ်၏။ သူငယ်ကဲ့သို့ စဉ်းစားဆင်ခြင်တတ်၏။ ယခု လူလားမြောက်သောအခါ၌မူကား သူငယ်၏စရိုက်များကို ငါဖျောက်ပစ်၏။”—၁ ကောရိန္သု ၁၃:၁၁။

အမှန်အားဖြင့် သင့်သားသမီးသည် ဆယ်ကျော်သက်အရွယ်အတွင်း ထိုသို့ဖြစ်လာရန် ကြိုးစားနေခြင်း ဖြစ်၏။ ကလေးစရိုက်များကို ဖယ်ရှားကာ အိမ်ခွဲနေနိုင်လောက်သည့်အထိ ကိုယ့်ခြေပေါ် ကိုယ်ရပ်နိုင်သော၊ ရင့်ကျက်သော၊ တာဝန်ယူတတ်သော လူလားမြောက်သူတစ်ဦးဖြစ်ရန် သူ သင်ယူနေသည်။ အကိုးအကားစာအုပ်တစ်အုပ်က မြီးကောင်ပေါက်အရွယ်ကို “ရှည်လျားသော နှုတ်ဆက်ခွဲခွာချိန်” အဖြစ် ဖော်ပြသည်။

သို့သော် သင့်သားသမီး “ငယ်” သည် ကိုယ့်အားကိုယ်ကိုးသူ ဖြစ်လာမည်ဟူသည့် အတွေးက လောလောဆယ် သင့်ကို သံသယဝင်စေပေမည်။ သင် ဤသို့မေးပေမည်–

  • “ငါ့သားက သူ့အခန်းကိုတောင် သန့်သန့်ရှင်းရှင်းထားဖို့ တာဝန်မယူတတ်တာ တိုက်ခန်းတစ်ခန်းကို သူဘယ်လို ထိန်းသိမ်းနိုင်မှာလဲ။”

  • “ငါ့သမီးက သတ်မှတ်ထားချိန်အတွင်းမှာတောင် အိမ်ပြန်မလာတတ်တာ ဘယ်လို အလုပ်မြဲမှာလဲ။”

ထိုအတွေးများဖြင့် စိတ်ပူနေပါက ဤအချက်ကို သတိရပါ– ကိုယ့်အားကိုယ်ကိုးခြင်းဟူသည် သင့်သားသမီး ဖြတ်လျှောက်သွားသော တံခါးဝ မဟုတ်ပါ။ သူခရီးနှင်နေသည့်လမ်း ဖြစ်ပြီး ထိုခရီးဆုံးရန် နှစ်နှင့်ချီ၍ ကြာသည်။ ယခုလောလောဆယ်တွင်မူ “မိုက်သောသဘောသည် သူငယ်၏စိတ်နှလုံးထဲမှာ ထုပ်ထားလျက်ရှိ” ကြောင်း သင်သိထားသည်။—သု. ၂၂:၁၅။

သို့သော် ကောင်းစွာ လမ်းညွှန်ပေးခြင်းဖြင့် သင့်ကလေးသည် မြီးကောင်ပေါက်အရွယ်မှ ‘အမှားအမှန်ကို ပိုင်းခြားသိမြင်နိုင်စွမ်း’ ရှိသော လူလားမြောက်သူအဖြစ် ကြီးပြင်းလာပါလိမ့်မည်။—ဟေဗြဲ ၅:၁၄။

အောင်မြင်ရန် သော့ချက်များ

သင်၏ မြီးကောင်ပေါက်အရွယ် သားသမီးအား အရွယ်ရောက်သူတစ်ဦးဖြစ်လာဖို့ ပြင်ဆင်ပေးရန် ပညာရှိဆုံးဖြတ်ချက်များကို သူ့ဘာသာသူ ချနိုင်သည့်အထိ သူ၏ “စဉ်းစားဆင်ခြင်နိုင်စွမ်း” တိုးတက်လာအောင် ကူညီပေးဖို့ လိုအပ်သည်။b (ရောမ ၁၂:၁၊ ၂) အောက်ပါ ကျမ်းစာမူများက ထိုသို့ပြုလုပ်နိုင်ရန် သင့်ကို ကူညီပေးပါလိမ့်မည်။

ဖိလိပ္ပိ ၄:၅– “သင်တို့၏ အကျိုးသင့်အကြောင်းသင့်သဘောကို လူအပေါင်းတို့ရှေ့တွင် ထင်ရှားစေကြလော့။” သင်၏ဆယ်ကျော်သက်အရွယ် ကလေးသည် အိမ်ပြန်ချိန် နောက်ဆုတ်ပေးရန် စသည်ဖြင့် အရာတစ်ခုကို တောင်းဆိုသည်။ ယင်းကို သင် ချက်ချင်း ငြင်းလိုက်၏။ ထိုအခါ “အဖေတို့က သားကို ကလေးလိုပဲ ဆက်ဆံတယ်” ဟု မြီးကောင်ပေါက်အရွယ်ကလေးက ညည်းညူသည်။ “မင်းက ကလေးလို လုပ်နေတာကိုး” ဟု သင်ပြန်မပြောမီ ဤအချက်ကို စဉ်းစားကြည့်ပါ– ဆယ်ကျော်သက်များသည် သူတို့ရသင့်သည်ထက် ပို၍လွတ်လပ်မှု တောင်းဆိုတတ်ပြီး မိဘများကလည်း သူတို့ပေးသင့်သလောက် လွတ်လပ်မှု မပေးလိုကြပေ။ သူ့အား ပို၍လွတ်လပ်မှုပေးရန် မကြာမကြာ စဉ်းစားပေးနိုင်မည်လော။ အနည်းဆုံး သင့်ဆယ်ကျော်သက်အရွယ် သားသမီး၏ ရှုမြင်ပုံကို စဉ်းစားပေးပါလေ။

ဤအရာကို ကြိုးစားကြည့်ပါ– သင့်မြီးကောင်ပေါက်အရွယ် သားသမီးအား လွတ်လပ်မှု အနည်းငယ် တိုးပေးနိုင်သည့် ကဏ္ဍတစ်ခုနှစ်ခုကို ချရေးကြည့်ပါ။ ဤလွတ်လပ်မှုကို အစမ်းသဘောဖြင့် တိုးပေးခြင်းဖြစ်ကြောင်း၊ ယင်းကို တာဝန်သိသိဖြင့် ကိုင်တွယ်အသုံးပြုနိုင်ပါက အချိန်တန်သော် ပို၍ရမည်ဖြစ်ကြောင်း၊ ထိုသို့မဟုတ်ပါက ပေးထားသော လွတ်လပ်မှုများကို ပြန်ရုပ်သိမ်းမည်ဖြစ်ကြောင်း သူ့ကို ရှင်းပြပါ။—မဿဲ ၂၅:၂၁။

ကောလောသဲ ၃:၂၁– “အဖဖြစ်သူတို့၊ သားသမီးများ ဒေါသထွက်ရန် မပြုကြနှင့်။ ထိုသို့ပြုလျှင် သူတို့သည် စိတ်ပျက်အားငယ်ကြလိမ့်မည်။” မိဘအချို့သည် သူတို့၏ ဆယ်ကျော်သက်အရွယ် သားသမီးကို အထိန်းအချုပ်လွန်ကြသည်။ မိမိတို့ရှိစေလိုသော လမ်းကြောင်းပေါ်တွင် ရှိနေစေရန် သူ့ကို မျက်စိဒေါက်ထောက် ကြည့်ကြသည်။ မည်သူနှင့်ပေါင်းရမည်ကို ရွေးပေးပြီး ဖုန်းပြောလျှင်လည်း တိတ်တဆိတ် နားထောင်ကြသည်။ သို့သော် ထိုနည်းများက ထင်သလိုဖြစ်မလာစေပေ။ ထိုသို့အကျဉ်းချထားခြင်းဖြင့် သူသည် ထိုအခြေအနေများမှ လွတ်လမ်းကို ပို၍ရှာလာပေမည်၊ သူ၏သူငယ်ချင်းများကို သင် အမြဲအပြစ်ရှာဝေဖန်ပါက သူတို့ကို သူပို၍ ကာကွယ်ပေးလာပေမည်၊ ဖုန်းပြောခြင်းကို တိတ်တဆိတ် နားထောင်ခြင်းကလည်း သင်မသိနိုင်သော အခြားနည်းများဖြင့် ဆက်သွယ်ရန် သူ့ကို လှုံ့ဆော်ပေးပေမည်။ သူ့ကိုထိန်းချုပ်နိုင်ရန် ပို၍ကြိုးပမ်းလေ နောက်ဆုံး ပို၍မထိန်းချုပ်နိုင်လေသာ ဖြစ်ပေမည်။ သင်၏ ဆယ်ကျော်သက်အရွယ် သားသမီးသည် သင်နှင့်အတူ နေထိုင်စဉ် ဘယ်တော့မျှ မိမိဘာသာ ဆုံးဖြတ်ချက် မချတတ်လာလျှင် အိမ်ခွဲသွားပြီးနောက် မည်သို့ ချတတ်လာပါမည်နည်း။

ဤအရာကို ကြိုးစားကြည့်ပါ– နောက်တစ်ကြိမ် သင့်ဆယ်ကျော်သက်အရွယ် သားသမီးနှင့် ကိစ္စတစ်ခုအကြောင်း ပြောဆိုချိန်တွင် သူ၏ရွေးချယ်မှုများက သူ့အပေါ် မည်သို့ အကျိုးသက်ရောက်နိုင်ကြောင်း ဆင်ခြင်နိုင်ရန် ကူညီပေးပါ။ ဥပမာ၊ သူ၏သူငယ်ချင်းများကို ဝေဖန်မည့်အစား “တကယ်လို့ [အမည်] က ဥပဒေချိုးဖောက်လို့ အဖမ်းခံရတယ်ဆိုရင် တခြားသူတွေက သားကို ဘယ်လို မြင်လာကြမလဲ” ဟုမေးပါ။ သူ၏ရွေးချယ်မှုများသည် သူ့ကို နာမည်ကောင်း ရစေသကဲ့သို့ နာမည်ပျက်စေနိုင်ကြောင်း သူသိမြင်လာရန် ကူညီပေးပါ။—သု. ၁၁:၁၇၊ ၂၂။ ၂၀:၁၁။

ဧဖက် ၆:၄– ‘သားသမီးများကို စိတ်ဆိုးစေရန် မပြုကြနှင့်။ ယေဟောဝါဘုရားသခင်၏ ဆုံးမပဲ့ပြင်ခြင်းနှင့် စိတ်သဘောတော်အတိုင်း မွေးမြူလျက်နေကြလော့။’ မူရင်းဂရိစကားတွင် “စိတ်သဘောတော်အတိုင်း” မွေးမြူခြင်းဟူသော စကားစုသည် စိတ်ပိုင်းဆိုင်ရာကို တည့်မတ်ပေးရန် ကြိုးစားသည့်ဖြစ်စဉ်ကို ရည်ညွှန်း၏။ ယင်းတွင် အချက်အလက်များကို သိစေခြင်းထက်မက ပါဝင်သည်။ ထို့ကြောင့် သားသမီးတို့အား ကိုယ်ကျင့်တရားဆိုင်ရာ အသိစိတ်နှင့်အညီ ပြုမူတတ်ရန် ထိန်းကျောင်းပဲ့ပြင်ပေးခြင်းကို ဆိုလိုသည်။ အထူးသဖြင့် သင့်သားသမီး မြီးကောင်ပေါက်အရွယ် ရောက်လာသောအခါ ထိုသို့ပြုရန် လိုအပ်သည်။ “သင့်သားသမီးတွေ ကြီးပြင်းလာလေ သင့်ချဉ်းကပ်ပုံကို ပြောင်းလဲဖို့နဲ့ သူတို့နဲ့ ကျိုးကြောင်းဆင်ခြင်ဖို့ ပိုလိုအပ်လာလေပဲ” ဟု အန္ဒြေအမည်ရှိ ဖခင်တစ်ဦး ဆို၏။—၂ တိမောသေ ၃:၁၄။

ဤအရာကို ကြိုးစားကြည့်ပါ– ပြဿနာတစ်ရပ် ပေါ်ပေါက်ပါက သင်၏ဆယ်ကျော်သက်အရွယ် သားသမီးနှင့် နေရာလဲကြည့်ရန် ကြိုးစားပါ။ ထို့နောက် သင်သာ သူ၏သားသမီးဖြစ်မည်ဆိုလျှင် သင့်ကို သူမည်သို့ အကြံပေးမည်နည်းဟု မေးကြည့်ပါ။ သူ့ အယူအဆကို ထောက်ခံသည့် သို့မဟုတ် မထောက်ခံသည့် အကြောင်းပြချက်များကို ကိုယ်တိုင် သုတေသနပြုစေပါ။ တစ်ပတ်အတွင်းတွင် ထိုအကြောင်းအရာကို ပြန်ဆွေးနွေးပါ။

ဂလာတိ ၆:၇– “လူသည် မျိုးစေ့ကြဲသည့်အတိုင်းပင် ရိတ်သိမ်းရလိမ့်မည်။” ကလေးတစ်ဦးအား အခန်းတွင်းသို့ ဝင်စေခြင်း သို့မဟုတ် သူအလွန်ကြိုက်နှစ်သက်သည့်အရာများကို ပေးမလုပ်ခြင်းစသည့် အပြစ်ပေးသည့်နည်းဖြင့် သွန်သင်ပေးနိုင်သည်။ သို့သော် မြီးကောင်ပေါက်တစ်ဦးကိုမူ ဖြစ်ပေါ်လာမည့် အကျိုးဆက်များဖြင့် သွန်သင်ပေးရန် သင်ပို၍ တွေးတောသင့်သည်။—သု. ၆:၂၇။

ဤအရာကို ကြိုးစားကြည့်ပါ– သူ၏အကြွေးများကို ဆပ်ပေးခြင်း သို့မဟုတ် အတန်းတွင် အဆင့်ကျသည့်အတွက် သူ၏ဆရာကို အကြောင်းပြချက်ပေးခြင်းတို့ ပြုလုပ်ခြင်းဖြင့် သူ၏အခက်အခဲကို မဖြေရှင်းပေးပါနှင့်။ အကျိုးဆက်ကို သူ့အားခံစားစေပါ၊ သို့ဖြင့် တစ်သက်တာလုံးအတွက် မှတ်သားလောက်ဖွယ် သင်ခန်းစာ ရရှိပေမည်။

မိဘတစ်ဦးအနေဖြင့် သင်၏မြီးကောင်ပေါက်အရွယ် သားသမီးသည် ပြေးလမ်းပေါ်ရှိ လေယာဉ်ကဲ့သို့ပင် ချက်ချင်းအရှိန်မြှင့်ကာ လူကြီးဘဝသို့ ချောမောစွာ အလျင်အမြန် ကူးပြောင်းသွားခြင်းမျိုး သင်ဖြစ်စေလိုပေမည်။ သို့သော် လူကြီးဘဝသို့ ကူးပြောင်းခြင်းသည် ထိုမျှချောမောလေ့မရှိပေ။ သို့တိုင် သင့်ကလေး၏ မြီးကောင်ပေါက်အရွယ်က သင့်အား “သူငယ်ကို မိမိသွားရမည်လမ်းအတိုင်း သွန်သင်ပဲ့ပြင်” ပေးရန် အံ့ဖွယ်အခွင့်အရေး ရရှိစေပါလိမ့်မည်။ (သု. ၂၂:၆) ကျမ်းစာမူများသည် ပျော်ရွှင်သော မိသားစုဘဝ တည်ဆောက်နိုင်ရန် အခြေခံအုတ်မြစ်ကောင်းပင် ဖြစ်ပေသည်။

a အမည် ပြောင်းထားသည်။

b သင့်ကလေးကို ယောက်ျားလေးအဖြစ် ကျွန်ုပ်တို့ ရည်ညွှန်းမည်ဖြစ်သော်လည်း ဆွေးနွေးထားသောမူများသည် မိန်းကလေးများနှင့်လည်း သက်ဆိုင်ပါသည်။

မိမိကိုယ်ကိုမေးပါ . . .

ငါ့ရဲ့ မြီးကောင်ပေါက်အရွယ် သားသမီး အိမ်ခွဲသွားတဲ့ အချိန်ကျရင် ဒါတွေကို လုပ်နိုင်ပါ့မလား–

  • မှန်မှန်ကန်ကန် ရွေးချယ်ဆုံးဖြတ်နိုင်မလား

  • တခြားသူတွေနဲ့ ကောင်းကောင်းမွန်မွန် ပြောဆိုဆက်သွယ်နိုင်မလား

  • တစ်ကိုယ်ရေကျန်းမာရေးကို ဂရုစိုက်နိုင်မလား

  • ကိုယ်ပိုင်ငွေကြေးကို စီမံခန့်ခွဲနိုင်မလား

  • အိမ် ဒါမှမဟုတ် အခန်းကို သန့်သန့်ရှင်းရှင်း ထိန်းသိမ်းထားနိုင်မလား

  • ကိုယ့်ကိုယ်ကိုယ် တွန်းအားပေးနိုင်မလား

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ