မိဘတို့၊ သင့်ကလေး နှစ်ခြင်းခံနိုင်ဖို့ ကူညီပေးနေသလား
“ဘာလို့ အချိန်ဆွဲနေမှာလဲ။ အခု ထပြီး နှစ်ခြင်းခံလိုက်ပါ။”—တ. ၂၂:၁၆။
၁။ သားသမီးတွေ နှစ်ခြင်းမခံခင် ဘယ်အချက်ကို ခရစ်ယာန်မိဘတွေ သေချာစေချင်ကြသလဲ။
“ကျွန်မ နှစ်ခြင်းခံချင်တယ်လို့ မိဘတွေကို ပြောတာ လအတော်ကြာပြီ။ သူတို့လည်း ဒီအကြောင်း ပြောလေ့ရှိတယ်။ ဒီဆုံးဖြတ်ချက် သိပ်အရေးကြီးမှန်း ကျွန်မကို သိစေချင်ကြတယ်။ ၁၉၃၄၊ ဒီဇင်ဘာ ၃၁ ရက်ကတော့ ကျွန်မဘဝအတွက် အရေးပါတဲ့ နေ့ပါပဲ” လို့ နှစ်ခြင်းခံဖို့ ဆုံးဖြတ်ချက်အကြောင်း ဘလော်ဆမ် ဘရန့် ပြောတယ်။ အခုခေတ် ခရစ်ယာန်မိဘတွေလည်း သားသမီးတွေ ဆုံးဖြတ်ချက်ကောင်း ချနိုင်အောင် ကူညီပေးနေကြတယ်။ နှစ်ခြင်းခံဖို့ မလိုအပ်ဘဲ အချိန်ဆွဲရင်၊ ရွှေ့ဆိုင်းရင် ဘုရားရေးရာ အန္တရာယ်ကျရောက်နိုင်မှန်း နားလည်ကြတယ်။ (ယာ. ၄:၁၇) ဒါပေမဲ့ နှစ်ခြင်းမခံခင် တပည့်တာဝန် ထမ်းဆောင်ဖို့ အသင့်ဖြစ်ကြောင်း မိဘတွေ သေချာစေချင်ကြတယ်။
၂။ (က) တိုက်နယ်ကြီးကြပ်မှူးတချို့ ဘာသတိပြုမိသလဲ။ (ခ) ဒီဆောင်းပါးမှာ ဘာအကြောင်း သုံးသပ်ကြမလဲ။
၂ ခရစ်ယာန်မိသားစုမှာ ကြီးပြင်းလာပေမဲ့ နှစ်ခြင်းမခံရသေးတဲ့ အသက် ၂၀ ဝန်းကျင် လူငယ်တွေကို တိုက်နယ်ကြီးကြပ်မှူးတချို့ သတိပြုမိတယ်။ အများစုက အသင်းတော် အစည်းအဝေးတွေ၊ အမှုဆောင်တွေမှာ ပါဝင်နေကြတယ်။ ကိုယ့်ကိုယ်ကိုယ် ယေဟောဝါသက်သေအဖြစ် ယူမှတ်ကြတယ်။ ဒါပေမဲ့ ယေဟောဝါဆီ ဆက်ကပ်အပ်နှံ၊ နှစ်ခြင်းခံဖို့ တွန့်ဆုတ်နေကြတယ်။ ဘာကြောင့်လဲ။ နှစ်ခြင်းခံဖို့ အသင့်မဖြစ်သေးဘူးဆိုပြီး မိဘတချို့ ယူဆကြလို့ပဲ။ နှစ်ခြင်းခံဖို့ မိဘတွေ အားမပေးရတဲ့ အကြောင်းရင်း လေးခုကို ဒီဆောင်းပါးမှာ သုံးသပ်ကြပါမယ်။
ငါ့ကလေး ငယ်လွန်းနေသလား
၃။ ဘလော်ဆမ်ရဲ့ မိဘတွေ ဘာကို စိုးရိမ်ခဲ့သလဲ။
၃ ဆောင်းပါးအစမှာပါတဲ့ ဘလော်ဆမ်ရဲ့ မိဘတွေဟာ နှစ်ခြင်းရဲ့ အရေးကြီးမှုကို သမီးဖြစ်သူ သဘောပေါက်ဖို့ ငယ်လွန်းနေသလားလို့ စိုးရိမ်ခဲ့ကြတယ်။ ကိုယ့်ကလေး နှစ်ခြင်းခံဖို့ အသင့်ဖြစ်မဖြစ် မိဘတွေ ဘယ်လို သိနိုင်မလဲ။
၄။ မဿဲ ၂၈:၁၉၊ ၂၀ မှာပါတဲ့ ယေရှုရဲ့ မိန့်မှာချက်က သားသမီးတွေကို သွန်သင်ရာမှာ မိဘတွေကို ဘယ်လို ကူညီပေးသလဲ။
၄ မဿဲ ၂၈:၁၉၊ ၂၀ ကိုဖတ်ပါ။ ရှေ့ဆောင်းပါးမှာ လေ့လာခဲ့တဲ့အတိုင်း နှစ်ခြင်းခံဖို့ အသက်အရွယ်ကို ကျမ်းစာ မကန့်သတ်ထားဘူး။ တပည့်ဖြစ်ခြင်းရဲ့ အဓိပ္ပာယ်ကို ပြန်သုံးသပ်ခြင်းကနေ မိဘတွေ အကျိုးရနိုင်တယ်။ မဿဲ ၂၈:၁၉ အရ တပည့်ဆိုတာ ယေရှုရဲ့ သွန်သင်ချက်တွေကို သင်ယူ၊ သဘောပေါက်၊ ကျင့်သုံးသူဖြစ်ကြောင်း ဖော်ပြတယ်။ ဒါကြောင့် ခရစ်ယာန်မိဘတိုင်းရဲ့ ပန်းတိုင်က သားသမီးတွေကို နှစ်ခြင်းခံပြီးသား တပည့်ဖြစ်လာအောင် နို့စို့အရွယ်ကတည်းက ကူညီပေးဖို့ ဖြစ်သင့်တယ်။ နို့စို့ကလေးတွေကတော့ နှစ်ခြင်းခံဖို့ အရည်အချင်း မပြည့်မီကြဘူး။ ဒါပေမဲ့ အတော်ငယ်ရွယ်တဲ့ ကလေးတွေတောင် ကျမ်းစာအမှန်တရားတွေကို နားလည်သဘောပေါက်နိုင်ကြောင်း ကျမ်းစာ ဖော်ပြတယ်။
၅၊ ၆။ (က) တိမောသေအကြောင်း ကျမ်းစာဖော်ပြချက်က နှစ်ခြင်းနဲ့ပတ်သက်ပြီး ဘာကို သိစေသလဲ။ (ခ) ပိုင်းခြားတတ်တဲ့ မိဘတွေ သားသမီးကို ဘယ်လို ကူညီပေးနိုင်သလဲ။
၅ တိမောသေဟာ ငယ်စဉ်ကတည်းက အမှန်တရားကို ကိုယ်ပိုင်ဖြစ်စေခဲ့တယ်။ နို့စို့အရွယ်ကတည်းက ကျမ်းစာအမှန်တရားတွေကို သင်ယူခဲ့တယ်လို့ တမန်တော် ပေါလု ပြောတယ်။ ဘာသာမတူတဲ့ မိသားစုမှာ ကြီးပြင်းလာပေမဲ့ ဂျူးလူမျိုး မိခင်နဲ့ အဖွားက ကျမ်းစာကို ဂျူးတစ်ယောက်လို နားလည်သဘောပေါက်လာအောင် သွန်သင်ပေးခဲ့တယ်။ ဒါကြောင့် သူ့ယုံကြည်ခြင်း ခိုင်မာလာတယ်။ (၂ တိ. ၁:၅။ ၃:၁၄၊ ၁၅) အသက် ၂၀ ဝန်းကျင်လောက်မှာ အသင်းတော် အခွင့်ထူးတွေအတွက် အရည်အချင်း ပြည့်မီလာတယ်။—တ. ၁၆:၁-၃။
၆ ကလေးတစ်ယောက်စီက မတူညီကြဘူး။ ရင့်ကျက်မှုနှုန်း ကွဲပြားကြတယ်။ တချို့က ငယ်ငယ်ရွယ်ရွယ်နဲ့ စိတ်ဓာတ် အတော်ရင့်ကျက်ပြီး နှစ်ခြင်းခံချင်ကြတယ်။ တချို့ကျတော့ အတော်ကြီးတဲ့အထိ နှစ်ခြင်းခံဖို့ အသင့်မဖြစ်ကြဘူး။ ဒါကြောင့် ပိုင်းခြားတတ်တဲ့ မိဘတွေက သားသမီးတွေကို နှစ်ခြင်းခံဖို့ ဖိအားမပေးကြဘူး။ အဲဒီအစား ကလေးတစ်ယောက်စီရဲ့ တိုးတက်မှုအလိုက် ဘုရားရေးရာဘက် တက်လှမ်းနိုင်အောင် ကူညီပေးကြတယ်။ ပညာအလိမ္မာ ၂၇:၁၁ (ဖတ်ပါ) မှာပါတဲ့ စကားကို ကလေးတွေ နှလုံးသွင်းတဲ့အခါ မိဘတွေ ဝမ်းသာနိုင်တယ်။ သားသမီးတွေကို တပည့်ဖြစ်စေဖို့ဆိုတဲ့ ပန်းတိုင်ကို မမေ့ကြဘူး။ ဒါကြောင့် ‘ငါ့ကလေး ဘုရားသခင်ဆီ ဆက်ကပ်အပ်နှံ နှစ်ခြင်းခံဖို့ အသိပညာ အလုံအလောက် ရှိပြီလား’ လို့ မိဘတွေ စဉ်းစားသင့်တယ်။
ငါ့ကလေးမှာ အသိပညာ အလုံအလောက် ရှိရဲ့လား
၇။ နှစ်ခြင်းခံချင်တဲ့သူမှာ ကျမ်းစာအသိပညာ အများကြီးရှိဖို့ လိုသလား။ ရှင်းပြပါ။
၇ သားသမီးတွေ ဆက်ကပ်အပ်နှံနိုင်ဖို့ အခြေခံအသိပညာ ရှိအောင် မိဘတွေ ကူညီပေးသင့်တယ်။ ဆက်ကပ်အပ်နှံ နှစ်ခြင်းခံဖို့ အသိပညာ အများကြီး မလိုပါဘူး။ တပည့်အားလုံးက နှစ်ခြင်းခံပြီးနောက် တိကျမှန်ကန်တဲ့ အသိပညာ ဆက်ဆည်းပူးနေရမယ်။ (ကောလောသဲ ၁:၉၊ ၁၀ ကိုဖတ်ပါ။) ဒါဆို အခြေခံအသိပညာ ဘယ်လောက် ရှိထားရမလဲ။
၈၊ ၉။ ပေါလုနဲ့ ထောင်မှူးရဲ့ ဖြစ်ရပ်ကနေ ဘာသင်ယူနိုင်သလဲ။
၈ ပထမရာစု မိသားစုတစ်စုရဲ့ ဖြစ်ရပ်ကနေ မိဘတွေ သင်ယူနိုင်ပါတယ်။ (တ. ၁၆:၂၅-၃၃) အေဒီ ၅၀၊ ဒုတိယ သာသနာပြု ခရီးစဉ်မှာ ဖိလိပ္ပိမြို့ကို ပေါလု လည်ပတ်ခဲ့တယ်။ မဟုတ်မမှန် စွပ်စွဲချက်တွေကြောင့် ပေါလုနဲ့ သိလ အဖမ်းခံရပြီး ထောင်ချခံရတယ်။ အဲဒီညမှာ မြေငလျင်လှုပ်ပြီး ထောင်တံခါးတွေ ပွင့်သွားတယ်။ ထောင်သားတွေ ထွက်ပြေးသွားပြီအထင်နဲ့ ထောင်မှူး ကိုယ့်ကိုယ်ကိုယ် သတ်သေဖို့လုပ်တော့ ပေါလု တားလိုက်တယ်။ ထောင်မှူးနဲ့ မိသားစုကို သက်သေခံခွင့်ရခဲ့တယ်။ ယေရှုနဲ့ပတ်သက်ပြီး သိလာတဲ့ အမှန်တရားတွေက ဘာလုပ်ဖို့ လှုံ့ဆော်ခဲ့သလဲ။ သူတို့ ချက်ချင်း နှစ်ခြင်းခံလိုက်ကြတယ်။ ဒီဖြစ်ရပ်ကနေ ဘာသင်ယူနိုင်သလဲ။
၉ ထောင်မှူးဟာ ရောမစစ်မှုထမ်းဟောင်း ဖြစ်နိုင်တယ်။ ကျမ်းစာအကြောင်း မသိတဲ့အတွက် အခြေခံ အသိပညာရဖို့၊ ဘုရားသခင့် ကျေးကျွန်ဖြစ်ဖို့ လိုအပ်တဲ့ ကျမ်းစာအမှန်တရားတွေကို သင်ယူခဲ့ရတယ်။ ယေရှုရဲ့ သွန်သင်ချက်တွေကို လိုက်နာဖို့ ဆုံးဖြတ်ခဲ့ရတယ်။ အချိန်တိုအတွင်းမှာ သိလာတာတွေကို လေးမြတ်စိတ်က နှစ်ခြင်းခံဖို့ လှုံ့ဆော်ပေးခဲ့တယ်။ နှစ်ခြင်းခံပြီးနောက်မှာလည်း ဆက်လေ့လာသင်ယူမှာ သေချာတယ်။ ဒါကြောင့် သားသမီးတွေ ကျမ်းစာ အခြေခံသွန်သင်ချက်တွေကို လေးမြတ်လာတဲ့အခါ၊ ဆက်ကပ်အပ်နှံခြင်းနဲ့ နှစ်ခြင်းရဲ့ အဓိပ္ပာယ်ကို နားလည်လာတဲ့အခါ မိဘတွေ ဘာလုပ်နိုင်သလဲ။ နှစ်ခြင်းခံဖို့ အရည်အချင်း ပြည့်မပြည့် သိနိုင်အောင် အသင်းတော်အကြီးအကဲတွေကို သားသမီး ဆက်သွယ်နိုင်ပြီလို့ ကောက်ချက်ချနိုင်တယ်။a နှစ်ခြင်းခံပြီးနောက် တခြားတပည့်တွေလိုပဲ ယေဟောဝါအကြောင်း တစ်သက်လုံး၊ ထာဝရ ဆက်လေ့လာသွားပါလိမ့်မယ်။—ရော. ၁၁:၃၃၊ ၃၄။
ငါ့ကလေးအတွက် အကောင်းဆုံးပညာရေးက ဘာလဲ
၁၀၊ ၁၁။ (က) မိဘတချို့ ဘယ်လို ယူဆကြသလဲ။ (ခ) မိဘတွေ ဘာကို ဦးစားထားသင့်သလဲ။
၁၀ သားသမီးတွေ အဆင့်မြင့်ပညာ ဆည်းပူးပြီး အလုပ်ကောင်းကောင်းရပြီးမှ နှစ်ခြင်းခံသင့်တယ်လို့ မိဘတချို့ ယူဆကြတယ်။ ရည်ရွယ်ချက်ကောင်းနဲ့ ဖြစ်နိုင်ပေမဲ့ အောင်မြင်တဲ့ဘဝ တကယ်ရနိုင်ပါ့မလား။ ပိုအရေးကြီးတာက ကျမ်းစာနဲ့ ညီရဲ့လား။ ကျမ်းစာမှာ ဘယ်လမ်းစဉ်ကို အားပေးထားသလဲ။—ဒေသနာ ၁၂:၁ ကိုဖတ်ပါ။
၁၁ လောကနဲ့ လောကမှာရှိတဲ့ အရာတွေဟာ ယေဟောဝါရဲ့ အလိုတော်၊ အတွေးအခေါ်နဲ့ ဆန့်ကျင်ကြောင်း သတိရပါ။ (ယာ. ၄:၇၊ ၈။ ၁ ယော. ၂:၁၅-၁၇။ ၅:၁၉) ယေဟောဝါနဲ့ ရင်းနှီးတဲ့ ဆက်ဆံရေး ရှိမှသာ စာတန်၊ လောကနဲ့ လောကအတွေးအခေါ်တွေကို တွန်းလှန်နိုင်မယ်။ မိဘတွေက လောကအရာတွေကို ဦးစားထားရင် သားသမီးတွေ တွေဝေပြီး အကျိုးအရှိဆုံးအရာကို ဆုံးရှုံးသွားနိုင်တယ်။ မေတ္တာရှိတဲ့ ခရစ်ယာန်မိဘတွေက သားသမီးတွေကို အောင်မြင်မှုနဲ့ပတ်သက်တဲ့ လောကရဲ့ သဘောထား လွှမ်းမိုးခွင့်ပြုမလား။ ဘဝမှာ ယေဟောဝါကို ပထမနေရာထားမှသာ စစ်မှန်တဲ့ ပျော်ရွှင်အောင်မြင်မှု ရနိုင်မယ်။—ဆာလံ ၁:၂၊ ၃ ကိုဖတ်ပါ။
ငါ့ကလေး အပြစ်လုပ်မိရင်ကော
၁၂။ သားသမီးတွေ နှစ်ခြင်းခံဖို့ မိဘတချို့ ဘာကြောင့် အချိန်ဆွဲထားသလဲ။
၁၂ သမီးကို နှစ်ခြင်းမခံစေချင်သေးတဲ့ “အဓိကအကြောင်းရင်းကတော့ နှင်ထုတ်ခံရမှာ စိုးလို့ပဲ” ဆိုပြီး မိခင်တစ်ယောက် ပြောတယ်။ အဲဒီညီအစ်မလိုပဲ မိဘတချို့လည်း သားသမီးတွေ ကမူးရှူးထိုး လုပ်တတ်တဲ့ အရွယ်လွန်မှ နှစ်ခြင်းခံသင့်တယ်လို့ ယူဆကြတယ်။ (က. ၈:၂၁။ ပညာ. ၂၂:၁၅) ‘ငါ့ကလေး နှစ်ခြင်းမခံသေးတော့ နှင်ထုတ်မခံရဘူးပေါ့’ လို့ စဉ်းစားကြမယ်။ အဲဒီလို စဉ်းစားတာ ဘာကြောင့် မှားသလဲ။—ယာ. ၁:၂၂။
၁၃။ နှစ်ခြင်းခံဖို့ အချိန်ဆွဲထားတဲ့အတွက် ယေဟောဝါနဲ့ စာရင်းမရှင်းရတော့ဘူးလား။ ရှင်းပြပါ။
၁၃ ခရစ်ယာန်မိဘတွေဟာ သားသမီးတွေ ဆက်ကပ်အပ်နှံဖို့ ရင့်ကျက်တဲ့အရွယ် မရောက်ခင် နှစ်ခြင်းမခံစေချင်ကြဘူး။ ဒါပေမဲ့ နှစ်ခြင်းမခံသေးတဲ့အတွက် ယေဟောဝါနဲ့ စာရင်းရှင်းစရာ မလိုဘူးလို့ ယူဆရင် မှားတယ်။ ဘာကြောင့်လဲ။ နှစ်ခြင်းခံမှ ယေဟောဝါနဲ့ စာရင်းရှင်းရမှာ မဟုတ်ဘူး။ ယေဟောဝါရှေ့ အမှားအမှန် ပိုင်းခြားနိုင်တဲ့အရွယ် ရောက်တာနဲ့ စာရင်းရှင်းရမှာ ဖြစ်တယ်။ (ယာကုပ် ၄:၁၇ ကိုဖတ်ပါ။) ဒါကြောင့် နှစ်ခြင်းခံဖို့ တားဆီးနေမယ့်အစား ပညာရှိတဲ့ မိဘတွေဟာ ပုံသက်သေကောင်းပြဖို့ ကြိုးစားကြတယ်။ သားသမီးတွေ နို့စို့အရွယ်ကတည်းက ယေဟောဝါရဲ့ မြင့်မားတဲ့ ကိုယ်ကျင့်တရားစံနှုန်းကို လေးမြတ်လာအောင် ပျိုးထောင်ပေးတယ်။ (လု. ၆:၄၀) အဲဒီလေးမြတ်စိတ်က ယေဟောဝါရဲ့ ဖြောင့်မတ်တဲ့ လမ်းစဉ်အတိုင်း လိုက်ဖို့ လှုံ့ဆော်ပေးမှာဖြစ်လို့ အကောင်းဆုံး အကာအကွယ်ပါပဲ။—ဟေရှာ. ၃၅:၈။
တခြားသူတွေ ကူညီပေးနိုင်
၁၄။ နှစ်ခြင်းခံဖို့ သားသမီးတွေကို ကူညီပေးနေတဲ့ မိဘတွေရဲ့ ကြိုးစားမှုကို အကြီးအကဲတွေ ဘယ်လို အားဖြည့်ပေးနိုင်သလဲ။
၁၄ အသင်းတော် အကြီးအကဲတွေဟာ ဘုရားရေးရာပန်းတိုင်တွေအကြောင်း အပြုသဘောပါပါ ပြောဆိုခြင်းအားဖြင့် မိဘတွေရဲ့ ကြိုးစားမှုကို အားဖြည့်ပေးနိုင်တယ်။ အနှစ် ၇၀ ကျော် ရှေ့ဆောင်လုပ်ခဲ့တဲ့ ညီအစ်မတစ်ယောက်ဟာ အသက် ၆ နှစ်တုန်းက ညီအစ်ကို စီတီရပ်စယ်နဲ့ စကားပြောဖြစ်ခဲ့တာကို မှတ်မိနေတုန်းပဲ။ “ဘုရားရေးရာပန်းတိုင်တွေအကြောင်း ကျွန်မနဲ့ ၁၅ မိနစ်လောက် ဆွေးနွေးခဲ့တယ်” လို့ပြောတယ်။ အပြုသဘောပါတဲ့ စကားနဲ့ အားပေးမှုတွေက ညီအစ်မအပေါ် ရေရှည်အကျိုးသက်ရောက်ခဲ့တယ်။ (ပညာ. ၂၅:၁၁) အကြီးအကဲတွေဟာ နိုင်ငံတော်ခန်းမ လုပ်ဆောင်မှုတွေမှာ ကူညီပေးဖို့လည်း မိဘတွေနဲ့ သားသမီးတွေကို ဖိတ်ခေါ်နိုင်တယ်။ သားသမီးတွေကို အသက်အရွယ်၊ စွမ်းရည်အလိုက် တာဝန်ပေးနိုင်တယ်။
၁၅။ အသင်းတော်မှာရှိတဲ့ လူငယ်တွေကို အားပေးနိုင်တဲ့ နည်းတချို့ ဖော်ပြပါ။
၁၅ အသင်းတော်မှာရှိတဲ့ ညီအစ်ကို/မတွေလည်း လူငယ်တွေကို စိတ်ဝင်စားမှုပြခြင်းအားဖြင့် ကူညီနိုင်တယ်။ ဘုရားရေးရာဘက် တိုးတက်မှုရှိမရှိ သတိထားနေခြင်း ပါဝင်တယ်။ ကြားရက် အစည်းအဝေးတွေမှာ မှတ်ချက်တွေ ကောင်းကောင်းပေးပြီး ပါဝင်နေသလား။ ကျောင်းမှာ စမ်းသပ်မှုတစ်ခုကို သမာဓိရှိရှိ အောင်မြင်ကျော်လွှားခဲ့သလား။ အခွင့်အရေးယူပြီး သက်သေခံသလား။ အဲဒါတွေကို သတိထားမိရင် စိတ်ရင်းမှန်နဲ့ ချက်ချင်း ချီးမွမ်းပေးပါ။ အစည်းအဝေး မစခင်နဲ့ ပြီးနောက်မှာ လူငယ်တစ်ယောက်နဲ့ စကားပြောဖို့ ပန်းတိုင်ထားပါ။ ဒီနည်းတွေ၊ တခြားနည်းတွေအားဖြင့် လူငယ်တွေဟာ “လူစုလူဝေးကြီး” အဝင်ဖြစ်ကြောင်း ခံစားလာနိုင်ပါတယ်။—ဆာ. ၃၅:၁၈။
နှစ်ခြင်းခံတဲ့အထိ တိုးတက်လာအောင် ကူညီပေးပါ
၁၆၊ ၁၇။ (က) နှစ်ခြင်းနဲ့ ထာဝရအသက် အလားအလာ ဘယ်လို ဆက်စပ်နေသလဲ။ (ခ) ခရစ်ယာန်မိဘတွေ ဘယ်ပျော်ရွှင်မှုမျိုး ခံစားရနိုင်သလဲ။ (ဆောင်းပါးအစမှာပါတဲ့ ပုံကို ကြည့်ပါ။)
၁၆ သားသမီးတွေကို “ယေဟောဝါ မိန့်မှာတဲ့အတိုင်း” ပြုစုပျိုးထောင်ခြင်းဟာ မိဘတွေအတွက် အခွင့်ထူးကြီးပါပဲ။ (ဧ. ၆:၄။ ဆာ. ၁၂၇:၃) ဒီနေ့ခေတ် ခရစ်ယာန်ကလေးတွေဟာ ရှေးအစ္စရေးကလေးတွေလို ယေဟောဝါဆီ ဆက်ကပ်အပ်နှံထားတဲ့ လူမျိုးအဖြစ် မွေးဖွားလာတာ မဟုတ်ဘူး။ ဘုရားသခင်နဲ့ အမှန်တရား ချစ်မြတ်နိုးစိတ်ကိုလည်း အမွေမရထားကြဘူး။ ဒါကြောင့် မိဘတွေဟာ ကလေးမွေးတဲ့နေ့ကစပြီး တပည့်ဖြစ်စေဖို့ဆိုတဲ့ ပန်းတိုင်နဲ့ ဆက်အပ်အပ်နှံ နှစ်ခြင်းခံတဲ့အထိ ကူညီပေးသင့်တယ်။ ဒီထက်အရေးကြီးတာ ဘာရှိနိုင်ဦးမှာလဲ။ လူတစ်ယောက် ဆက်ကပ်အပ်နှံ နှစ်ခြင်းခံပြီး သစ္စာရှိရှိ အမှုဆောင်မှသာ လာမယ့်ကြီးစွာသောဒုက္ခမှာ ကယ်တင်ခြင်း ရနိုင်မယ်။—မ. ၂၄:၁၃။
သားသမီးတွေကို တပည့်ဖြစ်လာအောင် ကူညီပေးဖို့ မိဘတွေ ပန်းတိုင်ထားသင့် (အပိုဒ် ၁၆၊ ၁၇ ကိုကြည့်ပါ)
၁၇ နှစ်ခြင်းခံဖို့ ဘလော်ဆမ် ဘရန့် ဆုံးဖြတ်လိုက်တဲ့အခါ ဒီအရေးကြီးခြေလှမ်းအတွက် အသင့်ဖြစ်မဖြစ် သေချာအောင် မိဘတွေ လုပ်ကြတယ်။ အသင့်ဖြစ်မှန်း သေချာတာနဲ့ သူ့ဆုံးဖြတ်ချက်ကို ထောက်မပေးကြတယ်။ နှစ်ခြင်းမခံခင်ညမှာ “အဖေက ကျွန်မတို့အားလုံးကို ဒူးထောက်ခိုင်းပြီး ဆုတောင်းပေးတယ်။ ဘုရားသခင်ဆီ ဆက်ကပ်အပ်နှံမယ့် သမီးလေးရဲ့ ဆုံးဖြတ်ချက်အတွက် သိပ်ပျော်တယ်ဆိုပြီး ယေဟောဝါကို ပြောခဲ့တယ်” လို့ ဘလော်ဆမ် ပြောတယ်။ နှစ်ပေါင်း ၆၀ ကျော် ကြာပြီးတဲ့နောက် “အဲဒီညကို ကျွန်မ ဘယ်တော့မှ မမေ့ဘူး” လို့ လည်း ပြောတယ်။ သားသမီးတွေ ယေဟောဝါဆီ ဆက်ကပ်အပ်နှံ နှစ်ခြင်းခံခြင်းကနေ မိဘတွေ ကျေနပ်ပျော်ရွှင်မှု ခံစားရနိုင်ပါစေ။
a လူငယ်များအမေး—တာသွားသည့်အဖြေ အတွဲ ၂ (အင်္ဂလိပ်) စာမျက်နှာ ၃၀၄-၃၁၀ မှာပါတဲ့ အကြောင်းအရာကို သားသမီးတွေနဲ့အတူ ဆွေးနွေးနိုင်တယ်။ ၂၀၁၁၊ ဧပြီ ကျွန်ုပ်တို့၏ နိုင်ငံတော်ဓမ္မအမှု “မေးခွန်းသေတ္တာ” စာမျက်နှာ ၂ ကိုလည်း ကြည့်ပါ။