ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၁၆ နိုဝင်ဘာ စာ. ၄-၈
  • “တစ်ဦးကိုတစ်ဦး နေ့စဉ် တိုက်တွန်းနှိုးဆော်လျက်နေကြ”

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • “တစ်ဦးကိုတစ်ဦး နေ့စဉ် တိုက်တွန်းနှိုးဆော်လျက်နေကြ”
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၁၆
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • လူတွေ အားပေးမှု လိုအပ်ကြ
  • အားပေးမှုဆိုင်ရာ ကျမ်းစာပုံနမူနာများ
  • အချင်းချင်း အားပေးကြ
  • ထိထိရောက်ရောက် အားပေးနိုင်ပုံ
  • အားပေးတတ်တဲ့ဘုရား ယေဟောဝါကို အတုယူပါ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၁၈
  • မကြာသေးမီက တစ်ဦးဦးကို သင်အားပေးခဲ့သလော
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၅
  • အချင်းချင်း အားပေးဖို့ “ပိုကြိုးစားအားထုတ်ကြပါ”
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၁၈
  • အားလုံးအတွက်အပြန်အလှန်အားပေးခွင့်
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၇
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၁၆
က၁၆ နိုဝင်ဘာ စာ. ၄-၈
ယေရှု မသေဆုံးခင် ညမှာ ကောင်းကင်တမန် အားပေးနေစဉ်

“တစ်ဦးကိုတစ်ဦး နေ့စဉ် တိုက်တွန်းနှိုးဆော်လျက်နေကြ”

“ညီအစ်ကိုတို့၊ ဤသူတို့ကို အားပေးစကားပြောလိုလျှင် ပြောကြပါ။” —တ. ၁၃:၁၅။

သီချင်း– ၁၂၁၊ ၄၅

သင် ဘယ်လို ဖြေမလဲ

  • တခြားသူတွေကို အားပေးဖို့ ဘာကြောင့် အရေးကြီးသလဲ။

  • ယေဟောဝါ၊ ယေရှု၊ တမန်တော် ပေါလုတို့ရဲ့ ပုံသက်သေက အားပေးမှုနဲ့ပတ်သက်ပြီး ဘာသင်ပေးသလဲ။

  • တခြားသူတွေကို ဘယ်လို ထိထိရောက်ရောက် အားပေးနိုင်သလဲ။

၁၊ ၂။ တခြားသူတွေကို အားပေးဖို့ ဘာကြောင့် အရေးကြီးသလဲ။

“ကျွန်မရဲ့ မိဘတွေက တော်ရုံနဲ့ အားပေးစကား မပြောကြဘူး။ တစ်ချိန်လုံး အပြစ်တင်စကားပဲ ပြောကြတယ်။ သူတို့ရဲ့ စကားတွေက အရမ်းထိခိုက်စေတယ်။ ကျွန်မ မရင့်ကျက်ဘူး၊ ဘယ်တော့မှ မသင်ယူဘူး၊ ဝတုတ်မလို့ ပြောကြတယ်။ ဒါကြောင့် ခဏခဏ ငိုရတယ်။ သူတို့နဲ့ စကားကို မပြောချင်ဘူး။ တန်ဖိုးမရှိဘူးလို့ ခံစားရတယ်” ဆိုပြီး ၁၈ နှစ်အရွယ် ခရစ္စတီးနား ပြောတယ်။[၁] အားပေးမှုမရှိတဲ့ ဘဝဟာ ဆိုးဝါးလှပါတယ်။

၂ ဒါပေမဲ့ အားပေးစကားက တခြားသူတွေကို အကျိုးပြုတယ်။ “တန်ဖိုးမရှိဘူးဆိုတဲ့ ခံစားချက်ကို နှစ်ပေါင်းများစွာ တိုက်လှန်ခဲ့ရတယ်။ တစ်ကြိမ်မှာတော့ ကျွန်တော်နဲ့ တွဲအမှုဆောင်တဲ့ အကြီးအကဲက အဲဒါကို သတိထားမိတယ်။ ကျွန်တော့်ခံစားချက်တွေကို ပြောပြတဲ့အခါ စာနာစိတ်နဲ့ နားထောင်ပေးတယ်။ ပြီးတော့ ကျွန်တော်ပြီးမြောက်ခဲ့တဲ့ ကောင်းတဲ့အရာတွေကို ပြောပြပေးတယ်။ ကျွန်တော်တို့ယောက်တိုင်းဟာ စာငှက်များစွာထက် တန်ဖိုးရှိတယ်ဆိုတဲ့ ယေရှုရဲ့ စကားကိုလည်း ပြန်အမှတ်ရစေတယ်။ အဲဒီကျမ်းချက်ကို မကြာမကြာ ပြန်တွေးလေ့ရှိတယ်။ အခုထိ ကျွန်တော့်စိတ်နှလုံးကို ထိမိနေတုန်းပဲ။ အကြီးအကဲရဲ့ အားပေးစကားက အများကြီး ထူးခြားသွားစေတယ်” လို့ ရုဗင် ပြောတယ်။—မ. ၁၀:၃၁။

၃။ (က) အားပေးမှုနဲ့ပတ်သက်ပြီး တမန်တော် ပေါလု ဘာပြောခဲ့သလဲ။ (ခ) ဒီဆောင်းပါးမှာ ဘာအကြောင်း သုံးသပ်ကြမလဲ။

၃ ပုံမှန်အားပေးဖို့ လိုအပ်ကြောင်း ကျမ်းစာမှာ အလေးပေး ဖော်ပြထားတာကို မအံ့သြသင့်ဘူး။ ဟီဘရူး ခရစ်ယာန်တွေဆီ တမန်တော် ပေါလု စာရေးခဲ့တယ်– “ညီအစ်ကိုတို့၊ သင်တို့တွင် မည်သူမျှ အသက်ရှင်တော်မူသော ဘုရားသခင်ထံမှ ဆုတ်ခွာသွားခြင်းဖြင့် ယုံကြည်ခြင်း ကင်းမဲ့၍ ဆိုးညစ်သောစိတ်နှလုံး မရှိစေရန် သတိပြုကြလော့။ . . . တစ်ဦးကိုတစ်ဦး နေ့စဉ် တိုက်တွန်းနှိုးဆော်လျက်နေကြလော့။ အကြောင်းမူကား သင်တို့တစ်ဦးဦးသည် အပြစ်၏ လှည့်စားနိုင်စွမ်းကြောင့် စိတ်နှလုံး ခိုင်မာလာမည်ဟု စိုးရိမ်စရာရှိ၏။” (ဟေဗြဲ ၃:၁၂၊ ၁၃) အားပေးစကားကြောင့် စိတ်အားတက်ခဲ့ရတဲ့အချိန်ကို ပြန်စဉ်းစားကြည့်ရင် တခြားသူတွေကို အားပေးပါဆိုတဲ့စကား အရေးကြီးပုံကို သဘောပေါက်ပါလိမ့်မယ်။ ဒါကြောင့် ဒီမေးခွန်းတွေကို သုံးသပ်ကြည့်ကြစို့– အားပေးဖို့ ဘာကြောင့် အရေးကြီးသလဲ။ တခြားသူတွေကို အားပေးခဲ့ကြတဲ့ ယေဟောဝါ၊ ယေရှု၊ ပေါလုတို့ဆီကနေ ဘာသင်ယူနိုင်သလဲ။ ဘယ်လို ထိထိရောက်ရောက် အားပေးနိုင်သလဲ။

လူတွေ အားပေးမှု လိုအပ်ကြ

၄။ ဘယ်သူတွေ အားပေးမှု လိုအပ်သလဲ။ ဒီနေ့ခေတ်မှာ ဘာကြောင့် အားပေးမှု ရှားပါးနေသလဲ။

၄ ကျွန်တော်တို့အားလုံး အားပေးမှု လိုအပ်ကြတယ်။ အထူးသဖြင့် ကလေးဘဝမှာ ဖြစ်တယ်။ “အပင်တွေဟာ ရေလိုအပ်သလို သားသမီးတွေလည်း . . . အားပေးမှု လိုအပ်ကြတယ်။ အားပေးခံရတဲ့အခါ တန်ဖိုးရှိတယ်၊ အသုံးဝင်တယ်လို့ ခံစားရတယ်” ဆိုပြီး ကျောင်းဆရာ တီမိုသီအီဗန် ပြောတယ်။ ခက်ခဲကျပ်တည်းတဲ့ကာလမှာ ကျွန်တော်တို့ အသက်ရှင်နေကြတယ်။ လူတွေ တစ်ကိုယ်ကောင်း ဆန်လာပြီး ချစ်ခင်တွယ်တာစိတ် မရှိကြတော့ဘူး။ အားပေးမှုလည်း ရှားပါးလာတယ်။ (၂ တိ. ၃:၁-၅) ကိုယ်တိုင် အားပေးမှု မခံခဲ့ရဖူးတဲ့ မိဘတချို့ဟာ သားသမီးတွေကို ဘယ်တော့မှ မချီးမွမ်းကြဘူး။ အလုပ်သမားတွေကလည်း လုပ်ငန်းခွင်မှာ အားပေးစကား၊ ချီးမွမ်းစကား မကြားရဘူးလို့ ညည်းညူကြတယ်။

၅။ အားပေးမှုမှာ ဘာတွေ ပါဝင်သလဲ။

၅ အားပေးမှုမှာ တစ်ယောက်ယောက် လုပ်ခဲ့တဲ့အရာအတွက် ချီးမွမ်းပေးခြင်း ပါဝင်လေ့ရှိတယ်။ အရည်အသွေးကောင်းတွေရှိကြောင်း ပြောပေးခြင်း၊ “စိတ်အားငယ်သူတို့ကို နှစ်သိမ့်စကားဆို” ခြင်းအားဖြင့် အားပေးနိုင်တယ်။ (၁ သက်. ၅:၁၄) “အားပေးမှု” လို့ပြန်ဆိုထားတဲ့ ဂရိစကားလုံးဟာ “အနီးအပါးသို့ ခေါ်ထားခြင်း” လို့အဓိပ္ပာယ် ရှိတယ်။ ညီအစ်ကို/မတွေနဲ့အတူ တွဲအမှုဆောင်တဲ့အခါ အားပေးဖို့ အခွင့်အရေးတွေ ရနိုင်တယ်။ (ဒေသနာ ၄:၉၊ ၁၀ ကိုဖတ်ပါ။) တခြားသူတွေကို ချစ်ကြောင်း၊ တန်ဖိုးထားကြောင်း ပြောပြသလား။ အဖြေမပေးခင် “အချိန်တန်၍ ပြောသောစကားသည်လည်း အလွန်လျောက်ပတ်ပေ၏” ဆိုတဲ့ စကားကို စဉ်းစားသုံးသပ်သင့်တယ်။—သု. ၁၅:၂၃။

၆။ ကျွန်တော်တို့ကို စာတန် ဘာကြောင့် စိတ်ဓာတ်ကျစေချင်သလဲ။ ဥပမာပေးပါ။

၆ စိတ်ဓာတ်ကျတဲ့အခါ ယေဟောဝါနဲ့ ဆက်ဆံရေးရော၊ တခြားကဏ္ဍတွေမှာပါ ထိခိုက်နိုင်မှန်း စာတန် သိထားလို့ ကျွန်တော်တို့ကို စိတ်ဓာတ်ကျစေချင်တယ်။ “သင်သည် အမှုရောက်သောကာလ၌ စိတ်ပျက်လျှင် အားနည်း၏” လို့ သုတ္တံ ၂၄:၁၀ မှာ ဆိုထားတယ်။ ဖြောင့်မတ်တဲ့ယောဘ စိတ်ဓာတ်ကျအောင် ဒုက္ခတွေ၊ စွပ်စွဲချက်တွေကို စာတန် သုံးခဲ့ပေမဲ့ အဲဒီရက်စက်တဲ့အကြံ မအောင်မြင်ခဲ့ဘူး။ (ယောဘ ၂:၃။ ၂၂:၃။ ၂၇:၅) မိသားစုဝင်တွေ၊ ညီအစ်ကို/မတွေကို အားပေးခြင်းအားဖြင့် စာတန်ရဲ့ လုပ်ရပ်တွေကို တိုက်ခိုက်နိုင်ပါတယ်။ ဒီနည်းအားဖြင့် အိမ်နဲ့ နိုင်ငံတော်ခန်းမဟာ ပျော်ရွှင်မှု၊ လုံခြုံမှုပေးတဲ့နေရာ ဖြစ်လာပါလိမ့်မယ်။

အားပေးမှုဆိုင်ရာ ကျမ်းစာပုံနမူနာများ

၇၊ ၈။ (က) အားပေးဖို့ အရေးကြီးတယ်လို့ ယေဟောဝါ ယူဆကြောင်း ဘယ်ကျမ်းစာပုံနမူနာတွေက ဖော်ပြသလဲ။ (ခ) ယေဟောဝါရဲ့ ပုံသက်သေကို မိဘတွေ ဘယ်လို လိုက်လျှောက်နိုင်သလဲ။ (ဆောင်းပါးအစမှာပါတဲ့ ရုပ်ပုံကို ကြည့်ပါ။)

၇ ယေဟောဝါ။ ‘ယေဟောဝါဘုရားသည် ကျိုးပဲ့သော စိတ်ရှိသောသူတို့နှင့် နှလုံးကြေကွဲသောသူတို့ကို နီးတော်မူ၏’ လို့ ဆာလံဆရာ သီဆိုခဲ့တယ်။ (ဆာ. ၃၄:၁၈) သစ္စာရှိတဲ့ ပရောဖက် ယေရမိ ကြောက်ရွံ့စိတ်ဓာတ်ကျတဲ့အခါ ယေဟောဝါ အားပေးခဲ့တယ်။ (ယေ. ၁:၆-၁၀) အသက်ကြီးတဲ့ ပရောဖက် ဒံယေလကို အားပေးဖို့ ကောင်းကင်တမန်ကို ဘုရားသခင် စေလွှတ်တဲ့အခါ ဘယ်လောက် အားရှိသွားမလဲဆိုတာ မြင်ယောင်ကြည့်ပါ။ အဲဒီကောင်းကင်တမန်က ဒံယေလကို “အလွန်ချစ်အပ်သောသူ” လို့ခေါ်တယ်။ (ဒံ. ၁၀:၈၊ ၁၁၊ ၁၈၊ ၁၉) သင်လည်း ကြေညာသူ၊ ရှေ့ဆောင်၊ အားနည်းလာတဲ့ သက်ကြီး ညီအစ်ကို/မတွေကို အားပေးနိုင်မလား။

၈ ဘုရားသခင်ဟာ ချစ်သားယေရှုနဲ့ နှစ်ပေါင်းများစွာ တွဲလုပ်ခဲ့လို့ မြေကြီးပေါ် လာတဲ့အခါ ချီးမွမ်းအားပေးဖို့ မလိုတော့ဘူးလို့ မယူဆခဲ့ဘူး။ အဲဒီအစား “ဤသူသည် ငါနှစ်သက်မြတ်နိုးသော ငါ၏ချစ်သားဖြစ်၏” လို့ ကောင်းကင်ကနေ နှစ်ကြိမ် ပြောတာကို ယေရှု ကြားခဲ့တယ်။ အမှုဆောင်လုပ်ငန်း အစပိုင်းမှာ တစ်ကြိမ်၊ မြေကြီးအသက်တာရဲ့ နောက်ဆုံးနှစ်မှာ တစ်ကြိမ် ကြားခဲ့ရတယ်။ (မ. ၃:၁၇။ ၁၇:၅) ယေရှုကို ချီးမွမ်းပြီး တော်တယ်လို့ ပြောခဲ့တယ်။ ယေရှု သိပ်အားရှိခဲ့မှာပဲ။ မသေဆုံးခင်ညမှာ စိတ်သောက ရောက်နေတုန်း အားပေးဖို့ ကောင်းကင်တမန်ကို ယေဟောဝါ စေလွှတ်ခဲ့တယ်။ (လု. ၂၂:၄၃) ကျွန်တော်တို့လည်း မိဘဖြစ်မယ်ဆိုရင် သားသမီးတွေကို ပုံမှန်အားပေးခြင်း၊ ချီးမွမ်းခြင်းအားဖြင့် ယေဟောဝါရဲ့ ပုံသက်သေကို တုပကြပါစို့။ နေ့တိုင်း ကျောင်းမှာ ကြုံနေရတဲ့ စမ်းသပ်မှုတွေကို ရင်ဆိုင်နိုင်ဖို့ ထပ်ဆင့် အကူအညီတွေ ပေးကြပါစို့။

၉။ တမန်တော်တွေကို ယေရှု ဆက်ဆံပုံကနေ ဘာသင်ယူနိုင်သလဲ။

၉ ယေရှု။ သတိရအောက်မေ့ပွဲ စကျင်းပတဲ့ညမှာ တမန်တော်တွေရဲ့ မကောင်းတဲ့သဘောထား မာနစိတ်ကို ယေရှု သတိပြုမိခဲ့တယ်။ သူတို့ရဲ့ခြေကို ယေရှု နှိမ့်ချစိတ်နဲ့ ဆေးပေးခဲ့ပေမဲ့ ဘယ်သူ အကြီးမြတ်ဆုံးလဲဆိုပြီး ငြင်းခုံနေကြတုန်းပဲ။ ပေတရုဆိုရင် ကိုယ့်ကိုယ်ကိုယ် ယုံကြည်စိတ်ချမှု လွန်ကဲနေတယ်။ (လု. ၂၂:၂၄၊ ၃၃၊ ၃၄) ဒါတောင်မှ စမ်းသပ်မှု ကြုံရချိန်မှာ မစွန့်ခွာတဲ့အတွက် သစ္စာရှိတမန်တော်တွေကို ယေရှု ချီးမွမ်းခဲ့တယ်။ မိမိလုပ်ခဲ့တာတွေထက် ကြီးမားတဲ့အလုပ်တွေ လုပ်ကြလိမ့်မယ်လို့ ကြိုပြောခဲ့တယ်။ သူတို့ကို ဘုရားသခင် ချစ်မြတ်နိုးကြောင်း စိတ်ချစေခဲ့တယ်။ (လု. ၂၂:၂၈။ ယော. ၁၄:၁၂။ ၁၆:၂၇) ကျွန်တော်တို့လည်း ‘သားသမီးတွေ၊ တခြားသူတွေရဲ့ အားနည်းချက်တွေကို အာရုံစိုက်မယ့်အစား သူတို့ရဲ့ လုပ်ရပ်ကောင်းတွေအတွက် ချီးမွမ်းပေးခြင်းအားဖြင့် ယေရှုကို တုပနေသလား’ လို့ ကိုယ့်ကိုယ်ကိုယ် မေးကြည့်နိုင်တယ်။

၁၀၊ ၁၁။ တခြားသူတွေကို အားပေးဖို့ လိုအပ်တယ်ဆိုတာ သိကြောင်း ပေါလု ဘယ်လို ဖော်ပြခဲ့သလဲ။

၁၀ တမန်တော် ပေါလု။ ပေါလုရဲ့ စာတွေမှာ ခရစ်ယာန်ချင်းတွေကို ချီးမွမ်းခဲ့တယ်။ သူတို့ထဲကတချို့နဲ့ နှစ်ပေါင်းများစွာ ခရီး အတူသွားခဲ့တဲ့အတွက် အားနည်းချက်တွေ သိခဲ့မှာပဲ။ ဒါပေမဲ့ ကောင်းကွက်တွေကိုပဲ ပြောခဲ့တယ်။ ဥပမာ၊ တိမောသေကို “သခင်၌ သစ္စာရှိသော ငါ၏ချစ်သား၊” ခရစ်ယာန်ချင်းတို့ရဲ့ အကျိုးကို အမှန်တကယ် လိုလားတဲ့သူလို့ ခေါ်ခဲ့တယ်။ (၁ ကော. ၄:၁၇။ ဖိ. ၂:၁၉၊ ၂၀) တိတုနဲ့ပတ်သက်ပြီးတော့လည်း “သူသည် ငါ၏အပေါင်းအဖော်၊ သင်တို့၏ အကျိုးအတွက် ငါ၏လုပ်ဖော်ဆောင်ဖက်ဖြစ်၏” ဆိုပြီး ကောရိန္သုအသင်းတော်ကို ပြောခဲ့တယ်။ (၂ ကော. ၈:၂၃) သူတို့အပေါ် ပေါလုရဲ့ သဘောထားကို သိရတဲ့အခါ တိမောသေနဲ့ တိတု အားရှိခဲ့မှာပဲ။

၁၁ ပေါလုနဲ့ ဗာနဗဟာ အကြမ်းဖက်တိုက်ခိုက်ခံရတဲ့ မြို့တွေဆီ အသက်စွန့်ပြီး ပြန်သွားခဲ့ကြတယ်။ ဥပမာ၊ လုတ္တရမြို့မှာ ဆန့်ကျင်မှုတွေ ကြုံခဲ့ရပေမဲ့ တပည့်သစ်တွေကို ယုံကြည်ခြင်း ဆက်ရှိနေအောင် အားပေးဖို့ ပြန်သွားခဲ့တယ်။ (တ. ၁၄:၁၉-၂၂) ဧဖက်မြို့မှာလည်း ဒေါသထွက်နေတဲ့လူအုပ်နဲ့ ပေါလု ရင်ဆိုင်ခဲ့ရတယ်။ တမန်တော် ၂၀:၁၊ ၂ မှာ “ထိုရုန်းရင်းခတ်မှု ရပ်စဲပြီးနောက် ပေါလုသည် တပည့်တော်တို့ကို ခေါ်၍ အားပေးလေ၏။ ထို့နောက် နှုတ်ဆက်စကား ဆိုပြီးလျှင် မက်ဆီဒိုးနီးယားပြည်သို့ ခရီးဆက်လေ၏။ ထိုအရပ်များသို့ လှည့်လည်၍ တပည့်တော်တို့ကို အားပေးစကားများ ပြောပြီးလျှင် ဂရိပြည်သို့ ရောက်လာ၏” လို့ဆိုထားတယ်။ အားပေးစကား ပြောတာက ပေါလုအတွက် အထူး အရေးကြီးတယ်။

အချင်းချင်း အားပေးကြ

၁၂။ အစည်းအဝေးတွေမှာ ဘယ်လို အပြန်အလှန် အားပေးနိုင်သလဲ။

၁၂ ပုံမှန် အစည်းအဝေး ကျင်းပဖို့ ဘုရားသခင် စီစဉ်ပေးရတဲ့ အကြောင်းရင်းတစ်ခုက အပြန်အလှန် အားပေးနိုင်ဖို့ပါပဲ။ (ဟေဗြဲ ၁၀:၂၄၊ ၂၅ ကိုဖတ်ပါ။) ယေရှုရဲ့ ကနဦး နောက်လိုက်တွေလိုပဲ ကျွန်တော်တို့လည်း သင်ယူဖို့၊ အားပေးခံရဖို့ စုဝေးကြတယ်။ (၁ ကော. ၁၄:၃၁) ဆောင်းပါးအစမှာ ဖော်ပြခဲ့တဲ့ ခရစ္စတီးနား ဒီလိုပြောတယ်– “အစည်းအဝေး တက်ရတာ အကြိုက်ဆုံးကတော့ မေတ္တာနဲ့ အားပေးမှု ရရှိလို့ပဲ။ တစ်ခါတလေ စိတ်ပျက်ပျက်နဲ့ နိုင်ငံတော်ခန်းမ ရောက်လာတယ်။ ဒါပေမဲ့ ညီအစ်မတွေ ကျွန်မကိုဖက်ပြီး နှုတ်ဆက်တယ်။ လှတယ်လို့ ပြောကြတယ်။ ကျွန်မကို ချစ်ကြောင်း၊ တိုးတက်နေတာ မြင်ရလို့ ဝမ်းသာကြောင်း ပြောကြတယ်။ သူတို့ရဲ့ အားပေးမှုကြောင့် အားရှိလာတယ်။” အားလုံးက “အပြန်အလှန် အားပေး” တဲ့အခါ တကယ့်ကို လန်းဆန်းစေပါတယ်။—ရော. ၁:၁၁၊ ၁၂။

၁၃။ ဘုရားသခင်ရဲ့ ဝါရင့်ကျေးကျွန်တွေ ဘာကြောင့် အားပေးမှု လိုအပ်ကြသလဲ။

၁၃ ဘုရားသခင်ရဲ့ ဝါရင့်ကျေးကျွန်တွေတောင်မှ အားပေးမှု လိုအပ်ကြတယ်။ ယောရှုအကြောင်း သုံးသပ်ကြည့်ပါ။ ဘုရားသခင်ကို နှစ်ပေါင်းများစွာ သစ္စာရှိရှိ အမှုဆောင်ခဲ့တယ်။ ဒါတောင် အားပေးဖို့ မောရှေကို ယေဟောဝါ မိန့်မှာတယ်– “ယောရှုကို မှာခဲ့၍ အားပေးလော့။ မစထောက်ပင့်လော့။ သူသည် ဤလူမျိုးရှေ့မှာ သွား၍ သင်မြင်ရသောပြည်ကို အမွေခံစေရမည်။” (တရား. ၃:၂၇၊ ၂၈) အစ္စရေးတွေကို ကတိထားရာပြည်ထဲ ဦးဆောင်ခေါ်သွားရမယ့် တာဝန်ကြီးကို ယောရှု ထမ်းဆောင်ရတော့မယ်။ အတားအဆီးတွေ ရင်ဆိုင်ရမယ်။ တိုက်ပွဲမှာ အနည်းဆုံး တစ်ကြိမ် ရှုံးနိမ့်ခဲ့တယ်။ (ယောရှု ၇:၁-၉) ယောရှု အားပေးထောက်မမှု လိုအပ်မှာ သေချာတယ်။ ကျွန်တော်တို့လည်း ဘုရားသခင့် သိုးတော်စုကို ကြိုးစားစောင့်ရှောက်နေတဲ့ အကြီးအကဲတွေ၊ တိုက်နယ်ကြီးကြပ်မှူးတွေကို အားပေးကြပါစို့။ (၁ သက်သာလောနိတ် ၅:၁၂၊ ၁၃ ကိုဖတ်ပါ။) တိုက်နယ်ကြီးကြပ်မှူးတစ်ယောက် ဒီလိုပြောတယ်– “တစ်ခါတလေ ညီအစ်ကိုတွေက ကျွန်တော်တို့ လည်ပတ်လို့ ပျော်ရွှင်တဲ့အကြောင်း ကျေးဇူးတင်စာ ရေးကြတယ်။ ဒီစာတွေကို သိမ်းထားပြီး စိတ်ဓာတ်ကျတဲ့အခါတွေမှာ ပြန်ဖတ်တယ်။ တကယ်အားရှိစေတယ်။”

ဖခင်က သားကို အားပေးနေစဉ်

လှိုက်လှိုက်လှဲလှဲ အားပေးတာက သားသမီးတွေကို တိုးတက်စေ (အပိုဒ် ၁၄ ကိုကြည့်ပါ)

၁၄။ သွန်သင်ချက် ပေးတဲ့အခါ ချီးမွမ်းမှုနဲ့ အားပေးမှုဟာ ထိရောက်ကြောင်း ဘာက ဖော်ပြသလဲ။

၁၄ ကျမ်းစာသွန်သင်ချက်တွေကို လိုက်နာဖို့ အလေးထား တိုက်တွန်းတဲ့အခါမှာ ချီးမွမ်းမှုနဲ့ အားပေးမှုဟာ ထိရောက်ကြောင်း ခရစ်ယာန် အကြီးအကဲတွေ၊ မိဘတွေ တွေ့ရှိကြတယ်။ မိမိရဲ့ သွန်သင်ချက်ကို ကောရိန္သု ခရစ်ယာန်တွေ လိုက်နာတဲ့အတွက် ပေါလု ချီးမွမ်းခဲ့တယ်။ အဲဒါက မှန်ရာကို ဆက်လုပ်ဆောင်ဖို့ အားပေးမှု ဖြစ်စေခဲ့မှာပဲ။ (၂ ကော. ၇:၈-၁၁) သားသမီးနှစ်ယောက်ရှိတဲ့ အန်ဒရေ ဒီလိုပြောတယ်– “အားပေးမှုက သားသမီးတွေကို ဘုရားရေးရာနဲ့ စိတ်ဓာတ်ရေးရာမှာ တိုးတက်စေတယ်။ အားပေးခြင်းအားဖြင့် သွန်သင်ချက်ကို ရိုက်သွင်းပေးရတယ်။ သားသမီးတွေက မှန်ရာကို သိပေမဲ့ အဆက်မပြတ် အားပေးခြင်းအားဖြင့် တစ်သက်လုံး မှန်ရာကို လုပ်ဆောင်သွားစေပါလိမ့်မယ်။”

ထိထိရောက်ရောက် အားပေးနိုင်ပုံ

၁၅။ တခြားသူတွေကို အားပေးနိုင်တဲ့ နည်းလမ်းတစ်ခုက ဘာလဲ။

၁၅ ဝတ်ပြုသူချင်းတွေရဲ့ ကြိုးစားအားထုတ်မှုတွေ၊ အရည်အသွေးကောင်းတွေကို တန်ဖိုးထားကြောင်း ဖော်ပြပါ။ (၆ ရာ. ၁၆:၉။ ယောဘ ၁:၈) အခြေအနေကြောင့် နိုင်ငံတော်လုပ်ငန်းကို အကန့်အသတ်နဲ့ပဲ လုပ်ဆောင်ထောက်ပံ့နိုင်တယ်ဆိုရင်တောင်မှ ယေဟောဝါနဲ့ ယေရှု တန်ဖိုးထားတယ်။ (လုကာ ၂၁:၁–၄ နဲ့ ၂ ကောရိန္သု ၈:၁၂ တို့ကိုဖတ်ပါ။) ဥပမာ၊ အသက်ကြီးသူတချို့ဟာ အစည်းအဝေးတွေ၊ အမှုဆောင်လုပ်ငန်းတွေမှာ ပုံမှန်ပါဝင်ဖို့ အတော့်ကို ကြိုးစားအားထုတ်ကြရတယ်။ သူတို့ကို ချီးမွမ်းအားပေးသင့်တယ် မဟုတ်လား။

၁၆။ တခြားသူတွေကို အားပေးဖို့ ဘာကြောင့် မတွန့်ဆုတ်သင့်သလဲ။

၁၆ တခြားသူတွေကို အားပေးဖို့ အခွင့်အရေး ရှာယူပါ။ ချီးမွမ်းထိုက်တဲ့အရာတစ်ခုခု မြင်ရင် မတွန့်မဆုတ် ချီးမွမ်းပေးလိုက်ပါ။ ပိသိဒိပြည်၊ အန္တိအုတ်မြို့မှာ ပေါလုနဲ့ ဗာနဗ ဘာဖြစ်ခဲ့တယ်ဆိုတာ သုံးသပ်ကြည့်ပါ။ တရားဇရပ်မှူးတွေက “ညီအစ်ကိုတို့၊ ဤသူတို့ကို အားပေးစကား ပြောလိုလျှင် ပြောကြပါ” လို့ပြောတဲ့အခါ ပေါလု ဟောပြောချက် ကောင်းကောင်း ပေးခဲ့တယ်။ (တ. ၁၃:၁၃-၁၆၊ ၄၂-၄၄) ကျွန်တော်တို့လည်း အားပေးစကား ပြောနိုင်မယ်ဆိုရင် ပြောလိုက်ပါ။ အားပေးတာကို အကျင့်ဖြစ်အောင် လုပ်ယူမယ်ဆိုရင် တခြားသူတွေလည်း ကျွန်တော်တို့ကို ပြန်အားပေးပါလိမ့်မယ်။—လု. ၆:၃၈။

၁၇။ ချီးမွမ်းစကားကို ဘယ်အရာက ပိုအလေးစီးစေသလဲ။

၁၇ စိတ်ရင်းမှန်နဲ့ သတ်သတ်မှတ်မှတ် ချီးမွမ်းပေးပါ။ အားပေးစကား၊ ချီးမွမ်းစကား ခြုံပြောလိုက်တာက အကျိုးရှိပေမဲ့ သွာတိရ ခရစ်ယာန်တွေကို ယေရှု ပြောတဲ့စကားအရ သတ်သတ်မှတ်မှတ် ချီးမွမ်းခြင်းက ပိုအကျိုးရှိတယ်။ (ဗျာဒိတ် ၂:၁၈၊ ၁၉ ကိုဖတ်ပါ။) ဥပမာ၊ မိဘဖြစ်မယ်ဆိုရင် သားသမီးတွေရဲ့ တိုးတက်မှုကို တန်ဖိုးထားကြောင်း ပြောနိုင်တယ်။ ခက်ခဲတဲ့ အခြေအနေကြားမှာ သားသမီးတွေကို ပြုစုပျိုးထောင်နေတဲ့ သူ့ရဲ့ ဘယ်နည်းလမ်းကို သဘောကျတယ်ဆိုပြီး ကြင်ဖော်မဲ့မိခင်ကို ပြောပြနိုင်တယ်။ အဲဒီလို ချီးမွမ်းအားပေးမှုက အကျိုးများစွာ ရှိစေနိုင်ပါတယ်။

၁၈၊ ၁၉။ အားပေးမှု လိုအပ်နေသူတွေကို ဘယ်လို အားပေးနိုင်သလဲ။

၁၈ ယောရှုကို အားပေးထောက်မဖို့ မောရှေကို ယေဟောဝါ ပြောခဲ့သလို ဘယ်သူဘယ်ဝါကို အားပေးပါလို့တော့ ကျွန်တော်တို့ကို တိတိကျကျ ပြောမှာ မဟုတ်ဘူး။ ဒါပေမဲ့ ညီအစ်ကို/မတွေနဲ့ တခြားသူတွေကို အားပေးတဲ့အခါ ယေဟောဝါ နှစ်သက်တယ်။ (သု. ၁၉:၁၇။ ဟေဗြဲ ၁၂:၁၂) ဥပမာ၊ ညီအစ်ကိုတစ်ယောက်ရဲ့ ဟောပြောချက်ကြောင့် ကိုယ်လိုအပ်တဲ့ အကြံဉာဏ် ရခဲ့ကြောင်း၊ ကျမ်းချက်တစ်ချက်ကို နားလည်သွားကြောင်း ပြောပြနိုင်တယ်။ ညီအစ်မတစ်ယောက်က ဧည့်ဟောပြောသူတစ်ယောက်ဆီ စာရေးခဲ့တယ်– “ခဏလေးပဲ စကားပြောဖြစ်ခဲ့ပေမဲ့ ကျွန်မရဲ့ စိတ်သောကကို ညီအစ်ကို မြင်ပြီး နှစ်သိမ့်အားပေးခဲ့တယ်။ စင်မြင့်ကနေ ပြောတာရော၊ ကျွန်မကို ကိုယ်တိုင်ကိုယ်ကျ ပြောခဲ့တဲ့ အားပေးစကားတွေကိုပါ ယေဟောဝါဆီက လက်ဆောင်အဖြစ် သဘောထားမှန်း သိစေချင်ပါတယ်။”

၁၉ “ယခု သင်တို့ပြုလျက်ရှိသည့်အတိုင်း အချင်းချင်း နှစ်သိမ့်၍ တည်ဆောက်ပေးလျက်နေကြလော့” ဆိုတဲ့ ပေါလုရဲ့ စကားကို လိုက်နာဖို့ စိတ်ပိုင်းဖြတ်ထားမယ်ဆိုရင် အားပေးနိုင်တဲ့ နည်းလမ်းတွေ ရှာတွေ့ပါလိမ့်မယ်။ (၁ သက်. ၅:၁၁) “တစ်ဦးကိုတစ်ဦး နေ့စဉ် တိုက်တွန်းနှိုးဆော်လျက်နေကြ” မယ်ဆိုရင် ယေဟောဝါ နှစ်သက်မှာ သေချာပါတယ်။

^ [၁] (အပိုဒ် ၁) နာမည်တချို့ ပြောင်းထားပါတယ်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ