ဧည့်ဝတ်ပြုဖို့ အလွန်လိုအပ်
“မညည်းမညူဘဲ ဧည့်ဝတ်ပြုကြပါ။”—၁ ပေ. ၄:၉။
၁။ ပထမရာစု ခရစ်ယာန်တွေ ဘာတွေ ကြုံခဲ့ရသလဲ။
အေဒီ ၆၂ နဲ့ ၆၄ အတွင်း “ပုန္တုပြည်၊ ဂလာတိပြည်၊ ကပ္ပဒေါကိပြည်၊ အာရှနယ်၊ ဗိသုနိပြည်တွေမှာ ကွဲလွင့်နေတဲ့ ယာယီနေထိုင်သူတွေ” ဆီ တမန်တော် ပေတရု စာရေးခဲ့တယ်။ (၁ ပေ. ၁:၁) ယဉ်ကျေးမှုကွဲပြားနေတဲ့ အဲဒီအသင်းတော်တွေဟာ အားပေးလမ်းညွှန်မှု လိုအပ်နေတယ်။ ခက်ခဲကျပ်တည်းတဲ့ အချိန်မှာ အသက်ရှင်နေရပြီး ဆန့်ကျင်မှု၊ ကဲ့ရဲ့လှောင်ပြောင်မှု၊ “မီးလိုပူလောင်တဲ့ စမ်းသပ်မှုတွေ” ခံနေကြရတယ်။ “အရာခပ်သိမ်းရဲ့အဆုံး ရောက်ခါနီးပြီ” လို့ ပေတရုရေးခဲ့တယ်။ နောက်ဆယ်နှစ်မတိုင်ခင် ဂျူးစနစ် အဆုံးတိုင်ခဲ့တယ်။ ဒီခက်ခဲချိန်တစ်လျှောက် ခံရပ်နိုင်ဖို့ ခရစ်ယာန်တွေကို ဘာက ကူညီပေးမလဲ။—၁ ပေ. ၄:၄၊ ၇၊ ၁၂။
၂၊ ၃။ ဧည့်ဝတ်ပြုဖို့ ခရစ်ယာန်တွေကို ပေတရု ဘာကြောင့် တိုက်တွန်းခဲ့သလဲ။ (ဆောင်းပါးအစမှာပါတဲ့ ပုံကို ကြည့်ပါ။)
၂ “ဧည့်ဝတ်ပြုကြပါ” လို့ ညီအစ်ကိုတွေကို ပေတရု တိုက်တွန်းခဲ့တယ်။ (၁ ပေ. ၄:၉) “ဧည့်ဝတ်ပြု” ဆိုတဲ့ ဂရိစကားလုံးက “သူစိမ်းတွေကို ကြင်နာမှုပြခြင်း” လို့ အဓိပ္ပာယ် ရှိတယ်။ ဒါပေမဲ့ သိကျွမ်းပြီးသား ညီအစ်ကို/မ အချင်းချင်းကို ဧည့်ဝတ်ပြုဖို့ ပေတရု တိုက်တွန်းနေတာ။ ဧည့်ဝတ်ပြုခြင်းက သူတို့ကို ဘယ်လို ကူညီပေးမလဲ။
၃ ဧည့်ဝတ်ပြုတာက အချင်းချင်းကို ပိုရင်းနှီးစေတယ်။ သင်ကော။ တစ်ယောက်ယောက်ကို ဧည့်ဝတ်ပြုလို့ ပျော်ရွှင်ခဲ့ဖူးသလား။ ပျော်စရာ အမှတ်တရတွေ ရခဲ့တယ် မဟုတ်လား။ ညီအစ်ကို/မတချို့ကို ဧည့်ဝတ်ပြုတဲ့အခါ ပိုရင်းနှီးလာကြတယ် မဟုတ်လား။ ဧည့်ဝတ်ပြုခြင်းအားဖြင့် ညီအစ်ကို/မတွေအကြောင်း ပိုသိလာတယ်။ ပေတရုခေတ်က ခရစ်ယာန်တွေဟာ အခြေအနေတွေ ပိုဆိုးလာတာနဲ့အမျှ အချင်းချင်း ပိုရင်းနှီးဖို့ လိုအပ်တယ်။ “နောက်ဆုံးကာလ” မှာ အသက်ရှင်တဲ့ ခရစ်ယာန်စစ်တွေလည်း အလားတူပါပဲ။—၂ တိ. ၃:၁။
၄။ ဒီဆောင်းပါးမှာ ဘယ်အကြောင်း ဆွေးနွေးကြမလဲ။
၄ အချင်းချင်း ဧည့်ဝတ်ပြုဖို့ ဘာအခွင့်အရေးတွေ ရှိသလဲ။ ဧည့်ဝတ်ပြုဖို့ အတားအဆီးတွေကို ဘယ်လို ကျော်လွှားနိုင်သလဲ။ ဧည့်သည်ကောင်းဖြစ်ဖို့ ဘာက ကူညီပေးမလဲ။
ဧည့်ဝတ်ပြုနိုင်တဲ့ အခွင့်အရေးများ
၅။ ခရစ်ယာန် အစည်းအဝေးတွေမှာ ဘယ်လို ဧည့်ဝတ်ပြုနိုင်သလဲ။
၅ အစည်းအဝေးများ– အစည်းအဝေးလာတက်ဖို့ ယေဟောဝါနဲ့ အဖွဲ့အစည်းက အိမ်ရှင်အဖြစ် ဖိတ်ခေါ်နေတယ်။ အစည်းအဝေး လာတက်သူတွေ၊ အထူးသဖြင့် လူသစ်တွေကို ကျွန်တော်တို့ ဝိုင်းဝန်းကြိုဆိုကြတယ်။ (ရော. ၁၅:၇) လူသစ်တွေ ဘယ်လိုပဲ ဝတ်စားဖြီးလိမ်းထားပါစေ အစပြု ကြိုဆိုကြတယ်။ (ယာ. ၂:၁-၄) ဂရုစိုက်ပေးမယ့်သူ မရှိတဲ့ ဧည့်သည်ကို သင်နဲ့အတူ ခေါ်ထိုင်နိုင်တယ်။ အစီအစဉ်အကြောင်း ပြောပြပြီး ကျမ်းချက်တွေ ပြပေးတာကို သူကျေးဇူးတင်ပါလိမ့်မယ်။ “ဧည့်ဝတ်ပြုတတ်တဲ့အကျင့် ရှိအောင် လုပ်” နိုင်တဲ့ နည်းလမ်းကောင်းပါပဲ။—ရော. ၁၂:၁၃။
၆။ ဘယ်သူတွေကို အဓိက ခေါ်ဖိတ်သင့်သလဲ။
၆ အစားအစာ– ကျမ်းစာခေတ်တုန်းက ဧည့်ဝတ်ပြုတဲ့အခါ အိမ်ကို ခေါ်ဖိတ် ကျွေးမွေးလေ့ရှိတယ်။ (က. ၁၈:၁-၈။ သူကြီး. ၁၃:၁၅။ လု. ၂၄:၂၈-၃၀) အတူစားသောက်ဖို့ ဖိတ်ခေါ်ခြင်းက ခင်မင်ရင်းနှီးကြောင်း ဖော်ပြတယ်။ ဘယ်သူတွေကို အဓိက ခေါ်ဖိတ်သင့်သလဲ။ အသင်းတော်က ညီအစ်ကို/မတွေပါပဲ။ ဒုက္ခရောက်တဲ့အခါ သူတို့ကိုပဲ အားထားရမယ် မဟုတ်လား။ သစ္စာရှိမိတ်ဆွေတွေကို ကျွန်တော်တို့ လိုအပ်ပြီး သူတို့နဲ့ သင့်မြတ်နေရမယ်။ ၂၀၁၁ မှာ အုပ်ချုပ်ရေးအဖွဲ့က အမေရိကန် ဗေသလမိသားစု ကင်းမျှော်စင်သင်တန်း အချိန်ကို ညနေ ၆:၄၅ ကနေ ၆:၁၅ ပြောင်းပေးလိုက်တယ်။ ဘာကြောင့်လဲ။ သင်တန်းပြီးနောက် ဧည့်ဝတ်ပြုဖို့၊ ဧည့်ဝတ်ပြုတာကို လက်ခံဖို့ အချိန်ပိုရစေအောင်ပဲ ဆိုပြီး ကြေညာချက်မှာ ဖော်ပြတယ်။ တခြားဌာနခွဲတွေလည်း အဲဒီအတိုင်း လုပ်ဆောင်ကြတယ်။ ဒီအစီအစဉ်ကြောင့် ဗေသလအိမ်သားတွေ ပိုရင်းနှီးလာတယ်။
၇၊ ၈။ ယေဟောဝါ အဖွဲ့အစည်းရဲ့ ကိုယ်စားလှယ်တွေကို ဘယ်လို ဧည့်ဝတ်ပြုနိုင်မလဲ။
၇ တခြားအသင်းတော်က ဧည့်ဟောပြောသူ၊ တိုက်နယ်ကြီးကြပ်မှူးနဲ့ ဗေသလကိုယ်စားလှယ်တွေ လည်ပတ်လာတဲ့အချိန်မှာ သူတို့ကို ဧည့်ဝတ်ပြုဖို့ အခွင့်အရေး ရရှိတယ်။ (၃ ယောဟန် ၅-၈ ကိုဖတ်ပါ။) အတူစားဖို့ ဖိတ်ခေါ်တာက ဧည့်ဝတ်ပြုနိုင်တဲ့ အကောင်းဆုံးနည်းပဲ။ သင်ကော။
၈ အမေရိကန်နိုင်ငံက ညီအစ်မတစ်ယောက် ပြောတယ်– “နှစ်တွေတစ်လျှောက် ဟောပြောသူတွေနဲ့ ဇနီးတွေကို ဧည့်ဝတ်ပြုဖို့ ကျွန်မတို့လင်မယား အခွင့်အရေး ရခဲ့တယ်။ အကြိမ်တိုင်း ပျော်ခဲ့ရတယ်။ အထူးသဖြင့် ယုံကြည်ခြင်း ခိုင်ခံ့လာတယ်။ ဧည့်ဝတ်ပြုရတာကို ဘယ်တော့မှ နောင်တမရဘူး။”
၉၊ ၁၀။ (က) ဘယ်သူတွေ တည်းခိုဖို့ နေရာ လိုနိုင်သလဲ။ (ခ) သင့်အိမ် သေးနေရင်တောင် တည်းခိုခွင့် ပေးနိုင်သလား။ ဥပမာပေးပါ။
၉ တည်းခိုတဲ့ ဧည့်သည်– ရှေးအချိန်က ဧည့်ဝတ်ပြုတဲ့အခါ စိတ်ချရတဲ့ ဧည်သည်ကို တည်းခိုခွင့်ပေးလေ့ရှိတယ်။ (ယောဘ ၃၁:၃၂။ ဖိလေ. ၂၂) အခုအချိန်မှာလည်း အလားတူပါပဲ။ တိုက်နယ်ကြီးကြပ်မှူးတွေ အသင်းတော်ကို လည်ပတ်တဲ့အခါ တည်းခိုဖို့ နေရာလိုတယ်။ ကျမ်းစာသင်တန်းကျောင်း တက်သူတွေ၊ ဆောက်လုပ်ရေး စေတနာ့ဝန်ထမ်းတွေ နေစရာ လိုအပ်နိုင်တယ်။ သဘာဝဘေးကြောင့် အိုးမဲ့အိမ်မဲ့ဖြစ်သွားသူတွေ အိမ်မရခင်အထိ တည်းခိုမယ့်နေရာ လိုအပ်တယ်။ အိမ်ကြီးအိမ်ကောင်းရှိသူတွေပဲ ကူညီနိုင်မယ်လို့ မယူဆသင့်ဘူး။ သူတို့ အကြိမ်ကြိမ် ကူညီခဲ့ပြီးဖြစ်နိုင်တယ်။ သင့်အိမ်က သေးနေရင်တောင် တည်းခိုခွင့် ပေးနိုင်မလား။
၁၀ တောင်ကိုးရီးယားက ညီအစ်ကိုတစ်ဦး ကျမ်းစာသင်တန်းကျောင်း တက်သူတွေကို တည်းခိုခွင့် ပေးခဲ့တာနဲ့ပတ်သက်ပြီး ဒီလိုပြောတယ်– “အိမ်ထောင်ကျခါစလည်းဖြစ်၊ အိမ်ကလည်း သေးတော့ အစပိုင်းမှာ ကျွန်တော်တို့ တွန့်ဆုတ်ခဲ့တယ်။ ဒါပေမဲ့ မောင်နှံတစ်စုံကို တည်းခိုခွင့်ပေးခဲ့လို့ သိပ်ပျော်ရတယ်။ ယေဟောဝါကို အတူဝတ်ပြုခြင်း၊ ဘုရားရေးရာပန်းတိုင်တွေကို အမီလိုက်ခြင်းက မောင်နှံစုံတွေကို အလွန်ပျော်ရွှင်စေကြောင်း သိလာတယ်။”
၁၁။ လူသစ်တွေကို ဧည့်ဝတ်ပြုဖို့ ဘာကြောင့် လိုအပ်နိုင်သလဲ။
၁၁ လူသစ်များ– ကိုယ့်ဒေသကို ပြောင်းရွှေ့လာသူတွေ ရှိနိုင်တယ်။ တချို့က ပိုလိုအပ်တဲ့နေရာမှာ အမှုဆောင်ဖို့ လာကြတာ။ အသင်းတော်ကို ကူညီဖို့ ရှေ့ဆောင်တွေ ရောက်လာနိုင်တယ်။ ဝန်းကျင်သစ်၊ အသင်းတော်သစ်၊ ဘာသာစကားသစ်၊ ယဉ်ကျေးမှုသစ်ကြောင့် သူတို့အတွက် အပြောင်းအလဲကြီးပဲ။ အဆာပြေကျွေးတာ၊ ထမင်းကျွေးတာ၊ အပြင်အတူသွားတာတွေက နေသားကျဖို့ ကူညီပေးပါလိမ့်မယ်။
၁၂။ ဧည့်ဝတ်ပြုတဲ့အခါ ကြီးကျယ်ခမ်းနားဖို့ မလိုကြောင်း ဘယ်ဖြစ်ရပ်က ဖော်ပြသလဲ။
၁၂ ဧည့်ဝတ်ပြုတဲ့အခါ ကြီးကျယ်ခမ်းနားစရာ မလိုပါဘူး။ (လုကာ ၁၀:၄၁၊ ၄၂ ကိုဖတ်ပါ။) သာသနာပြုဖြစ်ခါစ အချိန်အကြောင်း ညီအစ်ကိုတစ်ယောက် ပြောပြတယ်– “အသက်က ငယ်၊ အတွေ့အကြုံက မရှိ၊ အိမ်ကိုလည်း လွမ်းတယ်။ တစ်ညနေ ကျွန်တော့်ဇနီး အိမ်ကို သိပ်လွမ်းနေတာ ဘယ်လိုမှ နှစ်သိမ့်ပေးလို့ မရဘူး။ ည ၇:၃၀ လောက်မှာ တံခါးခေါက်သံကြားလို့ ဖွင့်ကြည့်လိုက်တော့ ကျမ်းစာသင်သားတစ်ယောက် လိမ္မော်သီး သုံးလုံး ကိုင်ပြီး ရပ်နေတယ်။ သာသနာပြုသစ်တွေကို ကြိုဆိုဖို့ လာတာတဲ့။ အိမ်ထဲခေါ်ပြီး ရေတိုက်တယ်။ အဲဒီနောက် လက်ဖက်ရည်နဲ့ ချောကလက် ပူပူလေးလည်း တိုက်လိုက်တယ်။ ကျွန်တော်တို့က ဆွာဟီလီစကား မတတ်၊ သူကလည်း အင်္ဂလိပ်စကား မတတ်။ ဒါပေမဲ့ အဲဒီနေ့ကစပြီး ဒေသခံ ညီအစ်ကို/မတွေနဲ့ ရင်းနှီးလာတယ်။”
ဧည့်ဝတ်ပြုဖို့ အတားအဆီးတွေကို ကျော်လွှားခြင်း
၁၃။ ဧည့်ဝတ်ပြုခြင်းရဲ့ အကျိုးကျေးဇူးတွေက ဘာတွေလဲ။
၁၃ ဧည့်ဝတ်ပြုဖို့ တွန့်ဆုတ်ဖူးသလား။ ဒါဆိုရင် ပျော်ရွှင်စရာ အပေါင်းအသင်း၊ တည်မြဲတဲ့ မိတ်ဆွေဖွဲ့ဖို့ အခွင့်အရေး ဆုံးရှုံးနေတာပဲ။ ဧည့်ဝတ်ပြုခြင်းဟာ အထီးကျန်ခြင်းအတွက် အကောင်းဆုံး ဖြေဆေးပါပဲ။ ဒါပေမဲ့ ‘ဧည့်ဝတ်ပြုဖို့ ဘာကြောင့် တွန့်ဆုတ်နေကြတာလဲ’ လို့ တွေးမိနိုင်တယ်။ အကြောင်းရင်းများစွာ ရှိနိုင်တယ်။
၁၄။ ဧည့်ဝတ်ပြုဖို့၊ ဧည့်ဝတ်ပြုတာကို လက်ခံဖို့ အချိန်နဲ့ ခွန်အား မရှိရင် ဘာလုပ်နိုင်သလဲ။
၁၄ အချိန်နဲ့ ခွန်အား– ယေဟောဝါရဲ့ ကျေးကျွန်တွေဟာ အလုပ်တာဝန်တွေ သိပ်များကြတယ်။ ဒါကြောင့် ဧည့်ဝတ်ပြုဖို့ အချိန်နဲ့ ခွန်အား မရှိဘူးလို့ ခံစားရနိုင်တယ်။ သင် အဲဒီလိုဖြစ်နေတယ်ဆိုရင် လက်ရှိ အချိန်ဇယားကို ပြန်ဆန်းစစ်ပါ။ ဧည့်ဝတ်ပြုဖို့၊ ဧည့်ဝတ်ပြုတာကို လက်ခံဖို့ အချိန်နဲ့ ခွန်အား ရှိလာအောင် ပြုပြင်ပြောင်းလဲနိုင်မလား။ ဧည့်ဝတ်ပြုဖို့ ခရစ်ယာန်တွေကို ကျမ်းစာမှာ တိုက်တွန်းထားတယ်။ (ဟီ. ၁၃:၂) ဧည့်ဝတ်ပြုခြင်းဟာ လုပ်သင့်လုပ်ထိုက်ရာပါပဲ။ အချိန်ပိုရအောင် သိပ်အရေးမပါတာတွေကို လျှော့ချပစ်ဖို့ လိုအပ်နိုင်တယ်။
၁၅။ ဧည့်ဝတ်မပြုနိုင်ဘူးလို့ တချို့ ဘာကြောင့် ခံစားရနိုင်သလဲ။
၁၅ ကိုယ်တိုင်နဲ့ပတ်သက်တဲ့ ခံစားချက်– ဧည့်ဝတ်ပြုချင်ပေမဲ့ မပြုနိုင်ဘူးလို့ ခံစားဖူးသလား။ တချို့က ရှက်တတ်ကြတယ်။ စကားစ ပြတ်သွားမှာ၊ ဧည့်သည် ငြီးငွေ့မှာကို စိုးရိမ်ကြတယ်။ တချို့ကျတော့ ငွေကြေးချို့တဲ့ပြီး တခြားညီအစ်ကို/မတွေလောက် မတတ်နိုင်ဘူးလို့ ခံစားကြတယ်။ အိမ်တစ်အိမ်မှာ အရေးကြီးဆုံးက ကြီးကျယ်ခမ်းနားဖို့ မဟုတ်ဘဲ သန့်ရှင်းသပ်ရပ်ပြီး နွေးထွေးမှုရှိဖို့ပဲ။
၁၆၊ ၁၇။ ဧည့်ဝတ်ပြုဖို့ စိုးရိမ်စိတ်ကို ဘာက သက်သာစေနိုင်မလဲ။
၁၆ ဧည့်ဝတ်ပြုဖို့ စိုးရိမ်နေရင် သင်တစ်ဦးတည်း မဟုတ်ပါဘူး။ ဗြိတိန်နိုင်ငံက အကြီးအကဲတစ်ဦး ပြောတယ်– “ဧည့်သည်အတွက် ပြင်ဆင်ရတာ တော်တော် စိတ်ပင်ပန်းတယ်။ ဒါပေမဲ့ ဝတ်ပြုရေးနဲ့ဆိုင်တဲ့ အရာမှန်သမျှကနေ ရတဲ့ အကျိုးကျေးဇူးနဲ့ ကျေနပ်မှုက စိုးရိမ်စရာတွေထက် များစွာသာလွန်တယ်။ ဧည့်သည်တွေနဲ့အတူ ကော်ဖီသောက်ရင်း ထိုင်စကားပြောရရင်တောင် ကျွန်တော် ကျေနပ်တယ်။” ဧည့်သည်တွေကို စိတ်ဝင်စားမှုပြတာ အမြဲအကျိုးရှိတယ်။ (ဖိ. ၂:၄) ပေါင်းသင်းချိန်မှာ အချင်းချင်း ဘဝအတွေ့အကြုံတွေ ဝေမျှနိုင်ကြတယ်။ “ညီအစ်ကို/မတွေကို အိမ်ဖိတ်ခေါ်တဲ့အတွက် သူတို့အကြောင်း၊ အမှန်တရား ရလာပုံအကြောင်း ပိုသိလာတယ်” လို့ အကြီးအကဲတစ်ဦး ပြောပြတယ်။ မေတ္တာပါပါ စိတ်ဝင်စားမှုပြခြင်းက အမြဲပျော်ရွှင်စေတယ်။
၁၇ ကျမ်းစာသင်တန်းကျောင်းတက်သူတွေကို အိမ်မှာလက်ခံခဲ့တဲ့ ရှေ့ဆောင်ညီအစ်မ တစ်ယောက် ပြောပြတယ်– “ကျွန်မရဲ့အိမ်က ခမ်းခမ်းနားနားမရှိ၊ ပရိဘောဂ အဟောင်းတွေပဲ ရှိလို့ အစကတော့ စိုးရိမ်မိတယ်။ ဒါပေမဲ့ သင်တန်းမှူးဇနီးရဲ့ စကားကြောင့် စိတ်ချမ်းသာသွားတယ်။ သူတို့ နယ်လှည့်လုပ်တုန်းက ငွေကြေးချို့တဲ့ပေမဲ့ သူတို့လိုပဲ ဘဝကို ရိုးရိုးရှင်းရှင်းထားတဲ့ ရင့်ကျက်သူတွေအိမ်မှာ တည်းခိုရတာ အကောင်းဆုံးပဲတဲ့။ ဒီစကားက ‘မေတ္တာလွှမ်းခြုံတဲ့နေရာမှာ စားရတဲ့ ဟင်းသီးဟင်းရွက် တစ်နပ်စာဟာ ပိုကောင်းတယ်’ ဆိုတဲ့ အမေပြောနေကျ စကားကို အမှတ်ရစေတယ်။” (ပညာ. ၁၅:၁၇) မေတ္တာက ဧည့်ဝတ်ပြုဖို့ လှုံ့ဆော်ပေးပါစေ။ စိုးရိမ်စရာ မလိုပါဘူး။
၁၈၊ ၁၉။ ဧည့်ဝတ်ပြုခြင်းက အပျက်သဘောထားတွေကို ဘယ်လို ဖယ်ရှားပေးနိုင်သလဲ။
၁၈ တခြားသူတွေနဲ့ပတ်သက်တဲ့ ခံစားချက်– အသင်းတော်မှာ တစ်ယောက်ယောက်က သင့်ကို စိတ်ထိခိုက်အောင် လုပ်ဖူးသလား။ အစပိုင်းမှာ စိတ်ဆိုးမိနိုင်ပေမဲ့ မဖြေရှင်းဘဲထားရင် ပိုဆိုးလာနိုင်တယ်။ စရိုက်မတူသူတွေကို ဧည့်ဝတ်မပြုချင်တာ ဖြစ်နိုင်တယ်။ အတိတ်က စိတ်ဒဏ်ရာတွေကို မေ့ဖို့ ခက်နေတာလည်း ဖြစ်နိုင်တယ်။
၁၉ ရန်သူတွေနဲ့တောင် သင့်မြတ်ဖို့ ဧည့်ဝတ်ပြုပါဆိုပြီး ကျမ်းစာမှာ အားပေးထားတယ်။ (ပညာအလိမ္မာ ၂၅:၂၁၊ ၂၂ ကိုဖတ်ပါ။) ဧည့်ဝတ်ပြုခြင်းက သဘောထား ကွဲလွဲမှုတွေကို လျော့နည်းစေနိုင်တယ်။ ဧည့်သည်ရဲ့ ချစ်စဖွယ် စရိုက်တွေ၊ သူ့ကို အမှန်တရားထဲ ဆွဲဆောင်တုန်းက ယေဟောဝါ တွေ့မြင်တဲ့ စရိုက်တွေကို သိလာစေနိုင်တယ်။ (ယော. ၆:၄၄) မေတ္တာနဲ့ ဧည့်ဝတ်ပြုမယ်ဆိုရင် ဆက်ဆံရေးကောင်း ပြန်ရလာနိုင်တယ်။ မေတ္တာစိတ်အရင်းခံနဲ့ ဧည်ဝတ်ပြုကြောင်း ဘယ်လို သေချာစေနိုင်သလဲ။ တစ်နည်းက “သူတစ်ပါးကို ကိုယ့်ထက်သာတယ်လို့ သဘောထားပါ” ဆိုတဲ့ ဖိလိပ္ပိ ၂:၃ မှာပါတဲ့ အားပေးချက်ကို လိုက်နာခြင်းပါပဲ။ ယုံကြည်ခြင်း၊ ခံနိုင်ရည်၊ ရဲစွမ်းသတ္တိနဲ့ ခရစ်ယာန်အရည်အသွေးတွေ တင်ပြရာမှာ ညီအစ်ကို/မတွေရဲ့ အားသာချက်ကို ရှာခြင်းက သူတို့အပေါ် မေတ္တာတိုးများလာစေပြီး စိတ်ရင်းမှန်နဲ့ ဧည့်ဝတ်ပြုဖို့ လမ်းဖွင့်ပေးပါလိမ့်မယ်။
ဧည့်သည်ကောင်း ဖြစ်ပါ
အိမ်ရှင်တွေဟာ ဧည့်သည်တွေအတွက် ကောင်းကောင်းပြင်ဆင်လေ့ရှိ (အပိုဒ် ၂၀ ကိုကြည့်ပါ)
၂၀။ လက်ခံပြီးသား ဖိတ်ခေါ်ချက်ကို လေးစားကြောင်း ဘာကြောင့်၊ ဘယ်လို ဖော်ပြသင့်သလဲ။
၂၀ “အို ယေဟောဝါ၊ တဲတော်မှာ ဘယ်သူ တည်းခိုခွင့်ရမလဲ” လို့ ဆာလံဆရာ ဒါဝိဒ် မေးခဲ့တယ်။ (ဆာ. ၁၅:၁) ပြီးတဲ့နောက် ဧည့်သည်ဖြစ်ဖို့ ဘုရားတောင်းဆိုထားတဲ့ အရည်အသွေးတွေအကြောင်း ဆက်ပြောတယ်။ အရည်အသွေးတစ်ခုက ကတိတည်ခြင်းပဲ။ “ကိုယ့်အကျိုး ပျက်မယ်ဆိုရင်တောင် ကတိတည်တတ်တယ်။” (ဆာ. ၁၅:၄) ဖိတ်ခေါ်တာကို လက်ခံပြီးပြီဆိုရင် မဖျက်သင့်ဘူး။ ဘာမဟုတ်တာလေးနဲ့ ဖျက်လိုက်မယ်ဆိုရင် အိမ်ရှင် ပင်ပင်ပန်းပန်း ပြင်ဆင်ထားတာတွေ အလကား ဖြစ်သွားမယ်။ (မ. ၅:၃၇) တချို့က ပိုသာတာကို လက်ခံဖို့ ပထမလက်ခံထားတာကို ဖျက်တတ်ကြတယ်။ အဲဒီလိုလုပ်တာ မေတ္တာရှိရာ၊ လေးစားရာရောက်ပါ့မလား။ အိမ်ရှင် ဘာနဲ့ပဲ ဧည့်ခံပါစေ ကျေးဇူးတင်စိတ်နဲ့ လက်ခံသင့်တယ်။ (လု. ၁၀:၇) မဖြစ်မနေ ဖျက်ဖို့ လိုလာတယ်ဆိုရင် အိမ်ရှင်ကို ချက်ချင်း အကြောင်းကြားတာက မေတ္တာရှိရာ၊ စာနာထောက်ထားရာ ရောက်ပါလိမ့်မယ်။
၂၁။ ဒေသထုံးစံတွေကို လေးစားခြင်းက ဘယ်လိုနည်းနဲ့ ဧည့်သည်ကောင်း ဖြစ်စေနိုင်သလဲ။
၂၁ ဒေသထုံးစံတွေကို လေးစားဖို့လည်း အရေးကြီးတယ်။ တချို့ယဉ်ကျေးမှုတွေမှာ မဖိတ်ခေါ်ဘဲ ရောက်လာတဲ့ ဧည့်သည်တွေကို လိုလိုလားလား လက်ခံပေမဲ့ တချို့ကတော့ ကြိုတင်စီစဉ်တာကို ပိုနှစ်သက်ကြတယ်။ ဒေသတချို့မှာ ဧည့်သည်ကို ဦးဦးဖျားဖျား ကျွေးမွေးပြီး မိသားစုက နောက်မှ စားလေ့ရှိတယ်။ ဒေသတချို့မှာတော့ အားလုံး အတူစားကြတယ်။ တချို့ဒေသမှာ ဧည့်သည်က တစ်ခုခု ယူလာပေးလေ့ရှိပြီး တချို့မှာတော့ ယူလာပေးစရာ မလိုဘူး။ တချို့ယဉ်ကျေးမှုမှာ ဧည့်သည်က ဖိတ်ဖိတ်ချင်း တစ်ကြိမ် နှစ်ကြိမ်လောက် ငြင်းကြတယ်။ တချို့မှာတော့ အဲဒီလို ငြင်းတာ ရိုင်းရာကျတယ်။ ကျွန်တော်တို့က ဖိတ်ခေါ်တဲ့ အိမ်ရှင်ကို အတတ်နိုင်ဆုံး ပျော်ရွှင်စေသင့်တယ်။
၂၂။ “ဧည့်ဝတ်ပြု” ဖို့ ဘာကြောင့် အရေးကြီးသလဲ။
၂၂ “အရာခပ်သိမ်းရဲ့အဆုံး ရောက်ခါနီးပြီ။” (၁ ပေ. ၄:၇) အဆိုးရွားဆုံး ဆင်းရဲဒုက္ခတွေကို ကျွန်တော်တို့ ကြုံတွေ့နေရတယ်။ အခြေအနေတွေ ပိုဆိုးလာတာနဲ့အမျှ ညီအစ်ကို/မတွေကို ချစ်တဲ့မေတ္တာ ပိုတိုးလာရမယ်။ “ဧည့်ဝတ်ပြုကြပါ” ဆိုတဲ့ ပေတရုရဲ့ အကြံပြုချက်ဟာ အရင်ကထက် အခုအချိန်မှာ ပိုသက်ဆိုင်ပါတယ်။ ဧည့်ဝတ်ပြုခြင်းဟာ နှစ်သက်စရာကောင်းပြီး ထာဝစဉ် လိုအပ်တဲ့အရာ ဖြစ်တယ်။—၁ ပေ. ၄:၉။