စာပေများကို တန်ဖိုးထားကြောင်း တင်ပြခြင်း
၁ “စာအက္ခရာများကို ပြင်ဆင်၍မကုန်။” (ဒေ၊ ၁၂:၁၂၊သမ) စာအုပ်များစွာတို့သည် ယင်းတို့ကိုပုံနှိပ်ထားသည့် စာရွက်မျှပင် တန်ဖိုးမရှိချေ။ သို့ရာတွင် ကင်းမျှော်စင်အသင်း ထုတ်ဝေသည့်စာပေမူကား ထိုသို့မဟုတ်ပါ။ အသက်ကယ်ဝိညာဉ်အစာပါရှိသည့်အတွက် ယင်းသည် အလွန်တန်ဖိုးရှိသည်။ စိတ်ဝင်စားသူများအား ယေဟောဝါကိုသိရှိစေ၍ ယေဟောဝါ၏ ဆက်ကပ်အပ်နှံကျေးကျွန် ဖြစ်နှင့်ပြီးသူများ၏ ယုံကြည်ခြင်းကိုလည်း တည်ဆောက်ပေးပါသည်။
၂ ကျွန်ုပ်တို့စာပေများမှ လူတို့အကျိုးခံစားရမည့်အကြောင်း သိရှိထားသဖြင့် ယင်းကို ဝေငှပေးလိုကြပါသည်။ ပုံနှိပ်ထုတ်ဝေခြင်းငှာ ငွေကုန်ကျပါသည်။ ထိုကြောင့် စာအုပ်စာတမ်းများကို အချည်းနှီးမသုံးဖြုန်းလိုကြပါ။ စာပေလက်ခံသူတိုင်းထံ ပြန်လည်ပတ်သွားသင့်၍ ထိုအချိန်တွင် စိတ်ဝင်စားမှုတင်ပြမည်ဆိုလျှင် အခြားစာပေတစ်မျိုးကို ဝေငှပေးနိုင်ပေမည်။
၃ အချို့သူများသည် အိမ်ရှင်အား စာပေ၏အဖိုးအခကို ဖော်ပြရန် တွန့်ဆုတ်သည်။ ကျွန်ုပ်တို့၏လုပ်ငန်းသည် စီးပွားဖြစ်မဟုတ်ကြောင်း အိမ်ရှင်ကောင်းစွာသိရှိစေပါ။ ကျွန်ုပ်တို့၏ရည်ရွယ်ချက်မှာ နိုင်ငံတော်သတင်းကောင်းကိုဟောပြောပြီး တပည့်ဖြစ်စေခြင်းငှာ အဓိကဖြစ်သည်။ လူအများသည် ဆေးလိပ်နှင့်အခြားလောကီစာပေများအတွက် ငွေရှိတတ်ကြသည်။ အသင်ပြောဆိုသည့်စကားကို သူတို့အမှန်စိတ်ဝင်စားမည်ဆိုလျှင် စစ်မှန်သောခရစ်ယာန်ဘာသာတရားကို ထောက်ပံ့ပေးထိုက်ကြောင်း သူတို့သဘောပေါက်ပါလိမ့်မည်။ ကျွန်ုပ်တို့စာပေများသည် ဤမျှအဘယ်ကြောင့် အဖိုးချိုရကြောင်းကိုရှင်းပြပေးခြင်းအားဖြင့် စာပေများကိုတန်ဖိုးထားကြောင်း ထင်ရှားစေသည်။ ယင်းတို့ကိုပုံနှိပ်ထုတ်ဝေခြင်းငှာ အကုန်အကျအနည်းငယ်ရှိသည်ကို အသိအမှတ်ပြုနေခြင်းဖြစ်သည်။
၄ အလှူငွေပေးခြင်းကိစ္စကို ရှင်းလင်းနားလည်စွာတင်ပြပြီးလျှင် အိမ်ရှင်အများသည် ကျွန်ုပ်တို့၏အရေးကြီးလုပ်ငန်းကို ကူညီထောက်ပံ့ပေးလိုစိတ် ရှိကြပါသည်။