ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၁၉ ဇန်နဝါရီ စာ. ၂၀-၂၅
  • ရိုးရှင်းတဲ့ ညစာစားပွဲက ကောင်းကင်ဘုရင်အကြောင်း ဘာသင်ပေးသလဲ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ရိုးရှင်းတဲ့ ညစာစားပွဲက ကောင်းကင်ဘုရင်အကြောင်း ဘာသင်ပေးသလဲ
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၁၉
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ယေရှုဟာ နှိမ့်ချတယ်
  • ယေရှုဟာ သတ္တိရှိတယ်
  • ယေရှုဟာ မေတ္တာရှိတယ်
  • သင်ခန်းစာတွေကို စိတ်စွဲမှတ်ထားပါ
  • သခင့်ညစာစားပွဲကို အဘယ်ကြောင့် ကျင်းပကြသနည်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၃
  • သခင့်ညစာစားပွဲကို ဘာကြောင့် ကျင်းပသင့်သလဲ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၅
  • ယေဟောဝါနဲ့ ယေရှု လုပ်ပေးခဲ့ရာကို ကျေးဇူးတင်ပါ
    ပျော်စရာဘဝ ထာဝရ စံစားကြ—ကျမ်းစာကို လေ့လာသင်ယူပါ
  • သတိရအောက်မေ့ပွဲ (သခင့်ညစာစားပွဲ)
    ကျမ်းစာဖြင့် ကျိုးကြောင်းဆင်ခြင်ခြင်း
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၁၉
က၁၉ ဇန်နဝါရီ စာ. ၂၀-၂၅

လေ့လာရန် ဆောင်းပါး ၄

ရိုးရှင်းတဲ့ ညစာစားပွဲက ကောင်းကင်ဘုရင်အကြောင်း ဘာသင်ပေးသလဲ

‘ဒါဟာ ကျွန်တော့်ကိုယ်ခန္ဓာကို ကိုယ်စားပြုတယ်။ ဒါဟာ “ပဋိညာဉ်နဲ့ဆိုင်တဲ့သွေး” ကို ကိုယ်စားပြုတယ်။’—မ. ၂၆:၂၆-၂၈။

သီချင်း ၁၆ ဘိသိက်ခံ သားတော်အတွက် ယေဟောဝါကို ချီးမွမ်းကြ

အကြိုသုံးသပ်ချက်a

၁-၂။ (က) မိမိရဲ့ သေခြင်းအောက်မေ့ရာပွဲကို ရိုးရှင်းတဲ့နည်းနဲ့ ကျင်းပဖို့ ယေရှု စီစဉ်ပေးမယ်လို့ ဘာကြောင့် မျှော်လင့်နိုင်သလဲ။ (ခ) ယေရှုရဲ့ ဘယ်အရည်အသွေးတွေအကြောင်း သုံးသပ်ကြမလဲ။

နှစ်စဉ် ခရစ်တော်ရဲ့ သေခြင်း အောက်မေ့ရာပွဲမှာ ဘာတွေ လုပ်တယ်ဆိုတာ ပြောပြနိုင်မလား။ အသေးစိတ်အချက်တွေကို သင် မှတ်မိမှာ သေချာတယ်။ ဘာကြောင့်လဲဆိုတော့ ရိုးရှင်းလွန်းလို့ပဲ။ ‘ဘာကြောင့် ရိုးရှင်းတာလဲ’ လို့ သင် တွေးမိနိုင်တယ်။

၂ ယေရှုဟာ မြေကြီးပေါ် အမှုဆောင်ချိန်အတွင်း အရေးကြီးအမှန်တရားတွေကို ရိုးရှင်းပြီး နားလည်လွယ်တဲ့နည်းနဲ့ သင်ပေးခဲ့တယ်။ (မ. ၇:၂၈၊ ၂၉) မိမိရဲ့ သေခြင်း အောက်မေ့ရာပွဲbကိုလည်း ရိုးရှင်းပြီး အဓိပ္ပာယ်ရှိတဲ့နည်းနဲ့ ကျင်းပဖို့ စီစဉ်ပေးခဲ့တယ်။ အောက်မေ့ရာပွဲမှာ သုံးတဲ့ အစားအသောက်အကြောင်း၊ ယေရှု ပြောခဲ့၊ လုပ်ခဲ့တာတွေအကြောင်း သုံးသပ်ကြည့်ကြစို့။ ယေရှုရဲ့ နှိမ့်ချမှု၊ သတ္တိ၊ မေတ္တာကို ပိုနားလည်လာပြီး ပိုတုပနိုင်ပါလိမ့်မယ်။

ယေရှုဟာ နှိမ့်ချတယ်

သခင့်ညစာစားပွဲမှာ မုန့်ကို ယေရှု လက်ဆင့်ကမ်းပေးနေ၊ ယေရှု အသက်စွန့်ခဲ့၊ ကောင်းကင်မှာ နန်းထိုင်နေ

အောက်မေ့ရာပွဲမှာသုံးတဲ့ မုန့်နဲ့ ဝိုင်ဟာ ကျွန်တော်တို့အတွက် ယေရှု အသက်ပေးခဲ့ကြောင်း၊ ကောင်းကင်ဘုရင်အဖြစ် အခု နန်းထိုင်နေကြောင်း အမှတ်ရစေ (အပိုဒ် ၃-၅ ကိုကြည့်ပါ)

၃။ မဿဲ ၂၆:၂၆-၂၈ မှာ ပါတဲ့အတိုင်း ယေရှု အစပြုတဲ့ အောက်မေ့ရာပွဲဟာ ဘယ်လောက် ရိုးရှင်းသလဲ။ အထိမ်းအမှတ် နှစ်ခုက ဘာကို ကိုယ်စားပြုသလဲ။

၃ ယေရှုဟာ သစ္စာရှိ တမန်တော် ၁၁ ယောက်နဲ့ အတူရှိနေချိန်မှာ မိမိရဲ့ သေခြင်း အောက်မေ့ရာပွဲကို ကျင်းပခဲ့တယ်။ ပသခါပွဲရဲ့ လက်ကျန် တဆေးမဲ့မုန့်နဲ့ ဝိုင်ကို သုံးပြီး အဲဒီပွဲကို အစပြုခဲ့တယ်။ (မဿဲ ၂၆:၂၆-၂၈ ကိုဖတ်ပါ။) အဲဒီမုန့်နဲ့ ဝိုင်ဟာ မကြာခင် ပေးဆက်တော့မယ့် မိမိရဲ့ စုံလင်တဲ့ ကိုယ်ခန္ဓာနဲ့ သွေးကို ကိုယ်စားပြုကြောင်း ယေရှု ရှင်းပြတယ်။ အရေးကြီးတဲ့ ဒီပွဲကို ရိုးရိုးလေး ကျင်းပလို့ တမန်တော်တွေ မအံ့ဩကြဘူး။ ဘာကြောင့်လဲ။

၄။ မာသကို ပေးတဲ့ အကြံပေးချက်က အောက်မေ့ရာပွဲကို ရိုးရိုးလေး ကျင်းပရခြင်းအကြောင်း နားလည်အောင် ဘယ်လို ကူညီပေးသလဲ။

၄ ယေရှုဟာ အမှုဆောင်ချိန် တတိယနှစ်အတွင်း၊ ပသခါပွဲ မတိုင်ခင် လအနည်းငယ်တုန်းက မိတ်ဆွေတွေဖြစ်တဲ့ လာဇရု၊ မာသ၊ မာရိတို့ဆီ သွားလည်ခဲ့တယ်။ အဲဒီမှာ အေးအေးဆေးဆေး သွန်သင်ပေးတယ်။ မာသကတော့ အထူးဧည့်သည်ကို ကောင်းကောင်း ဧည့်ဝတ်ပြုဖို့ ဗျာများနေတယ်။ ဒါနဲ့ ယေရှုက မာသကို အကြီးအကျယ် ပြင်ဆင်နေဖို့ မလိုကြောင်း နားလည်အောင် ကြင်နာစွာ တည့်မတ်ပေးတယ်။ (လု. ၁၀:၄၀-၄၂) ယေရှုဟာ မသေဆုံးခင် နာရီပိုင်းအလိုမှာ ကိုယ်သင်တဲ့အတိုင်း လက်တွေ့ကျင့်သုံးခဲ့တယ်။ အောက်မေ့ရာပွဲကို ရိုးရိုးလေး ကျင်းပခဲ့တယ်။ ဒါက ယေရှုအကြောင်း ဘာသင်ပေးသလဲ။

၅။ ရိုးရှင်းတဲ့ မုန့်နဲ့ ဝိုင်က ယေရှုအကြောင်း ဘာဖော်ပြသလဲ။ အဲဒါက ဖိလိပ္ပိ ၂:၅-၈ နဲ့ ဘယ်လို ကိုက်ညီသလဲ။

၅ ယေရှု ပြောသမျှ၊ လုပ်သမျှမှာ နှိမ့်ချမှုကို တွေ့ရတယ်။ ဒါကြောင့် မြေကြီးပေါ် နောက်ဆုံးညမှာ နှိမ့်ချမှု တင်ပြခဲ့တာ မဆန်းပါဘူး။ (မ. ၁၁:၂၉) လူ့သမိုင်းမှာ အကြီးမားဆုံး ပူဇော်သက္ကာ ဆက်သရတော့မှာဖြစ်ကြောင်း၊ ဘုရင်အဖြစ် ကောင်းကင်ကို ယေဟောဝါ ပြန်ထမြောက်စေမှာဖြစ်ကြောင်း ယေရှု သိတယ်။ ဒါတောင် မိမိရဲ့ သေခြင်း အောက်မေ့ရာပွဲကို တခမ်းတနား ကျင်းပဖို့ တောင်းဆိုခြင်းအားဖြင့် အာရုံစိုက်ခံရအောင် မလုပ်ခဲ့ဘူး။ မိမိကို အောက်မေ့ဖို့ ရိုးရှင်းလှတဲ့ ဒီပွဲကို တစ်နှစ်တစ်ကြိမ် ကျင်းပပါလို့ တပည့်တွေကို မှာခဲ့တယ်။ (ယော. ၁၃:၁၅။ ၁ ကော. ၁၁:၂၃-၂၅) ရိုးရှင်းတဲ့ မုန့်နဲ့ ဝိုင်က ယေရှုဟာ မာနကြီးသူ မဟုတ်ကြောင်း ဖော်ပြတယ်။ ကျွန်တော်တို့ရဲ့ ကောင်းကင်ဘုရင်မှာ နှိမ့်ချမှု အရည်အသွေး ရှိလို့ ဝမ်းသာစရာပါပဲ။—ဖိလိပ္ပိ ၂:၅-၈ ကိုဖတ်ပါ။

၆။ စမ်းသပ်မှု ကြုံရချိန်မှာ ယေရှုရဲ့ နှိမ့်ချမှုကို ဘယ်လို တုပနိုင်သလဲ။

၆ ယေရှုရဲ့ နှိမ့်ချမှုကို ဘယ်လို တုပနိုင်သလဲ။ ကိုယ့်အကျိုးထက် သူတစ်ပါးအကျိုးကို ဦးစားထားခြင်းအားဖြင့်ပါပဲ။ (ဖိ. ၂:၃၊ ၄) ယေရှုရဲ့ မြေကြီးအသက်တာ နောက်ဆုံးညအကြောင်း စဉ်းစားကြည့်ပါ။ မကြာခင် နာကျင်စွာ သေဆုံးရတော့မယ်ဆိုတာ သိပေမဲ့ မိမိအတွက် ဝမ်းနည်းပူဆွေးနေမယ့် သစ္စာရှိ တမန်တော်တွေကို စိုးရိမ်ပေးခဲ့တယ်။ ဒါကြောင့် နောက်ဆုံးညမှာ သူတို့ကို သွန်သင်၊ အားပေး၊ စိတ်ချစေခဲ့တယ်။ (ယော. ၁၄:၂၅-၃၁) ကိုယ့်အကျိုးထက် တခြားသူတွေရဲ့ အကျိုးကို စိတ်ဝင်စားခြင်းအားဖြင့် နှိမ့်ချမှု ပြခဲ့တယ်။ ကျွန်တော်တို့အတွက် အကောင်းဆုံး ပုံသက်သေပါပဲ။

ယေရှုဟာ သတ္တိရှိတယ်

၇။ သခင့် ညစာစားပွဲ ကျင်းပပြီးနောက် သတ္တိရှိကြောင်း ယေရှု ဘယ်လို ဖော်ပြခဲ့သလဲ။

၇ သခင့် ညစာစားပွဲ ကျင်းပပြီးနောက်မှာတောင် သတ္တိရှိကြောင်း ယေရှု ပြခဲ့တယ်။ ဘယ်နည်းနဲ့လဲ။ ဘုရားကို စော်ကားပြောဆိုသူအဖြစ် အရှက်တကွဲ အသတ်ခံရမယ်ဆိုတာ သိပေမဲ့ ဖခင်ရဲ့ အလိုတော်ကို လက်ခံခဲ့တယ်။ (မ. ၂၆:၆၅၊ ၆၆။ လု. ၂၂:၄၁၊ ၄၂) ယေဟောဝါရဲ့ နာမည်ကို ဂုဏ်တင်ဖို့၊ ဘုရားသခင့် အချုပ်အခြာအာဏာကို ထောက်ခံဖို့၊ နောင်တယူတဲ့ လူသားတွေအတွက် ထာဝရအသက်လမ်း ဖွင့်ပေးဖို့ သမာဓိ စောင့်သိခဲ့တယ်။ တစ်ချိန်တည်းမှာ မကြာခင် ကြုံရမယ့်အရာအတွက် နောက်လိုက်တွေကို ပြင်ဆင်ပေးခဲ့တယ်။

၈။ (က) သစ္စာရှိ တမန်တော်တွေကို ယေရှု ဘာတွေ ပြောခဲ့သလဲ။ (ခ) ယေရှု သေဆုံးပြီး နောက်ပိုင်းနှစ်တွေမှာ သူ့ရဲ့ သတ္တိရှိတဲ့ ပုံသက်သေကို တပည့်တွေ ဘယ်လို တုပခဲ့ကြသလဲ။

၈ ယေရှုဟာ ကြုံရမယ့်အရာတွေအတွက် စိုးရိမ်ပူပန်မယ့်အစား သစ္စာရှိ တမန်တော်တွေရဲ့ လိုအပ်ရာတွေကို ဂရုစိုက်ပေးခြင်းအားဖြင့်လည်း သတ္တိရှိကြောင်း ဖော်ပြတယ်။ ယုဒကို ထွက်သွားစေပြီးနောက်မှာ ပြုလုပ်တဲ့ ဒီရိုးရှင်းတဲ့ ညစာဟာ ဘိသိက်ခံ နောက်လိုက်ဖြစ်လာမယ့်သူတွေကို ယေရှုသွန်းခဲ့တဲ့ အသွေးနဲ့ ပဋိညာဉ်သစ်မှာ ပါဝင်ခြင်းရဲ့ အကျိုးကျေးဇူးတွေကို အမှတ်ရစေပါတယ်။ (၁ ကော. ၁၀:၁၆၊ ၁၇) ကောင်းကင်ဆုကျေးဇူးနဲ့ ထိုက်တန်သူတွေဖြစ်အောင် ကူညီတဲ့အနေနဲ့ နောက်လိုက်တွေကို မိမိနဲ့ ဖခင် ဘာမျှော်လင့်ကြောင်း ပြောပြတယ်။ (ယော. ၁၅:၁၂-၁၅) တမန်တော်တွေ ကြုံရနိုင်တဲ့ စမ်းသပ်မှုတွေကိုလည်း ပြောပြတယ်။ မိမိရဲ့ ပုံသက်သေကို အတုယူပြီး “သတ္တိရှိကြပါ” လို့ တိုက်တွန်းခဲ့တယ်။ (ယော. ၁၆:၁-၄၊ ၃၃) နှစ်ပေါင်းများစွာ ကြာပြီးနောက် တပည့်တွေက ယေရှုရဲ့ ကိုယ်ကျိုးစွန့် လမ်းစဉ်ကို လိုက်ပြီး သတ္တိရှိကြောင်း ပြခဲ့ကြတယ်။ အနစ်နာခံရရင်တောင် စမ်းသပ်မှုတွေကြား အချင်းချင်း ထောက်မခဲ့ကြတယ်။—ဟီ. ၁၀:၃၃၊ ၃၄။

၉။ ယေရှုရဲ့ သတ္တိကို ဘယ်လို တုပနိုင်သလဲ။

၉ ဒီနေ့ခေတ်မှာလည်း ယေရှုရဲ့ သတ္တိရှိတဲ့ ပုံသက်သေကို ကျွန်တော်တို့ လိုက်လျှောက်နေကြတယ်။ ဥပမာ၊ ယုံကြည်ချက်ကြောင့် နှိပ်စက်ခံနေရတဲ့ ညီအစ်ကိုတွေကို ထောက်မဖို့ သတ္တိလိုတယ်။ ညီအစ်ကိုတွေဟာ မတရား ထောင်ချခံရနိုင်တယ်။ အဲဒီအခါ သူတို့ဘက်ကနေ ကာကွယ်ပြောဆိုခြင်း အပါအဝင် ကျွန်တော်တို့ တတ်နိုင်တာမှန်သမျှ လုပ်ပေးရမယ်။ (ဖိ. ၁:၁၄။ ဟီ. ၁၃:၁၉) “ရဲရဲရင့်ရင့်” ဟောပြောခြင်းအားဖြင့်လည်း သတ္တိရှိကြောင်း ပြကြတယ်။ (တ. ၁၄:၃) လူတွေ ဆန့်ကျင်ပြီး နှိပ်စက်ညှဉ်းပန်းရင်တောင် ယေရှုလိုပဲ နိုင်ငံတော်သတင်း ဆက်ဟောပြောဖို့ စိတ်ပိုင်းဖြတ်ထားကြတယ်။ ဒါပေမဲ့ သတ္တိမရှိဘူးလို့ ခံစားရရင် ဘာလုပ်နိုင်သလဲ။

၁၀။ အောက်မေ့ရာပွဲ မတိုင်ခင် အပတ်တွေမှာ ဘာလုပ်သင့်သလဲ။ ဘာကြောင့်လဲ။

၁၀ ခရစ်တော်ရဲ့ ရွေးဖိုးပူဇော်သက္ကာကြောင့် ရရှိလာတဲ့ မျှော်လင့်ချက်အကြောင်း စဉ်းစားခြင်းအားဖြင့် သတ္တိမွေးနိုင်တယ်။ (ယော. ၃:၁၆။ ဧ. ၁:၇) အောက်မေ့ရာပွဲ မတိုင်ခင် အပတ်တွေမှာ ရွေးဖိုးအတွက် ကျေးဇူးတင်လေးမြတ်စိတ် တိုးများစေဖို့ အထူးအခွင့်အရေး ရှိတယ်။ အောက်မေ့ရာပွဲအတွက် ကျမ်းစာဖတ်ရှုခြင်း အစီအစဉ်အတိုင်း အမီလိုက်ဖတ်ပါ။ ယေရှု မသေဆုံးခင် ဖြစ်ရပ်တွေအကြောင်း ဆုတောင်းပြီး တွေးတောဆင်ခြင်ပါ။ သခင့် ညစာစားပွဲ တက်ရောက်တဲ့အခါ အောက်မေ့ရာပွဲ အထိမ်းအမှတ်တွေအကြောင်း၊ အထိမ်းအမှတ်တွေ ကိုယ်စားပြုတဲ့ ပူဇော်သက္ကာအကြောင်း ပိုနားလည်လာပါလိမ့်မယ်။ ကျွန်တော်တို့အတွက် ယေရှုနဲ့ ယေဟောဝါ လုပ်ပေးခဲ့တာတွေအကြောင်း၊ အဲဒါက ကိုယ်တိုင်နဲ့ ချစ်ရသူတွေကို ဘယ်လို အကျိုးပြုကြောင်း နားလည်လာတဲ့အခါ မျှော်လင့်ချက် ပိုခိုင်မာလာပြီး သတ္တိရှိရှိ အဆုံးအထိ ခံရပ်ဖို့ လှုံ့ဆော်ခံရတယ်။—ဟီ. ၁၂:၃။

၁၁-၁၂။ ဘာအကြောင်း လေ့လာခဲ့ကြပြီလဲ။

၁၁ သခင့် ညစာစားပွဲက အဖိုးတန် ရွေးဖိုးကိုသာမက ယေရှုရဲ့ နှိမ့်ချမှုနဲ့ သတ္တိကို အမှတ်ရစေကြောင်း လေ့လာခဲ့ကြပြီ။ ကျွန်တော်တို့ကိုယ်စား အသနားခံပေးတဲ့ ကောင်းကင် ပုရောဟိတ်မင်း ယေရှု အဲဒီအရည်အသွေးတွေ ဆက်တင်ပြနေလို့ ကျေးဇူးတင်စရာပါပဲ။ (ဟီ. ၇:၂၄၊ ၂၅) ကျေးဇူးတင်ကြောင်း ပြဖို့ ယေရှု မိန့်မှာခဲ့တဲ့အတိုင်း အောက်မေ့ရာပွဲကို သစ္စာရှိရှိ ကျင်းပရမယ်။ (လု. ၂၂:၁၉၊ ၂၀) နိသန်လ ၁၄ ရက်နဲ့ ကိုက်ညီတဲ့နေ့မှာ အဲဒီပွဲကို ကျွန်တော်တို့ ကျင်းပကြတယ်။ နှစ်တစ်နှစ်ရဲ့ အရေးကြီးဆုံး နေ့ပါပဲ။

၁၂ သခင့် ညစာစားပွဲရဲ့ ရိုးရှင်းမှုကနေ ယေရှုရဲ့ နောက်အရည်အသွေးအကြောင်း သိနိုင်တယ်။ ကျွန်တော်တို့အတွက် အသက်ပေးဖို့ ယေရှုကို လှုံ့ဆော်ပေးတဲ့ အဲဒီအရည်အသွေးကြောင့် ယေရှုဟာ ကမ္ဘာပေါ်ရှိတုန်း လူသိများခဲ့တယ်။ ဘာအရည်အသွေးလဲ။

ယေရှုဟာ မေတ္တာရှိတယ်

၁၃။ ယောဟန် ၁၅:၉ နဲ့ ၁ ယောဟန် ၄:၈-၁၀ က ယေဟောဝါနဲ့ ယေရှုရဲ့ မေတ္တာကို ဘယ်လို ဖော်ပြသလဲ။ ဘယ်သူတွေ အကျိုးရနေသလဲ။

၁၃ ယေရှုဟာ လုပ်ဆောင်လေသမျှမှာ ယေဟောဝါရဲ့ မေတ္တာကို အပြည့်အဝ တင်ပြခဲ့တယ်။ (ယောဟန် ၁၅:၉။ ၁ ယောဟန် ၄:၈-၁၀ ကိုဖတ်ပါ။) ကျွန်တော်တို့အတွက် လိုလိုလားလား အသက်ပေးခဲ့တယ်။ ဘိသိက်ခံဖြစ်စေ၊ “တခြားသိုး” ဖြစ်စေ ရွေးဖိုးအားဖြင့် ယေဟောဝါနဲ့ သားတော် ပြခဲ့တဲ့ မေတ္တာကနေ အကျိုးရနေကြတယ်။ (ယော. ၁၀:၁၆။ ၁ ယော. ၂:၂) အောက်မေ့ရာပွဲမှာ သုံးတဲ့ အထိမ်းအမှတ်တွေက တပည့်တွေအပေါ်ထားတဲ့ ယေရှုရဲ့ မေတ္တာနဲ့ ထောက်ထားစာနာမှုကို ဖော်ပြနေတယ်။ ဘယ်လိုနည်းနဲ့လဲ။

ရာစုနှစ်တစ်လျှောက် ကျင်းပလာတဲ့ အောက်မေ့ရာပွဲ

နှစ်တွေတစ်လျှောက် ခက်ခဲတဲ့ အခြေအနေတွေအောက်မှာတောင် အောက်မေ့ရာပွဲ ကျင်းပနိုင်ဖို့ ရိုးရှင်းတဲ့အစီအစဉ်ကို ယေရှု မေတ္တာပါစွာ အစပြုခဲ့ (အပိုဒ် ၁၄-၁၆ ကိုကြည့်ပါ)c

၁၄။ တပည့်တွေကို ယေရှု ဘယ်နည်းနဲ့ မေတ္တာပြခဲ့သလဲ။

၁၄ ရှုပ်ထွေးတဲ့ ဓလေ့ထုံးစံတွေ မပါဘဲ ရိုးရှင်းတဲ့ ပွဲကို အစပြုကျင်းပခြင်းအားဖြင့် ဘိသိက်ခံနောက်လိုက်တွေကို ယေရှု မေတ္တာပြခဲ့တယ်။ နောက်ပိုင်း ဘိသိက်ခံတပည့်တွေဟာ ထောင်ကျနေချိန် အပါအဝင် အခြေအနေ အမျိုးမျိုးကြားမှာ အောက်မေ့ရာပွဲကို နှစ်စဉ် ကျင်းပရတော့မယ်။ (ဗျာ. ၂:၁၀) ယေရှုကို သူတို့ နာခံခဲ့ကြသလား။ နာခံခဲ့ကြပါတယ်။

၁၅-၁၆။ ခက်ခဲတဲ့ အခြေအနေတွေအောက်မှာ သခင့် ညစာစားပွဲကို ဘယ်လို ကျင်းပခဲ့ကြသလဲ။

၁၅ အခုချိန်ထိ ခရစ်ယာန်စစ်တွေဟာ ယေရှုရဲ့ သေခြင်း အောက်မေ့ရာပွဲကို ကျင်းပနေကြတယ်။ ခက်ခဲတဲ့ အခြေအနေအောက်မှာတောင် သခင့် ညစာစားပွဲရဲ့ လုပ်ထုံးလုပ်နည်းအတိုင်း အတတ်နိုင်ဆုံး လိုက်နာကြတယ်။ တရုတ်ပြည် အကျဉ်းထောင်မှာ တိုက်ပိတ်ခံရတုန်း ညီအစ်ကို ဟယ်ရယ်ကင်းဟာ အောက်မေ့ရာပွဲ ကျင်းပဖို့ နည်းလမ်းရှာတယ်။ အထိမ်းအမှတ်တွေကို ရှိတာလေးနဲ့ လျှို့ဝှက်ပြင်ဆင်တယ်။ အောက်မေ့ရာပွဲ ရက်စွဲကို အသေအချာ တွက်ချက်တယ်။ အဲဒီအချိန် ရောက်တဲ့အခါ တစ်ယောက်တည်း သီချင်းဆို၊ ဆုတောင်းပြီး ဟောပြောချက် ပေးတယ်။

၁၆ နောက်ဥပမာကတော့ ဒုတိယကမ္ဘာစစ်အတွင်း ချွေးတပ်စခန်းမှာ ထောင်ကျနေတဲ့ ညီအစ်မတစ်စုဟာ အသက်အန္တရာယ်ကြား သခင့် ညစာစားပွဲကို ကျင်းပခဲ့ကြတယ်။ ရိုးရှင်းတဲ့ပွဲဖြစ်လို့ သိုသိုသိပ်သိပ် ကျင်းပနိုင်ခဲ့ကြတယ်။ “အဝတ်ဖြူ ခင်းထားပြီး မုန့်နဲ့ ဝိုင် တင်ထားတဲ့ ခွေးခြေခုံ ပတ်လည်မှာ ကျွန်မတို့အားလုံး ဝိုင်းရပ်လိုက်တယ်။ လျှပ်စစ်မီးထွန်းရင် သိကုန်မှာစိုးလို့ ဖယောင်းတိုင်ပဲ ထွန်းတယ်။ . . . နာမမြတ် သံသယကင်းရှင်းစေဖို့ အစွမ်းရှိသရွေ့ ကြိုးစားပါ့မယ်ဆိုပြီး သစ္စာကတိ ထပ်ပြုခဲ့ကြတယ်” လို့ သူတို့ ပြောပြတယ်။ ထူးခြားလှတဲ့ ယုံကြည်ခြင်းပါပဲ။ ခက်ခဲတဲ့ အခြေအနေတွေအောက်မှာတောင် အောက်မေ့ရာပွဲ ကျင်းပနိုင်ဖို့ စီစဉ်ပေးခဲ့တဲ့ ယေရှုရဲ့ မေတ္တာ ကြီးမားလိုက်တာ။

၁၇။ ကိုယ့်ကိုယ်ကိုယ် ဘယ်မေးခွန်းတွေ မေးနိုင်သလဲ။

၁၇ အောက်မေ့ရာပွဲ နီးလာတာနဲ့အမျှ ကိုယ့်ကိုယ်ကိုယ် ဒီလို မေးသင့်တယ်– ‘မေတ္တာပြရာမှာ ယေရှုကို ဘယ်လို ပိုတုပနိုင်မလဲ။ ကိုယ့်လိုအပ်ရာထက် ညီအစ်ကို/မတွေရဲ့ လိုအပ်ရာကို စဉ်းစားပေးသလား။ ညီအစ်ကို/မတွေ တတ်နိုင်တာထက် ပိုမျှော်လင့်သလား။ သူတို့ရဲ့ ကန့်သတ်ချက်တွေကို ငါသိသလား။’ ယေရှုကို အမြဲ တုပပြီး “ကိုယ်ချင်းစာ” နိုင်ကြပါစေ။—၁ ပေ. ၃:၈။

သင်ခန်းစာတွေကို စိတ်စွဲမှတ်ထားပါ

၁၈-၁၉။ (က) ဘာကို အမှတ်ရနေကြမလဲ။ (ခ) ဘာလုပ်ဖို့ စိတ်ပိုင်းဖြတ်ထားရမလဲ။

၁၈ ခရစ်တော်ရဲ့ သေခြင်း အောက်မေ့ရာပွဲကို သိပ်ကြာကြာ ကျင်းပရတော့မှာ မဟုတ်ပါဘူး။ ကြီးစွာသောဒုက္ခအတွင်း ယေရှု “ရောက်လာ” တဲ့အခါ ကျန်နေသေးတဲ့ “ရွေးချယ်ခံရသူတွေ” ကို ကောင်းကင်ပေါ် စုသိမ်းပါလိမ့်မယ်။ အဲဒီနောက် အောက်မေ့ရာပွဲ ကျင်းပစရာ မလိုတော့ပါဘူး။—၁ ကော. ၁၁:၂၆။ မ. ၂၄:၃၁။

၁၉ အောက်မေ့ရာပွဲ မကျင်းပတော့ရင်တောင် ယေဟောဝါရဲ့ လူမျိုးဟာ ယေရှုပြခဲ့တဲ့ နှိမ့်ချမှု၊ သတ္တိ၊ မေတ္တာကို ကိုယ်စားပြုတဲ့ ရိုးရှင်းတဲ့ အထိမ်းအမှတ်တွေကို အမှတ်ရနေကြမှာပါ။ ဒီထူးခြားတဲ့ပွဲကို တက်ရောက်ခဲ့သူတွေက အဲဒီအချိန်မှာ အသက်ရှင်လာမယ့်သူတွေကို ပြန်ပြောပြကြပါလိမ့်မယ်။ လောလောဆယ် ဒီပွဲကနေ အကျိုးရနိုင်အောင် ယေရှုရဲ့ နှိမ့်ချမှု၊ သတ္တိ၊ မေတ္တာကို တုပဖို့ စိတ်ပိုင်းဖြတ်ထားရမယ်။ ဒါဆိုရင် ယေဟောဝါဆီက ကောင်းချီးရမှာ စိတ်ချနိုင်ပါတယ်။—၂ ပေ. ၁:၁၀၊ ၁၁။

သင် ဘယ်လို ဖြေမလဲ

  • အောက်မေ့ရာပွဲက ယေရှုရဲ့ နှိမ့်ချမှုအကြောင်း ဘာသင်ပေးသလဲ။

  • သခင့် ညစာစားပွဲ ကျင်းပပြီးနောက် သတ္တိရှိကြောင်း ယေရှု ဘယ်လို ပြခဲ့သလဲ။

  • ရိုးရှင်းတဲ့ အစီအစဉ်အားဖြင့် ယေရှု ဘယ်နည်းနဲ့ မေတ္တာပြခဲ့သလဲ။

သီချင်း ၁၃ စံနမူနာရှင် ခရစ်တော်

a ယေရှုခရစ်ရဲ့ သေခြင်းကို အောက်မေ့တဲ့အနေနဲ့ သခင့် ညစာစားပွဲကို မကြာခင် ကျင်းပကြတော့မယ်။ ရိုးရှင်းတဲ့ ဒီပွဲက ယေရှုရဲ့ နှိမ့်ချမှု၊ ရဲစွမ်းသတ္တိ၊ မေတ္တာအကြောင်း များစွာ သင်ပေးတယ်။ အဲဒီအရည်အသွေးတွေကို ဘယ်လို တုပနိုင်ကြောင်း ဒီဆောင်းပါးမှာ ဆွေးနွေးကြပါမယ်။

b စကားလုံး ရှင်းလင်းချက်– အောက်မေ့ရာပွဲ ဆိုတာ အရေးကြီး ဖြစ်ရပ်၊ ပုဂ္ဂိုလ်အတွက် အမှတ်တရ ဂုဏ်ပြုတဲ့အနေနဲ့ အထိမ်းအမှတ်ပွဲ ကျင်းပတာဖြစ်တယ်။

c ပုံအညွှန်း– ပထမရာစု အသင်းတော်မှာ၊ ၁၈၀၀ ပြည့်လွန်နှစ်တွေ နှောင်းပိုင်းမှာ၊ နာဇီ ချွေးတပ်စခန်းမှာ၊ ဒီနေ့ခေတ် ရာသီဥတု ပူနွေးတဲ့ တောင်အမေရိက နိုင်ငံတော်ခန်းမမှာ သစ္စာရှိကျေးကျွန်တွေ အောက်မေ့ရာပွဲ ကျင်းပနေတဲ့ သရုပ်ဖော်ပုံ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ