ကျမ်းစာသင်သားများကို ဓမ္မအမှုအတွက် အသင့်ပြင်ဆင်ပေး
၁ ကျမ်းစာသင်အံမှုများ ကျင်းပခြင်း၏ ရည်ရွယ်ချက်မှာ တပည့်အသစ်များ၊ သူတစ်ပါးကို ကျွန်ုပ်တို့နှင့်အတူ တွဲဖက်သွန်သင်ပေးမည့် လုပ်သားများဖြစ်စေရန် ဖြစ်သည်။ (မ. ၂၈:၁၉၊ ၂၀) ထိုကြောင့် သင်အံမှု၏ရည်ရွယ်ချက်မှာ အသိပညာပေးရုံသာမဟုတ်၊ သင်သားများတွင် နှလုံးလှိုက်လှဲစွာ ယုံကြည်မှု စိမ့်ဝင်စေရန်နှင့် သူတို့၏မျှော်လင့်ချက်ကို အခြားသူများအား ဝေငှပေးရန် ပြင်ဆင်ပေးခြင်းဖြစ်သည်။ (၂ ကော. ၄:၁၃) သူတစ်ပါးအား သွန်သင်ပေးနိုင်ရန် အရည်အချင်းရှိဖို့ အဘယ်လက်တွေ့ကျနည်းများဖြင့် ကူညီပေးနိုင်မည်နည်း။—၂ တိ. ၂:၂။
၂ ဓမ္မအမှုကို ပန်းတိုင်အဖြစ် သတ်မှတ်ပေး– အစကတည်းက စစ်မှန်သောဝတ်ပြုရေးတွင် “ကယ်တင်ခြင်းသို့ရောက်ခြင်းငှာ နှုတ်ဖြင့်ဝန်ခံ” ခြင်းပါဝင်ကြောင်း နားလည်စေပါ။ (ရော. ၁၀:၁၀) ကျွန်ုပ်တို့၏ ယေဟောဝါသက်သေများ အမည်ကိုယ်နှိုက်က သူတစ်ပါးအား ပြောဟောရမည်ကို တင်ပြသည်။ သွန်သင်ခံရခြင်းသည် မိမိကယ်တင်ခြင်းအတွက်သာမဟုတ်ကြောင်း နားလည်စေပါ။ သူတို့ကိုယ်တိုင် ဆရာသမားများဖြစ်လာသည့်အခါ သူတို့၏စကားကို နားထောင်သူတို့ပါ ကယ်တင်ခြင်းရရန် အခွင့်အရေးရှိကြပါသည်။—၁ တိ. ၄:၁၆။
၃ သင်ယူခဲ့ရာကို ပြန်စစ်ဆေး– သင်ယူခဲ့ရာတို့ကို ရံဖန်ရံခါ ပြန်လည်စစ်ဆေးပေးခြင်းသည် တန်ဖိုးရှိ သွန်သင်ပေးနည်းဖြစ်သည်။ တတ်သိလာသော သမ္မာတရားတို့သည် သင်သား၏ စိတ်နှလုံးထဲ စွဲမြဲလာသည့်အခါ သင်သားသည် ဝိညာဉ်ရေးဘက် ကြီးထွားလာရန် အကူအညီရသည်။ အပတ်စဉ် ကင်းမျှော်စင်သင်တန်းပါ ပြန်လည်စစ်ဆေးသောမေးခွန်းများကို ဖြေဆိုကြရာတွင် ကျွန်ုပ်တို့ကိုယ်တိုင် ထိုသို့တွေ့ကြုံခဲ့ပြီ။ သင်သားသည် မိမိကိုယ်ပိုင်စကားများဖြင့် ဖြေဆိုနိုင်ရန် ရိုးရိုးကလေးသာ တိုက်ရိုက်မေးရန် မေးခွန်းများကို ပြင်ဆင်ထားပါ။
၄ သင့်ပြန်လည်စစ်ဆေးခြင်းသည် လယ်ကွင်းလုပ်ငန်းတွင် ကြုံတွေ့ရသည့် အခြေအနေတစ်ခုအနေနှင့် ဖြစ်စေနိုင်ပါသည်။ သူတစ်ပါးအား သက်သေခံရာတွင် ကြုံတွေ့တတ်သည့်မေးခွန်း၊ သို့မဟုတ် အခြေအနေတစ်ခုကို ဖော်ပြ၍မေးမြန်းပါ။ သင်ကိုယ်တိုင် အိမ်ရှင်အဖြစ် သရုပ်ဆောင်ကာ သင်သားအား သူမည်သို့ဖြေဆိုမည်ကို ပြောဆိုစေပါ။ ကောင်းစွာ ဖြေရှင်းနိုင်လျှင် ချီးမွမ်းပါ။ နောက်တစ်ကြိမ်တွင် ပိုမိုထိရောက်နိုင်ဦးမည့် လက်တွေ့ကျ အကြံပေးချက်များကို ထပ်ပေးပါ။ ဤသို့လေ့ကျင့်ပေးခြင်းအားဖြင့် သူတတ်သိလာသည့်အရာများကို မည်သို့အသုံးပြုနိုင်ရန်သိရှိလာစေပြီး ကျမ်းစာအသုံးပြုခြင်း စွမ်းရည်ကို တိုးတက်စေပါလိမ့်မည်။
၅ ကျိုးကြောင်းဆင်ခြင်ခြင်းစာအုပ်– သင်သားသည် အင်္ဂလိပ်၊ တရုတ် သို့မဟုတ် တယ်မီလ်စာတတ်လျှင် သူ၌ ကျိုးကြောင်းဆင်ခြင်ခြင်းစာအုပ်တစ်အုပ် ရှိစေပါ။ ယင်းကို အသုံးပြုတတ်ရန် လေ့ကျင့်ပေးပါ။ စကားစမြည်မည်သို့စတင်ပြောဆိုရန်၊ ကျမ်းစာမေးခွန်းများကို ဖြေဆိုရန်၊ ကန့်ကွက်ချက်များကို ကိုင်တွယ်ရန် မည်သို့အကြံပြုချက်များတင်ပြထားကြောင်း ဖွင့်ပြပါ။ ခံယူချက်အပြည့်နှင့် သူတစ်ပါးအား ပြောဆိုတတ်ရန် နည်းလမ်းများကို တင်ပြဖို့ သင်အံမှုပြုချိန်တွင် ယင်းစာအုပ်ကို အသုံးပြုပါ။ ဤစာအုပ်သည် သူ၏ခံယူချက်ကို ပိုမိုခိုင်မြဲစေမည်၊ သို့ ဖြင့် နိုင်ငံတော်သတင်းကို ကြေညာရန် အစပျိုးနိုင်မှုစွမ်းရည်ကို တိုးပွားစေမည်။
၆ အစည်းအဝေးများ အရေးကြီးကြောင်း အလေးအနက်ဖော်ပြ– အသင်းတော်အစည်းအဝေးများ၊ အထူးသဖြင့် လုပ်ငန်းတော်အစည်းအဝေးနှင့် သီအိုကရက်တစ် ဓမ္မအမှုကျောင်းသည် လယ်ကွင်းလုပ်ငန်းအတွက် ကျွန်ုပ်တို့အား အသင့်ပြင်ဆင်ပေးရန် စီစဉ်ထားပါသည်။ ထိရောက်စွာ သက်သေခံခြင်းအတွက် အခြေခံအချက်အလက်အားလုံးကို ပြန်လည်စစ်ဆေးသုံးသပ်ထား၍ အတွေ့အကြုံရှိ ကျွမ်းကျင်သူများက သရုပ်ပြကြပါသည်။ အစည်းအဝေးများ၏ အရေးကြီးမှုကို အလေးအနက်ဖော်ပြပြီး စည်းဝေးတက်ရန် သူ့အား အတတ်နိုင်ဆုံး ကူညီပေးပါ။ စည်းဝေးမှန်မှန်တက်ခြင်းဖြင့် ယေရှု၏ တပည့်စစ်ဖြစ်လာရန် လိုအပ်သော လှုံ့ဆော်မှုကို သင်သား ရရှိနိုင်ပါသည်။
၇ လျစ်လျူမရှုနိုင်သည်ကား သင်ကိုယ်တိုင်၏ ပုံသက်သေဖြစ်သည်။ ဟောပြောခြင်းလုပ်ငန်းကို တလိုတလားနှင့် မှန်မှန်ပါဝင်ခြင်းက သမ္မာတရားကို အလွန်တန်ဖိုးထားကြောင်း ဖော်ပြသည်။ ဤလမ်းစဉ်က သင့်သင်သားအား သူ၏ယုံကြည်ခြင်းကိုဖော်ပြရန် ပိုမိုလုပ်ဆောင်လိုစိတ် ရှိစေပါသည်။ (လု. ၆:၄၀) ဓမ္မအမှုကို အခွင့်အရေးတစ်ရပ်အဖြစ်ယူမှတ်ကာ ယင်း၌ ပါဝင်နိုင်ခြင်းအတွက် ကျေးဇူးတင်ရန် လူသစ်တစ်ဦးအား အဆိုပါအရာအားလုံးတို့က ကူညီပေးနိုင်ပါသည်။—၁ တိ. ၁:၁၂။