ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၁၂ ၂/၁၅ စာ. ၁၀-၁၄
  • သတ္တိရှိပြီး ခိုင်ခံ့မြဲမြံပါ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • သတ္တိရှိပြီး ခိုင်ခံ့မြဲမြံပါ
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၂
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ဆိုးညစ်တဲ့လောကအလယ်က သတ္တိရှိတဲ့သက်သေများ
  • သူတို့ ယုံကြည်ခြင်းနဲ့ သတ္တိတင်ပြခဲ့ကြ
  • သတ္တိရှိတဲ့ အမျိုးသမီးတွေ
  • ကျွန်ုပ်တို့ရဲ့စကားတွေက တခြားသူတွေကို သတ္တိရှိစေနိုင်
  • သတ္တိရှိတဲ့မိဖုရား ဧသတာ
  • “အားယူလော့”
  • ယေဟောဝါ၏နည်းလမ်းတော်များအတိုင်း ရဲရင့်စွာလျှောက်လှမ်းလော့
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၃
  • ရဲစွမ်းသတ္တိရှိလေ!
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၃
  • “ရဲစွမ်းသတ္တိရှိရှိနဲ့ လုပ်ငန်း စပေတော့”
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၁၇
  • သတ္တိရှိပါ—ယေဟောဝါ သင်နဲ့အတူရှိ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၃
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၂
က၁၂ ၂/၁၅ စာ. ၁၀-၁၄

သတ္တိရှိပြီး ခိုင်ခံ့မြဲမြံပါ

‘သတ္တိရှိစမ်းပါ။ အစွမ်းကုန် ခိုင်ခံ့မြဲမြံပါ။ . . . သင့်ဘုရားသခင် ယေဟောဝါက သင်နဲ့အတူရှိတယ်။’—ယောရှု ၁:၇-၉၊ ကဘ။

သင် ဘယ်လိုဖြေမလဲ

ဧနောက်နဲ့ နောဧက သတ္တိရှိကြောင်း ဘယ်လိုနည်းအားဖြင့် တင်ပြခဲ့ကြသလဲ။

ရှေးအချိန်က အမျိုးသမီးတချို့ဟာ ယုံကြည်ခြင်းနဲ့ ရဲစွမ်းသတ္တိရှိကြောင်း တင်ပြရာမှာ ဘယ်လိုစံနမူနာပြခဲ့ကြသလဲ။

လူငယ်တွေ သတ္တိတင်ပြခဲ့တဲ့ ဘယ်နမူနာတွေက သင့်ကို စွဲမှတ်စေသလဲ။

၁၊ ၂။ (က) ဘဝမှာ မှန်ရာကိုပြုလုပ်ဖို့အတွက် တစ်ခါတလေ ဘာလိုအပ်သလဲ။ (ခ) ဒီဆောင်းပါးမှာ ဘယ်အကြောင်းအရာတွေကို သင်ယူရမလဲ။

သတ္တိဆိုတာ ကြောက်ရွံ့ခြင်း၊ အားနည်းခြင်းရဲ့ ဆန့်ကျင်ဘက်ဖြစ်တယ်။ သတ္တိရှိသူလို့ပြောလိုက်တာနဲ့ သန်မာထွားကျိုင်းပြီး ရဲရင့်တဲ့သူတစ်ဦးကို စဉ်းစားမိတတ်ကြတယ်။ ဒါပေမဲ့ တစ်ခါတလေ ကျွန်ုပ်တို့နေ့စဉ်အသက်တာရဲ့ လုပ်ရိုးလုပ်စဉ်တွေမှာ မှန်တာကိုလုပ်ဖို့ သတ္တိလိုတဲ့အခါတွေရှိတယ်။

၂ သမ္မာကျမ်းစာမှာဖော်ပြထားတဲ့ လူတချို့က အရမ်းခက်ခဲတဲ့အခြေအနေတွေမှာ မကြောက်မရွံ့ဘဲ လုပ်ရဲကိုင်ရဲသူတွေဖြစ်တယ်။ တခြားသူတွေကျတော့ ယေဟောဝါရဲ့ကျေးကျွန်တွေ နေ့စဉ်ကြုံတွေ့နေရတဲ့အခြေအနေတွေမှာ သတ္တိရှိသူတွေဖြစ်တယ်။ သတ္တိရှိတဲ့ ကျမ်းစာဇာတ်ကောင်တွေထံကနေ ကျွန်ုပ်တို့ ဘာသင်ယူနိုင်သလဲ။ ကျွန်ုပ်တို့ကော ဘယ်လိုနည်းအားဖြင့် သတ္တိရှိသူတွေ ဖြစ်နိုင်သလဲ။

ဆိုးညစ်တဲ့လောကအလယ်က သတ္တိရှိတဲ့သက်သေများ

၃။ ဆိုးသွမ်းမှုနဲ့ပတ်သက်ပြီး ဧနောက် ဘာကြိုဟောခဲ့သလဲ။

၃ နောဧခေတ် ရေလွှမ်းမိုးဘေးမတိုင်ခင် ဆိုးညစ်တဲ့လူတွေအလယ်မှာ ယေဟောဝါရဲ့သက်သေတစ်ဦးအဖြစ် ရပ်တည်ဖို့ဆိုတာ သတ္တိလိုတယ်။ ဒါပေမဲ့ “အာဒံမှ ခုနစ်ဆက်မြောက်သောသူ” ဧနောက်က ‘ယေဟောဝါသည် သန့်ရှင်းသောကောင်းကင်တမန် မြောက်မြားစွာနှင့်တကွ ကြွလာ၍ လူခပ်သိမ်းတို့ကို တရားစီရင်တော်မူမည်။ ဆိုးညစ်သူများ ကျင့်ကြံသမျှ၊ ကိုယ်တော်အားဆန့်ကျင်ပြောဆိုသည့် ထိတ်လန့်ဖွယ်စကားရှိသမျှတို့ကြောင့် အပြစ်စီရင်တော်မူ၏’ ဆိုတဲ့ ပရောဖက်ပြုစကားတွေကို ရဲရင့်စွာကြေညာခဲ့တယ်။ (ယု. ၁၄၊ ၁၅) ဒီပရောဖက်ပြုချက် ဧကန်အမှန် ပြည့်စုံလာမယ်ဆိုတာ ဧနောက် အခိုင်အမာယုံကြည်ခဲ့တယ်။ လူဆိုးတွေဟာ ကမ္ဘာချီရေလွှမ်းမိုးဘေးမှာ တကယ်ပဲ မရှုမလှသေဆုံးခဲ့ကြရတယ်။

၄။ နောဧ ဘယ်လိုအခြေအနေတွေကြားမှာ ဘုရားသခင်ရဲ့လမ်းစဉ်အတိုင်း လျှောက်လှမ်းခဲ့သလဲ။

၄ ဧနောက်သေဆုံးပြီး နှစ် ၆၅၀ ကျော်အကြာဖြစ်တဲ့ ဘီစီအီး ၂၃၇၀ မှာ ရေလွှမ်းမိုးခဲ့တယ်။ အဲဒီအတောအတွင်းမှာ နောဧမွေးဖွားလာတယ်၊ နောက်ပိုင်း သူ့မှာမိသားစုရှိလာပြီး သားတွေနဲ့အတူ သင်္ဘောဆောက်ခဲ့တယ်။ ကောင်းကင်တမန်ဆိုးတွေက သွေးသားခန္ဓာကိုယ်အဖြစ်ပြောင်းလဲ၊ ချောမောလှပတဲ့ လူ့အမျိုးသမီးတွေနဲ့ထိမ်းမြားပြီး သားတွေရလာတယ်။ သူတို့ကို နက်ဖလင်လို့ခေါ်တယ်။ လူအများစုက ဆိုးသွမ်းတဲ့လူရမ်းကားတွေဖြစ်ကြပြီး နေရာအနှံ့မှာ အကြမ်းဖက်မှုတွေချည်းပဲ။ (က. ၆:၁-၅၊ ၉၊ ၁၁) ပတ်ဝန်းကျင်အခြေအနေက ဒီလိုဖြစ်နေပေမဲ့ နောဧကတော့ “ဘုရားသခင်နဲ့အတူသွားလာ” ပြီး “ဖြောင့်မတ်ခြင်းတရား ဟောပြောသူ” အဖြစ် ရဲရဲဝံ့ဝံ့သက်သေခံခဲ့တယ်။ (၂ ပေတရု ၂:၄၊ ၅ ကိုဖတ်ပါ။) ဒီနောက်ဆုံးနေ့ရက်တွေမှာ အသက်ရှင်နေရတဲ့ ကျွန်ုပ်တို့လည်း အဲဒီလိုသတ္တိမျိုးရှိဖို့ လိုတယ်။

သူတို့ ယုံကြည်ခြင်းနဲ့ သတ္တိတင်ပြခဲ့ကြ

၅။ ယုံကြည်ခြင်းနဲ့ ရဲစွမ်းသတ္တိရှိကြောင်း မောရှေ ဘယ်လိုတင်ပြခဲ့သလဲ။

၅ ယုံကြည်ခြင်းနဲ့ သတ္တိတင်ပြတဲ့နေရာမှာ မောရှေက စံနမူနာဖြစ်တယ်။ (ဟေဗြဲ ၁၁:၂၄-၂၇) အစ္စရေးလူမျိုးကို အီဂျစ်ပြည်ကနေခေါ်ထုတ်ပြီး တောကန္တာရမှာ သူတို့တွေကို ဦးဆောင်ဖို့အတွက် ဘီစီအီး ၁၅၁၃-၁၄၇၃ အထိ မောရှေကို ဘုရားသခင် အသုံးပြုခဲ့တယ်။ သူ့မှာအရည်အချင်းမရှိဘူးလို့ မောရှေခံစားရပေမဲ့ ဒီတာဝန်ကို လက်ခံခဲ့တယ်။ (ထွ. ၆:၁၂) သူနဲ့ သူ့အစ်ကိုအာရုန်တို့ဟာ ရက်စက်ကြမ်းကြုတ်တဲ့ဖာရောနဲ့ အကြိမ်ကြိမ် စကားပြောခဲ့ရတယ်။ အစ္စရေးလူမျိုးကို ကယ်တင်ဖို့အတွက် ကပ်ဘေးဆယ်ပါးကို ယေဟောဝါကျရောက်စေမယ်၊ ဒီနည်းအားဖြင့် အီဂျစ်နတ်ဘုရားတွေမှာ ဘာတန်ခိုးမှမရှိဘူးဆိုတာ သိရလိမ့်မယ်ဆိုပြီး သတ္တိရှိရှိကြေညာခဲ့ကြတယ်။ (ထွ. အခန်းကြီး ၇-၁၂) မောရှေဟာ ကျွန်ုပ်တို့လိုပဲ ဘုရားသခင့်အကူအညီ အမြဲရခဲ့တဲ့အတွက် ယုံကြည်ခြင်းနဲ့ သတ္တိ တင်ပြနိုင်ခဲ့တယ်။—တရား. ၃၃:၂၇။

၆။ အာဏာပိုင်တွေရဲ့ စစ်ဆေးမေးမြန်းမှုခံရတယ်ဆိုရင် ကျွန်ုပ်တို့ရဲ့ ယုံကြည်ချက်တွေကို သတ္တိရှိရှိရှင်းပြနိုင်ဖို့ ဘာကကူညီပေးမလဲ။

၆ မောရှေတင်ပြခဲ့တဲ့သတ္တိမျိုး ကျွန်ုပ်တို့ လိုအပ်ကြတယ်။ ဒါကြောင့် ယေရှု ဒီလိုပြောခဲ့တယ်– “ငါ့ကြောင့် သင်တို့ကို ဘုရင်ခံများ၊ ရှင်ဘုရင်များရှေ့ ပို့ဆောင်ကြလိမ့်မည်။ သို့ဖြင့် သင်တို့သည် သူတို့နှင့် လူမျိုးခြားတို့တွင် ငါ့အကြောင်း သက်သေခံခွင့်ရကြလိမ့်မည်။ သင်တို့ကို အပ်နှံသောအခါ မည်သို့ပြောရမည်၊ အဘယ်အရာ ပြောရမည်ကို မစိုးရိမ်ကြနှင့်။ သင်တို့ပြောရမည့်စကားကို ထိုအချိန်နာရီတွင် သိကြရလိမ့်မည်။ အကြောင်းမူကား ပြောသောသူသည် သင်တို့မဟုတ်၊ သင်တို့အားဖြင့်ပြောသော သင်တို့အဖ၏စွမ်းအားတော်ပင်ဖြစ်၏။” (မ. ၁၀:၁၈-၂၀) ဘုရားသခင်ကိုဝတ်ပြုခြင်းနဲ့ပတ်သက်ပြီး အာဏာပိုင်တွေက ကျွန်ုပ်တို့ကို စစ်ဆေးမေးမြန်းတယ်ဆိုရင် ကျွန်ုပ်တို့ရဲ့ယုံကြည်ချက်အကြောင်း ပြောဆိုရမှာဖြစ်တယ်၊ အဲဒီအခါမျိုးမှာ တလေးတစားနဲ့ ယုံကြည်စိတ်ချမှုအပြည့်၊ သတ္တိရှိရှိပြောဆိုနိုင်ဖို့ ယေဟောဝါရဲ့စွမ်းအားတော်က ကျွန်ုပ်တို့ကို ကူညီပေးမှာဖြစ်တယ်။—လုကာ ၁၂:၁၁၊ ၁၂ ကိုဖတ်ပါ။

၇။ ယောရှု ဘာကြောင့် သတ္တိရှိပြီး အောင်မြင်ခဲ့တာလဲ။

၇ မောရှေကိုဆက်ခံသူဖြစ်တဲ့ ယောရှုက ဘုရားသခင့်ပညတ်တော်ကို မှန်မှန်လေ့လာခြင်းအားဖြင့် သူ့ရဲ့ယုံကြည်ခြင်းနဲ့ သတ္တိကို ခိုင်ခံ့အောင်လုပ်ဆောင်ခဲ့တယ်။ ဘီစီအီး ၁၄၇၃ မှာ အစ္စရေးလူမျိုးက ကတိထားရာပြည်ထဲဝင်ဖို့ အသင့်ရှိခဲ့ကြတယ်။ ဘုရားသခင်က အစ္စရေးလူမျိုးကို ‘သတ္တိရှိစမ်းပါ။ အစွမ်းကုန်ခိုင်ခံ့မြဲမြံပါ’ လို့ ပြောခဲ့တယ်။ ဘုရားသခင့်ပညတ်ကို နာခံမယ်ဆိုရင် ယောရှုဟာ သူ့တာဝန်ကို ပညာရှိရှိ၊ ကောင်းကောင်းမွန်မွန် လုပ်ဆောင်နိုင်မှာဖြစ်တယ်လို့ ဘုရားသခင်ပြောခဲ့တယ်။ “သင့်ဘုရားသခင် ယေဟောဝါက သင်ဘယ်နေရာသွားသွား သင်နဲ့အတူရှိတဲ့အတွက် ထိတ်လန့်တုန်လှုပ်ခြင်းမရှိနဲ့” ဆိုပြီး ယောရှုကိုပြောခဲ့တယ်။ (ယောရှု ၁:၇-၉၊ ကဘ) ဒီစကားတွေကြောင့် ယောရှု တကယ်အားရှိခဲ့မှာပဲ။ ပြီးတော့ ဘုရားသခင်က သူနဲ့အတူရှိခဲ့တယ်။ ဒီစကားတွေပြောပြီး ခြောက်နှစ်အတွင်းမှာပဲ ကတိထားရာပြည်ရဲ့ နယ်မြေအတော်များများကို သိမ်းပိုက်အောင်မြင်နိုင်ခဲ့တယ်၊ အချိန်ကတော့ ဘီစီအီး ၁၄၆၇ ဖြစ်တယ်။

သတ္တိရှိတဲ့ အမျိုးသမီးတွေ

၈။ ယုံကြည်ခြင်းနဲ့ သတ္တိတင်ပြရာမှာ ရာခပ်က ဘာကြောင့် ပုံနမူနာဖြစ်သလဲ။

၈ အတိတ်ကိုပြန်ကြည့်တဲ့အခါ အမျိုးသမီးများစွာဟာ ယေဟောဝါကို သတ္တိရှိရှိ ဝတ်ပြုကိုးကွယ်ခဲ့ကြတယ်။ ဥပမာ၊ ပြည့်တန်ဆာရာခပ်က ယေဟောဝါရဲ့ကာကွယ်နိုင်စွမ်းကို ယုံကြည်စိတ်ချတဲ့အတွက် ယောရှုစေလွှတ်လိုက်တဲ့ သူလျှိုနှစ်ယောက်ကို မကြောက်မရွံ့ ဝှက်ထားပေးခဲ့တယ်၊ ပြီးတော့ သူလျှိုနှစ်ယောက်ကို လိုက်ရှာနေသူတွေ လမ်းလွဲအောင် လုပ်ခဲ့တယ်။ အစ္စရေးလူမျိုးတွေ ယေရိခေါမြို့ကို သိမ်းပိုက်တဲ့အခါ ရာခပ်နဲ့သူ့မိသားစု အသက်ရှင်လွတ်မြောက်ခဲ့တယ်။ ရာခပ်ဟာ သူ့ရဲ့အပြစ်ရှိလမ်းစဉ်ကိုစွန့်ပြီး ယေဟောဝါကို တည်ကြည်စွာ ဝတ်ပြုကိုးကွယ်ခဲ့တယ်၊ ဒါ့အပြင် မေရှိယရဲ့ဆွေမျိုးဖြစ်ခွင့်တောင် ရခဲ့တယ်။ (ယောရှု ၂:၁-၆; ၆:၂၂၊ ၂၃; မ. ၁:၁၊ ၅) သူ့ရဲ့ယုံကြည်ခြင်းနဲ့ သတ္တိကို ဘုရားသခင် ကြွယ်ဝစွာကောင်းချီးပေးခဲ့တယ်။

၉။ ဒေဗောရ၊ ဗာရက်နဲ့ ယေလတို့ဟာ ဘယ်လိုနည်းနဲ့ သတ္တိတင်ပြခဲ့ကြသလဲ။

၉ ဘီစီအီး ၁၄၅၀ ခန့်မှာ ယောရှုသေဆုံးပြီးတဲ့နောက် အစ္စရေးနိုင်ငံမှာ တရားသူကြီးတွေကို ဘုရားသခင် ခန့်အပ်ပေးခဲ့တယ်။ ခါနာန်ဘုရင် ယာဘိန်ဟာ အစ္စရေးလူမျိုးကို နှစ် ၂၀ ကြာ ကြမ်းကြမ်းတမ်းတမ်း ပြုမူဆက်ဆံခဲ့တယ်။ ဘုရားသခင်က ဘုရင်ကိုတိုက်ခိုက်ဖို့ ပရောဖက်မ ဒေဗောရကနေတစ်ဆင့် တရားသူကြီး ဗာရက်ကို ပြောခဲ့တယ်။ ဗာရက်က ယောက်ျား ၁၀,၀၀၀ ကို တာဗော်တောင်မှာ စုဝေးပြီး ယာဘိန်ရဲ့စစ်ဗိုလ်ချုပ် သိသရကိုတိုက်ဖို့ အသင့်ရှိနေတယ်။ သိသရက သူ့ရဲ့စစ်ရထား ၉၀၀ နဲ့အတူ ခြောက်သွေ့နေတဲ့ ကိရှုန်မြစ်ကြမ်းပြင်ကိုဖြတ်ပြီး ချီတက်လာတယ်။ အစ္စရေးလူမျိုး တောင်ကြားကနေ ချီတက်တဲ့အခါ ဘုရားသခင်က ရုတ်တရက် ရေလွှမ်းမိုးအောင်လုပ်လိုက်တယ်။ မြစ်ကြမ်းပြင်က ရွှံ့ညွန်တွေဖြစ်ကုန်လို့ ခါနာန်လူမျိုးရဲ့စစ်ရထားတွေ ရှေ့ကိုခရီးမဆက်နိုင်တော့ဘူး။ ဗာရက်ရဲ့လူတွေဟာ တိုက်ပွဲမှာအနိုင်ရသွားပြီး သိသရရဲ့စစ်တပ်ကတော့ တစ်တပ်လုံး သေကျေပျက်စီးကုန်တယ်။ သိသရက ယေလလို့ခေါ်တဲ့အမျိုးသမီးရဲ့တဲထဲမှာ ပုန်းခိုခဲ့တယ်၊ ဒါပေမဲ့ သူအိပ်မောကျနေချိန်မှာ အမျိုးသမီးက သူ့ကိုသတ်လိုက်တယ်။ ခါနာန်လူမျိုးတွေအပေါ် အနိုင်ရခြင်းနဲ့ပတ်သက်ပြီး အမျိုးသမီးတစ်ဦး ဂုဏ်တင်ခံရလိမ့်မယ်လို့ ဒေဗောရ ပရောဖက်ပြုခဲ့တဲ့အတိုင်း ဖြစ်ခဲ့တယ်။ အဲဒီအမျိုးသမီးက ယေလဖြစ်တယ်။ ဒေဗောရ၊ ဗာရက်နဲ့ ယေလတို့ သတ္တိရှိရှိလုပ်ဆောင်ခဲ့ကြလို့ အစ္စရေးလူမျိုးဟာ အနှစ် ၄၀ လုံးလုံး ခါနာန်လူမျိုးရန်ကနေဝေးပြီး အေးအေးချမ်းချမ်း နေထိုင်ခဲ့ကြရတယ်။ (သူကြီး. ၄:၁-၉၊ ၁၄-၂၂; ၅:၂၀၊ ၂၁၊ ၃၁) အမျိုးသား၊ အမျိုးသမီးများစွာလည်းပဲ အလားတူ ယုံကြည်ခြင်းနဲ့ သတ္တိတင်ပြခဲ့ကြတယ်။

ကျွန်ုပ်တို့ရဲ့စကားတွေက တခြားသူတွေကို သတ္တိရှိစေနိုင်

၁၀။ ကျွန်ုပ်တို့ရဲ့စကားက တခြားသူတွေကို သတ္တိရှိစေနိုင်တယ်ဆိုတာ ဘယ်လိုသိရသလဲ။

၁၀ ကျွန်ုပ်တို့ရဲ့စကားတွေက ယေဟောဝါကိုဝတ်ပြုတဲ့ တခြားသူတွေကို သတ္တိရှိစေနိုင်တယ်။ ဘီစီအီး ၁၁ ရာစုမှာ ဘုရင်ဒါဝိဒ်က သားရှောလမုန်ကို ဒီလိုပြောခဲ့တယ်– ‘အားယူ၍ ရဲရင့်သောစိတ်နှင့်လုပ်ဆောင်လော့။ မစိုးရိမ်နှင့်။ စိတ်မပျက်နှင့်။ ငါ၏ဘုရားသခင် ယေဟောဝါသည် သင်နှင့်အတူရှိတော်မူလိမ့်မည်။ ယေဟောဝါ၏အိမ်တော်မှုကို ဆောင်ရွက်ရာဖို့လုပ်ဆောင်၍ လက်စမသတ်မီတိုင်အောင် သင့်ကိုစွန့်တော်မမူ။ ပစ်ထားတော်မမူ။’ (၅ ရာ. ၂၈:၂၀) ရှောလမုန်က ဂျေရုဆလင်မြို့မှာ ယေဟောဝါအတွက် ခမ်းနားထည်ဝါတဲ့ အိမ်တော်ကို သတ္တိရှိရှိတည်ဆောက်ခဲ့တယ်။

၁၁။ သတ္တိရှိတဲ့အစ္စရေးမိန်းကလေးတစ်ဦးက လူတစ်ဦးကို စကားနဲ့ ဘယ်လိုကူညီပေးခဲ့သလဲ။

၁၁ ဘီစီအီးဆယ်ရာစုမှာ သတ္တိရှိတဲ့အစ္စရေးမိန်းကလေးတစ်ဦးရဲ့ စကားကြောင့် အနူရောဂါသည်တစ်ဦး ရောဂါပျောက်ကင်းသွားပြီး ယေဟောဝါအကြောင်း သင်ယူနိုင်ခဲ့တယ်။ ဒီမိန်းကလေးက ရှုရိလူတွေရဲ့ ဖမ်းဆီးခေါ်ဆောင်ခြင်းခံရပြီး ဗိုလ်ချုပ်တစ်ဦးရဲ့အိမ်မှာ အိမ်စေဖြစ်ခဲ့တယ်။ ဗိုလ်ချုပ်ရဲ့နာမည်က နေမန်ဖြစ်ပြီး သူ့မှာ အနူရောဂါရှိတယ်။ ယေဟောဝါက ပရောဖက်ဧလိရှဲအားဖြင့် အံ့ဖွယ်အမှုတွေလုပ်ခဲ့တယ်ဆိုတာ ဒီမိန်းကလေးသိထားတယ်။ ဒါကြောင့် မိန်းကလေးက နေမန်ရဲ့ဇနီးထံသွားပြီး သူ့ခင်ပွန်းရဲ့ရောဂါကို အစ္စရေးလူဧလိရှဲ ကုသပေးနိုင်တယ်လို့ ပြောခဲ့တယ်။ ဒီမိန်းကလေးပြောတဲ့အတိုင်း နေမန်လုပ်ခဲ့တဲ့အတွက် အံ့ဖွယ်နည်းနဲ့ကုသခံရပြီး ယေဟောဝါကို ဝတ်ပြုကိုးကွယ်သူဖြစ်လာတယ်။ (၄ ရာ. ၅:၁-၃၊ ၁၀-၁၇) သင်ဟာ အဲဒီမိန်းကလေးလို ယေဟောဝါကိုချစ်တဲ့ ငယ်ရွယ်သူဖြစ်တယ်ဆိုရင် သင့်ရဲ့ဆရာ၊ ဆရာမတွေ၊ ကျောင်းနေဖက်တွေနဲ့ တခြားသူတွေကို သက်သေခံနိုင်တဲ့ သတ္တိကို ကိုယ်တော်ပေးနိုင်တယ်။

၁၂။ ဘုရင်ဟေဇကိရဲ့စကားတွေက သူ့လူတွေအပေါ် ဘယ်လိုအကျိုးသက်ရောက်ခဲ့သလဲ။

၁၂ အသေအချာ ရွေးချယ်ထားတဲ့စကားလုံးတွေက အန္တရာယ်ကြုံတွေ့နေရသူတစ်ဦးကို သတ္တိရှိလာအောင် ကူညီပေးနိုင်တယ်။ ဘီစီအီး ရှစ်ရာစုမှာ အာရှုရိလူတွေဟာ ဂျေရုဆလင်ကို ချီတက်ပြီး ဝိုင်းရံထားတဲ့အခါ ဘုရင်ဟေဇကိက သူ့လူတွေကို ဒီလိုပြောခဲ့တယ်– ‘ခွန်အားယူ၍ ရဲရင့်ခြင်းရှိကြလော့။ အာရှုရိရှင်ဘုရင်နှင့် သူ၌ပါသောအလုံးအရင်းအပေါင်းတို့ကြောင့် မကြောက်ကြနှင့်။ စိတ်မပျက်ကြနှင့်။ ငါတို့ဘက်၌နေသောသူတို့သည် သူ့ဘက်၌နေသောသူတို့ထက် သာ၍များကြ၏။ သူ့ဘက်၌ လူလက်ရုံးရှိ၏။ ငါတို့ဘက်၌ထောက်မ၍ စစ်ကူတော်မူသော ငါတို့၏ဘုရားသခင် ယေဟောဝါရှိတော်မူသည်ဟု မိန့်တော်မူ၏။’ ဒီစကားတွေက ယုဒလူတွေအပေါ် ဘယ်လိုအကျိုးသက်ရောက်ခဲ့သလဲ။ “လူများတို့သည် ယုဒရှင်ဘုရင် ဟေဇကိ၏စကားကို ကိုးစားကြ၏” လို့ ကျမ်းစာမှာဖော်ပြထားတယ်။ (၆ ရာ. ၃၂:၇၊ ၈) ဟေဇကိရဲ့အားပေးစကားလိုမျိုး စကားတွေက ကျွန်ုပ်တို့နဲ့ တခြားယုံကြည်သူချင်းတွေ နှိပ်စက်ညှဉ်းပန်းမှုကြုံရချိန်မှာ ပိုပြီးသတ္တိရှိစေမှာဖြစ်တယ်။

၁၃။ ဘုရင်အာဟပ်ရဲ့ဘဏ္ဍာစိုး ဩဗဒိက သတ္တိတင်ပြရာမှာ ဘာကြောင့် စံနမူနာကောင်းဖြစ်ခဲ့သလဲ။

၁၃ တစ်ခါတစ်ရံမှာ ကျွန်ုပ်တို့ စကားမပြောခြင်းအားဖြင့်လည်း သတ္တိရှိကြောင်းတင်ပြနိုင်တယ်။ ဘီစီအီး ဆယ်ရာစုမှာ ဘုရင်အာဟပ်ရဲ့ဘဏ္ဍာစိုး ဩဗဒိက ယေဟောဝါရဲ့ပရောဖက်တစ်ရာကို “မြေတွင်းထဲမှာ ငါးဆယ်စီ” သတ္တိရှိရှိ ဝှက်ပေးခဲ့တယ်၊ ဒါနဲ့ ပရောဖက်တွေဟာ မိဖုရားဆိုး ယေဇဗေလရဲ့သတ်ဖြတ်မှုကနေ လွတ်မြောက်ခဲ့ကြတယ်။ (၃ ရာ. ၁၈:၄) ဘုရားသခင်ကိုကြောက်ရွံ့တဲ့ ဩဗဒိလိုပဲ မျက်မှောက်ခေတ်ယေဟောဝါသက်သေများစွာဟာ နှိပ်စက်ညှဉ်းပန်းသူတွေကို ညီအစ်ကိုညီအစ်မတွေနဲ့ပတ်သက်တဲ့ အချက်အလက်တွေကို မပြောပြခြင်းအားဖြင့် သတ္တိရှိရှိ ကာကွယ်ပေးခဲ့ကြတယ်။

သတ္တိရှိတဲ့မိဖုရား ဧသတာ

၁၄၊ ၁၅။ မိဖုရားဧသတာက ယုံကြည်ခြင်းနဲ့ ရဲစွမ်းသတ္တိရှိကြောင်း ဘယ်လိုတင်ပြခဲ့သလဲ။ ဘာရလဒ်ရခဲ့သလဲ။

၁၄ မိဖုရားဧသတာက ထူးခြားတဲ့ယုံကြည်ခြင်းနဲ့ ရဲစွမ်းသတ္တိတင်ပြခဲ့တယ်။ ဘီစီအီး ငါးရာစုမှာ အကောက်ကြံတဲ့ဟာမန်က အင်ပါယာတစ်ခွင်မှာရှိတဲ့ဂျူးတွေကို မျိုးဖြုတ်သတ်ဖြတ်ဖို့ ကြံစည်ခဲ့တယ်။ ဂျူးတွေက သူတို့အသတ်ခံရတော့မယ်ဆိုတာ သိတဲ့အခါ ငိုကြွေးမြည်တမ်းပြီး အစာရှောင်ခဲ့ကြတယ်။ သူတို့တွေဟာ စိတ်နှလုံးပါပါ အပြင်းအထန်ဆုတောင်းခဲ့ကြမှာပဲ။ (ဧသတာ ၄:၁-၃) မိဖုရားဧသတာဟာ ဂျူးတွေအတွက် စိတ်သောကရောက်ခဲ့ရတယ်။ သူ့ဝမ်းကွဲမော်ဒကဲက ဂျူးတွေကိုသတ်မယ်ဆိုတဲ့ အမိန့်စာမိတ္တူကို ဧသတာထံပို့ပေးခဲ့တယ်၊ ဒီအတွက် ဘုရင်ထံအခစားဝင်ပြီး တောင်းပန်ပေးဖို့လည်း ပြောခဲ့တယ်။ ဒါပေမဲ့ ဘုရင် မဆင့်ခေါ်ဘဲနဲ့ အခစားဝင်သူဘယ်သူမဆို အသတ်ခံရနိုင်တယ်။—ဧ. ၄:၄-၁၁။

၁၅ အကယ်၍ ဘုရင်ထံ ဧသတာအခစားမဝင်ခဲ့ရင်လည်း ယေဟောဝါက ဂျူးတွေကို တစ်နည်းနည်းနဲ့ကယ်တင်မယ်လို့ မော်ဒကဲ ပြောခဲ့တယ်။ သူမိဖုရားဖြစ်နေတာက ယေဟောဝါရဲ့လူမျိုးကို ကယ်တင်ဖို့အတွက် ဖြစ်နိုင်တယ်လို့လည်း ပြောခဲ့တယ်။ ဧသတာက ဂျူးတွေကို ရှုရှန်မြို့မှာစုဝေးခိုင်းပြီး အစာရှောင်ကြဖို့ မော်ဒကဲကို ပြောခဲ့တယ်။ “အကျွန်ုပ်သည်လည်း ကျွန်မတို့နှင့်တကွ အစာရှောင်ခြင်းအကျင့်ကို ကျင့်ပါမည်။ ထို့နောက် အာဏာတော်ကိုဆန်ရသော်လည်း ရှင်ဘုရင်ထံတော်သို့ဝင်မည်။ သေလျှင် အသေခံပါမည်” လို့ ပြောခဲ့တယ်။ (ဧသတာ ၄:၁၂-၁၅) ဧသတာက အသက်နဲ့ရင်းပြီး သတ္တိရှိရှိလုပ်ဆောင်ခဲ့တယ်၊ ဧသတာကျမ်းမှာ ဘုရားသခင်က သူ့လူမျိုးကိုကယ်နုတ်ပေးခဲ့တယ်လို့ ဖော်ပြထားတယ်။ ဒီနေ့အချိန်မှာလည်း ကောင်းကင်အတန်းအစားခရစ်ယာန်တွေနဲ့ အခြားသိုးတွေက အခက်အခဲဒုက္ခကြုံရချိန်မှာ အလားတူ သတ္တိမျိုးတင်ပြနေကြတယ်။ ‘ဆုတောင်းစကားကို နားထောင်တော်မူသောဘုရားသခင်’ ယေဟောဝါက သူတို့ကို အမြဲကူညီပေးတယ်။—ဆာလံ ၆၅:၂; ၁၁၈:၆ တို့ကိုဖတ်ပါ။

“အားယူလော့”

၁၆။ လူငယ်တွေအတွက် ယေရှု ဘာပုံသက်သေချမှတ်ခဲ့သလဲ။

၁၆ ၁၂ နှစ်သားအရွယ် ယေရှုကို မိဘတွေပြန်ရှာတွေ့ချိန်မှာ ကိုယ်တော်ဟာ ဝတ်ပြုရာအိမ်တော်မှာ “ဆရာတို့အလယ်မှာထိုင်၍ သူတို့၏စကားကို ကြားနာလျက်၊ မေးမြန်းလျက်နေ” တယ်။ ပြီးတော့ “သူ၏စကားကိုနားထောင်သူအပေါင်းတို့သည် သူ၏ဉာဏ်ပညာနှင့် အဖြေများကို အံ့ဩ” ခဲ့ကြတယ်။ (လု. ၂:၄၁-၅၀) ယေရှုဟာ ငယ်ရွယ်သူဖြစ်ပေမဲ့ ဝတ်ပြုရာအိမ်တော်မှာရှိတဲ့ အသက်ကြီးတဲ့ဆရာတွေကို မေးခွန်းတွေမေးရဲတဲ့ ယုံကြည်ခြင်းနဲ့ သတ္တိရှိခဲ့တယ်။ ခရစ်ယာန်အသင်းတော်မှာရှိတဲ့ လူငယ်တွေလည်း ယေရှုရဲ့ပုံသက်သေကို သတိရသင့်တယ်။ ဒါက ကိုယ့်ရဲ့ယုံကြည်ချက်အကြောင်း တခြားသူတွေကိုရှင်းပြနိုင်တဲ့ အခွင့်အရေးအားလုံးကိုအသုံးချဖို့ ကူညီပေးတယ်။—၁ ပေ. ၃:၁၅။

၁၇။ “အားယူလော့” ဆိုပြီး တပည့်တွေကို ယေရှု ဘာကြောင့်ပြောခဲ့တာလဲ။ ကျွန်ုပ် ဘာကြောင့် ရဲရင့်ဖို့လိုသလဲ။

၁၇ ယေရှုက “အားယူလော့” ဆိုပြီး တခြားသူတွေကို ပြောခဲ့တယ်။ (မ. ၉:၂၊ ၂၂) “သင်တို့သည် ငါ့ကို တစ်ကိုယ်တည်း ပစ်ထားလျက် မိမိတို့နေရာသို့ အသီးသီး ကွဲလွင့်မည့်အချိန် ရောက်တော့မည်။ ထိုအချိန်သည် ယခုပင် ရောက်လေပြီ။ သို့သော်လည်း ငါသည် တစ်ကိုယ်တည်းမဟုတ်။ အကြောင်းမူကား ခမည်းတော်သည် ငါနှင့်အတူ ရှိတော်မူ၏။ သင်တို့သည် ငါ့အားဖြင့် ငြိမ်သက်ခြင်းရှိစေရန် ဤအကြောင်းအရာများကို ငါဟောပြောပြီ။ သင်တို့သည် ဤလောက၌ ဆင်းရဲဒုက္ခကို ခံရကြ၏။ သို့သော်လည်း အားယူကြလော့။ ငါသည် လောကကို အောင်ပြီ” ဆိုပြီး တပည့်တွေကို ပြောခဲ့တယ်။ (ယော. ၁၆:၃၂၊ ၃၃) ကျွန်ုပ်တို့ဟာ လောကနဲ့ကင်းကင်းရှင်းရှင်းနေကြလို့ ယေရှုရဲ့အစောပိုင်းတပည့်တွေလိုပဲ လောကရဲ့မုန်းတီးမှုကို ခံကြရတယ်။ ယေရှုရဲ့ သတ္တိရှိတဲ့ပုံနမူနာအကြောင်း တွေးတောဆင်ခြင်မယ်ဆိုရင် ကျွန်ုပ်တို့မှာ ဒီလောကနဲ့ သီးခြားနေရဲတဲ့သတ္တိ ရှိလာမှာဖြစ်တယ်။ လောကကို ကိုယ်တော်အောင်နိုင်ခဲ့သလို ကျွန်ုပ်တို့လည်း အောင်နိုင်မှာဖြစ်တယ်။—ယော. ၁၇:၁၆; ယာ. ၁:၂၇။

၁၈၊ ၁၉။ တမန်တော်ပေါလုက ယုံကြည်ခြင်းနဲ့ ရဲစွမ်းသတ္တိကို ဘယ်လိုတင်ပြခဲ့သလဲ။

၁၈ တမန်တော်ပေါလုက အခက်အခဲများစွာကို ခံရပ်ခဲ့တယ်။ တစ်ကြိမ်မှာ ဂျေရုဆလင်မှာရှိတဲ့ဂျူးတွေက ပေါလုကို သတ်ဖို့ကြိုးစားခဲ့ပေမဲ့ ရောမစစ်သားတွေက သူ့ကိုကယ်တင်ခဲ့တယ်။ ညအချိန်မှာ “သခင်သည် ပေါလုအနား၌ ရပ်တော်မူလျက် ‘အားယူလော့။ ငါ၏အကြောင်းကို သင်သည် ဂျေရုဆလင်မြို့၌ စေ့စေ့စပ်စပ် သက်သေခံပြီးသည်နည်းတူ ရောမမြို့၌လည်း သက်သေခံရဦးမည်’” လို့ ပြောခဲ့တယ်။ (တ. ၂၃:၁၁) ပေါလုက ယေရှုပြောတဲ့အတိုင်း တစ်သဝေမတိမ်းလုပ်ဆောင်ခဲ့တယ်။

၁၉ ကောရိန္သုအသင်းတော်ကို ယိုယွင်းပျက်စီးအောင်လုပ်ဖို့ ကြိုးစားနေတဲ့ “ထူးချွန်တမန်တော်ကြီးများ” ရဲ့လုပ်ရပ် မှားနေကြောင်း ထောက်ပြပြောဆိုချိန်မှာ ပေါလု လုံးဝမကြောက်ခဲ့ဘူး။ (၂ ကော. ၁၁:၅; ၁၂:၁၁) ဒီလူတွေဟာ တမန်တော်အတုအယောင်တွေ ဖြစ်တယ်။ ပေါလုဟာ ထောင်ကျခြင်း၊ ရိုက်နှက်ခံရခြင်း၊ အန္တရာယ်ထူပြောတဲ့ခရီးသွားရခြင်း၊ အခက်အခဲကြုံရခြင်း၊ အစားအသောက်ပြတ်ခြင်း၊ ညပေါင်းများစွာ အအိပ်ပျက်ခြင်း၊ အသင်းတော်အားလုံးအတွက် စိုးရိမ်ပူပန်ခြင်းစတဲ့အရာတွေကို ခံခဲ့ရတယ်၊ ဒါတွေကိုကြည့်ခြင်းအားဖြင့် သူဟာ ယေရှုရဲ့စေလွှတ်ခြင်းခံရသူ ဖြစ်တယ်ဆိုတာ ထင်ရှားတယ်။ (၂ ကောရိန္သု ၁၁:၂၃-၂၈ ကိုဖတ်ပါ။) ယုံကြည်ခြင်း၊ သတ္တိနဲ့ပတ်သက်တဲ့ ပေါလုရဲ့ပုံသက်သေကောင်းကိုကြည့်ခြင်းအားဖြင့် သူ့ရဲ့အစွမ်းခွန်အားက ဘုရားသခင်ထံကရတယ်ဆိုတာ ထင်ရှားတယ်။

၂၀၊ ၂၁။ (က) ဘဝရဲ့ ခက်ခဲတဲ့အခြေအနေတွေကို ရင်ဆိုင်ဖို့ သတ္တိလိုအပ်ကြောင်းဖော်ပြတဲ့ ဥပမာတစ်ခုကို ပြောပြပါ။ (ခ) ဘယ်လိုအခြေအနေတွေမှာ သတ္တိတင်ပြဖို့ လိုသလဲ။ ဘယ်အချက်ကို ယုံကြည်စိတ်ချနိုင်သလဲ။

၂၀ ခရစ်ယာန်အားလုံး အပြင်းအထန် နှိပ်စက်ညှဉ်းပန်းခံရတာတော့ မဟုတ်ဘူး။ ဒါပေမဲ့ ကျွန်ုပ်တို့အားလုံးက ဘဝရဲ့အခက်အခဲတွေကို ရင်ဆိုင်ခံရပ်နိုင်ဖို့အတွက် သတ္တိလိုအပ်တယ်။ ဥပမာ၊ ဘရာဇီးနိုင်ငံက လူငယ်တစ်ဦးဟာ ရာဇဝတ်ဂိုဏ်းသားတစ်ဦး ဖြစ်တယ်။ သမ္မာကျမ်းစာလေ့လာပြီးတဲ့နောက် ပြုပြင်ပြောင်းလဲမှုတွေလုပ်ရမယ်ဆိုတာ သူသိလာတယ်၊ ဒါပေမဲ့ အများအားဖြင့် ဂိုဏ်းကနေထွက်သွားသူတိုင်းဟာ အသတ်ခံကြရတယ်။ သူ ဆုတောင်းပြီး ဒီဂိုဏ်းမှာ ဆက်နေလို့မရတဲ့အကြောင်းရင်းကို ကျမ်းစာသုံးပြီး ဂိုဏ်းခေါင်းဆောင်ကို ရှင်းပြခဲ့တယ်။ ဘယ်လိုပြစ်ဒဏ်မျိုးမှမခံရဘဲ ဂိုဏ်းကနေ ထွက်ခွင့်ရခဲ့တယ်၊ ဒါနဲ့ သူ ကြေညာသူဖြစ်လာတယ်။

၂၁ ကျွန်ုပ်တို့လည်း သတ္တိရှိဖို့လိုတဲ့ အခြေအနေများစွာရှိတယ်။ သတင်းကောင်းဟောပြောဖို့ သတ္တိလိုတယ်။ ခရစ်ယာန်လူငယ်တွေအနေနဲ့ ကျောင်းမှာ တည်ကြည်မှုရှိဖို့ သတ္တိလိုတယ်။ စည်းဝေးကြီးရဲ့အစီအစဉ်အပိုင်းအားလုံးကို တက်ရောက်နိုင်ဖို့ အလုပ်ကနေခွင့်တောင်းဖို့ သတ္တိလိုတယ်။ သတ္တိရှိဖို့လိုတဲ့ တခြားကဏ္ဍတွေလည်း ရှိသေးတယ်။ ဘယ်လိုအခြေအနေပဲဖြစ်ပါစေ ယေဟောဝါဟာ ကျွန်ုပ်တို့ရဲ့ “ယုံကြည်ခြင်းဖြင့်တောင်းသော ဆုတောင်းချက်” ကို နားထောင်ပေးမှာဖြစ်တယ်။ (ယာ. ၅:၁၅) ကိုယ်တော်က ကျွန်ုပ်တို့ကို သန့်ရှင်းသောစွမ်းအားတော်ပေးမယ်ဆိုတာ ယုံကြည်စိတ်ချနိုင်ပါတယ်၊ ဒါမှ ကျွန်ုပ်တို့က ‘သတ္တိရှိပြီး ခိုင်ခံ့မြဲမြံ’ နိုင်မှာ ဖြစ်တယ်။

[စာမျက်နှာ ၁၁ ပါရုပ်ပုံ]

ဆိုးညစ်တဲ့လောကအလယ်မှာ ဧနောက် သတ္တိရှိစွာ ဟောပြောခဲ့

[စာမျက်နှာ ၁၂ ပါရုပ်ပုံ]

ယေလဟာ သတ္တိနဲ့ ခွန်အားရှိသူဖြစ်

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ