လိုအပ်ချိန်တွင်ရရှိသော ကူညီမစမှု
၁ အသင်းတော်အတွက် ကိုယ်တော်တကယ်စိုးရိမ်ကြောင့်ကြသောကြောင့် ယေရှုသည် ‘တော်လျော်သောမစမှုကို လိုအပ်နေချိန်’ တွင် ပေးမည်အမှန်။ (ဟေ၊ ၄:၁၆) လိုအပ်သောမစမှုကို ဧဖက် ၄:၈၊ ၁၁၊ ၁၂ တွင်ကတိပြုထားသည့်အတိုင်း ‘လူတို့အားပေးသည့် ဆုလာဘ်များ’ မှတစ်ဆင့် အများအားဖြင့်ရရှိကြသည်။ ဤဆုလာဘ်တစ်ခုမှာ အသင်းတော်တိုင်းရှိ လုပ်ငန်းတော်ကြီးကြပ်မှူးဖြစ်သည်။
၂ လုပ်ငန်းတော်ကြီးကြပ်မှူးသည် ကျွန်ုပ်တို့ကို အဘယ်နည်းများဖြင့် ကူညီပေးနိုင်သနည်း။ နည်းအမျိုးမျိုးရှိသည်။ (၁) ဟောပြော၍ တပည့်ဖြစ်စေခြင်းလုပ်ငန်း၏ အရေးကြီးမှုကို အမြဲသတိရနေစေရန် ကူညီပေးသည်။ (၂) အသင်းတော်စာအုပ်ကြီးသင်တန်း အုပ်စုများအားဖြင့် လယ်ကွင်းတွင် စည်းစနစ်ကျမှုနှင့် ဦးစီးမှုကောင်းရှိရန် သူကြီးကြပ်မည်။ (၃) ဓမ္မအမှုဆောင်များအနေနှင့် ကျွန်ုပ်တို့တစ်ဦးစီ၏ထိရောက်မှု တိုးတက်လာစေရန် လိုအပ်သောအကူအညီကို လူတိုင်းရရှိစေရန် သူဂရုစိုက်မည်။
လုပ်ငန်းတော်ကြီးကြပ်မှူး လည်ပတ်ခြင်း
၃ အသင်းတော်စာအုပ်ကြီးသင်တန်း အစီအစဉ်မှတစ်ဆင့် အမြဲရရှိသော ကူညီမစမှုအပြင် တစ်ဦးစီအနေနှင့် အကူအညီရနိုင်ရန် အထူးအစီစဉ်များရှိသည်။ လုပ်ငန်းတော်ကြီးကြပ်မှူးသည် အသင်းတော်စာအုပ်ကြီးသင်တန်းတစ်ခုကို ကိုင်ပေးရသည့်တာဝန်ရှိသည်။ သို့သော် လစဉ်တစ်ကြိမ် အခြားစာအုပ်ကြီးသင်တန်းအုပ်စုများနှင့် တွဲအမှုဆောင်ရန် မိမိအုပ်စုမှ တစ်ပတ်ခွဲခွါရ၏။ သူမရှိသည့်အခါ သူ၏လက်ထောက်က တာဝန်ယူပေးသည်။ တစ်ပတ်အတွင်းအစီအစဉ်မှ ယင်းအုပ်စု အများဆုံးအကျိုးခံစားရစေရန် မိမိလည်ပတ်လာမည့်အချိန်အကြောင်း ယင်းသင်တန်းမှူးကို ကြိုတင်အကြောင်းကြားထားပါသည်။
၄ ဤအထူးအပတ်အတွင်း သင်တန်းကို ၄၅ မိနစ်အတွင်း ခါတိုင်းကဲ့သို့ကိုင်သွားပါမည်။ ယင်းသို့ပြုခြင်းဖြင့် ကျွန်ုပ်တို့၏ဧဝံဂေလိလုပ်ငန်း၌ တိုးတက်မှုရှိရန် လုပ်ငန်းတော်ကြီးကြပ်မှူးက အားပေးတည်ဆောက်ရန် ၁၅ မိနစ်အချိန်ရပေမည်။ ဤအချိန်တွင် ကြေညာသူအားလုံးနှင့် စိတ်ဝင်စားခါစသူများအားလုံး တက်ရောက်ကြရန် အရေးကြီးပါသည်။
၅ အလည်အပတ်ခံရသည့် အုပ်စုရှိကြေညာသူအားလုံး ဤအထူးလည်ပတ်ချိန်အတွင်း အမှုဆောင်ထွက်ကြရန် စီစဉ်သင့်သည်။ ဖြစ်နိုင်လျှင် ထိုအပတ်အတွင်း ညနေပိုင်း သက်သေခံထွက်ရန်အစီစဉ်များပြုလုပ်နိုင်သည်။ လုပ်ငန်းတော်ကြီးကြပ်မှူး၏ ပန်းတိုင်တစ်ခုမှာ ကြေညာသူများများနှင့် တွဲအမှုဆောင်ဖြစ်ရန်တည်း။ ကျွန်ုပ်တို့နှင့်အတူ ပြန်လည်ပတ်မှု၊ ကျမ်းစာသင်အံမှုများသို့ လိုက်သွားနိုင်မည်။ ဓမ္မအမှုတွင် အကူအညီ သို့မဟုတ်အားပေးမှုလိုအပ်နေသူ မည်သူမဆိုသည် သူ့ထံမှ အကူအညီတောင်းဆိုနိုင်ပါသည်။ ထို့ပြင် ယင်းအပတ်အတွင်း အုပ်စုအတွက် သူကိုင်ပေးသည့် လယ်ကွင်းလုပ်ငန်းအတွက် တွေ့ဆုံမှုများအစီအစဉ်ကို တက်ရောက်ခြင်းမှလည်း အကျိုးကျေးဇူးများရယူနိုင်ပါသည်။
၆ လုပ်ငန်းတော်ကြီးကြပ်မှူးသည် သင်တန်းမှူးနှင့် အချိန်ယူပြီး အုပ်စု၏လုပ်ငန်းကို ဆွေးနွေးနှီးနှောပါမည်။ အမှုဆောင်ထွက်ခြင်းအစီအစဉ်များသည် အားလုံးအတွက် အဆင်ပြေသောနည်းဖြင့် စီစဉ်ထားမထား သုံးသပ်ကြမည်။ ဓမ္မအမှုတွင် မှန်မှန်ပါဝင်ရန် အကူအညီ သို့မဟုတ် အားပေးမှုလိုအပ်သူအတွက် အကြံပေးချက်ကောင်းများကို နှစ်ကိုယ်ကြား အားပေးတိုက်တွန်းစဉ် ပြောပြပေးမည်။ သင်တန်းမှူးနှင့်အတူ မှန်မှန်မကြေညာသူများထံ လုပ်ငန်းတော်ကြီးကြပ်မှူး လည်ပတ်သွားပါမည်။ ထို့ပြင် ထိုအုပ်စု၏ သင်တန်းမှူးနှင့်အတူ ကျမ်းစာသင်အံမှုမှတ်တမ်းစာရင်းများကို သူစစ်ဆေးသုံးသပ်မည်။ ကြေညာသူအချို့နှင့်အတူ သူတို့၏ကျမ်းစာသင်အံမှုများထံ ဤညီအစ်ကိုများလိုက်သွား၍ ဝိညာဏအားပေးစကားများပြောဆိုနိုင်ပေမည်။
၇ စာအုပ်ကြီးသင်တန်းအုပ်စုများသော အသင်းတော်များတွင် လုပ်ငန်းတော်ကြီးကြပ်မှူး၏ လည်ပတ်မှုအပတ် ရက်ခြားသွားပေမည်။ ထိုကြောင့် သူရောက်လာသည့်အပတ်တွင် ကိုယ်တိုင်အကျိုးများများခံစားရစေရန် အထူးကြိုးစားအားထုတ်သင့်သည်။ လည်ပတ်မှုအတွင်း သင့်ဓမ္မအမှုတိုးတက်လာစေရန် ပေးသည့်အကြံပြုချက်များကို ဂရုပြုပါ။ နောက်လည်ပတ်ချိန်မတိုင်မီ ယင်းတို့ကို လက်တွေ့ကျင့်သုံးကြည့်ရန် ကြိုးစားပါ။ အကူအညီလိုတိုင်း အသင်းတော်တွင် သူ့ထံသွားအကူအညီတောင်းဆိုနိုင်ပါသည်။ အသင်းတော်စာအုပ်ကြီးသင်တန်း အုပ်စုနည်းသောအသင်းတော်များတွင် လုပ်ငန်းတော်ကြီးကြပ်မှူးသည် အနည်းဆုံးခြောက်လတစ်ကြိမ် အုပ်စုတိုင်းထံလည်ပတ်ရန် ကြိုးစားအားထုတ်မည်။
၈ လုပ်ငန်းတော်ကြီးကြပ်မှူးနှင့် ဝိုင်းဝန်းလုပ်ဆောင်လိုစိတ်ရှိပြီး ကျွန်ုပ်တို့၏အသင်းတော်စာအုပ်ကြီးသင်တန်းအုပ်စုသို့ ရောက်လာသည့်အခါ စိတ်ရောကိုယ်ပါထောက်ခံအားပေးလျှင် တပည့်ဖြစ်စေခြင်းလုပ်ငန်း၌ ထိရောက်မှုတိုးတက်လာရန် အကူအညီရမည်။ သို့ဖြင့်ဓမ္မအမှုတွင် ပျော်ရွှင်မှုပိုရရှိလိမ့်မည်။