ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၁၉ ဩဂုတ် စာ. ၂၀-၂၅
  • တာဝန်သစ်နဲ့အညီ အလိုက်သင့် ပြောင်းလဲခြင်း

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • တာဝန်သစ်နဲ့အညီ အလိုက်သင့် ပြောင်းလဲခြင်း
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၁၉
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • အပြောင်းအလဲကို ရင်ဆိုင်ခြင်း
  • တခြားသူတွေ ကူညီနိုင်ပုံ
  • အတတ်နိုင်ဆုံး ဆက်ပါဝင်ပါ
  • အချိန်ပြည့်လုပ်ငန်းတော်တွင် ရွှင်လန်းမှုကို ဆက်လက်ထိန်းသိမ်းနိုင်ပုံ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၇
  • မြင့်မြတ်သောလုပ်ငန်းတော်အခွင့်အရေးများကို အလွန်အမင်းတန်ဖိုးထားခြင်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၈
  • ၁၉၉၆ ခုနှစ်အတွက် သီအိုကရက်တစ် ဓမ္မအမှုကျောင်းမှ အကျိုးခံစား—အပိုင်း ၁
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၆
  • အချိန်ပြည့်လုပ်ငန်းမှာ ပါဝင်နေသူတွေကို သတိရပါ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၄
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၁၉
က၁၉ ဩဂုတ် စာ. ၂၀-၂၅

လေ့လာရန် ဆောင်းပါး ၃၄

တာဝန်သစ်နဲ့အညီ အလိုက်သင့် ပြောင်းလဲခြင်း

“ဘုရားသခင်ဟာ ဖြောင့်မတ်တဲ့ဘုရားဖြစ်လို့ ခင်ဗျားတို့ရဲ့ လုပ်ရပ်ကို၊ နာမတော်အတွက်ပြတဲ့ မေတ္တာကို ဘယ်တော့မှ မမေ့ပါဘူး။”—ဟီ. ၆:၁၀။

သီချင်း ၃၈ ကိုယ်တော် သင်တို့ကို ခွန်အားရှိစေမယ်

အကြိုသုံးသပ်ချက်a

၁-၃။ အချိန်ပြည့် အမှုထမ်းတွေ တာဝန်ပြောင်းရတဲ့ အကြောင်းရင်းတချို့က ဘာတွေလဲ။

“သာသနာပြုအဖြစ် ၂၁ နှစ်ကြာ အမှုဆောင်ပြီးနောက် နှစ်ဖက်မိဘတွေ နာမကျန်းဖြစ်လာတယ်။ သူတို့ကို ပြုစုစောင့်ရှောက်ချင်ပေမဲ့ ကိုယ့်တာဝန်ကို စွန့်လိုက်ရမှာကိုတော့ စိတ်ထိခိုက်တယ်” လို့ ရောဘတ်နဲ့ မေရီ ဂျိုး ပြောတယ်။

၂ “ကျန်းမာရေးကြောင့် ကိုယ်တာဝန်ကျတဲ့ နေရာကို မပြန်နိုင်တော့မှန်း သိရတော့ ငိုလိုက်ရတာ။ တိုင်းတစ်ပါးမှာ ယေဟောဝါအတွက် အမှုဆောင်မယ်ဆိုတဲ့ အိပ်မက်လေး ပြီးဆုံးသွားပြီ” လို့ ဝီလျံနဲ့ တယ်ရီ ပြောတယ်။

၃ “ကျွန်တော်တို့ရဲ့ ဌာနခွဲကို အစိုးရက ပိတ်ပစ်ချင်နေမှန်း သိပါတယ်။ ဒါပေမဲ့ တကယ်ဖြစ်လာပြီး ဗေသလကနေ ထွက်ရတဲ့အခါမှာတော့ တုန်လှုပ်မိတယ်” လို့ ညီအစ်ကို အဲလက်စီ ပြောတယ်။

၄။ ဒီဆောင်းပါးမှာ ဘယ်မေးခွန်းတွေကို ဆွေးနွေးကြမလဲ။

၄ ဗေသလ အိမ်သားတွေအပါအဝင် အချိန်ပြည့်အမှုထမ်းများစွာလည်း တာဝန်သစ်တွေ ပေးအပ်ခံရတယ်။b ကိုယ်မြတ်နိုးတဲ့ တာဝန်ကို စွန့်လိုက်ရတာဟာ အဲဒီသစ္စာရှိ ညီအစ်ကို/မတွေအတွက် ခက်ခဲပါတယ်။ အပြောင်းအလဲကို ရင်ဆိုင်ဖို့ ဘာက ကူညီပေးနိုင်သလဲ။ သူတို့ကို သင် ဘယ်လို ထောက်မနိုင်သလဲ။ အဲဒီမေးခွန်းတွေရဲ့ အဖြေက ဘဝအပြောင်းအလဲတွေကို ရင်ဆိုင်နိုင်ဖို့ ကျွန်တော်တို့ အားလုံးကို ကူညီပေးနိုင်တယ်။

အပြောင်းအလဲကို ရင်ဆိုင်ခြင်း

သာသနာပြုတာဝန်ကို စွန့်လိုက်ရတဲ့ မောင်နှံဟာ အသင်းတော်ကို မျက်ရည်တွေနဲ့ နှုတ်ဆက်နေ

အချိန်ပြည့် အမှုထမ်းတွေအတွက် တာဝန်ကို စွန့်ရတာ ဘာကြောင့် ခက်နိုင်သလဲ (အပိုဒ် ၅ ကိုကြည့်ပါ)e

၅။ တာဝန်အပြောင်းအလဲက ကျွန်တော်တို့ကို ဘယ်လို ထိခိုက်နိုင်သလဲ။

၅ ကျွန်တော်တို့က လယ်ကွင်းမှာဖြစ်စေ၊ ဗေသလမှာဖြစ်စေ ကိုယ်အမှုဆောင်တဲ့ နေရာဒေသနဲ့ လူတွေကို သံယောဇဉ်တွယ်မိနိုင်တယ်။ အကြောင်းတစ်ခုခုကြောင့် တာဝန်ကို စွန့်ရတဲ့အခါ ကြေကွဲမိနိုင်တယ်။ အထူးသဖြင့် နှိပ်စက်ညှဉ်းပန်းမှုကြောင့် ထွက်ရတာမျိုးဆိုရင် ကျန်ရစ်ခဲ့တဲ့သူတွေကို သတိရပြီး စိုးရိမ်မိနိုင်တယ်။ (မ. ၁၀:၂၃။ ၂ ကော. ၁၁:၂၈၊ ၂၉) တာဝန်သစ်ရတဲ့အခါ ယဉ်ကျေးမှုသစ်မှာ နေသားကျဖို့ ခက်နိုင်တယ်။ ကိုယ့်နေရင်းဒေသကို ပြန်ရတဲ့အခါမှာတောင် အဲဒီလို ခံစားရနိုင်တယ်။ “ကိုယ့်ယဉ်ကျေးမှုနဲ့ စိမ်းသွားတယ်။ မိခင်ဘာသာစကားနဲ့တောင် မဟောတတ်တော့ဘူး။ ကိုယ့်ကိုယ်ကိုယ် ဘယ်နေရာမှာမှ ဝင်မဆံ့တော့ဘူးလို့ ခံစားရတယ်” ဆိုပြီး ရောဘတ်နဲ့ မေရီ ဂျိုး ပြောတယ်။ မမျှော်လင့်ထားတဲ့ ငွေကြေးအခက်အခဲတွေလည်း ကြုံရနိုင်တယ်။ မသေချာမရေရာတာ၊ မလုံခြုံတာ၊ စိတ်ဓာတ်ကျတာတွေကို ခံစားရနိုင်တယ်။ ဘာက ကူညီပေးနိုင်သလဲ။

အဲဒီမောင်နှံဟာ ကိုယ့်နိုင်ငံမှာ အခက်အခဲတွေကို ရင်ဆိုင်နိုင်ဖို့ ယေဟောဝါဆီ ထက်သန်စွာ ဆုတောင်းနေ

ယေဟောဝါနဲ့ ဆက်ရင်းနှီးနေဖို့၊ ဘုရားကို ယုံကြည်ကိုးစားဖို့ အရေးကြီး (အပိုဒ် ၆-၇ ကိုကြည့်ပါ)f

၆။ ယေဟောဝါနဲ့ ဘယ်လို ရင်းနှီးနိုင်သလဲ။

၆ ယေဟောဝါနဲ့ ဆက်ရင်းနှီးနေပါ။ (ယာ. ၄:၈) ဆက်ရင်းနှီးအောင် ဘယ်လို လုပ်နိုင်သလဲ။ “ဆုတောင်းသံကို နားထောင်တဲ့အရှင်” ကို ယုံကြည်ကိုးစားခြင်းအားဖြင့်ပါပဲ။ (ဆာ. ၆၅:၂) “ဘုရားကို ရင်ဖွင့်ကြပါ” လို့ ဆာလံ ၆၂:၈ မှာ ပြောတယ်။ ယေဟောဝါဟာ “ကျွန်တော်တို့ တောင်းလျှောက်သမျှ၊ ကြံစည်သမျှထက် အတိုင်းထက်အလွန် လုပ်ဆောင်နိုင်” တယ်။ (ဧ. ၃:၂၀) ကျွန်တော်တို့ ဆုတောင်းသလောက်ပဲ ကူညီပေးတာ မဟုတ်ဘူး။ မမျှော်လင့်ထားတဲ့နည်းတွေ၊ မစဉ်းစားဖူးတဲ့နည်းတွေနဲ့ ပြဿနာကို ဖြေရှင်းပေးနိုင်တယ်။

၇။ (က) ယေဟောဝါနဲ့ ဆက်ရင်းနှီးနေဖို့ ဘာက ကူညီပေးမလဲ။ (ခ) ဟီဘရူး ၆:၁၀-၁၂ အရ သစ္စာရှိရှိ ဆက်အမှုဆောင်ရင် ဘာအကျိုးရမလဲ။

၇ ယေဟောဝါနဲ့ ဆက်ရင်းနှီးနေဖို့ ကျမ်းစာ နေ့တိုင်း ဖတ်ပြီး တွေးတောဆင်ခြင်ပါ။ “အရင်ကလိုပဲ မိသားစု ဝတ်ပြုမှု ပုံမှန် လုပ်ပါ။ အစည်းအဝေးတွေအတွက် ပုံမှန် ပြင်ဆင်ပါ” လို့ သာသနာပြုလုပ်ခဲ့တဲ့ ညီအစ်ကိုတစ်ယောက် ပြောတယ်။ ဟောပြောခြင်းမှာ အသင်းတော်သစ်နဲ့အတူ အပြည့်အဝ ဆက်ပါဝင်ပါ။ အရင်ကလောက် မလုပ်နိုင်ရင်တောင် သစ္စာရှိရှိ ဆက်အမှုဆောင်နေသူတွေကို ယေဟောဝါ မမေ့ဘူး။—ဟီဘရူး ၆:၁၀-၁၂ ကိုဖတ်ပါ။

၈။ ၁ ယောဟန် ၂:၁၅-၁၇ မှာပါတဲ့ စကားတွေက ဘဝကို ရိုးရှင်းစေဖို့ ဘယ်လို ကူညီပေးနိုင်သလဲ။

၈ ဘဝကို ရိုးရှင်းစေပါ။ စာတန့်လောကရဲ့ စိုးရိမ်ပူပန်မှုတွေကြောင့် ဘုရားရေးရာ လုပ်ဆောင်မှုတွေကို “လွှမ်းမိုး” သွားတာမျိုး မဖြစ်ပါစေနဲ့။ (မ. ၁၃:၂၂) နောင်ရေးအတွက် စိတ်အေးရအောင် ငွေများများ ရှာပါဆိုတဲ့ လောကရဲ့ ဖိအား၊ စိတ်ရင်းကောင်းတဲ့ ဆွေမျိုးမိတ်ဆွေတွေရဲ့ ဖိအားကို တွန်းလှန်ပါ။ (၁ ယောဟန် ၂:၁၅-၁၇ ကိုဖတ်ပါ။) ဘုရားရေးရာပိုင်း၊ စိတ်ပိုင်း၊ ရုပ်ပိုင်း လိုအပ်ရာတွေကို “လိုအပ်ချိန်” မှာ ထောက်မမယ်လို့ ကတိပေးထားတဲ့ ယေဟောဝါကို ယုံကြည်ကိုးစားပါ။—ဟီ. ၄:၁၆။ ၁၃:၅၊ ၆။

၉။ ပညာအလိမ္မာ ၂၂:၃၊ ၇ အရ မလိုအပ်ဘဲ အကြွေးတင်တာကို ရှောင်ဖို့ ဘာကြောင့် အရေးကြီးသလဲ။ ပညာရှိ ဆုံးဖြတ်ချက်တွေ ချဖို့ ဘာက ကူညီနိုင်သလဲ။

၉ မလိုအပ်ဘဲ အကြွေးမတင်စေပါနဲ့။ (ပညာအလိမ္မာ ၂၂:၃၊ ၇ ကိုဖတ်ပါ။) ပြောင်းရွှေ့ရတာ စရိတ်ထောင်းပြီး အကြွေးတင်သွားနိုင်တယ်။ မလိုအပ်တာတွေကို အကြွေးမဝယ်ပါနဲ့။ မကျန်းမာတဲ့ မိသားစုဝင်တွေကို ပြုစုနေရချိန်လိုမျိုး စိတ်ဖိစီးနေချိန်မှာ ဘယ်လောက် အကြွေးယူမယ်ဆိုတာ ဆုံးဖြတ်ဖို့ ခက်နိုင်တယ်။ အဲဒီအခါမျိုးမှာ “တိုးလျှိုးအသနားခံ” ခြင်းက ပညာရှိ ဆုံးဖြတ်ချက်တွေ ချဖို့ ကူညီပေးနိုင်တယ်။ ဆုတောင်းချက်တွေကို အဖြေပေးတဲ့အနေနဲ့ ယေဟောဝါက “စိတ်နှလုံးနဲ့ ဉာဏ်ရည်ဉာဏ်စွမ်းကို စောင့်ရှောက်ပေး” တဲ့ ငြိမ်သက်ခြင်းကို ပေးပါလိမ့်မယ်။ အဲဒါက တည်တည်ငြိမ်ငြိမ် စဉ်းစားဖို့ ကူညီပေးတယ်။—ဖိ. ၄:၆၊ ၇။ ၁ ပေ. ၅:၇။

၁၀။ မိတ်ဆွေသစ်တွေ ဘယ်လို ဖွဲ့နိုင်သလဲ။

၁၀ မိတ်ဆွေတွေနဲ့ ဆက်ဆံရေးကောင်း ရှိနေပါ။ ကိုယ့်ခံစားချက်နဲ့ အတွေ့အကြုံတွေကို မိတ်ဆွေကောင်းတွေ၊ အထူးသဖြင့် ကိုယ်နဲ့ဘဝတူသူတွေကို ပြောပြပါ။ ဒါက စိတ်သက်သာစေနိုင်တယ်။ (ဒေ. ၄:၉၊ ၁၀) တာဝန်ကျခဲ့တဲ့ ဒေသမှာ မိတ်ဆွေတွေ ရှိနေသလို တာဝန်သစ်မှာလည်း မိတ်ဆွေသစ်တွေ ရှာပါ။ မိတ်ဆွေကောင်းရဖို့ ကိုယ်တိုင် မိတ်ဆွေကောင်း ဖြစ်ရမယ်ဆိုတာ သတိရပါ။ မိတ်ဆွေသစ်တွေ ဘယ်လို ဖွဲ့နိုင်မလဲ။ ယေဟောဝါရဲ့ လုပ်ငန်းမှာ ကိုယ့်ရဲ့ ပျော်စရာ အတွေ့အကြုံတွေကို ဝေမျှပါ။ အချိန်ပြည့်လုပ်ငန်းမှာ သင့်ရဲ့ ထက်သန်မှုကို အသင်းတော်ထဲကတချို့ နားမလည်ရင်တောင် တချို့ကတော့ သင့်ရဲ့ ပုံသက်သေကြောင့် မိတ်ဆွေဖြစ်လာနိုင်တယ်။ ဒါပေမဲ့ ကိုယ့်ရဲ့ ပြီးမြောက်အောင်မြင်မှုတွေကို အမွှမ်းတင်လွန်းတာမျိုး၊ အပျက်သဘော ခံစားချက်တွေကို အာရုံစိုက်တာမျိုး မလုပ်ပါနဲ့။

၁၁။ သင့်ရဲ့အိမ်ထောင် သာယာအောင် ဘယ်လို ဆက်လုပ်နိုင်သလဲ။

၁၁ အိမ်ထောင်ဖက်ရဲ့ ကျန်းမာရေးကြောင့် တာဝန်ကို စွန့်လိုက်ရတာမျိုးဆိုရင် သူ့ကို အပြစ်မတင်ပါနဲ့။ ကိုယ်တိုင် ကျန်းမာရေး မကောင်းတာဆိုရင်လည်း ကိုယ့်ကြောင့် သူပါ ထိခိုက်ရတယ်ဆိုပြီး ကိုယ့်ကိုယ်ကိုယ် အပြစ်မတင်ပါနဲ့။ သင်တို့ဟာ “တစ်သားတစ်ကိုယ်တည်း” ဖြစ်ကြောင်း၊ အေးအတူ ပူအမျှ လက်တွဲသွားမယ်လို့ ယေဟောဝါရှေ့ ကတိပေးခဲ့ကြောင်း သတိရပါ။ (မ. ၁၉:၅၊ ၆) မမျှော်လင့်ဘဲ ကိုယ်ဝန်ရှိသွားလို့ တာဝန်ကနေ နားရတယ်ဆိုရင် တာဝန်ထက် ကလေးက ပိုအရေးကြီးပြီး ဘုရားပေးတဲ့ “ဆုလာဘ်” လို့ သဘောထားကြောင်း ကလေးကို ပြောပြပါ။ (ဆာ. ၁၂၇:၃-၅) အရင်အမှုဆောင်ချိန်က ရခဲ့တဲ့ တွေ့ကြုံမှုကောင်းတွေကိုလည်း ပြောပြပါ။ ဒါဆိုရင် သူလည်း သင့်လိုပဲ အချိန်ပြည့်လုပ်ငန်းမှာ ပါဝင်ချင်စိတ် ရှိလာပါလိမ့်မယ်။

တခြားသူတွေ ကူညီနိုင်ပုံ

၁၂။ (က) အချိန်ပြည့်လုပ်ငန်းမှာ ပါဝင်နေသူတွေကို ဆက်အမှုဆောင်နိုင်ဖို့ ဘယ်လို ကူညီပေးနိုင်သလဲ။ (ခ) တာဝန်သစ်မှာ ပြောင်းလဲရလွယ်အောင် ဘယ်လို ကူညီပေးနိုင်သလဲ။

၁၂ အသင်းတော်နဲ့ ညီအစ်ကို/မများစွာက အချိန်ပြည့်လုပ်ငန်းမှာ ပါဝင်သူတွေကို ဆက်အမှုဆောင်နိုင်ဖို့ အတတ်နိုင်ဆုံး ကူညီပေးနေကြတယ်။ ဆက်အမှုဆောင်ဖို့ အားပေးခြင်း၊ ငွေကြေး ထောက်မခြင်း၊ အိမ်မှာကျန်နေတဲ့ မိသားစုဝင်တွေကို ကူညီပေးခြင်းအားဖြင့်ပါပဲ။ (ဂလ. ၆:၂) အချိန်ပြည့်အမှုထမ်းတွေ တာဝန်သစ်ရပြီး သင့်အသင်းတော်ကို ရောက်လာတဲ့အခါ အမှားအယွင်း တစ်ခုခု လုပ်မိလို့၊ ဆုံးမခံရလို့ဆိုပြီး မယူဆပါနဲ့။c အဲဒီအစား ပြောင်းလဲရလွယ်အောင် ကူညီပေးပါ။ လှိုက်လှိုက်လှဲလှဲ ကြိုဆိုပါ။ ကျန်းမာရေးကြောင့် အခု သူတို့ သိပ်မလုပ်နိုင်ရင်တောင် အရင်က လုပ်ခဲ့တာတွေအတွက် ချီးမွမ်းပေးပါ။ သူတို့နဲ့ ရင်းနှီးအောင် လုပ်ပါ။ သူတို့ရဲ့ အသိပညာ၊ သူတို့ရခဲ့တဲ့ လေ့ကျင့်မှု၊ တွေ့ကြုံမှုတွေကနေ သင်ယူပါ။

အသင်းတော်က ကူညီပေးနိုင်တဲ့ နည်းလမ်းများ

ညီအစ်ကိုတစ်ယောက်က အဲဒီမောင်နှံကို စာရွက်စာတမ်း ဖြည့်ရာမှာ ကူညီနေ

လက်တွေ့ကျကျ ကူညီပါ (အပိုဒ် ၁၃ ကိုကြည့်ပါ)

သာသနာပြုလုပ်ခဲ့တဲ့ ညီအစ်မက ဒေသခံညီအစ်မရဲ့ ကျမ်းစာသင်အံမှုမှာ အတူပါဝင်ပေး

အမှုဆောင်မှာ တွဲအမှုဆောင်ဖို့ ဖိတ်ခေါ်ပါ (အပိုဒ် ၁၄ ကိုကြည့်ပါ)

၁၃။ တာဝန်သစ်ရသူတွေကို ကျွန်တော်တို့ ဘယ်လို ကူညီပေးနိုင်သလဲ။

၁၃ တာဝန်သစ် ရသူတွေဟာ နေစရာ၊ သွားလာရေး၊ အလုပ်အကိုင်နဲ့ အခြေခံ လိုအပ်ရာတွေအတွက် အကူအညီ လိုနိုင်တယ်။ အခွန်ပေးတာ၊ အာမခံယူတာ စတဲ့ ကိစ္စတွေအတွက် နောက်ဆုံးအချက်အလက်တွေ လိုနိုင်တယ်။ အရေးကြီးဆုံးက သူတို့ကို သနားဖို့ထက် နားလည်ပေးဖို့ လိုအပ်တယ်။ သူတို့ဟာ ကိုယ်တိုင် ဒါမှမဟုတ် မိသားစုဝင်တွေရဲ့ ကျန်းမာရေးပြဿနာ ကြုံနေရတာ ဖြစ်နိုင်တယ်။ ချစ်ရသူ သေဆုံးလို့ ဝမ်းနည်းနေတာလည်း ဖြစ်နိုင်တယ်။d အရင်အမှုဆောင်ခဲ့တဲ့ နေရာက ညီအစ်ကို/မတွေကို သတိရပြီး ကြိတ်မှိတ် ဝမ်းနည်းနေတာ ဖြစ်နိုင်တယ်။ အဲဒီခံစားချက်တွေ အနည်ထိုင်ဖို့ အချိန်လိုတယ်။

၁၄။ ဒေသခံ ကြေညာသူတွေက ညီအစ်မတစ်ယောက်ကို နယ်မြေသစ်မှာ နေသားကျဖို့ ဘယ်လို ကူညီပေးသလဲ။

၁၄ သင့်ရဲ့ ထောက်မမှုနဲ့ ပုံသက်သေက သူတို့ကို နေသားကျဖို့ ကူညီပေးနိုင်တယ်။ တိုင်းတစ်ပါးမှာ နှစ်ပေါင်းများစွာ အမှုဆောင်ခဲ့တဲ့ ညီအစ်မတစ်ယောက် ဒီလို ပြောတယ်– “အရင်က နေ့တိုင်း ကျမ်းစာသင်အံမှုတွေ သွားတယ်။ နေရာသစ်မှာတော့ ကျမ်းစာဖတ်ပြခွင့်၊ ဗီဒီယိုပြခွင့် ရဖို့တောင် ခက်တယ်။ ဒါပေမဲ့ ဒေသခံ ကြေညာသူတွေက ပြန်လည်ပတ်မှုတွေ၊ သင်အံမှုတွေ ခေါ်သွားကြတယ်။ ဇွဲထက်သန်ပြီး သတ္တိရှိတဲ့ အဲဒီညီအစ်ကို/မတွေမှာ တိုးတက်တဲ့ သင်အံမှုတွေ ရှိနေတာကို မြင်ရတော့ အပြုသဘော ရှိလာတယ်။ နယ်မြေသစ်မှာ ဟောဖို့ ဘယ်လို စကားစရမယ်ဆိုတာ ပိုသိလာတယ်။ ဒါတွေဟာ ကျွန်မကို ပျော်ရွှင်မှု ပြန်ရလာစေတယ်။”

အတတ်နိုင်ဆုံး ဆက်ပါဝင်ပါ

အဲဒီမောင်နှံက သာသနာပြုလုပ်ခဲ့တုန်းက တတ်ထားတဲ့ ဘာသာစကားကို သုံးပြီး အသင်းတော်သစ်ရဲ့ ရပ်ကွက်ဆီ ပြောင်းရွှေ့လာသူတွေကို သတင်းကောင်း ဟောပြောနေ

သင့်ရပ်ကွက်မှာ အမှုဆောင်လုပ်ငန်း တိုးချဲ့ဖို့ နည်းလမ်းရှာပါ (အပိုဒ် ၁၅-၁၆ ကိုကြည့်ပါ)g

၁၅။ တာဝန်သစ်မှာ ဘယ်လို အောင်မြင်နိုင်သလဲ။

၁၅ တာဝန်သစ်မှာ သင် အောင်မြင်နိုင်ပါတယ်။ အပြောင်းအလဲတွေကို ကျရှုံးတာ၊ တစ်ဆင့်ကျသွားတာလို့ မရှုမြင်ပါနဲ့။ ဘဝမှာ ယေဟောဝါရဲ့ လက်တော် ကူညီပေးပုံကို မြင်တတ်အောင် ကြည့်ပါ။ ဆက်ဟောပြောနေပါ။ ပထမရာစု သစ္စာရှိ ခရစ်ယာန်တွေကို တုပပါ။ သူတို့ဟာ ဘယ်နေရာပဲ ရောက်ရောက် “လှည့်လည်ပြီး တရားစကားတော်မှာပါတဲ့ သတင်းကောင်းကို ဟောပြောကြတယ်။” (တ. ၈:၁၊ ၄) ဆက်ဟောပြောဖို့ သင့်ရဲ့ ကြိုးစားအားထုတ်မှုတွေကြောင့် ရလဒ်ကောင်းတွေ ရလာနိုင်တယ်။ ဥပမာ၊ နိုင်ငံတစ်ခုကနေ နှင်ထုတ်ခံရတဲ့ ရှေ့ဆောင်တစ်စုဟာ သူတို့တတ်ထားတဲ့စကားနဲ့ ဟောပြောသူတွေ ပိုလိုအပ်နေတဲ့ အိမ်နီးချင်းနိုင်ငံကို ပြောင်းခဲ့တယ်။ လအနည်းငယ်အတွင်းမှာပဲ အုပ်စုသစ်တွေ ဖွဲ့နိုင်ခဲ့တယ်။

၁၆။ တာဝန်သစ်မှာ ဘယ်လို ဝမ်းမြောက်နိုင်သလဲ။

၁၆ “ယေဟောဝါဘုရား ပေးသနားတဲ့ ဝမ်းမြောက်ခြင်းဟာ ခင်ဗျားတို့အတွက် ရဲတိုက်ပဲ။” (နေ. ၈:၁၀) ကိုယ့်တာဝန်ကို ဘယ်လောက်ပဲ မြတ်နိုးပါစေ တာဝန်ကြောင့် မဟုတ်ဘဲ ယေဟောဝါကြောင့်သာ ဝမ်းမြောက်ပါ။ ယေဟောဝါနဲ့ ဆက်လျှောက်လှမ်းပါ။ ဉာဏ်ပညာ၊ လမ်းညွှန်မှု၊ ထောက်မမှု ရဖို့ ဘုရားကို မျှော်ကိုးပါ။ အရင်တာဝန်ကို မြတ်နိုးတာဟာ လူတွေကို ကူညီဖို့ စိတ်နှစ်ထားလို့ဖြစ်ကြောင်း သတိရပါ။ ဒါကြောင့် လက်ရှိတာဝန်မှာလည်း စိတ်နှစ်ထားပါ။ ဒီတာဝန်ကို မြတ်နိုးလာအောင် ယေဟောဝါ ဘယ်လို ကူညီပေးမယ်ဆိုတာ စောင့်ကြည့်ပါ။—ဒေ. ၇:၁၀။

၁၇။ လက်ရှိတာဝန်နဲ့ပတ်သက်ပြီး ဘာကို သတိရသင့်သလဲ။

၁၇ ယေဟောဝါအတွက် ကျွန်တော်တို့ ထာဝရ အမှုဆောင်သွားရမှာ ဖြစ်တယ်။ လက်ရှိတာဝန်ဟာ ယာယီပဲ။ ကမ္ဘာသစ်မှာ ကျွန်တော်တို့အားလုံး တာဝန်အပြောင်းအလဲတွေ ရှိနိုင်တယ်။ အစပိုင်းမှာ ဖော်ပြခဲ့တဲ့ အဲလက်စီက လက်ရှိတာဝန်ဟာ ကမ္ဘာသစ်အတွက် သူ့ကို ပြင်ဆင်ပေးနေတာလို့ ယူဆတယ်။ “ယေဟောဝါနဲ့ ကမ္ဘာသစ်ကို တကယ် ယုံပေမဲ့ ကျွန်တော်နဲ့ နည်းနည်း အလှမ်းဝေးနေသလိုပဲ။ ဒါပေမဲ့ အခုတော့ ယေဟောဝါကို မျက်စိရှေ့မှာ မြင်နေရပြီး ကမ္ဘာသစ်က လက်တစ်ကမ်းမှာ ရှိနေပြီ” လို့ ပြောတယ်။ (တ. ၂:၂၅) ဘာတာဝန်ပဲရရ ယေဟောဝါနဲ့ ဆက်လျှောက်လှမ်းကြပါစို့။ ဘုရားသခင်က ကျွန်တော်တို့ကို ဘယ်တော့မှ စွန့်မှာ မဟုတ်ဘူး။ ဘယ်နေရာမှာဖြစ်စေ၊ အမှုတော်မှာ ဘယ်လောက်ပဲ လုပ်နိုင်ပါစေ ဆက်ပျော်ရွှင်နိုင်ဖို့ ဘုရား ကူညီပေးပါလိမ့်မယ်။—ဟေရှာ. ၄၁:၁၃။

သင် ဘယ်လို ဖြေမလဲ

  • တာဝန်အပြောင်းအလဲနဲ့အညီ အလိုက်သင့် နေထိုင်ဖို့ ဘာက ကူညီပေးနိုင်သလဲ။

  • တာဝန်သစ်ရသူတွေကို ကျွန်တော်တို့ ဘယ်လို ကူညီပေးနိုင်မလဲ။

  • ယေဟောဝါရဲ့ အမှုတော်မှာ ဘယ်လို အတတ်နိုင်ဆုံး ဆက်ပါဝင်နိုင်မလဲ။

သီချင်း ၉၀ အချင်းချင်း အားပေးကြ

a အချိန်ပြည့်လုပ်ငန်းမှာ ပါဝင်နေတဲ့ ညီအစ်ကို/မတွေဟာ တာဝန်ရပ်နားတာ၊ တာဝန်သစ် ရတာမျိုး ရှိနိုင်တယ်။ သူတို့ ကြုံရတဲ့ အခက်အခဲတွေအကြောင်း၊ အခြေအနေသစ်မှာ အောင်မြင်ဖို့ ဘာက ကူညီပေးနိုင်ကြောင်း ဒီဆောင်းပါးမှာ ဆွေးနွေးထားတယ်။ သူတို့ကို ဘယ်လို အားပေးထောက်မနိုင်ကြောင်း၊ အပြောင်းအလဲတွေကို ရင်ဆိုင် ဖြေရှင်းနိုင်အောင် ကျွန်တော်တို့အားလုံးကို ကူညီပေးတဲ့ ကျမ်းစာမူတွေအကြောင်းလည်း ဆွေးနွေးပါမယ်။

b အသက်အရွယ် ကြီးရင့်လာတဲ့ တာဝန်ရှိ ညီအစ်ကိုများစွာဟာ လူငယ်ညီအစ်ကိုတွေဆီ တာဝန်လွှဲပြောင်းပေးရတယ်။ ၂၀၁၈၊ စက်တင်ဘာလထုတ် ကင်းမျှော်စင် “အသက်ကြီးခရစ်ယာန်တွေရဲ့ သစ္စာစောင့်သိမှုကို ယေဟောဝါ တန်ဖိုးထား” ဆောင်းပါးနဲ့ ၂၀၁၈၊ အောက်တိုဘာလထုတ် ကင်းမျှော်စင် “အပြောင်းအလဲတွေကြား စိတ်ငြိမ်သက်မှု ဆက်ထိန်းပါ” ဆောင်းပါးကို ကြည့်ပါ။

c သူတို့ အရင်အမှုဆောင်ခဲ့တဲ့ အသင်းတော်က အကြီးအကဲတွေဟာ မိတ်ဆက်စာ အမြန်ဆုံး ရေးပို့သင့်တယ်။ ဒါမှ ရှေ့ဆောင်၊ အကြီးအကဲ၊ အမှုထမ်းတွေအဖြစ် ဆက်အမှုဆောင်ဖို့ ကြန့်ကြာနေမှာ မဟုတ်ဘူး။

d ၂၀၁၈၊ အမှတ် ၃ နိုးလော့! မှာပါတဲ့ “ဝမ်းနည်းပူဆွေးသူများအတွက် အကူအညီ” ဆောင်းပါးတွဲကို ကြည့်ပါ။

e ပုံအညွှန်း– တိုင်းတစ်ပါး သာသနာပြုတာဝန်ကို စွန့်လိုက်ရတဲ့ မောင်နှံဟာ အသင်းတော်ကို မျက်ရည်တွေနဲ့ နှုတ်ဆက်နေ။

f ပုံအညွှန်း– အဲဒီမောင်နှံဟာ ကိုယ့်နိုင်ငံမှာ အခက်အခဲတွေကို ရင်ဆိုင်နိုင်ဖို့ ယေဟောဝါဆီ ထက်သန်စွာ ဆုတောင်းနေ။

g ပုံအညွှန်း– ယေဟောဝါရဲ့ အကူအညီနဲ့ အချိန်ပြည့်လုပ်ငန်းမှာ ပြန်ပါဝင်နေ။ သာသနာပြုလုပ်တုန်းက သင်ယူခဲ့တဲ့ ဘာသာစကားကိုသုံးပြီး ကိုယ့်အသင်းတော်နယ်မြေထဲ ပြောင်းရွှေ့လာသူတွေကို သတင်းကောင်း ဝေမျှနေ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ