ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၁၀ ၇/၁၅ စာ. ၇-၁၁
  • “မည်သို့သောလူစားဖြစ်သင့်သည်ကို ဆင်ခြင်ကြလော့”

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • “မည်သို့သောလူစားဖြစ်သင့်သည်ကို ဆင်ခြင်ကြလော့”
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၀
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ဘုရားသခင်နှစ်သက်သောအရည်အသွေးများကို မွေးမြူပါ
  • “အစွန်းအထင်း၊ အပြစ်အနာအဆာမရှိ” စေရန် ကြိုးစားပါ
  • စုံစမ်းနှောင့်ယှက်မှုများမှ သင်ယူပါ
  • ယေဟောဝါ၏လုပ်ငန်းတော်တွင် တက်ကြွစွာဆက်လုပ်ဆောင်နေပါ
  • “စောင့်မျှော်တတ်သော သဘောထား” သင်၌ရှိသလော
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၃
  • သင့်ခံနိုင်ရည်တွင် ဘုရားသခင်ဝတ်၌ မွေ့လျော်ခြင်းကို ဖြည့်စွက်လော့
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၂
  • သင်တို့သည် အဘယ်သို့သောသူ ဖြစ်အပ်ကြသနည်း
    Title: ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၅
  • ယေဟောဝါရဲ့ အဖွဲ့အစည်းနဲ့ အနီးကပ်နေပါ
    ယေဟောဝါရဲ့ အလိုတော်ဆောင်ဖို့ ဖွဲ့စည်းထားခြင်း
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၀
က၁၀ ၇/၁၅ စာ. ၇-၁၁

“မည်သို့သောလူစားဖြစ်သင့်သည်ကို ဆင်ခြင်ကြလော့”

‘ထိုအရာရှိသမျှတို့သည် အရည်ပျော်ရမည်ဖြစ်သောကြောင့် မည်သို့သောလူစားဖြစ်သင့်သည်ကို ဆင်ခြင်ကြလော့။ သင်တို့သည် သန့်ရှင်းသောအမူအကျင့်များကျင့်၍ ဘုရားသခင်ဝတ်၌မွေ့လျော်သူများ ဖြစ်သင့်၏။’—၂ ပေ. ၃:၁၁။

၁။ ပေတရု၏ဒုတိယစာသည် သူ့ခေတ်ရှိခရစ်ယာန်များအတွက် အဘယ်ကြောင့် အခန့်သင့်သတိပေးချက်ဖြစ်ခဲ့သနည်း။

တမန်တော်ပေတရု မိမိ၏ဒုတိယစာကိုရေးသားချိန်တွင် ခရစ်ယာန်အသင်းတော်သည် နှိပ်စက်ညှဉ်းပန်းမှုများစွာကို ခံရပ်ခဲ့ပြီးဖြစ်သည်။ သို့သော် ယင်းတို့က သူတို့၏ဇွဲကိုမလျော့သွားစေနိုင်သကဲ့သို့ တိုးတက်မှုကိုလည်း မဟန့်တားနိုင်ခဲ့ချေ။ ထို့ကြောင့် စာတန်သည် သူ ယခင်က အကြိမ်ကြိမ်အောင်မြင်ခဲ့သည့် နည်းလမ်းနောက်တစ်ခုကို အသုံးပြုခဲ့သည်။ ပေတရုဖော်ပြခဲ့သကဲ့သို့ “မျက်စိသည် အိမ်ထောင်ရေးဖောက်ပြန်လိုသောစိတ် အပြည့်ရှိ၍” “တပ်မက်မှု၌ ကျင်လည်သောစိတ်နှလုံး” ရှိသူ ဆရာအတုအယောင်များဖြင့် ဘုရားသခင့်လူမျိုးကို ယိုယွင်းဖောက်ပြန်စေရန် စာတန်ကြိုးစားခဲ့သည်။ (၂ ပေ. ၂:၁-၃၊ ၁၄; ယု. ၄) ထို့ကြောင့် ပေတရု၏ဒုတိယစာသည် ဘုရားသခင်အား ဆက်လက်သစ္စာရှိရန် အလေးအနက်သတိပေးချက်တစ်ခုဖြစ်သည်။

၂။ ၂ ပေတရု အခန်းကြီး ၃ က အဘယ်အချက်ကို အလေးပေးဖော်ပြသနည်း။ မိမိကိုယ်ကို အဘယ်မေးခွန်းများ မေးသင့်သနည်း။

၂ ပေတရု ဤသို့ရေးခဲ့သည်– “ဤခန္ဓာကိုယ်၌ ငါရှိနေသရွေ့ကာလပတ်လုံး သင်တို့ကို သတိပေးနှိုးဆော်ရန်လိုသည်ဟု ငါယူမှတ်၏။ . . . မကြာမီ ဤခန္ဓာကိုယ်ကို စွန့်ရမည်ဟု ငါသိ၏။ ထို့ကြောင့် ငါထွက်ခွာသွားပြီးနောက် သင်တို့သည် ထိုအရာများကို အမြဲသတိရနေရန် အစွမ်းကုန် ငါကြိုးစားမည်။” (၂ ပေ. ၁:၁၃-၁၅) ပေတရုသည် မိမိသေဆုံးတော့မည်ကို သိရှိခဲ့ပြီး မိမိ၏အခန့်သင့်သတိပေးချက်ကို လူတို့အား သတိရနေစေလိုသည်။ ယင်းတို့သည် အမှန်ပင် သမ္မာကျမ်းစာ၏အစိတ်အပိုင်းဖြစ်လာခဲ့ရာ ယနေ့ ကျွန်ုပ်တို့အားလုံး ၎င်းကို ဖတ်ရှုနိုင်ကြသည်။ ပေတရုဒုတိယစောင် အခန်းကြီးသုံး သည် လက်ရှိလောကစနစ်၏ “နောက်ဆုံးသောနေ့ရက်များ” အကြောင်းနှင့် ပုံဆောင်ကောင်းကင်နှင့် မြေကြီးပျက်စီးခြင်းအကြောင်း အလေးပေးဖော်ပြသောကြောင့် ယင်းကို ကျွန်ုပ်တို့ အထူးစိတ်ဝင်စားသင့်သည်။ (၂ ပေ. ၃:၃၊ ၇၊ ၁၀) ကျွန်ုပ်တို့ကို ပေတရု မည်သို့ အကြံပေးခဲ့သနည်း။ ဘုရားသခင်၏နှစ်သက်မှုရရန် သူ၏အကြံပေးချက်များက ကျွန်ုပ်တို့ကို မည်သို့ ထောက်ကူပေးနိုင်သနည်း။

၃၊ ၄။ (က) အဘယ်စဉ်းစားဆင်ခြင်စရာအချက်ကို ပေတရု ပြောခဲ့သနည်း၊ သူ အဘယ်သတိပေးချက် ပေးခဲ့သနည်း။ (ခ) အဘယ်အချက်သုံးချက်ကို ကျွန်ုပ်တို့ သုံးသပ်ကြမည်နည်း။

၃ စာတန့်လောကပျက်စီးမည့်အကြောင်း ပြောပြီးနောက် ပေတရု ဤသို့ဖော်ပြခဲ့သည်– ‘မည်သို့သောလူစားဖြစ်သင့်သည်ကို ဆင်ခြင်ကြလော့။ သင်တို့သည် သန့်ရှင်းသောအမူအကျင့်များကျင့်၍ ဘုရားသခင်ဝတ်၌ မွေ့လျော်သူများဖြစ်သင့်သည်။’ (၂ ပေ. ၃:၁၁၊ ၁၂) ဤတွင် ပေတရု မေးခွန်းမေးနေခြင်းမဟုတ်ဘဲ စဉ်းစားဆင်ခြင်ရန် ပြောနေခြင်းဖြစ်ကြောင်း ထင်ရှားသည်။ ယေဟောဝါ၏အလိုတော်ကိုဆောင်ကာ ကိုယ်တော်နှစ်သက်သော အရည်အသွေးတင်ပြသူများသာ ရောက်လာတော့မည့် “အပြစ်ပေးတော်မူရာနေ့ရက်” တွင် ကာကွယ်ခံရမည်ဖြစ်ကြောင်း ပေတရုသိရှိခဲ့သည်။ (ဟေရှာ. ၆၁:၂) ထို့ကြောင့် တမန်တော် ဤသို့ဆက်ပြောခဲ့သည်– “ထို့ကြောင့် ချစ်ရသောသူတို့၊ ဤအကြောင်းကို ကြိုသိထားသဖြင့် သတိရှိကြလော့။ သို့မှသာ [ဆရာအတုအယောင်များ] နှင့်အတူ သွေဖည်သွားမည်မဟုတ်။ သင်တို့၏တည်ကြည်မှုကို ဆုံးရှုံးမည်မဟုတ်။”—၂ ပေ. ၃:၁၇။

၄ ယင်းသို့ “ကြိုသိထား” သူတို့ထဲတွင် တစ်ဦးဖြစ်သော ပေတရုသည် နောက်ဆုံးသောနေ့ရက်များတွင် ခရစ်ယာန်များ မိမိတို့၏သမာဓိကိုစောင့်ထိန်းရန် အထူးသတိပြုရမည်ဖြစ်ကြောင်း သိရှိခဲ့သည်။ နောက်ပိုင်းတွင် တမန်တော်ယောဟန်က အဘယ်ကြောင့် ထိုသို့ပြုလုပ်ရန်လိုကြောင်း ရှင်းရှင်းလင်းလင်း ဖော်ပြခဲ့သည်။ စာတန် ကောင်းကင်မှပစ်ချခံရပြီး “ဘုရားသခင်၏ပညတ်တော်များကို စောင့်ရှောက်၍ ယေရှုအကြောင်း သက်သေခံသောသူများ” အပေါ် “ဒေါသကြီးစွာ” တိုက်ခိုက်နေသည်ကို သူကြိုမြင်ခဲ့သည်။ (ဗျာ. ၁၂:၉၊ ၁၂၊ ၁၇) သစ္စာရှိကောင်းကင်အတန်းအစားများနှင့် သစ္စာရှိ “အခြားသိုး” အပေါင်းပါတို့သည် အောင်ပွဲခံကြပါလိမ့်မည်။ (ယော. ၁၀:၁၆) သို့သော် ကျွန်ုပ်တို့တစ်ဦးစီအနေနှင့်ကော အသို့နည်း။ ကျွန်ုပ်တို့၏သမာဓိကို စောင့်ထိန်းကြမည်လော။ ကျွန်ုပ်တို့သည် (၁) ဘုရားသခင်နှစ်သက်သောအရည်အသွေးများကို မွေးမြူရန်၊ (၂) ကိုယ်ကျင့်တရားနှင့် ဝတ်ပြုရေးတွင် အစွန်းအထင်း၊ အပြစ်အနာအဆာမရှိရန်၊ (၃) စုံစမ်းနှောင့်ယှက်မှုများအပေါ် အမြင်မှန်ရှိရန် ကြိုးစားကြမည်ဆိုလျှင် သမာဓိစောင့်ထိန်းနိုင်ပါလိမ့်မည်။ ယင်းအချက်များကို သုံးသပ်ကြည့်ကြစို့။

ဘုရားသခင်နှစ်သက်သောအရည်အသွေးများကို မွေးမြူပါ

၅၊ ၆။ အဘယ်အရည်အသွေးများကို ကျွန်ုပ်တို့ ကြိုးစားမွေးမြူသင့်သနည်း၊ ယင်းသို့ပြုလုပ်ရန် အဘယ်ကြောင့် “အစွမ်းကုန်ကြိုးစားအားထုတ်” ဖို့လိုသနည်း။

၅ မိမိ၏ဒုတိယစာ အစပိုင်းတွင် ပေတရု ဤသို့ရေးခဲ့သည်– ‘ပေးတော်မူသမျှကို တုံ့ပြန်သည့်အနေဖြင့် အစွမ်းကုန် ကြိုးစားအားထုတ်ပြီး သင်တို့၏ယုံကြည်ခြင်းအပေါ် မွန်မြတ်သောအကျင့်၊ မွန်မြတ်သောအကျင့်အပေါ် အသိပညာကို ထပ်ဆင့်ကြလော့။ အသိပညာအပေါ် ချုပ်တည်းခြင်း၊ ချုပ်တည်းခြင်းအပေါ် ခံနိုင်ရည်၊ ခံနိုင်ရည်အပေါ် ဘုရားသခင်ဝတ်၌မွေ့လျော်ခြင်း၊ ဘုရားသခင်ဝတ်၌မွေ့လျော်ခြင်းအပေါ် ညီရင်းအစ်ကိုကဲ့သို့ ချစ်ခင်စုံမက်ခြင်း၊ ညီရင်းအစ်ကိုကဲ့သို့ ချစ်ခင်စုံမက်ခြင်းအပေါ် ချစ်ခြင်းမေတ္တာကို ထပ်ဆင့်ကြလော့။ အကြောင်းမူကား သင်တို့တွင် ထိုအရာများ ကြွယ်ဝစွာရှိလျှင် ငါတို့သခင် ယေရှုခရစ်နှင့်ဆိုင်သည့် တိကျမှန်ကန်သော အသိပညာကို ကျင့်သုံးရာ၌ ပျင်းရိခြင်း၊ အချည်းနှီးဖြစ်ခြင်းတို့ ဖြစ်ပေါ်လာမည်မဟုတ်။’—၂ ပေ. ၁:၅-၈။

၆ ဘုရားသခင်နှစ်သက်သောအရည်အသွေးများကို မွေးမြူရာ၌ အထောက်အကူပြုသော လုပ်ဆောင်မှုများတွင် ပါဝင်ရန် “အစွမ်းကုန် ကြိုးစားအားထုတ်” ဖို့လိုသည်။ ဥပမာ၊ ခရစ်ယာန်အစည်းအဝေးအားလုံးကို တက်ရောက်ရန်၊ ကျမ်းစာကို နေ့စဉ်ဖတ်ရှုရန်နှင့် အကျိုးပြုသော ကိုယ်ပိုင်လေ့လာမှုအစီအစဉ်ကို ပုံမှန်ဖြစ်စေရန်မှာ ကြိုးစားအားထုတ်မှုလိုသည်။ ထို့ပြင် ပျော်စရာကောင်းပြီး အကျိုးပြုသည့် မိသားစုဝတ်ပြုမှုညချမ်းကို ပုံမှန်ပြုလုပ်ရန် ကောင်းစွာကြိုတင်ပြင်ဆင်ခြင်းနှင့် ကြိုးစားအားထုတ်မှုလိုသည်။ ပုံမှန်ဇယားတစ်ခုထားခြင်းက အလေ့အထတစ်ခုဖြစ်ရန် ပိုလွယ်ကူစေပြီး အကျိုးကျေးဇူးခံစားရစေသည်။

၇၊ ၈။ (က) မိသားစုဝတ်ပြုမှုညချမ်းနှင့်ပတ်သက်၍ အချို့သူတို့ မည်သို့ပြောကြသနည်း။ (ခ) သင့်မိသားစုဝတ်ပြုမှုမှ သင် မည်သို့အကျိုးရရှိသနည်း။

၇ မိသားစုဝတ်ပြုမှုအစီအစဉ်နှင့်ပတ်သက်၍ ညီအစ်မတစ်ဦးက “အဲဒါက ကျွန်မတို့ကို အကြောင်းအရာများစွာ လေ့လာသိရှိစေဖို့ အခွင့်အရေးရစေတယ်” ဟုရေးခဲ့သည်။ အခြားညီအစ်မတစ်ဦးက ဤသို့ပြောခဲ့သည်– “အမှန်အတိုင်းပြောရရင် စာအုပ်ကြီးသင်တန်းကို မဖြုတ်စေချင်ဘူး။ အဲဒါက ကျွန်မအနှစ်သက်ဆုံးအစည်းအဝေးတစ်ခုဖြစ်လို့ပဲ။ ဒါပေမဲ့ အခု မိသားစုဝတ်ပြုမှုညချမ်းကို လုပ်လာတဲ့အခါ ယေဟောဝါဟာ ကျွန်မတို့ရဲ့လိုအပ်ရာတွေနဲ့ အဲဒါတွေကို ဘယ်အချိန်မှာလိုအပ်တယ်ဆိုတာ သိရှိကြောင်း သဘောပေါက်လာတယ်။” အိမ်ထောင်ဦးစီးတစ်ဦးက ဤသို့ပြောခဲ့သည်– “မိသားစုဝတ်ပြုမှုက ကျွန်တော်တို့အတွက် အများကြီးအကူအညီဖြစ်ခဲ့တယ်။ ကျွန်တော်တို့ဇနီးမောင်နှံရဲ့ သတ်သတ်မှတ်မှတ်လိုအပ်ချက်တွေကို လေ့လာဆွေးနွေးရတာ အရမ်းကောင်းတယ်။ ကျွန်တော်တို့နှစ်ယောက်စလုံး စွမ်းအားတော်ကြောင့်ဖြစ်ပေါ်လာတဲ့အရည်အသွေးတွေကို တင်ပြရာမှာ တိုးတက်လာပြီး ခရစ်ယာန်ဓမ္မအမှုမှာလည်း အရင်ကထက် ပိုပျော်လာတယ်လို့ ခံစားရတယ်။” နောက်အိမ်ထောင်ဦးစီးတစ်ဦးက ဤသို့ပြောသည်– “ကလေးတွေက သူတို့ကိုယ်တိုင် ရှာဖွေလေ့လာကြပြီး အများကြီး သင်ယူသိရှိခဲ့ကြလို့ ပျော်ရွှင်ကြတယ်။ ယေဟောဝါဟာ ကျွန်တော်တို့ရဲ့ စိုးရိမ်ပူပန်မှုတွေကို သိရှိပြီး ကျွန်တော်တို့ရဲ့ ဆုတောင်းချက်တွေကို ဖြေကြားပေးတယ်ဆိုတာ ဒီအစီအစဉ်က ပိုယုံကြည်စိတ်ချစေတယ်။” ဘုရားသခင်ပြင်ဆင်ပေးသော အလွန်ကောင်းမွန်သည့် ဤအစီအစဉ်နှင့်ပတ်သက်၍ သင်လည်း အလားတူခံစားရသလော။

၈ အရေးမကြီးသည့်ကိစ္စများကြောင့် မိသားစုဝတ်ပြုမှုကို အပျက်မခံပါနှင့်။ အိမ်ထောင်သည်မောင်နှံတစ်စုံက ဤသို့ပြောသည်– “လွန်ခဲ့တဲ့လေးပတ်ရဲ့ ကြာသပတေးနေ့ညနေတိုင်းမှာ အကြောင်းတစ်ခုမဟုတ်တစ်ခု ပေါ်လာတဲ့အတွက် ကျွန်တော်တို့ရဲ့လေ့လာမှု ပျက်လုနီးနီးဖြစ်ခဲ့တယ်။ ဒါပေမဲ့ အဲဒီလိုဖြစ်ဖို့ ကျွန်တော်တို့ ခွင့်မပြုခဲ့ကြဘူး။” သင်တို့၏လေ့လာမှုအချိန်ကို ပြုပြင်ပြောင်းလဲရသည့် အခါများရှိမည်မှာ မှန်ပါသည်။ သို့သော် မိသားစုဝတ်ပြုမှုညချမ်းကို တစ်ပတ်တလေမျှပင် မလွတ်စေရန် စိတ်ပိုင်းဖြတ်ထားပါ။

၉။ ယေဟောဝါသည် ယေရမိကို မည်သို့ထောက်မပေးခဲ့ပြီး သူ၏ပုံနမူနာမှ ကျွန်ုပ်တို့ အဘယ်အရာ သင်ယူနိုင်သနည်း။

၉ ပရောဖက်ယေရမိသည် ကျွန်ုပ်တို့အတွက် ပုံသက်သေကောင်းဖြစ်သည်။ သူလိုအပ်သောလမ်းညွှန်မှုကို ယေဟောဝါထံမှရရှိခဲ့ရာ ယင်းကို သူအလွန်တန်ဖိုးထားလေးမြတ်ခဲ့သည်။ ယင်းမှရသည့်ခွန်အားကြောင့် သူသည် တုံ့ပြန်မှုမရှိသူတို့ကို ခံနိုင်ရည်ရှိရှိ ဟောပြောနိုင်ခဲ့သည်။ သူဤသို့ပြောခဲ့သည်– ‘ယေဟောဝါ၏နှုတ်မြွက်တော်သည် ငါ့အရိုးတို့၌ချုပ်ထား၍ လောင်သောမီးကဲ့သို့’ ဖြစ်၏။ (ယေ. ၂၀:၈၊ ၉) ယင်းက ဂျေရုဆလင်မြို့ပျက်စီးသည့် အခက်ခဲဆုံးအချိန်တွင်ပင် ခံရပ်နိုင်ရန် သူ့အားထောက်ကူခဲ့သည်။ ယနေ့ ကျွန်ုပ်တို့တွင် ကျမ်းစာအပြည့်အစုံရှိထားသည်။ ယင်းကို လုံ့လစိုက်ထုတ်၍လေ့လာပြီး ကိစ္စရပ်များကို ဘုရားသခင် ရှုမြင်သကဲ့သို့ရှုမြင်လျှင် ကျွန်ုပ်တို့သည် ယေရမိကဲ့သို့ ဓမ္မအမှုတွင် ခံနိုင်ရည်ဖြင့် ပျော်ရွှင်စွာလုပ်ဆောင်နိုင်ပြီး စုံစမ်းနှောင့်ယှက်မှုများကို သစ္စာရှိရှိခံရပ်နိုင်ကာ ကိုယ်ကျင့်တရားနှင့် ဝတ်ပြုရေးတွင် ဆက်၍သန့်ရှင်းစင်ကြယ်စွာ နေနိုင်ကြမည်ဖြစ်သည်။—ယာ. ၅:၁၀။

“အစွန်းအထင်း၊ အပြစ်အနာအဆာမရှိ” စေရန် ကြိုးစားပါ

၁၀၊ ၁၁။ ကျွန်ုပ်တို့သည် “အစွန်းအထင်း၊ အပြစ်အနာအဆာမရှိ” ရန် အဘယ်ကြောင့် အစွမ်းကုန်ကြိုးစားဖို့လိုသနည်း၊ ယင်းသို့ပြုလုပ်ရန် အဘယ်အရာလိုအပ်သနည်း။

၁၀ ခရစ်ယာန်များအနေနှင့် ကျွန်ုပ်တို့သည် နောက်ဆုံးသောနေ့ရက်များတွင် အသက်ရှင်နေရကြောင်း သိရှိကြသည်။ ထို့ကြောင့် လောကသည် ယေဟောဝါရွံမုန်းသည့်အရာများဖြစ်သော တပ်မက်မှု၊ လိင်အကျင့်ယိုယွင်းမှုနှင့် အကြမ်းဖက်မှုများ လိုက်စားကြသည်ကို ကျွန်ုပ်တို့မအံ့သြကြပါ။ စာတန်၏နည်းဗျူဟာကို ခြုံငုံကာ ဤသို့ပြောနိုင်သည်– ‘ဘုရားသခင့်ကျေးကျွန်များကို ခြိမ်းခြောက်၍မရနိုင်လျှင် သူတို့ကို ယိုယွင်းဖောက်ပြန်အောင် လုပ်နိုင်လိမ့်မည်။’ (ဗျာ. ၂:၁၃၊ ၁၄) ထို့ကြောင့် ကျွန်ုပ်တို့သည် ပေတရု၏ ဤမေတ္တာပါသတိပေးချက်ကို နှလုံးသွင်းရမည်– “အစွန်းအထင်း၊ အပြစ်အနာအဆာမရှိဘဲ ငြိမ်သက်ခြင်းရှိစေရန် အစွမ်းကုန်ကြိုးစားကြလော့။”—၂ ပေ. ၃:၁၄။

၁၁ “အစွမ်းကုန်ကြိုးစားကြလော့” ဟု ပေတရု ထပ်မံသတိပေးခဲ့၏။ ယင်းစကားများကို ရေးသားစေခဲ့သူမှာ ယေဟောဝါဖြစ်ပြီး စာတန့်လောက၏ညစ်ညူးမှုများကြောင့် “အစွန်းအထင်း၊ အပြစ်အနာအဆာမရှိ” ဆက်ရပ်တည်နိုင်ရန် ကျွန်ုပ်တို့ ကြိုးစားအားထုတ်ဖို့လိုကြောင်း ကိုယ်တော်သိတော်မူသည်။ ကြိုးစားအားထုတ်သည်ဟုဆိုရာ၌ ကျွန်ုပ်တို့၏စိတ်နှလုံးတွင် မှားယွင်းသောအလိုဆန္ဒများ မလွှမ်းမိုးစေရန် ကာကွယ်ခြင်း ပါဝင်သည်။ (သု. ၄:၂၃; ယာကုပ် ၁:၁၄၊ ၁၅ တို့ကိုဖတ်ပါ။) ကျွန်ုပ်တို့၏ ခရစ်ယာန်ဘဝလမ်းစဉ်ကို “အံ့ဩ၍ ကဲ့ရဲ့တတ်” သူများနှင့် ကင်းကင်းရှင်းရှင်းနေခြင်းလည်း ပါဝင်သည်။—၁ ပေ. ၄:၄။

၁၂။ လုကာ ၁၁:၁၃ တွင် အဘယ်အာမခံချက်ကို ကျွန်ုပ်တို့ တွေ့ရှိရသနည်း။

၁၂ ကျွန်ုပ်တို့၏ မစုံလင်မှုကြောင့် မှန်ရာကိုပြုလုပ်ရန် ရုန်းကန်ကြိုးစားကြရသည်။ (ရော. ၇:၂၁-၂၅) စိတ်အားထက်သန်စွာတောင်းဆိုသူတို့ကို သန့်ရှင်းသောစွမ်းအားတော် ရက်ရောစွာပေးတော်မူသော ယေဟောဝါအား ယုံကြည်ကိုးစားမှသာ အောင်မြင်နိုင်မည်ဖြစ်သည်။ (လု. ၁၁:၁၃) ယင်းစွမ်းအားတော်သည် ဘုရားသခင်နှစ်သက်သောအရည်အသွေးများကို မွေးမြူစေရန် ကျွန်ုပ်တို့ကို ထောက်ကူပေးပြီး ဘဝ၏သွေးဆောင်မှုများကိုသာမက ယေဟောဝါ၏နေ့နီးကပ်လာသည်နှင့်အမျှ တိုးများလာသော စုံစမ်းနှောင့်ယှက်မှုများကိုပါ ရင်ဆိုင်ဖြေရှင်းရန် ကူညီပေးနိုင်သည်။

စုံစမ်းနှောင့်ယှက်မှုများမှ သင်ယူပါ

၁၃။ စုံစမ်းနှောင့်ယှက်မှုများနှင့်ကြုံရသောအခါ အဘယ်အရာက ကျွန်ုပ်တို့ကို ခံရပ်စေနိုင်မည်နည်း။

၁၃ ဤလောကစနစ်ဟောင်းတွင် အသက်ရှင်နေသရွေ့ ကျွန်ုပ်တို့သည် စုံစမ်းနှောင့်ယှက်မှု တစ်မျိုးမဟုတ်တစ်မျိုး ခံစားကြရမည်ဖြစ်သည်။ သို့သော် စိတ်ပျက်အားလျော့မည့်အစား စုံစမ်းနှောင့်ယှက်မှုများသည် ဘုရားသခင်အားချစ်သည့်မေတ္တာကို သက်သေပြနိုင်သည့်၊ ကိုယ်တော်နှင့် ကိုယ်တော့်နှုတ်မြွက်တော်အပေါ် ယုံကြည်ခြင်းကို ပိုခိုင်ခံ့စေနိုင်သည့် အခွင့်အရေးအဖြစ် ရှုမြင်ပါလေ။ တပည့်တော်ယာကုပ် ဤသို့ရေးခဲ့သည်– “ငါ၏ညီအစ်ကိုတို့၊ စမ်းသပ်မှုအမျိုးမျိုးကို ကြုံတွေ့ရသည့်အခါ ဝမ်းမြောက်စရာအကြောင်းသာလျှင်ဖြစ်သည်ဟု ယူမှတ်ကြလော့။ ထိုသို့စမ်းသပ်ခံရသော သင်တို့၏ယုံကြည်ခြင်းသည် ခံနိုင်ရည်ကို ဖြစ်ပေါ်စေကြောင်း သင်တို့သိကြ၏။” (ယာ. ၁:၂-၄) ထို့ပြင် ‘ယေဟောဝါသည် ဘုရားသခင်ဝတ်၌ မွေ့လျော်သူတို့ကို စုံစမ်းနှောင့်ယှက်ခြင်းထဲမှ မည်သို့ကယ်နုတ်ရမည်ကို သိတော်မူ’ ကြောင်း သတိရပါ။—၂ ပေ. ၂:၉။

၁၄။ ယောသပ်၏ပုံနမူနာသည် သင့်ကို မည်သို့ခွန်အားရှိစေသနည်း။

၁၄ ကျွန်သပေါက်အဖြစ် အစ်ကိုများ၏ရောင်းစားခြင်းကိုခံခဲ့ရသည့် ယာကုပ်၏သား ယောသပ်၏အဖြစ်ကို သုံးသပ်ကြည့်ပါ။ (က. ၃၇:၂၃-၂၈; ၄၂:၂၁) ခါးသီးသောအတွေ့အကြုံများကြောင့် ယောသပ်၏ယုံကြည်ခြင်း ပျောက်ဆုံးခဲ့သလော။ ထိုအဖြစ်ဆိုးများခံစားရရန် ခွင့်ပြုခဲ့သော ဘုရားသခင်ကို သူ နာကြည်းခဲ့သလော။ ထိုသို့မဖြစ်ခဲ့ကြောင်း သမ္မာကျမ်းစာက ရှင်းလင်းစွာဖော်ပြထားသည်။ ထို့ပြင် ယောသပ်ခံရသော စုံစမ်းနှောင့်ယှက်မှုများသည် ထိုမျှနှင့်မပြီးသေးချေ။ နောက်ပိုင်းတွင် သူသည် မုဒိမ်းကျင့်ရန်ကြိုးစားသည်ဟူ၍ မှားယွင်းစွာစွပ်စွဲခံရပြီး ထောင်ချခံခဲ့ရသည်။ သို့သော် ဤတစ်ကြိမ်တွင်လည်း ဘုရားသခင်အပေါ် သူ၏ယုံကြည်ခြင်း မယိမ်းယိုင်ခဲ့ပါ။ (က. ၃၉:၉-၂၁) ယင်းအစား သူသည် စုံစမ်းနှောင့်ယှက်မှုများကြောင့် ယုံကြည်ခြင်းပိုခိုင်ခံ့လာပြီး ကြွယ်ဝစွာဆုချခံခဲ့ရသည်။

၁၅။ နောမိ၏အဖြစ်အပျက်မှ ကျွန်ုပ်တို့ အဘယ်အရာသင်ယူနိုင်သနည်း။

၁၅ စုံစမ်းနှောင့်ယှက်မှုများက ကျွန်ုပ်တို့အား ဝမ်းနည်းစေ သို့မဟုတ် စိတ်ဓာတ်ပင်ကျစေနိုင်သည်မှာ မှန်ပါသည်။ တစ်ခါတစ်ရံ ယောသပ် ယင်းသို့ခံစားခဲ့ရပေမည်။ ဘုရားသခင်၏ အခြားသစ္စာရှိကျေးကျွန်များလည်း ထိုအတိုင်းခံစားခဲ့ရသည်။ ခင်ပွန်းနှင့် သားနှစ်ယောက်ဆုံးရှုံးခဲ့ရသည့် နောမိ၏အဖြစ်ကို သုံးသပ်ကြည့်ပါ။ ‘နောမိဟူ၍မခေါ်ပါနှင့်။ မာရဟူ၍ခေါ်ပါ။ အတိုင်းအဆမဲ့တန်ခိုးရှင်သည် ငါ့အား အလွန်ခါးသောအရာကိုပေးတော်မူပြီ’ ဟု သူပြောခဲ့သည်။ (ရု. ၁:၂၀၊ ၂၁) နောမိ၏တုံ့ပြန်မှုသည် သဘာဝကျပြီး ယင်းကို နားလည်နိုင်ပါသည်။ သူမသည် ယောသပ်ကဲ့သို့ပင် ဘုရားသခင်နှင့် သူ၏ဆက်ဆံရေးကို ထိခိုက်မခံဘဲ သူ၏သစ္စာရှိလမ်းစဉ်အတိုင်း ဆက်လျှောက်ခဲ့သည်။ ထို့ကြောင့် ယေဟောဝါသည် ထိုအဖိုးထိုက်သောအမျိုးသမီးကို ဆုချခဲ့သည်။ (ရု. ၄:၁၃-၁၇၊ ၂၂) ထို့ပြင် ရောက်ရှိလာတော့မည့် မြေကြီးပရဒိသုတွင် စာတန်နှင့် ယင်း၏ဆိုးသွမ်းသောလောကကြောင့်ဖြစ်ပေါ်ခဲ့သည့် ထိခိုက်နာကျင်မှုအားလုံးကို ကိုယ်တော် ဖယ်ရှားပေးပါလိမ့်မည်။ “အရင်မိုးကောင်းကင်နှင့် မြေကြီးကိုမအောက်မေ့ရ။ နှလုံးမမှတ်မိရ။”—ဟေရှာ. ၆၅:၁၇။

၁၆။ ဆုတောင်းခြင်းနှင့်ပတ်သက်၍ ကျွန်ုပ်တို့တွင် မည်သည့်သဘောထားရှိသင့်သနည်း။ အဘယ်ကြောင့်နည်း။

၁၆ မည်သို့သောစုံစမ်းနှောင့်ယှက်မှုများပင်ကြုံရပါစေ ဘုရားသခင်၏မေတ္တာတော်သည် ကျွန်ုပ်တို့ ခံနိုင်ရည်ရှိစေရန် ထောက်ကူပေးပါလိမ့်မည်။ (ရောမ ၈:၃၅-၃၉ ကိုဖတ်ပါ။) စာတန်သည် ကျွန်ုပ်တို့စိတ်ပျက်အားလျော့သွားအောင် ကြိုးစားနေသော်လည်း ကျွန်ုပ်တို့သည် “သတိရှိ” ပြီး “ဆုတောင်းခြင်းအမှု၌ နိုးနိုးကြားကြားရှိ” လျှင် သူရှုံးနိမ့်ပါလိမ့်မည်။ (၁ ပေ. ၄:၇) ယေရှုဤသို့ပြောခဲ့သည်– “နိုးကြားလျက်နေကြလော့။ အစဉ်တိုးလျှိုးအသနားခံ ဆုတောင်းလျက် နေကြလော့။ ထိုသို့ပြုမှသာ ဖြစ်ပျက်လာမည့် အမှုအရာအလုံးစုံနှင့် ကင်းလွတ်၍ လူသား၏ရှေ့တော်၌ ရပ်နေနိုင်ခွင့်ရကြလိမ့်မည်။” (လု. ၂၁:၃၆) ယေရှုသည် စိတ်အားထက်သန်စွာ ဆုတောင်းခြင်းဖြစ်သော “တိုးလျှိုးအသနားခံ” ဟူသည့် စကားလုံးကို အသုံးပြုခဲ့သည်။ တိုးလျှိုးအသနားခံရန် ကျွန်ုပ်တို့အားတိုက်တွန်းခြင်းဖြင့် ယခုအချိန်သည် ကိုယ်တော်နှင့်ခမည်းတော်ရှေ့ ကျွန်ုပ်တို့၏အနေအထားကို ပေါ့ပေါ့တန်တန်သဘောထားရမည့်အချိန်မဟုတ်ကြောင်း ယေရှုအလေးပေးဖော်ပြခဲ့သည်။ ဘုရားသခင့်နှစ်သက်မှုခံရသူများသာ ယေဟောဝါ၏နေ့တွင် ကယ်တင်ခံရမည့် အလားအလာရှိပါလိမ့်မည်။

ယေဟောဝါ၏လုပ်ငန်းတော်တွင် တက်ကြွစွာဆက်လုပ်ဆောင်နေပါ

၁၇။ သင့်ရပ်ကွက်သည် ဟောပြောရန် ခက်ခဲသည်ဆိုလျှင် ရှေးခေတ်ပရောဖက်များ၏ ကောင်းသောပုံသက်သေမှ သင် မည်သို့အကျိုးရယူနိုင်သနည်း။

၁၇ ဝတ်ပြုရေးနှင့်ဆိုင်သောလုပ်ဆောင်မှုများတွင် ပါဝင်ခြင်းသည် ကျွန်ုပ်တို့အား လန်းဆန်းစေသည်။ ယင်းက ပေတရု၏ ဤစကားများကို သတိရစေသည်– ‘မည်သို့သောလူစားဖြစ်သင့်သည်ကို ဆင်ခြင်ကြလော့။ သင်တို့သည် သန့်ရှင်းသောအမူအကျင့်များ ကျင့်၍ ဘုရားသခင်ဝတ်၌မွေ့လျော်သူများ ဖြစ်သင့်၏။’ (၂ ပေ. ၃:၁၁) ယင်းအမူအကျင့်များထဲမှ အရေးအကြီးဆုံးမှာ သတင်းကောင်းဟောပြောခြင်းဖြစ်သည်။ (မ. ၂၄:၁၄) အချို့ရပ်ကွက်များတွင် ဟောပြောရန် ခက်ခဲပေမည်။ ဖြစ်နိုင်သည်မှာ လူတို့၏ လျစ်လျူရှုမှု၊ ဆန့်ကျင်မှု သို့မဟုတ် ဘဝ၏စိုးရိမ်ပူပန်များနှင့်သာ လူတို့လုံးပန်းနေရသောကြောင့်ဖြစ်ပေမည်။ ယေဟောဝါ၏ ရှေးခေတ်ကျေးကျွန်များသည် အလားတူအခြေအနေများနှင့် ရင်ဆိုင်ခဲ့ရသည်။ သို့တိုင် သူတို့သည် လက်မလျှော့ဘဲ ဘုရားသခင်ပေးအပ်ထားသောသတင်းတရားကို “အထပ်ထပ်” ကြေညာခဲ့ကြသည်။ (၂ ရာဇဝင်ချုပ် ၃၆:၁၅၊ ၁၆ ကိုဖတ်ပါ; ယေ. ၇:၂၄-၂၆) အဘယ်အရာက သူတို့ကို ခံနိုင်ရည်ရှိစေခဲ့သနည်း။ သူတို့သည် ရရှိထားသောတာဝန်ကို လောက၏အမြင်ဖြင့်မဟုတ်ဘဲ ယေဟောဝါ၏အမြင်ဖြင့် ရှုမြင်ခဲ့သောကြောင့်ဖြစ်သည်။ သူတို့သည် ဘုရားသခင်၏နာမတော်ကို ခံယူပြီး ယင်းအကြောင်းဟောပြောရခြင်းကို အထူးမြတ်ဆုံးအခွင့်အရေးအဖြစ်လည်း ယူမှတ်ခဲ့ကြသည်။—ယေ. ၁၅:၁၆။

၁၈။ ဘုရားသခင့်နိုင်ငံတော်သတင်းဟောပြောခြင်းလုပ်ငန်းနှင့် အနာဂတ်တွင် ဘုရားသခင့်နာမတော် ထင်ရှားကျော်စောမှုတို့သည် မည်သို့ဆက်စပ်သနည်း။

၁၈ ကျွန်ုပ်တို့လည်း ယေဟောဝါ၏နာမတော်နှင့် ရည်ရွယ်ချက်ကို ကြေညာခွင့်ရရှိထားကြသည်။ ဤအချက်ကို စဉ်းစားကြည့်ပါ– ဟောပြောခြင်းလုပ်ငန်း၏ တိုက်ရိုက်အကျိုးသက်ရောက်မှုများထဲမှတစ်ခုမှာ ဘုရားသခင့်နေ့ကြီးရောက်လာသည့်အခါ ဘုရားသခင့်ရန်သူများသည် ဘုရားသခင်နှင့် ကိုယ်တော့်ရည်ရွယ်ချက်အကြောင်း တစ်ခါမျှ မကြားဖူးပါဟု ပြော၍မရနိုင်ပါ။ ရှေးခေတ်မှ ဖာရောကဲ့သို့ပင် သူတို့ကိုတရားစီရင်သူမှာ ယေဟောဝါဖြစ်ကြောင်း သိရကြလိမ့်မည်။ (ထွ. ၈:၁၊ ၂၀; ၁၄:၂၅) တစ်ချိန်တည်းတွင် မိမိ၏သစ္စာရှိကျေးကျွန်များသည် မိမိ၏ကိုယ်စားလှယ်အစစ်အမှန်ဖြစ်ကြောင်း ထင်ရှားစွာဖော်ပြခြင်းဖြင့် သူတို့ကို ယေဟောဝါ ဂုဏ်တင်ပါလိမ့်မည်။—ယေဇကျေလ ၂:၅; ၃၃:၃၃ တို့ကိုဖတ်ပါ။

၁၉။ ယေဟောဝါ၏စိတ်ရှည်မှုကို ကောင်းစွာအသုံးချလိုစိတ်ရှိကြောင်း ကျွန်ုပ်တို့ မည်သို့တင်ပြနိုင်သနည်း။

၁၉ ပေတရုသည် မိမိ၏ဒုတိယစာစောင်ပြီးခါနီးတွင် ယုံကြည်သူချင်းများကို ဤသို့ရေးခဲ့သည်–“ငါတို့သခင်၏စိတ်ရှည်ခြင်းကို ကယ်တင်ခြင်းအဖြစ် ယူမှတ်ကြလော့။” (၂ ပေ. ၃:၁၅) ထို့ကြောင့် ယေဟောဝါ၏စိတ်ရှည်မှုကို ဆက်၍ ကောင်းစွာအသုံးချကြစို့။ မည်သို့အားဖြင့်နည်း။ ကိုယ်တော်နှစ်သက်သောအရည်အသွေးများကို မွေးမြူခြင်း၊ “အစွန်းအထင်း၊ အပြစ်အနာအဆာမရှိ” အောင် ကြိုးစားခြင်း၊ စုံစမ်းနှောင့်ယှက်မှုများအပေါ် အမြင်မှန်ရှိခြင်းနှင့် ဘုရားသခင့်နိုင်ငံတော်လုပ်ငန်းတွင် ဆက်၍အလုပ်များနေခြင်းဖြင့် ဖြစ်သည်။ ထိုသို့ပြုလုပ်ခြင်းဖြင့် ကျွန်ုပ်တို့သည် “ကောင်းကင်သစ်နှင့်မြေကြီးသစ်” တွင်ရရှိမည့် အဆုံးမဲ့ကောင်းချီးများကို ခံစားရပါလိမ့်မည်။—၂ ပေ. ၃:၁၃။

သင်မှတ်မိသလော

• ဘုရားသခင်နှစ်သက်သော အရည်အသွေးများကို သင် မည်သို့မွေးမြူနိုင်မည်နည်း။

• “အစွန်းအထင်း၊ အပြစ်အနာအဆာမရှိ” ရန် ကျွန်ုပ်တို့ မည်သို့ ကြိုးစားနိုင်သနည်း။

• ယောသပ်နှင့် နောမိတို့ထံမှ ကျွန်ုပ်တို့ အဘယ်အရာသင်ယူနိုင်သနည်း။

• ဟောပြောခြင်းလုပ်ငန်းတွင်ပါဝင်ရခြင်းသည် အဘယ်ကြောင့် ထူးမြတ်သောအခွင့်အရေးတစ်ခု ဖြစ်သနည်း။

[စာမျက်နှာ ၉ ပါရုပ်ပုံ]

မိသားစုဝင်အားလုံး ဘုရားသခင်နှစ်သက်သော အရည်အသွေးများကို တင်ပြနိုင်ဖို့ ခင်ပွန်းသည်တို့ကို အဘယ်အရာက ကူညီပေးမည်နည်း

[စာမျက်နှာ ၁၀ ပါရုပ်ပုံ]

စုံစမ်းနှောင့်ယှက်မှုများကို ယောသပ်ကိုင်တွယ်ဖြေရှင်းပုံမှ ကျွန်ုပ်တို့ အဘယ်အရာသင်ယူနိုင်သနည်း

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ