လေ့လာရန် ဆောင်းပါး ၃၉
“လူအုပ်ကြီးတစ်အုပ်”
“ကျွန်တော် ကြည့်လိုက်တဲ့အခါ မရေတွက်နိုင်အောင်များတဲ့ လူအုပ်ကြီးတစ်အုပ်ကို မြင်တယ်။ . . . ရာဇပလ္လင်နဲ့ သိုးသငယ်ရှေ့မှာ ရပ်နေကြတယ်။”—ဗျာ. ၇:၉။
သီချင်း ၆၀ အသက်ရေး
အကြိုသုံးသပ်ချက်a
၁။ အေဒီ ပထမရာစုအကုန်မှာ တမန်တော် ယောဟန် ဘယ်အခြေအနေတွေ ကြုံနေရသလဲ။
အေဒီ ပထမရာစုအကုန်မှာ တမန်တော် ယောဟန်ဟာ အလွန်ခက်ခဲတဲ့ အခြေအနေကို ကြုံနေရတယ်။ အိုမင်းပြီး ပတ်မုကျွန်းမှာ အကျဉ်းကျနေတယ်။ တမန်တော်တွေထဲမှာ သူတစ်ယောက်တည်း အသက်ရှင်ကျန်ရစ်နေပုံရတယ်။ (ဗျာ. ၁:၉) ဆန့်ကျင်သူတွေက အသင်းတော်ကို လမ်းလွဲစေပြီး စိတ်ဝမ်းကွဲအောင် လုပ်နေတယ်ဆိုတာ ယောဟန် သိတယ်။ ခရစ်ယာန်စစ်တွေ မကြာခင် ပျောက်ကွယ်သွားတော့မယ့်ပုံပဲ။—ယု. ၄။ ဗျာ. ၂:၁၅၊ ၂၀။ ၃:၁၊ ၁၇။
ဝတ်လုံဖြူ ဝတ်ထားပြီး စွန်ပလွံခက်တွေ ကိုင်ထားတဲ့ “လူအုပ်ကြီး” ကို တမန်တော် ယောဟန် မြင်တွေ့ (အပိုဒ် ၂ ကိုကြည့်ပါ)
၂။ ဗျာဒိတ် ၇:၉-၁၄ အရ စိတ်လှုပ်ရှားစရာ ဘယ်စိတ်အာရုံကို ယောဟန် မြင်သလဲ။ (မျက်နှာဖုံးပုံကို ကြည့်ပါ။)
၂ ဒီလိုခက်ခဲတဲ့ အခြေအနေမှာ စိတ်လှုပ်ရှားစရာ စိတ်အာရုံကို ယောဟန် မြင်ခဲ့တယ်။ စိတ်အာရုံမှာ ဘုရားသခင်ရဲ့ ကျွန်တွေကို တံဆိပ်ခတ်လို့ မပြီးမချင်း ဖျက်ဆီးခြင်းလေကို ဆုပ်ကိုင်ထားဖို့ ကောင်းကင်တမန်တွေ ညွှန်ကြားခံရတယ်။ (ဗျာ. ၇:၁-၃) အဲဒီကျွန်တွေဟာ ကောင်းကင်မှာ ယေရှုနဲ့အတူ အုပ်ချုပ်မယ့် ၁၄၄,၀၀၀ ဖြစ်တယ်။ (လု. ၁၂:၃၂။ ဗျာ. ၇:၄) နောက်အုပ်စုကြီးတစ်ခုအကြောင်း ယောဟန် ဆက်ပြောတယ်– ‘ကျွန်တော် ကြည့်လိုက်တဲ့အခါ မရေတွက်နိုင်အောင်များတဲ့ လူအုပ်ကြီးတစ်အုပ်ကို မြင်တယ်။ သူတို့ဟာ လူမျိုးတွေ၊ မျိုးနွယ်တွေ၊ လူစုတွေ၊ ဘာသာစကားအမျိုးမျိုး ပြောဆိုသူတွေထဲက ထွက်လာသူတွေပဲ။ ရာဇပလ္လင်နဲ့ သိုးသငယ်ရှေ့မှာ ရပ်နေတယ်။’ (ဗျာဒိတ် ၇:၉-၁၄ ကိုဖတ်ပါ။) အနာဂတ် စစ်မှန်တဲ့ ဝတ်ပြုရေးမှာ ပါဝင်မယ့်သူ သန်းပေါင်းများစွာရှိကြောင်း သိရလို့ ယောဟန် အလွန်ပျော်ရွှင်မှာပဲ။
၃။ (က) ယောဟန်ရဲ့ စိတ်အာရုံက ကျွန်တော်တို့ရဲ့ ယုံကြည်ခြင်းကို ဘာကြောင့် ခိုင်ခံ့စေသင့်သလဲ။ (ခ) ဒီဆောင်းပါးမှာ ဘာအကြောင်း ဆွေးနွေးကြမလဲ။
၃ အဲဒီစိတ်အာရုံကြောင့် ယောဟန်ရဲ့ ယုံကြည်ခြင်း ပိုခိုင်ခံ့လာမှာ သေချာတယ်။ ကျွန်တော်တို့ဟာ စိတ်အာရုံ ပြည့်စုံချိန်မှာ အသက်ရှင်နေတဲ့အတွက် ယုံကြည်ခြင်း ပိုလို့တောင် ခိုင်ခံ့သင့်တယ်။ ကြီးစွာသော ဒုက္ခကနေ လွတ်မြောက်ပြီး ကမ္ဘာမြေပေါ် ထာဝစဉ် အသက်ရှင်မယ့် လူသန်းပေါင်းများစွာ စုသိမ်းခံနေရတာကို ကျွန်တော်တို့ မြင်နေရတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း ရှစ်ဆယ်ကျော်ကစပြီး လူအုပ်ကြီး ဘယ်သူဘယ်ဝါဖြစ်ကြောင်း ယေဟောဝါ အဆင့်ဆင့် ဖော်ပြခဲ့ပုံကို ဒီဆောင်းပါးမှာ တွေ့ရပါမယ်။ လူအုပ်ကြီးရဲ့ ကဏ္ဍနှစ်ခုကိုလည်း ဆွေးနွေးပါမယ်– (၁) အရွယ်အစား ကြီးမားမှု၊ (၂) လူမျိုးနောက်ခံ မျိုးစုံဖြစ်မှုတို့ ဖြစ်တယ်။ အဲဒီအချက်တွေက လူအုပ်ကြီးမှာ ပါဝင်သူအားလုံးရဲ့ ယုံကြည်ခြင်းကို ခိုင်ခံ့စေပါလိမ့်မယ်။
လူအုပ်ကြီး ဘယ်မှာ နေမလဲ
၄။ ဘယ်ကျမ်းစာ အမှန်တရားကို အမည်ခံခရစ်ယာန်တွေ နားမလည်ခဲ့ကြသလဲ။ ကျမ်းစာကျောင်းသားတွေဟာ သူတို့နဲ့ ဘယ်လို ကွာခြားသလဲ။
၄ နာခံမှုရှိတဲ့ လူအားလုံး တစ်နေ့ကျရင် ကမ္ဘာပေါ်မှာ ထာဝစဉ် နေထိုင်ကြမယ်ဆိုတဲ့ ကျမ်းစာ အမှန်တရားကို အမည်ခံခရစ်ယာန်တွေ မသွန်သင်ပေးဘူး။ (၂ ကော. ၄:၃၊ ၄) ဒီနေ့ခေတ် အမည်ခံခရစ်ယာန် အများစုဟာ လူကောင်းအားလုံး သေပြီးနောက် ကောင်းကင်တက်မယ်လို့ သွန်သင်ပေးတယ်။ ၁၈၇၉ ခုနှစ်မှာ ကင်းမျှော်စင် ကို စတင်ထုတ်ဝေတဲ့ ကျမ်းစာကျောင်းသား အုပ်စုလေးကတော့ သူတို့နဲ့ မတူဘူး။ ဘုရားသခင်က ကမ္ဘာပေါ်မှာ ပရဒိသု ပြန်လည်တည်ထောင်မယ်၊ နာခံမှုရှိတဲ့ လူသန်းပေါင်းများစွာဟာ ကောင်းကင်မှာ မဟုတ်ဘဲ ကမ္ဘာပေါ်မှာ နေထိုင်ကြမယ်ဆိုတာ သူတို့ နားလည်တယ်။ ဒါပေမဲ့ အဲဒီနာခံမှုရှိသူတွေ ဘယ်သူတွေဖြစ်မယ်ဆိုတာ သိဖို့ အချိန်ယူခဲ့ရတယ်။—မ. ၆:၁၀။
၅။ ၁၄၄,၀၀၀ နဲ့ပတ်သက်ပြီး ကျမ်းစာကျောင်းသားတွေ ဘာကို နားလည်ကြသလဲ။
၅ ကျမ်းစာအရ လူတချို့ကို ကောင်းကင်မှာ ယေရှုနဲ့အတူ အုပ်စိုးဖို့ ‘ကမ္ဘာမြေပေါ်ကနေ ဝယ်ယူ’ မှာ ဖြစ်ကြောင်း ကျမ်းစာကျောင်းသားတွေ နားလည်ကြတယ်။ (ဗျာ. ၁၄:၃) အဲဒီအုပ်စုကို ကမ္ဘာပေါ်ရှိစဉ် ဘုရားသခင်ကို သစ္စာရှိရှိ ဝတ်ပြုတဲ့သူ၊ ထက်သန်ပြီး ဆက်ကပ်အပ်နှံထားတဲ့သူ ၁၄၄,၀၀၀ နဲ့ ဖွဲ့စည်းမယ်။ ဒါဆိုရင် လူအုပ်ကြီးကော။
၆။ လူအုပ်ကြီးနဲ့ပတ်သက်ပြီး ကျမ်းစာကျောင်းသားတွေ ဘယ်လို ယူဆခဲ့ကြသလဲ။
၆ လူအုပ်ကြီးဟာ “ရာဇပလ္လင်နဲ့ သိုးသငယ်ရှေ့မှာ ရပ်နေ” တာကို စိတ်အာရုံမှာ ယောဟန် မြင်တယ်။ (ဗျာ. ၇:၉) ဒါကြောင့် လူအုပ်ကြီးလည်း ၁၄၄,၀၀၀ လိုပဲ ကောင်းကင်မှာ နေမယ်လို့ ကျမ်းစာကျောင်းသားတွေ ယူဆခဲ့ကြတယ်။ ၁၄၄,၀၀၀ ကော လူအုပ်ကြီးပါ ကောင်းကင်မှာ နေမယ်ဆိုရင် ဒီအုပ်စုနှစ်စု ဘာကွာခြားချက် ရှိမလဲ။ လူအုပ်ကြီးဟာ ကမ္ဘာပေါ်ရှိတုန်း ဘုရားသခင်ကို အပြည့်အဝ မနာခံတဲ့ ခရစ်ယာန်တွေ ဖြစ်မယ်လို့ ကျမ်းစာကျောင်းသားတွေ ယူဆခဲ့ကြတယ်။ တချို့က ကျမ်းစာစံနှုန်းတွေကို လိုက်နာပေမဲ့ ချာ့ခ်ျအသင်းဝင်တွေ ဖြစ်နေဆဲပဲ။ လူအုပ်ကြီးဟာ ယေရှုနဲ့အတူ အုပ်စိုးနိုင်လောက်တဲ့အထိ ထက်သန်မှု မရှိတဲ့အပြင် ဘုရားကိုချစ်တဲ့ မေတ္တာ သိပ်မရှိတဲ့အတွက် ကောင်းကင်မှာ ရာဇပလ္လင်ပေါ် မထိုင်ဘဲ ရာဇပလ္လင်ရှေ့မှာ အမှုဆောင်ဖို့လောက်ပဲ အရည်အချင်း ပြည့်မီမယ်လို့ ယူဆခဲ့ကြတယ်။
၇။ အနှစ်တစ်ထောင်အတွင်း ကမ္ဘာပေါ်မှာ ဘယ်သူတွေ နေထိုင်မယ်လို့ ကျမ်းစာကျောင်းသားတွေ ထင်မှတ်ခဲ့သလဲ။ ရှေးခေတ် သစ္စာရှိသူတွေနဲ့ပတ်သက်ပြီး သူတို့ ဘယ်လို ယုံကြည်ခဲ့ကြသလဲ။
၇ ဒါဆိုရင် ကမ္ဘာမြေပေါ် ဘယ်သူတွေ နေထိုင်ကြမလဲ။ ၁၄၄,၀၀၀ နဲ့ လူအုပ်ကြီးကို ကောင်းကင်မှာ စုသိမ်းပြီးနောက် ကျန်တဲ့လူသန်းပေါင်းများစွာဟာ ခရစ်တော်ရဲ့ အနှစ်တစ်ထောင် အုပ်ချုပ်မှုအောက် ကောင်းချီးတွေ ခံစားနိုင်ဖို့ ကမ္ဘာမြေပေါ် ဆက်အသက်ရှင်ခွင့်ရမယ်လို့ ကျမ်းစာကျောင်းသားတွေ ယုံကြည်ခဲ့ကြတယ်။ အဲဒီလူတွေဟာ ခရစ်တော်ရဲ့ အုပ်ချုပ်မှု မစခင်က ယေဟောဝါကို ဝတ်ပြုသူတွေ မဟုတ်ဘဲ အနှစ်တစ်ထောင် အုပ်ချုပ်ချိန်ရောက်မှ ယေဟောဝါအကြောင်း သင်ယူကြမယ်လို့ ကျမ်းစာကျောင်းသားတွေ ယူဆခဲ့တယ်။ အဲဒီနောက် ယေဟောဝါရဲ့ စံနှုန်းနဲ့အညီ နေထိုင်သူတွေဟာ ကမ္ဘာပေါ်မှာ ထာဝရအသက် ရပြီး ပုန်ကန်သူတွေကတော့ ဖျက်ဆီးခံရမယ်။ အနှစ်တစ်ထောင်အတွင်း ကမ္ဘာပေါ်မှာ “မင်းညီမင်းသားတွေအဖြစ်” အမှုဆောင်သူတချို့ဟာ အနှစ်တစ်ထောင်အကုန်မှာ ကောင်းကင်အသက်တာ ဆုကျေးဇူးကို တစ်နည်းနည်းနဲ့ ရရှိမှာဖြစ်ကြောင်း၊ သူတို့ထဲမှာ ထမြောက်လာမယ့် “ရှေးခေတ် တုပထိုက်သူတွေ၊” တစ်နည်းအားဖြင့် ခရစ်တော်မတိုင်ခင် သေဆုံးခဲ့တဲ့ သစ္စာရှိသူတွေလည်း ပါဝင်မှာဖြစ်ကြောင်း ထင်မှတ်ခဲ့တယ်။—ဆာ. ၄၅:၁၆။
၈။ ဘုရားရည်ရွယ်ချက်မှာ ဘယ်အုပ်စုသုံးစု ပါတယ်လို့ ယူဆခဲ့ကြသလဲ။
၈ ဒါကြောင့် အုပ်စု သုံးစု ရှိတယ်လို့ ကျမ်းစာကျောင်းသားတွေ ယူဆခဲ့တယ်– (၁) ကောင်းကင်မှာ ယေရှုနဲ့အတူ အုပ်စိုးမယ့် ၁၄၄,၀၀၀၊ (၂) ကောင်းကင်မှာ ရာဇပလ္လင်နဲ့ သိုးသငယ်ရှေ့ ရပ်နေမယ့်၊ ထက်သန်မှု သိပ်မရှိတဲ့ လူအုပ်ကြီး၊ (၃) ခရစ်တော်ရဲ့ အနှစ်တစ်ထောင် အုပ်စိုးချိန်အတွင်း ကမ္ဘာပေါ်မှာ ယေဟောဝါအကြောင်း သင်ယူမယ့် လူသန်းပေါင်းများစွာတို့ ဖြစ်တယ်။b ဒါပေမဲ့ ယေဟောဝါ သတ်မှတ်ထားချိန်မှာ အဲဒီကိစ္စနဲ့ပတ်သက်တဲ့ အမှန်တရားအလင်း လင်းသည်ထက် လင်းလာတယ်။—ပညာ. ၄:၁၈။
အမှန်တရားအလင်း ပိုထွန်းလင်းလာ
၁၉၃၅ ခုနှစ် အစည်းအဝေးကြီးမှာ မြေကြီးမျှော်လင့်ချက် ရှိသူများစွာ နှစ်ခြင်းခံကြ (အပိုဒ် ၉ ကိုကြည့်ပါ)
၉။ (က) လူအုပ်ကြီးဟာ ကမ္ဘာပေါ်မှာပဲ “ရာဇပလ္လင်နဲ့ သိုးသငယ်ရှေ့” ဘယ်နည်းနဲ့ ရပ်နေနိုင်သလဲ။ (ခ) ဗျာဒိတ် ၇:၉ နဲ့ပတ်သက်တဲ့ အဲဒီနားလည်မှုက ဘာကြောင့် ယုတ္တိရှိသလဲ။
၉ ယောဟန်ရဲ့ စိတ်အာရုံမှာပါတဲ့ လူအုပ်ကြီး ဘယ်သူဘယ်ဝါဖြစ်မှန်း ၁၉၃၅ မှာ ပိုရှင်းလင်းလာတယ်။ လူအုပ်ကြီးဟာ “ရာဇပလ္လင်နဲ့ သိုးသငယ်ရှေ့” မှာ ရပ်နိုင်ဖို့ ကောင်းကင်ကို ပကတိသွားစရာ မလိုကြောင်း၊ ပုံဆောင်သဘောသာ ဖြစ်ကြောင်း ယေဟောဝါသက်သေတွေ နားလည်လာတယ်။ လူအုပ်ကြီးဟာ ယေဟောဝါရဲ့ အခွင့်အာဏာကို အသိအမှတ်ပြုခြင်း၊ အချုပ်အခြာအာဏာကို လက်အောက်ခံခြင်းအားဖြင့် ကမ္ဘာပေါ်ရှိနေရင်း ‘ရာဇပလ္လင်ရှေ့မှာ ရပ်နေ’ နိုင်တယ်။ (ဟေရှာ. ၆၆:၁) ယေရှုရဲ့ ရွေးဖိုး ပူဇော်သက္ကာကို ယုံကြည်ကြောင်း တင်ပြခြင်းအားဖြင့်လည်း “သိုးသငယ်ရှေ့မှာ ရပ်နေ” နိုင်တယ်။ ဗျာဒိတ် ၇:၉ မှာ ပါတဲ့အချက်ဟာ ပုံဆောင်ချက်ဖြစ်ကြောင်း နားလည်ဖို့ မဿဲ ၂၅:၃၁၊ ၃၂ ကလည်း ကူညီပေးတယ်။ အဲဒီမှာ လူဆိုးတွေ အပါအဝင် “လူမျိုးအားလုံး” ဟာ ယေရှုရဲ့ ဘုန်းကြီးတဲ့ ရာဇပလ္လင်ရှေ့မှာ “စုဝေး” မယ်လို့ ပြောထားတယ်။ အဲဒီလူမျိုးအားလုံးဟာ ကောင်းကင်မှာ မဟုတ်ဘဲ မြေကြီးပေါ်မှာ ရှိနေတာ ထင်ရှားတယ်။ လူအုပ်ကြီးနဲ့ပတ်သက်တဲ့ ဒီနားလည်မှုအသစ်က ယုတ္တိရှိတယ်။ ဒီနားလည်မှုက လူအုပ်ကြီး ကောင်းကင်တက်မယ်လို့ ကျမ်းစာမှာ ဘာကြောင့် မပြောထားကြောင်း နားလည်စေတယ်။ ကောင်းကင်မှာ ထာဝရအသက် ရမယ်လို့ အုပ်စု တစ်စုကိုပဲ ကတိပေးထားတယ်။ အဲဒါကတော့ ယေရှုနဲ့အတူ “ဘုရင်အဖြစ် ကမ္ဘာမြေကို အုပ်စိုး” မယ့် ၁၄၄,၀၀၀ ပါပဲ။—ဗျာ. ၅:၁၀။
၁၀။ လူအုပ်ကြီးဟာ အနှစ်တစ်ထောင် မတိုင်ခင် ယေဟောဝါအကြောင်း သင်ယူလေ့လာဖို့ ဘာကြောင့် လိုမလဲ။
၁၀ ယောဟန်ရဲ့ စိတ်အာရုံမှာပါတဲ့ လူအုပ်ကြီးဟာ ကမ္ဘာပေါ် ထာဝစဉ် အသက်ရှင်ဖို့ မျှော်လင့်ချက်ရှိတဲ့ သစ္စာရှိ ခရစ်ယာန်တွေဖြစ်ကြောင်း ၁၉၃၅ ကစပြီး ယေဟောဝါသက်သေတွေ နားလည်ခဲ့ကြတယ်။ ကြီးစွာသောဒုက္ခကို လွတ်မြောက်ဖို့ လူအုပ်ကြီးဟာ အနှစ်တစ်ထောင် မတိုင်ခင်ကတည်းက ယေဟောဝါအကြောင်း သင်ယူလေ့လာရမယ်။ ခရစ်တော်ရဲ့ အနှစ်တစ်ထောင် အုပ်ချုပ်ချိန်မတိုင်မီ ‘ဖြစ်ပျက်မယ့် အရာတွေကနေ လွတ်မြောက်’ နိုင်ဖို့ ခိုင်မာတဲ့ ယုံကြည်ခြင်း ရှိကြောင်း တင်ပြနေရမယ်။—လု. ၂၁:၃၄-၃၆။
၁၁။ အနှစ်တစ်ထောင် ကုန်ပြီးနောက် တချို့ ကောင်းကင် တက်မယ်လို့ ကျမ်းစာကျောင်းသားတချို့ ယူဆခဲ့တာ ဘာကြောင့် ဖြစ်မလဲ။
၁၁ မြေကြီးပေါ်က ပုံသက်သေကောင်းသူတချို့ အနှစ်တစ်ထောင် ကုန်ပြီးနောက် ကောင်းကင် တက်မယ်ဆိုတဲ့ ယူဆချက်ကော။ အဲဒီယူဆချက် ဖြစ်နိုင်တယ်ဆိုပြီး ၁၉၁၃၊ ဖေဖော်ဝါရီ ၁၅ ရက်ထုတ် ကင်းမျှော်စင် မှာ ဖော်ပြခဲ့တယ်။ ‘ရှေးခေတ် သစ္စာရှိသူတချို့က မြေကြီးအသက်တာပဲ ရပြီး သစ္စာသိပ်မရှိတဲ့ ခရစ်ယာန်တွေကျတော့ ကောင်းကင်အသက်တာ ရကြမှာ ဘာကြောင့်လဲ’ လို့ တွေးမိနိုင်တယ်။ တကယ်တော့ အဲဒီယူဆချက်ဟာ (၁) လူအုပ်ကြီး ကောင်းကင် တက်မယ်၊ (၂) လူအုပ်ကြီးဟာ ထက်သန်မှု သိပ်မရှိတဲ့ ခရစ်ယာန်တွေ ဖြစ်တယ်ဆိုတဲ့ မမှန်ကန်တဲ့ ထင်မြင်ချက် နှစ်ခုအပေါ် အခြေခံလို့ပဲ။
၁၂-၁၃။ မိမိတို့ရဲ့ ဆုကျေးဇူးနဲ့ပတ်သက်ပြီး ဘိသိက်ခံရော လူအုပ်ကြီးပါ ဘာကို အသိအမှတ်ပြုကြသလဲ။
၁၂ ဒါပေမဲ့ ကျွန်တော်တို့ လေ့လာခဲ့တဲ့အတိုင်း ယောဟန် စိတ်အာရုံမှာပါတဲ့ လူအုပ်ကြီးဟာ အာမဂေဒုန်ကနေ လွတ်မြောက်မယ့်သူတွေ ဖြစ်ကြောင်း ၁၉၃၅ ကတည်းက ယေဟောဝါသက်သေတွေ ရှင်းလင်းစွာ နားလည်ခဲ့တယ်။ သူတို့ဟာ မြေကြီးပေါ်မှာပဲ “ကြီးစွာသောဒုက္ခကနေ လွတ်မြောက်” ကြမယ်။ “‘ရာဇပလ္လင်ပေါ်မှာ ထိုင်နေတဲ့ ဘုရားသခင်နဲ့ သိုးသငယ်ရဲ့ ကျေးဇူးတော်ကြောင့် ငါတို့ ကယ်တင်ခြင်းရတာ’ ဆိုပြီး တစ်ခဲနက် ကြွေးကြော်” ကြမယ်။ (ဗျာ. ၇:၁၀၊ ၁၄) ကောင်းကင်ကို ထမြောက်သူတွေဟာ ရှေးခေတ် သစ္စာရှိသူတွေထက် “ပိုကောင်းတဲ့အရာ” ကို ရမယ်လို့ ကျမ်းစာ သွန်သင်တယ်။ (ဟီ. ၁၁:၄၀) ဒါကြောင့် မြေကြီးပေါ် ထာဝစဉ် အသက်ရှင်မယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ ယေဟောဝါကို ဝတ်ပြုဖို့ လူတွေကို ညီအစ်ကိုတွေ ထက်သန်စွာ စတင် ဖိတ်ခေါ်ကြတယ်။
၁၃ လူအုပ်ကြီးဟာ မိမိတို့ရထားတဲ့ မျှော်လင့်ချက်ကြောင့် ပျော်ရွှင်ကြတယ်။ ကောင်းကင်မှာဖြစ်စေ၊ မြေကြီးမှာဖြစ်စေ သစ္စာရှိသူတွေ ဘယ်မှာ အမှုဆောင်ရမယ်ဆိုတာ ယေဟောဝါ သတ်မှတ်ပေးကြောင်း သူတို့ နားလည်ကြတယ်။ ယေရှုခရစ်ရဲ့ ရွေးဖိုး ပူဇော်သက္ကာကတစ်ဆင့် ယေဟောဝါ ပြတဲ့ မဟာကရုဏာကြောင့်သာ ဆုကျေးဇူး ရရှိတာဖြစ်ကြောင်း ဘိသိက်ခံရော လူအုပ်ကြီးပါ အသိအမှတ်ပြုကြတယ်။—ရော. ၃:၂၄။
ကြီးမားတဲ့ အရွယ်အစား
၁၄။ ၁၉၃၅ နောက်ပိုင်း လူအုပ်ကြီးနဲ့ပတ်သက်တဲ့ ကြိုဟောချက် ဘယ်လို ပြည့်စုံလာမလဲလို့ လူများစွာ ဘာကြောင့် စဉ်းစားခဲ့ကြသလဲ။
၁၄ ၁၉၃၅ မှာ ယေဟောဝါသက်သေတွေရဲ့ နားလည်မှု ရှင်းလင်းလာပြီးနောက် မြေကြီးမျှော်လင့်ချက် ရှိသူတွေ ဘယ်နည်းနဲ့ အရွယ်အစား ကြီးမားတဲ့ လူအုပ်ကြီး ဖြစ်လာမလဲလို့ လူများစွာ စဉ်းစားမိကြတယ်။ ဥပမာ၊ လူအုပ်ကြီး ဘယ်သူဘယ်ဝါဖြစ်ကြောင်း ရှင်းရှင်းလင်းလင်း သိလာချိန်မှာ ရော်နယ် ပါကင်ဟာ အသက် ၁၂ နှစ် ရှိပြီ။ “အဲဒီတုန်းက ကမ္ဘာတစ်ဝန်းမှာ ကြေညာသူ ၅၆,၀၀၀ လောက်ပဲ ရှိတယ်။ အများစုက ဘိသိက်ခံတွေ။ ဒါကြောင့် လူအုပ်ကြီးက သိပ်မကြီးပုံပေါက်နေတယ်” လို့ သူပြောတယ်။
၁၅။ လူအုပ်ကြီးကို စုသိမ်းတဲ့လုပ်ငန်း ဘယ်လို ဆက်တိုးတက်နေသလဲ။
၁၅ နောက်ပိုင်း ဆယ်စုနှစ်တွေမှာ နိုင်ငံများစွာကို သာသနာပြုတွေ စေလွှတ်ခဲ့တဲ့အတွက် ယေဟောဝါသက်သေ အရေအတွက် တိုးများလာတယ်။ ၁၉၆၈ ရောက်တော့ ကျမ်းစာသင်အံမှုမှာ ထာဝရအသက်သို့ ပို့ဆောင်သော သမ္မာတရား စာအုပ်ကို စသုံးလာတယ်။ ကျမ်းစာ အမှန်တရားကို ရိုးရိုးလေး ရှင်းပြထားတဲ့အတွက် စိတ်နှိမ့်ချသူတွေ ပိုစိတ်ဝင်စားလာတယ်။ လေးနှစ်အတွင်း တပည့်သစ် ငါးသိန်းကျော် နှစ်ခြင်းခံခဲ့တယ်။ လက်တင်အမေရိကနဲ့ တခြားနိုင်ငံတွေမှာ ကက်သလစ်ချာ့ခ်ျရဲ့ သြဇာအာဏာ လျော့နည်းလာတဲ့အပြင် အရှေ့ ဥရောပနဲ့ အာဖရိက ဒေသတချို့မှာ ကျွန်တော်တို့ရဲ့ လုပ်ငန်းအပေါ် ပိတ်ပင်မှုကို ရုပ်သိမ်းလိုက်တဲ့အတွက် နောက်ထပ် လူသန်းနဲ့ချီ နှစ်ခြင်းခံလာတယ်။ (ဟေရှာ. ၆၀:၂၂) မကြာသေးမီနှစ်တွေက ယေဟောဝါရဲ့ အဖွဲ့အစည်းဟာ ကျမ်းစာ သွန်သင်ပေးရာမှာ ထိရောက်တဲ့ တခြားကိရိယာများစွာကိုလည်း ပြင်ဆင်ပေးတယ်။ အခု လူအရေအတွက် ရှစ်သန်းကျော်ကို စုသိမ်းထားပြီဖြစ်လို့ တကယ့် လူအုပ်ကြီးပါပဲ။
လူမျိုးနောက်ခံ အမျိုးမျိုးရှိတဲ့ လူအုပ်ကြီး
၁၆။ လူအုပ်ကြီးကို ဘယ်ကနေ စုသိမ်းမှာလဲ။
၁၆ လူအုပ်ကြီးဟာ “လူမျိုးတွေ၊ မျိုးနွယ်တွေ၊ လူစုတွေ၊ ဘာသာစကားအမျိုးမျိုး ပြောဆိုသူတွေထဲက” ထွက်လာမယ်လို့ စိတ်အာရုံမှာ ယောဟန် မြင်ခဲ့တယ်။ ပရောဖက် ဇာခရိလည်း အလားတူ ကြိုဟောထားတယ်– “အဲဒီအချိန်ရောက်တဲ့အခါ ဘာသာစကား အမျိုးမျိုးပြောတဲ့ လူမျိုးတွေထဲက လူဆယ်ယောက်ဟာ ဂျူးလူမျိုးတစ်ယောက်ရဲ့ ဝတ်ရုံကို မြဲမြဲကိုင်ပြီး ‘ခင်ဗျားတို့နဲ့အတူ ဘုရားသခင်ရှိတယ်လို့ ကြားတဲ့အတွက် ကျွန်တော်တို့လည်း လိုက်ချင်ပါတယ်’ လို့ပြောကြလိမ့်မယ်။”—ဇာ. ၈:၂၃။
၁၇။ ဘာသာစကား အမျိုးမျိုးပြောတဲ့ လူမျိုးတွေထဲက လူတွေကို ကူညီဖို့ ဘာတွေ လုပ်ဆောင်ခဲ့သလဲ။
၁၇ ဘာသာစကား အမျိုးမျိုးပြောတဲ့ လူမျိုးတွေထဲက လူတွေကို စုသိမ်းနိုင်ဖို့ သတင်းကောင်းကို ဘာသာစကားများစွာနဲ့ ဟောပြောရမယ်ဆိုတာ ယေဟောဝါသက်သေတွေ သိတယ်။ အခုဆို ကျမ်းစာစာပေတွေကို ဘာသာပြန်လာတာ နှစ်ပေါင်း ၁၃၀ ကျော်ပြီ။ လက်ရှိအချိန်မှာ ဘာသာစကား ရာပေါင်းများစွာနဲ့ ဘာသာပြန်နေတယ်။ ဒါဟာ သမိုင်းမှာ အကြီးမားဆုံး ဘာသာပြန်ဆိုမှုပါပဲ။ လူမျိုးအပေါင်းကနေ လူအုပ်ကြီးကို စုသိမ်းခြင်းဆိုတဲ့ ခေတ်သစ် အံ့ဖွယ်အမှုကြီးကို ယေဟောဝါ လုပ်ဆောင်နေတာ သေချာတယ်။ ကမ္ဘာတစ်ဝန်းက လူမျိုးနောက်ခံ မျိုးစုံကနေ ထွက်လာတဲ့ ဒီအုပ်စုကြီးဟာ ကျမ်းစာစာပေတွေကို ဘာသာစကားများစွာနဲ့ ရရှိထားလို့ ယေဟောဝါကို စည်းလုံးစွာ ဝတ်ပြုနေကြတယ်။ ထက်သန်စွာ ဟောပြောနေပြီး ညီရင်းအစ်ကိုမေတ္တာ ပြနေကြတယ်။ ဒါက ယုံကြည်ခြင်း ခိုင်ခံ့စေတယ် မဟုတ်လား။—မ. ၂၄:၁၄။ ယော. ၁၃:၃၅။
ဒီစိတ်အာရုံက ကျွန်တော်တို့အတွက် ဘာအဓိပ္ပာယ်ရှိသလဲ
၁၈။ (က) ဟေရှာယ ၄၆:၁၀၊ ၁၁ အရ လူအုပ်ကြီးနဲ့ပတ်သက်တဲ့ ပရောဖက်ပြုချက် ပြည့်စုံအောင် ယေဟောဝါ လုပ်ဆောင်တာကို ကျွန်တော်တို့ ဘာကြောင့် မအံ့ဩကြသလဲ။ (ခ) ကမ္ဘာပေါ် အသက်ရှင်ဖို့ မျှော်လင့်ချက် ရှိသူတွေဟာ ဆုံးရှုံးတယ်လို့ ဘာကြောင့် မခံစားကြသလဲ။
၁၈ လူအုပ်ကြီးနဲ့ပတ်သက်တဲ့ ပရောဖက်ပြုချက်ဟာ တကယ့်ကို စိတ်လှုပ်ရှားစရာပါပဲ။ ဒီပရောဖက်ပြုချက်ကို ဒီလိုထူးခြားတဲ့နည်းနဲ့ ယေဟောဝါ ပြည့်စုံစေတာ ကျွန်တော်တို့ မအံ့ဩကြဘူး။ (ဟေရှာယ ၄၆:၁၀၊ ၁၁ ကိုဖတ်ပါ။) လူအုပ်ကြီးဟာ ဘုရားပေးတဲ့ မျှော်လင့်ချက်အတွက် သိပ်ကျေးဇူးတင်တယ်။ ကောင်းကင်မှာ ယေရှုနဲ့အတူ အမှုဆောင်ဖို့ စွမ်းအားတော်နဲ့ ဘိသိက်ပေး မခံရပေမဲ့ ဆုံးရှုံးတယ်လို့ မခံစားကြဘူး။ ၁၄၄,၀၀၀ အဝင် မဟုတ်ပေမဲ့ သန့်ရှင်းသော စွမ်းအားတော် လမ်းညွှန်မှုရခဲ့တဲ့ သစ္စာရှိ အမျိုးသား/သမီးတွေအကြောင်း ကျမ်းစာမှာ ဖတ်ရတယ်။ တစ်ယောက်ကတော့ နှစ်ခြင်းပေးသူ ယောဟန်။ (မ. ၁၁:၁၁) နောက်တစ်ယောက်ကတော့ ဒါဝိဒ်။ (တ. ၂:၃၄) သူတို့ အပါအဝင် တခြားသူများစွာလည်း မြေကြီးပရဒိသုမှာ အသက်ပြန်ရှင်လာကြမယ်။ သူတို့အားလုံးဟာ ယေဟောဝါဘုရားနဲ့ ဘုရားရဲ့ အချုပ်အခြာအာဏာကို သစ္စာစောင့်သိကြောင်း လူအုပ်ကြီးနဲ့အတူ ဖော်ပြခွင့်ရကြမယ်။
၁၉။ အရေးကြီးဆုံး အချိန်မှာ ကျွန်တော်တို့ အသက်ရှင်နေရကြောင်း ဘယ်လို သိနိုင်သလဲ။
၁၉ လူမျိုးအားလုံးထဲက သန်းနဲ့ချီတဲ့လူတွေကို ယေဟောဝါ အခုလို စုသိမ်းတာမျိုး သမိုင်းတစ်လျှောက်မှာ တစ်ခါမှ မရှိခဲ့ဖူးဘူး။ ဒါကြောင့် ကျွန်တော်တို့ဟာ ကောင်းကင်မျှော်လင့်ချက်ရှိသူဖြစ်စေ၊ မြေကြီးမျှော်လင့်ချက်ရှိသူဖြစ်စေ လူများစွာကို “တခြားသိုး” ထဲက လူအုပ်ကြီးအဝင် ဖြစ်လာဖို့ အတတ်နိုင်ဆုံး ကူညီရမယ်။ (ယော. ၁၀:၁၆) လူတွေကို ဒုက္ခရောက်စေတဲ့ အစိုးရတွေနဲ့ ဘာသာတရားတွေကို ဖျက်ဆီးမယ့် ကြီးစွာသောဒုက္ခကို ယေဟောဝါ မကြာခင် ကျရောက်စေတော့မယ်။ မြေကြီးပေါ်မှာ ယေဟောဝါကို ထာဝစဉ် ဝတ်ပြုနိုင်မယ့် အလားအလာဟာ လူအုပ်ကြီးအတွက် အခွင့်ထူးကြီးပါပဲ။—ဗျာ. ၇:၁၄။
သီချင်း ၁၃၉ မြင်ယောင်ကြည့်ပါ ကမ္ဘာသစ်မှာ
a ဒီဆောင်းပါးမှာ ယောဟန်ရဲ့ စိတ်အာရုံထဲက “လူအုပ်ကြီးတစ်အုပ်” အကြောင်း ဆွေးနွေးကြမယ်။ အဲဒါက လူအုပ်ကြီးထဲ ပါဝင်သူ အားလုံးရဲ့ ယုံကြည်ခြင်းကို ခိုင်ခံ့စေပါလိမ့်မယ်။
b ဘုရားသခင့် နိုင်ငံတော်စိုးစံပြီ စာအုပ် အခန်း ၅၊ စာပိုဒ် ၁၄-၁၉ ကိုကြည့်ပါ။